အလယ်အလတ် ဝိညာဉ်ကြားခံနယ်အဆင့်
Vol. 56 Ch. 765
နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ဆေးလုံးသန့်စင်ခြင်း ပညာရပ်များမှာ သူတို့၏ အဆောင်ပစ္စည်းသန့်စင်ခြင်း ပညာရပ်များလောက် အဆင့်မမြင့်ကြပေ။ သူတို့မှာ ဆေးလုံးများကို ခိုးယူလျှင်ခိုးယူ သို့မဟုတ် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကာ အခြား လူမှုအဖွဲ့အစည်းများနှင့် လဲလှယ်မှုများပြုလုပ်ကြသည်သာ ဖြစ်သည်။
သူတို့မှာ ဆေးလုံးသန့်စင်ခြင်းပညာရပ်တွင် ကျွမ်းကျင်မှု မရှိကြပါသော်လည်း သက်တမ်းရင့် လူမှုအဖွဲ့စည်းတစ်ခုဖြစ်ရာ နာမည်ကျော်ဆေးလုံးများနှင့် ၎င်းတို့၏ အကျိုးအာနိသင်များနှင့် ပတ်သတ်လာလျှင် ဗဟုသုတ နှံ့စပ်ကြပေသည်။ ထိုဆေးလုံးများထဲတွင် အဆင့်မြင့် ထာဝရဆေးလုံးလည်း အပါအဝင် ဖြစ်၏။
ထိုဆေးလုံးကို သက်တမ်းရင့် လူမှုအဖွဲ့အစည်းတိုင်း ဖော်စပ်နိုင်သည်တော့ မဟုတ်ပေ။ အကြီးစား လူမူအဖွဲ့အစည်းအချို့သာလျှင် ၎င်းအား ဖန်တီးသန့်စင်နိုင်စွမ်း ရှိကြ၏။ ထိုဆေးလုံးအား ဖော်စပ်နိုင်ရန် အချို့သော အမည်မသိ ဖော်စပ်နည်းများကို လိုအပ်သောကြောင့် ၎င်းအား ဖော်စပ်နိုင်သည့် လူမှုအဖွဲ့အစည်း အရေအတွက်မှာ နည်းပါးနေရခြင်းဖြစ်သည်။ ထိုဆေးလုံး၏ အဓိက အာနိသင်မှာ သာမန်ကျင့်ကြံသူများအား ဝိညာဉ်ကြားခံနယ်အဆင့်မှ ထာဝရဝိညာဉ်အဆင့်သို့ ဖောက်ထွက်နိုင်ရန် ကူညီပေးနိုင်ခြင်းပင်။ တစ်ချိန်ထဲမှာပင် ၎င်းအား ဖော်စပ်ရာ၌ အသုံးပြုထားသည့် အမည်မသိ ဖော်စပ်နည်းများကြောင့် ထိုဆေးလုံးအား တားမြစ်ဆေးတစ်မျိုးအဖြစ် သတ်မှတ်နိုင်ပေသည်။ ကျင့်ကြံသူများမှာ ထိုဆေးလုံးအား တစ်သက်တွင် တစ်ကြိမ်သာ သုံးစွဲခွင့်ရှိပြီး တစ်ကြိမ်ထက်ပို၍ သုံးစွဲလိုက်မည်ဆိုပါက ဘေးထွက်ဆိုးကျိုးများကို အပြင်းအထန် ခံစားရမည်ဖြစ်သည်။
ထို့ကြောင့် ထိုဆေးလုံးမှာ တားမြစ်ဆေးတစ်မျိုး ဖြစ်နေသည့်တိုင်အောင် အစွမ်းအာနိသင်များကို ပိုင်ဆိုင်ထားသဖြင့် အသေးစား လူမှုအဖွဲ့အစည်းများထဲတွင် အလွန်အင်မတန်မှ တန်ဖိုးမြင့်ပေးသည်။ သို့သော် ၎င်းအား ရောင်းချနိုင်သည့်လူများ မရှိကြပေ။
ဝမ်ပေါင်လဲ့မှာ အပြင်ထွက်ကာ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အဆင့်မြင့် ထာဝရဆေးလုံးအား စစ်သင်္ဘော ဆယ်စင်းနှင့် လဲလှယ်လိုသည့် လူများ ရှိနေကြောင်း သိခဲ့ရသည်။ ထို့ကြောင့် သူသည် အံ့အားသင့်သွားရ၏။
