အသက်ရှည်ခြင်းလမ်းစဉ်ကို ရှာဖွေခြင်း
Vol. 44 Ch. 606
“ ရှောင်ဝေ့ … မင်းကိုယ်မင်း ဂရုစိုက်ရမယ်နော်”
“ ဟုတ်ကဲ့ပါ ဒေါ်လေးလီ”
“ ဒါက မင်းအတွက်” လူလတ်အရွယ်အမျိုးသမီးက ကြေးပြားအနည်းငယ်ပါသည့် အိတ်ငယ်လေး ပေးလာသည် “ ဒါက ဘယ်လောက်မှမဟုတ်ပေမဲ့ မင်းအတွက် အကူအညီ ဖြစ်မှာပါ”
“ ကျေးဇူးပါ” ဝမ်ဝေ့က တိုက်ရိုက် လက်ခံလိုက်၏။ သူ့ငြင်းဆန်မှုကို သူမက လက်မခံမည်မှန်း သိနေလေသည်။ ထို့အပြင် ဤပမာဏအနည်းငယ်ဖြင့် သူမသည် မထိခိုက်မနစ်နာကြောင်း သိထား၏။ သူ ခိုးယူထားသည့် တိရစ္ဆာန်များနှင့် ဟင်းသီးဟင်းရွက်ဖိုးကို ပြန်လည်ပေးဆပ်ဖို့ သူက ရွာနှင့် ဆက်ဆံရေးကို မျှဝေလိုပြီး စိုက်ပျိုးရေးအကြောင်း ဗဟုသုတတချို့ကို မျှဝေပေးခဲ့ကာ အထွက်နှုန်း ပိုမိုကောင်းမွန်စေခဲ့သည်။
“ လိမ္မာတဲ့ ကောင်လေး” ဒေါ်လေးလီက ရှောင်ဝေ့သည် တခြားကောင်လေးများလို မဟုတ်ဘဲ ဘယ်အချိန်တွင် အကူအညီ လက်ခံရမည်ကို သိကာ ဘယ်အချိန်တွင် ငြင်းပယ်ရမည်မှန်း သိထား၍ သဘောကျသည်။
တခြားသော ရွာသားများကလည်း သူ့အား လာရောက်နှုတ်ဆက်ကာ လက်ဆောင်များ ပေးကြ၏။ တချို့က ပိုက်ဆံ ပေးလာကြသလို သူတို့မိသားစုမှ ရှိသည့် ပစ္စည်းတချို့လည်း ပါလာကြသည်။ သူတို့က ထိုအရာများသည် ကံကောင်းမှုနှင့် ကြွယ်ဝမှုကို ဆောင်ကျဉ်းပေးလိမ့်မည်ဟု ယုံကြည်ထားကြ၏။
ဝမ်ဝေ့က အားလုံးကို ကျေးဇူးတင်လိုက်ပြီးနောက် ထွက်ခွာလာခဲ့သည်။
ထို့နောက် သူက သစ်ပင်ရစ်နွယ်မြို့ဆီ ခေါ်ဆောင်သွားမည့် လှည်းတန်းပေါ် တက်လိုက်သည်။ ထိုမြို့က မဟာလုတိုင်းပြည်၏ အလယ်အလတ်အရွယ် မြို့တစ်မြို့ဖြစ်သည်။ ခရီးစဉ်က လဝက်တာ ကြာမြင့်မည်ဖြစ်ကာ လမ်းခရီးတွင် သူတို့က ဓားပြတချို့နှင့်ပင် တွေ့ခဲ့ရသေးသည်။ သို့သော်လည်း ကုန်အဖွဲ့က လက်နက်များ တပ်ဆင်ထားသည့် အစောင့်အကြပ်များ ရှိသည်။
ဝမ်ဝေ့က ထိုဓားပြများနှင့် အစောင့်များကို ကြည့်ကာ စွမ်းအင်နည်းစနစ် တစ်ခုခုများ ရှိလားဟု စစ်ဆေးကြည့်လိုက်သည်။ အများစုက သိုင်းပညာရပ်များသာ ဖြစ်နေ၏။ အကယ်၍ တခြားအရာရှိလျှင်ပင် ခန္ဓာကိုယ်အင်အားကို တိုးမြှင့်ဖို့ လေ့ကျင့်မှုတစ်ခုကလွဲပြီး ဘာမှမဟုတ်ပေ။ ထိုနည်းစနစ်က လှုပ်ရှားမှု သို့မဟုတ် သိုင်းပညာအပေါ် မူတည်နေသည်။
