← Chapters

မင်းတို့ကောင်တွေ တကယ်ရယ်ရတယ်ကွာ

Vol. 57 Ch. 804

မင်းတို့ကောင်တွေ တကယ်ရယ်ရတယ်ကွာ

Vol. 57 Ch. 804

အခန်း (၈၀၄) မင်းတို့ကောင်တွေ တကယ်ရယ်ရတယ်ကွာ

လူငယ် (၃)ယောက်။

သူတို့ထဲမှ (၂)ယောက်က အဖြူရောင်နှင့် အပြာရောင်ဝတ်စုံများ ဝတ်ဆင်ထားပြီး ကျန်တစ်ယောက်ကတော့ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည်။

ရန်ကျောက်ကဲက အနက်ရောင်ဝတ်လူငယ်ကိုကြည့်ရင်း နှုတ်ခမ်းများတွန့်ကွေးသွားသည်။

“ဒီကောင်က ဟန်ဆောင်တာတောင် တူအောင်လုပ်ဖို့ အားမထုတ်ချင်ဘူးထင်တယ်”

အဖြူရောင်ဝတ်စုံထက်တွင် အနက်ရောင်အနားသပ်များပါသော အပြာရောင်ဝတ်ရုံကိုခြုံလွှမ်းထားခြင်း ၊ ငယ်ရွယ်ခြင်း ၊ မာနကြီးခြင်း ၊ ချောမောခန့်ငြားခြင်း ၊ ထိပ်တန်းအဆင့် ရတနာပစ္စည်းကိုပိုင်ဆိုင်ခြင်း...။

ဤအချက်များက ရန်ကျောက်ကဲ၏ ကျော်ကြားသောအမှတ်သင်္ကေတများ ဖြစ်သည်။ ကွဲလွဲမှုများရှိနိုင်သည့်တိုင် ဤအချက်များက အခြေခံအချက်များ ဖြစ်၏။

ယခု သူတို့တွေ့မြင်နေရသည့် လူငယ် (၃)ယောက်က ချောမောခန့်ညားသူများ ဖြစ်ကြသည်။

“ဒုတိယအဆင့် ၊ ဒုတိယအဆင့်ထက်နည်းနည်းပိုတယ် ၊ ပထမအဆင့်...”

ရှောင်အိုက်ကတော့ ထိုချောမောသောလူငယ်များကိုငမ်းရင်း အဆင့်သတ်မှတ်နေလေပြီ။

အချိန်ကြာမြင့်စွာ အလင်းပုံရိပ်ကိုစူးစိုက်ကြည့်ပြီးနောက် ရှောင်အိုက်က သူမဘေးမှ ရန်ကျောက်ကဲကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။ သူမ ဆတ်ခနဲလှည့်ကြည့်လိုက်သဖြင့် ရုတ်တရက် လည်ပင်းပင်ကျိုးတော့မည်လားပင် ထင်ရသည်။

ဖန်းယွင်ရှန်းနှင့် အားဟူတို့သည်လည်း အံ့အားသင့်သွားကြ၏။

ရန်ကျောက်ကဲကတော့ မျက်လုံးများကိုကျဉ်းမြောင်းရင်း...

“စိတ်ဝင်စားစရာပဲ”

အလင်းပုံရိပ်ထဲတွင် တွေ့မြင်နေရသည့် ရန်ကျောက်ကဲ (၃)ယောက်မှ တစ်ယောက်သောသူက အမှန်တကယ်ပင် ရန်ကျောက်ကဲကိုယ်တိုင်အလား ထင်မှတ်ရသည်။

ထိုသူကိုမြင်တော့ ဖန်းယွင်ရှန်း ၊ အားဟူနှင့် ရှောင်အိုက်တို့အားလုံး အံ့အားသင့်သွားကြ၏။

