ကျင်းထင်တောင်မှအရှေ့တောင်ထိပ်တန်းအရှင်သခင်
Vol. 57 Ch. 798
အခန်း (၇၉၈) ကျင်းထင်တောင်မှအရှေ့တောင်ထိပ်တန်းအရှင်သခင်
ကျင်းထင်တောင်နှင့်နီးကပ်လာသည်နှင့်အမျှ ကမ္ဘာလောကတစ်ခုလုံး အလင်းရောင်များတောက်ပနေသလို ခံစားရသည်။
နေ့လည်ခင်းဖြစ်သည့်တိုင် ကျင်းထင်တောင်ကတော့ ညကောင်းကင်အလွှာတစ်ခုဖြင့် ဖြင့်ဖုံးလွှမ်းထားသည့်အလား ဖြစ်သည်။ သို့သော် ညကောင်းကင်အလွှာက မှောင်မိုက်နေခြင်းမရှိဘဲ ကြယ်ရောင်များက မိုးစက်များရွှာသွန်းသည့်ပမာ တလက်လက်တောက်ပနေသည်။
ကမ္ဘာအပြင်ဘက်မှ နဂါးငွေ့တန်းနှင့် အလွန်နီးကပ်နေသည့်အလား ခံစားချက်ကိုပေးစွမ်းပြီး ကြယ်စင်များက အလွန်တရာလင်းလက်နေသဖြင့် နေ့ခင်းအချိန်နှင့်မခြား တောက်ပနေ၏။
ကျင်းထင်တောင်ကိုကြည့်ရင်း ခံစားချက်များအလွန်ပြင်းထန်လာသည်။
ဒဏ္ဍာရီဆန်သောနယ်မြေတစ်ခုသို့ ရောက်ရှိလာသည့်အလား ရန်ကျောက်ကဲတို့အုပ်စုရှေ့တွင် ကြယ်စင်များက ပြိုးပြက်စွာ လင်းလက်နေသည်။
ရန်ကျောက်ကဲက ကောင်းကင်ကိုဖြတ်သွားသည့်ကြယ်စင်အလင်းတန်းများနှင့် သူတို့၏ထူးဆန်းသောနိယာမများကို တည်ကြည်လေးနက်စွာဖြင့် လေ့လာနေသည်။
“အရှေ့တောင်ထိပ်တန်းအရှင်သခင် ကျင့်ကြံထားတဲ့သိုင်းပညာကဘာလဲဆိုတာကို ခန့်မှန်းမိပြီထင်တယ်”
ရန်ကျောက်ကဲက ရန်တိ ၊ ဖန်းယွင်ရှန်းနှင့် အခြားသူများထံ အသံပို့လွှတ်စနစ်ဖြင့် စကားဆိုလိုက်သည်။
ရန်ကျောက်ကဲက အရှေ့တောင်ထိပ်တန်းမျိုးနွယ်များအသုံးပြုသည့်သိုင်းပညာကို ရံဖန်ရံခါ တွေ့မြင်ခဲ့ရသော်လည်း လှုပ်ရှားမှုလျှင်မြန်သဖြင့် ရှင်းလင်းစွာ မတွေ့မြင်ခဲ့ရပေ။
ယခုတော့ ကျင်းထင်တောင်၏ပုံရိပ်ကိုကြည့်ရင်း ရန်ကျောက်ကဲစိတ်ထဲမှ ခန့်မှန်းလိုက်နိုင်သည်။
“အရှေ့တောင်ထိပ်တန်းအကြီးအကဲက ဓားသိုင်းပညာနဲ့ အဂ္ဂိရတ်ပညာမှာ နာမည်ကြီးတယ်”
ရန်တိက ခဏမျှ စဉ်းစားနေပြီးမှ...
