အစစ်က အတုမဖြစ်နိုင်သလို အတုကလည်းအစစ်မဖြစ်နိုင်ဘူး
Vol. 57 Ch. 806
အခန်း (၈၀၆) အစစ်က အတုမဖြစ်နိုင်သလို အတုကလည်းအစစ်မဖြစ်နိုင်ဘူး
တတိယမြောက် ‘ရန်ကျောက်ကဲ’ က အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူငယ်ကို ခြေဆံးခေါင်းဆုံးအကဲခတ်လိုက်ရင်း...
“အမှန်ပဲ... မင်းက ဟိုတစ်ယောက်ထက်ပိုတော်တယ်”
ပြီးမှ သူက ပြုံးလိုက်ရင်း...
“မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ငါနဲ့တူနေရုံတင်မကဘူး ၊ မင်းက ငါ့ကိုတုပဖို့ ဘယ်လိုအဝတ်အစားမျိုးဝတ်ရမလဲဆိုတာ နားလည်ထားတယ်”
“ဒါပေမဲ့ မင်းက အဖြူရောင်ဝတ်စုံနဲ့အပြာရောင်ဝတ်ရုံအကြောင်း အကြမ်းဖျင်းလောက်ပဲ သိထားပုံရတယ် ၊ ဒီဝတ်စုံက ဘယ်လိုအမျိုးအစားလဲဆိုတာ သေသေချာချာ သိပုံမပေါ်ဘူး”
ထိုစကားကိုကြားတော့ သေရည်ခန်းမရှိ သီးသန့်အခန်းထဲမှ အားဟူ၏ နှုတ်ခမ်းများတွန့်ကွေးသွားသည်။
“အမယ်... သူကပဲပြောရတယ်ရှိသေး ၊ သူလည်း ခန့်မှန်းချေနဲ့ သခင်လေးနဲ့တူအောင် လျှောက်ဝတ်ထားပြီးတော့များ ၊ အသေးစိတ်မပြောနဲ့ အကြမ်းဖျင်းတောင်မတူဘူး”
ရန်ကျောက်ကဲက စိတ်ဝင်တစားဖြင့်...
“ကြည့်ရတာ ဒီလူက ငါ့ကိုမြင်ဖူးတဲ့သူဖြစ်ရမယ် ၊ ဒါမှမဟုတ် ငါ့ရဲ့အလင်းပုံရိပ်ကို မြင်ဖူးတဲ့သူဖြစ်ရမယ် ၊ ဒါကြောင့် ငါ့အဝတ်အစားတွေကို အကြမ်းဖျင်းတူအောင် လုပ်ယူနိုင်တာပေါ့”
“ဒါပေမဲ့ သူ့မျက်နှာကို ငါနဲ့တူအောင်ဘယ်လိုလုပ်ထားသလဲဆိုတာ ပိုပြီးစိတ်ဝင်စားတယ်”
ယေဘူယျအားဖြင့်ဆိုလျှင် သာမန်ရုပ်ဖျက်ပညာက သိုင်းသူတော်စင်များ၏အမြင်အာရုံကို ဖုံးကွယ်နိုင်မည် မဟုတ်ပေ။
‘ရှဲ့’ အိမ်တော်မှာတော့ ရန်ကျောက်ကဲအတုက ပြုံးလိုက်ရင်း...
“မင်းက သိုင်းပညာတွေအများကြီး တတ်ကျွမ်းတယ်ဆိုရင် ဘာလို့အဲဒါတွေကို အသုံးမပြုရတာလဲ ၊ မင်းတကယ်ရော တတ်တာဟုတ်လို့လား ၊ ဒါမှမဟုတ် တောင်နဲ့မြစ်ရေ လက်ချောင်းသိုင်းနဲ့လက်ဝါးသိုင်းတစ်ခုတည်းပဲ မင်းသိနေတာများလား”
အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူငယ်က သိမ်မွေ့စွာဖြင့်...
“ငါ့ပညာတွေကို မြင်တွေ့ရဖို့က မင်း အရည်အချင်း ရှိ မရှိအပေါ် မူတည်တယ်”
တစ်ဖက်လူက ပြုံးလိုက်ရင်း...