သေသေချာချာ လေ့လာပြီးနောက် ထိုလူငယ်၏အသွင်အပြင်က ရန်ကျောက်ကဲနှင့် တစ်ပုံစံတည်းတူနေကြောင်း တွေ့လိုက်ရသည်။ ထိုင်နေသဖြင့် ကိုယ်လုံးကိုယ်ထည်ကိုခန့်မှန်းရန်ခက်သော်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် ရန်ကျောက်ကဲနှင့် အလွန်ဆင်တူကြောင်း သိသာနိုင်သည်။

သူတို့ (၂)ယောက်မှာ တူညီသောပုံစံခွက်ထဲမှ ထွက်လာသည့်အလားပင်။

သေသေချာချာကြည့်မှသာ ကိုယ်ဟန်အမူအရာနှင့် သိမ်မွေ့သောအလေ့အထများတွင် ရန်ကျောက်ကဲအစစ်နှင့် အနည်းငယ် ကွဲပြားနေကြောင်း ရိပ်မိနိုင်ပေသည်။

ဘာပဲဖြစ်ဖြစ် ထိုအတုကတော့ တကယ့်အစစ်နှင့် ရောထွေးလုနီးပါးဖြစ်ရသည် အမှန်ပင်။

ထိုသူကို ရန်ကျောက်ကဲနှင့် ခွဲခြားနိုင်ရန်အတွက် သူ၏သေးငယ်သည့်အားနည်းချက်များကိုပင် သိမြင်နိုင်သော ဖန်းယွင်ရှန်းနှင့် အားဟူတို့ကဲ့သို့ အလွန်ရင်းနှီးသူများလိုအပ်သည်။

ထိုသူသာ ကျူတောပင်လယ်ဒေသသို့သွားရောက်ပြီး ကုဟုန် ၊ ကုန်းစွန်းမင် ၊ ကျိုးဟောက်ရှန်းနှင့် အခြားသူများရှေ့ရောက်သွားမည်ဆိုလျှင် ကုဟုန်တို့အနေဖြင့် တန်ခိုးစွမ်းအားအတက်အကျကို မရိပ်မိဘဲ အသွင်အပြင်ကို ကြည့်ရုံဖြင့် သေချာပေါက် လှည့်စားခံရနိုင်သည်။

ဆည်းဆာကျွန်းက ရန်ကျောက်ကဲနှင့် လုံးဝမရင်းနှီးသောနေရာတစ်ခုဖြစ်လေရာ ၊ ရန်ကျောက်ကဲ၏ အလင်းပုံရိပ်အမှန်ကို ပြသမည်ဆိုလျှင်ပင် သေးငယ်သောအပြစ်အနာအဆာများကို မသိမြင်နိုင်သဖြင့် ထိုလူငယ်ကို ရန်ကျောက်ကဲဟုသာ လက်ခံသွားနိုင်သည်။

ထိုလူငယ်ကိုကြည့်ပြီး ရန်ကျောက်ကဲက ရယ်မောလိုက်သည်။

“တော်တယ် ၊ ဒီလိုအပြည့်အဝပြင်ဆင်ထားတာကမှ ကိုယ်လုပ်တဲ့အလုပ်မှာ စေ့စပ်သေချာတဲ့သူလို့ခေါ်တယ် ၊ တကယ့်ကို ကျွမ်းကျင်အဆင့်ပဲ”

တကယ်လည်း စိတ်ဝင်စားစရာကောင်းသည်ဟု ရန်ကျောက်ကဲ ခံစားရသည်။

ထို့ကြောင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ‘ရှဲ့’ အိမ်တော်အတွင်းသို့မဝင်စေဘဲ ခြံဝန်းအပြင်ဘက်မှပင် ပျော်စရာကောင်းသော ဤပွဲကိုကြည့်ရင် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

‘ရှဲ့’ အိမ်တော်အတွင်းမှာတော့ အိမ်တော်သခင် ‘ရှဲ့လျန်’ က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ရင်း...

