မကျေမနပ်ဖြစ်မှု
Vol. 43 Ch. 595
ဝမ်ဝေ့က ရှောင်ထျန်းတိ၏ ခန္ဓာကိုယ်တစ်ခုလုံးကို သူ့အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် နှုတ်ခမ်းများက တွန့်ချိုးလုနီးပါး ဖြစ်သွားသည်။ သူက ရှောင်ထျန်းတိ၏ ရုပ်ခန္ဓာကို ရယူခြင်းမှ ကာကွယ်ဖို့ တားဆီးထားသည့် ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိလိုက်သည်။ ထိုစွမ်းအားက ဆံပင်နှင့် သွားများ အပါအဝင် သွေးကိုလည်း ကာကွယ်ထားသည်။
သူ့စည်းတံဆိပ်ကို ဖယ်ရှားဖို့ ကြိုးစားနေသည့် ထိုလူ၏ ကြိုးပမ်းမှုအား လျစ်လျူရှုထားပြီးသည့်နောက် ဝမ်ဝေ့က အရှင်စိတ်ဝိညာဉ်ကို ကြည့်လိုက်သည်။
သူမက အနိုင်ရရှိသူကို ပျော်ပျော်ရွှင်ရွှင်ကြီး ကြေညာသွား၏။ နောက်ဆုံးတွင် ဝမ်ဝေ့က ရှောင်ထျန်းတိကို လွှတ်ပေးလိုက်သည်။
ဤတိုက်ပွဲ၏ အနိုင်ရရှိသူအနေဖြင့် သူသည် ကံကြမ္မာအမြောက်အများ ရရှိလိုက်သည်။ သူ ထင်ထားသည်ထက်ပင် ပိုများ၏။ ထို့အပြင် ဝမ်ဝေ့က သူ့ပင်ကိုစံပြဝိညာဉ်သည် ပင်ကိုတာအို အရင်းအမြစ်ရုပ်ခန္ဓာကို အနိုင်ယူခဲ့သည့်အတွက် အမြင်ရုပ်လွှာတစ်ခု ပေါ်ထွက်လာတော့မည် ဖြစ်ကြောင်း ခံစားမိလိုက်သည်။
ထိုအရာမှာ သူက ရှောင်ထျန်းတိဆီမှ ကံကြမ္မာအမြောက်အများ ရရှိသည့် အကြောင်းအရင်းထဲမှ တစ်ချက်ဖြစ်မည်ဟု အလျင်အမြန် ကောက်ချက်ချလိုက်သည်။ ထိုအရာက သူ့ဝိညာဉ်ကို ဖော်ပြနိုင်သည့်အတွက် ထိုအမြင်ရုပ်လွှာ ပေါ်ထွက်လာမည်ကို မလိုလားပေ။
ထို့ကြောင့် သူက ထိုပေါ်ထွက်လာမှုကို အလျင်အမြန် ငြင်းဆန်လိုက်၏။ သူက အရှင်စိတ်ဝိညာဉ်ဆီမှ ထူးထူးဆန်းဆန်းအကြည့် ခံစားမိသော်လည်း ပြန်မကြည့်သလို ဘာမှလည်း ရှင်းမပြပေ။ ထိုအစား သူက ရှောင်ထျန်းတိ၏ မျက်ဝန်းကိုသာ ကြည့်ပြီး ပြောလိုက်သည်။
“ ငါ မင်းကို ဘာလို့ သဘောမကျတာလဲဆိုတာကို သိပြီ။ မင်းက ပျင်းရိပြီး စိတ်ပျက်မှုတွေနဲ့ ပြည့်နှက်နေတာပဲ။ ကျင့်ကြံရေးအတွက် အကောင်းဆုံးပါရမီ ရှိထားပေမဲ့ မင်းရဲ့ စိတ်စွမ်းအားက သနားစဖွယ် အားနည်းလွန်းတယ်”
“ မင်းက ငါ့အကြောင်း ဘာမှမသိပါဘူး” ရှောင်ထျန်းတိက အော်ပြောလိုက်သည် “ မင်း သိသလိုမျိုး ဟန်ဆောင်မနေနဲ့”
“ မင်း လက်လျှော့ချင်တဲ့ အကြောင်းကို ပြောဖို့ မင်းအကြောင်းကို သိနေဖို့ မလိုဘူး”
