← Chapters

  ဟန်မျိုးနွယ်စု

Vol. 44 Ch. 611

  ဟန်မျိုးနွယ်စု

Vol. 44 Ch. 611

မိုဝူကျီ စကားအဆုံးတွင် ဟန်လုံ လုပ်လိုက်သည့်အတိုင်း  အတုခိုးဖို့  ကြိုးစားကာ လက်ကို မြှောက်ကာ  ဖြတ်လှီးချလိုက်၏။ ထို့နောက် သူက သွေးစက်များ ချလိုက်သည်။

သို့သော်လည်း ဘာမှ ဖြစ်မလာပေ။ မိုဝူကျီက ထူးဆန်းစွာ ပြောလိုက်၏ “ ကျုပ်တို့ တိုက်ရမှာလို့တော့ လာမပြောနဲ့နော် … ”

ဟန်လုံက မြန်မြန် လက်ကာပြကာ  “ မလိုပါဘူး  … ဘာမှ တိုက်စရာ မလိုပါဘူး။ ကျမ လုပ်ပါ့မယ် ”

ထိုသို့ပြောပြီး ဟန်လုံက သွေးများ ထပ်ချလိုက်သည်။ ထိုစဉ် သူမ ပြောသည့်အတိုင်း သူတို့ရှေ့၌ လမ်းကြောင်းတစ်ခု ပေါ်လာသည်။ မိုဝူကျီ စိတ်စွမ်းအားဖြင့် မြင်သည့် တူညီသော လမ်းကြောင်း ဖြစ်၏။

“တာအိုရောင်းရင်းဟန်က  ရှေးဟောင်းသွေးမျိုးဆက်လား ” မိုဝူကျီက ဟန်လုံအား  ဇဝေဇဝါကြည့်ကာ မေးလိုက်သည်။

ဟန်လုံက ခေါင်းခါပြကာ  “ ကျမလည်း မသိဘူး ။  ဒီအဆင့်အထိ ကျင့်ကြံလာနိုင်တာက သွေးမျိုးဆက်နဲ့တော့ ပတ်သတ်မှု မရှိဘူး   ကျမကိုယ်တိုင် ကြိုးစားခဲ့ရတာ … ”

မိုဝူကျီက အနည်းငယ် နားမလည်သေးသော်လည်း ထပ်မမေးတော့ပေ။ နှစ်ယောက်သား လမ်းကြောင်းအဆုံးထိ သွားလိုက်ကြပြီးနောက် အင်မော်တယ်အရုပ်ကို မြင်လိုက်ကြရသည်။ အချိန်အတော်ကြာ မလှုပ်ရှားဘဲ ရှိနေရာ  ဝိညာဉ်စွမ်းအားများမှာလည်း  သိသိသသာသာ လျော့ပါးနေလေ၏။

အင်မော်တယ်အရုပ်နောက်၌ မှိန်ဖျော့ဖျော့ အင်မော်တယ် ဆေးဥယျာဉ်ပုံရိပ်  အမှန်ပင် ရှိနေသည်။

“ ကျမက အစီအရင်အကြောင်း နည်းနည်း သိထားတယ်။ ကျမတို့တွေ ပေါင်းတိုက်ရင်  ဒီအစီအရင်ကို ဖွင့်ဖို့ အနည်းဆုံး သုံးနှစ်တော့ လိုလိမ့်မယ် ” ဟန်လုံက အင်မော်တယ်အရုပ်နောက်မှ အစီအရင်ကို ညွှန်ပြကာ ပြောလိုက်သည်။

မိုဝူကျီက လက်ကာပြကာ  “ အစီအရင်အတွက် စိုးရိမ်ဖို့ မလိုပါဘူး ။ အရင်ဆုံး  အင်မော်တယ်အရုပ်ကို လေ့လာကြည့်လိုက်ဦးမယ် ”

