ကမ္ဘာမြေအဆင့်တစ်ဝက်အား ဓားတစ်ချက်ဖြင့် သတ်ဖြတ်ခြင်း
Vol. 12 Ch. 157
“အဲဒါ သူပဲ”
အနီးတွင် တစ်စုံတစ်ယောက်က အထိတ်တလန့် ပြောသည်။
“ဂိုဏ်းချုပ်… သူဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဂိုဏ်းစုံညီစုဝေးပွဲမှာ အကဲဖြတ်ပေးခဲ့သေးတယ်။ သူ့အကဲဖြတ်စွမ်းရည်က အရမ်းကောင်းတယ်”
ပြောလိုက်သူကား မျက်လုံးတစ်ဖက်လပ်ဖြင့် လူတစ်ယောက် ဖြစ်သည်။
“အဲဒီတုန်းက ကျုပ်ရဲ့ မျက်လုံးတစ်ဖက် ဒဏ်ရာရသွားတယ်။ ဒါပေမဲ့ ကျုပ်တို့ သွမ့်ဟွားဓားဂိုဏ်းရဲ့ ဓားသိုင်းဟာ ဟန်ချက်မညီတာကြောင့် ဒဏ်ရာရတာဟာ မတော်တဆလို့ ပြောခဲ့တယ်”
ထိုသူ၏စကားကို ကြားလျှင် ခရမ်းရောင်ဝတ်အဖိုးအိုသည် အမှောင်ရိပ်ထဲမှ ထွက်လာသည်။
သူကား အရပ်ရှည်ကာ ခန့်ညားသော ဟန်ပန်အမူအရာရှိ၏။ သူက လက်များကို နောက်တွင် ပစ်ထားကာ မျက်လုံးများက ကြယ်အလင်းများကဲ့သို့ တဖျတ်ဖျတ်လက်နေသည်။
“သွမ့်ဟွားဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်၊ စီနီယာ ကျိုးယောင်…”
ဟန်မူယဲ့က ပြုံးလျက် မေးသည်။
“ဂိုဏ်းချုပ်တစ်ယောက်က မိစ္ဆာတွေရဲ့ လက်ပါးစေ ဖြစ်နေမယ်လို့ ကျုပ် မထင်ထားဘူး”
ဟန်မူယဲ့၏စကားက အဖိုးအို၏မျက်နှာကို တင်းမာသွားစေသည်။
“ဟင်း… မင်းတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ငါတို့ဂိုဏ်းသေးတွေကို အရမ်းဖိအားမပေးခဲ့ဘူးဆိုရင် ငါက ဘာလို့ မိစ္ဆာတွေနဲ့ သွားပူးပေါင်းရမှာလဲ”
ကျိုးယောင်က အေးစက်စွာ နှာမှုတ်လျှက် တစ်လှမ်းချင်း လှမ်းလာသည်။ သူ့ကိုယ်မှ ဓားချီများ စိမ့်ထွက်လာ၏။
“အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့… သူ့ကို အမြန်ရှင်းလိုက်”
သိပ်မဝေးသောနေရာမှ တင်းမာခက်ထန်သော အသံတစ်သံကို ကြားရ၏။
ဆယ်ပေခန့် မြင့်သော ပုံရိပ်တစ်ခု ပေါ်လာသည်။
နွားသိုးတစ်ကောင်လား။
ဟန်မူယဲ့က ထိုအရပ်မြင့်မြင့်ပုံရိပ်အား ကြည့်ကာ တစ်ချက်ရယ်လိုက်သည်။
နွားသိုးလူသားသည် အမျိုးအမည် မသိသော သွေးမျိုးဆက်အား ပိုင်ဆိုင်ထားသည်။
သူ့ထံမှ သူ၏သံမဏိနွားသိုးကျင့်စဉ်နှင့်ပတ်သက်၍ သဲလွန်စများ ရမည်လား သူသိလိုသည်။
ကောင်းအန်က အရုပ်ဆိုးသော အမူအရာဖြင့် ပြောသည်။
“စီနီယာတို့… ဒီလူ ဒီကို ရောက်လာမှတော့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက စစ်ကူတွေ မကြာခင် ရောက်လာနိုင်တယ်။ ကျုပ်တို့ သူ့ကို ရှင်းပြီး အမြန်ထွက်သွားဖို့ လိုတယ်”