“ ပါးစပ်ပိတ်ထား” သူက အော်ပြောလိုက်သည်။ ဤတစ်ကြိမ် သူ့အသံက ကျယ်လွန်းသည့်အတွက် နေရာတစ်ခုလုံးကို ပဲ့တင်ထွက်သွားသည်။
“ ငါ ဘယ်လိုဖြတ်ကျော်ခဲ့တယ်ဆိုတာ သိလို့လား။ ငါ ဘယ်လောက် ခံစားပြီးတော့ ဘယ်လိုဖိအားတွေအောက်မှာ ရောက်နေခဲ့တယ်ဆိုတာ သိလို့လား” ရှောင်ထျန်းတိက လက်သီးဆုပ်ကာ ပြန်ပြောလိုက်၏။
“ ငါ စတင် မကျင့်ကြံခင်တုန်းက ဘဝကြီးက သာယာခဲ့တယ်။ ငါက မိုးမြေအောက်မှာ အကောင်းမွန်ဆုံး ပါရမီနဲ့ မွေးဖွားလာပြီးတော့ မိသားစုဝင်အားလုံးကို ဂုဏ်ယူရအောင် လုပ်ပေးခဲ့တယ်။ ငါက ငါ့အပေါ် ဂရုစိုက်ပြီး ကာကွယ်ပေးမဲ့ ဆရာနဲ့ တွေ့လောက်အောင်လည်း ကံကောင်းခဲ့တယ်။
သူမက ငါ့ကို ပင်ကိုတာအို အရင်းအမြစ်ရုပ်ခန္ဓာနဲ့ မွေးဖွားလာတဲ့ ရှောင်ထျန်းတိ မဟုတ်ဘဲ တကယ့်လူအစစ်အမှန်ကို မြင်ပေးခဲ့တဲ့ တစ်ဦးတည်းသောသူပဲ…
ဒါပေမဲ့ ငါ ကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းတဲ့အခါမှာ အရာအားလုံးက ပြောင်းလဲသွားပြီးတော့ ကမ္ဘာကြီးအကြောင်းကို သိခဲ့ရတယ်။ ငါ့ပါရမီက ကောင်းချီး မဟုတ်ဘဲနဲ့ ကျိန်စာပဲ။ ငါ အဆင့် တိုးတက်လာတဲ့အချိန်တိုင်း၊ အောင်မြင်မှု ရရှိသွားတဲ့ အချိန်တိုင်း၊ ငါ့ ဂုဏ်သတင်း မြင့်တက်လာတဲ့အချိန်တိုင်း ငါ ခံစားမိနေတယ်။
နေမင်းနှစ်မင်းနဲ့ လမင်း ခုနစ်စင်းရဲ့ အကြည့်တွေက ရင်းနှီးချင်တဲ့ အကြည့်တွေ မဟုတ်ဘူး။ သူတို့က ငါ့ကို အဟန့်အတားလို့ပဲ မြင်နေတာ။ တဖြည်းဖြည်းနဲ့ ဖယ်ရှားပစ်ရမဲ့ ပြဿနာတစ်ခုပေါ့ … သူတို့ရဲ့ အာဏာကို ထိပါးလာစေမဲ့လူအဖြစ် မြင်နေကြတာ”
“ အဲဒါဆိုတော့ မင်းက သူတို့ရဲ့ အာရုံစိုက်မှု မရအောင် ကိုယ့်ဘာသာကိုယ် သိုသိုသိပ်သိပ်နေခဲ့တယ်ပေါ့။ မင်းက မင်းရဲ့ အလားအလာကို ဖြုန်းတီးပြီးတော့ ကမ္ဘာကြီးက မမျှတဘူးဆိုပြီးတော့ ကျိန်ဆဲနေတဲ့သူပဲ” ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ မကျေမနပ် ပြောလိုက်သည်။
နောက်ဆုံးတွင် သူက ရှောင်ထျန်းတိသည် နဝမအဆုံးစွန်အုတ်မြစ်ကို ရောက်ရှိဖို့ မကြိုးစားခဲ့သည့်အကြောင်းနှင့် တားမြစ်ခံတာအိုကို ကျင့်ကြံဖို့ မကြိုးစားခဲ့သည့်အကြောင်းကို သဘောပေါက်သွားခဲ့သည်။ သူသည် ထိုလူနှင့် တိုက်ခိုက်ခဲ့စဉ်အတွင်း တုယီနယ်ပယ်စွမ်းအားကို မခံစားခဲ့မိသည့်အတွက် ထိုအဆင့် မဝင်ရောက်ခဲ့သည့် အကြောင်းအရင်းလည်း ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။
