← Chapters

ဗုဒ္ဓဘာသာနှင့် တာအိုဘာသာ ပြိုင်ဆိုင်ခြင်း

Vol. 43 Ch. 596

ဗုဒ္ဓဘာသာနှင့် တာအိုဘာသာ ပြိုင်ဆိုင်ခြင်း

Vol. 43 Ch. 596

ဝမ်ဝေ့က သူ့စံအိမ်မှ ထွက်လာပြီးသည့်နောက်တွင် ဘိုးဘေးဝမ်ဝူချန်၏ အသံကို ချက်ချင်းကြားလိုက်ရသည်။

“မင်းက ဒီလိုစွန့်စားမှုမျိုးလုပ်တာ အကြောင်းအရင်းရှိမှာပဲ”

“ ကျွန်တော်က အနာဂတ်အတွက် ပြင်ဆင်နေတာပါ။ အဲဒီနေမင်းနှစ်စင်းနဲ့ လမင်းခုနစ်စင်းလို့ ခေါ်တဲ့အရာတွေကို မဖယ်ရှားနိုင်ဘဲနဲ့ ကျွန်တော်က ကျင့်ကြံရေးထိပ်ဆုံးကို တက်လှမ်းနိုင်မှာ မဟုတ်ဘူး။ ဘိုးဘေးတွေတောင် ကောင်းကောင်းမွန်မွန် ပြန်လည်ရှင်သန်လာနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် သူတို့ကို ရင်ဆိုင်ဖို့ အကူအညီလိုအပ်တယ်”

“ ဟူး မင်းကို သတိပေးစရာ မလိုမှန်းသိပေမဲ့ မင်းရဲ့ အကျင့်စရိုက်အရ ငါ သတိပေးရဦးမယ်။ အမြဲတမ်း သတိကြီးကြီးထား။ မင်း တက်လှမ်းသွားပြီးရင် ငါနဲ့ တခြားသူတွေက မင်းကို ဆက်ပြီး ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး။ ဂိုဏ်းကလည်း မင်းကို အကူအညီတွေ ပေးနိုင်မှာ မဟုတ်ဘူး။ အဟန့်အတားတောင် ဖြစ်နေနိုင်တယ်။ အဲဒါကြောင့် အမြဲတမ်း သတိကြီးကြီးထားပြီးတော့ ဖြည်းဖြည်းချင်းလုပ်”

“ ကျွန်တော် အဲ့လိုလုပ်မှာပါ” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။

ဝမ်ဝူချန်က ဆက်မပြောတော့ပေ။ အကြီးများက အငယ်လေးများ အရွယ်ရောက်တာ မြန်ဆန်သည်ဟု ခံစားမိနေပြီး သူတို့အရိုးအိုကြီးများက အသုံးမဝင်ဖြစ်လာဖို့ အချိန်တစ်ခုမျှသာ လိုအပ်တော့သည်။

သူက ထိုအရာသည် ရှောင်လွှဲမရနိုင်ကြောင်း သိထားသော်လည်း လတ်တလောအဖြစ်အပျက်များက ထိုဖြစ်စဉ်သည် ထင်ထားသည်ထက် ပိုမိုမြန်ဆန်နေကြောင်း ပြသနေ၏။

ထိုစဉ် ဝမ်ဝေ့က ဖုန်းဟွမ်၏ စံအိမ်ကို နာရီပိုင်းကြာ စောင့်ကြည့်နေပြီး ပြဿနာအရိပ်အယောင်ကို ရှာဖွေနေသည်။ ကံကောင်းစွာဖြင့် ဘုန်းကြီးဝူကျစ် ပေါ်ထွက်လာသည်အထိ ဘာမှမထူးခြားခဲ့ပေ။

ဘုန်းကြီးဝူကျစ်က သူ့ကိုယ်ပျောက်အဆောင်ကို ရုတ်သိမ်းလိုက်ပြီးနောက် လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လိုက်ပြီး “ ဒကာလေး ကျုပ်ဆီက ဘာလိုလို့လဲ”

“ ဆရာတော် ကျန်းယွီချန်းရဲ့ အင်အားအစစ်အမှန်ကို ပြောပြလို့ရမလား။ အရင်တစ်ခေါက် ပြောခဲ့တုန်းက ဝေဝေဝါးဝါး ဖြစ်နေတယ်”

