← Chapters

သနားစဖွယ် တျန်းဂျီဂိုဏ်းသားများ

Vol. 44 Ch. 612

သနားစဖွယ် တျန်းဂျီဂိုဏ်းသားများ

Vol. 44 Ch. 612

ဟန်လုံက  ကျိုးအက်လာသည့် ရုပ်တုကို ငေးကြည့်နေမိသည်။ သူမ အသိပြန်ဝင်လာသည့်အခါ ထိုကျိုးအက်လာသည့် ကျောက်တုံးကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်ပြီးနောက် မိုဝူကျီဘက် လှည့်ကာ အားနာစွာ ပြောလိုက်သည်  “ ဆေးလုံးဆရာမို …. ကျမ တကယ် အားနာပါတယ်။ ဒီနေရာကို  ဧကရာဇ်တာအိုအသီး ရှိနေတဲ့  အင်မော်တယ် ဆေးဥယျာဉ် ဖြစ်လိမ့်မယ်ဆိုပြီး တွေးနေမိခဲ့တာ ၊  ကျမရဲ့ ဟန်မျိုးနွယ် ဘိုးဘေး အနားယူသွားတဲ့ နေရာ ဖြစ်နေလိမ့်မယ်လို့ ထင်မိထားမိဘူး  ”

မိုဝူကျီက မြန်မြန် လက်ကာပြကာ  “ ရပါတယ် … ကျုပ်ဆီမှာ   အဆင့် ၇ ဆေးလုံး ဧကရာဇ် ဖြစ်လာဖို့  အဆင့် ၇ ဆေးပင်တွေ လုံလုံလောက်လောက် ရှိပါတယ်။ ဒီနေရာ ဆေးပင် ရှိတာ ၊ မရှိတာက ကျုပ်အပေါ် သက်ရောက်မှု မရှိပါဘူး  ”

ထိုသို့ပြောပြီးနောက် လက်ကို ဝှေ့ကာ  အင်မော်တယ် အရုပ်ကို ပြန်ထုတ်ကာ  “ တာအိုရောင်းရင်းဟန် ….ဒီဟာက ခင်ဗျားရဲ့ ဘိုးဘေးထားခဲ့တာဆိုတော့  ခင်ဗျားပဲ သိမ်းထားသင့်ပါတယ် ”

ဟန်လုံက ခေါင်းခါကာ  “ မဟုတ်သေးပါဘူး  … ကျမရဲ့ ဘိုးဘေးပစ္စည်းတွေ ရကတည်းက  ကျမ အပိုင် ဖြစ်သွားပြီလေ။ ကျမက ရှင့်ကို ပေးဖို့ သဘောတူပြီးပြီလေ။ ပြီးတော့ ကျမက ဆေးလုံးဆရာမိုကို ဆေးလုံးဖော်စပ်ပေးဖို့ အကူအညီအထိ တောင်းထားသေးတာကို ….  ”

ဟန်လုံက ရောက်လာကာ တားဆီးလိုက်သည်။ သူမက ကျောက်ငါးခုကို ထုတ်ကာ မိုဝူကျီအား ပေးလိုက်ပြီး  “ ဆေးလုံးဆရာမို … ကျမရဲ့ ဘိုးဘေးက ဒီကျောက်ရှစ်ခုကို ထားသွားတယ်။ အဲဒါက အရုပ်အတွက် အသုံးဝင်လိမ့်မယ်။ ကျမက သုံးခု သိမ်းထားပြီးတော့ ရှင့်ကို ငါးခု ပေးမယ် ”

အကယ်၍ သူ့တွင် ရန်သူများစွာ ရှိနေသည့်အကြောင်းအရင်းကြောင့်သာ မဟုတ်လျှင် မိုဝူကျီက သေချာပေါက်  ငြင်းပယ်မည် ဖြစ်၏။ ထိုအရာမှာ ဟန်လုံဆီမှ လက်ဆောင်အလကား ရနေသည်နှင့် ညီမျှပေသည်။ သူက ထိုကျောက်ငါးခုကို ထုတ်ကာ ကျေးဇူးတင်လိုက်သည်။  သို့သော်လည်း  ထိုကျောက်များ သူ့လက်ထဲ ရောက်လာသည်နှင့်  သန့်စင်လှသော  အင်မော်တယ် ဝိညာဉ်စွမ်းအားများက သူ့အား ကြောင်အမ်းသွားစေသည်။ ထိုအရာက အဆင့်မြင့် အင်မော်တယ်ကျောက်များထက် ပို၍ သိပ်သည်းနေရုံသာမက သူ့အင်မော်တယ် အဆီအနှစ် ကျောက်များထက်ပင် ပို၍ မြင့်မားဟန် ပေါ်၏။