“နေဝန်းထက်ယံသခင်လေး ရောက်လာတယ်ဆိုတာ ကျုပ်တို့ ‘ရှဲ့’ အိမ်တော်အတွက် သိပ်ကိုဂုဏ်ယူစရာကောင်းတဲ့ကိစ္စပါ ၊ ဒါပေမဲ့ အခြေအနေက နားလည်ရခက်တဲ့အနေအထားဖြစ်နေတယ် ၊ မင်းတို့ (၃)ယောက် ကျုပ်ကို အလင်းပြပေးနိုင်မလား”

ရှဲ့လျန်၏ ဘယ်ဘက်တွင် အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူငယ်တစ်ယောက်ရှိနေပြီး အပြာရောင်နှင့်အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

ထိုလူငယ်က...

“ဒီ’ရန်’ က ‘ရှဲ့’ သခင်ကြီးကို အလင်းပြစရာဘာမှမရှိပါဘူး ၊ ‘ရှဲ့’ သခင်ကြီး မေးစရာရှိရင် ကျင်းထင်တောင်ကိုသာ သွားမေးပါ ၊ အဲဒီမှာ အဖြေထွက်လာပါလိမ့်မယ်”

ပြောပြီးသည်နှင့် သူက ကျောက်စိမ်းပြားတစ်ခု ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းပြားက သူ၏လက်ဖဝါးထက်တွင် အရောင်တောက်ပလျှက် ရှိ၏။

ထိုကျောက်စိမ်းပြားကိုမြင်တော့ ရှဲ့လျန်၏ ရှည်လျားသော နှင်းဖြူရောင်မျက်ခုံးများ အနည်းငယ်လှုပ်ရှားသွားသည်။

ဤလူငယ်က အရင်ဆုံးရောက်လာပြီး သူ့ကိုယ်သူ ‘ရန်ကျောက်ကဲ’ ဟု ပြောဆိုသူ ဖြစ်သည်။

ရှဲ့လျန်က ထိုလူငယ်ကိုမသိသော်လည်း သူ့လက်ထဲမှ ကျောက်စိမ်းပြားကတော့ ကျင်းထင်တောင်မှ ကျောက်စိမ်းပြားဖြစ်ကြောင်း သိရှိသည်။

ပြီးတော့ ရန်ကျောက်ကဲက ကျင်းထင်တောင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိကြောင်းကိုလည်း ကောင်းစွာ သိရှိထားသည်။

ရှဲ့လျန်အနေဖြင့် ထိုလူငယ်က အစစ်လား အတုလား မသေချာသော်လည်း ကျင်းထင်တောင်မှ ရတနာပစ္စည်းကို လက်ဝယ်ကိုင်ဆောင်ထားသလို သူ၏ကျင့်ကြံခြင်းအဆင့်ကလည်း ကိုယ်ခွဲပေါင်းစပ်ခြင်း ဒုတိယအဆင့် ဖြစ်သည်။ ထို့ကြောင့် ထိုလူငယ်ကို မည်သည့်နည်းနှင့်မှ လျစ်လျူရှု၍ မရနိုင်ပေ။

သူ၏ ဝတ်စားပုံအသွင်အပြင်နှင့် ကျင့်ကြံခြင်းအဆင့်က လူအများပြောကြသည့်အချက်များနှင့် ရန်ကျောက်ကဲနှင့် ကိုက်ညီနေသည်။ ထို့ကြောင့်လည်း သူက ထိုလူငယ်ကို ဧည့်သည်အဖြစ် လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်၏။

***

သေရည်ခန်းမရှိ သီးသန့်အခန်းထဲမှာတော့...

အားဟူက...

“သခင်လေး ... ဒီကျောက်စိမ်းပြားက အစစ်ပဲ ၊ ကျင်းထင်တောင်ကတပည့်တွေဆီမှာ အဲဒီလိုကျောက်စိမ်းပြားရှိတာကို ကျွန်တော် မြင်ခဲ့ဖူးတယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အင်း... ဟုတ်တယ်”

အားဟူက သိချင်စိတ်ဖြင့်...

