← Chapters

ရန်ကျောက်ကဲ (၃) ယောက်

Vol. 57 Ch. 802

ရန်ကျောက်ကဲ (၃) ယောက်

Vol. 57 Ch. 802

အခန်း (၈၀၂) ရန်ကျောက်ကဲ (၃) ယောက်

“ဒီ ရန်ကျောက်ကဲရဲ့ ဇာစ်မြစ်ကို ဘယ်သူမှမသိနိုင်ဘူး ၊ ကျူတောပင်လယ်ဒေသမှာ သူ ဘယ်လိုမွှေနှောက်သွားလဲဆိုတဲ့သတင်းက ဆည်းဆာကျွန်းစုအထိတောင် ပျံ့နှံ့လာတယ်”

သူ့အကြောင်းပြောနေသည်ကိုကြားလိုက်ရတော့ ရန်ကျောက်ကဲ မျက်တောင်တစ်ချက်ခတ်လိုက်ပြီး နားစိုက်ထောင်လိုက်သည်။

ထို့ပြင် ဖန်းယွင်ရှန်း ၊ အားဟူနှင့် ရှောင်အိုက်တို့က အကြည့်ချင်းဖလှယ်လိုက်ကြသည်။

စကားပြောနေသူနှစ်ယောက်မှာ တစ်ယောက်က အပြင်ပိုင်းကြယ်တာရာချီအဆင့်ဖြစ်ပြီး‌ နောက်တစ်ယောက်က အတွင်းပိုင်းကြယ်တာရာချီအဆင့် ဖြစ်သည်။

ထို့ပြင် သူတို့နှစ်ယောက်ထက် ဝါစဉ်ငယ်ကြသော များပြားလှသည့် သိုင်းပညာရှင်များကလည်း သူတို့နားတွင် ဝိုင်းဝန်းပြီး ထိုင်နေကြသည်။

အပြင်ပိုင်းကြယ်တာရာချီ သိုင်းပညာရှင်က...

“သူက ငယ်ငယ်လေးနဲ့ သိုင်းသူ‌တော်စင်ဖြစ်နေတော့ နေဝန်းထက်ယံအရှင်သခင်ရဲ့ အဆက်အနွယ် ၊ နေဝန်းထက်ယံသခင်လေးဖြစ်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ထုတ်မပြောချင်တာလည်း ဖြစ်နိုင်တာပဲလေ”

“မင်းပြောတာဖြစ်နိုင်တယ်...”

အတွင်းပိုင်းကြယ်တာရာချီ သိုင်းပညာရှင်က...

“သူက အခု ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့် သိုင်းသူတော်စင် မဟုတ်ဘူးလား”

အပြင်ပိုင်းကြယ်တာရာချီ သိုင်းပညာရှင်က...

“ဟုတ်တယ် ၊ တချို့ကတော့ အမတကူးပြောင်းခြင်းအဆင့် ဒါမှမဟုတ် နတ်ဘုရားသိမြင်ခြင်းအဆင့် ရောက်မှ ‘နေဝန်းထက်ယံသခင်လေး’ ဆိုတဲ့နာမည်နဲ့ ထိုက်တန်တယ်လို့ထင်ကြတယ် ၊ ဒါပေမဲ့ အခုချိန်မှာလည်း သူက အဲဒီလိုအဆင့်ရောက်နေတဲ့သိုင်းသူတော်စင်တွေနဲ့ လက်ရည်တူ ယှဉ်ပြိုင်နေနိုင်တာပဲလေ”

“မင်းတို့ငါတို့ဆိုတာက ဂိုဏ်းသေးသေးလေးက ကျင့်ကြံခြင်းအဆင့် နိမ့်ပါးတဲ့သူတွေပါကွာ ၊ အချိန်တိုင်း တခြားသူတွေကိုပဲ လေးစားအားကျနေရတာ ၊ အခု မင်းပြောတဲ့စကားတွေကို သတင်းပျံ့သွားပြီး အဲဒီရန်ကျောက်ကဲနားထဲရောက်သွားရင်တော့ မတွေးရဲစရာပဲ”

သူ့နံဘေးမှ အတွင်းပိုင်းကြယ်တာရာချီသိုင်းပညာရှင်က ဖြည်းညင်းစွာခေါင်းညိတ်ရင်း...