ထိုအင်မော်တယ်အရုပ်က အင်မတန် ရုပ်ဆိုးရာ  ထုလုပ်သည့်သူက  ထိုအရုပ်၌ များစွာ အားစိုက်မှု မထုတ်ခဲ့ကြောင်း သိသာလှသည်။ အကယ်၍  ဤသို့ဆိုလျှင် အရုပ်၏ အဆင့်မှာ  အဆင့်မမြင့်လောက်ချေ။ သို့သော်လည်း  မိုဝူကျီက အင်မော်တယ်အရုပ်အတွင်းမှ အားကောင်းသည့် စွမ်းအားတချို့ကို ခံစားမိနေသည်။ သူက အရုပ်ရှေ့ ရောက်သွားစဉ်  သူ့အနေဖြင့်  ပုရွက်ဆိတ်တစ်ကောင်မျှပင် မရှိကြောင်း ခံစားမိလာသည်။

မလှုပ်ရှားနိင်သည့် အရုပ်က  ထိုသို့မျိုး ထူးထူးဆန်းဆန်း ခံစားချက်ပေးစွမ်းနေသည်မှာ အမှန်ပင် ထူးခြားလှသည်။

မိုဝူကျီက အင်မော်တယ် ဝိညာဉ်စွမ်းအားတချို့ကို စုစည်း၍ အင်မော်တယ်အရုပ်ကို ရိုက်ချကြည့်လိုက်သည်။

ထိုအင်မော်တယ်အရုပ်က ဒေါသထွက်လာသည့်အလား မလှုပ်မရှား လက်မောင်းကို ရုတ်ချည်း လှုပ်ကာ မိုဝူကျီအား တိုက်ခိုက်လိုက်၏။

မိုဝူကျီက မတုံ့ပြန်နိုင်လိုက်ခင်  ပြင်းထန်သည့် အားတစ်ခု သူ့ဆီ ကျရောက်လာသည်ကို ခံစားမိလိုက်သည်။ မိုဝူကျီက  ထိုအားကို မခုခံနိုင်ဘဲ  သူ့ရင်ဘတ်အပေါ်သို့ အားပြင်းစွာ ကျရောက်လာသည်။  နောက်သို့ လွှင့်စင်သွားကာ လမ်းကြောင်းပေါ် ပြန်ပြုတ်ကျလာပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။

“ အင်မော်တယ်အရုပ်ကို ထိလို့ မရဘူး။ အဲဒီမှာ ဝိညာဉ်စွမ်းအားတွေ မရှိတော့ပေမဲ့  ပြန်လည်တိုက်ခိုက်နိုင်စွမ်းက အံ့မခန်းပဲ  ….  ကျမလည်း တစ်ခါ ခံရဖူးတယ် ”  မိုဝူကျီက အရုပ်ကို တိုက်ခိုက်လိုက်သည်ကို မြင်၍  ဟန်လုံက စိုးရိမ်တကြီး အော်ပြောလိုက်သည်။

မိုဝူကျီက မြေပေါ် ထိုင်ချကာ  ဟန်လုံအား ဆက်မပြောရန်  လက်ဝှေ့ပြလိုက်သည်။  သူက အင်မော်တယ် အရုပ်၏ တိုက်ခိုက်မှုကို ပြန်လည် သုံးသပ်ကြည့်နေပြီး ထိုတိုက်ခိုက်မှု၌  ဖော်ပြ၍ မရသည့် တာအိုစွမ်းအားတမျိုး ပါဝင်နေသည်။ အလွန်ရိုးရှင်းနေဟန် ပေါ်သော်လည်း  ထိုတိုက်ကွက်မှာ  ကြီးမြတ်သည့် တာအိုစွမ်းအားများ ပါဝင်နေလေသည်။ ထိုအရာက ရိုးရှင်းမှုကြားမှ ရှုပ်ထွေးမှုကို ပေးစွမ်းနေသည်။  ထိုတိုက်ကွက်မှာ  သူတို့နှစ်ယောက်ကြားမှ လေဟာနယ်တစ်ခုလုံးကို ဆွဲကိုင်ကာ သူ့ဆီ တိုက်ခိုက်လိုက်သည့်အလား  ဖြစ်၏။