“ဒါဆို သခင်လေးအဖြစ် ဟန်မဆောင်ဘဲ ကျင်းထင်တောင်ကတပည့်အဖြစ် ဘာလို့ဟန်မဆောင်ရတာလဲ”

ရန်ကျောက်ကဲက...

“ဒီကျောက်စိမ်းပြားက ကျင်းထင်တောင်ကတပည့်တွေရဲ့ အမှတ်သင်္ကေတပဲ ၊ အဲဒီကျောက်စိမ်းပြားကို အထူးစစ်ဆေးတဲ့ နည်းလမ်းတွေ ရှိလိမ့်မယ် ၊ ကျင်းထင်တောင်က သိုင်းပညာ ဒါမှမဟုတ် ကြယ်တာရာချီစွမ်းအားပေါင်းစပ်လိုက်ရင် ဒီကျောက်စိမ်းပြားမှာ ထူးခြားတဲ့ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တယ်”

ထိုလူငယ်က ကျောက်စိမ်းပြားကို မတော်တဆရရှိခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ကျင်းထင်တောင်မှ တပည့်တစ်ယောက်အဖြစ် ဟန်ဆောင်ရန်မှာ မဖြစ်နိုင်ပေ။

သို့သော် ရန်ကျောက်ကဲအဖြစ် ဟန်ဆောင်ရန်ကတော့ အဆင်ပြေလေသည်။

ရန်ကျောက်ကဲက အရှေ့တောင်ထိပ်တန်းအရှင်သခင်၏ တပည့်ဖြစ်သည်ဟု ကောလဟလများရှိနေသော်လည်း ဤသည်က ကောလဟလသာလျှင် ဖြစ်သည်။ ကျင်းထင်တောင်မှ သိုင်းပညာကို ရန်ကျောက်ကဲတတ်ကျွမ်းခြင်း မရှိလျှင်လည်း ရှင်းလင်းချက်က ကျိုးကြောင်းဆီလျော်ပေသည်။

ရန်ကျောက်ကဲက ကျင်းထင်တောင်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိလေရာ ဤသို့သော်ကျောက်စိမ်းပြားတစ်ခုရှိနေသည်မှာ အအဆန်းမဟုတ်ပေ။ အမှတ်တရလက်ဆောင်ပစ္စည်း သို့မဟုတ် အရှေ့တောင်ထပ်တန်းအရှင်သခင်၏ စောင့်ရှောက်မှုအောက်တွင် ရှိနေခြင်းကဲ့သို့ သဘောထားနိုင်သည်။

ထိုသို့ပင်ဖြစ်မည်ဟု ရှဲ့လျန်ကလည်း ယုံကြည်သည်။

သို့သော် မကြာခင်မှာပင် အနက်ရောင်ဝတ်လူငယ်တစ်ယောက် ထပ်မံရောက်ရှိလာပြီး သူ့ကိုယ်သူ ရန်ကျောက်ကဲဟု ဆိုပြန်သည်။

ထိုအနက်ရောင်ဝတ်လူငယ်က ရှဲ့လျန်၏ ညာဘက်ခြမ်းတွင်ထိုင်နေပြီး ကျောက်စိမ်းပြားကိုင်ထားသည့် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးလူငယ်နှင့် မျက်နှာချင်းဆိုင်ဖြစ်သည်။

အနက်ရောင်ဝတ်လူငယ်က မထီမဲ့မြင်ပြုကာ ပြုံးလျှက်...

“မင်းကိုယ်မင်း ဘယ်သူလဲဆိုတာကိုသက်သေပြဖို့ ဒီလိုပစ္စည်းလေးတစ်ခုက လုံလောက်မတဲ့လား ၊ ဟာသပဲ... မင်းမှာ ထူးကဲယန်စည်းတံဆိပ် မရှိဘူးလား”

သူနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် ပိန်ပိန်ပါးပါး အရပ်မြင့်မြင့်လူငယ်က သိမ်မွေ့စွာဖြင့်...

