ရတနာပစ္စည်းအစုအဝေး
Vol. 57 Ch. 801
အခန်း (၈၀၁) ရတနာပစ္စည်းအစုအဝေး
“အားလုံးက သခင်လေးကို ချီးကျူးနေကြတဲ့စကားတွေပါပဲ”
အားဟူက ပြုံးရင်းဆိုသည်။
“အသက်ငယ်ငယ်နဲ့ သိုင်းသူတော်စင်ဖြစ်လာတဲ့ ထူးချွန်ထက်မြက်တဲ့ လူငယ်တစ်ယောက်လို့ပြောကြတယ် ၊ စွမ်းအားလည်း အရမ်းကြီးမားပြီး ကျင့်ကြံခြင်းအဆင့်တူညီတဲ့သူတွေသာမက ကျင့်ကြံခြင်းအဆင့် ပိုပြီးမြင့်မားတဲ့သူတွေကိုတောင် သုတ်သင်ပစ်နိုင်စွမ်းရှိတယ်တဲ့”
“သခင်လေး ကျူတောပင်လယ်ဒေသတစ်ခုလုံးကို မိုးမြေပြောင်းပြန်လန်တဲ့အထိ လှုပ်ခါစေခဲ့တယ် ၊ တာ့ရွှမ်တိုင်းပြည်က အမတကူးပြောင်းခြင်းအဆင့် သိုင်းဆရာသခင်တွေတောင် သခင်လေးကို ဘာမှမလုပ်နိုင်ကြဘူး ၊ သူတို့အားလုံးသခင်လေးလက်ထဲမှာ သနားစရာသတ္တဝါတွေလိုပဲ အရှက်တကွဲဖြစ်ရတယ်တဲ့”
“ပြီးတော့ နတ်ဘုရားသိမြင်ခြင်းအဆင့်တောင် မရောက်သေးဘူး အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတွေကို ပိုင်ဆိုင်ထားပြီး ထိန်းချုပ်နိုင်နေပြီတဲ့”
“နောက်ပြီး... သခင်လေးကို အရှေ့တောင်ထိပ်တန်းအရှင်သခင်ကိုယ်တိုင်ကတောင် နက်နက်ရှိုင်းရှိုင်းလေးစားသလို ယင်စန်းတောင်ဓားဘုရင်လင်ဟန့်ဟွာနဲ့လည်း သခင်လေးက ဆက်ဆံရေးကောင်းတယ်တဲ့”
အားဟူက စကားများကိုလက်ချိုးရေတွက်ရင်း...
“သခင်လေးရဲ့ ဇာစ်မြစ်နဲ့ပတ်သက်ပြီး ထင်ကြေးပေးကြတာတွေလည်းအများကြီးရှိတယ် ၊ တချို့က သခင်လေးက အောက်ဘုံကမ္ဘာကလာတဲ့ ထူးခြားပါရမီရှင်လို့ ဆိုကြတယ် ၊ တချို့ကတော့ သခင်လေးက ခွန်လွန်အထင်ကရ(၉)ပါးထဲက နေဝန်းထက်ယံအရှင်သခင်ရဲ့ အဆက်အနွယ်လို့ဆိုကြတယ် ၊ ဒါကြောင့် ထူးကဲယန်စည်းတံဆိပ်ကို ထိန်းချုပ်နိုင်တာပေါ့လေ”
“အမယ်... သခင်လေးက အခုမှ လူလုံးထွက်ပြတဲ့ အရှေ့တောင်ထိပ်တန်းအရှင်သခင်ရဲ့တပည့်တစ်ယောက်လို့တောင် ပြောတဲ့သူတွေ ရှိကြသေးတယ်”
“ကောလဟလတွေကများလွန်းလို့ တစ်ယောက်နဲ့တစ်ယောက် ဘာကိုယုံရမှန်းမသိဘဲ ကိုယ်ကြားတဲ့သတင်းကိုယ်အမှန်ဆိုပြီး ယူဆနေကြတဘ်”
အားဟူက ပြုံးရင်း...