ထိုစဉ် မိုဝူကျီ စိတ်ထဲ ဉာဏ်အလင်း တစ်ခု ရလာသည်။ ထိုသို့မျိုး အင်အားမှာ  အင်မော်တယ်ဘုရင်နှင့်အထက်သာ ဖော်ပြနိုင်သည့် အင်အားမျိုး ဖြစ်ပြီး  ကောင်းကင်တာအို စွမ်းအားများ ပါနေရာ  ပုံမှန်ရိုးရှင်းသည့် လက်ဟန်တစ်ခုဖြင့်  ထူးခြားဆန်းကျယ်မှုကို ဖန်တီးယူနိုင်သည်။

မိုဝူကျီ၏ ကျင့်ကြံခြင်း လမ်းစဉ်အရ သူက ကိုယ်ပိုင် ကျင့်စဉ်နှင့်  တိုက်ကွက်များကို ဖန်တီးခဲ့သောကြောင့်  ထိုအရုပ်၏ တိုက်ခိုက်မှုမှ တဆင့်  သူက တာအိုစွမ်းအားအကြောင်း  ဖမ်းဆုပ်နိုင်ခဲ့သည်။ ထိုတာအိုစွမ်းအားမှာ  မိုဝူကျီ၏ တာအို အသိဉာဏ်ပွင့် လမ်းကြောင်းတွင် လှည့်ပတ်နေပြီးနောက် မိုဝူကျီက တာအိုအကြောင်း  နားလည်သဘောပေါက်လာသည်။

ဘေးတွင် ဟန်လုံက မိုဝူကျီသည် နားလည်သဘောပေါက်သည့် အခြေအနေတစ်ခု ကျရောက်နေကြောင်း ခံစားမိ၍  စကားတစ်ခွန်းမှ မပြောဘဲ ဘေးမှ တိတ်တဆိတ် စောင့်နေသည်။

ရက်အတော်ကြာပြီးနောက် မိုဝူကျီက  ရုတ်ချည်း မတ်တတ်ရပ်လိုက်သည်။ သူက သက်ပြင်းရှည်ကြီး ချကာ  ရေရွတ်လိုက်၏  “ ငါ နားလည်သွားပြီ ”

သူက နားလည်သဘောပေါက်သွား၏။  သူ့အနေနှင့် အဆင့် ၇ ဆေးလုံများကို အဘယ်ကြောင့် မဖော်စပ်နိုင်လဲ ဆိုသည့် အကြောင်းအရင်းကို သဘောပေါက်သွား၏။ အဆင့် ၇ ဆေးလုံးများမှာ မဟာလော့ရှန်းအဆင့်မှ အင်မော်တယ်ဘုရင်အဆင့် ရောက်လာစေဖို့ ရည်ရွယ်ထားသည့်အတွက် ထိုသို့မျိုး  ဆေးလုံးများ၌ ကောင်းကင်တာအို  သို့မဟုတ် အင်မော်တယ်ဘုရင်နှင့်အထက် တာအိုစွမ်းအားများ  ပါဝင်နေသင့်ပေသည်။

သူက မဟာယီရှန်းအဆင့်မျှသာ   ရှိသေးသောကြောင့် ထိုသို့မျိုး တာအိုစွမ်းအားများနှင့် အထိအတွေ့ မရှိသေးပေ။ သူ့အနေဖြင့် အဆင့် ၇ ဆေးလုံးကို ဖော်စပ်နိုင်မှသာ ထူးဆန်းနေပေလိမ့်မည်။ ထိုအရာက သူ့ဆေးလုံးတာအိုအဆင့်နှင့် သက်ဆိုင်မှု မရှိချေ။

