← Chapters

နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း

Vol. 56 Ch. 766

နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း

Vol. 56 Ch. 766

အဝေးမှ ကြည့်လိုက်ပါက ဧကရာဇ်ဂြိုဟ်မှာ အပြာရောင်တစ်ဝက် အဝါရောင်တစ်ဝက် ဖြစ်နေ၏။ အပြာရောင်မှာ ပင်လယ်ပြင်ကြီးဖြစ်ပြီး အဝါရောင်မှာ ကုန်းမြေ ဖြစ်သည်။ ထို ဂြိုဟ်ပေါ်မှ အားကောင်းသော သက်စောင့်စွမ်းအားများ ထွက်ပေါ်နေသည်ကိုကြည့်လျှင် ၎င်း၏ ကြယ်တာရာရင်းမြစ်မှာ အံ့သြတုန်လှုပ်ဖွယ်ရာကောင်းလောက်အောင် ပေါကြွယ်ဝနေမည်ဖြစ်ကြောင်း သိနိုင်ပေသည်။

၎င်းမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ပင်မဂြိုဟ်လောက် မကြီးပါသော်လည်း နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း တည်ရှိနေခြင်းကြောင့် ၎င်း၏ အလင်းရောင်များမှာ တော်ဝင်မိသားစုနေထိုင်ရာ ပင်မဂြိုဟ်၏ အရှိန်အဝါကို ဖိနှိပ်ချုပ်တည်းထားသည်။ ၎င်းမှာ ခရမ်းရောင်ရွှေဂြိုဟ်နှင့် ဆဋ္ဌဂံမြေဂြိုဟ်တို့နှင့် ပူးပေါင်းကာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းတစ်ခုလုံးကို ကြီးစိုးထား၏။

ထိုဂြိုဟ်ပေါ်တွင် ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် အစွမ်းထက်သော မန္တန်အစီအရင်တစ်ခုလည်း ရှိနေသေးသည်။ ၎င်းမှာ ထိုဂြိုဟ်ကြီးတစ်ခုလုံးကို ဝန်းရံထားပြီး ဘေးပတ်ပတ်လည်ရှိ ဂြိုဟ်တုခုနစ်လုံးနှင့် ပူးပေါင်းကာ ဂြိုဟ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ တိုက်ကွက်များကိုပင် ခုခံနိုင်စွမ်းရှိသည့် မဟာ အစီအရင်ကြီးတစ်ခုကို ဖန်းတီးပေးထားသည်။

ထို့အပြင် ၎င်းပေါ်၌ တာဝန်ကျနေသည့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ဂြိုဟ်အဆင့် အကြီးအကဲကြီးလည်း ရှိနေသေးသည်။ သူ၏ အငွေ့အသက်များမှာ နေမင်းတစ်စင်းကဲ့သို့ ဂြိုဟ်ကြီးတစ်ခုလုံးအား အလင်းပေးထားသကဲ့သို့ပင်။ လူတိုင်းမှာ သူ့အား နတ်ဘုရားတစ်ပါးကဲ့သို့ လေးစားကြည်ညိုကြ၏။

ကျင့်ကြံသူပေါင်းမြောက်မြားစွာမှာ ဧကရာဇ်ဂြိုဟ်အား နေ့စဉ်နေ့တိုင်း ဝင်ထွက်သွားလာ လုပ်နေကြသည်သာဖြစ်သည်။ ထို ကျင့်ကြံသူများထဲတွင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသားများနှင့် သူတို့၏ လက်အောက်ခံ ဂိုဏ်းများထဲမှ ဂိုဏ်းသားများ ပါကြပေသည်။ ထို့ကြောင့် ဧကရာဇ်ဂြိုဟ်မှာ အလွန်အင်မတန်မှ စည်ကားသိုက်မြိုက်၏။