“ထူးကဲယန်စည်းတံဆိပ်က ထိပ်တန်းရတနာပစ္စည်းပဲ ၊ လွယ်လွယ်နဲ့ ထုတ်ပြလို့ဖြစ်မလား ၊ အဲဒီပစ္စည်းထုတ်လိုက်တာနဲ့ သွေးချောင်းစီးသွားနိုင်တယ် ၊ ငါ့ကို သံသယရှိတယ်ဆိုရင် မင်းပဲ ထူးကဲယန်စည်းတံဆိပ်ကို ထုတ်ပြလိုက်လေ”

အနက်ရောင်ဝတ်လူငယ်က ရယ်မောရင်း...

“အတုက အတုပါပဲ ၊ လေနဲ့ကြွားဖို့ပဲ တတ်နိုင်တယ် ၊ မင်းမှာ ထူကဲယန်စည်းတံဆိပ် ရှိလို့လား ၊ ရှိရင် အဲဒီပစ္စည်းထုတ်ပြီး ငါ့ကိုတိုက်လိုက်လေ”

ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်လူငယ်က ရှဲ့လျန်ကို လှမ်းကြည့်ရင်း...

“အိမ်ရှင်တွေရှေ့မှာ ဒီ’ရန်’က မယဉ်မကျေး မလုပ်ရဲပါဘူး”

အနက်ရောင်ဝတ်လူက ကောင်းကင်ထက်သို့မော့ကြည့်ရင်း တဟားဟားအော်ဟစ်ရယ်မောလိုက်သည်။

“မယဉ်မကျေး မလုပ်ရဲဘူးတဲ့လား”

ထို့နောက် သူက ရှဲ့လျန်နှင့် အခြားသူများကို မျက်လုံးထောင့်ကပ် ကြည့်လိုက်ရင်း အလွန်တရာ မော်ကြွားဟန်ဖြင့်...

“ဒီအတု (၂)ယောက်ကို ငါ့ရှေ့မှာလာပြပြီး ငါ့ကိုအရူးလုပ်ကတည်းက ဒီအိမ်ရှင်က မယဉ်မကျေးစလုပ်တာ မဟုတ်ဘူးလား”

သူက ဆက်ပြောသည်။

“ငါက ရန်ကျောက်ကဲပဲ ၊ အိမ်မှာပဲနေနေ ခရီးပဲထွက်ထွက် ငါ့ရဲ့မျိုးရိုးနာမည်က မပြောင်းလဲဘူး ၊ ငါ့ရဲ့အထောက်အထားကိုလည်း သက်သေပြဖို့ မလိုဘူး ၊ ဒီအတုအယောင်ဟန်ဆောင်တဲ့သူတွေကို သတိပေးဖို့ ဒီနေရာကို ရောက်လာတာ ၊ ဟက်... ငါ့လိုများဟန်ဆောင်ရဲသေးတယ်”

အနက်ရောင်ဝတ်လူငယ်က ရှဲ့လျန်နံဘေးမှ အဘိုးအိုကို လက်ညှိုးထိုးလိုက်ရင်း...

“ဝေလငါးဂိုဏ်းက အကြီးအကဲကိုပဲ အားနာမိလို့ပေါ့ ၊ မဟုတ်လို့ကတော့ ဒီအတုအယောင် (၂)ယောက်နဲ့အတူ ငါ့ကိုသံသယဝင်နေတဲ့ မင်းတို့ ‘ရှဲ့’ အိမ်‌တော်ကိုပါ ဖျက်ဆီးပစ်လိုက်မယ် ၊ မလုပ်ရဲဘူး မထင်နဲ့”

ရှဲ့လျန်ဘေးနားတွင်ရှိသော အဘိုးအိုက ဝေလဂိုဏ်းမှအကြီးအကဲတစ်ယောက်ဖြစ်ပြီး ထိုစကားများကိုကြားတော့ အနည်းငယ် မျက်မှောင်ကြုံ့သွားသည်။

