← Chapters

အသက်ရှည်ခြင်းလမ်းစဉ်ကို ရှာဖွေခြင်း

Vol. 44 Ch. 605

အသက်ရှည်ခြင်းလမ်းစဉ်ကို ရှာဖွေခြင်း

Vol. 44 Ch. 605

“ နောက်ဆုံးစစ်ဆေးမှုက ရိုးရိုးလေးပဲ။ မင်းတို့ရဲ့စိတ်ကို သေမျိုးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ပို့လွှတ်ခံရမယ်။ အဲဒါက ဝိညာဉ်ချီမရှိတဲ့ သေမျိုးကမ္ဘာမှာ ဇာတ်အိမ်တည်ထားတယ်။ မင်းတို့ရဲ့ တာဝန်က အသက်ရှည်ခြင်းနည်းလမ်းကို ဖန်တီးဖို့ပဲ။ အဆင့်ကို ဘယ်သူက အသက်အရှည်ဆုံးနေနိုင်မလဲဆိုတဲ့အပေါ် မူတည်ပြီးတော့ ဆုံးဖြတ်မယ်” အရှင်စိတ်ဝိညာဉ်က ပြောလိုက်သည်။

“  ဝိညာဉ်ချီ မရှိသလောက်လို့ ပြောတာကို အတိအကျ ပြောပြပေးလို့ရမလား” ထုံရို့ပင်းက ပြောလိုက်၏။ ပြောရလျှင် ဝိညာဉ်စွမ်းအား လုံးဝမရှိသည့်ကမ္ဘာနှင့် အနည်းငယ် ရှိသည့်ကမ္ဘာကြား ကွာဟချက် ရှိလေသည်။

“ မင်းတို့ဘာသာ မင်းတို့ ရှာဖွေကြ။ နောက်ထပ် မေးစရာရှိသေးလား”

မည်သူကမှ ဘာမှမပြောကြဘဲ ဤစစ်ဆေးမှု အောင်မြင်ဖို့ရာသာ စဉ်းစားနေကြသည်။ အခြေခံထောက်ပံ့ထားသည့် သတင်းအချက်အလက်များမှ သူတို့သည် ဖော်ပြသည်ထက် ပိုမိုရှုပ်ထွေးမည်ဖြစ်ကြောင်း သိသာလှ၏။

“ ဒီလိုဆိုရင် စလိုက်ကြရအောင်”

ပြိုင်ပွဲဝင်များက မျှော်နန်းဆောင်ဆီ ဦးတည်သွားကြသည်။ ဝမ်ဝေ့က မျက်လုံးဖွင့်လိုက်သည့်အခါ သူ့ကိုယ်သူ ကျောက်တုံးလို မာကြောနေသည့် ကုတင်ပေါ်တွင် လဲလျောင်းနေကာ အကြိမ်များစွာ လျှော်ဖွပ်ထားသည့် အဝတ်အစားဟောင်းများ ဝတ်ဆင်ထားသည်ကို မြင်လိုက်ရသည်။ သူက ကုတင်မှ ထရပ်ကာ သူ့ကိုယ်သူ ကြည့်လိုက်သည့်အချိန်  ပိန်လှီကာ အာဟာရပြတ်လပ်နေသည်ကို မြင်လိုက်ရ၏။

ကမ္ဘာမြေတွင် မိဘမဲ့တစ်ယောက်ဖြစ်စဉ်အခါကပင် သူက ထိုမျှ အားမနည်းခဲ့ပေ။

ဝမ်ဝေ့က သူ့ပုံရိပ်ကို မြင်ရဖို့ ကြေးမုံဆီ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာလိုက်၏။ တခြားတစ်ယောက်၏ မျက်နှာအစား သူ့မျက်နှာသာ ဖြစ်နေသည်။ ထို့နောက် သူ့စိတ်ထဲ သတင်းအချက်အလက် တချို့ပေါ်ထွက်လာပြီး ဤရွာတွင် သူက မိဘမဲ့ တစ်ယောက်ဖြစ်ကြောင်းနှင့်အတူ ရွာနှင့် ရွာသားများ၏ အခြေခံသတင်းအချက်အလက်များ ပါဝင်သည်။

