← Chapters

ဝါဒတောင်အတွက်ပြင်ဆင်ခြင်း

Vol. 57 Ch. 795

ဝါဒတောင်အတွက်ပြင်ဆင်ခြင်း

Vol. 57 Ch. 795

အခန်း (၇၉၅) ဝါဒတောင်အတွက်ပြင်ဆင်ခြင်း

ရန်တိဘေးနားတွင် အဖြူရောင်ဝတ်ဆင်ထားသော မိန်းကလေးငယ်လေးတစ်ယောက် မတ်တတ်ရပ်နေသည်။

အဝေးတစ်နေရာကောင်းကင်ထက်တွင် အသင်္ချေနဂါးနန်းတော်ကြီး ပျံသန်းထွက်ပေါ်လာသည်ကို တွေ့ရသည့်အခါ သူမက ပျော်ရွှင်အံ့သြစွာဖြင့် ရုတ်တရက် အော်ဟစ်လိုက်၏။

“သခင်ကြီး သခင်ကြီး... သခင်လေးတို့ ပြန်လာပြီ”

ရန်တိ၏အမြင်စွမ်းအားက သူမထက်ပိုမိုအားကောင်းသည်ဖြစ်ရာ အစောကြီးကတည်းကပင် တွေ့မြင်ပြီးနေပြီဖြစ်သည်။

သူက ပြုံးလျှက်ခေါင်းညိတ်ရင်း..

“ဟုတ်တယ်”

ရန်ကျောက်ကဲက ရန်တိကိုတွေ့သည်နှင့် ရယ်မောလိုက်ရင်း...

“ထူးကဲယင်သရဖူကို ရလာပြီ”

“အိုး...”

ရန်တိမျက်ဝန်းများ လက်ခနဲတောက်ပသွားပြီး ဖန်းယွင်ရှန်းကိုကြည့်ရင်း ပြုံးပြခေါင်းညိတ်လိုက်သည်။

ရန်ကျောက်ကဲက ရေအောက်နန်းတော်တွင်ဖြစ်ပျက်ခဲ့သမျှကို ရန်တိကိုပြောပြလိုက်သည်။

ထိုစကားများကိုကြားပြီးနောက် ရန်တိမှာ အံ့သြတကြီး စုတ်တသတ်သတ် ဖြစ်ရသည်။

ကွမ်းမင်ဂိုဏ်းပျက်ဆီးသွားပြီဖြစ်ပြီး လော့ကျီးထောင်နှင့် အခြားသူများအားလုံး သဘာဝပသာဒနယ်မြေ ပင်လယ်ရေနက်ထဲတွင် ပိတ်မိနေကြသည်။

တာ့ရွှမ်တိုင်းပြည်မှာ ထိပ်တန်းကျင့်ကြံသူ (၄)ယောက်တွင် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၃)ယောက်ဖြစ်သည့် ခန်းဖင်း ၊ ဟယ်တုန်းချန်နှင့် ကုကျန်းတို့က ပိတ်မိနေကြပြီး အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သည့် ‘ရွှမ်ဧကရာဇ်လှံရှည်’ ကို ပိုင်ဆိုင်သော ဧကရာဇ်ရွှမ်မုသည်လည်း တိုက်ပွဲတွင် ကျဆုံးသွားခဲ့သည်။

ခန်းဖင်းတို့ (၃)ယောက်ကတော့ အသက်ရှင်နေသေးသည့်တိုင် နှစ်အနည်းငယ်အတွင်း ပြန်ထွက်လာနိုင်မည် မဟုတ်ပေ။

ထူးခြားသောအခြေအနေများအောက်တွင် ကြီးမားသောစွမ်းအားကိုအသုံးချနိုင်သူ အစီအရင်ပညာရှင် ချီဝေသည်လည်း ပင်လယ်ရေနက်ထဲတွင် ရန်ကျောက်ကဲကိုယ်တိုင် သတ်ဖြတ်ပစ်လိုက်ပြီ ဖြစ်၏။

ရန်ကျောက်ကဲနှင့်ဝါဒတောင်အပေါ်လွှမ်းမိုးနေသည့် အမှောင်ထုတိမ်တိုက်များ တစ်ညတည်းဖြင့် အားလုံးနီးပါး ပျောက်ကွယ်သွားပေပြီ။