“မင်း ပြောတမှန်တယ် ၊ ငါ သတိလက်လွတ်နဲ့ပြောမိသွားတာ”

ရန်ကျောက်ကဲက နားထောင်ရင်း မေးစေ့ကိုပွတ်သပ်လိုက်သည်။

အားဟူက ရယ်မောလိုက်ပြီး အသံပို့လွှတ်စနစ်ဖြင့် စကားဆိုလိုက်သည်။

“သခင်လေး... ဒီ ‘နေဝန်းထက်ယံသခင်လေး’ ဆိုတဲ့နာမည်က သခင်လေးကို ပေးထားတဲ့ နာမည်ဖြ်စမယ် ၊ သခင်လေးကတော့ အထက်ဘုံကမ္ဘာမှာ အတော်လေး နာမည်ကြီးနေတာပဲ”

ဖန်းယွင်ရှန်းက ရယ်မောရင်း...

"ထူးကဲယန်စည်းတံဆိပ်ကြောင့် အများစုက ရှင့်ကို နေဝန်းထက်ယံအရှင်သခင်ရဲ့ တပည့်လို့ ထင်နေကြတာ"

ခွန်လွန်အထင်ကရ (၉)ပါးဆိုသည်က အထက်ဘုံကမ္ဘာ၏ သာမန်လူများနှင့် အလွန်တရာ စိမ်းသက်လှသည်။ သူတို့ထဲမှအများစုသည်လည်း လက်ရှိတွင် မည်သည့်နေရာသို့ ရောက်ရှိနေသည်လဲ မသိရပေ။

ကျူတောပင်လယ်ဒေသမှာပင် အတော်များများက ထိုအချက်ကို ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ကြပေ။ ဤအချက်ကို ပထဆုံးသတိပြုမိသူမှာ တာ့ရွှမ်တိုင်းပြည် ဖြစ်သည်။

ထိုအချိန်မှစတင်ပြီး နေဝန်းထက်ယံအရှင်သခင် ကောင်းဟန်၏ အမည်သည်လည်း သမိုင်းထဲတွင် နစ်မြုပ်နေရာမှ ပြန်လည် ထွက်ပေါ်လာခဲ့သည်။

နေဝန်းထက်ယံအရှင်သခင်၏ အမည်နာမ ပြန်လည်ထွက်ပေါ်လာစေခဲ့သူမှာ ရန်ကျောက်ကဲကြောင့်ဟု ဆိုနိုင်သည်။

လူအများက ယေဘူယျအချက်အလက်များကိုစုံစမ်းသည့်အခါ ရန်ကျောက်ကဲဆိုသည်က တန်ခိုးစွမ်းအားမြင့်မားသည့် ဒဏ္ဍာရီလာ တန်ခိုးစွမ်းအားရှင်တစ်ယောက်နှင့် ဆက်စပ်နေကြောင်း သိလိုက်ရပြီး ရန်ကျောက်ကဲကို ပိုပြီး စိတ်ဝင်စားလာကြသည်။

နှစ်ဖက်စလုံးက အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဂုဏ်သိက္ခာမြှင့်တင်ပေးကြပြီး သူတို့နှစ်ယောက်၏ ဆက်သွယ်ရေးအရှိန်အဟုန်က ကျယ်ပြန့်စွာ ပျံ့နှံ့လာခဲ့သည်။

ရန်ကျောက်ကဲ၏ မူလဇာစ်မြစ်နှင့် ပတ်သက်၍ ယူဆချက်များစွာရှိသော်လည်း ခွန်လွန်အထင်ကရ(၉)ပါးမှ ဆင်းသက်လာသည်ဆိုသောအချက်က အသေချာဆုံးဖြစ်နေခဲ့သည်။

သို့သော် ထူးကဲယန်စည်းတံဆိပ်ကဲ့သို့ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်က ထိန်းချုပ်နိုင်သည်ဆိုခြင်းက အလွန်တရာ စိတ်ဝင်စားဖွယ်ကောင်းသည့်အချက် ဖြစ်သည်။

