← Chapters

ဝိညာဉ်နက်ရှိုင်းရာတွင်တည်ရှိနေသည့်စည်းတံဆိပ်

Vol. 57 Ch. 797

ဝိညာဉ်နက်ရှိုင်းရာတွင်တည်ရှိနေသည့်စည်းတံဆိပ်

Vol. 57 Ch. 797

အခန်း (၇၉၇) ဝိညာဉ်နက်ရှိုင်းရာတွင်တည်ရှိနေသည့်စည်းတံဆိပ်

ဝါဒတောင်၏ ထိပ်တန်းအကြီးအကဲ’ကျန်းခွန်’ က ဖူအန်းစုနေထိုင်ရာ သမုဒ္ဒရာကမ္ဘာသို့ သွားရောက်ခဲ့သည်။

ယခုနှစ်များအတွင်း ဖူအန်းစုက သမုဒ္ဒရာကမ္ဘာရှိ ချန်လီတောင်တွင် အခြေချနေထိုင်ရင်း သိုင်းစွမ်းမြင့်မားသည် နာမည်ကျော်ကြားသော ထူးချွန်သည့်တပည့်များစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ရန်ကျောက်ကဲကဲ့သို့ သိုင်းသူတော်စင်အဆင့်သို့ မရောက်ရှိကြသေးသော်လည်း ဝါဒတာင်မှတပည့်များက သမုဒ္ဒရာကမ္ဘာတွင် အလွန်တရာ စွမ်းအားကြီးမားသော အနေအထားတွင် ရှိကြသည်။

သမုဒ္ဒရာကမ္ဘာ၏အခြေအနေသည်လည်း အချိန်နှင့်အမျှပြောင်းလဲနေသည်ဖြစ်ရာ ရန်ကျောက်ကဲ နောက်ဆုံးရောက်ရှိခဲ့စဉ်ကနှင့် အလွန်တရာကွာခြားနေပြီ ဖြစ်သည်။ သို့သော် အိမ်အပြင်ဘက်တွင် တိုက်ခတ်နေသည့်မုန်တိုင်းကိုကြည့်ရင်း အိမ်ထဲတွင် သက်သောင့်သက်သာနေထိုင်ရသည့် ခံစားချက်မျိုးရှိသဖြင့် ဝါဒတောင်မှတပည့်များအတွက် များစွာမထိခိုက်ခဲ့ပေ။

ဤအချိန်အတောအတွင်း တပည့်အချို့က အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ပြန်သွားကြပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ ဝါဒတောင်မှတပည့်အသစ်များက ကျင့်ကြံရန်အတွက် သမုဒ္ဒရာကမ္ဘာသို့ ထပ်မံရောက်ရှိလာကြသည်။

ဖူအန်းစုကိုယ်တိုင်သည်ပင် သေခြင်းတရားကိုကျော်လွန်ခြင်း နှောင်းပိုင်းအဆင့်သို့ရောက်ရှိနေပြီး အချိန်မရွေး သိုင်းသူတော်စင်အဆင့်သို့တက်ရောက်နိုင်သည့် ထူးခြားသောအခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကျန်းခွန်နှင့် တာဝန်လွှဲပြောင်းယူပြီးနောက် ယင်လုန်ထူ ၊ စစ်ခုန်ချင်းနှင့် အခြားတပည့်ငယ်များ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့်အတူ ဇာမဏီနယ်မြေမှ ကောင်းကင်အက်ကွဲကြောင်းရှိရာသို့ ရောက်ရှိလာကြသည်။

“အရင်တုန်းက ထိုက်ယီချိုးဖျက်အစီအရင်အသုံးပြုပြီး မီးတောက်မိစ္ဆာကမ္ဘာနဲ့ဆက်သွယ်ထားတဲ့ ကောင်းကင်အက်ကွဲကြောင်းကို ချိတ်ပိတ်နိုင်ခဲ့တယ် ၊ ဒါကြောင့် အဲဒီကိစ္စကို စိတ်ပူစရာမရှိတော့ဘူး ၊ ဒါပေမဲ့ ကောင်းကင်မိုးကြိုးခန်းမမှ ရှန်လီဖွင့်ခဲ့တဲ့ ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခုရှိတယ်လို့ ပြောခဲ့တယ်မဟုတ်လား ၊ အဲဒါရော အခြေအနေဘယ်လိုရှိလဲ”

