အကျိုးအမြတ်ကြီးကြီးရှိတယ်
Vol. 12 Ch. 158
“မင်း သေတာ ငါ မြင်ချင်တယ်…”
မြေပြင်တွင် တုန်ရီစွာ ထိုင်နေသော ကောင်းအန်သည် သဘာဝစွမ်းအင်လှိုင်းကြီး ရစ်ပတ်ထားသော ဟန်မူယဲ့အား ကြည့်ကာ အဆက်မပြတ် ရယ်မောနေသည်။
“ဒီမိုင်းတွင်းမှာ ကမ္ဘာမြေဝိညာဉ်ရှိတယ်။ ကျုပ်တို့ ကောင်းမိသားစုဟာ အံ့ဖွယ်ကျောက်စိမ်းသံမဏိမိုင်းတွင်းက အဆီအနှစ်တွေနဲ့ ဒီကမ္ဘာမြေဝိညာဉ်ကို ပျိုးထောင်လာတာ နှစ်တစ်ရာကျော်ရှိပြီ။ နဂိုကတော့ ကျုပ်တို့က ကမ္ဘာမြေဝိညာဉ်နဲ့ ဓမ္မရတနာသွန်းလုပ်ဖို့ပဲ”
ကောင်းအန်သည် အရူးတစ်ယောက်လို ရယ်မောနေ၏။ သူက ဖြေးလေးစွာ ထရပ်ကာ ပြောသည်။
“ကျုပ်က ကောင်းမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ပဲ။ ဒီရတနာကို သုံးဖို့ ဘယ်သူက တားဆီးမလဲ”
“ကမ္ဘာမြေဝိညာဉ်က မင်းရဲ့ ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ဝါးမျိုပြီးရင် မင်းကို သုံးပြီး ငါ ဓားသွန်းလုပ်မယ်”
“ဟား… ဟား… ဟား…”
ကောင်းအန် မည်သို့ ရယ်မောနေသည်ကို ဟန်မူယဲ့ ဂရုမစိုက်အားပါ။
လက်ရှိတွင် သူ၏စိတ်နယ်ပယ်ထဲ၌ အလင်းလုံးတစ်ခု ဖမ်းချုပ်ခံထားရသည်။
၎င်းကား ကောင်းအန် တွေးထားသကဲ့သို့ မဟုတ်ပေ။ မူလက ထိုကမ္ဘာမြေဝိညာဉ်သည် ဟန်မူယဲ့၏ဝိညာဉ်နှင့် ခန္ဓာကိုယ်အား ဝါးမျိုရန် ကြိုးစားရာ ဟန်မူယဲ့က ၎င်းအား သူ၏စိတ်နယ်ပယ်ထဲတွင် ပိတ်ဆို့ထားသည်။
ကမ္ဘာမြေဝိညာဉ်ကား အလွန်တန်ဖိုးကြီးရတနာဖြစ်သည်။
သူ၏စိတ်နယ်ပယ်ထဲ၌ ဧရာအလင်းလုံးသည် အင်းဆက်တစ်ကောင်အလား ပြေးလွှားထွက်ပေါက်ရှာနေ၏။ သို့သော်လည်း သူ၏ဝိညာဉ်လိပ်ပြာဓားသည် ထိုအလင်းသဏ္ဍာန်အား အဆက်မပြတ် တိုက်ခိုက်နေသည်။
ဓားအလင်းတစ်ချက် လက်သွားတိုင်း ၎င်းထံမှ အပိုင်းအစများ ကျဆင်းလာသည်။
သူ၏ဝိညာဉ်လိပ်ပြာဓားမှာလည်း ပိုမိုစုစည်းလာ၏။
တစ်ဘက်တွင် သူ၏ဝိညာဉ်လိပ်ပြာဓားသည် ထိုကမ္ဘာမြေဝိညာဉ်၏အပိုင်းအစများကို စားသုံးကာ ပိုမိုသန့်စင်စုစည်းလာသည်။ သို့သော် ကမ္ဘာမြေဝိညာဉ်အပိုင်းအစ အများစုမှာ သူ၏ဒန်ထျန်သို့ ကျဆင်းလာနေကြသည်။