သူတို့မှာ လေဆိပ် တစ်ထောင်ကျော် တည်ဆောက်ထားကြပြီး လေ့ကျင့်ရေးကွင်း အမျိုးမျိုးကိုလည်း ပိုင်ဆိုင်ထားကြသေးသည်။ ဝမ်ပေါင်လဲ့မှာ ထိုဂြိုဟ်ဆီသို့ ရောက်ရှိသွားသောအခါ မန္တန်အစီအရင်ကြီး ထုတ်လွှတ်နေသည့် သက်တံ့ရောင်ကဲ့သို့သော အလင်းရောင်များကို မြင်လိုက်ရသလို ၎င်းဆီမှ ထွက်ပေါ်နေသည့် ဖိနှိပ်ချုပ်တည်းမှု စွမ်းအင်လှိုင်းများကိုလည်း ခံစားလိုက်ရသည်။

" ဒီ မန္တန်အစီအရင်ကြီးက... တော်တော်လေးကို အစွမ်းထက်တာပဲ " ဝမ်ပေါင်လဲ့မှာ ထိုဂြိုဟ်ကြီး၏ ပတ်ပတ်လည်ရှိ ဂြိုဟ်တုများကိုကြည့်ကာ မန္တန်အစီအရင်ကြီး၏ စွမ်းအားများကို နောက်ထပ်တစ်ကြိမ်ထပ်၍ အာရုံခံကြည့်လိုက်ပြီးနောက် သူ၏စိတ်ကို တည်ငြိမ်အောင်ထားကာ ဧကရာဇ်ဂြိုဟ်၏ စည်းမျဉ်းများထဲ၌ သတ်မှတ်ထားသည့် လေဟာနယ်ဆီသို့ ဦးတည်ပျံသန်းသွားလိုက်သည်။

ဧကရာဇ်ဂြိုဟ်ထဲသို့ ဆန္ဒရှိသည့်အတိုင်း ဝင်ရောက်၍မရပေ။ မန္တန်အစီအရင်ကြီး တစ်ခုလုံးထဲတွင် ဝင်ပေါက်သုံးခုသာ ရှိပေသည်။ ကျင့်ကြံသူများနှင့် စစ်သင်္ဘောကြီးများ အားလုံးမှာ သတ်မှတ်ထားသည့်အတိုင်း စစ်ဆေးမှုများ ခံယူပြီးမှ အတွင်းသို့ ဝင်ခွင့်ရကြ၏။ အကယ်၍ မိမိတို့၏ ရာထူးအဆင့်အတန်းမှာ လုံလောက်မှုမရှိပါက ဧကရာဇ်ဂြိုဟ်ထဲသို့ ရောက်ပြီးသွားချိန်တွင် ဝင်ခွင့်မရသည့် နယ်မြေများထဲဆီသို့ ခြေတစ်လှမ်းပင် လှမ်းခွင့်မရှိပေ။ ထိုစည်းမျဉ်းများကို ချိုးဖောက်သည့်လူများမှာ ဧကရာဇ်ဂြိုဟ်၏ မန္တန်အစီအရင်ကြီး၏ ဖျက်ဆီးချေမှုန်းခြင်းကို ခံလိုက်ရမည်သာ ဖြစ်သည်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ မန္တန်အစီအရင်ကြီး၏ ဖိနှိပ်ချုပ်တည်းမှုစွမ်းအားများကို အာရုံခံရင်း ဂြိုဟ်ကြီး၏အနီးသို့ ရောက်ရှိလာ၏။ သူသည် သူ့အား အေးစက်စက်မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည့် ဧကရာဇ်ဂြိုဟ် အစောင့်၏ရှေ့တွင် သူ၏ အသိအမှတ်ပြု‌ ကျောက်စိမ်းပေလွှာကို ထုတ်ပြလိုက်သောအခါ ဝင်ခွင့်ရသွား၏။ သူသည် ဧည့်သည်စာရင်းထဲတွင် ပါနေသည်မဟုတ်ပါလော။ သို့သော် သူသွားနိုင်သည့်နေရာများကို ကန့်သတ်ထားသလို သူသွားရမည့် လမ်းကိုလည်း ကြိုတင်သတ်မှတ်ပေးထားပြီးသား ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ စိတ်အနှောင့်အယှက် ဖြစ်သွားခြင်းမရှိပေ။ သူသည် မန္တန်အစီအရင်ကြီးထဲသို့ ဝင်သွားလိုက်ပြီးနောက် ဧကရာဇ်ဂြိုဟ်ပေါ်၌ ခြေချလိုက်သောအခါ ကြောက်မက်ဖွယ်ရာ သက်စောင့်စွမ်းအားများကို အာရုံခံမိလိုက်ရုံသာမက မယုံကြည်နိုင်လောက်အောင် သိပ်သည်းသော ဝိညာဉ်ချီများကိုလည်း ခံစားလိုက်ရသည်။

