ဗုဒ္ဓဘာသာနှင့် တာအိုဘာသာအပြိုင် အပိုင်း(၂)
Vol. 43 Ch. 597
ကျန်းယွီချန်းက တစ်စုံတစ်ခုကို သတိထားမိပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။ သူက ဘုန်းကြီးဝူကျစ်နှင့် အကြိမ်များစွာ တိုက်ခိုက်ခဲ့ဖူးပြီး နောက်ဆုံးသော ထိပ်တိုက်တွေ့ဆုံမှုက လွန်ခဲ့သည့် ဆယ်စုနှစ်ခန့်က ဖြစ်သည်။ ယခင်က သူ့ ကိုယ်ကျိုးမငဲ့ ဗုဒ္ဓရွှေခန္ဓာသည် ငါးမီတာမျှသာ ရှိခဲ့၏။
သူ့ကိုယ်ကျိုးမငဲ့ ဗုဒ္ဓရွှေခန္ဓာသည် ၁၂ ဆင့်ရှိသည့် ခန္ဓာကိုယ်သန့်စင်ရေး နည်းစနစ်တစ်ခု ဖြစ်ကြောင်း သိလိုက်လေသည်။ အဆင့်တစ်ခုချင်းစီတွင် ဘုန်းကြီးက တစ်မီတာစီ မြင့်မားလာလိမ့်မည်။ ထိုနည်းစနစ်က အားကောင်းသော်လည်း လူတချို့ကသာ ကျင့်ကြံနိုင်ကြသည်။ အကြောင်းမှာ ဗုဒ္ဓဘာသာ၊ ယုံကြည်မှုနှင့် ကုသိုလ်အပေါ် နက်နက်နဲနဲ နားလည်နိုင်စွမ်း လိုအပ်နေ၍ ဖြစ်သည်။
ဝူကျစ်က ဗုဒ္ဓဘာသာ၏ လူငယ်မျိုးဆက်အတွင်း ပါရမီအကောင်းဆုံးသူဖြစ်ကာ နှစ်သန်းချီကြာမြင့်ပြီးသည့်နောက်တွင် ၅ ဆင့်မြောက်အထိ ကျင့်ကြံထားနိုင်ခဲ့သည်။ သို့သော် ယခုတွင် ဆယ်စုနှစ်ပိုင်းဖြင့် သူသည် နောက်ထပ်နှစ်စု တိုးတက်သွားခဲ့သည်။
ဒါက ဖြစ်နိုင်ချေနှစ်ခုပဲ ရှိတယ်။ တစ်ခုက ကပ်ဘေးဖြစ်လာပြီးတော့ သူက အသက်ပေါင်းသန်းချီကို ကယ်တင်ခဲ့တယ်။ ဒါမှမဟုတ်ဘူးဆိုရင် သူက ဗုဒ္ဓဘာသာအတွက် အကျိုးကျေးဇူးရှိမဲ့ တစ်စုံတစ်ခုကို ဉာဏ်အလင်းပွင့်ပြီး ဖန်တီးခဲ့တာမျိုး…
ကျန်းယွီချန်းက ဒုတိယတစ်ခု ဖြစ်နိုင်ချေရှိမှန်း သိလိုက်သည်။ အကြောင်းမှာ ဘုန်းကြီးဝူကျစ်က လူများစွာကို ကယ်တင်ခဲ့လျှင် သူ့အနေနှင့် သိလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ဤတိုက်ပွဲက သူ ထင်ထားသလို ရိုးရှင်းမည် မဟုတ်ကြောင်း သိလိုက်၏။
သတင်းအချက်အလက် လစ်ဟာနေမှုကြောင့် ကျန်းယွီချန်းသည် အချိန်ကုန်ဆုံးလာသည်နှင့်အမျှ သူ မျှော်လင့်မထားသည့်အရာ တစ်စုံတစ်ခု ဖြစ်ပျက်လာနိုင်ကြောင်း သိလိုက်သည်။ ထို့အပြင် သူ့ဆရာက ဒိုင်းမေးရှင်းအနိမ့်မှ တာအိုအခွင့်အလမ်းဂိုဏ်း၏ အမွေဆက်ခံသူသည် သူ့တိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်နိုင်ချေရှိကြောင်း သတိပေးထားခဲ့၏။ အခြေအနေကို သုံးသပ်ပြီးသည့်နောက်တွင် သူက တိုက်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်ဖို့သာ ဆုံးဖြတ်လိုက်သည်။