ဘုန်းကြီးဝူကျစ်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် ဖြေလိုက်သည် “ သူက ထိပ်သီးပွင့်ချပ် ခုနစ်လွှာအဆင့်ပဲ။ ဒါပေမဲ့ သူ့ဆီမှာ ရုပ်ခန္ဓာနှစ်ခုဆီကနေ ရရှိထားတဲ့ လျှို့ဝှက်ဆန်းကြယ်စွမ်းအားနဲ့ ပွင့်ချပ်(၈)လွှာအထိ ရောက်သွားနိုင်မဲ့ လျို့ဝှက်နည်းစနစ် ရှိထားတယ်”

“ အဲ့လို့လား” ဝမ်ဝေ့က ကျမ်းတစ်ခုထုတ်ကာ သူ့အား ပေးလိုက်၏ “ ဒါက ခင်ဗျားရဲ့ အင်အားကို တိုးမြှင့်နိုင်မလားဆိုတာ ကြည့်လိုက်ပါဦး”

ဘုန်းကြီးဝူကျစ်က ချက္ကရခုနစ်ပါးဟု အမည်တပ်ထားသည့် စာအုပ်ကို လှန်လှောကြည့်လိုက်သည်။ သူက ဖတ်ရှုလေလေ သူ့အကြည့်များက ပိုမိုတောက်ပလေလေ ဖြစ်၏။

“ ဒီနည်းစနစ်က အတွင်းပတ်လမ်း ၅ခု သဘောတရားနဲ့ ဆင်တူတယ်။ ဒါပေမဲ့ ဒီဟာက ပိုပြီး အသေးစိတ်ကျပြီးတော့ ပိုအားကောင်းတယ်”

ဘုန်းကြီးဝူကျစ်က ဗုဒ္ဓဘာသာကျမ်းအားလုံးကို ဖတ်ရှုထားသောကြောင့် အတွင်းပတ်လမ်း ငါးခုပေါ် အခြေခံထားသည့် အတွေးအခေါ်ကျောင်းကို အမှတ်ရလိုက်သည်။ သူတို့က ဗုဒ္ဓဘာသာဂိုဏ်းတွင် နာမည်အကြီးဆုံးမဟုတ်သလို လွှမ်းမိုးမှုအရှိဆုံး မဟုတ်သော်လည်း သူတို့ကို ‌ယေဘုယျအားဖြင့် ကောင်းမွန်လေသည်။

အတွင်းပတ်လမ်း ငါးခုတဲ့လား…ဗုဒ္ဓဘာသာက ကမ္ဘာမြေတုန်းက ချက္ကရငါးခုပဲ ရှိခဲ့တာပါ။ ဟိန္ဒူဘာသာမှာတော့ ဒီနည်းစနစ်ကို ဖန်တီးသူက ချက္ကရခုနစ်ခု ရှိတယ်လို့ ပြောတယ်…ဒီကမ္ဘာမှာ ချက္ကရရဲ့ ပုံစံတစ်မျိုးကို တွေ့ရှိထားတာဖြစ်လောက်တယ်…

ဝမ်ဝေ့က တွေးလိုက်မိသည်။

“ ဒီနည်းစနစ်က ခင်ဗျားကို ပွင့်ချပ်(၈)လွှာအဆင့် ရောက်အောင် လုပ်ပေးနိုင်လောက်တယ်။ အဲဒါကြောင့် မြန်မြန်လုပ်။ ခင်ဗျားဆီမှာ အချိန်သိပ်ရမယ် မထင်ဘူး”

“ ဒကာလေး ပြောတာဟုတ်တယ်” ဘုန်းကြီးဝူကျစ်က အလျင်လိုနေမိသည်။ ဝမ်ဝေ့၏ ဖိတ်ကြားချက်ဖြင့် ဘုန်းကြီးဝူကျစ်က အိမ်ပြန်မည့်အစား သူ့စံအိမ်မှ အခန်းတစ်ခုအတွင်း ဝင်ရောက်လိုက်သည်။

ဘုန်းကြီးဝူကျစ်က သူ့သိုလှောင်လက်စွပ်အတွင်းမှ အစီအရင်ပြားကို ထုတ်ကာ အခန်းအတွင်း အားကောင်းသည့် အစီအရင်တစ်ခုကို ချက်ချင်း ခင်းကျင်းလိုက်သည်။ ထို့နောက် ကျင့်ကြံရေး မြန်ဆန်ဖို့ရာအတွက် အချိန်ရတနာထဲ ဝင်ရောက်လိုက်သည်။