“မင်းဆိုလိုတာက ကျီဝေးဧကရာဇ်ရဲ့အဆက်အနွယ်လို့ဆိုလိုတာလား”
“ကြယ်စင်များရဲ့သခင် ၊ မဟာကပ်ဘေးမတိုင်ခင်က ဓားတာအိုမှာထိပ်တန်းအဆင့်ပုဂ္ဂိုလ်တွေထဲကတစ်ယောက် ၊ တာအိုဝါဒရဲ့ ဧကရာဇ် (၄)ပါးထဲကတစ်ပါး”
ရန်ကျောက်ကဲက ရေရွတ်လိုက်သည်။
“သူတို့က ကျီဝေးဧကရာဇ်ရဲ့ တိုက်ရိုက်အဆက်အနွယ်လားဆိုတာ မသိနိုင်ပေမယ့် ... အနည်းဆုံးတော့ သိုင်းပညာအမွေအနှစ်က ဆက်စပ်နေမယ်ထင်တယ်”
မီးတောက်မိစ္ဆာဧကရာဇ် ၊ မိုးကြိုးဧကရာဇ်နှင့် မဟာကပ်ဘေးကြီးအလွန်ကာလာတွင် ယိုးမင်ဧကရာဇ်တို့က ထိပ်တန်းတန်ခိုးစွမ်းအားရှင်များအဖြစ် ဧကရာဇ်ဘွဲ့ခံယူခဲ့ကြသည်။
သို့သော် သူတို့၏ခေါင်းစဉ်က ခပ်တိုတိုမျှသာ ဖြစ်၏။
ကျီဝေးဧကရာဇ်ကတော့ ထိုသူများနှင့်မတူညီစွာ ရှည်လျားသည့် နာမည်ဂုဏ်ပုဒ်ကို ပိုင်ဆိုင်သည်။ သူ၏နာမည်အပြည့်အစုံမှာ “ကောင်းကင်ဘုံအရှင်မြောက်ပိုင်းကြယ်စင်ကျီဝေးဧကရာဇ်မင်း” ဖြစ်၏။
သူ့ကို ကြယ်စင်များရဲ့သခင် ၊ ကြယ်စင်ဘိုးဘိုး ဟုလည်း လူသိများကြပြီး တာအိုဝါဒ၏ထိပ်တန်းအဆင့် ဧကရာဇ် (၄)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည်။ မြေကမ္ဘာဘုရင်မသည်လည်း သူတို့ထဲမှ တစ်ယောက်ဖြစ်သည်ပင်။
ထို့ပြင် မဟာကပ်ဘေးကြီးမတိုင်ခင်က ကျီဝေးဧကရာဇ်သည် ဓားတာအိုတွင် နံပါတ်တစ်ပုဂ္ဂိုလ်အဖြစ် အမြဲတမ်းလေးစားခံခဲ့ရသည်။
စန်းချင်း (၃)ပါး (“စင်ကြယ်ခြင်းသုံးပါး”) ဘိုးဘေးများကိုတော့ ထည့်ပြောနေစရာမလိုပေ။ ထို ဘိုးဘေး (၃)ပါးအပြင် ဓားတာအိုတွင် အလွန်တရာခမ်းနားကြီးကျယ်သူများ ရှေးခေတ်အချိန်ကတည်းက များစွာရှိကြသည်။
ယေဘူယျပြောရလျှင် ဓားတာအိုတွင် ရှေးလူများအလွန်တရာ ချီးကျူးကြသော ဓားတာအို ဆရာသခင် (၃)ယောက် ရှိသည်။
ယွမ်စီထျန်းကျွင်း၏တပည့်ရင်း ၊ ယွိချင်အဆက်အနွယ်များ၏ဘိုးဘေး__ တာအိုဆရာ’ယွိတင်’။
လင်ပေါင်ထျန်းကျွင်း၏တပည့် ၊ စန့်ချင်အဆက်အနွယ်များ၏ဘိုးဘေး__ တာအိုဆရာ’သောပေါင်’ ဟုလူသိများသည့် သောပေါင်ထျန်းကျွင်း။
တတိယတစ်ယောက်မှာ ဧကရာဇ် (၄)ပါးထဲတွင် တစ်ပါးအပါအဝင်ဖြစ်သော “ကောင်းကင်ဘုံအရှင်မြောက်ပိုင်းကြယ်စင်ကျီဝေးဧကရာဇ်မင်း” ဖြစ်သည်။