ထိုအထဲ၌ အင်မော်တယ်ဝိညာဉ်စွမ်းအားများ ပါဝင်ရုံသာမက  တာအိုစွမ်းအားတမျိုးလည်း ပါဝင်နေသည်။

ထိုအရာက ပစ္စည်းကောင်းလေး ဖြစ်၏။ မိုဝူကျီက ကျောက်စိမ်းသေတ္တာကို ထုတ်ကာ ကျောက်ငါးခုကို သိမ်းဆည်းလိုက်သည်။ ထို့နောက်  သူက ခုနှစ်လွှာ မီးတောက်နှလုံးသားကျောက်တုံးကို ထုတ်ကာ  ဟန်လုံဆီ ပေးပြီး ပြောလိုက်သည်  “ တာအိုရောင်းရင်းဟန်ကို ဒီတစ်ခါ ကျေးဇူးတင်ကြွေးတင်သွားရပြီ။  တကယ်လို့ ကျုပ် အကူအညီလိုရင်  သေချာပေါက် ကျုပ် မငြင်းပါဘူး။ ဒီခုနှစ်လွှာ မီးတောက်နှလုံးသားကျောက်တုံးကို  ပေးပါ့မယ် …. ”

မည်သို့ပင် ဖြစ်စေ သူ့အနေနှင့် ဟန်လုံအား ကျေးဇူးကြွေးတင်ရှိသွားပေ၏။

ဟန်လုံက မီးတောက်နှလုံးသားကျောက်တုံးကို လက်ခံကာ ရယ်ရယ်မောမောဖြင့်   “ ကျမတို့က မိတ်ဆွေတွေ ဖြစ်နေပြီလေ။ နောင်ကျ တစ်ယောက်နဲ့ တစ်ယောက် ကူညီရမှာပဲ။ ဒါပေမဲ့ ဆေးလုံးဆရာမို ကျမတို့‌တွေ ငြိမ်းချမ်းရေး ကျွန်းဆွယ်ဆီ ပြန်သွားလို့ မဖြစ်သေးဘူး။  တစ်နေရာရာကို ရှာပြီး  လေ့ကျင့်ကြတာပေါ့။ ရှင် အဆင့် ၇ ဆေးလုံး ဧကရာဇ် ဖြစ်လာဖို့ ကျမ စောင့်ပေးပါ့မယ် ”

မိုဝူကျီက အားရပါးရ ပြုံးကာ  “ တခြားနေရာ ရှာဖို့ မလိုပါဘူး။ ဒီနေရာက လုံလောက်ပါတယ်။  ကျုပ်က နှစ်ဝက်အတွင်း ဆေးလုံး ဧကရာဇ် ဖြစ်လာဖို့ ယုံကြည်ချက် ရှိတယ်။  ကျုပ်တို့တွေ  ငြိမ်းချမ်းရေး ကွန်းဆွယ်ဆီ ပြန်ဖို့ မလိုသေးဘူး။ အဲဒီအင်မော်တယ်အရုပ်က လွန်ချိုက်ထက် အားနည်းမှာ မဟုတ်ဘူး  ”

ဟန်လုံက မိုဝူကျီ နောက်ဆုံး စကားများကို လျစ်လျူရှုကာ တအံ့တဩ မေးလိုက်သည်  “ ဆေးလုံးဆရာမို နှစ်ဝက်အတွင်း အင်မော်တယ်ဘုရင်ဆေးလုံး ဖော်စပ်နိုင်မယ်လို့ ပြောလိုက်တာလား ”