“ ငါ့မှာ ရွေးချယ်စရာ မရှိဘူး” ရှောင်ထျန်းတိက ပြောလိုက်သည်။ သူ့အသံက ထပ်မံ မြင့်တက်လာ၏။
“ ဒါက ငါ အသက်ရှင်ပြီးတော့ ငါ၊ ငါ့မိသားစု၊ ငါ့ဆရာကို ကာကွယ်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။ ငါက သူတို့ကို ပြန်ငဲ့ကြည့်ရမယ်။ ငါ့ရဲ့ အလားအလာကို ဖြုန်းတီးပစ်ဖို့ပဲ တတ်နိုင်တယ်”
ဝမ်ဝေ့က တခြားသော ဒိုင်မေးရှင်းအမြင့် လက်ရွေးစင်များအား ကြည့်လိုက်သည်။ သူက ရှစ်ရို့လန်နှင့် ရှီရှန်းယန်ဆီမှ အကြောက်တရား၊ မလိုလားမှုနှင့် ကတုန်ကယင်ဖြစ်မှုကို ခံစားမိနေသည်။ အချိန်တချို့ကြာမြင့်ပြီးသည့်နောက် အသိပြန်ဝင်လာသည့် အောင်းထျန်းယီပင် တူညီသည့် ခံစားချက်မျိုး ရှိနေ၏။
ထိုစဉ် ကျန်းယွီချန်းက မျက်နှာသည် အေးဆေးကာ သာမန်ဖြစ်နေသော်လည်း ဝင့်ကြွားနေဟန်ပေါ်၏။ ဘုန်းကြီးဝူကျစ်ကမူ ခေါင်းအသာငုံ့ထားကာ ရှက်ရွံ့မှုနှင့် နောင်တတို့ကို ပြသနေသည်။
“ ငါ နောက်ဆုံးတော့ ဒိုင်မေးရှင်းအနိမ့်နဲ့ အမြင့်ကို ဘာလို့ ခွဲခြားထားတယ်ဆိုတာ နားလည်သွားပြီ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။
“ အဆုံးမဲ့လေဟာနယ်ထဲမှာ မျိုးဆက်တစ်ခုချင်းစီမှာ မဟာဧကရာဇ်သုံးထောင်ပဲ ရှိတယ်။ ဒီနေရာကို ရရှိဖို့ မျိုးနွယ်တွေ သန်းပေါင်းချီပြီး ပြိုင်ဆိုင်ရတယ်။ အကောင်းဆုံးထဲက အကောင်းဆုံးလူကပဲ ပလ္လင်ပေါ်မှာ ထိုင်ခွင့်ရှိတာ ပုံမှန်ပဲ။ ထာဝရဘဝကို ရောက်ရှိနိုင်ပြီးတော့ မရဏအနှောင်အဖွဲ့ကနေ လွတ်မြောက်နိုင်တယ်။
အဲဒီမှာ ကောင်းကင်အလိုဆန္ဒက ဒိုင်မေးရှင်းအမြင့်မှာ သာမန်လိုဖြစ်နေတော့ မင်းတို့တွေက သာမန်အရင်းအမြစ်လို ဆက်ဆံကြတယ်။ အကြွင်းမဲ့ အကောင်းဆုံးမျိုး ဖြစ်ဖို့ ဖိအားမျိုးမရှိတဲ့ အဲ့လိုစိတ်သဘောထားမျိုးနဲ့ သေခြင်းတရားကို ခြိမ်းခြောက်မှုမရှိဘဲနဲ့ မင်းတို့ ပြုစုပျိုးထောင်တဲ့ ဧကရာဇ်တွေက အရမ်းကို အားနည်းပြီးတော့ စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေ ဖြစ်နေမှာပဲ။
ကံဆိုးတာက ဒီအတွေးအခေါ်တွေက မင်းတို့ လူငယ်တွေဆီပါ လက်ဆင့်ကမ်းပေးလိုက်တယ်။”
“ မင်းက ဘာပြောချင်နေတာလဲ” ရှောင်ထျန်းတိက အံကြိတ်ကာ ပြန်မေးလိုက်၏။
“ အဲဒီ နေမင်းနှစ်စင်း လမင်းခုနစ်စင်းလို့ ပြောတဲ့သူတွေကို တော်လှန်ရေးရှိလာမှာ သေချာတယ်။ ဦးဆောင်းမဲ့သူက ဒိုင်မေးရှင်းအနိမ့်က ဧကရာဇ်ပဲ ဖြစ်လိမ့်မယ်။ ငါ ပြောတာ မှန်တယ်မလား”