[ဝူကျိမှာ ကန့်သတ်ချက်မရှိဘူး။ အဆုံးမဲ့ဓားများ]
အနက်ရောင်နှင့် အဖြူရောင် ပုံကားချပ်များက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထိုပုံကားချပ်မှ ဓားများက စတင်ကျဆင်းလာပြီး ရပ်တန့်မည့် အရိပ်အယောင် မရှိပေ။ ဓားတစ်ခုချင်းစီက သေးငယ်သည့် စကြဝဠာထောင်ချီကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားမျိုး ရှိနေပြီး အရေအတွက်အားဖြင့် အဆုံးမဲ့ဖြစ်နေသည်။
ဘုန်းကြီးဝူကျစ်က ထိုတိုက်ကွက်ကို မြင်တွေ့ပြီးသည့်နောက်တွင် တစ်ဖက်လူက သူ့ကို သတ်ဖို့ရာ ရည်ရွယ်ထားကြောင်း ချက်ချင်းသိလိုက်၏။
[ဓာတ်ငါးပါးနှင့် သုံးလောကအလွန်]
ဗုဒ္ဓက ဓာတ်ငါးပါးအထက် လွန်ကဲသည့် သက်ရှိတစ်ပါး ဖြစ်၏။ သူက သာမန်အဆင့်၊ မရဏအဆင့်နှင့် စိတ်ဝိညာဉ်အဆင့်တို့မှ လွန်မြောက်ခဲ့သည်။
ထိုနည်းစနစ်ကို အသုံးပြုပြီးသည့်နောက်တွင် ဘုန်းကြီးဝူကျစ်၏ ခန္ဓာကိုယ်က မတည်ရှိသကဲ့သို့ဖြစ်လာကာ ဓားအားလုံးက ထိုးခွင်းဖြတ်သန်းသွားကြသည်။ ထိုနည်းစနစ်ဖြင့် သူသည် ဝမ်ဝေ့၏ ကိုယ်ထည်မဲ့အဆင့် တူညီသည့် အနေအထားသို့ ဝင်ရောက်သွား၏။
ဘုန်းကြီးဝူကျစ်က တစ်ဖက်လူ၏ မျက်နှာအထက်မှ အံ့အားသင့်သွားသည့် အမူအရာကို မြင်တွေ့လိုက်သည့်အခါ အကြောင်းအရင်းကို တန်းသိလိုက်သည်။ သူတို့၏ ယခင်ထိပ်တိုက်တွေ့ဆုံမှုမှ ဤသို့သော ကိုယ်ထည်မဲ့အခြေအနေကို မရောက်ရှိနိုင်ခဲ့ပေ။
ဝူကျိက ဗလာမှ မွေးဖွားလာသည့် အရာအားလုံး၏ သဘောတရား ပါဝင်နေသောကြောင့် သူ့နည်းစနစ်က ကျန်းယွီချန်း အသုံးပြုသည့် အဆင့်မြင့် မန္တန်ရှေ့တွင် အသုံးမဝင်ပေ။
သို့သော်လည်း လက်ရှိ သူက မနေ့ကလို မဟုတ်တော့ပေ။ ထိုသူအား တွေးတောဖို့ အချိန်မပေးဘဲ ဘုန်းကြီးဝူကျစ်က တိုက်ခိုက်လိုက်၏။
[ ဗုဒ္ဓဘာသာ၏ အလင်းရောင် သံသရာခေါ်ဆောင်ခြင်း]
ဘုန်းကြီးဝူကျစ်က လက်တစ်ဖက် ရှေ့ထုတ်ရင်း ရွတ်ဖတ်လိုက်သည်။ ထိုစဉ် သူ့လက်မှ သန့်စင်သည့် ရွှေရောင်အလင်းတန်းထွက်ပေါ်လာပြီး အမှောင်ထု ညအခါကို အလင်းပေးထားသည်။ အလင်းက တောက်ပလွန်းသည့်အတွက် နေရောင် ပြန်လည်ပေါ်ထွက်လာသလိုမျိုး ဖြစ်ကာ ညဟု သိသည့် အမှောင်ထု၏ အဆုံးသတ်ကို ဆောင်ကြဉ်းပေးလာသည်။