ဝမ်ဝေ့က နောက်လုပ်ဆောင်ရမည့် အပြုအမူအကြောင်း စဉ်းစားလိုက်၏။ ပထမအဆင့်က ဤကမ္ဘာတွင် ဝိညာဉ်ချီနှင့် အရည်အသွေးကို ဆုံးဖြတ်ဖို့ ဖြစ်၏။ ထိုသတင်းက သူ နောက်ထပ် လုပ်ဆောင်ရမည့် နည်းလမ်းကို ဆုံးဖြတ်ပေးလိမ့်မည်။

ကံဆိုးစွာဖြင့် သူ့ခန္ဓာကိုယ်သည် ဝိညာဉ်စွမ်းအားကို ကန့်သတ်ထားသည့်အတွက် ဘာမှမခံစားမိပေ။ သူက စွမ်းအား ခံစားမိရန် တရားထိုင်ဖို့ လိုအပ်နေ၏။ သို့သော် သူ့ခန္ဓာကိုယ် အားနည်းပုံမျိုးဖြင့် ထိုသို့လုပ်ဆောင်ပါက သေသွားနိုင်သည်။

စိတ် သို့မဟုတ် စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ဆက်နွယ်ပေးထားသည်။ အကယ်၍ သူက ဤသို့အာဟာရပြတ်လပ်နေသည့် ခန္ဓာကိုယ်ဖြင့် တရားထိုင်လိုက်ပါက သူ့ခန္ဓာကိုယ်သည် ထိုဖြစ်စဉ်ကို တောင့်ခံနိုင်မည် မဟုတ်ပေ။

ငါက အသားနဲ့ အာဟာရတွေ လိုအပ်နေတယ်…

ဝမ်ဝေ့က သူ့အတွေးများကို သုံးသပ်ရင်း စဉ်းစားလိုက်သည်။ သူ့လက်ရှိအခြေအနေဖြင့် အမဲလိုက်ခြင်းက အလုပ်ဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် သူက ခိုးယူဖို့ ဆုံးဖြတ်လိုက်၏။ လယ်ယာတိရစ္ဆာန်များရှိသည့် ရွာသားတချို့ရှိသည့်အတွက် သူတို့ကို ပစ်မှတ်ထားလိုက်သည်။

သူက ရွာ၏ အနေအထားပုံကြမ်းကို မှတ်သားထားပြီး ရွာသားများ၏ အိပ်စက်ချိန်နှင့် အရက်သောက်ချိန်တို့ကိုပါ မှတ်သားထားလိုက်သည်။ ထို့နောက် သူက အိမ်နီးချင်းတစ်ယောက်ဆီမှ ကြက်တစ်ကောင်နှင့် အသီးအရွက်တချို့ကို ခိုးယူပြီး စွပ်ပြုတ်လုပ်ခဲ့သည်။ ဆားအပါအဝင် အရသာမှုန့်များ မရှိသည့်အတွက် အရသာက ဆိုးဝါးလှသည်။

ငါ နောက်ဆုံးဗိုက်ဆာတာက ဘယ်အချိန်ကမှန်းတောင် မမှတ်မိတော့ဘူး…

ဝမ်ဝေ့က ကြက်ပေါင်ကို ကိုက်ရင်း တွေးလိုက်မိသည်။ သူ စတင်ကျင့်ကြံကတည်းက ဆာလောင်သည့် ခံစားချက်မျိုးကို တစ်ခါမှ မခံစားခဲ့ရပေ။ အကယ်၍ သူ့ဘိုးဘေးဟောပြောပို့ချချက် နားထောင်ခဲ့သည့် အချိန်ကို ထည့်တွက်လိုက်လျှင် သူသည် ယခုအခါ နှစ်တစ်သိန်းကျော် သက်တမ်းရှိနေပြီ ဖြစ်၏။ ဤသို့ ကြာရှည်လှသည့်အချိန်အတွင်း ပထမဆုံးအကြိမ် ခံစားရသည့်အတွက် အနည်းငယ် အတိတ်ကို လွမ်းဆွတ်မိသလိုဖြစ်နေသည်။