ရှောင်ထျန်းတိက ပြန်မဖြေသောကြောင့် ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ ဆက်ပြောလိုက်သည်။
“ ဒီလူတွေက သူတို့ ရုန်းကန်ရတာ အကျိုးမဝင်ဘူးဆိုတာသိပေမဲ့ ဘယ်တုန်းကမှ လက်မလျှော့ကြဘူး။ သူတို့က မျှော်လင့်ချက် မရှိမှန်း၊ အနာဂတ် မရှိမှန်း သိရင်တောင်၊ သူတို့ရဲ့ အပြုအမူတွေအတွက် ဆိုးဆိုးဝါးဝါးအကျိုးဆက်တွေ ခံစားရမှန်း သိနေရင်တောင် သူတို့က လက်ရှိ အခြေအနေကနေ ချိုးဖောက်တာကို ကြိုးစားဖို့ ဘယ်တော့မှ လက်မလျှော့ကြဘူး။ ဒါပေမဲ့ မင်းတို့က လက်လျှော့ခဲ့ကြတယ်။ ပြောရရင် မင်းတို့က ကြိုးတောင် မကြိုးစားကြည့်ကြဘူး”
ဝမ်ဝေ့၏ မျက်နှာအထက်မှ သရော်မှုသည် ပိုမိုပြတ်သားလာ၏။ သူက ရှောင်ထျန်းတိကို သဘောမကျသည့် အကြောင်းအရင်း ရှိနေသည်။ သူက ထိုကပ်ပါး ၇ ကောင်နှင့် စံပြနယ်ပယ်ကို ကျော်လွန်နေသည့် တခြားသူနှစ်ယောက်အကြောင်းကို သိသွားပြီးသည့်နောက်တွင်ပင် သူက လက်မလျှော့ခဲ့ပေ။
ထိုအစား သူက ထိုအခြေအနေကို ဖြေရှင်းကာ ကစားပွဲမှ ချိုးဖောက်နိုင်မည့် နည်းလမ်းကို ရှာဖွေဖို့ ကြိုးစားခဲ့သည်။ သူ့လက်ရှိ စကားများနှင့် အပြုအမူများက သူ့အစီအစဉ်၏ တစိတ်တပိုင်း ဖြစ်၏။ သူက ထိုလူများထဲ တော်လှန်မည့် အတွေးအခေါ်မျိုးကို ထည့်ပေးကာ သူတို့ပြန်ရောက်သည့်အခါ အပြောင်းအလဲတချို့ လုပ်နိုင်ဖို့ရာ မျှော်လင့်မိသည်။
နောက်ပိုင်း သူ တက်လှမ်းသွားသည့်အခါ သူသည် အစမှ စတင်စရာမလိုဘဲ မဟာမိတ်တချို့ ရရှိလာလိမ့်မည်။ ထိုပါရမီရှင်များက လူသိရှင်ကြား တော်လှန်မည် မဟုတ်လျှင်ပင် သူတို့သာ တိတ်တဆိတ် ထောက်ခံပေးနေပါက သူ့အစီအစဉ်သည် အောင်မြင်နိုင်သည်။
သူ့ပစ်မှတ်က ဒိုင်မေးရှင်းအနိမ့်မှ ပါရမီရှင်များလည်း ဖြစ်၏။ သူတို့က အလားအလာ ကောင်းမွန်ပြီး တာအိုကို သက်သေပြပြီးသည့်နောက်တွင်ပင် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို တက်လှမ်းရလိမ့်မည်။
တစ်ခုတည်းသော ပြဿနာမှာ သူ့စကားများက ထိုကပ်ပါးများအား သူ့ကို ပိုမိုသတိထားမိသွားစေလိမ့်မည်။ သို့သော်လည်း အကျိုးအမြတ်ကို တွက်ချက်ပြီးသည့်နောက်တွင် ဝမ်ဝေ့က စွန့်စားကြည့်ဖို့ ဆုံးဖြတ်လိုက်၏။