သူက ရတနာထဲဝင်ရောက်လိုက်သည်နှင့် ချက္ကရကို ဖွင့်လှစ်ဖို့ အချိန်ဖြုန်းမနေတော့ပေ။ ကံကြမ္မာကောင်းမီးတောက် အသုံးပြုရသည့် ဝမ်ဝေ့နှင့် မတူညီဘဲ ဘုန်းကြီးဝူကျစ်က ချက္ကရကို ဖွင့်လှစ်ဖို့ အသန့်စင်ဆုံး ဗုဒ္ဓစွမ်းအားကို အသုံးပြုနိုင်သည်။

သူ အသုံးပြုသည့် စွမ်းအားက ချက္ကရသဘောတရားနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ညီသည့်အတွက် သူက ဝမ်ဝေ့ထက်ပင် အကျိုးကျေးဇူးရရှိခဲ့သည်။ အချိန်ရတနာထဲ နှစ်ရာချီကြာမြင့်ပြီးသည့်နောက်တွင် ဘုန်းကြီးဝူကျစ်က မျက်လုံးပွင့်လာ၏။

သူ့မျက်ဆံက ရွှေရောင်ပြောင်းလဲသွားကာ ခန္ဓာကိုယ်မှ သန့်စင်သည့် အငွေ့အသက်မျိုး ထွက်ပေါ်နေသည်။ သူ့ခန္ဓာကိုယ်က ရွှေရောင်အလင်းများ တောက်ပလာပြီးသည့်နောက်တွင် ပုံမှန်ပြန်ပြောင်းသွားသည်။

“ ထိပ်သီးပွင့်ချပ်(၈)လွှာအဆင့်ပဲ။ ဒီတိုးတက်လာမှုက ငါ ထင်ထားတာထက်တောင် ပိုပြီးတော့ ကြီးမားနေတယ်” ဘုန်းကြီးဝူကျစ်က ရေရွတ်လိုက်ပြီးသည့်နောက်တွင် အချိန်ရတနာထဲမှ ဖန်တီးထားသည့် ကောင်းကင်ကို ကြည့်လိုက်သည်။

“ ကျန်းယွီချန်း စောင့်နေလိုက်”

ဘုန်းကြီးဝူကျစ်က အခန်းအပြင်ထွက်လာပြီးနောက် ဝမ်ဝေ့ကို နှုတ်ဆက်လိုက်သည်။

“ ကြည့်ရတာ ခင်ဗျား အောင်မြင်သွားတဲ့ပုံပဲ”

“ ဒကာလေးကို ကျေးဇူးတင်ပါတယ်”

“ မလိုပါဘူး။ ကျုပ်က ကံကြွေးကို ပြန်လည်ပေးဆပ်နေရုံပါ”

“ အဲလိုဆိုလည်း ထားလိုက်ပါ။ ဒါပေမဲ့ ကျုပ်ကို အများကြီး ကူညီပေးခဲ့သလို ဗုဒ္ဓဘာသာအတွက်လည်း အကျိုးကျေးဇူးဖြစ်ထွန်းစေခဲ့တယ်”

ဘုန်းကြီးဝူကျစ်က လိမ်ညာနေခြင်း မဟုတ်ပေ။ ချက္ကရခုနစ်ပါး နည်းစနစ်က အတွင်းပတ်လမ်းငါးခုထက် မိုင်များစွာ သာလွန်နေပြီး ဗုဒ္ဓဘာသာအား အကြီးမားဆုံးအင်အားစုထဲမှ တစ်ခု ဖြစ်လာစေနိုင်သည်။

ဝမ်ဝေ့က ထိုလူ၏ ကျေးဇူးတင်မှုကို တည်တည်ငြိမ်ငြိမ် လက်ခံလိုက်၏။ သူက ချက္ကရနည်းလမ်းကို ဖန်တီးခဲ့ခြင်း မဟုတ်သော်လည်း အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရှိ စည်းမျဉ်းများနှင့် ကိုက်ညီအောင် ပြန်လည်ပြောင်းလဲ ပြင်ဆင်ခဲ့ရသည်။