ရွှေရောင်အလင်းက သူတို့အထက်ရှိ ပုံကားချပ်အပေါ် သက်ရောက်မှု မရှိသလို ကျဆင်းလာသည့် ဓားများအပေါ်တွင်လည်း သက်ရောက်မှု မရှိပေ။ အလင်းတန်းက ကျန်းယွီချန်းဆီ တိုက်ရိုက်တိုက်ခိုက်ခြင်း ဖြစ်၏။
လုပ်လိုက်။ မင်း ဘာလုပ်ရမယ်ဆိုတာကို သိနေတယ် …
ဟုတ်တယ်။ ဘဝကြီးက ခက်ခဲတယ်…
ဘာလို့ ရုန်းကန်နေမှာလဲ။ ဒီကံဆိုးမှုတွေကို အဆုံးသတ်ပြီးတော့ မင်းရဲ့ ဝန်ထုပ်ကို လျှော့ချပြီးသံသရာထဲ ဝင်ရောက်လိုက်ပါ …
ဟုတ်တယ်။ ဒါက မင်းအတွက် အကောင်းဆုံးနေရာပဲ။ မင်းရဲ့ ပြဿနာတွေ၊ နာကျင်မှုတွေ၊ ခံစားခဲ့သမျှ ဒုက္ခတွေအားလုံးကို မေ့ထားနိုင်တယ်။ မင်း လွတ်လပ်သွားပြီ…
ကျန်းယွီချန်းက ခေါင်းထိုးကိုက်လာသည်ကို ခံစားမိသည့်အခါ ညည်းညူလိုက်သည်။ သူက ထိုတီးတိုးသံများသည် သူ့ဘဝကို လက်လျှော့ပြီး သံသရာထဲ ဝင်ရောက်ဖို့ ပြောဆိုနေသည့်အတွက် အာရုံမစိုက်နိုင်ပေ။ သူ့အနေနှင့် အသက်ရှင်လိုစိတ် အလျင်အမြန် ပျောက်ကွယ်သွားပြီး အသံတစ်ခုချင်းစီက ပိုမိုအားကောင်းလာသည်ကို ခံစားမိလိုက်သည်။
ကျန်းယွီချန်းက သူ့စိတ်ဝိညာဉ်သည် အမှောင်ထုအဆုံးမဲ့ ချောက်နက်ထဲ ကျဆင်းတော့မည်ကို ခံစားမိလာ၏။
မဖြစ်ဘူး …
သူက အော်ပြောလိုက်ပြီးသည့်နောက်တွင် အကြောက်တရားမှ နိုးထလာသည်။ အသံက ဆက်ပြောနေသော်လည်း သူက ထိုအချိန်ကို အခွင့်ကောင်းယူလိုက်၏။ သူက နှစ်ဆဒိုင်းကာကို အသိစိတ်ပင်လယ်အတွင်း ထားရှိကာ ဝိညာဉ်ကို ကာကွယ်ထားလိုက်သည်။
ပထမဒိုင်းကာက ယင်ယန်စွမ်းအား ပါရှိပြီး ဝိညာဉ်နှင့် သက်ဆိုင်သည့် ယင်အခြမ်းကို အလေးအနက် ထားထားသည်။ ဝူကျိက ယင်နှင့် ယန် မတိုင်ခင် ရောက်ရှိလာသည်ဖြစ်ကာ ယင်ယန်အဖြစ် ဆင့်ကဲပြောင်းလဲလာ၏။ ထို့ကြောင့် သူ့ဝူကျိတာအိုခန္ဓာက စွမ်းဆောင်ရည်များစွာရှိသည့် ယင်ယန်ခန္ဓာကိုယ် တစ်ခု ဖြစ်ပေသည်။
ဒိုင်း၏ ဒုတိယအလွှာအတွက်မူ ကျန်းယွီချန်းက သူ သိထားသမျှ ဝိညာဉ်နှင့် သက်ဆိုင်သည့် ဓားဆန္ဒနှင့် ကာကွယ်ရေး မန္တန်အားလုံးဖြင့် ဖွဲ့စည်းထားခဲ့သည်။ ထိုကာကွယ်မှု နှစ်ဆင့်ဖြင့် သူသည် အသံများကို လျစ်လျူရှုထားနိုင်လောက်သည်အထိ လျှော့ချနိုင်ခဲ့သည်။
သို့သော် ဘုန်းကြီးဝူကျစ်က ထိုဖြစ်စဉ်အား ချောချောမွေ့မွေ့ ဖြစ်ခွင့်မပေးပေ။