သူ့စကားက သွမ့်ဟွားဓားဂိုဏ်းချုပ်၏အမူအရာကို ပြောင်းလဲသွားစေသည်။ သူက လက်မြှောက်ကာ ဝှေ့ယမ်းလိုက်၏။
လူရိပ်တချို့ ဟန်မူယဲ့ထံသို့ ခုန်ဝင်လာကြ၏။
ဓားအလင်းသည် အမှောင်ရိပ်ထဲတွင်ပင် စူးရှ၏။
ချီစုစည်းခြင်း၏အမြင့်ဆုံးအဆင့်။
သူ့အား တိုက်ခိုက်လိုက်သူများအားလုံးမှာ ချီစုစည်းခြင်းအဆင့်၏ အမြင့်ဆုံးတွင် ရှိကြသည်။ သူတို့သည် သွမ့်ဟွားဓားဂိုဏ်း၏ပင်မဂိုဏ်းသားများ ဖြစ်ကြသည်။
သူတို့က ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်ကာ ဓားအလင်းများသည် ဟန်မူယဲ့၏ပြေးလမ်းများကို ပိတ်ဆို့ထားသည်။
ကောင်းအန်က မျက်တောင်ပင့်ကာ ဟန်မူယဲ့အား ကြည့်သည်။
ဟန်မူယဲ့နှင့် ဟွမ်လောင်လျှိုတို့က သူ့အား ဓားစံအိမ်ရှေ့တွင် မည်သို့ အရှက်ရအောင် ပြုလုပ်ခဲ့သည်ကို မှတ်မိသေးသည်။
အကယ်၍ သူသာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို မုန်းတီးခြင်း မရှိပါက မည်သို့ သူ့မိသားစုအား သစ္စာဖောက်ရန် ရွေးချယ်ခဲ့မည်နည်း။
ကျိုးယောင်၏အရှိန်အဝါက အားကောင်းလာခဲ့ကာ သူသည် ဟန်မူယဲ့အား စူးစိုက်ကြည့်နေ၏။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက လူငယ်သည် မည်မျှ စွမ်းသည်ကို သူ သိလိုသည်။
ဟန်မူယဲ့က သူ့အား စိတ်မပျက်စေခဲ့ပါ။
သူက လက်မှ ဓားကို မြှောက်လိုက်သည်။
ဟန်မူယဲ့၏ဓားဟန်ကို မြင်လျှင် ကျိုးယောင်၏မျက်လုံးများ ပြူးကျယ်သွားသည်။
“မုယန်ဓားသိုင်း… သွမ့်ဟွားဓားဂိုဏ်းရဲ့ဓားသိုင်း”
သည်ဓားသိုင်းကား သွမ့်ဟွားဓားဂိုဏ်း၏ မူပိုင်ဓားသိုင်းဖြစ်သည်။
သည်လူက မည်သို့ ထိုဓားသိုင်းကို တတ်မြောက်ခဲ့သနည်း။
သွမ့်ဟွားဓားဂိုဏ်းမှ ဂိုဏ်းချုပ်နှင့် တကွ တခြားသော တပည့်များအားလုံး မှင်တက်နေကြသည်။
ဟန်မူယဲ့၏ဓားသိုင်းက ရပ်တန့်ခြင်း မရှိပါ။
“ဝှစ်…”
သူက ဓားဖြင့် ထိုးသွင်းလိုက်လျှင် သူ့ရှေ့မှ ဓားအလင်းနှင့် ထိပ်တိုက်တွေ့၏။ ထို့နောက် ဟန်မူယဲ့၏ဓားအလင်းသည်လည်း တစ်ဘက်လူ၏ဓားဦးကို ဖြတ်ကျော်ကာ နောက်ကို ပြန်ဆုတ်သွားသည်။
ထိုအခိုက်တွင် ဓားအလင်းတစ်ချက် လက်သွားသည်။
“နေဝင်ချိန်၏နောက်ဆုံးသော တောက်ပမှု”
ဟန်မူယဲ့က တီးတိုးရေရွက်လိုက်လျှင် ဓားအလင်းနှင့်အတူ သွေးများ ဖြန်းပက်သွားသည်။
ဓားတစ်ချက်တည်းဖြင့် ချီစုစည်းခြင်းအမြင့်ဆုံးအဆင့်တစ်ယောက် သေဆုံးသွားသည်။
တခြားလူများကလည်း တုန်ယင်သွားကာ အလျင်အမြန် ဓားများဖြင့် ခုခံကာကွယ်ရန် ပြင်ဆင်ကြ၏။
ဟန်မူယဲ့၏နောက်ထပ်ပစ်မှတ်က မည်သူဖြစ်မည်ကို သူတို့ မသိကြပေ။