မည်သူကမှ ဟန်လုံ၏ အင်မော်တယ်ဘုရင် ဆေးလုံးအပေါ် လိုလားချက်ကို နားမလည်ကြပေ။

“ ဟုတ်တယ် …  ကျုပ် အင်မော်တယ်ဘုရင်ဆေးလုံးကို နှစ်ဝက်အတွင်း သေချာပေါက် ဖော်စပ်နိုင်လိမ့်မယ် ” ဟန်လုံကို နှစ်သိမ့်ပေးရန် မိုဝူကျီက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ လက်တွေ့၌ သူက အဆင့် ၇ ဆေးလုံး အခြေခံကို အသိဉာဏ်ပွင့်လာပြီးနောက် ဤသို့ ယုံကြည်ချက်မျိုး ရှိလာခြင်း ဖြစ်ပေ၏။

“ ကောင်းပါပြီ ….. ကျမတို့တွေ ဒီမှာပဲ တံခါးပိတ် ကျင့်ကြံကြတာပေါ့ ” ဟန်လုံက စိတ်အားတက်ကြွစာ ပြောလိုက်သည်။ အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းလိုသည့် ဆန္ဒမှာ သူမစိတ်ထဲ အမြဲကိန်းအောင်းနေသည့် ဆန္ဒ ဖြစ်ပေသည်။

မိုဝူကျီက အစီအရင်အလံတချို့ ထုတ်ကာ  အစီအရင်တစ်ခု ခင်းကျင်းလိုက်သည်။ သူက အဆင့် ၇ အင်မော်တယ် ဆေးလုံးများ ဖော်စပ်ဖို့ ကြိုးစားရန် ဤနေရာ၌ နေဦးမည် ဖြစ်၏။  ယခင် သူ အရုပ်ဆီမှ ကောင်းကင်တာအိုတစ်မျိုးကို ခံစားမိလိုက်ခြင်းက သူ့အတွက် အဆင့် ၇ ဆေးလုံး ဖော်စပ်ရာ၌ နားလည်ဖို့ရာ  အလွန်အမင်း အထောက်အကူပြုပေသည်။  တံခါးပိတ် လေ့ကျင့်နေစဉ်အတွင်း သူ့နားလည်နိုင်စွမ်းနှင့် အတွေးများကို စုစည်းခြင်းက ဦးဆုံး ဦးစားပေး ဖြစ်၏။

…………………..

တင်းပိုအင်မော်တယ်မြို့ …. လော့လင်းအင်မော်တယ်နယ်ပယ်ရှိ  မြို့တစ်မြို့

ထိုစဉ် ဆံပင်ရွေရောင်ရှိ  အရပ်ရှည်ရှည် ခြေဗလာနှင့် အမျိုးသားက အင်မော်တယ်မြို့အတွင်း ဝင်ရောက်လာသည်။ ထိုအမျိုးသား ပေါ်လာသည်နှင့်  သူက လူထု၏ အာရုံစိုက်မှုကို ဖမ်းစားသွားသည်။

ထိုလူများ သူ့ကို ကြည့်နေခြင်းမှာ ခြေဗလာကြောင့် မဟုတ်သလို  ရွေရောင်ဆံပင်ကြောင့်လည်း မဟုတ်ဘဲ  သူ့နောက်ကျောတွင် သယ်ဆောင်လာသည့် လှံကြောင့် ဖြစ်ပေသည်။ ထိုလှံမှာ ထူးခြားနေခြင်း မရှိသော်လည်း  ထိုလှံဖြင့်  ဆွဲလာသော လူများ ရှိနေခြင်းကြောင့် ဖြစ်သည်။

လှံပေါ် လူများ တွဲလောင်းကျနေခြင်း ဖြစ်၏။ လူတစ်ယောက်ပင် မကဘဲ လေးယောက် ဖြစ်၏။

လေးယောက်လုံးမှာ ကိုယ်လုံးတိန ဖြစ်နေပြီး  သူတို့ခန္ဓာပေါ်၌ အရေပြားပင် မရှိတော့ချေ။ သွေးများက တစက်စက် ကျနေလေ၏။ လူအများစု၏ စိတ်နှလုံးသားကို အေးစက်သွားသည်မှာ  လူလေးယောက်ကို ညှပ်ရိုးမှ တဆင့် ထိုးဖောက်ထားပြီး  သူတို့ခေါင်းများက လှံပေါ်  ငိုက်စိုက်ကျနေသည်။