" ဒီဆေးလုံးက ဘယ်ကောင့်ဟာလဲဟ။ ငါတော့ ပွတာပဲ " ဝမ်ပေါင်လဲ့မှာ ထိုဆေးလုံးအား စိုက်ကြည့်ရင်း ပျော်ရွှင်ကျေနပ်သွား၏။ သူသည် ၎င်း၏ ပိုင်ရှင်မှာ မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း မမှတ်မိနိုင်ဘဲ ဖြစ်နေရသည်။ အကယ်၍ ၎င်းမှာ မြည်းလေး ယူခဲ့သည့် ပစ္စည်းများထဲမှတစ်ခု ဖြစ်နေမည်ဆိုပါက နဂါးနက်တပ်ရင်းမှာ ၎င်းအား ပိုင်ဆိုင်ထားခဲ့ခြင်း ဖြစ်ရပေမည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် ပျော်ရွှင်ကျေနပ်သွားရ၏။ သူသည် နည်းလမ်းမျိုးစုံသုံးကာ စစ်ဆေးကြည့်ခဲ့ပြီးနောက် ထိုဆေးလုံးမှာ အပြစ်အနာအဆာများ ရှိမနေကြောင်း သိခဲ့ရသည်။ ထို့အပြင် သူသည် မလိုလားအပ်သည့် ပြဿနာများ ပေါ်ပေါက်လာမည် စိုးသောကြောင့် ထိုဆေးလုံးထဲမှ အမှုန့်အနည်းငယ်ခန့် ခြစ်ထုတ်ကာ မြည်းလေးအား တိုက်ကျွေးခဲ့သေးသည်။ ထိုအခါမှသာ သူသည် ထိုဆေးလုံးမှာ လုံးဝအန္တရာယ်မရှိကြောင်း သေချာသွား၏။
ထို့ကြောင့် သူသည် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး လေချွန်နေလိုက်တော့သည်။ မြည်းလေးမှာမူ သူ့အား မကျေမချမ်းဖြစ်နေသည့် အမူအရာဖြင့် စိုက်ကြည့်နေ၏။
" ငါ ဒီ ထာဝရဆေးလုံးကို မသောက်ခင် အရင်ဆုံး အောင်ပွဲခံသင့်တယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် မုန့်များကို ထုတ်ယူကာ အားပါးတရ ဝါးစားလိုက်၏။ ထို့နောက် သူသည် ဝိညာဉ်ရေခဲရေ ဘူးပေါင်းများစွာကို သောက်သုံးလိုက်ပြန်သည်။ နောက်ဆုံးတွင် သူသည် ကျေနပ်အားရနေသည့် အမူအရာဖြင့် သူ၏ဗိုက်ကိုပုတ်ကာ သက်ပြင်းအရှည်ကြီး ချလိုက်တော့သည်။
" ကိုယ်ပွားတစ်ခု ရှိနေတာ ကောင်းသားပဲ။ ဘယ်လောက်စားစား ဝလာတော့မှာ မဟုတ်ဘူး။ နောက်တစ်ခါ ငါ တစ်ခုခု စားချင်လာတဲ့ အချိန်ကျရင် ငါ့ရဲ့ကိုယ်ပွားကို စားခိုင်းလိုက်မယ်... ဒီလို အကြံအစည်မျိုးကိုမှ တွေးမိရတယ်လို့... ဉာဏ်ကောင်းလိုက်တဲ့ ငါလေး " ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောနေပြီး သူသည် အလွန်အင်မတန်မှ ဖြတ်ထိုးဉာဏ်ကောင်းသည့် လူတစ်ယောက်ဖြစ်သည်ဟု မှတ်ယူလိုက်၏။ သူသည် ထိုကဲ့သို့ သူ့ကိုယ်သူ ပျော်ရွှင်ကျေနပ်နေစဉ် မလှမ်းမကမ်းတွင် မြည်းလေးမှာ တဖြည်းဖြည်းနှင့် ပို၍ မကျေမချမ်းဖြစ်လာနေသည်ကို သတိထားမိလိုက်သည်။ ထို့ကြောင့် သူသည် မြည်းလေး၏ အချုပ်အနှောင်အား ဖယ်ရှားလိုက်ပြီးနောက် ၎င်းအား ပါးစပ်ဟခွင့် ပေးလိုက်၏။ ထို့နောက် သူသည် သူ မလိုအပ်သော ပစ္စည်းများကို ၎င်းဆီသို့ လှမ်းပစ်ပေးလိုက်တော့သည်။