ဓားတစ်ချက်တည်းဖြင့် ဟန်မူယဲ့သည် သွမ့်ဟွားဓားဂိုဏ်းမှ လူများအား ကြောက်လန့်စေပြီး ဖြစ်သည်။
သို့သော်လည်း သူက ယနေ့တွင် ထိုလူများအား ခြောက်လှန့်ရန် ရောက်လာခြင်း မဟုတ်ပါ။
သူ သတ်ဖြတ်ရန် ရောက်လာခြင်း ဖြစ်သည်။
“ဂိုဏ်းချုပ်ကျိုးယောင်… ကျုပ်ဓားချက်ကို ကြည့်”
ဓားအလင်း တဖန် ထွက်ပေါ်လာပြန်၏။
“ငါ့ရှေ့က ဖယ်စမ်း…”
ကျိုးယောင်က အော်ဟစ်ကာ သူ့ခန္ဓာကိုယ်မှ ဓားချီများသည် နဂါးတစ်ကောင်အသွင်ဖြင့် တိုးဝင်လာခဲ့သည်။
သူ့တပည့်များက ဟန်မူယဲ့အား မတားဆီးနိုင်ကြောင်း သူနားလည်သွားသည်။
ဟန်မူယဲ့၏ဓားသိုင်းက သူ့ထက်ပင် ပိုကောင်းနေသေးသည်။ ထိုသို့သော ဓားသိုင်းသည် မူရင်းဇစ်မြစ်သို့ ပြန်သွားခြင်းအဆင့်သို့ ရောက်နေပြီးဖြစ်ကာ ဓားချက်တိုင်း သိုင်းကွက်တိုင်းသည် သေကွင်းသေကွက်များကိုသာ ဦးတည်ကာ အလွန်ကြောက်စရာ ကောင်းသည်။
သွမ့်ဟွားဓားဂိုဏ်းမှ တပည့်များသာမဟုတ်၊ သူကိုယ်တိုင်ပင် သူ၏ကျင့်ကြံဆင့်ဖြင့်သာ တစ်ဘက်လူငယ်အား ဖိနှိပ်ရန် ကြိုးစားရပေမည်။
ကျိုးယောင် တိုးဝင်လာသည်ကို မြင်လျှင် ဟန်မူယဲ့က ရယ်မောလိုက်သည်။ သူ၏လက်ထဲမှ ဓား တဖန် လှုပ်ရှားသွား၏။
ဝှစ်…
လူသုံးယောက် လဲပြိုကျသွားသည်။ တခြားလူများက ပို၍ ကြောက်လန့်တကြား ဆုတ်ခွာကြသည်။
သူသည် ချီစုစည်းခြင်းအမြင့်ဆုံးအဆင့်မှ လူသုံးယောက်အား ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်၏။ မည်သို့သော ဓားသိုင်းပေနည်း။
“မင်းက သေလမ်းရှာနေတာပဲ”
ကျိုးယောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူက လက်မြှောက်လိုက်ကာ ပေသုံးဆယ်ခန့် ရှည်လျားကြီးမားသော ဓားချက်တစ်ချက် ဟန်မူယဲ့ထံသို့ ခုတ်ပိုင်းလိုက်သည်။
ရိုးရှင်းရက်စက်သော နည်းစနစ်။
သူကား တစ်ဘက်လူကို ကျင့်ကြံဆင့်ဖြင့် ဖိနှိပ်လိုက်ခြင်း ဖြစ်သည်။
သူက ဟန်မူယဲ့၏အားနည်းချက်ကို ရှင်းလင်းစွာ သိမြင်သည်။
ဓားမရောက်လာမီကပင် ဓားချက်ထံမှ ပေးသော ဖိအားသည် ဟန်မူယဲ့အား မွှမ်းကြပ်စေသည်။
သူ့ထံသို့ ကျဆင်းလာသောဓားချက်အား ကြည့်ကာ ဟန်မူယဲ့ တည်ငြိမ်နေသည်။
ဓားချက်တွင် ဟာကွက်များစွာ ရှိနေ၏။ သို့သော် ချီစုစည်းခြင်း ပဥ္မမအဆင့်များအတွက် သည်ဓားချက်အောက်တွင် ခေါင်းမော့ရန်ပင် ခက်ခဲပေလိမ့်မည်။ ဤကား ကျင့်ကြံဆင့်၏ဖိနှိပ်မှု ဖြစ်၏။
ဓားအလင်း ရောက်ရှိလာလျှင် ဟန်မူယဲ့က ကံကြမ္မာဓားအား မြှောက်လိုက်သည်။
ဓားသည် တုန်ခါသွားကာ ရွက်ကြွေဟန်သို့ ပြောင်းလဲသွား၏။
သစ်ရွက်ကြွေဓားသိုင်း။