ထို့ကြောင့် ရန်ကျောက်ကဲနှင့် နေဝန်းထက်ယံအရှင်သခင် ဆပ်စပ်နေသည်ဆိုသော သတင်းက လူအများယုံကြည်မှုများပြီး အစစ်မှန်ဆုံးကောလဟလ ဖြစ်လာခဲ့သည်။

ထို့ကြောင့် ရန်ကျောက်ကဲသည် ကျော်ကြားလာပြီး တစ်ချိန်တည်းမှာပင် ‘နေဝန်းထက်ယံသခင်လေး’ ဆိုသော ဘွဲ့အမည်ကို ပေးလာကြသည်။

ဤသိုင်းပညာရှင်ငယ်များက ရန်ကျောက်ကဲနှင့် နေဝန်းထက်ယံအရှင်သခင်ကြားဆက်နွယ်မှုကို တည်ဆောက်ပေးခဲ့ကြသည်။

“ဒီနာမည်က သိပ်မကောင်းဘူး ၊ ဘာလို့လဲဆိုတော့ အမှန်မဟုတ်လို့ပဲ”

ရန်ကျောက်ကဲက နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ဆိုသည်။

“တစ်နေရာမှာတော့ တစ်ခုခုမှားနေသလိုပဲ”

အားဟူက...

“သခင်လေး... အရင်တုန်းက သခင်လေးပြောဖူးတာ ခွန်လွန်အထင်ကရ (၉)ပါးက အထက်ဘုံကမ္ဘာမှာ အတိတ်ကကိစ္စတစ်ခုပဲလို့ပြောဖူးတယ် မဟုတ်လား ၊ အဲဒီတော့ အခြေအနေက ပြောင်းပြန်ဖြစ်နေသလိုပဲ”

“ကြည့်ရတာတော့ တစ်ယောက်ယောက်က သခင်လေးနာမည်ကိုအသုံးပြုပြီး မသိနိုင်တဲ့ အကွက်ချကြံစည်မှုတစ်ခုကို လုပ်နေသလားပဲ”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“တိုက်ဆိုင်တာလည်းဖြစ်နိုင်ပါတယ် ၊ ဒါပေမဲ့ မဖြစ်နိုင်ဘူးလို့လည်း မပြောနိုင်ဘူး”

အဆိုးဆုံးဖြစ်နိုင်ခြေများကိုပင် သူက ကြောက်ရွံ့ခဲ့ခြင်း မရှိပေ။

ထိုစဉ် အပြင်ဘက်မှလူတစ်ယောက်၏စကားသံကို ကြားလိုက်ရသည်။

“ဒါပေမဲ့  ဒီလိုဂုဏ်သတင်းကျော်ကြားတဲ့ နေဝန်းထက်ယံသခင်လေးက ငါတို့ ဆည်းဆာကျွန်းစုက ဝေလကျွန်းနဲ့ ဝေလငါးမျှားမြို့တော်ကို ရောက်လာမယ်လို့ ထင်မထားမိဘူး”

“ဟမ်...”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲမှင်တက်သွားသည်။

“ဒါက ဘယ်လိုအခြေအနေကြီးလဲ”

ဖန်းယွင်ရှန်း ၊ အားဟူ ရှောင်အိုက်တို့လည်း မှင်တက်သွားကြသည်။

ဆည်းဆာကျွန်းစုတဝိုက်တွင် ခရီးသွားလာစဉ် ရန်ကျောက်ကဲက သူ၏ ကြယ်တာရာချီစွမ်းအားနှစ်သာရကို ဖုံးကွယ်ထားသဖြင့် အနီးပတ်ဝန်းကျင်မှလူများအနေဖြင့်သူ၏တည်ရှိမှုကို အာရုံခံနိုင်မည် မဟုတ်ပေ။

ကျင့်ကြံခြင်းအဆင့် မလုံလောက်သူများအတွက် ရန်ကျောက်ကဲက သူတို့အရှေ့မတ်တတ်ရပ်နေလျင်ပင် သူ့ကို သတိပြုမိဖို့ အရမ်းခက်ခဲနေသေးသလို သူ၏ တုန်လှုပ်ဖွယ်ရာ အထောက်အထားကို မှတ်မိသိရှိနိုင်မည် မဟုတ်ပေ။