“နေဝန်းထက်ယံသခင်လေးက ကျူတောပင်လယ်ဒေသတစ်ခုလုံးကို တုန်လှုပ်စေခဲ့သူပဲ ၊ ကျုပ်တို့ ‘ရှဲ့’ အိမ်တော်က သူ့ကို ဘယ်လိုလုပ် ခုခံနိုင်မှာတဲ့လဲ”

ရှဲ့လျန်က ဒေါသထွက်ခြင်းမရှိဘဲ အေးဆေးစွာ ဆိုသည်။

“မင်းက အင်္ကျီလက်တစ်ဖက်ခါပြီး ဒီနေရာကထွက်သွားရင်တောင် ကြောက်ရွံ့ရတဲ့ ဒီအဘိုးကြီးက မုန်းတီးတဲ့စကားတစ်ခွန်း ပြောရဲမှာမဟုတ်ပါဘူး”

အနက်ရောင်ဝတ်လူငယ်က...

“အပေါ်ယံဟန်ဆောင်မနေနဲ့ ၊ မျက်နှာကပြုံးပြီး နောက်ကျောမှာ ဓားကိုဝှက်မထားနဲ့ ၊ မင်းတို့တွေအကုန်လုံး ငါ့ကိုအတုလို့ထင်နေတာ ငါသိတယ်”

ထို့နောက် သူက အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူငယ်ကို လက်ညှိုးထိုးလိုက်ရင်း...

“ထူးကဲယန်စည်းတံဆိပ်က ငါ့ပစ္စည်းပဲ ၊ ဒါပေမဲ့ လူတစ်ယောက်ရဲ့အသက်ကိုသတ်ဖို့ ထူးကဲယန်စည်းတံဆိပ်ကို အားကိုးစရာမလိုဘူး ၊ ငါကအတု မင်းကအစစ်လို့ ပြောတယ်ဆိုမှတော့ ငါတို့တွေ တိုက်ကြရအောင်”

ကျင်းထင်တောင်မှ ကျောက်စိမ်းပြားပိုင်ဆိုင်ထားသောလူငယ်က ရန်ကျောက်ကဲအစစ်ဖြစ်မည်ဟု ပတ်ဝန်းကျင်မှလူများက ယူဆထားကြသည်။ မဟုတ်ပါက ဤသို့အတုပြုလုပ်ခြင်းသည် ရန်ကျောက်ကဲကို စော်ကားရုံသာမက ကျင်းထင်တောင်ကိုပါ စော်ကားသလို ဖြစ်ပေလိမ့်မည်။

သို့သော် အနက်ရောင်ဝတ်လူငယ်၏ လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ယုံကြည်မှုကိုကြည့်ရင်း လူတိုင်း၏ရင်ထဲ တစ်ချက်လှုပ်ရှားသွားသည်။

ရန်ကျောက်ကဲဆိုသည်က သူ၏ ဉာဏ်ရည်ထက်မြက်မှုနှင့် ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားကြောင့် လူသိများ ကျော်ကြားခြင်း ဖြစ်၏။ သူက တူညီသောကျင့်ကြံခြင်းအဆင့်ရှိသည့်လူများအားလုံးကို အနိုင်ယူနိုင်ကြောင်း မည်သူမဆို သိရှိကြသည်။

ရန်ကျောက်ကဲအစစ်ကဘယ်သူလဲဆိုသည့်အချက်ကို အမှန်တကယ် ဆုံးဖြတ်နိုင်ရန်မှာ မည်သူက တန်ခိုးစွမ်းအား ပိုမိုမြင့်မားသလဲဆိုသည့်အပေါ်တွင် အဓိကမူတည်သည် မဟုတ်ပါလား။

သေရည်ခန်းမရှိ သီးသန့်အခန်းထဲတွင်ထိုင်နေသေသာရန်ကျောက်ကဲကတော့ စုတ်တသပ်သပ်လုပ်ရင်း...

“မင်းတို့ကောင်တွေ တကယ်ရယ်ရတယ်ကွာ...”

All Chapters