ကျိုးယောင်၏မျက်လုံးတွင် သစ်ရွက်သည် သုံးရွက်ဖြစ်သွား၏။
ကျိုးယောင် မျက်လုံးပြူးသွားကာ အလျင်အမြန် နောက်ဆုတ်သည်။
သို့သော်လည်း အလွန်နောက်ကျသွားပြီ ဖြစ်သည်။
သစ်ရွက်သုံးရွက် ပေါက်ကွဲသွားကာ မရေမတွက်နိုင်သော သစ်ရွက်ကိုယ်ပွားများသည် ကျိုးယောင်ထံသို့ ပြန့်လွင့်သွားကြ၏။
ကျိုးယောင်သည် ပေ ၃၀ အကွာသို့ ဆုတ်ခွာသွားပြီးသည့်တိုင် သစ်ရွက်များသည် သူ့အား လှည့်ပတ်နေကြဆဲ ဖြစ်သည်။
သစ်ရွက်တစ်ရွက်စီတိုင်းသည် သွေးစတစ်စကို သယ်ဆောင်ကာ အားလုံးပေါင်းစပ်ပါက သွေးနီရောင်လိပ်ပြာပုံစံအသွင် ဖြစ်လာသည်။
ကျိုးယောင်၏မျက်နှာ ပြာနှမ်းသွား၏။ သူက ဟန်မူယဲ့အား လက်ညိုးထိုးကာ ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာ၏။ နောက်ဆုံး၌ သူ၏ခြေလက်များ တုန်ယင်လာကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသည်။ သူကား တုတ်တုတ်မျှ မလှုပ်တော့ပေ။
အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူတစ်ဦးသည် ဓားတစ်ချက်တည်းဖြင့် အသတ်ခံရ၏။
ကျိုးယောင်သည် မြေပြင်ပေါ်သို့ လုံးဝ လဲပြိုသွားတော့မှ သွေးနီရောင်လိပ်ပြာသည် ပြယ်လွင့်သွားကာ သန့်စင်သော ဓားချီများအဖြစ် အသွင်ပြောင်းလျက် ဟန်မူယဲ့၏ကံကြမ္မာဓားထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။
အခြေခံအုတ်မြစ်အဆင့်အမြင့်ဆုံးတစ်ယောက်အား ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း။
မိုင်းတွင်းထဲ၌ တိတ်ဆိတ်နေသည်။
ဟန်မူယဲ့အား တိုက်ခိုက်ခဲ့ကြသော သွမ့်ဟွားဓားဂိုဏ်းမှ လူများအားလုံးမှာ တုန်ရီနေကြသည်။
ကျောက်နံရံဘေးတွင် ကောင်းအန်၏မျက်နှာမှာလည်း သွေးဆုတ်သွားသည်။
ဓားကို ကိုင်ထားရင်း ဟန်မူယဲ့က ပြုံးလိုက်သည်။
သူက ယခု တစ်ခေါက် တိုက်ခိုက်ရာတွင် အံ့ဖွယ်နေမင်းဓားကျင့်စဉ်ဖြင့် ကျင့်ကြံထားသော ဓားချီများကို အသက်သွင်းကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ၎င်းဓားချီများသည် ကုန်ခမ်းသွားသည့်တိုင် သဘာဝစွမ်းအားများဖြင့် ပြန်လည်သက်ဝင်စေနိုင်စွမ်း ရှိသည်။
ဆိုလိုသည်က သည်တစ်ခေါက် သူသည် သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဓားကို မြှောက်ကာ ဟန်မူယဲ့က တစ်ဘက်လူများအား တည်ငြိမ်စွာ ကြည့်သည်။
ကျောက်တုံးအခန်းထဲတွင် အားလုံး၏မျက်နှာက ပျက်ယွင်းသွားကြကာ အလိုအလျောက် နောက်ဆုတ်သွားကြသည်။
မည်သူက အသက်သေမည်ကို မကြောက်ရွံ့ဘဲ နေမည်နည်း။
