← Chapters

နာမည်ကြီးရန်ကျောက်ကဲ

Vol. 57 Ch. 800

နာမည်ကြီးရန်ကျောက်ကဲ

Vol. 57 Ch. 800

အခန်း (၈၀၀) နာမည်ကြီးရန်ကျောက်ကဲ

“လျိုရွှမ့်ထင်... တောင်ပိုင်းထိပ်တန်းအရှင်သခင်ရဲ့ တပည့်တဲ့လား”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

မုကျွင်းက ခေါင်းညိတ်ရင်း...

“လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀)က ငါတို့ ဆုံဖူးကြတယ် ၊ ဒါပေမဲ့ စကားတောင်မပြောဖြစ်ခဲ့ကြပါဘူး”

ခဏနားပြီးမှ သူက ဆက်ပြောသည်။

“အရင်နှစ်တွေအတွင်း သူနဲ့ပတ်သက်ပြီး ဘာသတင်းမှထပ်မကြားရတော့ဘူး ၊ သူ အပြင်ထွက်တာလည်းမတွေ့တော့ဘူး ၊ ဝူထန်တောင်စောင်းမှာ တစ်ယောက်တည်းကျင့်ကြံနေသလားဆိုတာတော့ သေချာမသိပါဘူး ၊ တကယ်တော့ လျိုရွှမ့်ထင်အကြောင်းကို ကျုပ်လည်း သိပ်မသိဘူး”

“လောကကြီးက ကျယ်ပြောပြီး သက်ရှိတွေအများကြီး နေထိုင်ကြတယ် ၊ လူတွေတစ်ယောက်နဲ့တစ်ယောက်ဆင်တူတာ အဆန်းတော့မဟုတ်ပါဘူး ၊ အများစုက သွေးရင်းသားရင်းတွေမဟုတ်ဘဲ ဆင်တူကြတာပဲလေ ၊ ဒါကြောင့် လျိုရွှမ့်ထင်က မင်းနဲ့ ဂိုဏ်းတူညီလေး’ထန်’ ပြောတဲ့မိန်းကလေးနဲ့ ပတ်သက်မှုရှိသလား မရှိဘူးလားဆိုတာတော့ မသေချာဘူး”

“ဒါပေမဲ့ သူ့ကို ကျွမ်းကျောင်းဟိုက အကြောင်းပြချက်မရှိဘဲဖမ်းဆီးသွားတာကတော့ လျိုရွှမ့်ထင်နဲ့ပတ်သက်နေမယ်လို့ ယူဆလို့ရတယ်”

ပြောရင်း မုကျွင်းက ရန်ကျောက်ကဲကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ကျင်းထင်တောင်က မန်ဝမ်ကိုကူညီကယ်တင်ပေးနိုင်မည်ဟု ထန်ယုံဟောင်ကလည်း မျှော်လင့်ထားပုံရသည်ပင်။

သို့သော် သူပိုင်ဆိုင်ထားသည့် ဇာမဏီအရိုးအား တောင်ပိုင်းမီးတောက်နယ်မြေက လိုချင်တပ်မက်နေသဖြင့် လက်ရှိ ထိုကိစ္စကိုဝင်မစွက်နိုင်ဘဲ ဆရာအသစ်၏စကားအတိုင်းသာ နာခံရန်ရှိသည်။

မုကျွင်းကိုယ်တိုင်ဆုံးဖြတ်ချက်ချရမည်ဆိုလျှင်လည်း သူက မည်သည့်အရှုတ်ထွေးမှ ဖြစ်ချင်ဟန် မတူပေ။

ဇာမဏီအရိုးကိစ္စကြောင့် ကျင်းထင်တောင်အနေဖြင့် ဇာမဏီတောင်မှ ဝူထုန်တောင်စောင်းနှင့် ညှိနှိုင်းမှုများစွာ ပြုလုပ်နိုင်သည်။

ရန်ကျောက်ကဲက စဉ်းစားလိုက်သည်။

“ဒီလိုဆိုရင်တော့ မန်ဝမ်ကို ကျွမ်းကျောင်းဟွေက ဖမ်းဆီးသွားပေမယ့် အန္တရယ်တော့ မရှိနိုင်ပါဘူး”

“ကျွမ်းကျောင်းဟွေက ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုကြောင့် သူ့ကိုဖမ်းသွားတာဖြစ်နိုင်တယ် ၊ ဇာမဏီအရိုးနဲ့သက်ဆိုင်မယ်မထင်ဘူး”

မုကျွင်းက...