သူ၏ဒန်ထျန်၌ တဖြေးဖြေးချင်း သန့်စင်နေခဲ့သော ဓားဆေးလုံးသည် ယခုတွင် ထိုအပိုင်းအစများအား စတင်ဝါးမျိုလာသည်။
ဓားဆေးလုံးသည် အလွန်တရာ စိတ်လှုပ်ရှားသည့်အလား အဆက်မပြတ် တုန်ခါကာ အပိုင်းအစများအား စားသုံးနေ၏။
နှစ် ၁၀,၀၀၀ ကြာ အထီးကျန်ကာ သဘာဝစွမ်းအင်ဓာတ်များဖြင့် ကင်းမဲ့နေသော ဓားဆေးလုံးသည် ယခုတွင် ချီဓာတ်များဖြင့် တစ်လက်လက်တောက်ပလာသည်။
ဟန်မူယဲ့၏ဒန်ထျန်ထဲမှ ချီအားများအားလုံးမှာလည်း ဓားဆေးလုံး၏စုပ်ယူခြင်းကို ခံရသည်။
သို့တိုင်အောင် သဘာဝစွမ်းအားများ လုံလောက်ခြင်း မရှိပါ။
ဟန်မူယဲ့က လက်မြှောက်လိုက်လျှင် အင်မော်တယ်အဆင့် တိမ်မြူချီဆေးလုံးများအား ပေါ်လာ၏။ သူက ချက်ချင်း ဆေးလုံးများကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။
အားကောင်းသော ဆေးအစွမ်းများသည် သူ၏ဒန်ထျန်ထဲ ကျဆင်းသွားကာ ကုန်ခမ်းသွားသော ချီအားများအား ပြန်လည်ဖြည့်တင်းသလို ဓားဆေးလုံးကိုလည်း ချီအားများဖြင့် အဆက်မပြတ် ကျွေးမွေးသည်။
စိတ်နယ်ပယ်တွင် ဝိညာဉ်လိပ်ပြာဓားက ကမ္ဘာမြေဝိညာဉ်ကို တိုက်ခိုက်ကာ သူ၏ဒန်ထျန်မှ ဓားဆေးလုံးသည် ၎င်းမှ ရသော အပိုင်းအစများအား အဆက်မပြတ် စားသုံးသည်။
ကမ္ဘာမြေဝိညာဉ်မှ စွမ်းအားတချို့တစ်ဝက်သည် ဟန်မူယဲ့၏ဓားအရိုးများသို့ ကျဆင်းလာကြ၏။
၎င်းစွမ်းအားသည် သူ၏ဓားအရိုးများကိုလည်း ပိုမိုသန်မာစေသည်။
အခွင့်အလမ်း…
ကောင်းမိသားစုက နှစ်ပေါင်းများစွာ ပျိုးထောင်လာခဲ့သော ကမ္ဘာမြေဝိညာဉ်သည် ဟန်မူယဲ့၏အခွင့်အလမ်း ဖြစ်လာသည်။
ဝိညာဉ်လိပ်ပြာဓားက တစ်ချက်တိုက်ခိုက်တိုင်း ၎င်းသည် ပိုမိုစုစည်းအားကောင်းလာ၏။
သူ၏ဓားဆေးလုံးသည်လည်း ပိုမိုသက်ဝင်လှုပ်ရှားလာသည်။
သူ၏ဓားအရိုးများ ပိုမိုသန်မာလာသည်။
နာရီဝက်ခန့် ကြာပြီးနောက်…
ဟူး…
ဟန်မူယဲ့အား ရစ်ပတ်ထားသော သဘာဝစွမ်းအင်လှိုင်းကြီးမှာ လုံးဝ ပျောက်ကွယ်သွား၏။
နှစ်ပေါင်းများစွာ ပျိုးထောင်လာခဲ့သော ကမ္ဘာမြေဝိညာဉ် ပျောက်ဆုံးသွားသည်ကို ကြည့်ကာ ကောင်းအန်၏မျက်နှာ၌ နောင်တရသော အငွေ့အသက်များ ဖြစ်လာသည်။