သူက မမြင်ရသလို ဖြစ်သွားသည်တော့မဟုတ်သော်လည်း လူအများက သူ့ကိုမျက်စိလျှံသွားပြီး သူတို့ အာရုံစိုက်မည့်လူတစ်ယောက်အဖြစ် မမြင်တော့ခြင်း ဖြစ်သည်။

ရန်ကျောက်ကဲသာ ဆန္ဒရှိမည်ဆိုလျှင် လူအုပ်ထဲသို့ဝင်ရောက်ပြီး ကိုယ်ယောင်ဖျောက်လိုက်၍လည်း ရနိုင်သည်။

သို့သော် ရန်ကျောက်ကဲ၏ ကိုယ်ရည်ကိုယ်သွေးအရ ထိုသို့သောအလုပ်မျိုး ဘယ်သောအခါမှ ပြုလုပ်လေ့ မရှိပေ။ ယခုက မိခင်ဖြစ်သူရွှယ်ချူးချင်ကိုရှာဖွေရမည့်အထူးအခြေအနေကြောင့်သာ ရန်ကျောက်ကဲက သိုသိုသိပ်သိပ် နေထိုင်ခြင်း ဖြစ်သည်။

သို့သော် လက်ရှိအခြေအနေအရ သူရောက်ရှိလာသည်ကို လူအများ သတိပြုသွားခဲ့ကြပြီလား မပြောနိုင်ပေ။

အခြားသူများ သူရောက်လာသည်ကို သိရှိသည်က အရေးမကြီးသော်လည်း လူတိုင်းသိရှိသည့်ကိစ္စကို ရန်ကျောက်ကဲမသိခြင်းက နည်းနည်းတော့ ပြဿနာရှိသည်။

စဉ်းစားမရသည့်အဆုံး ရန်ကျောက်ကဲ အားဟူကို လှမ်းကြည့်လိုက်သည်။

အားဟူက ကမန်းကတန်းပင် ခေါင်းခါယမ်းရင်း...

“သခင်လေး ၊ ကျွန်တော်အရမ်းသတိထားပြီး အလုပ်လုပ်တာပါ ၊ သေချာပေါက် သခင်လေးရဲ့လှုပ်ရှားမှုတွေ ပေါ်မသွားအောင် ကြိုးစားပါတယ်”

“ဒါဖြင့် ထူးဆန်းတာပဲ”

အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်သွားသော ရန်ကျောက်ကဲက ရင်ထဲမှသံသယများကိုခဏမျှဖိနှိပ်ရင်း ထိုသူများပြောနေသည့်စကားကို ဆက်လက်နားထောင်ခဲ့ကြသည်။

နောက်ထပ်အုပ်စုတစ်စုကလည်း စကားစမြည်ပြောဆိုနေကြသည်။

“နေဝန်းထက်ယံသခင်လေးက လေ့လာရေးခရီးထွက်လာတာ ဖြစ်ရမယ် ၊ ဆည်းဆာကျွန်းစုကိုရောက်လာတာ မဆန်းပါဘူး ၊ သူ ဝေလကျွန်းကိုရောက်တော့ ဝေလငါးမျှားမြို့တော်ကို လာလည်တာ မဆန်းပါဘူး ၊ အနည်းဆုံးတော့ ဒီဒေသမှာ ထူးခြားတဲ့ထုတ်ကုန်တွေ အများကြီးရှိသလို ရေကြောင်းလုပ်ငန်းလည်း ဖွံ့ဖြိုးတယ်လေ”

ထိုအုပ်စုနှင့်မဝေးသည့်စားပွဲတစ်ခုတွင် လူငယ်တစ်ယောက် ထိုင်နေလေသည်။

သူ့မျက်နှာက အလွန်တရာဒေါသထွက်နေဟန်ရှိပြီး လက်သီးများကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသည်မှာ သွေးကြောများပင် တောင်နေ၏။

သူ့မျက်ဝန်းများက ဒေါသဖြင့်ပြည့်နေပြီး အော်ဟစ်ပြောဆိုလိုက်သည်။

“ဘာ နေဝန်းထက်ယံသခင်လေးလဲ ၊ မကောင်းတာတွေလုပ်နေတဲ့ အကျင့်ပျက်လူဆိုးလူမိုက်တစ်ယောက်ပဲ”

သူ့ပါးစပ်မှ ထိုစကားထွက်လာသည့်အခါ ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်း ငြိမ်သက်သွားသည်။

စကားပြောနေသူတစ်ယောက်က မျက်မှောင်ကြုံ့ရင်း

“မင်းစကားက နည်းနည်းများသွားပြီ မထင်ဘူလား”

ထိုလူငယ်က အေးစက်စွာဖြင့်...