“ကောင်းပြီ”
စကားမဆုံးမီပင် သူ၏ညာဘက်လက်ညှိုးနှင့်လက်ခလယ်မှ ဓားဝိညာဉ်တစ်ခုထွက်ပေါ်လာပြီး အရပ်မြင့်မြင့်လူငယ်၏ လည်ချောင်းနေရာသို့ ထိုးစိုက်ချလိုက်သည်။
အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး လူငယ်ကတော့ ဓားအသွင်မဟုတ်ဘဲ ထူးဆန်းသောတောင်ထွတ်အသွင်ရှိသည့် ထက်ရှလွန်းသော လက်ညှိုးဖြင့် ထိုးစိုက်ချလိုက်သည်။
နှစ်ဖက်စလုံး စတင်တိုက်ခိုက်ကြပြီးနောက် ပထမဆုံးလှုပ်ရှားမှုက တကယ့် မီးတောက်မီးလျှံပမာ ဖြစ်၏။
သို့သော် အရပ်မြင့်မြင့် လူငယ်၏စိတ်ထဲတုန်လှုပ်သွားသည်။
သူ၏လက်ချောင်းက တစ်ဖက်လူရှိရာသို့ ပထမဆုံးရောက်ရှိလာသည့်တိုင် တစ်ဖက်လူ၏ ဓားဝိညာဉ်က သူ၏လက်ချောင်းရှိရာသို့ တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ရောက်လာသည်။
အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူငယ်၏မျက်လုံးများ တည်ကြည်လေးနက်သွားပြီး ယန်စီမြစ်ရေပမာ အရှိန်အဟုန်ပြင်းထန်သော လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်သည်။
သို့သော် ပြိုက်ဘက်၏ဓားက လေနှင့်လှိုင်းများကို စီးနှင့်ကာ လူငယ်၏လက်ဖဝါးကို တိုက်ရိုက်ပင် ဖြတ်သန်းသွားသည်။
အရပ်မြင့်မြင့်လူငယ်က လက်ဖဝါးနှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး လက်ချောင်းများသည်လည်း မြင့်မားသည့်တောင်တန်းများပမာ ထက်ရှလျှက် သူ၏လက်ဖဝါးများကလည်း မြစ်ရေများပမာ အရှိန်အဟုန်နှင့် စီးဆင်းလျှက် ရှိသည်။
သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရထွက်ပေါ်လာပြီး မိုင်ပေါင်းထောင်ချီသော တောင်များနှင့် မြစ်ရေများအသွင်သဏ္ဍန်ဖြစ်တည်လာသည်။
ဝေလငါးမျှားမြို့တော်တစ်ခုလုံး တောင်များက အဆက်မပြတ်ထွက်ပေါ်လာပြီး မြစ်ရေများက တဟုန်းဟုန်းစီးဆင်းနေသည်။
ကြီးမားသော ပုံရိပ်ယောင်ကြီးက ဝေလကျွန်းတစ်ခုလုံး သီးခြားဗလာနယ်ထဲကျရောက်သွားသည့်အလား ခံစားရသည်။
ဤအရာအားလုံးသည် အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူငယ်၏သိုင်းပညာဖြင့် ဖွဲ့စည်းထားသော တောင်နှင့်မြစ်ရေ ပုံရိပ်ယောင်ကမ္ဘာကြောင့် ဖြစ်ပေါ်လာရခြင်းပင်။
ထိုခဏအတွင်း မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများတောက်ပလာပြီး ‘ရှဲ့’ အိမ်တော်နှင့် ဝေလငါးမျှားမြို့တော်၏ ကောင်းကင်တစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။
အရပ်မြင့်မြင့်လူငယ်၏တိုက်ခိုက်မှုက ပြင်းထန်လွန်းသဖြင့် ဝေလငါးမျှားမြို့တော်ထိခိုက်မှုမရှိစေရန် ပင်မအစီအရင် အသက်ဝင်လာခြင်း ဖြစ်၏။