သူ၏ အာရုံခံနိုင်စွမ်းများမှာ တစ်ဂြိုဟ်လုံးကို လွှမ်းခြုံနိုင်းစွမ်း မရှိသည့်တိုင်အောင် သူသည် ဤဂြိုဟ်ပေါ်တွင် ဝိညာဉ်ချီများ အဆမတန် ထူထပ်သိပ်သည်းနေသည့် နယ်‌မြေအမြောက်အမြား ရှိနေသည်ကို အာရုံခံမိလိုက်သည်။

ထို နယ်မြေများမှာ ... နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း တောင်စဥ်တန်း၏ ဝင်ပေါက်များ ဖြစ်ရပေမည်။

ထိုကဲ့သို့သော ဝင်ပေါက်မျိုး ခုနစ်ပေါက်အထိ ရှိနေပြီး တစ်ပေါက်ချင်းစီတိုင်းမှာ အလွန်အင်မတန်မှ ခမ်းနားထည်ဝါ၏။ ၎င်းတို့အား ရှေးဟောင်း ဝိညာဉ်ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသည့် မိုးထိုးလုမတတ် မြင့်မားနေသော‌ တောင်နှစ်လုံးဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ထို တောင်နှစ်လုံး၏ အလယ်တွင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ဝင်ပေါက် ရှိနေသည်။

ထို ဝင်ပေါက်များထဲမှ အချို့မှာ ပင်လယ်ကြီး၏ အထက်တွင် ရှိနေကြပြီး အချို့ကိုမူ တောင်ထိပ်များပေါ်တွင် တည်ဆောက်ထားကြ၏။ ထို့အပြင် အချို့မှာ ကန္တာရကြီးထဲ၌ မိုးကောင်းကင်ကြီးအား ထိုးခွင်းနေသည့် ဓားများကဲ့သို့ ဖြစ်နေကြသည်။ ၎င်းတို့၏ ခမ်းနားထည်ဝါလှသော အငွေ့အသက်များမှာ ရင်သပ်ရှုမောဖွယ်ရာ ကောင်းလှပေသည်။

ထိုဝင်ပေါက်များထဲတွင် ပို၍ပင် ထူးခြားသည့် အရာတစ်ခု ရှိနေ၏။

" သဲ့ခွန်းကျဲ့ရဲ့ ပြောစကားတွေအရဆိုရင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းက ဧကရာဇ်ဂြိုဟ်ပေါ်မှ ရှိနေတဲ့ပုံပေါ်ပေမဲ့ တကယ်တမ်းက ဂြိုဟ်ကြီးနဲ့ ခွဲပြီးတော့ တည်ဆောက်ထားတဲ့ တခြားနယ်မြေတစ်ခုထဲမှာ ရှိနေတာတဲ့ " ဝမ်ပေါင်လဲ့မှာ သမုဒ္ဒရာကြီး အထက်တွင်ရပ်ကာ သူ၏ရှေ့ရှိ ပင်လယ်ရေမျက်နှာပြင် အထက်သို့ ထိုးထွက်ကာ မိုးကောင်းကင်ကြီးအား ထိုးခွင်းနေသော ဓားကြီးများကဲ့သို့ မားမားမတ်မတ် ရပ်တည်နေသည့် တောင်နှစ်လုံးအားကြည့်ရင်း အသက်ပြင်းပြင်း ရှူလိုက်ပြီး အထဲသို့ဝင်သွားရန် ပြင်လိုက်တော့သည်။

သို့သော် ထိုအချိန်တွင် သူ၏နောက်ရှိ ကောင်းကင်ယံထဲ၌ တိမ်တိုက်တစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။ ထို့နောက် ထစ်ချုန်းသံများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး အလွန်အင်မတန်မှ ကြီးမားသော မျက်နှာကြီးတစ်ခု၏ တစ်စိတ်တစ်ပိုင်းခန့်မှာ ထိုတိမ်တိုက်ထဲမှ ပေါ်ထွက်လာတော့သည်။