“ဘာပဲပြောပြောပေါ့လေ... သခင်လေးကတော့ ကျူတောပင်လယ်ဒေသအပြင်ဘက်အထိ နာမည်ကြီးနေတာ အမှန်ပဲ”
ရန်ကျောက်ကဲက ထိုစကားများကိုနားထောင်ရင်း ကျေနပ်စွာဖြင့် မေးစေ့ကိုလက်ဖြင့်ပွတ်လျှက် ပြုံးလိုက်သည်။
“အင်း... မဆိုးပါဘူး မဆိုးပါဘူး”
သူက ဖန်းယွင်ရှန်းကိုလှည့်ကြည့်ရင်း...
“ယွင်ရှန်း... ဒီလိုအချိန်မျိုးမှာ ကျုပ်တို့ရဲ့ ရတနာပစ္စည်းအစုအဝေးထဲက ပစ္စည်းနည်းနည်းပါးပါးနဲ့ ကျုပ်ကို ဂုဏ်ပြုသင့်တယ်နော်”
မြောက်ကြွမြောက်ကြွဖြစ်နေသော ရန်ကျောက်ကဲကိုကြည့်ရင်း ဖန်းယွင်ရှန်း မနေနိုင်ဘဲ ရယ်မောလိုက်သည်။
“ကလေးကြီးကျနေတာပဲ...”
သူမက ခေါင်းခါယမ်းလျှက်ရယ်မောရင်း အသင်္ချေနဂါးနန်းတော်ထဲသို့ ဝင်သွားသည်။
အသင်္ချေနဂါးနန်းတော်ထဲတွင် ကြီးမားသည့် လှောင်အိမ်ကြီးတစ်ခုရှိနေပြီး အထဲတွင် ကြီးမားသော သားရဲကြီးတစ်ကောင် ရှိနေသည်။ သူ၏သွေးဆာနေသည့်မျက်ဝန်းများက ပြင်းထန်သည့်အငွေ့အသက်များဖြင့် တောက်ပနေ၏။
ဤသတ္တဝါကြီးက သမင်နှင့်ဆင်တူသော်လည်း သမင်မဟုတ်သလို ၊ ဝံပုလွေနှင့်ဆင်တူသော်လည်း ဝံပုလွေမဟုတ်ပေ။ သူ၏အမြီးက စပါးကြီးမွေတစ်ကောင်၏အမြီးပမာ အနောက်ဘက်တွင် တွဲလောင်းကျနေသည်။
ထိုသတ္တဝါကို ‘မောက်လျန်’ ဟုခေါ်ပြီး အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တစ်လျှောက် ခရီးသွားလာစဉ် မထင်မှတ်ဘဲ တွေ့ရှိခဲ့ခြင်း ဖြစ်၏။ ထိုသားရဲ၏စိတ်နေစိတ်ထားက အလွန်တရာ ရက်စက်ကြမ်းတမ်းပြီး လူသားများကိုသာလျှင် ဖမ်းယူစားသောက်တတ်သော ကြောက်မက်ဖွယ်ရာ သားရဲဖြစ်သည်။
ယခု ပိတ်လှောင်ဖမ်းဆီးခံထားရသော ‘မောက်လျန်’ သားရဲဆိုလျှင် သိုင်းသူတော်စင်တစ်ယောက်နှင့် စွမ်းအားချင်း ညီမျှသည်။ သို့သော် လှောင်အိမ်ထဲတွင် ဖမ်းဆီးခံထားရသဖြင့် အရင်ကလောက် သန်မာခြင်း မရှိတော့ပေ။
ဖန်းယွင်ရှန်းဝင်လာသည်ကိုတွေ့သည်နှင့် ထိုသားမှာ တုန်တုန်ယင်ယင် ဖြစ်သွားသည်။
ဖန်းယွင်ရှန်းက ထိုသတ္တဝါကိုအရေးမစိုက်ဘဲ လှောင်အိမ်နံဘေးမှ ရေခဲတုံးကြီးရှိရာသို့ လျှောက်သွားလိုက်သည်။ ထိုရေခဲတုံးကြီးအထဲတွင် အေးခဲနေသည့်အရိုးများရှိနေသည်။