အစောင့်ခေါင်းဆောင်နှင့် ဓားပြခေါင်းဆောင် တစ်ယောက်က သူတို့အသုံးပြုသည့် လက်နက်များကို ကျွမ်းကျင်ကြပြီး ဝမ်ဝေ့က သူတို့သည် နှစ်များစွာ လေ့ကျင့်ထားသည်ကို သိနိုင်သည်။ သူ့အနေနှင့် ခိုင်မာသည့် သက်သေမရှိသည်မှာ ထိုလူများက ဤကမ္ဘာ၏ စွမ်းအားနည်းစနစ်ကို မသိကြ၍ ဖြစ်နိုင်ချေရှိ၍ ဖြစ်သည်။
သစ်ပင်ရစ်နွယ်မြို့ကို ရောက်ရှိပြီးသည့်နောက်တွင် ဝမ်ဝေ့က စတင်လှုပ်ရှားလိုက်သည်။ သူက ဤမြို့ကို ရွေးချယ်ခဲ့သည်မှာ အလွယ်တကူ ရောက်ရှိနိုင်သည့် မြို့တော်နှင့် အလှမ်းဝေးပြီး မြို့ငယ်များထက် ပိုမိုကြီးမားကာ ဆိပ်ကမ်းမြို့ဖြစ်နေ၍ ဖြစ်သည်။ ပင်လယ်က စီးပွားရေးအတွက် အကောင်းဆုံး ဖြစ်၏။
တည်းခိုဆောင်အတွင်း တည်းခိုလိုက်ပြီးသည့်နောက်တွင် ဝမ်ဝေ့က လှုပ်ရှားလိုက်သည်။ ဤသစ်ပင်ရစ်နွယ်မြို့တွင် အလွှမ်းမိုးဆုံးဖြစ်သည့် မိသားစုသုံးခုရှိပြီး လျောင်၊ ချီနှင့် ယွင်တို့ ဖြစ်ကြသည်။ သူ၏ သိုင်းပညာဖြင့် ထိုမိသားစုများ၏ စံအိမ်အတွင်းမှ စာကြည့်တိုက်ဆီ ကျူးကျော်ဝင်ရောက်ခဲ့သည်။
ရှေးခေတ်အချိန်အခါက ဗဟုသုတများသည် အဖိုးတန်လှပြီး ပတ်ဝန်းကျင်ရွာများထံမှ သတင်းအချက်အလက် ရယူဖို့ ခက်ခဲလှသည်။ ထိုသက်တမ်းရင့်ကာ အားကောင်းသည့် မျိုးနွယ်များ၏ ဗဟုသုတကို ဖတ်ရှုခြင်းဖြင့် သူက ကမ္ဘာတစ်ဝှမ်းရှိ အခြေအနေများကို သုံးသပ်နိုင်သည်။
ငါက ဒါကို ခန့်မှန်းထားပြီးသားပါပဲ…
ဝမ်ဝေ့က တွေးလိုက်မိပြီးနောက်တွင် စာလိပ်ကို တွေ့ရာနေရာတွင် ပြန်ထားလိုက်သည်။ ဤကမ္ဘာတွင် ကျင့်ကြံရေး သို့မဟုတ် စွမ်းအင်နည်းစနစ်များ မရှိပေ။ သူ ယခင်မှန်းဆထားသည့်အတိုင်း သိုင်းပညာက လက်တွေ့လေ့ကျင့်မှုအပေါ်သာ မှီခိုထား၏။
အံ့ဩဖွယ်ခွန်အားဖြင့် မွေးဖွားလာသည့် လူများတော့ တစ်ခါတစ်ရံ ပေါ်ထွက်ခဲ့ဖူးသည်။ ထိုလူများက တိုက်ပွဲတွင် စစ်သားရာချီကို သတ်ဖြတ်နိုင်သည့် စစ်သူကြီးများ ဖြစ်လာကြသည်။ သူက လူတချို့သည် တောအုပ်အတွင်း ထူးဆန်းသည့် ဆေးပင်တချို့ကို စားသုံးမိကာ အလွန်တရာ အားကောင်းလာခြင်း ဖြစ်သည်ဟု ဖတ်ရှုခဲ့ရသည်။