၎င်းမှာ မျက်နှာကြီးတစ်ခု၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်နေသည့်တိုင်အောင် ၎င်း၏ အငွေ့အသက်များမှာ မိုးကောင်းကင်ကြီးနှင့် ပင်လယ်ပြင်ကြီးတို့ကို တုန်ရီသွားစေ၏။ ၎င်း၏ ဖိနှိပ်ချုပ်တည်းမှု စွမ်းအားများမှာ အားကောင်းလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် အသက်ရှူသံများ မြန်ဆန်လာရပြီး ဝိညာဉ်တစ်ခုလုံး တုန်ရီသွားရ၏။ ထို့နောက် သူသည် နောက်သို့ ဆုတ်ခွာသွားရင်း တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာရတော့သည်။

သူ နောက်သို့ဆုတ်ခွာသွားချိန်တွင် ထိုတိမ်တိုက်ကြီးထဲရှိ မျက်နှာကြီးမှာ ရုပ်လုံးပေါ်လာ‌နေပြီ ဖြစ်သည်။ ၎င်းမှာ ခံစားချက်မပါသော လူမျက်နှာကြီးတစ်ခု ဖြစ်၏။ ထို့အပြင် ၎င်းမှာ ကျင့်ကြံသူတစ်ယောက်နှင့်ပင် မတူဘဲ သတ္တုများဖြင့် ဖွဲ့စည်းထားသည့်ပုံ ပေါက်နေသည်။ ၎င်းမှာ မည်းနက်နေရုံသာမက ၎င်း၏ မျက်နှာပြင်ပေါ်တွင် ကမ္ဗည်းစာလုံးများလည်း တောက်ပနေသေးသည်။

" ဒါကြီးက... " ဝမ်ပေါင်လဲ့မှာ ထိုထူးဆန်းသော မျက်နှာကြီးကို မြင်လိုက်ရသောအခါ သူ၏ စိတ်ထဲ၌ အဖြေတစ်ခု ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာ၏။ ထိုအချိန်တွင် ကောင်းကင်ယံထဲမှ မျက်နှာကြီးမှာ အလင်းရောင်များ ထုတ်လွှတ်နေရင်း ရုတ်ခြည်းဆိုသလို အရွယ်အစား သေးငယ်သွား၏။ နောက်ဆုံးတွင် ၎င်းမှာ ချပ်ဝတ်တန်ဆာတစ်ခု ဆင်မြန်းထားသည့် လူရိပ်တစ်ခုအသွင် ပြောင်းလဲသွားတော့သည်။

ထိုလူရိပ်မှာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမ၏ အနက်ရောင် ဆံပင်များမှာ လေထဲတွင် တလူလူလွင့်နေသည်။ ထို့အပြင် သူမသည် စွဲမက်ဖွယ်ရာ ကိုယ်လုံးကိုယ်ပေါက်နှင့် ချောမောလှပသည့် ရုပ်ရည်တစ်ခုကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ လူတိုင်း၏အာရုံအား မလွဲမသွေ ဖမ်းစားနိုင်မည်သာဖြစ်သည်။

သူမ၏ ပြစ်မျိုးမှဲ့မထင်လောက်အောင် ချောမောလှပသော မျက်နှာလေးမှာ အသက်မဲ့နေ၏။ သူမ၏ မျက်ဝန်းများမှာလည်း အေးစက်နေသေးသည်။ သူမသည် အနက်ရောင် ချပ်ဝတ်တန်ဆာတစ်ခုကို ဆင်မြန်းထားကာ ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီးနောက် ဝမ်ပေါင်လဲ့ဘေးမှ ဖြတ်သွားလိုက်၏။ ထို့နောက် သူမသည် တောင်ဝင်ပေါက်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားလိုက်တော့သည်။ ထိုအခါ လေထုကြီးမှာ တုန်ရီသွားပြီး သူမသည်လည်း ပျောက်ကွယ်သွား၏။