ဖန်းယွင်ရှန်းက ရေခဲတုံးကြီး၏စည်းတံဆိပ်ကိုဖွယ်ရှားလိုက်ပြီး အရိုးတစ်ခုကို ထုတ်ယူလိုက်သည်။
သူမ၏လှုပ်ရှားမှုများကိုကြည့်ရင်း မောက်လျန်သတ္တဝါ အမြီးကုပ်သွားသည်။
ဖန်းယွင်ရှန်းက အရိုးများကိုထုတ်ယူလိုက်ပြီး နဂါးနန်းတော်ထဲမှ ထွက်လာသည်။ ထို့နောက် သေးငယ်သောအရိုးအစိတ်အပိုင်းလေးများကို ဟင်းရည်အိုးထဲသို့ ပစ်ထည့်လိုက်သည်။
တစ်ခဏအတွင်းမှာပင် ဟင်းရည်ရနံ့က ပိုမိုမွှေးပျံလာပြီး ဗိုက်ပြည့်နေကြသည့်အတိုင် စားချင်စိတ်ကြောင့် သွားရည်များကျလာကြသည်။
ကျန်ရှိသောအရိုးကိုတော့ ဖန်းယွင်ရှန်းက တုတ်ချောင်းအနည်းငယ်ဖြင့်ထိုးဖောက်ပြီး မီးတောက်မီးလျှံများထက်တွင် ကင်လိုက်သည်။
ရန်ကျောက်ကဲတို့အုပ်စုကို မောက်လျန် (၂)ကောင်က တိုက်ခိုက်ခြင်းဖြစ်သည်။ ရန်ကျောက်ကဲက တစ်ကောင်ကို ချက်ချင်းသတ်ဖြတ်လိုက်ပြီး ကျန်တစ်ကောင်ကိုတော့အရှင်ဖမ်းကာ ပိတ်လှောင်ထားခြင်းပင်။
မောက်လျန်၏အရိုးများက သေးငယ်သည့်အရိုးနုများဖြင့် ဖွဲ့စည်းထားသည်ဖြစ်ရာ ချက်ပြုတ်စားသောက်လျှင် အလွန်တရာ အရသာရှိသည်။
ရန်ကျောက်ကဲက အရိုးကင်တစ်ချောင်းကိုလှမ်းယူလိုက်ပြီး အရိုးနုတစ်ပိုင်းကိုကိုက်လိုက်ရင်း ချီးကျူးစကားဆိုလိုက်သည်။
“ဒီခရီးထွက်လာတာတောင် နောက်ကျသွားတယ် ၊ ဒီအရိုးကင်က အရမ်းအရသာရှိတာပဲ”
ဖန်းယွင်ရှန်းက ရယ်မောရင်း...
“ကျွန်မလက်ရာကကောင်းတာကိုတော့ ထည့်မပြောဘူး”
ဖန်းယွင်ရှန်းက အစားအသောက်ကောင်းများကို သဘောကျပြီး လောဘတကြီးစားသောက်တတ်သူ ဖြစ်သည်။ ထို့ပြင် ဆယ်ကျော်သက်အရွယ်တွင် တစ်ယောက်တည်း ပြေးရလွှားရ အခြေအနေများဖြင့် ရင်ဆိုင်ခဲ့ရသဖြင့် အစားအသောက်များကို အရိုးရှင်းဆုံးနည်းလမ်းဖြင့် မြန်မြန်ဆန်ဆန် အရသာရှိရှိ ချက်ပြုတ်တတ်သူ ဖြစ်သည်။
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“ဒါကတော့ မင်းချက်လိုက်ရင် ဘာပဲဖြစ်ဖြစ် စားလို့ကောင်းတာပဲလေ...”
