← Chapters

ရန်ကျောက်ကဲအစစ် ၊ ရန်ကျောက်ကဲအတု

Vol. 57 Ch. 805

ရန်ကျောက်ကဲအစစ် ၊ ရန်ကျောက်ကဲအတု

Vol. 57 Ch. 805

အခန်း (၈၀၅) ရန်ကျောက်ကဲအစစ် ၊ ရန်ကျောက်ကဲအတု

‘ရှဲ့’ အိမ်တော်ထဲမှာတော့ အနက်ရောင်ဝတ်လူငယ်က မဆိုင်းမတွပင် စတင်တိုက်ခိုက်လိုက်သည်။ သူက အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူငယ်ကို လက်သီးဖြင့် ထိုးစိုက်ချလိုက်၏။

လက်သီးချက်လှုပ်ရှားလိုက်သည်နှင့် ‘ရှဲ့’ အိမ်တော်တစ်ခုလုံးသာမက ဝေလငါးမျှားမြို့တော်တစ်ခုလုံး တုန်လှုပ်သွားသည့်အလား ထင်မှတ်ရသည်။

သို့သော် ထိုလက်သီးစွမ်းအားက အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးလူငယ်တစ်ဦးတည်းဆီသို့သာ ပစ်မှတ်ထားအာရုံစိုက်နေပြီး အခြားသူများကို အန္တရယ်ပြုခြင်း မရှိပေ။

အပြာရောင်နှင့် အဖြူရောင်ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်က ‘ရှဲ့’ အိမ်‌တော်သို့ အရင်ဆုံးရောက်လာသူဖြစ်သဖြင့် ‘ရှဲ့’ အိမ်တော်တွင်ရှိနေကြသော ဝေလငါးမျှားမြို့တော်မှ သိုင်းသမားအ‌တော်များများက သူ့ကို တွေ့မြင်ဖူးကြသည်။

အနက်ရောင်ဝတ်လူငယ် လက်သီးချက်ထုတ်ဖော်လိုက်သည်နှင့် သေမင်းအရိပ်က လူတိုင်း၏နှလုံးသားကို လွှမ်းခြုံသွားသလို ခံစားလိုက်ကြရသည်။

အနက်ရောင်ဝတ်လူငယ်၏လက်သီးချက်က အပြည့်အဝအာရုံစူးစိုက်ကာ တည်ငြိမ်သော်လည်း သူ၏လှုပ်ရှားမှုကို မည်သူမှ ရှင်းရှင်းလင်းလင်းမမြင်နိုင်ကြပေ။

ပွဲကြည့်ပရိတ်သတ်များအားလုံး မျက်နှာများ တည်ကြည်လေးနက်သွားကြသည်။

“တကယ့် တန်ခိုးစွမ်းအားရှင်ပဲ”

‘ရှဲ့’ အိမ်တော်သခင် ရှဲ့လျန်နှင့် သူ့ဘေးတွင်ရှိနေသည့် ဝေလဂိုဏ်းမှအကြီးအကဲတို့မှာ သာမန်သိုင်းသူတော်စင်များဖြစ်ကြသဖြင့် အနက်ရောင်ဝတ်လူငယ်၏ တိုက်ကွက်ကို ရှင်းရှင်းလင်းလင်း မမြင်ရဘဲ ဝေဝါးစွာသာ တွေ့မြင်ကြရသည်။

သူတို့အားလုံး ဝိုင်းတန်းခုခံမည်ဆိုလျှင်တောင်မှ အနက်ရောင်ဝတ်လူငယ်၏ ထိုးနှက်မှုကို ခုခံနိုင်ကြမည် မဟုတ်ပေ။

“သူများဖြစ်နေမလား...”

သို့သော် လူတိုင်း၏အတွေးများ တစ်ဝက်တပြက် ရပ်တန့်သွားသည်။

သူတို့မျက်စိရှေ့မှ အနက်ရောင်ဝတ်လူငယ်၏ပုံရိပ် ရုတ်တရက် ငြိမ်သက်သွားကြောင်း တွေ့မြင်လိုက်ရ၏။

စောစောက သူ၏လှုပ်ရှားမှုများကို ပြတ်ပြတ်သားသားမမြင်နိုင်သူများသည် ယခုတော့ ထိုလူငယ်ကို ထင်ထင်ရှားရှား တွေ့မြင်ကြရပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးလူငယ်က အနက်ရောင်ဝတ်လူငယ်၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ လက်သီးချက်ကို လက်တစ်ဖက်ဆန့်ထုတ်ကာ တည်ငြိမ်စွာ ကာကွယ်လိုက်သောကြောင့် ဖြစ်သည်။