သို့သော် သီးခြားကမ္ဘာတစ်ခုပမာထင်မှတ်ရသည့် တောင်နှင့်မြစ်ရေမြင်ကွင်းများနှင့် ရိုက်ခတ်မိသည့်အခါ ပင်မအစီအရင်ကြီး တုန်လှုပ်သွားပြီး စတင်အက်ကွဲသွားသည်။
ကံကောင်းသည်မှာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးလူငယ်၏ တကယ့်ပစ်မှတ်မှာ ဝေလငါးမျှားမြို့တော်နှင့် ရှဲ့အိမ်တော် မဖြစ်နေခြင်းပင်။ မဟုတ်ပါက မြို့တော်တစ်ခုလုံး မြေပြင်ထက် ပြားပြားဝပ်သွားမည် ဖြစ်သည်။ ကြီးမားသော မုန်တိုင်း၏ နောက်ဆက်တွဲဒဏ်ကို မည်သူမှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
သို့ပေသိ လက်ရှိတွင် အရပ်မြင့်မြင့်လူငယ်က သူ၏စွမ်းအားကို ထိန်းချုပ်မထားဘဲ အားကုန်ထုတ်အသုံးပြုလိုက်ကြောင်း လူတိုင်း သိရှိကြသည်။
အဘယ်ကြောင့်ဆိုသော သူ ရင်ဆိုင်နေရသည့် ပြိုင်ဘက်က အနက်ရောင်ဝတ်လူငယ်နှင့် လုံးဝမတူညီသောကြောင့် ဖြစ်သည်။
သို့သော် ထိုမျှပြင်းထန်သော တိုက်ခိုက်မှုဖြင့် ရင်ဆိုင်ရသည့်တိုင် တတိယမြောက်’ရန်ကျောက်ကဲ’ က အရေးမစိုက်ဟန်ဖြင့် ပြုံးလိုက်သည်။
သူ၏ဓာဝိညာဉ်အရှိန်အဟုန်က အနည်းငယ်ပြောင်းလဲသွားသော်လည်း ဓားသွားက ဝါးပင်တစ်ပင်ပမာ အားကောင်းလွန်းလှပြီး မိုင်ထောင်ချီဝေးကွာသော တောင်နှင့်မြစ်ရေများကို တဟုန်ထိုး ဖြတ်ကျော်သွားသည်။
အရပ်မြင့်မြင့်လူငယ်၏လက်ဖဝါးကို ပြိုင်ဘက်၏ဓားတိညာဉ်က ထိုးဖောက်ထွက်သွားပြီး တဟုန်ထိုး ဆက်လက်ဝင်ရောက်သွားသည်။
“ဟင်...”
သေရည်ခန်းမ ၊ သီးသန့်အခန်းထဲတွင်ထိုင်နေသော ရန်ကျောက်ကဲမှာ ဓားဝိညာဉ်ကို တွေ့မြင်လိုက်သည်နှင့် မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။
‘ရှဲ့’ အိမ်တော်တွင် တိုက်ခိုက်နေသော အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူငယ်က သူ၏လက်ဖဝါးကို ရုတ်သိမ်းလိုက်ပြီး လက်ညှိုးသိုင်းထုတ်ဖော်အသုံးပြုကာ ရင်ဆိုင်လိုက်သည်။
သို့သော် ထိုခဏတွင် သွေးများ နေရာအနှံ့ပျံ့ကျဲသွားပြီး အရပ်မြင့်မြင့် လူငယ်လေး၏လက်ညှိုးမှာ ဓားဝိညာဉ်၏ တိကနဲပိုင်းဖြတ်ခြင်းကို ခံလိုက်ရသည်။
ဝေလငါးမျှားမြို့တော်ကို လွှမ်းခြုံထားသော တောင်နှင့်မြစ်ရေ ရှုမျှော်ခင်းများအားလုံး ချက်ချင်းပင် အက်ကွဲပျောက်ကွယ်သွားပြီး ကမ္ဘာလောကကြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူငယ်မှာ နောက်သို့လွင့်ထွက်သွားပြီး လက်တစ်ဖက်က လက်ဖဝါးအလယ်တည့်တည့်တွင် ပေါက်ထွက်နေပြီး ကျန်လက်တစ်ဖက်ကတော့ လက်ညှိုးပြတ်တောက်လျှက် သွေးများရွှဲစိုနေသည်။
တတိယမြောက် ‘ရန်ကျောက်ကဲ’ က ပြုံးလိုက်ရင်း...