ခြေဗလာ အမျိုသား အင်မော်တယ်မြို့ထဲ ဝင်လာသည်နှင့်  သွေးစက်များက သူ့နောက်တွင် ကျန်ရစ်ခဲ့သည်။ သူလှံရှိ လူလေးယောက်မှာ သေလား၊ ရှင်လား မသိနိုင်ချေ။

“ ဘယ်လိုတောင် ရက်စက် ….  ” ကျင့်ကြံသူတစ်ဦးက မြို့ဂိတ်ပေါက် အပြင်ဘက်နားမှ ရေရွတ်လိုက်သည်။

သို့သော်လည်း သူ့စကားမဆုံးခင် သူ့တွဲဖက်က  သူ့အား မြန်မြန် ဆွဲခေါ်သွားကာ  ခပ်တိုးတိုး ပြောလိုက်ရသည် “ ဖုန်းယီ …. ရှင်ရတာ ငြီးငွေ့နေပြီလား။ အဲဒါ ဘာဆိုတာရော သိရဲ့လား။ အဲဒါ မဟာဓားလမ်းစဉ် အင်မော်တယ်  အုပ်စိုးသူ ဆာကျန်းရဲ့ တပည့် နီဂျူလေ …. ဆာကျန်းရဲ့ ဂုဏ်ထူးဆောင် ဓားကျောင်းတော်မှာ  သူက ဟွားရှာပြီးရင်  ဒုတိယပဲ  …..   သူ့လှံမှာ ချိတ်ဆွဲထားတဲ့ လေးယောက်လုံးက  တျန်းဂျီဂိုဏ်းက ရှင်ကျန်ရစ်သူတွေလေ … ”

“ အာ  …” သူက ထိုလူမှာ မဟာဓားလမ်းစဉ် ဆာကျန်း၏ တပည့်ဖြစ်ကြောင်း ကြားသောအခါ  ထိုကျင့်ကြံသူက အကြောက်တရားဖြင့် ရေရွတ်လိုက်သည်။

တစ်ချိန်တည်းတွင် နောက်ထပ် ဂိတ်မြို့ပေါက်တစ်ခု၌  မျက်နှာပဝါကာဆီးထားသော  အမျိုးသမီးငယ်လေး၏ တစ်ကိုယ်လုံးမှာ တုန်ယင်နေကာ  မျက်ရည်များလည်း စီးကျနေသည်။

ထိုအမျိုးသမီးဘေး၌  ပိန်ပါးပါး အမျိုးသားတစ်ယောက် ရှိနေသည်။ သူက ထိုအခြေအနေကို မြင်တွေ့သောအခါ တီးတိုးပြောလိုက်သည်  “ စီနီယာအစ်မစု …  ကျုပ်တို့တွေ ဘာလုပ်ကြမလဲ  ”

ထိုမျက်နှာပဝါနှင့် အမျိုးသမီးလေးက ပိန်ပါးပါး အမျိုးသားလေးကို ဆွဲခေါ်ကာ လျှောက်လှမ်းသွားကြသည်။  သူတို့ တင်းပိုအင်မော်တယ်မြို့နှင့် ဝေးသည့်နေရာ ရောက်မှ ထိုအမျိုးသမီးက  ရှိုက်ငင်ကာ  “ နီဂျူ လှံပေါ်က လူတွေက  ကျမတို့ တျန်းဂျီဂိုဏ်းက သူတွေလေ။ အဲဒီလူက အရမ်းရက်စက်လွန်းတယ်။  သူက တျန်းဂျီဂိုဏ်းသားတွေကို သတ်ဖြတ်ရုံတင်မကဘူး။ ရက်ရက်စက်စက် နည်းလမ်းတွေနဲ့ သတ်ဖြတ်သေးတာ   ”

“ အဲဒီလူ့တိရစ္ဆာန်ကတော့  …. အစ်ကိုကြီး မရှိနေတာ ကံဆိုးတာပဲ။ အစ်ကိုကြီးသာ ရှိရင် သေချာပေါက် လက်စားချေပေးမှာ  ….” ပိန်ပါးပါး အမျိုးသားလေးက  လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ပြောလိုက်သည်။