ဖူအန်းစုက လမ်းလျှောက်ရင်း မေးမြန်းလိုက်သည်။

အရင်တစ်ချိန်က ထိုကမ္ဘာဖြတ်လမ်းကြောင်းကို ရန်ကျောက်ကဲက ယာယီချိတ်ပိတ်ထားခဲ့သည်။

ထို့နောက်မှာတော့ အထက်ဘုံကမ္ဘာမှ ကွမ်းမင်ဂိုဏ်းလာရောက်တိုက်ခိုက်မှုကို သတိထားနေရသဖြင့် ထို ကမ္ဘာဖြတ်လမ်းကြောင်းကို သိပ်ပြီးအာရုံမစိုက်နိုင်တော့ပေ။

ရန်ကျောက်ကဲက...

“ဒီတစ်ခေါက် ကျွန်‌တော်တို့ဂိုဏ်းရဲ့ ရည်ရွယ်ချက်က ဝါဒတောင်ဂိုဏ်းကို အထက်ဘုံကမ္ဘာမှာ တည်ငြိမ်အောင် ထူထောင်ဖို့ပဲ ၊ ဒါကြောင့် အဲဒီကမ္ဘာဖြတ်လမ်းကြောင်းကို မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနဲ့ ထပ်ပြီးချိတ်ပိတ်ခိုင်းထားတယ်”

“မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားလောက်ကျင့်ကြံခြင်းစွမ်းအားမမြင့်မားဘဲ ဘယ်သူမှ အဲဒီစည်းတံဆိပ်ကို ချိုးဖျက်နိုင်မှာမဟုတ်ဘူး ၊ ဒါကြောင့် အောက်ဘုံကမ္ဘာကလူတွေအနေနဲ့ ချိုးဖျက်နိုင်ဖို့ မဖြစ်နိုင်ဘူး ၊ ဒါကြောင့် စိတ်ပူစရာမရှိပါဘူး”

ဖူအန်းစုက ခေါင်းညိတ်ရင်း...

“ဒီလိုဆိုရင်တော့ အဆင်ပြေပါတယ် ၊ သမုဒ္ဒရာကမ္ဘာက ဒုတိယအသုတ်ရောက်လာတဲ့ တပည့်ငယ်တွေပြောတာတော့ အဲဒီနေရာကို ဂိုဏ်းတူမောင်လေး’ရန်တိ’ သွားကြည့်သေးတယ်တဲ့ ၊ ကြည့်ရတာ အဲဒီလမ်းကြောင်းက ပျက်သုဉ်းကမ္ဘာတစ်ခုကို ဦးတည်နေတာဖြစ်ရမယ်”

ရန်ကျောက်ကဲက...

“အဖေလည်း အဲဒီအကြောင်း နည်းနည်းပြောပြသေးတယ် ၊ အထက်ဘုံကမ္ဘာကကိစ္စတွေတည်ငြိမ်သွားလို့ အချိန်အားမယ်ဆိုရင် အဲဒီကိုတစ်ချက်လောက်သွားကြည့်ဦးမယ်”

ဖူအန်းစုနှင့်အတူ ယင်လုန်ထူနှင့် စစ်ခုန်ချင်းအပြင် ရွှီဖေးနှင့် ရှီကျွင်းတို့လည်း ပါလာကြသည်။ ရှီကျွင်း၏မိခင် ယင်ယွီကျန်းကတော့ ယခုချိန်ထိ သတိပြန်ရလာခြင်း မရှိသေးပေ။

သူမ၏ဒဏ်ရာများက တဖြည်းဖြည်းပြန်လည်သက်သာလာပြီဖြစ်သော်လည်း ယခုအချိန်ထိ နက်ရှိုင်းစွာသတိမေ့နေဆဲ ဖြစ်၏။ ရန်ကျောက်ကဲစိတ်ထဲ ပုံမှန်မဟုတ်သလို ခံစားလာရသဖြင့် ထပ်မံစစ်ဆေးရန် စတင်လိုက်သည်။

ယခင်က သူ၏ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသဖြင့် မတွေ့ရှိခဲ့သော လျှို့ဝှက်ချက်များရှိကောင်းရှိနိုင်သဖြင့် ယခုတော့ ထိုပြဿနာများကို သိမြင်နိုင်ပေလိမ့်မည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ယင်ယွီကျန်းကိုစစ်ဆေးကြည့်လိုက်တော့ ထူးဆန်းမှုတစ်ခုကို တွေ့ရသည်။ ယင်ယွီကျန်း၏ဝိညာဉ်နက်ရှိုင်းရာနေရာတွင် စည်းတံဆိပ်တစ်ခုရှိနေသည်ကို မထင်မှတ်ဘဲတွေ့ရှိလိုက်ရခြင်းပင်။

ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှားယွင်းမည်ကိုစိတ်ပူသဖြင့် သူတို့အားလုံးကို ဇာမဏီနယ်မြေမှ ဝိညာဉ်နယ်မြေသို့ အရင်ဆုံးခေါ်ဆောင်လာစေခဲ့သည်။

ရန်ကျောက်ကဲရော ရန်တိပါ ယင်ယွီကျန်းကို စစ်ဆေးကြည့်လိုက်ကြပြီး နောက်ဆုံးမှာတော့ သူမ၏ဝိညာဉ်နက်ရှိုင်းရာတွင်ရှိနေသည့် စည်းတံဆိပ်တစ်ခု အမှန်တကယ်ရှိနေကြောင်း အတည်ပြုလိုက်ကြသည်။

သူတို့၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ပင် ထိုစည်းတံဆိပ်၏တည်ရှိမှုကို သိရှိရုံသာသိရှိနိုင်ပြီး ၎င်းကိုဖယ်ရှားပစ်ရန် သို့မဟုတ် တံဆိပ်ခတ်ထားသည့်အရာအတိအကျကို စုံစမ်းစစ်ဆေးရန် မတတ်နိုင်ကြပေ။

“ကျွင်းအာကိုလည်း တစ်ချက်ကြည့်ရအောင်...”

ရန်ကျောက်ကဲနှင့် ရန်တိ အကြည့်ချင်းဖလှယ်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။

အခြေအနေကိုအကဲခတ်ပြီးနောက် သားအဖနှစ်ယောက်လုံး၏မျက်နှာက တည်ကြည်လေးနက်သွား၏။

ရှီကျွင်း၏ဝိညာဉ်နက်ရှိုင်းရာနေရာတွင်လည်း စည်းတံဆိပ်တစ်ခုရှိနေပြီး ထိုစည်းတံဆိပ်က ယင်ယွီကျန်းထံမှစည်းတံဆိပ်နှင့် တူညီခြင်း မရှိပေ။

ထိုစည်းတံဆိပ်နှစ်ခုကြားမှ ခြားနားချက်ကြောင့် ယင်ယွီကျန်းက သတိပြန်ရမလာခြင်းဖြစ်ပြီး ရှီကျွင်းကတော့ ပုံမှန်အတိုင်း ပြန်လည်နိုးထလာခြင်း ဖြစ်နိုင်သည်။

ထိုစည်းတံဆိပ်၏ ရင်းမြစ်ကိုမသိနိုင်သည်မှာ စိတ်မကောင်းစရာကောင်းလှသည်။

ရန်ကျောက်ကဲ မျက်မှောင်ကြုံ့လိုက်သည်။

အဓိပ္ပါယ်ကတော့ ကျင့်ကြံခြင်းအဆင့် မြင့်မားမှသာလျှင် ထိုစည်းတံဆိပ်၏သဲလွန်စကို သိရှိနိုင်မည် ဖြစ်သည်။ ယခင် ကျင့်ကြံခြင်းအဆင့်နိမ့်ပါးစဉ်က ဤစည်းတံဆိပ်တည်ရှိနေသည်ကိုပင် မသိရှိခဲ့ရပေ။

စည်းတံဆိပ်ခတ်ထားသူက အလွန်အစွမ်းထက်သူဖြစ်နိုင်သလို အလွန်ထူးဆန်းပြီး လိမ္မာပါးနပ်သည်ကိုလည်း တွေ့ရသည်။

“ကျွင်းအာနဲ့ အစ်မယွီကျန်းနှစ်ယောက်လုံးကို အရင်တုန်းက ရေခဲခေါင်းတလားထဲမှာ ဂိုဏ်းတူအစ်ကို’ရှီ’ က ထည့်ထားခဲ့တာ ၊ သူတို့က အစွန်းရောက်ရှစ်ပါးကမ္ဘာမှာပဲ ရှိခဲ့ကြတာပဲ ၊ ဒီလို စွမ်းအားကြီးမားတဲ့ဖြစ်တည်မှုနဲ့ ဘယ်လိုလုပ် ဆက်နွယ်မှုရှိရမှာလဲ ၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ရန်ကျောက်ကဲ တွေးလိုက်သည်။