“အစစ်က အတုမဖြစ်နိုင်သလို အတုကလည်းအစစ်မဖြစ်နိုင်ဘူး ၊ မင်းကံမကောင်းတာက မင်း ငါ့အဖြစ်ဟန်ဆောင်ထားတာကို စောစောစီးစီး သိလိုက်ရတာပဲ ၊ မဟုတ်ရင် မင်းက လူတွေကိုလှည့်စားဦးမှာ”
ပြောပြီးသည်နှင့် တတိယမြောက် ‘ရန်ကျောက်ကဲ’ ၏ တိုက်ခိုက်မှုက အရပ်မြင့်မြင့်လူငယ်ထံသို့ လျှင်မြန်စွာ ကျရောက်လာသည်။
လူငယ်က ခုခံချင်သေးသည့်တိုင် မျက်စိတစ်မှိတ်အတွင်းမှာပင် ညည်းညူသံတစ်ချက် ထွက်ပေါ်လာပြီး သူ့ရင်ဘတ်ထက်တွင် ကြောက်မက်ဖွယ်ရာ ဒဏ်ရာကြီးတစ်ချက် ထွက်ပေါ်လာကာ မြေပြင်ထက်သို့ လဲကျသွားသည်။
ထိုနေရာတွင် ရောက်ရှိနေသူများက ကျင့်ကြံခြင်းအဆင့် လုံလောက်ခြင်း မရှိကြသဖြင့် တစ်စုံတစ်ခုကို သတိမပြုမိခဲ့ကြပေ။ သို့သော် ရန်သူကိုတိုက်ခိုက်ပြီး လက်ကိုပြန်လည်ရုတ်သိမ်းလိုက်ချိန်တွင် ကျောက်စိမ်းကွင်းတစ်ခု လက်တွင်ဝတ်ဆင်ထားသည်ကို ရန်ကျောက်ကဲ ရှင်းလင်းစွာ တွေ့လိုက်ရသည်။
အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူငယ် မျက်နှာပျက်သွားသည်။
သူ စကားမပြောနိုင်ခင်မှာပင် တစ်ဖက်လူက ပြုံးလျှက်ပင် ထပ်မံတိုက်ခိုက်လိုက်သည်။
ယခုတစ်ခါတော့ လည်ပင်းကိုဓားဖြင့် ထိုးစိုက်လိုက်ခြင်း ဖြစ်၏။
အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူငယ်မှာ လည်ပင်းကိုလက်ဖြင့်အုပ်ထားသော်လည်း အသံတစ်စက်မထွက်နိုင်တော့ဘဲ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း အားပျော့သွားသည်။
ရှဲ့လျန်ထိတ်လန့်သွားပြီး...
“သူ့မှာ ကျင်းထင်တောင်က ကျောက်စမ်းပြားရှိတယ် မဟုတ်ဘူးလား”
တတိယမြောက် "ရန်ကျောက်ကဲ" က...