အစမှအဆုံးအထိ သူမသည် ဝမ်ပေါင်လဲ့အား တစ်ချက်ပင် ကြည့်မသွားခဲ့ပေ။ သို့ဖြစ်ရာ သူမ၏ မျက်ဝန်းများထဲတွင် ဝမ်ပေါင်လဲ့မှာ လုံးဝမရှိသည့်ပုံပင်။

" ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။ ပြီးတော့ ဓမ္မစစ်သင်္ဘောကြီးတစ်စင်းလည်း ပါသေးတယ် " ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူမိသွား၏။ သူမ၏ အငွေ့အသက်များမှာ နဂါးနက်ခေါင်းဆောင်ကြီးထက် အများကြီး ပို၍ အစွမ်းထက်ပါသော်လည်း ဂြိုဟ်အဆင့်ထက် နိမ့်ကျနေ၏။ သို့ဖြစ်ရာ သူမသည် ထာဝရဝိညာဉ်အဆင့်တွင် ရှိနေရပေမည်။

ဝမ်ပေါင်လဲ့မှာ ချပ်ဝတ်တန်ဆာတစ်ခုအဖြစ် ပြောင်းလဲသွားသည့် ဧရာမလူရိပ်ကြီးကိုလည်း သတိထားမိလိုက်၏။ ၎င်းမှာ ဓမ္မလက်နက်တစ်ခုနှင့် အဆင့်အတူတူတွင်ရှိသော ဓမ္မစစ်သင်္ဘောကြီးတစ်စင်း ဖြစ်ပေသည်။ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲတွင် ဂိုဏ်းကြီးသုံးဂိုဏ်းနှင့် တော်ဝင်မိသားစုတို့သာလျှင် သူတို့၏ အဆင့်မြင့် အဆောင်ပစ္စည်း သန့်စင်ခြင်းပညာရပ်များကို အသုံးပြုကာ ၎င်းတို့အား ဖန်တီးနိုင်စွမ်းရှိကြ၏။

သာမန်ကျင့်ကြံသူများမှာ ထို စစ်သင်္ဘောကြီးများအား ထိန်းချုပ်နိုင်ကြမည် မဟုတ်ပေ။ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများသာလျှင် ၎င်းတို့အား ထိန်းချုပ်ခွင့်ရှိပေသည်။

" နတ်မျက်လုံး လူမှုအဖွဲ့အစည်းရဲ့ အဆင့်အမြင့်ဆုံး အဆောင်ပစ္စည်း သန့်စင်ခြင်းပညာရပ်တွေကို အသုံးပြုပြီးတော့ ဖန်တီးထားတဲ့ ပစ္စည်းတစ်ခုပဲ " ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ စိတ်ဝင်စားမှု အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ သူသည် ယခင်တုန်းက ဓမ္မစစ်သင်္ဘောကြီးများ၏ အကြောင်းကို ကြားရုံသာ ကြားဖူးထားခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းအား ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရသောအခါ သူသည် အံ့ဩမှင်တက်သွားရ၏။ ထို ဓမ္မစစ်သင်္ဘောကြီးမှာ အငွေ့အသက်အပိုင်းတွင် သူ၏ အမှောင်အဆောင်ပစ္စည်းလောက် အစွမ်းမထက်ပါသော်လည်း ပြည်ထောင်စုကြီးဥက္ကဋ္ဌကြီး၏ လှံကြီးထက် အစွမ်းပိုထက်ပေသည်။ သို့ဖြစ်ရာ ၎င်းမှာ သူ၏ နတ်ဘုရားလက်နက် ညာဘက်လက်ကြီးနှင့် တန်းတူအဆင့်တွင် ရှိနေသည်ဟု အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ရပေသည်။

" ဓမ္မစစ်သင်္ဘောကြီးတွေ ရှိတဲ့ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူ‌တွေနဲ့ အဲဒီ စစ်သင်္ဘောကြီးတွေမရှိတဲ့ ကျင့်ကြံသူတွေရဲ့ကြားက စွမ်းအားခြားနားချက်က တော်တော်လေးကို ကြီးတာပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့ စဉ်းစားတွေးတောနေရင်း သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ အကြောင်းကို တွေးမိသွားသည်။