အနက်ရောင်ဝတ်လူငယ်၏လက်သီးချက်က ဝေလငါးမျှားမြို့တော်ကိုတိုက်ခိုက်မည်ဆိုလျှင် ရှဲ့အိမ်တော်သာမက တစ်မြို့လုံးပါ ပျက်ဆီးသွားနိုင်သည်။ ‘ရှဲ့’ အိမ်တော်ကို တိုက်ခိုက်မည်ဆိုပါက ‘ရှဲ့’ အိမ်‌တော်သည်လည်း ပျက်ဆီးသွားမည်မှာ ငြင်းမရသည့်ကိစ္စပင်။

သို့သော် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်ကတော့ လက်ဖဝါးတစ်ဖက်တည်းဖြင့် ထိုလက်သီးချက်ကို ပိတ်ဆို့ထားကြောင်း တွေ့ရသည်။

အနက်ရောင်ဝတ်လူငယ်၏ မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ထွက်ပေါ်လာသည်။

သူက ချက်ချင်းပင် သိုင်းကွက်ပြောင်းလဲလိုက်သော်လည်း ပြိုက်ဘက်က သူ့ထက်ပိုပြီး လျှင်မြန်နေသည်။ လက်သီးကို လက်ဖဝါးဖြင့် ထိန်းချုပ်လိုက်ပြီးနောက် လက်ဖဝါးကို လက်ညှိုးအဖြစ်ပြောင်းလဲကာ အနက်ရောင်ဝတ်လူငယ်၏ နဖူးတည့်တည့်သို့ တင်ရောက်လာသည်။

အနက်ရောင်ဝတ်လူငယ်က ခန္ဓာကိုယ်နောက်သို့လှန်ချကာ ရှောင်တိမ်းလိုက်သော်လည်း ရန်သူ၏လက်ဝါးရိုက်ချက စီးဆင်းနေသည့် ယန်စီမြစ်ပမာ ပြင်းထန်သောအရှိန်အဟုန်ဖြင့် ဆက်တိုက်ဆိုသလို ဝင်ရောက်လာသည်။ ပြင်းထန်သော ဖိအားများအောက်တွင် အနက်ရောင်ဝတ်လူငယ်၏ စွမ်းအားများ ယုတ်လျော့လာပြီး သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရကိုပင် စုစည်းရန် ခက်ခဲလာသည်။

ပြင်းထန်ပြီး စစ်မှန်သောတန်ခိုးစွမ်းအားက လေပြင်းတစ်ချကအဖြစ်ပြောင်းလဲသွားပြီး အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ ဤ ကြောက်မက်ဖွယ်ရာ လေပွေမုန်တိုင်းကို သိုင်းသူတော်စင်အဆင့်အောက်ရှိသော ကျင့်ကြံသူများ ခံနိုင်ရည်မရှိဘဲ သေကြေကြမည် ဖြစ်၏။

သို့သော် အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူငယ်က သူ၏လက်ဖဝါးအောက်တွင် ပြင်းထန်သောလေပြင်းများကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။ သူ၏ လှုပ်ရှားမှုတိုင်းက သဘာဝကျပြီး စနစ်တကျရှိနေသည်မှာ ထင်ရှားလှသည်။

ဇာတ်လမ်းတစ်ခုမှ နာမည်ကြီးသရုပ်ဆောင်ပမာ စကားလုံးများကို လျှင်မြန်စွာပြောဆိုသည့်တိုင် တစ်လုံးချင်း ရှင်းရှင်းလင်းလင်း ကြားသိနိုင်ပေသည်။

ဤနေရာတွင်ရှိနေသူများအားလုံး သိုင်းသူတော်စင်အဆင့် ရောက်ရှိပြီဆိုလျှင် ဤလူငယ်၏ ထိုးဖောက်တိုက်ခိုက်မှုကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်မည် ဖြစ်သည်။

သို့သော် လေပွေမုန်တိုင်းက အနက်ရောင်ဝတ်လူငယ်၏ လက်သီးချက်များကို ဖိနှိပ်ထားလေရာ အနက်ရောင်ဝတ်လူငယ်မှာ ပြိုင်ဘက်ကိုမတွန်းလှန်နိုင်တော့ဘဲ တိုက်ခိုက်မှုများ အရှိန်လျော့ကျပြီး တဖြည်းဖြည်း နှေးကွေးသွားသည်။