ဝမ်ဝေ့က စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။ ထိုအံ့ဖွယ်ခွန်အား ရှိသည့်လူများက သူတို့၏ ကံကောင်းမှုကြောင့် အံ့ဖွယ်ခွန်အားဖြင့် မွေးဖွားလာသူများ ဖြစ်သည်။ မွေးဖွားလာစဉ်ကတည်းက သူတို့က ခန္ဓာကိုယ်ကို အားဖြည့်ဖို့ ဝိညာဉ်ချီတချို့ကို စုပ်ယူနိုင်လောက်အောင် ကံကောင်းကြ၏။
ဆေးပင်များ စားသုံးပြီးနောက် ကျွမ်းကျင်သူဖြစ်လာသူများအတွက်မူ ဖြေရှင်းဖို့ရာ ပိုမိုလွယ်ကူလေသည်။ ထိုလူများက ဤကမ္ဘာ၌ ရှားပါးဆေးပင်များကို တွေ့ဖို့ရာအထိ ကံကောင်းလွန်းကြသည်။
ဝမ်ဝေ့က လျောင်မျိုးနွယ်၏ စံအိမ်မှ တိတ်တဆိတ်ထွက်လာပြီးသည့်နောက် အသက်ရှည်ခြင်းလမ်းစဉ်ကို ရောက်ရှိဖို့ သူ့ကိုယ်သူ မှီခိုရမည်ဟု အခိုင်အမာ ယုံကြည်သွားသည်။
တကယ်လို့ ငါက ပိုက်ဆံရှာချင်ရင် ငါ့အတွက် လမ်းကြောင်းတချို့တော့ရှိတယ်။ ပထမတစ်ခုက ပညာရှင်ဖြစ်လာပြီးတော့ အစိုးရအာဏာအသုံးပြုပြီးတော့ ချမ်းသာကြွယ်ဝမှုကို ရယူဖို့ … ဒီလမ်းစဉ်က ရှည်ကြာပြီးတော့ မသေချာမှုတွေနဲ့ ပြည့်နှက်နေတာ…
ရှေးခေတ်အချိန်အခါက လူတစ်ယောက်သည် ပါရမီထူးကဲရုံမျှဖြင့် ပါရမီရှင် ဖြစ်မလာနိုင်ပေ။ အထူးသဖြင့် နောက်ခံနိမ့်ကျသည့် ပါရမီရှင်များက မဟာမျိုးနွယ်ဝင်များ တည်ထောင်ထားသည့် ကျောင်းများကို တက်ရောက်ဖို့ လိုအပ်၏။ သူတို့ဆီ နှစ်တချို့ အလုပ်အကျွေးပြုပြီးမှသာ တိုင်းပြည်ရေးရာ အုပ်ချုပ်ရေးထဲတွင် ဝင်ရောက်နိုင်မည့် ထောက်ခံချက်ကို ရယူနိုင်သည်။
တကယ်လို့ တော်ဝင်စာမေးပွဲသာ ရှိမယ်ဆိုရင်တော့…
ဝမ်ဝေ့က တွေးလိုက်မိသည်။ ထိုသည်ကလည်း အကူအညီ မဖြစ်မှန်း သိထားလေ၏။ သမိုင်းကြောင်းတစ်လျှောက်တွင် မဟာနွယ်မျိုးနွယ်များက တော်ဝင်စာမေးပွဲကိုပင် အကျင့်ပျက်ခြစားခဲ့ကြသည်။
ဒုတိယလမ်းစဉ်က စစ်တပ်ကနေ ဝင်ရောက်ဖို့ပဲ။ ငါ့အင်အားနဲ့ဆိုရင် စစ်သူကြီးဖြစ်လာဖို့က ပြဿနာမဟုတ်ဘူး။ ဒါပေမဲ့ ဖြစ်နိုင်မယ်ဆိုရင် ငါက တိုက်ပွဲတွေကို ရှောင်ချင်တယ်…
တိုက်ပွဲများက ခန္ဓာကိုယ်ကို ဒဏ်ရာရရှိစေနိုင်၏။ ဤကမ္ဘာ၏ အရင်းအမြစ်ရှားပါးမှုဖြင့် ဒဏ်ရာဆက်တိုက်ရရှိခြင်းက သူ့သက်တမ်းကို လျော့ကျလာစေမည်ဖြစ်ကာ ဝမ်ဝေ့၏ ရည်မှန်းချက်ဖြင့် သွေဖယ်နေသည်။
အဲဒါဆိုတော့ ငါ့အတွက် ကုန်သွယ်ရေးလမ်းကြောင်းပဲ ကျန်တော့တာပဲ…