“ မင်း နားမလည်ပါဘူး” ရှောင်ထျန်းတိက အော်ပြောလိုက်သည်။ သူ့အသံက မျှော်လင့်ချက်အတိ ကုန်ဆုံးနေဟန်ပေါ်၏ “ ငါက ငါ့ဆရာကို ကာကွယ်ရမယ်”
“ သူမက မင်းကို ကာကွယ်ဖို့ တောင်းဆိုခဲ့လို့လား။ ဒါမှမဟုတ် မင်းရဲ့ အကြောင်းပြချက်ထဲက တစ်ခုလား”
ရှုကျင်းယောင်က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် အလှပဆုံး အမျိုးသမီးတစ်ဦး ဖြစ်၏။ ဝမ်ဝေ့က ကပ်ပါးထဲမှ တစ်ယောက်ယောက်သည် သူမ၏ အလှတရားနောက် မစွဲမက်ဘဲ နေလိမ့်မည်ဟု မယုံပေ။ သို့သော် သူ အောင်းထျန်းယီ၏ မှတ်ဉာဏ်မှ သိထားသလောက် သူမသည် အကောင်းအတိုင်းရှိနေကာ လက်တွဲဖော်လည်း မရှိသေးပေ။
ထို့ကြောင့် သူမဘာသာ သူမ ကာကွယ်ဖို့ နည်းလမ်း ရှိမည်မှန်း သိလိုက်သည်။
“ မင်းက မသိနားမလည်တဲ့ အရူးပဲ။ သူတို့တွေက ဘယ်လိုစွမ်းအားတွေရှိတယ်ဆိုတာကို မင်း မသိပါဘူး။ မင်းက အဆင့် ၁၁ နဲ့ အဆင့် ၁၂ ကြားက ကွာဟချက်ကိုတောင် ခန့်မှန်းမိမှာ မဟုတ်ဘူး။ စံပြတွေက အနတ္တမကို အုပ်စိုးတယ်။ သူတို့က တကယ်ကို စွမ်းအားကြီးလွန်းတယ်”
ဝမ်ဝေ့က ဒိုင်မေးရှင်းအမြင့်မှ လက်ရွေးစင်များသည် ထိုစကားကို သဘောတူမှန်း ခံစားမိသည့်အခါ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ထိုကလေးများက ဒီကိစ္စများကို ယုံကြည်ဖို့ရာအထိ ဦးနှောက်ဆေးခံထားရမှန်း ပြောနိုင်လေသည်။
ထိုစဉ် ဒိုင်မေးရှင်းအနိမ့် ပြိုင်ပွဲဝင်များကို စစ်ဆေးပြီးသည့်နောက်တွင် သူတို့အားလုံးက အထင်သေးနေကြဟန်ပေါ်သည်။ တချို့ကမူ ပွင့်လင်းမြင်သာစွာ နှာခေါင်းရှုံ့ကြပြီး တချို့ကမူ လျှို့ဝှက်စွာ သရော်နေကြသည်။ သူတို့ တစ်ဘဝလုံးကို ပလ္လင်ပေါ်တွင် ထိုင်ဖို့ရာ တိုက်ခိုက်နေရသည့်သူများအတွက် သူတို့သည် စွမ်းအား ရရှိမည့်လမ်းစဉ်တွင် မည်သူ့ကိုမှ အတားအဆီး ဖြစ်ခွင့်ပေးမည် မဟုတ်ပေ။
လူများစွာက သူတို့၏ ခေါင်းကို ထိုအာဏာရှင်များထံ ခေါင်းငုံ့ဖို့ရာထက် သေဖို့ရာသာ လိုလားကြလိမ့်မည်။ သူတို့က အင်အားကြီးသူများကို လေးစားကြသော်လည်း သူတို့ရှေ့တွင် အကြောက်တရားဖြင့် တုန်လှုပ်နေမည် မဟုတ်ပေ။
“ အဲဒါက အမှန်ဖြစ်နိုင်တယ်” ဝမ်ဝေ့က ပြောလိုက်သည် “ ဒါပေမဲ့ စစ်ပွဲကို စတင်ဖို့ နည်းလမ်းအများကြီး ရှိတယ်။