ထိုအခိုက်တွင် ဟန်မူယဲ့က မျက်လုံးများကို ဖွင့်လိုက်သည်။
“ဟားဟား… ကျောက်စိမ်းသံမဏိဝိညာဉ်… ငါ စကားတည်တယ်မလား။ ငါ မင်းကို ငါနဲ့အတူ ခေါ်သွားမယ်ပြောတာ လိမ်တာ မဟုတ်ဘူး။ ဒီခန္ဓာကိုယ်က ဘယ်လိုလဲ။ အခုကစပြီး ငါ့နောက်ကို လိုက်ခဲ့တော့…”
သူ့စကားမဆုံးသေးမီတွင် ဟန်မူယဲ့၏တည်ငြိမ်သော မျက်နှာအမူအရာက သူ့အား ဆွံ့အသွားစေသည်။
“ကျေးဇူးပဲ…”
ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။
ဟန်မူယဲ့က လက်ကို မြှောက်လိုက်လျှင် သူ့ရှေ့၌ အဖြူရောင်စက်လုံးငယ်တစ်လုံး ပေါ်လာသည်။
ဒါက…
ကောင်းအန်သည် ထိုအရာအား တစ်ခါမှ မမြင်ဖူးသော်လည်း ကြိမ်ဖန်များစွာ ကြားဖူး၏။
ဓားဆေးလုံး…
“ကမ္ဘာမြေဝိညာဉ်က ဒီဓားဆေးလုံးကို ပြန်ပြီး နိုးထစေတယ်”
ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။ သူက လက်ဖြင့် စက်လုံးငယ်ကို အသာတို့လိုက်လျှင် ၎င်းသည် လေထဲတွင် ဓားစွမ်းအားဖြင့် ညင်သာစွာ လည်ပတ်သွား၏။
ဝိညာဉ်နိုးထခြင်း…
ဓားဆေးလုံးသည် ဝိညာဉ်နိုးထနေသည်။
ဝိညာဉ်ဓားဆေးလုံး။ ၎င်းသည် ဓမ္မရတနာလား။
ကောင်းအန်သည် ပါးစပ်ဟသော်လည်း မည်သည့်စကားမှ ထွက်မလာပါ။
သည်ဓားဆေးလုံးသည် ဓမ္မရတနာအဆင့်သို့ မရောက်သေးသော်လည်း အလွန်နီးစပ်နေပြီ ဖြစ်သည်။
ဓားဆေးလုံးအတွင်းမှ ဓားဝိညာဉ်အား တဖြေးဖြေး သန့်စင်ပေးရင်းဖြင့် နောင်တွင် ဓမ္မရတနာအဆင့်သို့ ရောက်ရှိပေလိမ့်မည်။ လတ်တလောတွင်ကား ဝိညာဉ်အဆင့်အမြင့်ဆုံး၌သာ ရှိသေးသည်။
၎င်းကား လုံလောက်၏။
အနောက်ဘက်နယ်စပ်ကုန်းမြေတစ်ခုလုံး၌ ဓမ္မရတနာ မည်သည့်နှစ်ခု ရှိသနည်း။
သူက လက်မြှောက်လိုက်လျှင် ဓားဆေးလုံးသည် သူ၏ဒန်ထျန်သို့ ပြန်လည်ဝင်ရောက်သွား၏။
ဟန်မူယဲ့က ကောင်းအန်အား ကြည့်သည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ… ဘယ်လို ဖြစ်နိုင်မှာလဲ”
ကောင်းအန်၏မျက်နှာကား ဖြူဆုတ်နေသည်။
ဤသည်ကား ကမ္ဘာမြေဝိညာဉ် ဖြစ်သည်။
သူတို့ကောင်းမိသားစုက နှစ်ပေါင်းများစွာ အရင်းအမြစ်များစွာ အသုံးပြု၍ ပျိုးထောင်လာခဲ့သော ရတနာဖြစ်၏။