“ကျောက်စိမ်းပြားက အစစ်ဆိုပေမယ့် သေနေတဲ့လူတစ်ယောက်ဆီက ခိုးလာနိုင်တာလည်း ဖြစ်နိုင်တယ် ၊ ဘာမှ သက်သေပြစရာမရှိဘူး ၊ ပြီးတော့ သူက ကျင်းထင်တောင်ရဲ့ တပည့်တစ်ယောက်လည်းမဟုတ်ဘူး ၊ ကျင်းထင်တောင်ကို အကြောင်းပြပြီး လိမ်လည်နေတဲ့ အတုအယောင်ပဲ”
သူကဆက်ပြောသည်။
“ဒီနေ့ကိစ္စမှာ ဒီ’ရန်’ က သူ့ကိုသတ်လိုက်ရင်တောင် ကျင်းထင်တောင်က အပြစ်တင်မှာ မဟုတ်ပါဘူး”
အနီးပတ်ဝန်းကျင်ရှိလူများမှာ ပတ်ဝန်းကျင်တစ်ခွင်လွှမ်းခြုံနေသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကြောင့် စကားမပြောနိုင် ဖြစ်နေကြသည်။
“ဒီအချိန်မှာ ဒီ’ရန်’ ကို အနိုင်ယူနိုင်မယ့် နောက်ထပ်တစ်ယောက်ထွက်ပေါ်လာရင် ဒီ’ရန်’ ကလည်း အတုပဲဖြစ်နေမှာ မဟုတ်လား”
စကားပြောရင်း သူက အနက်ရောင်ဝတ်လူငယ်ကိုလှမ်းကြည့်လိုက်တော့ လူငယ်က ထိတ်လန့်သွားသည်။
သူက ပြုံးလိုက်ရင်း...
“မင်း ထူးကဲယန်စည်းတံဆိပ်ကို မြင်ချင်သလား ၊ ဒီ ‘ရန်’ က မင်းရဲ့ဆန္ဒဖြည့်ဆည်းဖို့ ကူညီပေးမယ်”
ပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်ထက်တွင် နေရောင်ခြည်အလင်းတန်းများဖြာထွက်လာပြီး ပူပြင်းတောက်လောင်သည့်စွမ်းအားက မြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ရှဲ့လျန်နှင့် အခြားသူများ တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်စွာဖြင့် ကြည့်လိုက်ကြသည်။ စောစောက ဤလူငယ်ပြောသည့်စကားများက မှန်ကန်သည်ဆိုနိုင်သော်လည်း ယခုလိုအနေအထားကို မြင်လိုက်ရခြင်းကတော့ မယုံကြည်နိုင်စရာ ကောင်းလှသည်။
ထိုခဏတွင် ရှဲ့လျန်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ တိတ်တဆိတ်အကြောင်းကြားမှု လက်ခံရရှိသဖြင့် အနည်းငယ်လှုပ်ရှားသွားသလို တုံ့ဆိုင်း၍လည်း သွားသည်။
တတိယ ‘ရန်ကျောက်ကဲ’ က ပြုံးရင်း...
“ဘာလဲ... ငါ့ရဲ့အလင်းပုံရိပ်ကိုရှာဖွေဖို့ ‘ရှဲ့’ သခင်ကြီး လွှတ်လိုက်တဲ့သူ ပြန်ရောက်လာပြီလား ၊ စောစောက ပြောခဲ့သလိုပဲ အမှန်တရားကို အတုလုပ်လို့ မရပါဘူး”
ရှဲ့လျန် အံတင်းတင်းကြိတ်လိုက်သည်။
ဤလူငယ် (၃)ယောက်လုံးက သူတို့ကိုယ်သူတို့ နေဝန်းထက်ယံသခင်လေးဟု ပြောဆိုကြပြီး အလွန်တရာလည်းအစွမ်းထက်ကြကာ ဝေလငါးမျှားမြို့တော်တွင် သူတို့ကိုအနိုင်ယူနိုင်သူ တစ်ယောက်မှ မရှိပေ။
အထူးသဖြင့် သူ့အရှေ့မှ တတိယလူက အလွန်အစွမ်းထက်လှသည်။ ထိုသူက အတုဖြစ်နေကြောင်း ဖော်ထုတ်မိပါက အရှက်ကွဲပြီး မြို့တော်တစ်မြို့လုံး ဖျက်ဆီးပစ်ပါက နောက်ဆက်တွဲဆိုးကျိုးများမှာ တွေးကြည့်၍ပင် မရနိုင်ပေ။
သို့သော် သူ့အရှေ့မှလူငယ်၏ ယုံကြည်ချက်ရှိနေသော အသွင်အပြင်ကို မြင်လိုက်ရသဖြင့် ရှဲ့လျန်က လက်ကိုဝှေ့ယမ်းရင်း...