သူက အစားကောင်းအတွက် အစားစားလိုစိတ်ရှိသော်လည်း အာဟာရအတွက်မူ ခန္ဓာကိုယ်၏ အလိုလိုအပြုအမူသာဖြစ်၏။

အသက်ကြီးခြင်း၊ ဖျားနာခြင်း၊ ဆာလောင်ခြင်းနဲ့ သေခြင်းတရားတွေက လူသားတစ်ယောက်ရဲ့ အဓိပ္ပာယ်ဖွဲ့ဆိုနိုင်တဲ့ အခြေခံသဘောတရားတွေပဲ။ အဲဒါဆိုတော့ ငါက အဲဒီအရာတွေ မရှိဘဲနဲ့ လူသားဟုတ်သေးရဲ့လား…

ဝမ်ဝေ့က များစွာ ဂရုစိုက်စရာ မရှိသည့်အတွက် သူ့ဇစ်မြစ်နှင့် ပတ်သက်ပြီး လူ့ဘဝနှင့်ဆိုင်သည့် အခက်အခဲများ မရှိခဲ့ပေ။ သူက စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒများ ရှိနေသည့်အတွက် သူ့လူသားတစ်ယောက်ဟုသာ တွေးခဲ့မိပြီး လူသားတစ်ယောက်ဟု ယုံကြည်ထားခဲ့သည်။

သို့သော်လည်း ယခု သူ့တွင် ဘာမှလုပ်စရာ မရှိလာသည့်အခါ ထိုစိတ်ပိုင်းဆိုင်ရာ သဘောတရားများကို စတင်စဉ်းစားမိလာ၏။ သူက အစာစားပြီး အစာချေပြီးသည့်နောက် ပင်ပန်းလွန်း၍ အိပ်ရာဝင်လိုက်သည်။

နောက်တစ်လတိုင်သည်အထိ ဝမ်ဝေ့က ညဘက်တွင် သူခိုးတစ်ယောက်လို ပြုမူကာ နေ့ဘက်တွင် လယ်ယာများကို ကူညီပေး၏။ သူက တိတ်ဆိတ်ကာ ကူညီတတ်သည့် အကျင့်စရိုက်ကြောင့် မည်သူကမှ သူ့အား သံသယမဖြစ်ကြပေ။ တစ်ရက်တွင် သူ့ခိုးယူနှုန်းကို သတိထားမိသွားကြ၏။ ရွာသားများက ညဘက်တွင် စုဝေးကာ သူခိုးကို ဖမ်းဖို့ လုပ်ဆောင်ကြသည်။ ဝမ်ဝေ့က ပိုမိုကောင်းကောင်း စီစဉ်နိုင်ဖို့အတွက် အစီအစဉ် တချို့ကိုပင် ဆွဲပေးခဲ့သေးသည်။

မည်သူကမှ သူခိုးကို မဖမ်းမိကြပေ။ ထိုလအတွင်း သူက သူစားသည့် အစားအစာအားလုံးမှ အာဟာရကို အပြည့်အဝ စုပ်ယူနိုင်စွမ်းရှိသည့် သိုင်းပညာ အသက်ရှူနည်းလမ်းကို အသုံးပြုခဲ့သည်။ ထို့ကြောင့် သူက တစ်လအတွင်း ပုံမှန်ကျန်းမာရေး အနေအထားသို့ ရောက်ရှိလာ၏။

ဝမ်ဝေ့က သူ့ခန္ဓာကိုယ်အပြောင်းအလဲများကို ဖုံးကွယ်ဖို့ ခပ်ပွပွအဝတ်အစားများသာ ဝတ်လေ့ရှိသည်။ သူ့ခန္ဓာကိုယ်က အရိုးတစ်ချောင်းလို ပိန်လှီမနေတော့ပေ။ ဤသို့ကျန်းမာလာသည့် ခန္ဓာကိုယ်မျိုးဖြင့် နောက်ဆုံးတွင် တရားထိုင်နိုင်လာပြီ ဖြစ်၏။ ကံဆိုးစွာဖြင့် သူ့တွင် သူ လုပ်ဆောင်နိုင်မည့် ပတ်ဝန်းကျင်မျိုး မရှိပေ။