ထိုသူနှစ်ဦးမှာ တုံ့ဟွားလုံနှင့် စုရိုအာတို့ ဖြစ်ကြသည်။ မဟာဧကရာဇ် လွန်ချုက်က  လူများလွတ်၍ မိုဝူကျီ၏ ဆေးဆိုင်ကို ဖျက်စီးခိုင်းခဲ့စဉ် သူတို့နှစ်ယောက်မှာ  တိုက်တိုက်ဆိုင်ဆိုင် ထိုနေရာ၌ မရှိနေကြပေ။ တျန်းဂျီဆေးဆိုင်၏ အစီအရင်က တစ်ဖက်လူများကို ပိတ်ဆို့ပေးထားစဉ် ယီလန်က  သူတို့ဆီ မြန်မြန် သတင်းပို့၍သာ  လွတ်မြောက်ခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ယီလန်၊ ပြန့်ဟွေ့ယွီနှင့် သူတို့ကယ်တင်ထားသော  တျန်းဂျီဂိုဏ်းသား နှစ်ဦးတို့မှာ အသတ်ခံလိုက်ရသည်။

မိုဝူကျီက ဆေးလုံးများနှင့် ကျင့်ကြံခြင်း အထောက်အပံ့များစွာ ထားပေးခဲ့သည့်အတွက် တုံ့ဟွားလုံမှာ အစောပိုင်း ကျင်းရှန်းအဆင့် ရောက်ရှိနေပြီး စုရိုအာမှာ  ရွမ်ရှန်းအဆင့် ရောက်ရှိသွားလေပြီ။

တုံ့ဟွားလုံက ထိုစကားကို ပြောလိုက်ပြီးနောက် မိုဝူကျီ သေဆုံးသွားသည့် ကောလဟာလများကို ပြန်သတိရမိလိုက်ကာ  သက်ပြင်းချလိုက်ရသည်။ သူက ဆက်၍ မပြောတော့ပေ။ သူက  အသုံးမကျသည့် တောက်တိုမည်ရ တစ်ယောက်သာ ဖြစ်ပြီး  အစ်ကိုကြီးမိုကိုသာ မသိကျွမ်းခဲ့လျှင် ယနေ့ကဲ့သို့ ဖြစ်လာနိုင်မည် မဟုတ်ပေ။

စုရိုအာက တိတ်ဆိတ်နေသောကြောင့်  နှစ်ယောက်လုံးမှာ မည်သည့်နေရာကို သွားရမည်မှန်း မသိတော့ပေ။ အင်မော်တယ်လောကကြီးမှာ ကြီးမားသော်လည်း  သူတို့ခိုလှုံလို့ ရမည့် နေရာမှာ များများစားစား မရှိပေ။

“ စီနီယာအစ်မစု … အစ်ကိုမိုက ယုံရင်အင်မော်တယ်နယ်မြေကလို့ ကြားထားတယ် …. ကျုပ်တို့တွေ အဲကို ဘာလို့သွားမကြည့်ကြတာလဲ  ” တုံ့ဟွားလုံက အချိန်တချို့အကြာမှ ပြောလိုက်သည်။ သူ့ဒေါသများက ပျောက်ကွယ်သွားပြီ ဖြစ်ရာ  ပူဆွေးသောကများသာ အစားထိုး ဝင်ရောက်လာသည်။

စုရိုအာက ပြန်မဖြေခင်  သူတို့နှင့် မနီးမဝေးနေရာမှ ကျင့်ကြံသူနှစ်ယောက်၏ စကားဝိုင်းကို ကြားလိုက်ရသည်။

“ မဟာဧကရာဇ် လွန်ချိုက်က မဟာဧကရာဇ် ဖျင်အန်းနဲ့ တကယ် တိုက်ခိုက်ခဲ့တာလား  ”

“ အမှန်ပဲတဲ့  … ကျုပ်မိတ်ဆွေတစ်ယောက် မျက်မြင်ကိုယ်တွေ့ ကြုံလာရတာ  …  သူတို့တိုက်ပွဲအင်အားအရဆိုရင်  ငြိမ်းချမ်းရေး ကျွန်းဆွယ်တစ်ခုလုံး အပျက်အစီးပုံ ဖြစ်တော့မလို့  ၊ ကံကောင်းတာက  မဟာဧကရာဇ် ဖျင်အန်းဆီမှာ မဟာဧကရာဇ် လွန်ချိုက်ထက် အားမနည်းတဲ့ လျို့ဝှက်ပညာရပ်ရှိလို့  မဟုတ်ရင် ငြိမ်းချမ်းရေး ကျွန်းဆွယ်တော့ ရှိမှာ မဟုတ်တော့ဘူး  ”