သို့သော် ယခုတွင် သူက ကောင်းကင်တာအိုကို လက်ဆုပ်လက်ကိုင် မိထားပြီး ထိုတာအိုကို သူ့တာအို အသိဉာဏ်ပွင့် လမ်းကြောင်း၌ အနည်းငယ် ပြန်လည် တွေးတောကြည့်နေမိသည်။ မိုဝူကျီက  မဟာယီရှန်းအဆင့်၌  အဆင့် ၇ ဆေးလုံး ဖော်စပ်နိုင်တော့မည်ဟု ယုံကြည်ချက် ရှိနေလေပြီ။

ဤတစ်ကြိမ် သူ လာခဲ့ရသည့်ခရီးကား  အလကား မဖြစ်ခဲ့ပေ။ ဉာဏ်အလင်းပွင့်ခဲ့ခြင်း တစ်ခုတည်းနှင့်ပင် တန်နေလေပြီ။

“ ဒီအရုပ်က မဆိုးဘူးပဲ  …. ကျုပ် သိမ်းထားမိချင်သား  ”  မိုဝူကျီက  အရုပ်ဆီမှ မျက်လုံးခွာကာ  ဟန်လုံအား ကြည့်ရင်း ပြောလိုက်သည်။

ဟန်လုံက ပြုံးကာ  “ ကျမက အရုပ်ကို စိတ်မဝင်စားပါဘူး  …. ဆေးလုံးဆရာမို လိုချင်ရင်  စိတ်ကြိုက် ယူလို့ ရပါတယ် ”

ဟန်လုံက အင်မော်တယ်ဘုရင် အဆင့် ရောက်ဖို့သာ စိတ်ဝင်စားပြီး ထိုအဆင့်၇ အင်မော်တယ် အရုပ်အား စိုးစဉ်းမျှ စိတ်မဝင်စားပေ။ ထို့အပြင် ထိုအရုပ်မှု အင်မတန် ရုပ်ဆိုးလှရာ မိန်းကလေး တစ်ယောက်အနေနှင့်  လှလှပပကိုသာ သဘောကျနှစ်သက်ပေသည်။ သားရဲပင် ဖြစ်စေ၊ အရုပ်ပင် ဖြစ်စေ သူမက ချစ်စရာကောင်းသည့်အရာများသာ  အလိုရှိ၏။

“ တာအိုရောင်းရင်းဟန်ကို ကျေးဇူးတင်ပါတယ် … ကျုပ် ဒီအရုပ်ကို ပြန်လည်မွမ်းမံ သန့်စင်ပြီးရင်  ဒီအစီအရင်ကို ဖျက်ကျတာပေါ့ ”  မိုဝူကျီက မြန်မြန် ကျေးဇူးတင်လိုက်သည်။ သူ့အမြင်အရ ထိုအရုပ်မှာ အဆင့် ၇ မျှဖြင့် မရိုးရှင်းပေ။ ထိုအရုပ်မှာ  အဆင့် ၈ နောက်ဆုံး သို့မဟုတ် အဆင့် ၉ အထိ ဖြစ်နိုင်ကြောင်း သံသယဝင်မိနေ၏။

သူက ထိုအရုပ်ကို မတိုက်ခိုက်လျှင်  ထိုအရုပ်လည်း ပြန်လည်  မတိုက်ခိုက်ပေ။ မိုဝူကျီက ထိုအရုပ်ဆီ ချည်းကပ်သွားပြီး  သူ့စိတ်စွမ်းအားဖြင့်  ဝင်ရောက်ကြည့်လိုက်သည်။

မိုဝူကျီက  အင်မော်တယ်အရုပ်အတွင်းရှိ မြောက်များစွာသော သင်္ကေတများနှင့် ပဟေဠိဆန်ဆန် အစီအရင်များကို တွေ့သည့်အခါ သူ့အစီအရင်တာအို အသိဉာဏ်ကား ညွှန်းဆိုဖို့ရာ မထိုက်တန်သေးကြောင်း သတိပြုမိသွား၏။  မိုဝူကျီက  အများစုကို သင်ယူဖို့ရာ မပြောနှင့် နားပင်  မလည်ချေ။  ကံကောင်းစွာ သူက အရုပ်ကို ပြန်လည် မွမ်းမံသန့်စင်ရုံမျှ ဖြစ်ပြီး  ထိုအစီအရင်များအကြောင်း သင်ယူဖို့ မလိုအပ်ပေ။