ဟန်မူယဲ့ ခေါင်းယမ်းကာ မိုင်းတွင်းအပြင်သို့ လှမ်းသွားလိုက်သည်။
“မင်း… မင်း ငါ့ကို မသတ်တော့ဘူးလား”
ဟန်မူယဲ့ သူ့အား အဖြေမပေးပေ။ သူသည် မိုင်းတွင်းအပြင်သို့သာ ထွက်လာခဲ့သည်။
မိုင်းတွင်းအပြင်တွင်ကား သည်မတိုင်ခင်က ပြေးသွားခဲ့ကြသော သွမ့်ဟွားဂိုဏ်းသားများအားလုံး မြေပြင်ပေါ်တွင် လဲလျောင်းနေကြသည်။
ကောင်းမိသားစုခေါင်းဆောင် ကောင်းအန်ချွန်နှင့် သူ့မြေးမ ကောင်းအီတို့သည်လည်း ဓားများကိုင်ကာ မိုင်းတွင်းအဝင်ဝ၌ ရပ်နေကြ၏။
လက်တွင် သွေးများ စွင်းထင်းနေသော လုကောသည်လည်း ဟန်မူယဲ့ ထွက်လာသည်ကို မြင်လျှင် ပြုံးသည်။
“စီနီယာအစ်ကိုကောင်း…”
ကောင်းအီက ဟန်မူယဲ့အား တီးတိုးခေါ်သည်။
“ခေါင်းဆောင်ကောင်း… ခင်ဗျား ဘာလုပ်သင့်တယ်ဆိုတာ သိမယ် ထင်ပါတယ်”
ဟန်မူယဲ့က ကောင်းအန်ချွန်အား ကြည့်ကာ နောက်လှည့်ထွက်လာခဲ့သည်။
လုကောက သူ့နောက်သို့ လိုက်လာ၏။
မိုင်းတွင်းအပြင်သို့ ထွက်လာပြီးသည်တွင် ဟန်မူယဲ့က ပြောသည်။
“အစ်ကိုလု… ဒီမှာ နေခဲ့ပါ။ မိုင်းတွင်းထဲက တတိယမြောက်လူထွက်လာခဲ့ရင် ကောင်းမိသားစုကို ဖျက်ဆီးပစ်ပါ”
ကောင်းမိသားစုကို ဖျက်ဆီးရမည်လား။
လုကော ဆတ်ခနဲ တုန်သွားသည်။
ဟန်မူယဲ့ ထွက်သွားသည်ကို ကြည့်ကာ လုကော နောက်လှည့်လျှက် မိုင်းတွင်းအဝင်ဝနားတွင် ရပ်နေသည်။
စီနီယာအစ်ကိုဟန်က တတိယမြောက်လူ မိုင်းတွင်းထဲမှ မထွက်လာရဆိုမှတော့ သူက ၎င်းအမိန့်အတိုင်း လိုက်နာရမည်။
အကယ်၍ တတိယမြောက်လူ ထွက်လာပါက သူသည် ကောင်းမိသားစုအား ဖျက်ဆီးပစ်မည်။
…
လုကောသည် နေမဝင်ခင် ဓားစံအိမ်သို့ ပြန်ရောက်လာ၏။
“စီနီယာအစ်ကိုဟန်… ကောင်းမိသားစုခေါင်းဆောင်နဲ့ မိန်းကလေးကောင်းတို့ မိုင်းတွင်းက ထွက်သွားတယ်။ ပြီးတော့ သူတို့က မိုင်းတွင်းကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်”
လုကောက ဆက်ပြောသည်။
“စီနီယာအစ်ကိုဟန်… ခေါင်းဆောင်ကောင်းက စီနီယာအစ်ကိုဟန်ဆီ သတင်းစကားပို့လိုက်ပါတယ်။ ကောင်းမိသားစုဟာ အရင်အတိုင်းပါပဲတဲ့”
ဟန်မူယဲ့က ပြုံးလျက် ခေါင်းညိတ်သည်။
ကောင်းအန်ကို အသက်ရှင်ခွင့်ပေး၍ မဖြစ်ပါ။