“ လွန်ချိုက်က ရူးသွားတာလား  …. တကယ်ကြီး  မဟာ ဧကရာဇ် ဖျင်အန်းကို သွားရန်စတာလား။ မဟာဧကရာဇ်ဖျင်အန်းဆိုတာက ရန်စလို့ မဖြစ်တဲ့သူမျိုးလေ ”

“ ကျုပ်ကြားတာတော့ မိုဝူကျီက ငြိမ်းချမ်းရေး ကျွန်းဆွယ်မှာ ခိုလှုံနေလို့တဲ့  …. အဲဒီမှာ လွန်ချိုက်က မိုဝူကျီကို သွားရှာတော့  မဟာဧကရာဇ် ဖျင်အန်းရဲ့  ဒေါသကို စွသလို ဖြစ်သွားတယ် ထင်ပါတယ်ကွာ  ”

သူတို့နှစ်ယောက် စကားပြောနေရင် အကွာအဝေးတစ်ခုအထိ လျှောက်လှမ်းသွားလေ၏။ ထို့အပြင်  စုရိုအာနှင့်  တုံ့ဟွားလုံတို့က ရပ်တန့်လိုက်ကြသည်။ သူတို့က  အရေးကြီး သတင်းတချို့ လက်ခံရရှိခဲ့သည်။ မိုဝူကျီက ငြိမ်းချမ်းရေး ကျွန်းဆွယ်တွင် ရှိနေလေ၏။

“ စီနီယာအစ်မစု … ကျုပ်တို့တွေ အစ်ကိုကြီးကို ငြိမ်းချမ်းရေး ကျွန်းဆွယ်မှာ သွားရှာကြစို့ ”  သူက  မိုဝူကျီ အသက်ရှင်နေကြောင်း ကြားသောအခါ  တုံ့ဟွားလုံ မျက်လုံး၌ စိတ်အားထက်သန်မှုတချို့ပေါ်လာသည်။  သူ့အမြင်အရ  မိုဝူကျီမှာ မည်သူမှ မယှဉ်နိုင်သည့် နတ်ဘုရားကဲ့သို့သော တည်ရှိမှုမျိုး ဖြစ်ပေသည်။

စုရိုအာက မိုဝူကျီ အသက်ရှင်နေကြောင်း ကြားသောအခါ  သွားရမည့်  ဦးတည်ရာတစ်ခု တွေ့သွားသည့်အလား  ပေါ်၏။  သူမက တည်ငြိမ်အောင် ကြိုးစားပြီးနောက်  ခဏတာ စဉ်းစားကာ  လေးလေးနက်နက် ပြောလိုက်သည်   “ ကျမလည်း  ငြိမ်းချမ်းရေး ကျွန်းဆွယ်အကြောင်း ကြားဖူးတယ်။ အင်မော်တယ်ကျောက် များများစားစား မရှိဘဲနဲ့  အဲနေရာကိုဝင်လို့ မရဘူး။ ကျမတို့ နှစ်ယောက်လုံး ရှိသမျှ ပေါင်းလိုက်ရင်တောင်  အဲဒီနေရာရဲ့ ဆိပ်ကမ်းကိုတောင် ဝင်လို့ ရမှာ မဟုတ်ဘူး

ပြီးတော့ အစ်ကိုမိုက ငြိမ်းချမ်းရေး ကျွန်းဆွယ်မှာ ရှိနေတာဆိုတော့ ကျမတို့ သွားရင် ပြဿနာ သယ်သွားသလို ဖြစ်လိမ့်မယ်။ အစ်ကိုမိုရဲ့ စရိုက်အရ  တစ်ခုခု ဆိုးတာ မဖြစ်လာနိုင်လောက်ပါဘူး။  အရင်ဆုံး  တစ်နေရာရာမှာ ကျင့်ကြံပြီး အစ်ကိုမိုရဲ့ သတင်းကို စောင့်တာ ပိုကောင်းလိမ့်မယ်လို့ထင်တယ် ”