ထိုအခါ မြည်းလေးမှာ ချက်ချင်းဆိုသလိုပင် စိတ်လှုပ်တရှားဖြစ်သွားပြီး ခေါင်းမဖော်တမ်း စားနေတော့သည်။ ခဏအကြာတွင် သူသည် ထိုပစ္စည်းများ အားလုံးကို စားပြီးသွားသောကြောင့် ဝမ်ပေါင်လဲ့အား စိတ်အားထက်သန်စွာဖြင့် ဆက်၍ စိုက်ကြည့်နေလိုက်၏။
" ငါလေးက တော်တော်ကို ကြင်နာသနားတတ်တဲ့ လူတစ်ယောက်ပဲ " ဝမ်ပေါင်လဲ့မှာ မနေနိုင်တော့သဖြင့် သူ့အတွက် အသုံးမဝင်တော့သည့် ပစ္စည်းများကို ရှာဖွေကာ ၎င်းတို့အား မြည်လေးဆီသို့ ထပ်၍ လှမ်းပစ်ပေးလိုက်ပြန်သည်။ ထို့နောက် သူသည် မြည်းလေးအား ဂရုစိုက်မနေတော့ဘဲ သူ၏ရှေ့တွင် ရှိနေသော အဆင့်မြင့် ထာဝရဆေးလုံးကို ကောက်ယူကာ မျက်ဝန်းများ အရောင်တောက်ပလာ၏။ ထို့နောက် သူသည် စိတ်ထဲ၌ နောက်ထပ်တစ်ကြိမ်ထပ်၍ စဉ်းစားတွေးတောလိုက်ပြန်သည်။
" ငါ ဝိညာဉ်ကြားခံနယ် ထိပ်ဆုံးအဆင့် ရောက်တဲ့အချိန်အထိ ဒီဆေးလုံးကို မသောက်ပဲ သိမ်းထားမယ်ဆိုရင် ဒီဆေးလုံးရဲ့ အကျိုးအာနိသင်ကို အပြည့်အဝ ခံစားရမှာဆိုပေမဲ့ ဘယ်လောက်အထိ ဆက်ပြီးတော့ စောင့်ရဦးမလဲဆိုတာ သိမှာမဟုတ်ဘူး... နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲမှာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာမလို့ ငါ ဝိညာဉ်ကြားခံနယ် ထိပ်ဆုံးအဆင့်အထိ မရောက်ခင် တစ်ခုခု ဖြစ်သွားမယ်ဆိုရင် တခြားတစ်ယောက်ယောက်က ဒီဆေးလုံးကို လုယူသွားလိမ့်မယ်။ အဲတာဆိုရင် ငါ့အတွက် ဘာအကျိုးမှ ရှိမှာမဟုတ်ဘူး "
" အဲတာကြောင့်မလို့... ဖြုန်းတီးရာ ကျနေတယ်ဆိုရင်တောင် အခုချက်ချင်း ဒီဆေးလုံးကို သောက်ပစ်မှရမယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် မျက်ဝန်းများ အရောင်တောက်ပလာ၏။ ထို့နောက် သူသည် ဆုံးဖြတ်ချက်ချလိုက်ပြီး သူ၏ ဘေးပတ်ဝန်းကျင်ရှိ အခြေအနေများကို အကဲခတ်လိုက်သည်။ ထို့နောက် သူသည် ထိုဆေးလုံးအား သောက်သုံးလိုက်ပြီးနောက် အရေးကြီးအခိုက်အတန့်တစ်ခုအား ကျော်ဖြတ်နေစဉ် နှောင့်ယှက်ခံရမည်ကို စိုးရိမ်သောကြောင့် သူ၏ အသံလွှင့်ကျောက်စိမ်းပေလွှာအား ထုတ်ယူကာ ၎င်းအား ပိတ်လိုက်၏။ နောက်ဆုံးတွင် သူသည် လိုအပ်သည့် ပြင်ဆင်မှုများအားလုံး ပြုလုပ်သွားပြီဖြစ်ရာ ထိုဆေးလုံးကို ကောက်ယူလိုက်ပြီးနောက် ပါးစပ်ထဲသို့ထည့်ကာ မျိုချလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုဆေးလုံးအား မျိုချလိုက်သည်နှင့် တစ်ပြိုင်နက် စိတ်ထဲ၌ ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။ ခဏအကြာတွင် သူ၏ခန္ဓာကိုယ်ထဲ၌ မီးတောင်တစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားပြီး အပူလှိုင်းများ ပျံ့လွင့်လာတော့သည်။ ထို့နောက် ထိုမီးတောင် ပေါက်ကွဲမှုများမှာ ပို၍ အားကောင်းလာပြီး သူ၏ခန္ဓာကိုယ်ထဲမှ အားကောင်းသော ဝိညာဉ်ချီများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် သူသည် နဖူးပေါ်မှ ချွေးများပြန်လာရ၏။ အဆင့်မြင့် ထာဝရဆေးလုံးမှာ အစွမ်းထက်လွန်းနေသောကြောင့် သူသည် သူ၏ စွမ်းအင်စီးဆင်းမှု လမ်းကြောင်းများ ပို၍ကျယ်လာသည်ကိုပင် ခံစားနေရတော့သည်။
" ဒီဆေးလုံးက စွမ်းလှပါလား " ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အသုံးပြုကာ သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည့် ဝိညာဉ်စွမ်းအင်များကို တောင့်ခံနေလိုက်၏။ ထို့ကြောင့် သူသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ဓားတစ်လက်ဖြင့် မွှန်းခံနေရသကဲ့သို့ ခံစားနေရသည်။ သူသည် သူ၏ ဘေးပတ်ဝန်းကျင်အား အလျင်အမြန် အကဲခတ်လိုက်ပြီး မည်သည့်အန္တရာယ်မှမရှိကြောင်း သေချာသွားသောအခါမှ သူ၏မျက်လုံးများကို မှိတ်ကာ ထိုဆေးလုံးအား အစွမ်းကုန် ဝါးမျိုစုပ်ယူနေလိုက်တော့သည်။
ဆယ်မိနစ်ဝန်းကျင်ခန့် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မီးဖိုထဲရှိ သံချောင်းကြီးတစ်ချောင်းကဲ့သို့ ရဲရဲနီလာပြီး ပေါက်ကွဲသွားတော့သည်။ ထိုအခါ သူသည် မြူခိုးများအဖြစ် ပြောင်းလဲသွားလိုက်ပြီး အရပ်မျက်နှာအနှံ့သို့ ဖြန့်ကြက်သွားလိုက်၏။ ထို့နောက် ထိုမြူခိုးများမှာ တင်ပျဉ်ခွေ ထိုင်နေသော သူ၏ခန္ဓာကိုယ်အဖြစ် ပြန်လည် ပေါင်းစည်းသွားသည်။ သူသည် ထိုနည်းလမ်းကိုအသုံးပြုကာ ဆေးလုံးအား ဆက်လက်စုပ်ယူနေလိုက်၏။
မြူခိုးများ ပြန်လည်စုစည်းသွားရာမှ ပေါ်ပေါက်လာသည့် ခန္ဓာကိုယ်ကြီး၏ အငွေ့အသက်များမှာ ယခင်တုန်းကထက် ပို၍ အစွမ်းထက်နေပြီဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း သိသိသာသာ မြင့်တက်သွား၏။
သို့သော် သူသည် ထိုဆေးလုံးအား အကုန်လုံး ဝါးမျိုစုပ်ယူနိုင်ရန် အခက်တွေ့နေရသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်အား မြူခိုးများအဖြစ် ပြောင်းလဲသည့် နည်းလမ်းအား နောက်ထပ်သုံးကြိမ်တိတိ အသုံးပြုခဲ့ရ၏။ သူ ထိုဆေးလုံးအား အပြီးအထိ ဝါးမျိုစုပ်ယူပြီးသွားချိန်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့်မှ အလယ်အလတ် ဝိညာဉ်ကြားခံနယ်အဆင့်သို့ ဖောက်ထွက်သွားခဲ့ပြီ ဖြစ်သည်။