ထိုသူများအပြင် ကွမ်းချန်ထျန်းကျွင်း ၊ တောက်ရှင်ထျန်းကျွင်း ၊ ချိကျင်းကျီ ၊ ယွင်ကျုန်းကျီ ၊ ကွေးလင်မယ်တော် ၊ ဝူတန့်မယ်တော်တို့သည်လည်း ဓားပညာအလွန်တရာ ကျွမ်းကျင်သူများ ဖြစ်ကြ၏။
တာအိုဆရာ’ယွိတင်’ နှင့် တာအိုဆရာ ‘သောပေါင်’ တို့က နှစ်ဦးစလုံးသည် ရှေးခေတ်နတ်ဘုရားများဒဏ္ဍာရီတွင် အလွန်တရာ တန်ခိုးစွမ်းအား မြင့်မားသူများ ဖြစ်ခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် သူတို့ပျောက်ကွယ်သွားကြပြီး မည်သည့်နေရာသို့ရောက်ရှိသွားကြောင်း နောင်လာနောက်သားများ မသိကြတော့ပေ။
ကွမ်းချန်ထျန်းကျွင်းနှင့် အခြားသူများသည်လည်း ထိုအတိုင်းပင် ဖြစ်သည်။
ကျီဝေးဧကရာဇ်ကတော့ မဟာကပ်ဘေးကြီးမတိုင်ခင် မိုးကောင်းကင်ခုံရုံးတွင် နေထိုင်သေးသည်ကို တွေ့ရသည်။ ထို့ကြောင့် မဟာကပ်ဘေးကြီးမတိုင်ခင်ကာလတွင် ကျီဝေးဧကရာဇ်အား ဓားတာအိုတွင် နံပါတ် (၁)အဖြစ် လူတိုင်းက လေးစားခဲ့ကြခြင်း ဖြစ်သည်။
သို့သော် မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက်တွင်တော့ ကျီဝေးဧကရာဇ်၏သတင်းကို မကြားရတော့ပေ။
ယခု သူ့ရှေ့မှကျင်းထင်တောင်မြင်ကွင်းကိုတွေ့မြင်ရသည့်အခါ ရန်ကျောက်ကဲအနေဖြင့် ထိုအကြောင်းကိုမတွေးဘဲ မနေနိုင်ခဲ့ပေ။
မဟာကပ်ဘေးကြီးကြောင့် များပြားလှစွာသော ယဉ်ကျေးမှုအမွေအနှစ်များနှင့် သတင်းအချက်အလက်များ ကြီးမားစွာပျက်ဆီးခဲ့သော်လည်း ရန်တိုတို့အုပ်စုကတော့ ကျီဝေးဧကရာဇ်၏အမည်ကို ကြားဖူးကြသည်။
ထို့ကြောင့် ရန်ကျောက်ကဲက နည်းနည်းပြောလိုက်သည်နှင့် ရန်တိက သဘောပေါက်သွားခြင်း ဖြစ်၏။
ကျင်းထင်တောင်ခြေသို့ရောက်လာသည့်အခါ ချန်ကျိလျန်က ပြုံးလိုက်ပြီး ရန်ကျောက်ကဲတို့အုပ်စုကို စကားဆိုသည်။
“အားလုံးပဲ တစ်ခါတည်း လိုက်ခဲ့ကြပါ ၊ ဆရာက ခင်ဗျားတို့ရောက်လာရင် အကြောင်းကြားစရာမလိုဘဲ တန်းပြီးတောင်ပေါ်ခေါ်လာခဲ့ဖို့ မှာကြားထားပါတယ်”
ရန်ကျောက်ကဲ ၊ ရန်တိနှင့် အခြားသူများ ခေါင်းညိတ်လိုက်ကြသည်။
“အရှေ့တောင်ထိပ်တန်းအရှင်သခင်က ယဉ်ကျေးလွန်းနေပါပြီ”