“ စီနီယာအစ်မစု  စကားကို နားထောင်ပါ့မယ် … ကျုပ်တို့တွေ ဘယ်နေရာကို သွားကြမလဲ  ” တုံ့ဟွားလုံက သူ့ကိုယ်ပိုင် အတွေးများများစားစား မရှိချေ။ ယခု စုရိုအာက  ဤသို့မျိုး  အချက်ကျကျ  ပြောလိုက်ပြီ ဖြစ်၍ သူက သဘောတူမည်သာ ဖြစ်၏။

“ ရေသဘာဝယင်အင်မော်တယ် မြို့က  အစ်ကိုမိုအပေါ် ကျေးဇူးကြွေးရှိတယ်လို့ ကြားထားတယ် … ကျမတို့တွေ အရင်ဆုံး အဲနေရာကို သွားကြတာပေါ့ ” စုရိုအာက ဖြေလိုက်သည်။

…………….…

မိုဝူကျီက  နှစ်လတာ တံခါးပိတ် လေ့ကျင့်ပြီးနောက်  သုံးဆုံလည် သွေးဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်လေပြီ။ အစပိုင်း၌ သူက အရုပ်၏ ကောင်းကင်တာအိုကို သူ့ကိုယ်ပိုင် ဆေးလုံးတာအိုနှင့် ပေါင်းစပ်စေလိုသော်လည်း  နှစ်လတာ ကြိုးစားလေ့ကျင့်ပြီးနောက်  မိုဝူကျီက ထိုသို့ မလုပ်နိုင်ကြောင်း နားလည်သွားပေတော့သည်။

ပထမဦးစွာ သူက မလုပ်နိုင်ပေ။ ဒုတိယအချက်အနေဖြင့် ထိုကောင်းကင်တာအိုက  သူ ကျင့်ကြံနေသည့် တာအိုနှင့်  လုံးလုံး ဆန့်ကျင်နေလေ၏။ ဆန့်ကျင်ဘက် ဦးတည်ရာသို့ လျှောက်လှမ်းနေသည့်အလား ဖြစ်၏။

သီအိုရီသဘောတရားများအရ  ဆန့်ကျင်ဘက် လျှောက်လှမ်းနေလျှင်ပင် ဇွဲလုံလ ရှိနေသရွေ့ ဖြည်းဖြည်းချင်းတော့  ပန်းတိုင်ကို ရောက်ရှိလာဦးမည် ဖြစ်၏။ နမူနာအားဖြင့်  ရှေ့တံခါးမှ အနောက်တံခါးကို သွားလိုလျှင် ဧည့်ခန်းကို ဖြတ်သွားနိုင်ပေ၏။ သို့သော် တခြားလမ်းမှ သွားမည်ဆိုလျှင်လည်း အနောက်တံခါးသို့ ရောက်ရှိနေသေး၏။  ဧည့်ခန်းကို ဖြတ်သွားမည့်အစား ဂြိုလ်တစ်ခုလုံးကို ဖြတ်သွားရရုံမျှသာ ဖြစ်ပေသည်။

မိုဝူကျီက ဂြိုလ်တစ်ခုလုံးကို ဖြတ်သန်းသွားရန် မကြိုးစားဘဲ  သူ့ကိုယ်ပိုင်  တာအိုကို သူ့ဖော်စပ်လိုက်သည့် ဆေးလုံးထဲ ထည့်သွင်းဖို့သာ ကြိုးစားလိုက်သည်။

သူ့တာအိုက  လူသားအဖြစ်မှ အင်မော်တယ်အဖြစ် ပြောင်းလဲပေးခြင်း ဖြစ်ပေရာ  ထိုအင်မော်တယ်ဆေးပင်များကို သာမာန်အဖြစ် သတ်မှတ်ထားပြီး သူ့ကိုယ်ပိုင် ဆေးလုံးတာအိုနှင့်အတူ သူ့ကိုယ်ပိုင် တာအိုဖြင့်  ထိုသာမာန် ပစ္စည်းများကို ထူးခြားသည့်အရာအဖြစ် ပြောင်းလဲပစ်ရမည်။

***

All Chapters