“သူ့ကို ခေါ်လာခဲ့ပါ”
ခဏအကြာမှာတော့ လူတစ်ယောက်ဝင်လာပြီး...
“အိမ်တော်သခင်...”
ရှဲ့လျန်က အမိန့်ပေးလိုက်သည်။
“ငါတို့တွေ ကြည့်ရအောင်...”
ထိုသူက ကျောက်စိမ်းအင်းချပ်တစ်ခုကို ထုတ်ယူလိုက်ပြီး ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ပေါင်းစည်းလိုက်သည်။ ကျောက်စိမ်းအင်းချပ်လေးအတွင်းမှ အလင်းပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
လူတိုင်းက အသက်ပင်မရှူနိုင်ဘဲ ကျောက်စိမ်းအင်းချပ်အတွင်းမှ ထွက်ပေါ်လာသော အလင်းပုံရိပ်ကို ငေးစိုက်ကြည့်နေကြသည်။
အလင်းပုံရိပ်မှ ရန်ကျောက်ကဲ၏ အသွင်အပြင်ထွက်ပေါ်လာပြီး တတိယ’ရန်ကျောက်ကဲ၏ ပုံရိပ်နှင့် အပြည့်အဝပင် တူညီနေသည်။
လူတိုင်း သံသယမဝင်ရဲတော့ဘဲ သက်ပြင်းချလိုက်ကြ၏။
တတိယမြောက်လူငယ်က ရန်ကျောက်ကဲအစစ်အမှန်ဖြစ်ကြောင်း အဖြေထွက်လာပြီ မဟုတ်ပါလား။
ရှဲ့လျန်နှင့် ဝေလဂိုဏ်းမှ အကြီးအကဲတို့ အလျှင်အမြန် မတ်တတ်ရပ်ပြီး ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။
“နေဝန်းထက်ယံသခင်လေးနဲ့ မျက်နှာချင်းဆိုင်နေရပါလျှက် မသိမမြင်မိလို့ ရိုင်းပျမိရင် ခွင့်လွှတ်ပေးပါ”
တတိယ’ရန်ကျောက်ကဲ’ က ပြုံးလိုက်ရင်း...
“မသိလို့မှားယွင်းတာ အပြစ်မရှိပါဘူး ၊ မင်းတို့က ငါ့ကိုမမြင်ဖူးဘူးဆိုတော့ မလွှဲမရှောင်သာ လှည့်စားခံရမှာပဲ ၊ ဒီနေရာမှာ အတုတွေ (၂)ယောက်တောင်ရှိနေတယ်ကြားလို့ ငါကရောက်လာရတာပါ”
ထိုအချိန် ထို ‘ရန်ကျောက်ကဲ’ ရုတ်တရက် ထိတ်လန့်သွားသည်။
အလွန်တရာ စွမ်းအားပြင်းထန်သော ရောင်ဝါတစ်ခုက ‘ရှဲ့’ အိမ်တော်ဆီသို့ ကျရောက်လာသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ဝင်ရောက်လာသည်ကို လူတိုင်း မှင်တက်စွာဖြင့် ကြည့်နေကြသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက စကားတစ်ခွန်းမဆိုဘဲ လေထဲတွင် လက်ချောင်းများဖြင့် အလင်းစက်ဝိုင်းတစ်ခုရေးဆွဲလိုက်ပြီး အလင်းစွမ်းအားတစ်ခု ဖြစ်တည်လာစေသည်။
ထိုအလင်းရောင်စက်ဝန်းထဲတွင် သေရည်ခန်းမ ၊ သီးသန့်အခန်းထဲတွင် အေးဆေးစွာထိုင်နေသည့် ရန်ကျောက်ကဲကို တွေ့ရသည်။
‘ရှဲ့’ အိမ်တော်တစ်ခုလုံး အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
ထို့နောက်မှာတော့ လူတိုင်း အံ့သြထိတ်လန့်စွာဖြင့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ထို ‘ရန်ကျောက်ကဲ’ နှစ်ယောက်က ခွဲမရအောင် တစ်ထေရာတည်း တူညီနေသည် မဟုတ်ပါလား။