ထို့အပြင် ထိုအရာက သူ့ကံကြွေးတချို့ကို ပြန်လည်ပေးဆပ်နိုင်သောကြောင့် တခြားတစ်ယောက်၏ နာမည်ကို ကိုယ်စားဝင်ယူလိုက်ရ၍ စိတ်ထဲမထားပေ။ ထို့ကြောင့် ဘုန်းကြီးနှင့် စကားစမြည်ပြောပြီးသည့်နောက်တွင် သူ့စံအိမ်မှ ထွက်သွားသည်ကို ကြည့်နေလိုက်သည်။

ဝမ်ဝေ့က တစ်ဦးတည်း ဖြစ်နေသည့်အကြောင်းမှာ လီကျွင်းက တိုက်ပွဲရူးဧကရာဇ် ချန်ထားခဲ့သည့် အဆောင်ကို အသုံးပြုဖို့ သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွား၏။ သူက အခြေအနေအပြောင်းအလဲကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သောကြောင့် အနည်းငယ်ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်သည်။

ပထမဦးစွာ သူက ဆုံမှတ်များကို စစ်ဆေးကြည့်လိုက်သည်။ သူက သူ့ဆုံမှတ်များအားလုံးကို ဖွင့်လှစ်ပြီးစီးပြီ ဖြစ်၏။ ခန္ဓာကိုယ်လေ့ကျင့်ရေးထဲ နောက်အဆင့်က ၁၉၆၄မြောက် တွင်းနက်ကြီးကို ဖန်တီးဖို့ ဖြစ်သည်။

နှမြောစရာကောင်းလှသည်က သူ့အနေနှင့် ယခု မလုပ်နိုင်သေးပေ။ အကြောင်းမှာ ခန္ဓာကိုယ်စမ်းသပ်ချက် နီးကပ်လာပြီဖြစ်ကြောင်း ခံစားမိလိုက်၍ ဖြစ်သည်။ ခွန်အားအစစ်အမှန် တတိယနယ်ပယ်အဆင့်မှ ခန္ဓာကိုယ်သန့်စင်သူများသည် မကြာခဏ စမ်းသပ်ချက်ကို ကျော်ဖြတ်ရလေ့ ရှိ၏။ ယခုကား ဝမ်ဝေ့၏ အလှည့် ဖြစ်၏။

သူက သူ့ဘိုးဘေးဆီမှ သင်ယူထားသလောက် လေးဆင့်မြောက်သို့ ရောက်ရှိပြီးသည့်နောက်တွင် နာကျင်မှု သိသိသာသာ တိုးမြင့်လာလိမ့်မည်။ ရှေးဟောင်းဖျက်ဆီးခြင်း စံပြ၏ စကားအရ နာကျင်မှုက ပြင်းထန်လွန်းသည့်အတွက် ကျင့်ကြံသူများက ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ဖို့ ကြိုးစားခြင်းမှ လက်လျှော့သွားတတ်ကြသည်။

ထို့အပြင် သူက ချီသန့်စင်သူနှင့် ခန္ဓာကိုယ်သန့်စင်သူ လမ်းစဉ်နှစ်ခုလုံးကို လျှောက်လှမ်းဖို့ ဆုံးဖြတ်ထားသည့်အတွက် သူ ခံစားရမည့်နာကျင်မှုက ခန္ဓာကိုယ်သက်သက် ကျင့်ကြံသူများထက် အဆရာချီ ပိုများလိမ့်မည်။

နာကျင်မှုက မဟာတာအိုသည် အားကောင်းသည့် ခန္ဓာကိုယ်သန့်စင်သူများကို မျှခြေဖြစ်အောင် အသုံးပြုသည့် နည်းလမ်းဖြစ်၏။ ဝမ်ဝေ့က နာကျင်မှုကို စိတ်ထဲမထားပေ။ အကြောင်းမှာ သူ့ နာကျင်မှုစွမ်းရည်က သူ့အား နာကျင်ခြင်းတွင် သာယာသူတစ်ယောက်အဖြစ် ပြောင်းလဲစေခဲ့သည်။

စနေပြီလား…

ဝမ်ဝေ့က မျက်လုံးဖွင့်ကာ ကြည့်လိုက်သည်။ ထိုအချိန်တွင် ပြိုင်ပွဲဝင်အားလုံးက အရှင်စိတ်ဝိညာဉ်သည် သူတို့၏ စံအိမ်အတွင်း နေကာ ဒိုင်မေးရှင်းအမြင့်၏ ကိစ္စများနှင့် ဝင်ရောက် မစွက်ဖက်ဖို့ သတိပေးချက် လက်ခံရရှိလိုက်၏။