မိုဝူကျီ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့်  အသိစိတ်ပင်လယ်မှ စိတ်စွမ်းအားများကို  အရုပ်ပေါ် ဖြန့်ကျက်ထားလိုက်သည်။ မကြာခင် သူက မည်သည့်နေရာတွင် ရှိနေသည်ကိုပင် မေ့လျော့သွားလိမ့်မည်။ အကယ်၍ သူ့ဘဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းကြောင့်သာ မဟုတ်လျှင် မည်သူမဆို သူ့အား အလွယ်တကူ လုပ်ကြံနိုင်လိမ့်မည်။

မိုဝူကျီက ထိုအရုပ်ကို  စတင်မွမ်းမံသန့်စင်လိုက်သည်နှင့် ဟန်လုံက သက်ပြင်းချလိုက်သည်။ မိုဝူကျီက အချိန်အတော်ကြာ နိုးထလာဦးမည် မဟုတ်ကြောင်း သိနေ၏။  သူမ၏ အစီအရင် တာအို အဆင့်အရ ထိုအစီအရင်ကို တစ်ယောက်တည်း ချိုးဖျက်ရန် မဖြစ်နိုင်ချေ။ သူမက ထိုအရာကို တွေးမိ၍  သူမ၏ အင်မော်တယ် သဘာဝစွမ်းအားများကို စုစည်းထားရန် လေ့ကျင်ဖို့ ဆုံးဖြတ်လိုက်သည်။

အချိန်များစွာ ကုန်ဆုံးသွားကာ မျက်စိတစ်မှိတ်အတွင်း တစ်နှစ် ကုန်ဆုံးသွားလေ၏။

တစ်ရက်၌  အရုပ်မှ နားကွဲလုမတတ် အသံများကို ထုတ်လွှင့်နေလေသည်။ မျက်လုံးပိတ်ထားသော ဟန်လုံပင် ချက်ချင်း မျက်လုံးဖွင့်ကြည့်လိုက်ပြီးနောက် မိုဝူကျီမှာ  ပြုံးပန်းများ ဝေလျက်  ကလေးအရွယ် အင်မော်တယ်အရုပ်ကို ဂရုတစိုက် ထိကိုင်နေသည်ကို မြင်တွေ့လိုက်ရသည်။

“ ဆေးလုံးဆရာမို  အင်မော်တယ်အရုပ်ကို မွမ်းမံပြီးသွားပြီလား  ” ဟန်လုံက  မိုဝူကျီ၏ အမူအယာကို ကြည့်ရုံဖြင့် သူအောင်မြင်သွားကြောင်း တန်းသိလိုက်သည်။

မိုဝူကျီက ခေါင်းညိတ်ကာ  “ ကျုပ်ကို ဒီနေရာ ခေါ်လာတဲ့အတွက်ရော ၊ ကျုပ်ကို ကာကွယ်ပေးတဲ့အတွက်ရော  ကျေးဇူးတင်ပါတယ် ။ ဒီအရုပ်က ကျုပ်အတွက် အတော်လေး အသုံးဝင်တယ် ”

“ ဒီအရုပ်ရဲ့ အဆင့်က ဘယ်လောက်လဲ  ” ဟန်လုံက သိချင်စိတ်ကို မချိုးနှိမ်နိုင်ဘဲ မေးလိုက်သည်။