“ဒီလောက် ထူးဆန်းတဲ့နည်းလမ်းကိုအသုံးပြုထားတာ... ငရဲကိုးထပ်နဲ့ဆက်စပ်နေနိုင်တယ်”

ရှီစုန်းထောင်း သေဆုံးသွားခဲ့သည်မှာ စိတ်မကောင်းစရာပင်။ ထိုနှစ်တွင် သူနှင့် သူ့ဇနီး တွေ့ကြုံခဲ့ရသည်များကို အတိအကျ မသိနိုင်တော့ပေ။

ရန်ကျောက်ကဲနှင့် ရန်တိတို့က ထိုကိစ္စကိုခဏဖယ်ထားပြီး နောက်ပိုင်းမှ ဖြည်းဖြည်းခြင်း ခွဲခြိမ်းစိပ်ဖြာကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။

“ဂိုဏ်းတူအစ်ကို’ဖန်ကျွင်း’ ၊ ဂိုဏ်းတူအစ်မ’ဖူအန်းစု’... ဒီကျူတောပင်လယ်ဒေသရဲ့ ဝိညာည်နယ်မြေမှာ ကျွန်တော့်အလုပ်တွေကိုကူညီပေးဖို့ ခင်ဗျားတို့ကိုပဲ ဒုက္ခပေးရတော့မယ်”

ရန်တိက ဖူအန်းစုနှင့် ဖန်ကျွင်းတို့ကိုပြောလိုက်သည်။

“ဂိုဏ်းတည်ထောင်တဲ့ကိစ္စက ဖြည်းဖြည်းချင်းလုပ်လို့ရပါတယ် ၊ အရမ်းအလောတကြီး လုပ်ဆောင်စရာမလိုဘူး ၊ ဒီနေရာမှာ အရင်ဆုံး အခြေကျနိုင်အောင်ကြိုးစားရမယ် ၊ တကယ်လို့ အကူအညီလိုရင် မြောက်ပင်လယ်ဓားခန်းမနဲ့ ကြေးနီကျွန်းကလူတွေကို ဆက်သွယ်လို့ရတယ်”

သူက ဆက်ပြောသည်။

“ကျူတောပင်လယ်ဒေသက အဓိကအင်အားစုနှစ်ခုနဲ့ ဒီလိုချိတ်ဆက်နိုင်တာ ကျောက်ကဲကိုကျေးဇူးတင်ရမယ် ၊ လိုအပ်တဲ့အချိန်မှာ အချင်းချင်းကူညီပေးလို့ရနိုင်တဲ့အတွက် သူတို့ကို အားကိုးရတဲ့မဟာမိတ်တွေလို့ သဘောထားလို့ရတယ်”

“အဓိကအကျပ်အတည်းတွေ ဖြေရှင်းမရတဲ့ပြဿနာတွေဖြစ်လာရင်... မီးဖိုဖို့ ထင်းတွေမရှိမှာ စိတ်ပူစရာမလိုဘူး ၊ တောင်တစ်ခုလုံးရှိနေသေးတယ် ၊ ကျန်နေသေးတဲ့ ‘ကောင်းကင်ဖြတ်ကျောက်စိမ်း’ တွေကိုအသုံးပြုပြီး ချက်ချင်း အစွန်းရောက်ရှစ်ပါးကမ္ဘာကိုပြန်ပါ ၊ ဆရာ့ရဲ့ကာကွယ်ပေးမှုအောက်မှာ အားလုံး အန္တရယ်ကင်းပါလိမ့်မယ်”

ရန်တိက...

“သိပ်ကြီးကြီးမားမား မဟုတ်ဘူးဆိုရင်တော့ ကျူတောပင်လယ်ဒေသမှာရှိနေတဲ့ အရှေ့တောင်ထိပ်တန်းမျိုးနွယ်တွေကို ယုံကြည်လို့ရတယ် ၊ သူတို့ဆီမှာ အကူအညီတောင်းလို့ရတယ်”

ဖူအန်းစု ခေါင်းညိတ်လိုက်သည်။

“ဒီတစ်ခေါက် မင်းသွားတွေ့ရမယ့် အရှေ့တောင်ထိပ်တန်းအရှင်သခင်က အရမ်းအရေးကြီးတယ် မဟုတ်လား”

ရန်ကျောက်ကဲက ရှောင်အိုက်ကိုလှမ်းကြည့်လိုက်ပြီး...