ခန်းဖင်းတို့အုပ်စု ကျူတောပင်လယ်ဒေသတွင် ပြန်လည်ထွက်ပေါ်လာနိုင်ခြေ ရှိသော်လည်း အနည်းဆုံးတော့ ရန်ကျောက်ကဲနှင့် ဝါဒတောင်အတွက် အစီအစဉ်ဆွဲရန် အချိန်များစွာ ရှိသေးသည်။

ထူးကဲယင်သရဖူနှင့် မိစ္ဆာဓားတောင်းတျဲတို့က အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများဖြစ်ပြီး ကြီးမားသည့် ရိတ်သိမ်းမှုကြီးလည်း ဖြစ်သည်။

ရန်ကျောက်ကဲက...

“တောင်ပိုင်းထိပ်တန်းမျိုးနွယ်တွေရဲ့ပြဿနာကတော့ ပိုပြီးသတိထားဖို့လိုတယ် ၊ ဇာမဏီအရိုးကိစ္စနဲ့ပတ်သက်ပြီး ကျင်းထင်တောင်က ဒီကိစ္စကို အရေးပေါ်ကိစ္စအဖြစ်သတ်မှတ်မှာ သံသယရှိစရာမလိုပါဘူး ၊ ဒါပေမဲ့ ပိုပြီးစွမ်းအားမြင့်မားတဲ့သူတွေ ကျူတောပင်လယ်ဒေသကို ရောက်လာနိုင်တယ်”

ရန်တိက...

“ငါတို့ အခုလုပ်ရမှာက ရရှိလာတဲ့အကျိုးအမြတ်တွေကို နားလည်သိရှိအောင်ကြိုးစားဖို့ပဲ ၊ ဒါမှ အနာဂတ်အတွက်ပြင်ဆင်တဲ့အခါ တိုးတက်ဖို့အတွက် ဒီအခွင့်အရေးကို အသုံးချနိုင်မှာ”

ရန်ကျောက်ကဲ ခေါင်းညိတ်ရင်း...

“အမှန်ပဲ ၊ တာ့ရွှမ်တိုင်းပြည်မှာ တန်ခိုးစွမ်းအားရှင်တွေအများကြီးရှိတယ် ၊ ခံစစ်ကိုထိန်းထားမယ်ဆိုရင်တောင် တိုက်စစ်ဆင်လာဖို့ အင်အားအလုံအလောက်ရှိနေသေးတယ်”

“သူတို့နဲ့ယှဉ်နိုင်ဖို့ ကျွန်တော်တို့ အချိန်မဖြုန်းဘဲ ကြိုးစားရမယ် ၊ အနိုင်အရှုံးကတော့ ခန်းဖင်းနဲ့တခြားသူတွေက သဘာဝပသာဒနယ်မြေကထွက်လာမှ ဆုံးဖြတ်ရမယ့်ကိစ္စပဲ”

သူက ဆက်ပြောသည်။

“ဒါတွေဖြစ်မလာခင်မှာ ကျွန်တော်တို့ အထက်ဘုံကမ္ဘာမှာ ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့ လိုတယ် ၊ တာ့ရွှမ်မင်းဆက်မှာ ကာကွယ်သူအရှင်သခင် (၄)ယောက်လိုမျိုး တန်ခိုးစွမ်းအားရှင်တွေ ရှိနေသေးပေမယ့် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းနဲ့ ခန်းဖင်းမရှိဘဲ သူတို့တွေ အရမ်းကာရော ကျွန်တော်တို့ကိုတိုက်ခိုက်ရဲမှာမဟုတ်ဘူး”

ယခု ကျူတောပင်လယ်ဒေသတွင် ကုဟုန်တစ်ယောက်သာလျှင် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူ‌တော်စင် ဖြစ်သည်။

တာ့ရွှမ်တိုင်းပြည်မှာ ရွှမ်ဧကရာဇ်လှံရှည် ဆုံးရှုံးခဲ့ပြီဖြစ်သလို ခန်းဖင်းတို့ (၃)ယောက်လည်း ပင်လယ်ရေအောက်တွင် ပိတ်မိနေသည်။ ထို့ကြောင့် ကျူတောပင်လယ်ဒေသတွင် ကုဟုန်၏အခွင့်အာဏာက သိသိသာသာ မြင့်တက်လာသည်။