သူသည် မိစ္ဆာများနှင့် ပူးပေါင်းခဲ့ကာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအား သစ္စာဖောက်ခဲ့သည်။
ဝင်လုဆဲနေမင်းကြီးကို ကြည့်ကာ ဟန်မူယဲ့ သက်ပြင်းချသည်။ သူ မသိလိုက်ပါဘဲ တခြားလူများ၏အသက်အပေါ် ခံစားချက်များ ကင်းမဲ့လာခဲ့သည်။
“အစ်ကိုလု… မနက်ဖြန် ကောင်းမိသားစုက မိန်းကလေးကောင်းဆီ သွားပြီးတော့ ဒီဓားသွန်းလုပ်စနစ်ကို သွားပေးလိုက်ပါ”
ဟန်မူယဲ့က စာရွက်ငယ်တစ်ရွက်အား ကမ်းပေးသည်။
လုကောက စာရွက်ကို ယူလိုက်ကာ ပြောသည်။
“ဘာလို့ ကောင်းမိသားစုရဲ့ မိန်းကလေးကောင်းလဲ”
“သူက ကောင်းမိသားစုသားမက်ဖြစ်ချင်လို့ နေမှာပေါ့”
ဘေးနားမှ ဟွမ်လောင်လျှို၏အသံကို ကြားရသည်။
ဟန်မူယဲ့ ခေါင်းယမ်းကာ ဓားစံအိမ်အပေါ်ထပ်သို့ တက်လာခဲ့သည်။
ဟန်မူယဲ့၏နောက်ကျောကို ကြည့်ကာ ဟွမ်လောင်လျှိုက ခေါင်းယမ်းသည်။
“ဒီကောင်လေးက အဲဒီအဖိုးကြီးကောင်းချန်ကုန်းနဲ့ အတော်လေး တူလာတယ်။ သူ လုပ်တာတွေက လျှို့ဝှက်ပြီး ထူးဆန်းတာတွေချည်းပဲ”
လုကောက ခေါင်းညိတ်သည်။
“သူ တကယ်ပဲ ကောင်းမိသားစုသားမက် ဖြစ်ချင်တာလား”
ဟွမ်လောင်လျှိုက လုကောအား ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။
“မင်းမှာ ဝိညာဉ်ကျောက်တုံး ရှိသေးလား”
လုကော ခေါင်းညိတ်သည်။
“ဒါဆို စာကို သွားပို့ပြီးတာနဲ့ တောင်ခြေက စေ◌ျးတန်းဆီ သွားလိုက်။ အဲဒီမှာ ဝိညာဉ်ကျောက်တုံး တစ်တုံးနဲ့ သုံးညအိပ်နိုင်တဲ့ နေရာရှိတယ်”
ဟွမ်လောင်လျှိုက ပြောကာ သူ့အခန်းထဲသို့ ပြန်သွားသည်။
“အဲဒီလောက် စေ◌ျးကြီးတာလား… ကျုပ်က အစ်ကိုဟွမ်နာမည်နဲ့ အကြွေးမှတ်ထားခဲ့လို့ ရမလား”
လုကောက ရေရွက်လိုက်သည်။
…
ဓားစံအိမ်၏တတိယထပ်တွင် ဟန်မူယဲ့သည် ဓားအလင်းများ ရစ်ပတ်ထားသည်။
အဆုံးမဲ့သော သဘာဝစွမ်းအင်များ လှုပ်ရှားသွားကာ နောက်ဆုံး သူ၏ဒန်ထျန်ထဲသို့ ပြန်လည်ဝင်ရောက်သွားကြ၏။
ယနေ့ အကျိုးအမြတ်ကား သူ ထင်ထားသည်ထက် ပိုကောင်းနေသည်။
ကမ္ဘာမြေဝိညာဉ်သည် သူ၏ဓားဆေးလုံးဝိညာဉ်ကို နိုးထစေရုံသာမက စိတ်နယ်ပယ်အတွင်းမှ ဝိညာဉ်လိပ်ပြာဓားကိုလည်း ထက်ဝက်ခန့် စုစည်းနိုင်ခဲ့သည်။