ထိုစကားကြားတော့ ဖန်းယွင်ရှန်းက အရိုးကင်တစ်ချောင်းကိုလှမ်းယူလိုက်ပြီး စိတ်ကျေနပ်စွာဖြင့် ရယ်မောလိုက်သည်။
ရန်ကျောက်ကဲက ခေါင်းတညိတ်ညိတ်လုပ်ရင်း...
“ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေဖို့ပဲလိုပါတယ်...”
သူတို့အုပ်စု ရယ်ရယ်မောမာ စကားပြောဆိုနေကြစဉ် အဝေးတစ်နေရာပင်လယ်ထက်တွင် ကြီးမားသော ကျွန်းကြီးတစ်ကျွန်း ထွက်ပေါ်ာလသည်ကို တွေ့လိုက်ရ၏။
ထိုကျွန်းကြီးက အလွန်ကြီးမားသဖြင့် ကမ်းရိုးတန်းကုန်းမြေတစ်ခုပမာ ထင်မှတ်ရသည်။ ဆည်းဆာကျွန်း၏ အဓိကကျွန်းစုအများအပြားမှာ ကျွန်းစုဟုဆိုသော်လည်း တစ်ခုနှင့်တစ်ခု ကွဲပြားနေခြင်းမရှိဘဲ ပူးကပ်လျှက် တည်ရှိကြသည်။
ရန်ကျောက်ကဲတို့အုပ်စု ကမ်းပေါ်သို့တက်လိုက်သည်နှင့် ပန်ပန်က ကြောင်တစ်ကောင်မျှ အရွယ်အစာကျုံ့ဝင်သွားပြီး ဖန်းယွင်ရှန်းရင်ခွင်ထဲခုန်ဆင်းလိုက်ကာ ပျင်းရိစွာ အိပ်ပျော်သွားတော့သည်။
“လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်က သခင်မလေးက ဒီနေရာမှာ တစ်ယောက်တည်းကျင့်ကြံနေခဲ့တယ်”
လမ်းလျှောက်လာရင်း ရှောင်အိုက်က ရှင်းပြသည်။
ရန်ကျောက်ကဲက...
“အရင်က သွားခဲ့ဖူးတဲ့နေရာတွေကို အမေ မကြာခဏပြန်လာတတ်တယ်လို့ မင်းထင်သလား”
ရှောင်အိုက်က ခေါင်းညိတ်ရင်း...
“ဟုတ်တယ် ၊ သခင်လေး ဒီနေရာကို နှစ်ခါတောင် ပြန်လာခဲ့ဖူးတယ် ၊ ဒါပေမဲ့ နောက်တစ်ကြိမ် ပြန်လာဦးမလားဆိုတာတော့ ကျွန်မလည်း မသိပါဘူး”
ရန်ကျောက်ကဲက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရင်း...