မိုဝူကျီက  ချင့်ချိန်စဉ်းစားလိုက်ပြီးနောက်  ခေါင်းခါကာ  “ ကျုပ် မပြောပြချင်လို့ မဟုတ်ဘူး။ ကျုပ်ကိုယ်တိုင်လည်း  အဲဒီအရုပ်ရဲ့ အဆင့်ကို  မပြောတတ်သေးဘူး။ ဒီအရုပ်က အနည်းဆုံး အဆင့် ၉ တော့ ရှိမယ်ထင်တယ်။ ဒါပေမဲ့  ကျုပ်က အင်မော်တယ် ဧကရာဇ် တိုက်ခိုက်တာကို မမြင်ဖူးတော့  ဒီအရုပ်နဲ့ အင်မော်တယ် ဧကရာဇ်ကြားက ကွာခြားချက်ကို ကျုပ် မပြောတတ်ဘူး။ ဒါပေမဲ့ ဒီအရုပ်ကို အင်မော်တယ် ကျောက်တွေ သုံးပေးရတာ မဟုတ်ဘူး  ”

“ အာ …..” သူမက ထိုအရုပ်အကြောင်း ကြားသောအခါ ဟန်လုံ၏ အမူအယာမှာ တုန်လှုပ်မှုမှ စိတ်ရှုပ်ထွေးသွားလေ၏။ သူမက မိုဝူကျီကို နားမလည်စွာ ကြည့်လိုက်ပြီး  - တကယ်လို့ ဒီအရုပ်က အင်မော်တယ်ကျောက် မသုံးရင် ဘယ်ဟာကို သုံးမှာလဲ  ….

မိုဝူကျီက ဟန်လုံကို လိမ်ညာနေခြင်း မဟုတ်ပေ  “  သူ့ကို စွမ်းအားပေးထားတဲ့ ကျောက်က  အင်မော်တယ်ကျောက်ထက် ပိုအဆင့်မြင့်တယ်လို့ ခံစားမိတယ်။ အရုပ်ရဲ့ အဆင့်က မနိမ့်ပေမဲ့လည်း  အပြည့်အဝ အားကုန် ထုတ်မပြနိုင်သေးဘူး  ”

မိုဝူကျီက ပြောလိုက်ပြီးနောက် နောင်တရမိလာသည်။

“ ကျမတို့တွေ အထဲမှာ ကျောက်ကို ရှာတွေ့ရင် တွေ့မှာပါ။ အစီအရင်ကို  အတူတူ ကြိုးစားဖွင့်ကြတာပေါ့ ” ဟန်လုံက အရုပ်နောက်မှ အစီအရင်ကို ညွှန်ပြကာ ပြောလိုက်သည်။

“ ကျုပ် တစ်ယောက်တည်းနဲ့ လုံလောက်ပါတယ်။ တကယ်တော့ ဒီနေရာမှာ ပထမအဆင့်  ဒီအရုပ်ကို မွမ်းမံသန့်စင်လိုက်ရင် ကျုပ်တို့တွေ အစီအရင်ကို ဖွင့်နိုင်လာလိမ့်မယ် ” မိုဝူကျီက ရှင်းပြလိုက်၏။ သူက အင်မော်တယ်အရုပ်ကို မွမ်းမံပြီးနောက် ဤအစီအရင်ကို နားလည်သွားလေပြီ။

တကယ်တော့  သူက ဤအရုပ်ကို  မမွမ်းမံရသေးခင်ကတည်းက  ဤအစီအရင် မည်သို့ ဖွင့်ရမည်ကို သိထားပြီးသား ဖြစ်၏။  သို့သော်လည်း သူ့စိတ်ဝိညာဉ်မျက်လုံးကို အသုံးပြုရမည် ဖြစ်ရာ ယခုတွင်မူ စိတ်ဝိညာဉ်မျက်လုံးကို အသုံးပြုစရာ မလိုအပ်တော့ပေ။ အစီအရင်အလံ ဆယ်ခုဖြင့် အသက်ရှုကြိမ်အနည်းငယ်အတွင်း အစီအရင်က ပွင့်လာ၏။