ဒါကိုမြင်တော့ အားလုံးက ဆုံးဖြတ်လိုက်ကြ၏။

အနက်ရောင်ဝတ်လူငယ်က မာနကြီးပြီး စတင်စိန်ခေါ်ရန် ယုံကြည်မှုအပြည့်ရှိသော်လည်း အရပ်မြင့်မြင့်လူငယ်က ပိုမို၍ တန်ခိုးစွမ်းအားမြင့်မားကြောင်း တိုက်ပွဲကိုကြည့်နေသူတိုင်း သိရှိနိုင်သည်။

အရပ်မြင့်မြင့်လူငယ်က တည်ငြိမ်အေးဆေးနေသော်လည်း အနည်းငယ်စိတ်တိုနေပုံရသည်။ ယခု အနက်ရောင်ဝတ်လူငယ်နှင့် တိုက်ပွဲတွင် ထိုလူငယ်က အသာစီးရနေသည်ဟု ဆိုနိုင်သည်။

အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူငယ်က သူ၏လက်ချောင်းများကို လက်ဖဝါးအဖြစ် ပြောင်းလဲလိုက်ပြီး အနက်ရောင်ဝတ်လူငယ်၏ လက်သီးချက်များကို လက်ဖဝါးဖြင့် ဖိနှိပ်ချလိုက်ပြီး အနက်ရောင်ဝတ်လူငယ်၏ ဝမ်းဗိုက်အောက်ပိုင်းကို လက်ညှိုးဖြင့် ထိုးစိုက်ချလိုက်သည်။

ရေကအဆက်မပြတ်မြင့်တက်လာပြီး ပိတ်ဆို့နေသောဆည်များကို ဖြိုဖျက်ချလိုက်သည့်အလား ဖြစ်သည်။ မိုင်တစ်ထောင်ရှည်သောတာတမံက ပုရွက်ဆိတ်အသိုက်အတွင်းပြိုကျသည့်ပမာဖြစ်သည်။

ဝမ်းဗိုက်အောက်ပိုင်းသို့ လက်ချောင်းဖြင့် ထိုးနှက်ခံလိုက်ရသည်နှင့် ပြိုက်ဘက်၏ ကြယ်တာရာချီစွမ်းအားများ ချက်ချင်း လွင့်ပြယ်သွားသည်။ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူငယ်က ဤအခြေအနေကို အခွင့်ကောင်းယူကာ လက်ဖဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

အနက်ရောင်ဝတ်လူငယ် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘဲ လွင့်ထွက်သွားပြီး သူ၏မျက်နှာတစ်ခုလုံး သွေးရောင်လွှမ်းသွားသည်။ သူက တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး ခန္ဓာကိုယ်ထက်တွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ဤသို့မပြုလုပ်ပါက သူ့အရှေ့မှရန်သူလက်ချက်ဖြင့် အသက်ပျောက်ရတော့မည်ကို သူ သိရှိသည်။

လက်ချောင်းတစ်ချက်တည်းဖြင့် တိုက်ခိုက်ခြင်းအား အနက်ရောင်ဝတ်လူငယ်က ရှောင်တိမ်းလိူက်နိုင်သော်လည်း ရန်သူ၏လက်ဝါးရိုက်ချက်က ဆက်တိုက်ဆိုသလို ဝင်ရောက်လာသည်။

“အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း...”

အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူငယ်က ထိုရတနာအလင်းတန်းကို လက်ဖဝါးဖြင့်ရိုက်ချလိုက်ရာ အလင်းရောင်က တုန်ခါအက်ကွဲသွားသည်။

သို့ပေသိ အနက်ရောင်ဝတ်လူငယ်က ထိုအခွင့်အရေးကိုအသုံးချကာ နောက်သို့လျှင်မြန်စွာ ဆုတ်ခွာသွားပြီး အန္တရယ်မှ သီသီလေးလွတ်မြောက်သွားသည်။

ပါးစပ်ထဲမှ ‘ဝေါ့’ ခနဲ သွေးများအန်ချလိုက်ပြီး သူ့မျက်နှာက ချက်ချင်းပင် ဖြူဖပ်ဖြူလျော် ဖြစ်သွားသည်။