[ အသံထိုးခွင်းရေး ခေါင်းလောင်း]
ဘုန်းကြီးဝူကျစ်၏ ခေါင်းအထက်တွင် ကြေးခေါင်းလောင်းတစ်ခု ပေါ်ထွက်လာပြီးသည့်နောက် ဝိညာဉ်ထံ ပဲ့တင်ထပ်နေသည့် ကျယ်လောင်သံတစ်ခု ပေါ်လာသည်။ ကျန်းယွီချန်း၏ နှာခေါင်းမှ သွေးများ စီးကျလာ၏။ အကြောင်းမှာ ခေါင်းလောင်းဆီမှ တုန်ခါမှုက သူ့ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်သွား၍ ဖြစ်သည်။
သို့သော်လည်း တာအိုဆရာက အံကြိတ်ကာ ဆက်လက် တိုက်ခိုက်လိုက်သည်။ သူက ဓားကို ယမ်းလိုက်၏။
[ဝူကျိဓား - သဏ္ဌာန်မဲ့ဓား]
ဘုန်းကြီးဝူကျစ်၏ ခန္ဓာကိုယ်မှ ရွှေရောင်သွေးများ ထွက်လာပြီး သူ့ရင်ဘတ်အထက် ကန့်လန့်ဖြတ်ဒဏ်ရာတစ်ခု ပေါ်ထွက်လာသည်။ သူက ထိုဓားချက်သည် မည်သည့်နေရာမှ ဖြစ်လာကြောင်း၊ မည်သည့်ပုံသဏ္ဌာန်ရှိကြောင်း မခံစားမိသလို မြင်လည်း မမြင်ရပေ။
တာအိုဘာသာတွင် ဝူကျိက သဏ္ဌာန်မဲ့၊ အမည်မသိ၊ အာရုံမခံနိုင်သောနှင့် မတည်ရှိမှုတို့ကို ကိုယ်စားပြု၏။ ထိုစဉ် ဝူကျိ၏ ဆက်ခံသူ ထိုက်ကျိက သဏ္ဌာန်ပြမှုနှင့် ရုပ်ပိုင်းဆိုင်ရာကို ကိုယ်စားပြုသည်။
ဘုန်းကြီးဝူကျစ်က သူ့အမြင်၊ တုံ့ပြန်မှု၊ အာရုံခံစားနိုင်စွမ်း၊ အံ့ဖွယ်အသိစိတ် သို့မဟုတ် တခြားသော လျှို့ဝှက်အမြင်စွမ်းရည်များမှ ထိုအရာကို အာရုံမခံနိုင်သောကြောင့် ခံစားခဲ့ရခြင်း ဖြစ်သည်။ အနည်းဆုံးတော့ ယခင်က ဖြစ်၏။
[ဗုဒ္ဓဘာသာ၏ သဒ္ဓါတရား]
ဗုဒ္ဓက တိရစ္ဆာန်တစ်ကောင်ကို ကျွေးဖို့ သူ့အသားကို လှီးဖြတ်ခဲ့ဖူးသည်။ သူ၏ စေတနာ၊ သဒ္ဓါတရားက စွမ်းအားကို ချီးမြှင့်ပေး၏။
ဘုန်းကြီးဝူကျစ်၏ အရှိန်အဝါက ချက်ချင်းဆိုသလို တိုးမြင့်လာကာ ဒုတိယဓားချက်က သူ့ခန္ဓာကိုယ်ပေါ်ထွက်လာပြီး ကြက်ခြေခတ်ဒဏ်ရာ ဖြစ်သွားလေသည်။ သူ့အရှိန်အဝါက ဆက်လက် တိုးမြင့်နေဆဲဖြစ်၏။ ဤနည်းစနစ်ဖြင့် သူသည် ဒဏ်ရာရရှိတိုင်း သူ့စွမ်းအားကို တိုးမြှင့်နိုင်သည်။
ထို့နောက် ဘုန်းကြီးဝူကျစ်၏ ရွှေရောင်ခန္ဓာက ကျန်းယွီချန်းဆီ ထိပ်တိုက်ရင်ဆိုင်ဖို့ ပြေးဝင်သွားသည်။ ဘုန်းကြီးဝူကျစ်က တစ်ဖက်လူ၏ ဓားအသုံးပြုမှုကို ကန့်သတ်ကာ သဟဇာတချက္ကရကို ဖွင့်လှစ်ပြီးသည့်နောက် စွမ်းရည်ကို ထုတ်လွှတ်ဖို့ အချိန်ယူလိုက်သည်။
………….