ကျင်းထင်တောင်ဆီသို့ဝင်လိုက်သည်နှင့် ကြယ်စင်များအလယ်တွင် လမ်းလျှောက်နေရသည့်အလား ဖြစ်သည်။
“ပြောရရင်တော့ ကျင်းထင်တောင်က ထူးဆန်းတာအမှန်ပဲ ၊ ဒါပေမဲ့ ဒီကျင်းထင်တောင်က ဟိုကျင်းထင်တောင်နဲ့ ယှဉ်နိုင်ပါ့မလားဆိုတာတော့ မသေချာဘူး”
ရန်ကျောက်ကဲက ရုတ်ရက်ပြုံးလိုက်သည်။
ထို့နောက် ရန်တိ ၊ ဖန်းယွင်ရှန်း ၊ အားဟူနှင့် ရှောင်အိုက်တို့ကိုလှမ်းကြည့်ရင်း မျက်စိတစ်ဖက်မှိတ်ပြလိုက်၏။
“ရှေးခေတ်နတ်ဘုရားများဒဏ္ဍာရီမှာတော့ ကျင်းထင်တောင်က ကျောက်စိမ်းဂူဆိုတာ ယွမ်စီထျန်းကျွင်းရဲ့တပည့်ရင်း တောက်ရှင်ထျန်းကျွင်းနေထိုင်ကျင့်ကြံခဲ့တဲ့နေရာပဲ”
“တောက်ရှင်ထျန်းကျွင်းမှာ ထိပ်တန်းရတနာပစ္စည်းတစ်ခုဖြစ်တဲ့ ‘မီးငါးသွယ်ငှက်ခုနစ်ကောင်ယပ်တောင်’ ရှိတယ်လို့ ကြားဖူးတယ် ၊ တာ့ရွှမ်တိုင်းပြည်က မီးငါးသွယ်သိုင်းပညာနဲ့ ရတနာခုနစ်သွယ်လှံသိုင်းက ကြည့်ရတာ အဲဒီရတနာပစ္စည်းနဲ့ဆက်စပ်နေနိုင်တယ်”
ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...
“ဒီတော့ ဧကရာဇ်ရွှမ်ဝမ်တို့တွေ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်က ကျူတောပင်လယ်ဒေသမှာ နေထိုင်ဖို့ ခွင့်ပြုတာဟာ ချစ်ကြည်ရေးသဘောအရိပ်အယောင်တွေ အနည်းနဲ့အများတွေ့ရတယ်”
အရှေ့တောင်ထိပ်တန်းအရှင်သခင်အနေဖြင့် ကိုယ်ပိုင်သိုင်းပညာကိုကျင့်ကြံပြီး တောက်ရှင်ထျန်းကျွင်းနှင့် ပတ်သက်မှုမရှိသော်လည်း သူက ကျင်းထင်တောင်ကို သူ၏နေထိုင်ရာအဖြစ် ရွေးချယ်ခဲ့သဖြင့် တောက်ရှင်ထျန်းကျွင်းအပေါ် လေးစားဝတ်ပြုရမည်မှာ သဘာဝကျသည် မဟုတ်ပါလား။
ကျင့်ကြံခြင်းအဆင့် မြင့်မားလာလေ ထိုကဲ့သို့သောပုဂ္ဂိုလ်များက ဤသို့သောအရာများကို ပိုမိုအာရုံစိုက်လေ ဖြစ်၏။
“ဒါပေမဲ့ ပိုပြီးစိတ်ဝင်စားစရာကောင်းတာက ရှေးခေတ်နတ်ဘုရားများဒဏ္ဍာရီ ယွိချင်အဆက်အနွယ်ဖြစ်တဲ့ တာအိုဆရာတောက်ရှင်က နတ်ဘုရားအဆုံးသတ်ဓားသိုင်းကို ပြန်လည်ထုတ်ဖော်ခဲ့တဲ့ တစ်ယောက်တည်းသောသူပဲ”
ရန်ကျောက်ကဲ မေးစေ့ကိုလက်ဖြင့်ပွတ်သပ်ရင်း နှုတ်ခမ်းထက်တွင် ခပ်ပါးပါး အပြုံးတစ်ချက် ထွက်ပေါ်လာသည်။ ဖန်းယွင်ရှန်းနှင့် အခြားလူများက ထိုစကားကြားတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