ထိုခဏတွင် အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူငယ်က တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီး အနက်ရောင်ဝတ်လူငယ်ကို ခြေဆုံးခေါင်းဆုံးကြည့်ရင်း တည်ငြိမ်စွာ စကားဆိုသည်။

“ဒီ’ရန်’ က ထူးကဲယန်စည်းတံဆိပ်ထုတ်လိုက်ရင် သွေးချောင်းစီးမယ်လို့ ပြောခဲ့ပေမယ့် ထူးကဲယန်စည်းတံဆိပ်မထုတ်ဘဲလည်း မင်းကို သတ်နိုင်တယ်ဆိုတာ သိထားသင့်တယ်”

အနက်ရောင်ဝတ်လူငယ်၏မျက်လုံးများက စိတ်ပျက်မှု ဒေါသတရားများဖြင့်ပြည့်နေပြီး မည်သည့်စကားမှဆိုခြင်း မရှိပေ။

သူသည် သူ့ပတ်ဝန်းကျင်ရှိ လူများ၏ မျက်လုံးများတွင် ရှုတ်ချမှုနှင့် သံသယများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

သူ၏ကျင့်ကြံခြင်းစွမ်းအားကို အားကိုးပြီး ပထမဆုံးတိုက်ခိုက်ခဲ့သော်လည်း ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရသည်။ ဤသည်က ပြင်းပြင်းထန်ထန် အရှက်ကွဲသည့်အပြင် သူက အတုအယောင်ဖြစ်ကြောင်း ဝန်ခံခြင်းနှင့်ညီမျှသည်။

ဤသို့သော် အရှုံးသမားပုံစံက ကျူတောပင်လယ်ဒေသကို တုန်လှုပ်စေသည့် နေဝန်းထက်ယံသခင်လေး အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း။

“မင်းက ဒီ’ရန်’ လိုမျိုးဟန်ဆောင်တဲ့အတွက် ခွင့်လွှတ်နိုင်စရာမရှိဘူး ၊ ဒါပေမဲ့ ဒီ’ရန်’က ‘ရှဲ့’ အိမ်တော်ရဲ့ ဧည့်သည်ဖြစ်လို့ ဒီနေရာကို မညစ်ပတ်စေချင်ဘူး ၊ ဒါကြောင့် မင်းကို နည်းနည်းလောက် အသက်ဆက်ရှင်ခွင့် ပေးလိုက်မယ်”

အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလငယ်က အနက်ရောင်ဝတ်လူငယ်ကို ပြောပြီးသည့်နောက် ရှဲ့လျန်နှင့်အခြားသူများကို လှည့်ကြည့်ရင်း...

“မယဉ်မကျေးပြုမိတာ တောင်းပန်ပါတယ်ဗျာ”

အနီးရှိလူများထံမှ တစ်ယောက်တစ်ပေါက် ဝေဖန်သံများ ထွက်ပေါ်လာသည်။

“တန်ခိုးစွမ်းအားမြင့်မားပေမယ့် နှိမ့်ချလွန်းတယ် ၊ တကယ် ကျော်ကြားထိုက်တဲ့သူပဲ”

“ငါတော့ ဒီလူငယ်ကို နေဝန်းထက်ယံသခင်လေးလို့ ထင်တာပဲ”

“အမှန်ပဲ ၊ လူဆိုတာ တန်ခိုးစွမ်းအားမြင့်မားတိုင်း တခြားသူတွေကို ကြိမ်းမောင်းနေဖို့မှမဟုတ်တာ”

“ငါပြောသားပဲ ၊ သူ့မှာ ကျင်းထင်တောင်က ကျောက်စိမ်းပြားရှိနေတာ ၊ ဘယ်လိုလုပ်အတုဖြစ်နိုင်မှာလဲ”

သေရည်ခန်းမရှိ သီးသန့်အခန်းထဲတွင်ထိုင်နေသော ဖန်းယွင်ရှန်းက ရယ်မောလိုက်ရင်း...

“ဒါပေမဲ့ ‘ရန်ကျောက်ကဲ’ အစစ်ကလည်း သိပ်တော့နှိမ့်ချနေတဲ့သူ မဟုတ်ပါဘူးလေ...”