ဟန်လုံက  နှစ်ချီ၍ အချိန်ယူကာ ဖွင့်ရမည့် အစီအရင်က  မိုဝူကျီက အချိန်တိုလေးအတွင်း ဖွင့်ပြသွားလိမ့်မည်ဟု မျှော်လင့်မထားပေ။ သူမက မချီးကျူးခင် သူမရှေ့တွင် ရှိနေသော ရုပ်တုကြောင့် ကြောင်အမ်းမိသွားသည်။

ထိုရုပ်တုက သူမနှင့် ဆင်တူပြီး  အထူးသဖြင့် မျက်လုံးနှင့် နှာခေါင်း ဖြစ်၏။ ထိုအရာမှာ အဓိကအချက် မဟုတ်ပေ။ အဓိကအချက်က သူမအနေဖြင့် ထိုရုပ်တုကို မှတ်မိနေခြင်း ဖြစ်၏။ ထိုရုပ်တုမှာ  သူမ၏ ဟန်မျိုးနွယ်စု ဘိုးဘေး ဖြစ်သည့် ဟန်ယီနှင့်  ၉၀ ရာခိုင်နှုန်းလောက်အထိ  ဆင်တူနေ၍ ဖြစ်သည်။ ဟန်လီမှာ မျှော်လင့်ချက် မြင့်မားဂြိုလ်တစ်ခုလုံး၌ နံပါတ်တစ် ကျင်ကြံသူ ဖြစ်ပေသည်။ ဟန်ယီကြောင့်သာ  ဟန်မျိးနွယ်စု တစ်ခုလုံး နာမည်ကျော်ကြားလာခြင်း ဖြစ်ပြီး ဤနှစ်များစွာအတွင်း  မည်သူကမှ ဟန်မျိုးနွယ်စုကို ရန်မစရဲခြင်း ဖြစ်ပေ၏။

မိုဝူကျီက ထိုရုပ်တုမှာ ဟန်လုံနှင့် တူသယောင်ယောင် ဖြစ်ကြောင်း သတိပြုမိလိုက်၏။ သူ့စိတ်စွမ်းအားက ရုပ်တုလက်ထဲရှိ ကျောက်စိမ်းပေလွှာဆီ ရောက်ရှိသွားရာ  အကြောင်းအရာများကို  ချိတ်ပိတ်မထားသဖြင့် မိုဝူကျီက အလွယ်တကူ မြင်တွေ့လိုက်ရသည်  “ မင်းက ဒီနေရာအထိ ရောက်လာမှတော့  ဟန်မျိုးနွယ်စုနဲ့ ဆက်စပ်နေတာပဲ ဖြစ်ရမယ်။ ငါ့နာမည်က ဟန်ယီပါ …. မျှော်လင့်ချက် မြင့်မားဂြိုလ်ရဲ့ ဟန်မျိုးနွယ်စုက ရောက်လာတာပါ …..  အထက်ဘုံမှာ  ဟူချီရှန်းရဲ့လုပ်ကြံမှုကို ခံခဲ့ရပြီး  မဟာကင်းမဲ့ပင်လယ်နယ်ပယ်ထဲ ထွက်ပြေးခဲ့ရတယ်။ ဟူချီရှန်းက အရမ်းအားကောင်းတယ်။ အဲဒါကြောင့်  ဒီသိုလှောင်လက်စွပ်ကို ဘယ်သူပဲ ရရ  ငါ့အတွက် လက်စားချေပေးစရာ မလိုဘူး ………

ဒီအင်မော်တယ်အရုပ်က အင်မော်တယ်လောက က မဟုတ်သလို  အထက်ဘုံကလည်း မဟုတ်ဘူး။ ငါက အခွင့်တိုက်ဆိုင်လို့ ရခဲ့ရုံပဲ  …. ပြီးတော့ လက်စွပ်ထဲမှာ အရုပ်ကို စွမ်းအားပေးနိုင်တဲ့ ကျောက်ရှစ်ခု ရှိတယ် … ချွေချွေတာတာ သုံးပါ။ လက်စွပ်ကို သွေးနဲ့ မွမ်းမံပေးရမယ်။ မဟုတ်ရင် ပျက်စီးသွားလိမ့်မယ် ”