‘အထက်ဘုံကမ္ဘာတွင် စန့်ချင်အဆက်အနွယ်များကိုခြေချခွင့်မပြု’ ဆိုသော တိဟွမ်မြေကမ္ဘာဧကရာဇ်၏အမိန့်နှင့် လင်ဟန့်ဟွာ၏ကိစ္စကိုသိရှိထားသော ရန်တိက မျက်မှောင်တစ်ချက် ကြုံ့လိုက်၏။
“တိုက်ဆိုင်မှုတွေ အရမ်းများနေသလိုပဲ ၊ ကြည့်ရတာ အရှေ့တောင်ထိပ်တန်းအရှင်သခင်က...”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်လိုက်သည်။
သူသိသလောက် မဟာကပ်ဘေးကြီးမတိုင်ခင်ကပင် လင်ပေါင်ထျန်းကျွင်း၏ လင်ပေါင်ဓားသိုင်း (၄)မျိုးက ယွိချင်အဆက်အနွယ်များလက်ထဲကျရောက်သွားပြီးနောက်ပိုင်း ပျောက်ကွယ်သွားခဲ့သည်။
လင်ဟန့်ဟွာ လေ့ကျင့်ထားသည့် နတ်ဘုရားအဆုံးသတ်ဓားသိုင်းက စန့်ချင်အဆက်အနွယ်မှဆင်းသက်လာသည့် ဓားသိုင်းဖြစ်ဟန်တူသည်။
သို့သော်လည်း လင်ဟန့်ဟွာက အရှေ့တောင်ထိပ်တန်းအရှင်သခင်၏ တပည့်ဖြစ်လာခြင်းသည် မတော်တဆဖြစ်ကောင်းဖြစ်နိုင်သလို သူအရင်က ထင်ထားသကဲ့သို့ အခြားသူများမသိနိုင်သည့် တိတ်တဆိတ်နားလည်မှုတစ်ခုလည်း ရှိနိုင်သည်။
ကျင်းထင်တောင် ပင်မတောင်ထိပ်တွင် နန်းတော်အစုအဝေးတစ်ခု ရှိနေလေသည်။
ကောင်းကင်ထက်မှ အဆုံးမရှိဆင်းသက်လာသော ကြယ်ရောင်များက နန်းတော်များကြား စမ်းချောင်းပမာစီးဆင်းလျှက် နေရာအနှံသို့ လင်းလက်တောက်ပေနေစေသည်။
တောက်ပမှုက စူးစူးရှရှမရှိသဖြင့် သက်သောင့်သက်သာ ခံစားရစေသည်။ သို့သော် နောက်ကွယ်တွင် ကြီးမားသောစွမ်းအားတစ်ခု ပါဝင်နေသဖြင့် လူတစ်ယောက်အားသက်ရှူကြပ်သည့်ပမာ ခံစားရစေသည်။
ချန်ကျိလျန်က အားဟူနှင့် ရှောက်အိုက်တို့ကို အပြင်ဘက်တွင် စောင့်ဆိုင်းရန် စီစဉ်ပေးလိုက်ပြီး ရန်ကျောက်ကဲ ၊ ရန်တိနှင့် ဖန်းယွင်ရှန်းတို့ကိုသာ ပင်မနန်းတော်ကြီးဆီသို့ ဝင်ခွင့်ပြုလိုက်သည်။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထူးကဲယင်သရဖူနှင့် နေရိပ်နတ်ဓားတို့ကြောင့်သာ ဖန်းယွင်ရှန်း နန်းတော်အတွင်း ဝင်ခွင့်ရခြင်းဖြစ်နိုင်ကြောင်း မှန်းဆလိုက်မိကြ၏။