“ဂိုဏ်းတူညီလေး’ထန်’ ရော မင်းနဲ့ရော ပတ်သက်နေတဲ့ ဒီမိန်းကလေးက... လျိုရွှမ့်ထင်နဲ့ တစ်ခုခု ပတ်သက်နေနိုင်တယ် ၊ ဒီတစ်နည်းပဲ ရှိတယ်လေ”

ရန်ကျောက်ကဲ ဖြည်းညင်းစွာခေါင်းညိတ်လိုက်သည်။

ကျွမ်းကျောင်းဟွေဘက်မှာ လူမှားသွားခြင်းလည်း ဖြစ်နိုင်ခြေရှိသည်။

အကယ်၍ မုကျွင်းပြောခဲ့သလိုပင် သူတို့နှစ်ယောက် ရုပ်ချင်းဆင်တူသော်လည်း လုံးဝမသက်ဆိုင်သူများဖြစ်နေခဲ့လျှင် ဤသည်က မတော်တဆလွဲမှားမှုသာ ဖြစ်နိုင်သည်။

မုကျွင်းနှင့်တွေ့ဆုံပြီးနောက် ရန်ကျောက်ကဲက ဖန်းယွင်ရှန်းနှင့် အခြားသူများကို ထိုအကြောင်းပြောပြလိုက်သည်။

ရန်ကျောက်ကဲက...

“ဒါက သဲလွန်စလောက်ပဲ ရှိသေးတယ် ၊ မန်ဝမ်ရဲ့အခြေအနေကတော့ ရှင်းရှင်းလင်းလင်းမရှိသေးဘူး”

သူက လက်ဖဝါးနှစ်ဖက်ကိုဖြန့်ကားရင်း...

“မန်ဝမ်ရဲ့အမေက လျိုရွှမ့်ထင်ပဲထားပါတော့ ၊ အဖေက ဘယ်သူဖြစ်မလဲ”

ဖန်းယွင်ရှန်းက နဖူးကိုလက်ဖြင့်ပွတ်သပ်ရင်း...

“ကျွမ်းကျောင်းဟွေ သူ့ကိုဖမ်းသွားပြီး ဘာမှမလုပ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်”

ရန်ကျောက်ကဲက...

“မုကျွင်းက မန်ဝမ်ရဲ့ပုံစံကိုအခြေခံပြီး ဝူထုန်တောင်စောင်းကတပည့် လျိုရွှမ့်ထင်ဆိုတဲ့သူကို တမင်စိတ်ကူးပြီး အတုဖန်ဆင်းပြတာ မဟုတ်ဘူးဆိုရင် ကြီးကြီးမားမား ပြဿနာမရှိနိုင်ပါဘူး”

သူက ဆက်ပြောသည်။

“တကယ်လို့ မန်ဝမ်က လျိုရွှမ့်ထင်နဲ့ဘာမှမပတ်သက်ဘဲ လူမှားပြီးအဖမ်းခံရတာဆိုရင်လည်း အန္တရယ်ရှိနိုင်မယ် မထင်ဘူး ၊ အများဆုံးဖြစ်ရင်တောင် ငါတို့ဂိုဏ်းအကြောင်း ၊ ထူးကဲယင်သရဖူနဲ့ အစွန်းရောက်ရှစ်ပါးကမ္ဘာအကြောင်းတွေပဲ မေးမြန်းခံရမှာ”

ဖန်းယွင်ရှန်းခေါင်းညိတ်လိုက်သည်။

ရန်ကျောက်ကဲက ရန်တိကိုကြည့်ရင်း...

“ရှောင်အိုက်ရဲ့စကားအရ အမေက ရန်သူတွေဆီကနေ ပုန်းရှောင်နေရတဲ့ဟန်ရှိတယ် ၊ သူနဲ့ ပြဿနာဖြစ်နေတဲ့သူတွေက ဘယ်သူတွေမှန်းမသိလို့ သတင်းမပေါက်ကြားအောင် ကျင်းထင်တောင်မှာ သူ့အကြောင်းကိုတော့ မစုံစမ်းခဲ့ဘူး”

ရန်တိက...

“ဟုတ်တယ် ၊ မင်းဆုံးဖြတ်ချက်မှန်ပါတယ်”

သူက ကျင်းထင်တောင်ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ရင်း...