ထိုစဉ် စံအိမ်အတွင်းရှိ ဝမ်ဝေ့က တိုက်ပွဲကို အစီအရင်မှတဆင့် ကြည့်ရှုနေ၏။
ဒိုင်မေးရှင်းအမြင့်က ကောင်းကင်ရွေးချယ်ခံတွေကို လျှော့မတွက်သင့်ဘူး။ သူတို့ရဲ့ တုယီနယ်ပယ်အဆင့် အသုံးပြုမှုက တကယ်ကို ထူးခြားတယ်…
သူက ဘုန်းကြီးဝူကျစ်နှင့် ကျန်းယွီချန်းတို့ တိုက်ကွက်တိုင်းသည် သူတို့၏ တုယီနယ်ပယ်အဆင့်မှ အားမြှင့်ပေးထားကြောင်း ခံစားမိသည်။ ထိုအရာက သူတို့၏ ချီ၊ စွမ်းအင်၊ ဝိညာဉ်စွမ်းအား၊ ရုပ်ပိုင်းဆိုင်ရာခွန်အားနှင့် စည်းမျဉ်းကိုပင် တိုးမြှင့်ပေးနိုင်သည်။
ထိုစွမ်းအားကို သူတို့အသုံးပြုသည့် နည်းလမ်းက ဝမ်ဝေ့ တိုက်ပွဲရူးစံပြဆီမှ လတ်တလောလေးမှ သင်ယူထားသည့်အရာ ဖြစ်သည်။
ထာဝရဧကရာဇ်များက အားကောင်းနေသည့် အဓိကအချက်တစ်ခုမှာ သူတို့၏ တာအိုဆန္ဒ၏ တိုးမြှင့်မှုကြောင့် ဖြစ်သည်။ ထိုအရာက တခြားသောဧကရာဇ်များ၏ အမှတ်အသားများကို ဖယ်ရှားအဆုံးသတ်ပစ်ဖို့ နည်းလမ်းသာမကဘဲ သူတို့၏ ယေဘုယျစွမ်းအားများကို များပြားစေသည့် နည်းလမ်းလည်း ဖြစ်သည်။
တာအိုဆန္ဒက ဆန့်ကျင် ကျင့်ကြံသူများအတွက် အတုအယောင် ထာဝရဧကရာဇ်အဆင့် သို့မဟုတ် ထာဝရဧကရာဇ်အဆင့်၏ စွမ်းအားကို ရောက်ရှိဖို့ ခက်ခဲနေရသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ ဆန့်ကျင်ကျင့်ကြံသူများက ထာဝရ ကောင်းကင်ဘုံအဆင့်နှင့် မယှဉ်နိုင်သည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။
ဘုန်းကြီးဝူကျစ်က မဆိုးဘူးပဲ။ သူ့ပင်မစည်းမျဉ်းက နိဗာန ဖြစ်မယ်လို့ ထင်နေတာ။ တကယ်တမ်း သူ့အဓိကတာအိုက ဝိညာဉ် ဖြစ်နေတာပဲ။ ကျန်းယွီချန်းကတော့ ဝူကျိ…
ဝမ်ဝေ့က သေသေချာချာ လေ့လာကြည့်လိုက်ပြီး တာအိုဆရာ၏ ဝူကျိစည်းမျဉ်းအသုံးပြုပုံအပေါ် စိတ်နှစ်ထားလိုက်သည်။
ဝူကျိ ကန့်သတ်ချက်မရှိ၊ အကန့်အသတ်မဲ့ဟု ဆိုလိုသည့်အရာ
တာအိုမတိုင်ခင် ဗလာနတ္ထိအခြေအနေ သို့မဟုတ် အရာအားလုံး၏ သဏ္ဌာန်ပြောင်းမှုတစ်ခု…
ဝူကျိစည်းမျဉ်းက ဗလာနတ္ထိဂုဏ်သတ္တိတွေ ပါဝင်နေပြီး အကန့်အသတ်မဲ့ သို့မဟုတ် အတားအဆီးမရှိသည့် သဘောတရားက ဗလာနတ္ထိအဖြစ် မှတ်ယူနိုင်သည်။
ဝမ်ဝေ့က မျက်လုံးများပွင့်လာသည့်အခါ စကြဝဠာ၏ အခြေခံအမှန်တရား ပါဝင်နေသည့်အလား ပြည့်ဝနေသည်။ ထိုဉာဏ်အလင်းပွင့်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်က ပိုမိုသိမ်မွေ့သွားကာ သတိမထားမိနိုင်ဖွယ် အပြောင်းအလဲတချို့ဖြစ်လာသည်။