သူ့လက်ရှိအခြေအနေက တရားထိုင်ခြင်းမှ နှောင့်ယှက်ခံလိုက်ရလျှင် သို့မဟုတ် အတင်းအကြပ် နှိုးဆော်ခံလိုက်ရပါက သူ့စိတ်ဝိညာဉ်နှင့် ဝိညာဉ်ပင် ဒဏ်ရာရရှိသွားနိုင်သည်။ သူ နေထိုင်သည့် နေရာက အသံမလုံသည့်အတွက် ဘေးကင်းသည်ဟုပင် မခံစားရပေ။ သတိကြီးကြီးထားထားပြီး သူက နောက်တစ်လကို လျှို့ဝှက်နေရာတစ်ခု တူးဖော်ခဲ့၏။

ဝမ်ဝေ့က ကြွက်သားများကို တည်ဆောက်ဖို့ အချိန်တချို့ယူခဲ့ပြီး  အရေးပိုင်များ ပါဝင်မပတ်သက်လာခင် ရွာသားများကြားတွင် သူခိုးက သေဆုံးသွားပြီ ဖြစ်ကြောင်း သတင်းကိုပင် ထုတ်လွှင့်ခဲ့သေးသည်။ သူက အမဲလိုက်ဖို့ လေးနှင့်မြား လိုရုံမျှဖြစ်၍ အချိန်ရလာပြီဖြစ်ကာ သူ့ခန္ဓာကိုယ်အသစ်က ယခင် အရည်အချင်းများနှင့် ကျင့်သားရသွားလေပြီ။

လျှို့ဝှက်နေရာကို တည်ဆောက်ပြီးသည့်နောက် သူက ပထမဆုံးတရား ထိုင်လိုက်၏။ ဝမ်ဝေ့က မိုးမြေကြားမှ ဝိညာဉ်ချီကို မျက်လုံးဖြင့် မြင်တွေ့နိုင်လေသည်။  ထိုသို့ဖြစ်နိုင်လျှင် သူ့အနေဖြင့် ထိုအရာကို အာရုံခံမိဖို့ မိနစ်ပိုင်းကြာ သို့မဟုတ် တစ်နာရီမျှသာ လိုအပ်လိမ့်မည်။ ကံဆိုးစွာဖြင့် သူသည် လေးနာရီကြာ တရားထိုင်ခဲ့သော်လည်း တစ်စုံတစ်ခုကိုသာ ခံစားမိခဲ့သည်။ ဤကမ္ဘာရှိ ဝိညာဉ်ချီက မည်မျှရှားပါးလဲဆိုသည့်အကြောင်း ဖြစ်၏။

ဒီလိုဝိညာဉ်ချီ အားပျော့နှုန်းနဲ့ဆိုရင် ငါ့ခန္ဓာကိုယ်ကို အားဖြည့်ရင်တောင် အလွန်ဆုံး သက်တမ်းနှစ် ၈၀ပဲ နေနိုင်လိမ့်မယ်။

ဤကမ္ဘာရှိစွမ်းအင်က နည်းပါးလွန်းသည့်အတွက် ဝမ်ဝေ့ သိထားသည့် စွမ်းအင်နည်းစနစ်ကို အသုံးပြု၍ ရမည် မဟုတ်ပေ။ အကယ်၍ သူသာ ထိုအရာကို အသုံးပြုပြီး ခန္ဓာကိုယ်ကို အားဖြည့်ကာ လေ့ကျင့်ပေးပါက သက်တမ်းနှစ် ၈၀မျှ နေထိုင်နိုင်လိမ့်မည်။

ဤကမ္ဘာတွင် ပျမ်းမျှသက်တမ်းက နှစ်၄၀မှ ၅၀ အထိဖြစ်၍ နှစ် ၈၀ နေထိုင်နိုင်ခြင်းက အသက်ရှည်သည်ဟု ယူဆနိုင်သည်။ သို့သော် ဤစစ်ဆေးမှုအတွက် မလုံလောက်သေးပေ။

တောင်ထဲမှာ ဝိညာဉ်ချီအမြောက်အများစုပ်ယူထားတဲ့ ဆေးပင်တချို့ရှိလောက်တယ်။ ငါ အဲဒီဟာကို ရနိုင်ရင်ရော…