“ ဘိုးဘေး ပြင်ဆင်မှုတွေရော ဘယ်လိုလဲ”

“ မင်း ပြောတဲ့အတိုင်း အားလုံး လုပ်ထားတယ်။ ငါတို့တွေ မသေမျိုးအဆင့် လေလွင့်ကျင့်ကြံသူ အများကြီးကို ခန့်ထားတယ်။ အဲဒါကြောင့် ကျန်းယွီချန်းရဲ့ လူတွေနဲ့ ဖြေရှင်းဖို့ ပြဿနာရှိမှာ မဟုတ်ဘူး”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက ဘုန်းကြီးဝူကျစ်ကို သူ့ဂိုဏ်းက ကူညီပေးဖို့ ကတိစကား ထားခဲ့သော်လည်း သူ့ဂိုဏ်း၏ အင်အားစုကို တိုက်ရိုက် အသုံးမပြုလိုပေ။

သူက ယုတ္တိကျကျ ငြင်းဆန်နိုင်ရန်အတွက် သူ့ဂိုဏ်းအစား တခြားလူများကို ငှားရမ်းခဲ့၏။ သူ့တွင် ထိုသို့လုပ်ဆောင်ဖို့ရာ အကျိုးအကြောင်းသင့်သည့် အကြောင်းပြချက် ရှိနေသည်။ ဝမ်ဝေ့က ကျန်းယွီချန်း၏ အကျင့်စရိုက်အရ ထိုငြင်းဆန်မှုက အသုံးမဝင်ကြောင်း သိထားလေ၏။

သူက အန္တိမ သဟဇာတသည် ဟာကွက်ကို ဂရုစိုက်သည့်သူ မဟုတ်ကြောင်း မှန်းကြည့်မိ၏။ မည်သို့ပင်ဆိုစေကာမူ သူက သတိကြီးကြီးထားချင်မိသည်။ သူ့ဆောင်ပုဒ်က ထိုမကောင်းဆိုးဝါးအိုကြီးများနှင့် ရင်ဆိုင်သည့်အခါ အမြဲတမ်း သတိကြီးကြီးထားဖို့ ဖြစ်၏။

ဖုန်းဟွမ်စံအိမ်၏ အပြင်ဘက်တွင် လူနှစ်ဦးက ဝေဟင်အထက် မြောလွင့်ကာ တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြသည်။

“ ကတုံးဘုန်းကြီး  … မင်းက ငါ့ပြိုင်ဘက် မဟုတ်မှန်း သိသင့်တယ်။ အလကား အသုံးမဝင်တဲ့ ခုခံမှုတွေ လုပ်မနေနဲ့”

“ ငါက မနေ့ကနဲ့ မတူတော့ဘူး”

ကျန်းယွီချန်းက ခေါင်းအသာခါကာ “ မင်းတို့ဘုန်းကြီးတွေက ကံကြမ္မာကို ခုခံဖို့ ဘာလို့ ဒီလောက်တောင် ကြိုးစားနေရတာလဲ။ ငါ့ဆရာက အခု အထွတ်အထိပ်မှာ ဖြစ်နေပြီ။ တာအိုဘာသာရဲ့ ကံကြမ္မာက အားလုံးကို အုပ်စိုးဖို့ပဲ။ မင်းတို့လည်း ဦးညွှတ်ပြီးတော့ ကောင်းကင်ဘုံရဲ့ လုပ်ပိုင်ခွင့်ကို လက်ခံလိုက်တော့ ”

“ ကိစ္စတွေအားလုံးက အတက်ရှိရင် အကျဆိုတာ ရှိတယ်” ဘုန်းကြီးဝူကျစ်က ပြောလိုက်သည်။ သူ့အသံက ပျော့ပြောင်းကာ ပြည့်ဝနေသည်။

“ တာအိုဘာသာက သူ့ခေတ်ကာလရှိသလို ဗုဒ္ဓဘာသာကလည်း သူ့ခေတ်ကာလနဲ့သူ ရှိခဲ့တယ်။ အခုအချိန်က တခြားတစ်ယောက်ရဲ့ အချိန်ပဲ။ မိုးမြေကြားမှာ မျှခြေဆိုတာ ထိန်းသိမ်းထားရမယ်။ ဒါပေမဲ့ မင်းတို့တွေက တာအိုဘာသာရဲ့ နောက်ခေတ်ကာလအပေါ် လောဘကြီးခဲ့ကြတယ်။ မင်းတို့တွေက မိုးမြေရဲ့ မျှခြေကို ပျက်စီးအောင် လုပ်နေတဲ့အတွက် တန်ကြေး ပြန်လည်ပေးဆပ်ရလိမ့်မယ်”