ဟန်လုံက ကျောက်စိမ်းပေလွှာကို ကိုင်ထားပြီးပြီ ဖြစ်ရာ သူမလည်း ပါဝင်အကြောင်းအရာများကို မြင်တွေ့လိုက်ရသည်။

“ ဗုန်း ” ကျောက်စိမ်းပေလွှာက မြေပြင်ပေါ် လွှတ်ကျသွားသည်။ သူမအနေဖြင့်  ဘိုးဘေး  ဟန်ယီကို ရှာမတွေ့နိုင်သည်မှာ မထူးဆန်းတော့ပေ။ သူမ ဘိုးဘေးက မဟာကင်းမဲ့ပင်လယ်နယ်ပယ်ထဲ ပျောက်ကွယ်သွားလေပြီ။  ဤနေရာကို ဖြတ်သန်းသွားစဉ် တစ်ယောက်ယောက်က သူမအား  ခေါ်နေသလို ခံစားရသည်မှာလည်း မထူးဆန်းတော့ချေ။ ဤနေရာမှာ ဟန်မျိုးနွယ်စု  ဘိုးဘေးက ပြင်ဆင်ထားသော နေရာ ဖြစ်နေလေ၏။

မိုဝူကျီက တစ်ခုကို နားလည်သွားမိသည်။ ဤနေရာမှာ ဟန်မျိုးနွယ်စု၏ ဘိုးဘေးနေရာ ဖြစ်ပေသည်။ ဟန်လုံက ဤနေရာကို ဝင်နိုင်သည်မှာ ရှေးဟောင်းသွေးမျိုးဆက်ကြောင့် မဟုတ်ဘဲ သူမအတွင်း စီးဆင်းနေသော ဟန်မျိုးနွယ်စု သွေးများကြောင့် ဖြစ်ပေ၏။

အမြင်နှင့်တင်   သူ ရရှိထားသော အရုပ်မှာလည်း ဟန်လုံ အပိုင် ဖြစ်ပေလိမ့်မည်။ ထိုအရာက မိုဝူကျီကို အနည်းငယ် စိတ်ပျက်သွားစေသည်။ သို့သော်လည်း သူ့စိတ်ပျက်မှုကို ဘေးဖယ်ထားလိုက်ရသည်။ ထိုအရုပ်မရှိလျှင်ပင် သူ့အနေဖြင့်  ကျော့ဖျင်အန်းနှင့်  ညှိနှိုင်းဆွေးနွေးနိုင်သေးသည် မဟုတ်ပါလော။ အင်မော်တယ်လောက၌ ပြေးစရာ နေရာ မရှိကြောင်း မယုံပေ။

အချိန်ခဏအကြာတွင် ဟန်လုံက လက်စွပ်ဆီ စိုးရိမ်တကြီး လျှောက်လှမ်းလာလေ၏။ ထိုအပေါ် သွေးတစ်စက်ချလိုက်သည့်အခါ လက်စွပ်က သူမလက်ထဲ ရောက်ရှိလာသည်။ ထို့နောက် လက်စွပ်က ပျောက်ကွယ်သွားကာ ရုပ်တုက ကျိုးအက်လာသည်။

မိုဝူကျီက တစ်ခွန်းမှ မပြောပေ။

ဤနေရာတွင် အင်မော်တယ်ဆေးပင်များ ရှိသော်လည်း ညိုးနွမ်းနေလေပြီ။ အစီအရင် ပြင်ပတွင် ရှိစဉ်က ဧကရာဇ်တာအိုအသီးမှာ  ပုံမှန် ဖြစ်နေသော်လည်း  မိုဝူကျီ ဝင်လိုက်သည်နှင့်  ထိုအထဲ၌ ဝိညာဉ်စွမ်းအားလည်း မရှိသလို တာအိုစွမ်းအားလည်း မရှိတော့ကြောင်း ခံစားမိလိုက်သည်။

***

All Chapters