" တကယ်လို့ ငါ ဓမ္မစစ်သင်္ဘောကြီးတွေကို ဖန်တီးတည်ဆောက်နိုင်တဲ့ ပညာရပ်ကို ကျွမ်းကျင်တတ်မြောက်သွားမယ်ဆိုရင် အဲဒီ ပညာရပ်ကို ငါ့ရဲ့ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအတွက် အသုံးပြုလို့ရမလား မသိဘူး ... " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း ပို၍ပင် စိတ်ဝင်စားလာရတော့သည်။ သို့သော် သူသည် လက်ရှိတွင် ထိုအကြောင်းအား တွေးနေရန် အချိန်မရှိကြောင်း သိထား၏။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူကာ ထိုအတွေးများကို မေ့ပျောက်ထားလိုက်ပြီးနောက် တောင်ဝင်ပေါက်ဆီသို့ ဦးတည်သွားလိုက်တော့သည်။

တောင်နှစ်လုံးကြားရှိ နေရာမှာ ကြီးမားကျယ်ပြန့်နေသည့်ပုံ ပေါ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ၎င်း၏အနီးသို့ ရောက်ရှိသွားသောအခါ ရေထဲသို့ ဝင်သွားလိုက်ရသကဲ့သို့ ဖြစ်သွား၏။ ထို့နောက် လှိုင်းတွန့်များ ပေါ်ပေါက်လာကာ သူသည် ထိုနေရာနှင့် တစ်သားတည်း ပေါင်းစည်းသွားပြီး ပျောက်ကွယ်သွားတော့သည်။

ထိုအခိုက်အတန့်တွင် အချိန်လည်ပတ်မှုမှာ ရပ်တန့်သွားသည်ပုံပင်။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ ရေထဲသို့ ဝင်သွားလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် အရှိန်လျော့ကျသွား၏။ တစ်ချိန်ထဲမှာပင် အေးစက်စက် အသိစိတ်ကြီးတစ်ခု ပေါ်ပေါက်လာပြီး သူ၏ခန္ဓာကိုယ်အား စစ်ဆေးလိုက်တော့သည်။ ၎င်းမှာ သူ၏ ကိုယ်ရေးရာဇဝင်များ အားလုံးကို တစ်ခုမကျန် စစ်ဆေးနေသည့်ပုံပင်။

၎င်းမှာ ဝမ်ပေါင်လဲ့အား လုံနန်ကျစ်အဖြစ် အမှန်တကယ် ဟန်ဆောင်နိုင်ခြင်း ရှိမရှိစစ်ဆေးမည့် နောက်ဆုံး စစ်ဆေးမှုဖြစ်ပေသည်။ သူသည် ဤနေရာသို့ ရောက်မလာခဲ့ခင်ကတည်းက သဲ့ခွန်းကျိဆီမှ ဤအကြောင်းများကို ကြားသိထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ ပုံရိပ်ယောင်ပညာရပ်မှာ ထိုစစ်ဆေးမှုအား အောင်မြင်စွာ ကျော်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်နေ၏။

သူယုံကြည်ထားသည့် အတိုင်းပင်။ ဤ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲရှိ မည်သည့်ဂိုဏ်းကမှ သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်း ဖန်တီးထားသည့် ထိုနတ်ဘုရားစွမ်းရည်အား ဖောက်ထွင်းမြင်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် ထိုအသိစိတ်ကြီးမှာ မည်မျှပင် စစ်ဆေးနေစေကာမူ အရာအားလုံးမှာ ပုံမှန်အတိုင်းသာဖြစ်နေသောကြောင့် မည်သည့်ပြဿနာကိုမှ ရှာမတွေ့ခဲ့ပေ။ ထိုသို့ဖြင့် အသက်ရှူကြိမ် ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် ကုန်ဆုံးသွားပြီးနောက် နူးညံ့သိမ်မွေ့သော စွမ်းအားတစ်မျိုးမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား ရှေ့သို့တွန်းထုတ်ပေးလိုက်သဖြင့် သူသည် ချုပ်နှောင်ခံထားရသကဲ့သို့ ဖြစ်နေသည့် အနေအထားမှ ပြန်လည်လွတ်မြောက်လာတော့သည်။ သူ ပြန်လည်ပေါ်ပေါက်လာသည့်အချိန်တွင် သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းအစစ်ထဲ၌ ရောက်နေပြီဖြစ်သည်။