ရန်သူက အားကောင်းနေတာလား။ ကောင်းပြီ … ဒါဆိုရင် သူတို့နဲ့ အဆင့်အတူတူ ရောက်တဲ့အချိန်အထိ ပုန်းအောင်းပြီး ကျင့်ကြံနေလိမ့်မယ်။ အဲဒီဖြေရှင်းနည်းက အလုပ်မဖြစ်ဘူးလား။ ကောင်းပြီ … အဲဒါဆို ငါက ငါ့ရန်သူနဲ့ ဖြေရှင်းနိုင်မဲ့ မဟာမိတ်တွေကို စုစည်းမယ်။ ငါက အသိုက်ထဲ ဝံပုလွေတစ်ကောင်ကို ဖိတ်ခေါ်ခဲ့ရမယ်ဆိုရင်တောင်ပေါ့…
ဘာဖြစ်ဖြစ် လက်လျှော့ပြီးတော့ ကံကြမ္မာကို လက်ခံလိုက်တာထက် ပိုကောင်းတယ်”
“ မင်း နားမလည်ဘူး။ နားမလည်ဘူး” ရှောင်ထျန်းတိက ဆက်တိုက် ရေရွတ်နေသည်။ ဝမ်ဝေ့က သူ့အား စိုက်ကြည့်လိုက်ပြီးသည့်နောက်တွင် သူ ထုတ်ဖော်နေသည့် ဒေါသအငွေ့အသက်ကို ခံစားမိလိုက်၏။
“ ဘာဖြစ်ဖြစ် ငါက မင်းလိုမျိုး စိတ်အားငယ်တဲ့သူနဲ့ လေကုန်ခံမနေတော့ဘူး”
ဝမ်ဝေ့က ခေါင်းအသာခါကာ သက်ပြင်းချလိုက်၏။
“ ကောင်းကင်က မင်းလိုလူမျိုးကို ဒီလိုအားကောင်းတဲ့ ရုပ်ခန္ဓာကို ပေးတယ်ဆိုတော့ တကယ်ကို မျက်ကန်းဖြစ်နေတာပဲ”
သူက သူ့နေရာဆီ ပျံသန်းသွားလိုက်သည်။ လူများစွာက သူ့အား သဘောတူညီစွာ ခေါင်းညိတ်ပြလာကြ၏။ သူတို့အနေဖြင့် ရှောင်ထျန်းတိသည် မည်မျှအားကောင်းမှန်း မြင်တွေ့ထားကြသော်လည်း သူသည် စိတ်အခြေအနေဆိုးရွားပြီး အားနည်းသည့် တာအိုနှလုံးသားဖြင့် မွေးဖွားလာသူ ဖြစ်နေသည်။
သူ့လက်ရှိအခြေအနေက ကောင်းကင်အလိုဆန္ဒကို ရယူဖို့ လုံလောက်ရုံမျှဖြစ်ပြီး သေးငယ်သည့် အပြောင်းအလဲကပင် သူ့အား အတုအယောင် ဧကရာဇ် ဖြစ်သွားစေနိုင်သည်။
“ အင်း” အရှင်စိတ်ဝိညာဉ်က သက်ပြင်းချလိုက်ပြီးသည့်နောက်တွင် ဒိုင်းမေးရှင်းအမြင့်တစ်ခုလုံးကို ဗြောင်းဆန်သွားစေနိုင်သည့်စကားများကို ဘာမှမကြားသလိုမျိုးသာ ပြုမူနေ၏။
“ တိုက်ခိုက်ရေးစစ်ဆေးမှုက တရားဝင်ပြီးဆုံးသွားပြီ။ ငါတို့တွေ နောက်ဆုံးပြိုင်ပွဲကို ကြေညာဖို့ နောက်ရက်အနည်းငယ်မှာ ပြန်ပြီးတော့ အဖွဲ့ ဖွဲ့ကြမယ်”
အရှင်စိတ်ဝိညာဉ်က စစ်ဆေးမှု၏ အမှတ်များကို ကြေညာဖို့ ဂရုပင်မစိုက်ပေ။
သူက နောက်ဆုံးသော အမွေဆက်ခံသူကို ဘယ်လို လိုအပ်ချက်မျိုးနဲ့ ရွေးချယ်မှာလဲ…
ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။
ထို့နောက် သူက တိတ်တဆိတ် ဒေါသထွက်ကာ သတ်ဖြတ်ငွေ့ကို ဖုံးကွယ်ဖို့ ကြိုးစားနေသည့် ကျန်းယွီချန်းအား ကြည့်လိုက်သည်။ သူက များများစားစား မပြောဘဲ သူ့စံအိမ်ဆီ ပြန်သွားပြီးနောက် အံ့ဖွယ်အသိစိတ်မှ သတင်းစကားတစ်ခုကို ရရှိလိုက်ရသည်။
ငါ့ကို လာတွေ့လှည့်။ မင်းအတွက် အရေးတကြီး ပြောစရာရှိတယ်…
**