ထိုဝိညာဉ်လိပ်ပြာဓားသည် ပြီးပြည့်စုံရန် နှစ် ၆၀ လိုအပ်သော်လည်း ယခုတွင် နှစ် ၃၀ ခန့်သာ လိုတော့ပြီ ဖြစ်သည်။
ထို့အပြင် သူ၏ဓားအရိုးများမှာလည်း ကမ္ဘာမြေအဆင့်စွမ်းအားအထိ သန်မာလာခဲ့သည်။
လက်လှမ်းကာ ဟန်မူယဲ့က စွမ်းအင်အသွင်ပြောင်း အင်မော်တယ်အဆင့် ဆေးလုံးအား မဆိုင်းမတွ မျိုချလိုက်သည်။
ဆေးလုံး သူ့ပါးစပ်ထဲဝင်သွားသည်နှင့် အားလှိုင်းတစ်ခု သူ့ခန္ဓာကိုယ်အား လှည့်ပတ်သွား၏။
စွမ်းအင်အသွင်ပြောင်းဆေးလုံးသည် သူ၏ကျင့်ကြံဆင့်ကို မြင့်တက်စေနိုင်သလို အဆုံးမရှိသော သဘာဝစွမ်းအားများကိုလည်း ထောက်ပံ့ပေးသည်။
ထို့အပြင် ဆေးလုံးမှာ အင်မော်တယ်အဆင့် ဖြစ်သည်။
နှစ်ရက်ကြာပြီးနောက် ဟန်မူယဲ့ မျက်လုံးများကို ဖွင့်လိုက်သည်။
ယခုကား သူသည် ချီစုစည်းခြင်းသတ္တမအဆင့်တွင် ဖြစ်သည်။
သူက ကျင့်ကြံဆင့်ကို တိုးတက်စေခြင်း မရှိတော့ပေ။ ထရပ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
သူ၏ခန္ဓာကိုယ် ကျင့်ကြံဆင့်က တိုးတက်ခြင်း မရှိလျှင် သူ၏ခွန်အားသည် မျှတခြင်း ရှိတော့မည် မဟုတ်ပေ။
ဟန်မူယဲ့သည် အံ့ဖွယ်နေမင်းဓားကျင့်စဉ်အား လေ့ကျင့်ရာ သူ့ခန္ဓာကိုယ်၊ ချီနှင့် စိတ်စွမ်းအားတို့အားလုံး ညီညွှတ်မျှတမှုက အလွန်အရေးကြီးပေသည်။
သူ အောက်ထပ်ကို ဆင်းလာလျှင် ဟွမ်လောင်လျှိုက သူ့အား ကြည့်သည်။
“မင်းရဲ့ ကျင့်ကြံဆင့် တိုးတက်လာတာလား”
ဟန်မူယဲ့ ခေါင်းညိတ်သည်။
ဟွမ်လောင်လျှိုက ပြုံးသည်။
“ကျောက်ဖူ ကမ္ဘာမြေအဆင့်ကို တက်သွားပြီ။ မနေ့က သူ မင်းကို လာရှာသေးတယ်”
ရက်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံပြီးနောက် သူသည် ကမ္ဘာမြေအဆင့်ကို တက်လှမ်းသွားပြီ ဖြစ်သည်။
“ကျုပ် ကျောက်တုံးသုံးတုံးစံအိမ်သို့ သွားကြည့်ဦးမယ်”
ဟန်မူယဲ့ ခေါင်းညိတ်ကာ ဓားစံအိမ်အပြင်သို့ ထွက်လာခဲ့သည်။
တံခါးဝတွင် လုကောက ပြောသည်။
“အစ်ကိုဟန်… ကောင်းမိသားစုခေါင်းဆောင်က ဓားနှစ်လက် ပို့ပေးလိုက်ပါတယ်။ အစ်ကိုဟွမ်ပြောတာ ဓားနှစ်လက်လုံးက ဝိညာဉ်အဆင့်လက်နက်တွေပဲ”