ကောင်းကင်ယံကြီးမှာ အပြာရောင်သန်းနေပြီး အဖြူရောင် ကြိုးကြာငှက်များမှာ လေထဲ၌ပျံဝဲနေကြ၏။ လေထုထဲတွင် ဝိညာဉ်ချီများဖြင့် ပြည့်နှက်နေသလို သက်တံ့များကဲ့သို့ စီးဆင်းနေသည့် မြစ်များလည်း ရှိနေသေးသည်။ ထို့အပြင် မြူခိုးများ ရစ်ပတ်လွှမ်းခြုံထားသည့် တောင်ထိပ်များ ရှိနေသေးသလို သစ်ပင်ပန်းမန်ပေါင်း မြောက်မြားစွာ ပေါက်ရောက်နေကြသည့် လယ်ကွင်းများမှာလည်း မျက်စိတစ်ဆုံး ပြည့်နှက်နေ၏။ နောက်ဆုံးတွင် စကားစမြည်များ ပြောဆိုကာ အော်ဟစ်ရယ်မောရင်း တစ်နေရာမှ တစ်နေရာသို့ ခုန်ကူးပျံသန်းနေကြသည့် ကျင့်ကြံသူများကိုလည်း မြင်နိုင်ပေသည်...

ထို့အပြင် သားရဲကြီးများ၏ အော်ဟစ်မြည်တမ်းသံများကိုလည်း မကြာခဏဆိုသလို ကြားနိုင်သလို ကောင်းကင်ယံထဲတွင်လည်း ငွေရောင်နဂါးကြီးများ၏ ဧရာမ ဦးခေါင်းကြီးများကိုလည်း တွေ့မြင်နိုင်သေးသည်။ ထိုအချင်းအရာများ အားလုံးကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရ၏။

လက်ရှိတွင် သူသည် တောင်ထိပ်တစ်ခုပေါ်၌ တည်ဆောက်ထားသော ရှေးဟောင်းပလ္လင်ကြီးတစ်ခုပေါ်တွင် ရှိနေပြီး သူ၏ ပတ်ပတ်လည်တွင်မူ ကမ္ဗည်းစာလုံးများ ရေးထိုးထားသည့် ကျောက်တိုင်များကို စိုက်ထူထားသည်။ ဝမ်ပေါင်လဲ့တစ်ယောက် အဝေးသို့ လှမ်းမျှော်ကြည့်နေစဉ်မှာပင် နန်းတွင်းအဝတ်အစားများကို ဆင်မြန်းထားသည့် အမျိုးသမီးတစ်ယောက်မှာ ကောင်းကင်ယံထဲရှိ မြူခိုးများထဲမှ ထွက်ပေါ်လာ၏။

ထိုအမျိုးသမီး၏ ကျင့်ကြံခြင်းအဆင့်မှာ ယွမ်ယင်အဆင့်တွင်သာ ရှိနေသေးပါသော်လည်း သူမသည် အလွန်အင်မတန်မှ ချောမောလှပပြီး ပါးမို့မို့လေးများကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် သူမ၏ နှုတ်ခမ်းထောင့်တွင် လက်သည်းခွံ အရွယ်အစားခန့်ရှိသော မှဲ့လေးတစ်လုံး ရှိနေသေးသည်။

သို့သော် သူမ၏ အလှတရားနှင့် ကျင့်ကြံခြင်းအဆင့်တို့မှာ သူမ၏ မျက်နှာပေါ်မှ မောက်မာဝင့်ကြွားမှု အရိပ်အယောင်များကို ဖုံးလွှမ်းနိုင်စွမ်းမရှိပေ။ သူမသည် ဝမ်ပေါင်လဲ့ရှိနေသည့် ပလ္လင်အထက်တွင် ရပ်တန့်လိုက်ပြီးနောက် အေးစက်စက်လေသံဖြင့် ဆိုလိုက်၏ " လုံနန်ကျစ်။ ခေါင်းဆောင်ကြီးနဲ့ သွားတွေ့ဖို့ ငါ့နောက်ကနေ လိုက်ခဲ့ "

All Chapters