ရန်တိမျက်နှာထက် ခပ်ပါးပါးအပြုံးတစ်ချက် ထွက်ပေါ်လာသည်။

“မင်း သဘာဝပသာဒနယ်မြေကိုသွားတာ... ကျင်းထင်တောင်နဲ့ ဆက်ဆံရေးကောင်းလာရုံတင်မဟုတ်ဘူး မြောက်ပင်လယ်ဓားခန်းမ ၊ ကြေးနီကျွန်းတွေကလည်း မင်းအပေါ် အကြွေးအများကြီးတင်သွားပြီ ၊ မမြင်ရတဲ့အကျိုးအမြတ်တွေကလည်း ထူးကဲယင်သရဖူလို မြင်ရတဲ့အကျိုးအမြတ်တွေလိုပဲ အရေးပါတယ်လေ”

ရန်ကျောက်ကဲက ရယ်မောရင်း...

“တာ့ရွှမ်မင်းဆက်နဲ့ ကွမ်းမင်ဂိုဏ်းမရှိတော့ရင်... မြောက်ပင်လယ်ဓားခန်းမနဲ့ ကြေးနီကျါန်းအကူအညီနဲ့ဆိုရင် ဒီ ကျူတောပင်လယ်ဒေသမှာ ကျွန်တော်တို့ရဲ့ဝါဒတောင်ကိုတည်ထောင်ဖို့ အခြေခံအားဖြင့် အန္တရယ်ကင်းသွားပါပြီ”

“တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကိစ္စကတော့ ကျင်းထင်တောင်နဲ့ အရှေ့တောင်ထိပ်တန်းမျိုးနွယ်တွေ ဆုံးဖြတ်ရမယ့်ကိစ္စပါ ၊ ဒီတော့ ကျွန်တော်တို့ သတိထားရမယ့်သူတွေကတော့ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှာကျက်စားတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူ ကြယ်ခြွေလက်ဝါးသခင် ‘ကွမ်းလီတဲ့’ တို့လို လူမျိုးတွေပဲ ၊ သူတို့တွေက ကျွန်တော်တို့ရရှိထားတဲ့ရတနာတွေကို မျက်စိကျပြီးလောဘတက်လာရင် သေချာပေါက် ဂရုစိုက်ဖို့လိုလာပြီ”

ရန်ကျောက်ကဲ ပခုံးတစ်ချက်တွန့်လိုက်သည်။

ဝါဒတာင်မှလူတိုင်း၏ ကျင့်ကြံခြင်းအဆင့်နှင့်မလျော်ညီစွာ သူက အလွန်တရာ ချမ်းသာကြွယ်ဝနေခဲ့သည်။

အမှန်‌တော့ သူတို့က အားနည်းခြင်းမဟုတ်ပေ။ ထူးကဲယန်စည်းတံဆိပ် ၊ ထူးကဲယင်သရဖူ ၊ ရွှမ်ဧကရာဇ်လှံရှည်နှင့် မိစ္ဆာဓားတောင်းတျဲတို့ကဲ့သို့ အဆင့်မြင့် အထွတ်ထိပ်ရတနာပစ္စည်းများက ထိပ်တန်းအဆင့် စွမ်းအားကြီးမားနေခြင်းသာ ဖြစ်သည်။

အရှေ့တောင်ထိပ်တန်းမျိုးနွယ်များက သူ့ကိုသတ်ပြီး ဤရတနာပစ္စည်းများကို မယူဆောင်ကြသဖြင့် အမှန်တကယ် ဖြောင့်မတ်သူများအဖြစ် သတ်မှတ်နိုင်သည်။

ထူးကဲယန်စည်းတံဆိပ်နှင့် ထူးကဲယင်သရဖူ၏ မူလဇာစ်မြစ်က လူတိုင်းကို ကြောက်ရွံ့ထိတ်လန့်စေသည်။ သို့သော် အန္တရယ်ကျရောက်ပါစေ ထိုပစ္စည်းများကို လိုချင်တပ်မက်သူများလည်း အမြဲတမ်း ရှိနေနိုင်သည်ပင်။

သိုင်းကျင့်ကြံသူများဆိုသည်က အမြဲတမ်း ရဲတင်းလွန်းသူများဖြစ်သည် မဟုတ်ပါလား။

သူတို့က စဉ်းစဉ်းစားစားလုပ်တတ်ပြီး တုံ့ဆိုင်းနေသူများမဟုတ်ပေ။ လုပ်ချင်သည်ကိုအရင်လုပ်လိုက်ပြီး လုပ်ပြီးမှ စဉ်းစားသူများ ဖြစ်ကြသည်။