နောက်ထပ် ရက်သတ္တပတ်အတွင်း သူက အနီးအနားရှိတောင်ကို အမဲလိုက်ရင်း ရှာဖွေခဲ့သည်။ ကံဆိုးစွာဖြင့် သူသည် ဝိညာဉ်ဆေးပင် တစ်ပင်မှ မမြင်ခဲ့ရပေ။ သူက အာဟာရရှိသည့် ဝိညာဉ်ချီနှင့် တိရစ္ဆာန်ကိုပင် မမြင်ခဲ့ရပေ။ ထို့နောက် ဝမ်ဝေ့က ဤကမ္ဘာရှိ သူ့ကံကောင်းမှုသည် သာမန်မျှသာဖြစ်ကြောင်း ကောက်ချက်ချလိုက်၏။

ငါ ဒီအဆင့်နိမ့်ကမ္ဘာနဲ့ သင့်တော်တဲ့ ကျင့်ကြံရေးနည်းစနစ်တစ်ခုကို ဖန်တီးရမယ်။

ဝမ်ဝေ့က သိပ္ပံနှင့် နည်းပညာအဖွဲ့အစည်းကို တည်ဆောက်ဖို့ အတွေးတချို့ရှိထားသည်။ ထို့နောက် မျိုးရိုးဗီဇကို အသုံးပြု၍ အသက်ရှည်ခြင်းကို ရယူနိုင်သည်။ သို့သော် အကျိုးဆက်ကို သိထားသည့်အတွက် တခြားတစ်ခုကိုသာ ရွေးချယ်လိုက်၏။

သူ့ပုန်းအောင်းရာအတွင်း ဝမ်ဝေ့က နောက်တဆင့်ကို စဉ်းစားနေသည်။

အဆီအနှစ်၊ ချီနဲ့ စိတ်ဝိညာဉ် ဒီရတနာသုံးခုက ကျင့်ကြံရေးလောကရဲ့ အနှစ်သာရတွေပဲ။ အသက်ရှည်ခြင်းကို ရယူဖို့ အခြေခံလမ်းစဉ် သုံးခုလည်း ဖြစ်တယ်။ တကယ်လို့ ငါသာ သူတို့ကြားက ဆက်နွယ်မှုနောက်ကို လိုက်ခဲ့မယ်ဆိုရင် ဒီလိုဆိုးရွားတဲ့ ပတ်ဝန်းကျင်မျိုးမှာတောင် အသက်ရှည်ရှည်နေနိုင်လောက်တယ်…

ထို့နောက် သူ့စိတ်ထဲ အတွေးတစ်ခုပေါ်ထွက်လာ၏။

အဲဒါဆိုရင် အဆီအနှစ်နဲ့ စလိုက်ရအောင်…

ဝမ်ဝေ့က သိုင်းပညာဖြင့် သူ့ခန္ဓာကိုယ်ကို စတင်လေ့ကျင့်ခဲ့သည်။ သူက ခန္ဓာကိုယ်အတွက် ပြီးပြည့်စုံသည့် လေ့ကျင့်ရေးများကို ဖန်တီးခဲ့၏။ လေ့ကျင့်ရေးက သူ့ခန္ဓာကိုယ်၏ ဆင့်ကဲပြောင်းလဲမှုကို ထောက်ပံ့ပေးဖို့ စွမ်းအင်များ လိုအပ်ပေသည်။ သူက ဝိညာဉ်ချီအပေါ် မမှီခိုနိုင်သည့်အတွက် နောက်ထပ် နည်းလမ်းတစ်ခုကို ရှာဖွေခဲ့သည်။ ထိုအရာက သွေးစွမ်းအင် ဖြစ်၏။

တိရစ္ဆာန်၏ အသားနှင့် အရိုးများတွင် သူတို့၏ အရွယ်အစားအပေါ် မူတည်၍ သွေးစွမ်းအင် အမြောက်အများ ပါဝင်လေသည်။ ထိုအရာကို စားသုံးခြင်းမှတဆင့် ဝမ်ဝေ့သည် သူ့ခန္ဓာကိုယ် အားကောင်းဖို့ လိုအပ်သည့် စွမ်းအားကို ရယူနိုင်သည်။