နန်းတော်ခန်းမဆောင်၏ အတွင်းပိုင်းအသွင်အပြင်က အလွန်တရာ ခမ်းနားလှပသည်။ သို့သော် ခေါင်းကို မော့ပြီး အပေါ်ကို မော့ကြည့်မည်ဆိုလျှင် မျက်နှာကျက်က အဆုံးမရှိကြယ်ရောင်များတောက်ပနေသည့် အနက်ရောင်ကောင်းကင်ဖြစ်ကြောင်း တွေ့ရသည်။
ကြယ်များက ကြီးမားသောမြေပုံပန်းချီကားကြီးတစ်ချပ်ပမာ လူတိုင်း၏ဦးခေါင်းထက်တွင် ထူထပ်စွာ လွှမ်းခြုံထားလေသည်။
ခန်းမထဲအလယ်မှာတော့ ခရမ်းရောင်ဝတ်ဆင်ထားသော လူရွယ်တစ်ယောက်က ကြယ်ပင်လယ်အလယ်တွင်ရပ်နေသည့်အလား မတ်တတ်ရပ်လျှက် ရှိသည်။
ပထမတစ်ချက်ကြည့်ရုံဖြင့် ထိုသူ၏အသက်ကို ခန့်မှန်းနိုင်ရန်ခက်ခဲသည်။ သူ့မျက်ဝန်းများက ညကောင်းကင်တွင် ထွန်းလင်းနေသည့် ကြယ်တစ်စင်းပမာ စူးရှနေသလို ဓားတစ်လက်ပမာလည်း အေးစက်လျှက် ရှိ၏။
ရန်ကျောက်ကဲတို့ (၃)ယောက်ကိုတွေ့သည်နှင့် ထိုသူက စကားဆိုသည်။
“ဝါဒတောင်ဆိုတာက... မဟာကပ်ဘေးကြီးမတိုင်ခင်က တာအိုဝါဒရဲ့ အရှေ့တောင်ထွတ်လို့ခေါ်ပြီး ခွန်လွန်တောင်နဲ့ အပြိုင်ရပ်တည်ခဲ့တယ် ၊ အခု အဲဒီတောင်ကို ပြန်လည်တည်ထောင်မယ်ဆိုတော့ တကယ့်ကိုလုပ်သင့်တဲ့အလုပ်လို့ ယူဆပါတယ်”
ရန်တိက လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...
“အခုလိုမင်္ဂလာစကားပြောကြားပေးတဲ့အတွက် အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို ကျေးဇူးတင်ပါတယ်”
ထိုခရမ်းရောင်ဝတ်ဆင်ထားသူက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ကိုအုပ်ချုပ်သူ ၊ ကျင်းထင်တောင်၏အရှင်သခင် အရှေ့တောင်ထိပ်တန်းအရှင်သခင် ‘ချောင်ကျယ်’ ပင် ဖြစ်၏။
ယခု သူ၏စကားများအရ အထက်ဘုံကမ္ဘာတွင် ဝါဒတောင်တည်ထောင်ခြင်းကို တားဆီးရန်ရည်ရွယ်ချက်မရှိကြောင်း သက်သေပြနေသည်။
ရန်ကျောက်ကဲက...
“ကျွန်တော်လည်း မခံချင်စိတ်ရှိတဲ့သူဆိုတော့ ကျူတောပင်လယ်ဒေသမှာ သိပ်မစဉ်းစားဘဲ မကြာခဏပြဿနာရှာခဲ့မိတယ် ၊ အရှေ့တောင်ထိပ်တန်းအရှင်သခင် နားလည်ပေးနိုင်မယ် မျှော်လင့်ပါတယ်”
ချောင်ကျယ်က စိတ်ပူစရာမရှိဟန် ခေါင်းခါယမ်းလိုက်ပြီးနောက် ရုတ်တရက်မေးလိုက်သည်။
“ဘိုးဘေး’ဟေး’ အသက်ရှင်လျက် ရှိနေသေးလား”