ပြီးတော့ ရန်ကျောက်ကဲ လက်ရှိရထားသော သတင်းများအရ နေဝန်းထက်ယံအရှင်သခင်နှင့် လဝန်းထက်ယံအရှင်သခင်တို့က သူ့ကိုကူညီ‌ပေးရန် ရှေ့ထွက်လာကြမည် မဟုတ်ပေ။

ဤအချက်ကို သိရှိသွားပါက သူတို့နောက်သို့ အမဲလိုက်သလိုလိုက်သူများ ရှိလာကြပေလိမ့်မည်။

ထို့ကြောင့် ဝါဒတောင်အနေဖြင့် အင်အားကြီးမားသည်ထက်ကြီးမားအောင်လုပ်ဆောင်ရန် လိုအပ်သည်။

ထိုအချိန်အတွင်း တစ်ယောက်ယောက်က သူတို့အိမ်တံခါးကိုလာခေါက်လျှင်တော့ အံ့အားသင့်စရာများ ဖြစ်လာပေလိမ့်မည်။

“ပြီးတော့... တာ့ရွှမ်တိုင်းပြည်ရဲ့အစီအစဉ်တွေ ပျက်ဆီးသွားတဲ့အတွက် သူတို့နောက်ကွယ်က ပုဂ္ဂိုလ်ကလည်း ကျူတောပင်လယ်ဒေသကို လူတွေစေလွှတ်နိုင်သေးတယ် ၊ ခန်းဖင်းတို့က သဘာဝပသာဒနယ်မြေမှာ အကြာကြီးပိတ်မိနေဦးမှာ မဟုတ်လား”

ရန်ကျောက်ကဲက ဆိုသည်။

“ဒီကိစ္စကိုလည်း ကျွန်တော်တို့ ထည့်တွက်ရမယ်ထင်တယ်”

ရန်တိက ခေါင်းခါယမ်းရင်း...

“သူတို့လာရင်တောင်မှ ကောင်းကင်စွမ်းအားအစီအရင်အတွက်လာမှာဆိုတော့ သိုသိုသိပ်သိပ်ရောက်လာကြမှာပဲ ၊ ခြေချုပ်မိနေသလိုမျိုး ငါတို့ကိုလာပြီး ပြဿနာရှာရဲမှာမဟုတ်ဘူး”

ရန်ကျောက်ကဲလည်း သဘောတူလိုက်သည်။

“အမှန်ပဲ ၊ မဟုတ်ရင် အရှေ့တောင်ထိပ်တန်းအရှင်သခင်လည်း ဒေါသကိုထိန်းနိုင်မှာမဟုတ်တော့ဘူး”

သူက ရန်တိကိုကြည့်ရင်း...

“အဖေ ကျွန်‌တော်နဲ့အတူ ကျင်းထင်တောင်ကိုလိုက်ခဲ့မှာလား”

အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ပိုင်နက်ဖြစ်သော ကျူတောပင်လယ်ဒေသတွင် ဝါဒတောင်ဂိုဏ်း တည်ဆောက်မည်ဆိုလျှင် ကျင်းထင်တောင်ကိုအသိပေးရန် လိုအပ်သည်။

လင်ဟန့်ဟွာနှင့် မုကျွင်းတို့က ထိုကိစ္စကို မဆုံးဖြတ်နိုင်ကြသောကြောင့် သူတို့အနေဖြင့် အရှေ့တောင်ထိပ်တန်းအရှင်သခင်ထံ ကိုယ်တိုင်သွားရောက် ခွင့်တောင်းရမည် ဖြစ်၏။

ကျူတောပင်လယ်ဒေသတွင် ရုန်းရင်းဆန်ခတ်ဖြစ်အောင်မွှေနှောက်သူမှာ ရန်ကျောက်ကဲဖြစ်သော်လည်း အထက်ဘုံကမ္ဘာတွင် ဝါဒတောင်ဂိုဏ်း တည်ထောင်ပါက လက်ရှိဂိုဏ်းချုပ် ‘ရန်တိ’ ကပင် ဂိုဏ်းချုပ်ဖြစ်လာရပေမည်။ ထို့ကြောင့် အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို သူကိုယ်တိုင်တွေ့ဆုံသည်က သင့်တော်ပေသည်။