ဝမ်ဝေ့က အတိတ်ဘဝတွင် စီးပွားရေးကို လေ့လာခဲ့ဖူးသည့်အတွက် ဤမြို့ရှိ လိုအပ်မှုများကို သုံးသပ်နိုင်သရွေ့ အောင်မြင်မည် ဖြစ်ကြောင်း သိလေသည်။ သို့သော်လည်း ပြဿနာတစ်ခု ရှိနေသေး၏။
နောက်ခံပဲ။ ရှေးခေတ်အချိန်အခါကတည်းက စီးပွားရေးကို နောက်ခံကောင်းကောင်းမရှိဘဲ လုပ်တာက အလုယူခံရဖို့ ဒါမှမဟုတ် အဆိုးရွားဆုံး အခြေအနေနဲ့ဆိုရင် အသတ်ခံရဖို့အထိတောင် ဖြစ်နေနိုင်တယ်…
အကယ်၍ သူက အောင်မြင်သည့် စီးပွားရေးကို ဖန်တီးနိုင်ခဲ့ပါက မိသားစုကြီး ၃ခု၊ နန်းတွင်းနှင့် တခြားလူများက သူ့အား ပစ်မှတ်ထားမည်ကို မှန်းဆမိသည်။ ထို့ကြောင့် သူ့အနေနှင့် နောက်ခံ လိုအပ်နေသည်။
အလွယ်ကူဆုံး နည်းလမ်းက သူ့ဆွဲဆောင်နိုင်စွမ်းအား အသုံးချကာ ထိုမိသားစုကြီး ၃ခုမှ ပင်မမိသားစု၏ သမီးပျိုတစ်ယောက်နှင့် လက်ဆက်လိုက်ရုံ ဖြစ်၏။ သို့သော် သူက မလုပ်ရဲသလို မြို့စားမင်း၏ လက်အောက်ငယ်သားလည်း မဖြစ်လာလိုပေ။
ထို့ကြောင့် သူက တတိယနည်းလမ်းကိုသာ ရွေးချယ်လိုက်၏။ သူ့ကိုယ်သူ ဖန်တီးဖို့ ဖြစ်သည်။ ထိုနည်းလမ်းက ရိုးရှင်းကာ အကြမ်းထည်ဆန်လှ၏။ သူက အားကောင်းသည့် သိုင်းပညာခွန်အားကို အသုံးပြုကာ မြို့ရှိ လူမိုက်အဖွဲ့ ကြီးကြီးငယ်ငယ်ကို အုပ်စိုးခဲ့သည်။
သူ့လက်အောက်တွင် အဆီအနှစ်သန့်စင်ရေးနည်းစနစ် အသုံးပြုသည့် အားကောင်းကောင်း အဖွဲ့တစ်ခု ဖွဲ့ဖို့ရာ တွေးခဲ့သည်။ ထို့နောက် သူ့အာဏာကို ခေါင်းဆောင်အဖြစ် အခြေချပြီးသည့်နောက်တွင် သူက စီးပွားရေးလောကထဲ ဝင်ရောက်လာမည် ဖြစ်သည်။
ဝမ်ဝေ့အနေနှင့် သစ်ရွက်ရစ်နွယ်မြို့က ပင်လယ်နှင့် နီးနေသော်လည်း သင်္ဘောတည်ဆောက်ခြင်း သို့မဟုတ် ကူးသန်းပို့ဆောင်ရေးအတွက် မလုပ်ဆောင်ပေ။ တော်ဝင်မိသားစုအနေနှင့် လူများက ကိုယ်ပိုင်ရေတပ်များဖန်တီးမည်ကို ကြောက်ရွံ့ကာ သင်္ဘောတည်ဆောက်ခြင်းကို တားဆီးခဲ့ကြသည်။ ဝမ်ဝေ့ကလည်း ယခုအချိန်တွင် မလွန်ဆန်လိုပေ။
သူက တားမြစ်ထားသည့် အရာတစ်ခုဖြစ်သည့် ဆားစီးပွားရေးကို စတင်လိုက်၏။ သို့သော်လည်း ထိုတားမြစ်ချက်က တော်ဝင်မိသားစုဆီမှ မဟုတ်ဘဲ မြို့တော်ရှိ အားကောင်းသည့် မျိုးနွယ်များက ဆားစီးပွားရေးကို လက်ဝါးကြီး အုပ်ထားလို၍သာ ဖြစ်ကြောင်း သိလေသည်။