ဟန်မူယဲ့ကို မြင်လျှင် လုကောက ပြောသည်။
ဝိညာဉ်အဆင့်ဓားနှစ်လက်။
တစ်လက်မှာ သွမ့်ဟွားဓားဂိုဏ်းခေါင်းဆောင်၏ဓားဖြစ်ကာ နောက်တစ်လက်မှာ ကောင်းမိသားစုမှ ပေးပို့လိုက်သော လက်ဆောင်ဖြစ်ကြောင်း သူ နားလည်သည်။
ဟန်မူယဲ့ ခေါင်းညိတ်သည်။
ဓားစံအိမ်မှ ထွက်လာပြီးနောက်တွင် ဟန်မူယဲ့ ကျောက်တုံးသုံးတုံးစံအိမ်သို့ တိုက်ရိုက်လှမ်းလာခဲ့သည်။
“ညီလေးဟန်…”
ဟန်မူယဲ့ ရောက်သွားလျှင် ကျောက်ဖူက ဝမ်းသာအားရ ကြိုဆိုသည်။
ဟန်မူယဲ့၏သွေးကြောဖွင့်ဆေးလုံးသည် သူ့အား ကမ္ဘာမြေအဆင့်သို့ တက်ရောက်ရန် များစွာ အကူအညီပေးခဲ့သည်။
ထို့ကြောင့် သူသည် တံခါးပိတ်ကျင့်ကြံပြီးသည်နှင့် ဓားစံအိမ်သို့ သွားရောက်ကာ ဟန်မူယဲ့ကို တွေ့ခဲ့ခြင်း ဖြစ်သည်။
“ဂုဏ်ပြုပါတယ် အစ်ကိုကျောက်”
ဟန်မူယဲ့က ပြုံးလိုက်ကာ စာလိပ်တစ်လိပ်ကို ထုတ်လိုက်သည်။
ကျားဖြူစာလိပ်။
ကျောက်ဖူ၏မျက်နှာ တောင့်တင်းသွားသည်။
“ဘာလို့လဲ အစ်ကိုကျောက်… ကျုပ်ရဲ့ လက်ဆောင်ကို မကြိုက်ဘူးလား”
ဟန်မူယဲ့က ရယ်မောလိုက်သည်။
ထိုပန်းချီကားလိပ်သည် များစွာသော ဉာဏ်အလင်းကို ရစေနိုင်သည်။
သို့သော်လည်း လက်ရှိတွင် ဟန်မူယဲ့အတွက် သိပ်အသုံးမဝင်တော့ပါ။
ကျောက်ဖူအတွက်ကား သည်စာလိပ်မှာ အလွန်တန်ဖိုးကြီးသော ရတနာဖြစ်သည်။
ကျောက်ဖူက ရယ်မောကာ ပန်းချီစာလိပ်ကို ယူလိုက်သည်။
“ဒါဆိုလည်း ငါ ဟန်မဆောင်တော့ဘူး။ မင်း ကျေးဇူးကို ငါ မမေ့ဘူး”
ဟန်မူယဲ့ ကျောက်တုံးသုံးတုံးစံအိမ်၌ သိပ်ကြာကြာ မနေခဲ့ပေ။
ကျောက်ဖူသည် ရက်အနည်းငယ်ခန့် သူ့ထံသို့ လာရောက်ဂုဏ်ပြုစကားပြောသောသူများအား ဧည့်ခံရန် လိုပေသည်။
သို့သော်လည်း သူသည် ကျောက်ဖူနှင့် အချိန်းအချက်တစ်ခု လုပ်ခဲ့သည်။ နောက်ဆယ်ရက်နေပါက သူတို့သည် သံမဏိနွားသိုးကျင့်စဉ်တွေ့ရှိခဲ့သော အပျက်အစီးနေရာအား သွားကြည့်ကြမည် ဖြစ်သည်။
သူ ဓားစံအိမ်သို့ ပြန်ရောက်သောအခါ တံခါးဝနှင့် မနီးမဝေးတွင် ပိုင်စုကျန်းကို တွေ့၏။
“စီနီယာအစ်ကိုဟန်… အကျိုးအမြတ်ကြီးကြီးရှိတယ်… ရှင် လက်ခံမလား”