“ဒီတစ်ခေါက် ကျင်းထင်တောင်ကိုလာတာ ငါတို့လိုချင်တဲ့အဖြေ ရခဲ့တာပဲလေ ၊ ငါက ကျူတောပင်လယ်ဒေသကိုပြန်မယ် ၊ မင်းကတော့ လုပ်စရာရှိတာ လွတ်လွတ်လပ်လပ် ဆက်လုပ်ပါ”

ရန်ကျောက်ကဲက...

“အဖေ စိတ်ချပါ ၊ သဘာဝပသာဒနယ်မြေ ပင်လယ်ရေအောက်ထဲက တွင်းနက်ကြီးပြိုကျပြီး ခန်းဖင်းတို့အုပ်စုထွက်လာရင် ဘာလုပ်ရမလဲ ကျွန်တော့်မှာ အကြံရှိပါတယ်”

***

ရန်တိပြန်သွားပြီးနောက် ရန်ကျောက်ကဲက ကျင်းထင်တောင်တွင် (၂)ရက်ခန့် ဆက်လက်နေထိုင်ခဲ့ပြီး ဤနေရာမှလူတိုင်းကို ကောင်းစွာနားလည်သိကျွမ်းသွားခဲ့သည်။

အချိန်အားသည့်အခါ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် ကောင်းကင်မီးတောက်သစ်ပင် မည်သည့်နေရာတွင်ပေါက်ရောက်ကြောင်းကို ရှာဖွေရမည် ဖြစ်သည်။

ရန်တိပြန်သွားပြီးနောက် ကျင်းထင်တောင်မှလူများသည်လည်း ကျူတောပင်လယ်ဒေသသို့ တန်ခိုးစွမ်းအားရှင်များစွာ စေလွှတ်ခဲ့သည်။

ကျူတောပင်လယ်ဒေသက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နှင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်အကြား နယ်ခြားဒေသဖြစ်သဖြင့် နှစ်ဖက်ရှေ့တန်းတပ်များ ထိုနေရာတွင် နေရာယူသည်မှာ မဆန်းပေ။

ကျွမ်းကျောင်းဟွေတို့အုပ်စုက ဇာမဏီအရိုးနှင့်ပတ်သက်ပြီး အလျှော့မပေးသေးသဖြင့် လက်ရှိတွင် နှစ်ဦးနှစ်ဖက် ပဋိပက္ခဖြစ်နေဆဲဖြစ်သည်။

နောက်ရက်အနည်းငယ်တွင်တော့ ရန်ကျောက်ကဲတို့အုပ်စု အရှေ့တောင်ထိပ်တန်းမျိုးနွယ်များနေထိုင်ရာ ကျင်းထင်တောင်မှ ထွက်ခွာလာခဲ့ကြသည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“ရှောင်အိုက်... မြင်းအိုကြီးလမ်းသိဆိုသလို... အခုဘယ်ကိုသွားရမလဲဆိုတာ မင်းပဲလမ်းညွှန်ပေးတော့”

ရှောင်အိုက်မျက်နှာက တည်ကြည်လေးနက်သွားပြီး...

“သခင်လေး... မြင်းအိုကြီးလို့မပြောနဲ့ ၊ မြင်းပျိုလေးလောက်တော့လုပ်လိုက်...”

ရှောင်အိုက်ပြောသည့်စကားများအရ ရွှယ်ချူးချင်က ကမ္ဘာအနှံ့လျှောက်သွားနေခြင်း ဖြစ်သည်။

သူမတစ်ယောက်တည်းသွားရောက်ခဲ့သောနေရာများကို မဆိုထားနှင့် ရှောင်အိုက်နှင့်အတူ သွားရောက်ခဲ့သောနေရာများသည်ပင် အတော်များပြားသည်။ သူတို့နှစ်ယောက်သွားသည့်နေရာများထဲတွင် အထက်ဘုံကမ္ဘာသာမက အောက်ဘုံကမ္ဘာပင် ပါဝင်သည်။

ရှောင်အိုက်ဆိုလျှင် သူမနှင့်အတူ အောက်ဘုံကမ္ဘာတစ်ခုသို့လိုက်သွားပြီး အထက်ဘုံသို့ပြန်တက်လာခဲ့ဖူးသည်။

ယိုးမင်ဂူဗိမာန်ဆိုသည်က သူတို့သွားရောက်ခဲ့သော နေရာတစ်ခုဖြစ်ပြီး ၊ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် သူတို့သွားရောက်ခဲ့သော နေရာအချို့ ရှိနေသေးသည်။