“ရှောင်အိုက်... မင်းက ငါတို့နဲ့လိုက်ခဲ့ ၊ ကျင်းထင်တောင်ကပြန်ရင် တို့တွေ အမေဘယ်ကိုရောက်နေလဲဆိုတာ ခြေရာခံရမယ်”

ရှောင်အိုက်က...

“ဒီအစေခံအတွက် အဆင်ပြေပါတယ် ၊ ဒါပေမဲ့ ခရီးကအရမ်းရှည်မှာဆိုတော့ သခင်လေး အစစအရာရာ သေချာပြင်ဆင်ထားသင့်တယ်”

ရန်ကျောက်ကဲက ပြုံးရင်း...

“ငါလည်း ဒီအတိုင်းတွေးထားပါတယ်”

ဖန်ကျွင်းနှင့်အခြားသူများ အခြေကျပြီးနောက် ရန်ကျောက်ကဲနှင့် ရန်တိတို့က ချန်ကျိလျန်တို့အုပ်စုနှင့်အတူ ကျင်းထင်တောင်သို့ ခရီးထွက်ခဲ့ကြသည်။

ထန်ယုံဟောင်ကတော့ မုကျွင်း၏ကာကွယ်ပေးမှုနှင့်အတူ အရင်တစ်ခေါက်ကပင် ကျင်းထင်တောင်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ လင်ဟန့်ဟွာကတော့ ကျူတောပင်လယ်ဒေသမှာပင် ရှိနေသေးသည်။

သိပ်မကြာမီ ကျင်းထင်တောင်က အိမ်နီးချင်းပြည်နယ်မှ ခိုးဝင်လာသူများကိစ္စနှင့်ပတ်သက်ပြီး အနောက်ဒေသကိုစောင့်ရှောက်ရန် အထွတ်ထိပ်သိုင်းကျင့်ကြံသူများကို ထပ်မံစေလွှတ်နိုင်ဖွယ်ရှိသည်။

ကျူတောပင်လယ်ဒေသက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်၏ အနောက်ဘက်စွန်းတွင်တည်ရှိပြီး ကျင်းထင်တောင်ကတော့ အလယ်ပိုင်းတွင် တည်ရှိသည်။

ချန်ကျိလျန်ဦးဆောင်သော သူတို့အုပ်စုက ကျူတောပင်လယ်ဒေသမှထွက်ခွာပြီး အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တစ်လွှားဖြတ်သန်းကာ မြောက်ဘက်သို့ ဦးတည်ခဲ့ကြသည်။ ထိုနေရာတွင် ကြီးမားသော ပင်လယ်ဒေသများအပြင် ကျွန်းပေါင်းများစွာလည်း တည်ရှိသည်။

မြောက်ပိုင်းသို့ ဆက်လက်ထွက်ခွာလာပြီးနောက် တိုက်ကြီးတစ်တိုက်ကိုတွေ့ရသည်။

ထိုတိုက်ကြီးထက်တွင် လူဦးရေသိပ်သည်းသော လွင်ပြင်များရှိသလို မြင့်မားသောတောင်တန်းများ ၊ အန္တရယ်ရှိသောချိုင်းဝှမ်းများလည်း ရှိနေသည်။

ကျူတောပင်လယ်ဒေသက အစွန်းရောက်ရှစ်ပါးကမ္ဘာထက် များစွာကြီးမားသော်လည်း အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တစ်ခုလုံးဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အနောက်ဘက်တွင်ရှိသည့် သေးငယ်သည့်ပင်လယ်ဒေသလေးတစ်ခုသာ ဖြစ်၏။

ယခုတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာမှလူများမှာ အထက်ဘုံကမ္ဘာ၏ ကြီးမားကျယ်ပြန့်ချင်းကို ပိုပြီးမှန်ကန်တိကျစွာဆုံးဖြတ်ရင်း အထင်ကြီးမိကြသည်။

ရန်ကျောက်ကဲတို့အုပ်စု၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ပင် အရှေ့တောင်ထိပ်တန်းအရှင်သခင်နေထိုင်ရာ ကျင်းထင်တောင်သို့ ခရီးရှည်ကြီး ဖြတ်သန်းခဲ့ရလေသည်။

All Chapters