ရန်ကျောက်ကဲက…

“ဒီကောင်က တကယ်တမ်း သူ့ကိုယ်သူနှိမ့်ချပြီး ထိန်းထိန်းသိမ်းသိမ်းရှိတယ်လို့ ထင်နေတာလား ၊ သူ လေ့ကျင့်ထားတဲ့ သိုင်းပညာကို ငါမသိပေမယ့် သူ့ အဲဒီသိုင်းပညာကို စနစ်တကျဖုံးကွယ်ဖို့ လုပ်ဆောင်နေတာတွေ့ရတယ် ၊ ကြည့်ရတာ တခြားသူတွေ သူ့အကြောင်းသိသွားမှာစိုးလို့ထင်တယ်”

“ပြောရရင်တော့ သူကျင့်ကြံထားတဲ့သိုင်းပညာကို ဆည်းဆာကျွန်းက တစ်ယောက်ယောက် ရိပ်မိသွားမှာကို စိတ်ပူနေတာ ၊ ဒါကြောင့် သူက ထိန်းချုပ်နေတာ”

ရန်ကျောက်ကဲစကားမဆုံးခင်မှာပင် ရှဲ့လျန်နံဘေးမှာ ထိုင်နေရင်း တလျှောက်လုံး တိတ်ဆိတ်နေသည့် ဝေလဂိုဏ်းမှ အကြီးအကဲက မျက်ခုံးတစ်ချက်ပင့်လိုက်သည်။

သူက တိုက်ပွဲတွင် အနိုင်ရသွားသော အရပ်မြင့်မြင့်လူငယ်ကို စူးစိုက်ကြည့်ရင်း...

“’ရန်’... ‘ရန်’ သခင်လေး... ဒီအဘိုးကြီး တစ်ခုလောက်မေးချင်ပါတယ်”

ဝေလဂိုဏ်းမှအကြီးအကဲက ခဏမျှစဉ်းစားပြီး မေးမြန်းလိုက်သည်။

“ဒီအဘိုးကြီးစောစောကမြင်လိုက်တာ... ‘ရန်’ သခင်လေးအသုံးပြုလိုက်တဲ့ သိုင်းပညာက အရှေ့ဘက်ကုန်းပြင်မြင့် ၊ ကျောက်စိမ်းနေဝန်းတောင်တန်းက နဂါးအလွှာတောင်မှာနေထိုင်တဲ့ ချန်ယွမ်အဘိုးအိုတီထွင်ခဲ့တဲ့ တောင်နဲ့မြစ်ရေလက်ချောင်းသိုင်း လက်ဖဝါးသိုင်းမဟုတ်လား”

သူက အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူငယ်ကိုကြည့်ရင်း...

“ဒီအဘိုးကြီးက အရည်အချင်းမရှိပေမယ့် ကျောက်စိမ်းနေဝန်းတောင်တန်းကို ခရီးထွက်တုန်းက  ချန်ယွမ်အဘိုးအို ဒီသိုင်းပညာအသုံးပြုတာကို တွေ့မြင်ခဲ့ရဖူးတယ်”

အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူငယ်က ပေါ့ပါးသည့် လေသံဖြင့်...

“ဒီသိုင်းပညာက တောင်နဲ့မြစ်ရေလက်ချောင်းသိုင်း လက်ဖဝါးသိုင်းဆိုတာ အမှန်ပါပဲ ၊ ဒါပေမဲ့ ထူးခြားတယ်လို့တော့ မခေါ်ပါဘူး ၊ ဒီ’ရန်’ က သိုင်းပညာတွေအများကြီးကို သိရှိထားပါတယ်”

ဝေလဂိုဏ်းမှ လူကြီးသည် နှုတ်ဆိတ်နေပြီး စိတ်ထဲတွင် တွေးနေမိသည်။

ထိုအချိန် အခြေအနေများကို ပြုံးလျှက်ကြည့်နေပြီး စကားမပြောသည့် တတိယမြောက် ‘ရန်ကျောက်ကဲ’ က လက်ခုပ်တစ်ချက်တီးလိုက်ရင်း...

“အရမ်းစိတ်လှုပ်ရှားစရာကောင်းပေမယ့် ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင်”

ထို့နောက် သူက မတ်တတ်ရပ်လိုက်ပြီး ပိန်ပိန်ပါးပါးလူငယ်ထံသို့ လမ်းလျှောက်သွားသည်။

သေရည်ခန်းမရှိ သီးသန့်အခန်းတွင်ထိုင်နေသော ရန်ကျောက်ကဲမှာတော့ သူနှင့်ချွပ်စွပ်တူသော ထိုမျက်နှာကိုကြည့်ရင်း အနည်းငယ် စိတ်မသက်မသာ ခံစားလာရလေသည်။

All Chapters