ထိုနေရာများထဲမှတစ်ခုမှာ ကျူတောပင်လယ်ဒေသနှင့်သိပ်မဝေးဘဲ ၎င်းဒေသ၏တောင်ပိုင်းတွင် တည်ရှိသည်။  ရန်ကျောက်ကဲတို့အုပ်စု ကျင်းထင်တောင်မှ ပြန်ခဲ့ကြပြီး ရွှယ်ချူးချင်သွားရောက်ခဲ့သော အနီးဆုံးနေရာမှစတင်ကာ ခြေရာခံခဲ့ကြသည်။

စိတ်မကောင်းစရာမှာ ထိုနေရာများတွင် မည်သည့်သဲလွန်စမှ ကျန်ရစ်ခဲ့ခြင်း မရှိပေ။

တကယ်တမ်း ရန်ကျောက်ကဲ စိတ်ဝင်စားနေသည်က အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်တွင်တည်ရှိသည့် ခွန်လွန်တောင် ဖြစ်၏။ ထိုနေရာက သူ၏မိခင်၏ ဇာတိမွေးရပ်ဖြစ်သည်ဟု ရန်ကျောက်ကဲ၏ပင်ကိုယ်သိစိတ်က ပြောပြနေပြီး သဲလွန်စတစ်ခုခုရှိမည်ဟုလည်း ထင်မှတ်နေသည်။

သို့သော်...

သွားရောက်ရန် အလွန်ဝေးကွာသည်ကတစ်ကြောင်း ၊ အခြေအနေရှုတ်ထွေးလွန်းသည်ကတစ်ကြောင်းတို့ကြောင့် မသွားဖြစ်ခဲ့တော့ပေ။

ရွှယ်ချူးချင်က အခုချိန်ထိ ရန်သူများလိုက်ခြင်းကို ခံနေရခြင်း ဖြစ်နိုင်သည်။ သူတို့သာ ခွန်လွန်တောင်သို့သွားပါက ရန်သူများလက်သို့ ချက်ချင်းကျရောက်သွားနိုင်သည်။

ထိုအကြောင်းများကို စဉ်းစားပြီးသည့်နောက် ရန်ကျောက်ကဲက ခွန်လွန်တောင်သို့သွားရန်အစီအစဉ်ကို လက်လျှော့ရန် ဆုံးဖြတ်လိုက်၏။

“သခင်လေး... ရှေ့နည်းနည်းလောက်ဆက်သွားရင် ကျွန်တော်တို့တွေ ဆည်းဆာကျွန်းစုကိုရောက်တော့မှာမလား”

အားဟူက မျက်လုံးကိုလက်ဖြင့်ကာလျှက် အဝေးတစ်နေရာသို့ လှမ်းကြည့်ရင်း ဆိုသည်။

ပန်ပန်၏ကျောပေါ်တွင်ထိုင်ရင်း အသားကင်စားနေသည့် ရန်ကျောက်ကဲက...

“တကယ်တော့ ငါတို့တွေ ဆည်းဆာကျွန်းစုနယ်မြေထဲတောင် ရောက်နေပြီ”

သူတို့ ထိုသို့ပင် လှည့်လည်ခရီးထွက်နေသည်မှာ နှစ်ဝက်ခန့်ပင် ရှိပြီ ဖြစ်သည်။

လမ်းပေါ်တွင် အလဟသအချိန်ဖြုန်းနေခြင်းတော့မရှိပေ။ သွားရင်းလာရင်းဖြင့်ပင် ကျင့်ကြံနေခဲ့ကြသည်။

ပန်ပန်သည်လည်း နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေရာမှာ ပြန်လည်နိုးထလာခဲ့ပြီး တောင်းတျဲမိစ္ဆာနှလုံးသားကို အောင်မြင်စွာ ချေဖျက်သန့်စင်လိုက်နိုင်ပြီ ဖြစ်၏။

ဆည်းဆာကျွန်းစုက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်၏ အနောက်တောင်ဘက်တွင်တည်ရှိသော ဒေသတစ်ခု ဖြစ်သည်။ မြောက်ဘက်နှင့် အနောက်ဘက်အနည်းငယ်တွင် ကျူတောပင်လယ်ဒေသနှင့် နယ်မြေခြင်း ထိစပ်နေသည်။

ဤနေရာက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်၏ ပြည်မအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပင်လယ်ဒေသ၏ အနောက်ဘက် ဖြစ်သည်။ ကျွန်းစုဟုခေါ်သော်လည်း တိုက်ကြီးများ တိုက်ငယ်များ တစ်နေရာတည်းတွင် စုစည်းနေသဖြင့် ဧရိယာက အမှန်တကယ် ကျယ်ဝန်းလှသည်။