အဆုံးအစမရှိလောက်အောင် များပြားနေသည့် ကျင့်ကြံခြင်းစွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်ထဲ၌ အဆက်မပြတ်လည်ပတ်နေ၏။ သူ အသက်ရှူလိုက်သည့်အချိန်တိုင်း နဂါးနှစ်ကောင်မှာ သူ၏ နှာခေါင်းပေါက်များထဲမှ ပျံထွက်သွားကာ ဘေးပတ်ပတ်လည်၌ ပျံသန်းနေလိုက်ပြီးနောက် သူ့ဆီသို့ ပြန်လည်ရောက်ရှိလာသကဲ့သို့ပင်။ သူသည် ခုနစ်ရက်တိတိ ထိုကဲ့သို့ ခံစားနေရ၏။ ဝမ်ပေါင်လဲ့မှာ ခုနစ်ရက်တိတိ တရားထိုင်လိုက်ပြီးနောက် မျက်လုံးများပြန်ပွင့်လာသောအခါ သူ၏မျက်ဝန်းများထဲ၌ လျှပ်စီးများ လက်နေသကဲ့သို့ ဖြစ်နေသောကြောင့် သူရှိနေသည့် လျှို့ဝှက်အခန်းလေးမှာ လင်းလက်တောက်ပလာရတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ကျင့်ကြံခြင်းစွမ်းအားများကို ထိန်းချုပ်ထားပါသော်လည်း သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည့် ဖိနှိပ်အားများနှင့် သူ၏မျက်ဝန်းများထဲရှိ စူးရှတောက်ပသော အလင်းရောင်များကြောင့် သူရှိနေသည့် ဥက္ကာပျံကြီး၏ ပတ်ပတ်လည်ရှိ စကြဝဠာကြီးမှာ တွန့်လိမ်ပုံပျက်သွားရဆဲပင်။
" အလယ်အလတ် ဝိညာဉ်ကြားခံနယ်အဆင့်ပဲ " တစ်အောင့်ခန့် အကြာတွင် ဝမ်ပေါင်လဲ့မှာခေါင်းမော့လာ၏။ သူသည် သူ၏ စိတ်ကို အဆင်သင့်ပြင်ထားခဲ့သည့်တိုင်အောင် အဆင့်မြင့် ထာဝရဆေးလုံး၏အစွမ်းကြောင့် အံအားသင့်သွားရဆဲပင်။ တစ်ချိန်ထဲမှာပင် သူသည် အနည်းငယ်ခန့် နောင်တရသွားရ၏။ ထိုဆေးလုံးမှာ တမူထူးခြားသောကြောင့် ကျင့်ကြံသူများမှာ ၎င်းအား တစ်သက်တွင် တစ်ကြိမ်သာ သုံးစွဲခွင့်ရှိသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ယခုတွင် ၎င်းအား သောက်သုံးလိုက်ပြီ ဖြစ်သောကြောင့် သူ ထာဝရဝိညာဉ်အဆင့်သို့ ဖောက်ထွက်နိုင်ရန် ကြိုးစားသည့်အချိန်တွင် ၎င်းမှာ အာနိသင် ရှိတော့မည်မဟုတ်ပေ။
" အတွေးလွန်နေလို့ မဖြစ်ဘူး " ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ပြန်သတိပေးလိုက်ပြီးနောက် မျက်ဝန်းများ အရောင်လက်သွား၏။ ထို့နောက် သူသည် နဂါးနက်တပ်ရင်း ခေါင်းဆောင်ကြီးနှင့် ထပ်၍ ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုပါက မည်သည့်ရလဒ် ထွက်ပေါ်လာမည်နည်းဟု စဉ်းစားတွေးတောကြည့်လိုက်သည်။ ခဏအကြာတွင် သူသည် အဖြေတစ်ခု ရသွားတော့သည်။ သူသည် သူ၏ လက်ရှိအနေအထားနှင့် ထို ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးအား ယှဉ်နိုင်စွမ်း မရှိသေးသည့်တိုင်အောင် သူ၏ ကိုယ်ပွားအား စတေးလိုက်မည်ဆိုပါက သူမအား သတ်ဖြတ်နိုင်ခြေရှိကြောင်း ယုံကြည်နေ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ယုံကြည်မှုအပြည့်ဖြင့် သူ၏ခန္ဓာကိုယ်အစစ်အား လှမ်း၍ အာရုံခံကြည့်လိုက်သည်။ သူသည် ဤ ကိုယ်ပွားအား သူ၏ ပုံရိပ်ယောင်ပညာရပ်ဖြင့် ဖန်တီးထားသည်ဖြစ်ရာ သူ၏ ခန္ဓာကိုယ်အစစ်မှာလည်း ထိုကိုယ်ပွား၏ တိုးတက်မှုများ၏ အကျိုးကျေးဇူးများကို ခံစားရမည်သာ ဖြစ်သည်။ သို့ဖြစ်ရာ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ပင်မဂြိုဟ်ပေါ်ရှိ ခေါင်းတလားကြီးထဲတွင် ရှိနေသော သူ၏ ခန္ဓာကိုယ်အစစ်မှာလည်း အလယ်အလတ် ဝိညာဉ်ကြားခံနယ်အဆင့်သို့ ရောက်သွားပြီ ဖြစ်သည်။
သူ၏ကိုယ်ပွားနှင့် ခန္ဓာကိုယ်အစစ် ပြန်လည်ပေါင်းစည်းသွားချိန်တွင် သူ၏ ခန္ဓာကိုယ််အစစ်မှာ ကျင့်ကြံခြင်းအဆင့် ပြောင်းလဲသွားမည် မဟုတ်ပါသော်လည်း တိုက်ရည်ခိုက်ရည်စွမ်းအားများ သိသိသာသာ တိုးတက်လာမည်သာ ဖြစ်သည်။
" ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူလေးတွေကို ကြောက်နေစရာမလိုပါဘူး " ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေ၏။ ထို့နောက် သူသည် သူ၏ အသံလွှင့်ကျောက်စိမ်းပေလွှာကို ထုတ်ယူကာ လွန်ခဲ့သည့် ခုနစ်ရက်အတွင်း သူ့ဆီသို့ အသံလွှင့်အကြောင်းကြားစာများ ပေးပို့ထားသည့် လူများ ရှိမရှိ ကြည့်ရှုစစ်ဆေးလိုက်သည်။
သူ ထို အသံလွှင့်ကျောက်စိမ်းပေလွှာအား ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အကြောင်းကြားစာ အမြောက်အမြား ချက်ချင်းဆိုသလိုပင် ရောက်ရှိလာ၏။ ၎င်းတို့ထဲတွင် သဲ့ခွန်းကျိနှင့် သူစိမ်းအချို့၏ အသံလွှင့်အကြောင်းကြားစာများအပြင် အမိန့်တစ်ခုလည်း ပါဝင်နေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ရပ်တန့်သွား၏။ သူသည် ထိုအမိန့်အား ဖတ်ရှုလိုက်ပြီးနောက် မျက်ဝန်းများ အရောင်တောက်ပလာတော့သည်။
" နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းရဲ့ ခေါင်းဆောင်ကြီးက ငါ့ကို တွေ့ချင်လို့တဲ့လား " ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ မြန်ဆန်လာရ၏။ သူသည် သဲ့ခွန်းကျိ၏ အကြောင်းကြားစာထဲတွင်လည်း ထိုအကြောင်းအား ဖော်ပြထားသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူသည် အနည်းငယ်ခန့် စဉ်းစားတွေးတောလိုက်ပြီးနောက် သဲ့ခွန်းကျိအား ဆက်သွယ်မေးမြန်းလိုက်သောအခါ အဖြေတစ်ခု ရသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ နဂါးနက်တပ်ရင်းအား တိုက်ခိုက်ခဲ့သည့် တိုက်ပွဲကြီးထဲ၌ လူတိုင်းအား အံ့အားသင့်သွားအောင် လုပ်နိုင်ခဲ့သဖြင့် နာမည်ကြီးနေပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းနှင့် ၎င်း၏ ဂြိုဟ်အဆင့် ဂိုဏ်းခေါင်းဆောင်ကြီး၏ အာရုံများကို ဖမ်းစားနိုင်ခဲ့သည်မှာ မထူးဆန်းပေ။
ထို့ကြောင့် သူသည် အမိန့်တစ်ခုထုတ်ပြန်ကာ ဝမ်ပေါင်လဲ့အား နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ အထွေထွေညီလာခံအား တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ ပုံမှန်အတိုင်းသာဆိုလျှင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲ၌ လုပ်ပိုင်ခွင့်အာဏာ အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ထားပြီး ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေသည့် ကျင့်ကြံသူများသာလျှင် ထို အထွေထွေညီလာခံများကို တက်ရောက်ခွင့်ရှိပေသည်။ အခြားဂိုဏ်းငယ်လေးများမှ ကျင့်ကြံသူများမှာမူ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းအတွက် ထောက်ပံ့မှု ကြီးကြီးမားမား ပြုလုပ်ပေးထားခြင်းမရှိပါက ဖိတ်ကြားခွင့်ရမည်မဟုတ်ပေ။ သို့ဖြစ်ရာ ထိုသို့ဖိတ်ကြားခံရပါက ဂိုဏ်းကြီး၏ အသိအမှတ်ပြုခြင်းအား ခံရခြင်းဖြစ်သည်ဟု အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ရပေသည်။
ဝမ်ပေါင်လဲ့မှာလည်း ထိုကဲ့သို့သော ဖိတ်ကြားမှုမျိုးကို လိုချင်သောကြောင့် လူတိုင်းအား အံ့အားသင့်သွားအောင် လုပ်ခဲ့ခြင်းဖြစ်၏။ ယခုတွင် သူ၏အစီအစဉ်မှာ အောင်မြင်သွားပြီဖြစ်ရာ သူသည် အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေရတော့သည်။ သူသည် လိုအပ်သည့်တွက်ချက်မှုများ ပြုလုပ်လိုက်ပြီးနောက် ထိုအထွေထွေညီလာခံ ကျင်းပရန် သုံးရက်သာ လိုတော့ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူသည် သေသေချာချာ စဉ်းစားတွေးတောလိုက်ပြီး မည်သည့်ပြဿနာမှ မရှိကြောင်း သေချာသွားသောအခါမှ သူ တံခါးပိတ်လေ့ကျင့်နေသည့် ဥက္ကာပျံကြီးထဲမှ ထွက်ခွာလာပြီး နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ဌာနချုပ်ရှိရာ ဧကရာဇ်ဂြိုဟ်ဆီသို့ ဦးတည်သွားလိုက်တော့သည်။