“ပြောမနေဘဲ အရင်သွားကြည့်ကြရအောင်”
သူတို့ရောက်လာသည့်ကျွန်းကို ‘ဝေလကျွန်း’ (ဝေလနယ်မြေ) ဟုခေါ်ပြီး သူတို့ဆိုက်ကပ်လာသည့်ကမ်းခြေမြို့မှာ ‘ဝေလငါးမျှားမြို့တော်’ ဖြစ်သည်။
‘ဝေလငါးမျှားမြို့တော်’ ကိုအုပ်စိုးသည့် အဓိကအင်အားစုက ‘ရှဲ့’အိမ်တော် ဖြစ်သည်။ အိမ်တော်သခင်က ‘ရှဲ့လျန်’ ဆိုသူ ဖြစ်ပြီး သိုင်းသူတော်စင်တစ်ယောက်လည်း ဖြစ်၏။
‘ရှဲ့’ အိမ်တော်အနေဖြင့် ဝေလငါးမျှားမြို့တော်နှင့် အနီးတစ်ဝိုက်နယ်မြေများကို အုပ်စိုးနိုင်ရသည့်အကြောင်းရင်းမှာ ဝေလကျွန်း၏ အထွတ်ထိပ်သိုင်းဂိုဏ်းတစ်ခုဖြစ်သော ‘ဝေလဂိုဏ်း’ က သူတို့ကို ပံ့ပိုးပေးနေသောကြောင့် ဖြစ်သည်။
ဝေလဂိုဏ်းသည် ဆည်းဆာကျွန်းတစ်ခုလုံးတွင် အကြီးမားဆုံး သိုင်းဂိုဏ်းကြီးတစ်ခုဖြစ်ပြီး သူ၏အနေအထားက ကျူတောပင်လယ်ဒေသမှ မြောက်ပင်လယ်ဓားခန်းမ ၊ ကျေးနီကျွန်းတို့နှင့် ယှဉ်ပြိုင်နိုင်သည်။
ထို့ပြင် ဝေလငါးမျှားမြို့တော်ကို သိမ်းပိုက်ထားသည့် ‘ရှဲ့’အိမ်တော်သည် မြို့တော်တစ်ခုတည်းသာလျှင် အာဏာဖြန့်ကျက်ထားခြင်း မဟုတ်ပေ။ ပတ်ဝန်းကျင်ခရိုင်နယ်မြေများ ၊ မြို့ကြီးမြို့ငယ်များစွာများသည်ပင် ‘ရှဲ့’အိမ်တော်၏ သြဇာလွှမ်းမိုးမှုအောက်တွင် ရှိနေကြသည်။
ပင်လယ်ဆိပ်ကမ်းဒေသဖြစ်သဖြင့် အနီးတဝိုက်ဒေသများမှ ကုန်ပစ္စည်းများ ၊ ကုန်စည်တင်ဆောင်သည့် စက်လှေများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများပြုလုပ်ပြီး ‘ရှဲ့’အိမ်တော်က အလွန်တရာ ကြီးပွားတိုးလက်လျှက် ရှိ၏။
ထို့ကြောင့် ဝေလငါးမျှားမြို့တော်၏ အရှင်သခင်ဖြစ်သော ‘ရှဲ့လျန်’ သည် မြို့စားတစ်ယောက်၏ဂုဏ်ပုဒ်နှင့် ညီမျှသည်။
ဝေလငါးမျှားမြို့တော်သို့ဝင်ရောက်လာသည်နှင့် ရှောင်အိုက်၏လမ်းပြမှုနှင့်အတူ ရန်ကျောက်ကဲတို့အုပ်စု မြို့တော်တစ်ခွင် လှည့်ပတ်သွာလာကြသည်။
ယခင်တစ်ချိန်က မိခင်ဖြစ်သူ ရွှယ်ချူးချင် နေထိုင်ခဲ့သောနေရာသို့ ရောက်ရှိသည့်အခါ ထိုနေရာက အခြားအဆောက်အဦးတစ်ခုဖြင့် အစားထိုးဆောက်လုပ်ထားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။
ကြီးကျယ်ခမ်းနားလှသည့် သေရည်ခန်းဆောင်ကိုကြည့်ရင်း ရန်ကျောက်ကဲ ခန္ဓာကိုယ်ကိုတစ်ချက်ပွတ်သပ်လိုက်သည်။
“အမေ ဝေလငါးမျှားမြို့တော်ကို နောက်တစ်ကြိမ်ရောက်လာမယ်ဆိုရင်တောင် ဒီမှာနေလို့ရမှာမဟုတ်တော့ဘူး ၊ နောက်တစ်နေရာ ရှာရတော့မှာ”
အားဟူက...