“သူက တန်ခိုးစွမ်းအားကြီးတယ်ဆိုပြီး ငါ့မိန်းမကို ပြန်ပေးဆွဲသွားတဲ့ လူယုတ်မာ”

“သူ့တဏှာရာဂကြောင့် စွမ်းအားအသုံးပြုပြီး ငါ့မိန်းမကို ဖမ်းဆီးသွားတာ ၊ သူက နေဝန်းထက်ယံအရှင်သခင်ရဲ့ တပည့်သာဆိုရင် ဂုဏ်သိက္ခာကိုထောက်ထားပြး ဒီလိုမကောင်းတဲ့အလုပ်မျိုး ဘယ်လုပ်မလဲ”

သီးသန့်ခန်းထဲတွင် အခါးရည်သောက်နေသည့် ရန်ကျောက်ကဲမှာ အခါးရေများ ဖူးခနဲမှုတ်ထုတ်မိမတတ်ဖြစ်သွားသည်။

ဖန်းယွင်ရှန်း ၊ အားဟူနှင့် ရှောင်အိုက်တို့မှာလည်း အံ့အားသင့်သွားကြသည်။

ဖန်းယွင်ရှန်းရင်ခွင်ထဲ အိပ်နေသည့်ပန်ပန်သည်ပင် ရုတ်တရက် မျက်လုံးပြူးကာ ကြည့်လာလေ၏။

အပြင်ဘက်တွင် စကားပြောနေသော လူများမှာလည်း တုန်လှုပ်သွားကြသည်။

"မင်းပြောတာ အမှန်လား"

လူငယ်က

"သူက ငါ့မိန်းမကိုဖမ်းခေါ်သွားပြီး ရှဲ့အိမ်တော်မှာ ဧည့်သည်လုပ်နေတယ် ၊ အခု ငါကတော့ သူ ဘယ်လိုလူစားလဲဆိုတာ အားလုံးသိအောင် ဖွင့်ထုတ်ရမယ် ၊ ပြီးတော့ ရှဲ့အိမ်တော်ကိုရောက်နေတဲ့ ဝေလဂိုဏ်းက အကြီးအကဲတစ်ယောက်လည်းရှိနေတယ်လို့ သတင်းကြားရတယ် ၊ ရန်ကျောက်ကဲက မိုးကြိုးပစ်တာကိုထန်းရွက်နဲ့ကာနိုင်မလား ကြည့်ရမယ် ၊ တရားမျှတမှုကို ရှာဖွေရမယ်"

ထိုအချိန် လူတစ်ယောက်က လူငယ်ကို လှမ်းကြည့်ရင်း

"ကြည့်ရတာ မင်းက ဝေလငါးမျှားမြို့တော်က မဟုတ်ဘူးထင်တယ် ၊ နောက်ဆုံးသတင်းတွေကို မသိသေးဘူး မဟုတ်လား"

"လောလောဆယ်မှာ နေဝန်းထက်ယံသခင်လေး (၃)ယောက် ရှိနေတယ် ၊ သူတို့အားလုံးက အခုမှ ဝေလငါးမျှားမြို့တော်ကို ရောက်လာကြတာ ၊ ဒီနေ့ မျက်နှာချင်းဆိုင်ပြီး ဘယ်သူအစစ် ဘယ်သူအတုဆိုတာ ဖြေရှင်ကြမှာ ၊ မင်းဇနီးကို ပြန်ပေးဆွဲသွားတဲ့တစ်ယောက်က ဘယ်သူများလဲ"

ထိုစကားကိုကြားတော့ လူငယ်က အေးခဲတောင့်တင်းသွားသည်။

သီးသန့်အခန်းထဲတွင် ရှိနေသည့် ရန်ကျောက်ကဲကတော့ မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ရင်း

"သောက်ကျိုးနည်းပါပဲ ၊ လောကကြီး ဘာတွေဖြစ်နေတာလဲ"

All Chapters