သူက လက်မြှောက်ကာ ထူးခြားအံ့ဖွယ်စွမ်းအားကို ထုတ်ဖော်လိုက်၏။ သူက စွမ်းအားအသစ်ကို စမ်းသပ်ဖို့ သိုလှောင်လက်စွပ်အတွင်းမှ မသေမျိုးသတ္တုတစ်ခုကို ထုတ်လိုက်သည်။
ထိုသတ္တုက ပျောက်ကွယ်သွားပြီးသည့်နောက်တွင် နာနိုစက္ကန့်ပိုင်းလေးအတွင်း တည်ရှိသည့်အခြေအနေမှ မတည်ရှိသည့် အနေအထားသို့ ပြောင်းလဲသွားသလိုမျိုး ပျောက်ကွယ်သွားသည်။
“ ဒါက ဗလာစွမ်းအားလား”
နှစ်များစွာကြာသည့်တိုင် သူက ဗလာနတ္ထိတာအို၏ နောက်တစ်ဆင့်ကို မည်သို့ ဝင်ရောက်ရမည်ဖြစ်ကြောင်း စဉ်းစားမိခဲ့သည်။ အကြိမ်များစွာ ကျရှုံးပြီးသည့်နောက်တွင် သူက တာအိုကို သက်သေပြပြီးသည့်နောက် စောင့်ပြီး ထပ်မံကြိုးစားကြည့်ဖို့ ဆုံးဖြတ်ထားသည်။
သို့သော် ယခုတွင် ဝူကျိနှင့် ဗလာနတ္ထိကြားမှ နှီးနှောဆက်နွယ်မှုကို နားလည်ပြီးသည့်နောက်တွင် သူက ဗလာစွမ်းအားကို ရရှိခဲ့သည်။ ဝမ်ဝေ့က အသွင်ပြောင်းမှုသည် မပြီးဆုံးသေးကြောင်း သိလေသည်။
သူက ကိုယ်ထည်မဲ့ အခြေအနေတွင် ရှိနေဆဲဖြစ်ကာ ဗလာစွမ်းအားတချို့ကို ရရှိထားနိုင်ရုံမျှ ဖြစ်သည်။ ဝမ်ဝေ့က တစ်စုံတစ်ခုကို တွက်ချက်ကြည့်လိုက်၏။
“ ငါက မဟာဧကရာဇ်အဆင့်မှာ ဗလာအဆင့်ကို ရောက်ရှိနိုင်တယ်။ စံပြဖြစ်လာပြီးတဲ့နောက်မှာ ဟင်းလင်းပြင်အဆင့်ကို ရောက်ရှိနိုင်တယ်။ ဒါပေမဲ့ အစစ်အမှန် မတည်ရှိခြင်းအဆင့်ကိုရော”
သူက တစ်စုံတစ်ခုကို သိသွားသည့်အလား အကြည့်များက တောက်ပလာသည်။ သူက ထိုအဆင့်များကို မရောက်ရှိသေးသည့်အတွက် သူ့ခန့်မှန်းချက်သည် မမှန်နိုင်မှန်း သိထားသော်လည်း သူတို့နှင့် ပတ်သက်ပြီး ဝေဝေဝါးဝါး အသိတချို့သာ သိထားသည်။
သို့သော် သူက မှန်ကန်မည့် အခွင့်အရေးများမည်မှန်း ယုံကြည်ထားပြီး အနာဂတ်အတွက် မျှော်လင့်စောင့်စားနေမိသည်။
“ ပြီးပြည့်စုံမှုနဲ့ ဗလာနတ္ထိကြားမှာ ဆက်နွယ်မှုရှိနေတာ ဖြစ်နိုင်တယ်” သူက အတွေးတစ်ခု ရရှိလာပြီးသည့်နောက် ရေရွတ်လိုက်သည် “ ဗလာနတ္ထိက ပြီးပြည့်စုံတယ်လို့ ယူဆလို့ရတဲ့အရာထဲက တစ်ခုများလား”
ဝမ်ဝေ့က သူသည် လက်လှမ်းမီသွားကြောင်း ခံစားမိလိုက်၍ ခေါင်းကိုသာ အသာခါလိုက်သည်။ ထို့နောက် သူက တိုက်ပွဲအပေါ် အာရုံစိုက်ထားလိုက်၏။
***