“သခင်လေး... ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ”
ရန်ကျောက်ကဲက...
“ရောက်လာပြီဆိုမှတော့ အထဲဝင်ပြီးထိုင်ကြတာပေါ့ ၊ အမေပြန်လာသေးလားဆိုတာ သတင်းလေးဘာလေး စုံစမ်းကြည့်ကြတာပေါ့”
အားဟူက...
“ရှဲ့လျန်ကို တိုက်ရိုက်မေးကြည့်ရင်ရောသခင်လေး”
“မလိုသေးဘူး ၊ အမေ့အကြောင်း သိတဲ့သူနည်းလေ ကောင်းလေပဲ”
ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းရင်း...
“အပြီးတော့ အခုထိ အမေ့နောက်လိုက်နေတဲ့ရန်သူတွေက ဘယ်သူမှန်းမသိရသေးဘူး”
သူတို့ သေရည်ခန်းဆောင်အတွင်း ဝင်ရောက်လိုက်တော့ အထပ် (၉)ထပ်ရှိသည့်အဆောက်အဦကြီးက စီးပွားအလွန်ဖြစ်ပြီး ထိုင်ခုံများအားလုံး ပြည့်နက်နေသည်ကို တွေ့ရသည်။ လွတ်နေသောထိုင်ခုံများသည်ပင် ကြိုတင်မှာယူထားသည့်နေရာများ ဖြစ်နေခဲ့သည်။
အားဟူက ထိုကိစ္စကို ဦးဆောင်ဖြေရှင်းလိုက်သဖြင့် ရန်ကျောက်ကဲလည်း ဝင်မပါတော့ပေ။ ခဏအကြာမှာတော့ စားပွဲထိုးတစ်ယောက်ရောက်လာပြီး ခမ်းနားထည်ဝါသော အခန်းတစ်ခုအတွင်းသို့ သူတို့အုပ်စုကို ဖိတ်ခေါ်သွားသည်။
ဤနေရာမှလူများက ကျင့်ကြံခြင်းအဆင့်မြင့်မားသူများ မဟုတ်ကြပေ။ ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တော့ သိုင်းပညာရှင်အဆင့်ပင်မရောက်သေးသေသာ ချီစွမ်းအားကျင့်ကြံထားသူအချို့သာလျှင် တွေ့ရသည်။
ခရီးလှည့်လည်နေသော နှစ်ဝက်အချိန်အတွင်း နေဝန်းကောင်းကင်ပြည်နယ်တစ်ဝိုက်တွင် သိုင်းပညာလုံးဝမတတ်မြောက်သော သာမန်လူများစွာကို ရန်ကျောက်ကဲ တွေ့မြင်ခဲ့ရသည်။
ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာသို့ ရောက်လာပြီးကတည်းက ရန်ကျောက်ကဲမှာ လင်ဟန့်ဟွာ ၊ ခန်းဖင်းနှင့် လော့ကျီးထောင်တို့ကဲ့သို့ အဆင့်မြင့်ကျင့်ကြံသူများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ထိုကြောင့် ဤသို့ ကျင့်ကြံခြင်းမရှိသော သာမန်လူများနှင့်တွေ့ဆုံရသည့်အခါ အသားကျစေရန် အတော်လေး ကြိုးစားခဲ့ရ၏။
ရန်ကျောက်ကဲ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် သူ၏အကြားအာရုံခံစားမှုမှာ အလိုရှိပါက ကျင့်ကြံခြင်းအဆင့်နိမ့်ကျသူများ၏ စကားပြောဆိုမှုမှန်သမျှကို ရှင်းလင်းစွာ နားထောင်နိုင်စွမ်း ရှိသည်။
ထိုင်လိုက်ရုံသာရှိသေးသည် ပထမဆုံးကြားလိုက်ရသည့် စကားသံက သူ့နာမည်ကို ပြောဆိုနေခြင်းပင် ဖြစ်ပေ၏။