“ကောင်းပြီလေ... ငါ မင်းနဲ့အတူ ကျင်းထင်တောင်ကို လိုက်ခဲ့မယ်”

ရန်တိက ဖြည်းညင်းစွာခေါင်းညိတ်ရင်း ဆိုသည်။

“အစွန်းရောက်ရှစ်ပါးကမ္ဘာကို ဆက်ပြီးစောင့်ရှောက်ဖို့တော့ ဆရာ့ကိုပဲဒုက္ခပေးရတော့မယ်”

ကျူတောပင်လယ်ဒေသမှ အခြေအနေများက အတော်လေး တည်ငြိမ်သွားပြီ ဖြစ်သည်။ ကြီးမားသောရန်သူများက ကောင်းကင်အက်ကွဲကြောင်းမှတစ်ဆင့် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်ပြီး ဒုက္ခပေးရန် မဖြစ်နိုင်တော့ပေ။

ဖြစ်လာခဲ့လျှင်လည်း ယွမ်ကျန်းဖုန်း ကိုင်တွယ်နိုင်ပေလိမ့်မည်။

ထို့ကြောင့် ရန်တိက ကောင်းကင်အက်ကွဲကြောင်းဝင်ပေါက်နားတွင် စောင့်ကြည့်နေရန် မလိုအပ်တော့ပေ။

ရန်ကျောက်ကဲက ရှောင်အိုက်ကိုလှမ်းကြည့်ပြီး ပြုံးလိုက်သည်။

“ကျင်းထင်တောင်ကိုသွားပြီးရင် အမေဘယ်မှာရှိနေမလဲ နည်းနည်းပါးပါး ရှာကြည့်လိုက်ဦးမယ်”

ရန်တိကလည်း ပြုံးလျှက် ခေါင်းခါယမ်းရင်း...

“အခွင့်အရေးပေါ်မူတည်တယ် ၊ ငါတို့မှာအချိန်သိပ်မရှိဘူးလေ”

ရန်ကျောက်ကဲက...

“အ‌ရှေ့တောင်ထိပ်တန်းအရှင်သခင်နဲ့မတွေ့ဖူးပေမယ့် ဇာမဏီအရိုးကိစ္စကြောင့် အရှေ့တောင်ထိပ်တန်းအရှင်သခင်က ကျွန်တော်တို့ဝါဒတောင်ဂိုဏ်း တည်ထောင်မှာကို သဘောတူမှာပါ”

“ကျင်းထင်တောင်ကို အတူတူသွားကြတာပေါ့ ၊ ပဏာမအလုပ်ကို အကောင်းဆုံးလုပ်ပြီးတော့မှ မူဝါဒတည်ဆောက်ဖို့ အခြေခံအချက်တွေစုစည်းကြမယ်လေ”

ရန်တိက...

“ဒါပေမဲ့ အခု ဒီနေရာမှာရပ်နေတဲ့လူတွေကလွဲရင် ဝါဒတောင်က အစွန်းရောက်ရှစ်ပါးကမ္ဘာနဲ့ အထက်ဘုံကမ္ဘာဆိုပြီး ကွဲပြားတဲ့နေရာနှစ်ခုမှာ ရှိနေမှာပဲ ၊ မင်းလက်ထဲက ကျန့်မုနတ်သစ်သားယပ်တောင်က တစ်ခါအသုံးပြုဖို့ အချိန်အကြာကြီးစောင့်ရတယ်လေ ၊ တစ်လမ်းသွားလမ်းလျှောက်တာနဲ့အတူတူပဲ မဟုတ်လား”

ရန်ကျောက်ကဲက ချီဝေထံမှရရှိထားသော အရိပ်ကျုံ့အိတ်လေးကိုထုတ်ယူလိုက်ရင်း...

“ဒီတစ်ခေါက် ကဏ္ဍပေါင်းစုံအတွက် ပစ္စည်းတွေအများကြီး ရလိုက်တယ် ၊ မူရင်းပိုင်ရှင်ကတောင် သူ့ပစ္စည်းတွေ ဘယ်လိုအသုံးပြုရလဲဆိုတာ သိမသွားရှာဘူး”

All Chapters