ဆည်းဆာကျွန်းစုဒေသက ပင်လယ်ဒေသဟုဆိုခြင်းထက် ကုန်းမြေဒေသဟုပင် သတ်မှတ်နိုင်၏။

ရှောင်အိုက်စကားအရတော့ ရွှယ်ချူးချင်သည် တစ်ချိန်က ဤကျွန်းများပေါ်တွင် တိတ်တဆိတ် နေထိုင်ခဲ့ဖူးသည်။

ဤနေရာမှ အရှေ့တောင်ဘက်သို့သွားပါက ပင်မကုန်းမြေကြီးထက်သို့ရောက်ရှိသွားပြီး ထိုနေရာတွင် ကျောက်စိမ်းနေဝန်းတောင်တန်း တည်ရှိသည်။ ထိုတောင်တန်းထက်တွင် ကောင်းကင်မီးတောက်သစ်ပင်များ များစွာပေါက်ရောက်နေကြောင်း သတင်းရထားသည်။

ရန်ကျောက်ကဲက မိခင်ဖြစ်သူနေထိုင်ခဲ့သောနေရာဟောင်းကို အရင်ဆုံးသွားကြည့်ရန် စီစဉ်ထားသည်။ ပြီးမှ မီလောရွှေဆေးလုံးနှင့်ပတ်သက်သည့်ကိစ္စ စုံစမ်းရန် ကောင်းကင်မီးတောက်သစ်ပင်များတည်ရှိရာ ကျောက်စိမ်းနေဝန်းတောင်သို့သွားရပေမည်။

“သခင်မလေးက တော်လိုက်တာ...”

ရှောင်အိုက်က ရန်ကျောက်ကဲဘေးတွင်ထိုင်ရင်း သူမ၏လက်နှစ်ဖက်တွင် အသားကင်ချောင်းများကိုကိုင်ထားလျှက် စားသောက်နေရင်း ပျော်ရွှင်စွာပြောလိုက်သည်။

ထိုစကားကြားတော့ လက်ထဲတွင်အသားကင်တစ်ချောင်းကိုင်ထားပြီးစားသောက်နေသည့် ဖန်းယွင်ရှန်းက ရယ်မောလိုက်သည်။

“မင်းကြိုက်လို့တော်သေးတာပေါ့”

သူမအရှေ့ လေထုထဲတွင် အိုးကြီးတစ်လုံးပျံသန်းနေပြီး အောက်ဘက်မှာတော့ တဟုန်းဟုန်းတောက်လောင်နေသည့် မီးတောက်မီးလျှ့များ ရှိနေသည်။ အိုးအတွင်းမှပွက်ပွက်ဆူနေသည့် ဟင်ရည်ရနံ့က အလွန်တရာ မွှေးပျံ့ကာ စားချင်စိတ်ကို ဖြစ်ပေါ်စေသည်။

များပြားလှစွာသော တုတ်ထိုးအသားကင်များကို ကြိုးနှင့်ချီပြီး အိုးအစွန်းတွင် ချိတ်ဆွဲထားသည်။ ဖန်းယွင်ရှန်းက အသားကင်တစ်ချောင်းကိုယူလိုက်ပြီး အရှေ့သို့ ပစ်ချလိုက်သည်။

အသားကင်ချောင်းက အောက်သို့ကျသွားတော့ ပန်ပန်က ခေါင်းကိုလှည့် ပါးစပ်ကျယ်ကျယ်ဟလျှက် တစ်ခါတည်းမျိုချလိုက်သည်။ အရသာရှိသည့် စားသောက်ဖွယ်ရာကြောင့် ပန်ပန်သည်ပင် ဝမ်းသာအားရ မျက်လုံးများ မှေးစင်းသွား၏။

အားဟူကလည်း သူ့လက်ထဲမှအသားကင်ကိုကိုက်နေရင်း ရယ်မောလိုက်၏။

“ဒီနေရာက ကျူတောပင်လယ်ဒေသနဲ့ အိမ်နီးချင်းနယ်မြေပဲ ၊ သခင်လေးရဲ့သတင်းက ဒီအထိတောင်ပျံ့နှံ့နေပြီ ၊ သခင်လေးက အခု နာမည်ကြီးတစ်ယောက်ဖြစ်နေပြီ သိလား”

ရန်ကျောက်ကဲက စိတ်ဝင်တစားဖြင့်...

“ဟင်... ဟုတ်လား ၊ ဘယ်လိုနာမည်ကြီးနေတာလဲ”

All Chapters