“ ဆေးကြောခြင်း ကပ်ဘေးလား”

“ ဟုတ်တယ်။ မင်းတို့ တာအိုဆရာတွေက သဘာဝရဲ့ စီးကြောင်းအတိုင်း လိုက်မြောပြီးတော့ ဘာမှအစွဲမထားဘဲ လက်လွှတ်ဖို့ အမြဲတမ်း ဟောပြောလေ့ရှိတယ်။ ဒါပေမဲ့ မင်းတို့က မင်းတို့ဟောပြောတဲ့အတိုင်း မကျင့်ကြံကြဘူး”

“ သူတော်ကောင်းယောင်ဆောင်မနေနဲ့။ ရွံဖို့ ကောင်းတယ်။ မင်းတို့ ဗုဒ္ဓဘာသာလိုမျိုး မဟုတ်ဘူး။ ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံး ဒီလိုကပ်ဘေး ခံစားခဲ့ရတာက မင်းတို့ရဲ့ လွှမ်းမိုးမှုကို အတင်းအကြပ် ဆွဲဆန့်ထားတဲ့အနေနဲ့ တန်ပြန်သက်ရောက်မှုပဲ။ သူတို့ရဲ့ သွေးက မင်းလက်ထဲမှာ”

“ အဲဒါက အမှန်ပဲ။ ဒါပေမဲ့ ငါတို့က အမှားကနေ သင်ယူပြီးသွားပြီ။ ငါတို့တွေက ကောင်းကောင်းလုပ်နိုင်တယ်။ လက်ရှိဗုဒ္ဓဘာသာက ကံကြွေးကို ပြန်လည်ပေးဆပ်ပြီးသွားပြီ။ ငါတို့တွေက အတိတ်နဲ့ ငြိမ်းချမ်းရေး ရယူပြီးသွားပြီ။ မင်းတို့တွေရော အတူတူလုပ်နိုင်လား”

“ လျှာရိုးမရှိတိုင်း လျှောက်ပြောမနေနဲ့” ကျန်းယွီချန်းက အော်ပြောလိုက်သည်။ သူ့မျက်ဝန်းများက နီရဲလာပြီး နတ်ဆိုးဆန်ဆန် လေထုမျိုး ထုတ်လွှတ်လာ၏။ သူက သူ့လက်ကို မြှောက်ကာ ခရမ်းရောင်ဓားကို ဖန်ဆင်းလိုက်သည်။ သူ့ အနက်ရောင် ဆံပင်ရှည်များက အဖြူတစ်ဝက် ပြောင်းလဲသွားပြီး သူ့နဖူးအထက် ကမ္ဘာငယ်တစ်ခု၏ အနီရောင် အမှတ်အသားတစ်ခု ပေါ်ထွက်လာသည်။

“ ငါတို့တွေ အားသုံးဖြေရှင်းရမှာ တကယ်ကိုနှမြောစရာပဲ”

ဘုန်းကြီးဝူကျစ်၏ ခန္ဓာကိုယ်ကလည်း ပြောင်းလဲသွား၏။ ထို့နောက် သူက ၇ မီတာမြင့်မားသည့် ရွှေရောင်ဗုဒ္ဓအဖြစ် ပြောင်းလဲသွားသည်။ ထိုပုံစံက ဝတ်စုံမရှိဘဲ သူ၏ ကြီးမားသည့် ခန္ဓာကိုယ်အပေါ်ပိုင်းကို ပြသထားသည်။ သူက အောက်ပိုင်းကို ဖုံးကွယ်ထားဖို့ ဘောင်းဘီအတိုသာ ရှိပြီး လည်ပင်းတစ်ဝိုက်တွင် ရွှေရောင်လည်စည်းတစ်ခု မျောလွင့်နေသည်။

ကျမ်းရွတ်ဖတ်သံများနှင့်အတူ ရွှေရောင်အလင်းတန်းက သူ့အပေါ် တောက်ပနေလေ၏။

***

All Chapters