ဟန်မူယဲ့က ဓားကို နွားသိုးလူသားထံသို့ ချိန်ရွယ်လိုက်သည်။
သွမ့်ဟွားဓားဂိုဏ်းမှ လူများကား မိုင်းတွင်းအပြင်သို့ ပြေးထွက်သွားပြီး ဖြစ်သည်။
သူတို့ ဂိုဏ်းချုပ်ပင် ဓားတစ်ချက်ကို မခံနိုင်ရာ မည်သူက တိုက်ခိုက်ရဲတော့မည်နည်း။
ဟန်မူယဲ့က သူတို့အား ဂရုမစိုက်ပေ။ သူက နွားသိုးလူသားအား ဓားဖြင့် ရွယ်ကာ ပြုံးလျက် ပြောသည်။
“မင်း ဘာစွမ်းလဲ ကြည့်ရအောင်…”
နွားသိုး၏အမူအရာက သုန်မှုန်နေသည်။ သူက တစ်ချက်မာန်သွင်းအော်ဟစ်လိုက်လျှင် သူ့ခန္ဓာကိုယ်သည် ပေသုံးဆယ်မြင့်မားသော အစိမ်းရောင်နွားသိုးကြီးတစ်ကောင် ဖြစ်လာသည်။
ထို့နောက် သူက ဟန်မူယဲ့ထံသို့ ဦးချိုဖြင့် ခုန်အုပ်ဝှေ့လိုက်၏။
တပြိုင်နက်တည်းမှာပင် ဟန်မူယဲ့၏ခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ်သွား၏။
နွားသိုးကြီးက နောက်လှည့်ကြည့်လျှင် ဟန်မူယဲ့က ပြုံးလျက် ရပ်နေသည်ကို တွေ့ရသည်။
နွားသိုးကြီးက တဖန် ပြေးဝှေ့ပြန်သည်။ မိုင်းတွင်းမှာ အဆက်မပြတ် တုန်ခါကာ ကျောက်ခဲအကျိုးအပဲ့များပင် ကျဆင်းလာ၏။
အကြိမ်အနည်းငယ် ဝှေ့သော်လည်း ဟန်မူယဲ့ကား ဘာမှ မဖြစ်ပါ။
ဤကဲ့သို့ ခွန်အားအခြေပြု မျက်ကန်း တိုက်ခိုက်နည်းက ဟန်မူယဲ့အား မည်သို့ ထိခိုက်စေမည်နည်း။
ခေါင်းယမ်းကာ ဟန်မူယဲ့က ဓားကို မြှောက်လိုက်သည်။
နွားသိုးကြီး၏ခွန်အားကား အလွန်ကြီးမားသော်လည်း သူ၏အလျင်မှာ အလွန်နှေးကွေးသည်။
ထပ်မံ၍ စောင့်ဆိုင်းခြင်း မရှိတော့ဘဲ ဟန်မူယဲ့က နွားသိုးကြီး၏နောက်ကျောကို ဓားဖြင့် ခုတ်ချလိုက်သည်။
ဟန်မူယဲ့က ကောင်းအန်ကို လှမ်းကြည့်လိုက်သောအချိန်တွင် နွားသိုးကြီးသည် ခေါင်းနှင့်ကိုယ် အိုးစားကွဲကာ မြေပြင်ပေါ်၌ အသက်မဲ့နေပြီး ဖြစ်သည်။
ကောင်းအန်၏မျက်လုံးများ၌ကား ကြောက်လန့်မှုများသာ ရှိနေသည်။
“မင်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနဲ့ ကောင်းမိသားစုကို သစ္စာမဖောက်သင့်ဘူး”
ဟန်မူယဲ့က ဓားကို မြှောက်လိုက်သည်။
ကောင်းအန်သည် နံရံတွင် မှီကာ သူ့မျက်လုံးများသည် ရူးသွပ်မှုများ ဒေါသများဖြင့် ပြည့်နှက်နေသည်။
“ငါ သစ္စာမဖောက်သင့်ဘူးလား… ဘယ်သူက သစ္စာဖောက်ချင်လို့လဲ… ငါ့မှာ အခွင့်အရေးရှိလား။ ငါ သစ္စာမဖောက်ရင် သူတို့ ငါ့ကို သတ်ကြမှာ။ ငါ မသေချင်ဘူး… ငါ မသေချင်ဘူး”
ဝုန်း…
ကောင်းအန်၏နောက်မှ ကျောက်နံရံ ပေါက်ကွဲသွားကာ သဘာဝစွမ်းအင်အလင်းလှိုင်းတစ်ခုသည် ဆယ်ပေအကွာတွင် ရပ်နေသော ဟန်မူယဲ့ထံ တိုးဝင်လာပြီး လွှမ်းခြုံသွားသည်။