နေ့စဉ်နေ့တိုင်း သူက တောအုပ်ထဲတွင် ထောင်ချောက်များ ထောင်ကာ အမဲလိုက်ခဲ့သည်။ ထို့နောက် သားကောင်၏ အသားများကို စားသုံးကာ သိုင်းပညာကို လေ့ကျင့်ခဲ့၏။ ၆ လတည်းဖြင့် ဝမ်ဝေ့၏ ခန္ဓာကိုယ်က နွားသုံးကောင်၏ ခွန်အားသို့ ရောက်ရှိနေလေပြီ။ သူက လက်သီးတစ်ချက်တည်းဖြင့် ကျောက်တောင်ကို ခွဲနိုင်ပြီး လက်ဗလာဖြင့် ကျားကို တိုက်ခိုက်နိုင်လေပြီ။

ကံဆိုးစွာဖြင့် သူသည် နောက်ထပ် ပြဿနာတစ်ခုနှင့် ကြုံတွေ့လာရသည်။ သူက သူ့လေ့ကျင့်ရေးကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့အတွက် တစ်ရက်စီ နွားဆယ်ကောင်နှင့် ညီမျှသည့် အသားကို စားသုံးဖို့ လိုအပ်လာသည်။ သွေးစွမ်းအင်က စွမ်းအင်ပုံစံ တစ်မျိုးဖြစ်သော်လည်း အညစ်အကြေးများ ပါဝင်သည့် အနိမ့်ဆုံးအဆင့် ဖြစ်နေ၍ စုပ်ယူခြင်းက သက်ရောက်မှု အားနည်းလှသည်။

ထို့အပြင် မသန့်စင်သည့် အရာများလည်း ရှိနေလေသည်။ ဝမ်ဝေ့က တစ်ရက်ကို အနည်းဆုံးငါးနာရီလောက် အိမ်သာသွားကာ အညစ်အကြေးများကို ဖယ်ရှားပစ်ရသည်။ သူက ကျင့်ကြံသူ မဟုတ်၍ အရေပြားမှ အညစ်အကြေးများကို မဖယ်ရှားနိုင်သည့်အတွက် အလေးစွန့်ခြင်းကိုသာ အသုံးပြုရသည်။

ငါ အမဲလိုက်တဲ့အချိန်၊ စားတဲ့အချိန်၊ လေ့ကျင့်တဲ့အချိန်၊ မစင်စွန့်တဲ့အချိန်နဲ့ဆိုရင် ငါက အဆီအနှစ် သန့်စင်ရေးကျင့်စဉ်ကို ဘယ်တော့မှ ပြီးမြောက်မှာ  မဟုတ်ဘူး…

သူ့အနေဖြင့် ပြဿနာ၏ ဖြေရှင်းနည်းကို ရှာဖွေတွေ့ရှိဖို့ သိပ်မကြာလိုက်ပေ။ အဖြေက ပိုက်ဆံ ဖြစ်၏။ သူ့တွင် ပိုက်ဆံရှိနေသရွေ့ အမဲလိုက်ပြီး ချက်ပြုတ်ဖို့ အချိန်ကို လျှော့ချနိုင်ပြီး လေ့ကျင့်ရေး၌ အာရုံစိုက်ထားနိုင်သည်။ ထို့အပြင် ပိုက်ဆံများများရှိလေလေ သူ့အတွက် ခန္ဓာကိုယ်အတွက် အားဖြည့်နိုင်သည့် နှစ်တစ်ရာ ဂျင်ဆင်းကဲ့သို့ ရှားပါးအရင်းအမြစ်များကိုလည်း ဝယ်ယူနိုင်သည်။

ရှေးခေတ်အခါက ချမ်းသာတဲ့သူတွေပဲ သိုင်းပညာကို ကျင့်ကြံနိုင်တယ်ဆိုတဲ့အတိုင်း ဖြစ်နေပြီပဲ…

ထိုသို့သုံးသပ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ပိုက်ဆံရှာရန် ရွာမှထွက်ကာ အနီးဆုံးမြို့ဆီ သွားဖို့ ဆုံးဖြတ်လိုက်သည်။

All Chapters