သူက အလှမ်းဝေးနေပြီး တော်ဝင်မိသားစုထက် ထိုမျိုးနွယ်များကို ဖြေရှင်းဖို့ လွယ်ကူသည့်အတွက် ဆားစီးပွားရေးကို ဖြည်းဖြည်းချင်း လွှမ်းမိုးဖို့ လုပ်ဆောင်လိုက်သည်။ နည်းစနစ်အသစ်ဖြင့် ပင်လယ်ရေကို ဆားအဖြစ် ချက်လုပ်ခဲ့ရာ ဆားက ပိုမိုသန့်စင်လာခဲ့ပြီး မြို့များ၏ ဈေးကွက်တွင် ဝင်ရောက်နိုင်ခဲ့သည်။
လူတချို့က ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားသည့်အခါ သူတို့က အကြောင်းသိသွားရသည်။ မည်သို့ပင်ဆိုစေကာမူ ထိုအရာက ဝမ်ဝေ့၏ စီးပွားရေး အစီအစဉ် အကုန်လုံး မဟုတ်သေးပေ။
နောက်တစ်ဆင့်က လောင်းကစားဝိုင်းနှင့် အပျော်ဂေဟာများ ဖွင့်လှစ်ဖို့ ဖြစ်သည်။
ဝမ်ဝေ့က ထိုအဖွဲ့အစည်းနှစ်ခုကို ပြန်လည်အသက်သွင်းလို၏။ သူက လူအများကို ဆွဲဆောင်နိုင်ရန် လောင်းကစားဝိုင်း၌ ကစားပွဲအသစ်များကိုပင် ထည့်သွင်းထားခဲ့သည်။ သူက အပျော်ဂေဟာအတွက်လည်း အတူတူလုပ်ဆောင်ခဲ့၏။ သူ့အဖွဲ့မှ ထိန်းချုပ်ထားသည့် အပျော်ဂေဟာများတွင် အမျိုးသမီးများက ခန္ဓာကိုယ်ကို ရောင်းချခြင်း မဟုတ်ဘဲ အနုပညာကိုသာ ရောင်းချလေသည်။
သူက ထိုမိန်းကလေးများအား အရေးအသား၊ သီဆိုခြင်း၊ ကခုန်ခြင်း၊ အတီးအခတ်ပညာ၊ လက်ရေးလှနှင့် ကဗျာများကိုပင် သင်ကြားပေးခဲ့သည်။ ထိုအပျော်ဂေဟာဆီ လာရောက်သည့်သူများက ထိုမိန်းကလေးများ၏ ခန္ဓာကိုယ်ကြောင့် မဟုတ်ဘဲ ပါရမီကြောင့် လာရောက်ကြခြင်း ဖြစ်၏။ ဝမ်ဝေ့သည် ခန္ဓာကိုယ်သန့်စင်ရေးအတွက် ဆေးဖက်ဝင် ချိုးရေကို ဖန်တီးပြီးသည့်နောက်တွင် နောက်ထပ် စီးပွားရေးတစ်ခု ဖြစ်သည့် ဆေးဖက်ဝင် လိမ်းဆေးကိုပါ ဖန်တီးထုတ်လုပ်ခဲ့၏။ ထိုအရာကြောင့် ထိုမိန်းကလေးများ၏ အသားအရေက လှပကာ ဆွဲဆောင်မှုရှိနေကြသည်။
ဝမ်ဝေ့က စတင်လိုက်သည်နှင့် အကောင်းဆုံး လုပ်တတ်သည့် အမျိုးသားတစ်ဦး ဖြစ်၏။ ထို့ကြောင့် သူက စီးပွားရေးလမ်းကြောင်းကို စတင် ချဲ့ထွင်လိုက်သည်။ သူက သစ်ရွက်ရစ်နွယ်မြို့မှ တခြားမြို့များအထိ လမ်းများကို ဖန်တီးပြီး ခြေဆန့်ခဲ့သည်။
သူက အနီးအနားရှိ ဓားပြများကိုပင် အုပ်စိုးကာ အစောင့်အကြပ်အဖွဲ့အဖြစ် ပြောင်းလဲခဲ့သည်။ ကုန်သည်များက တန်ကြေးပေးသရွေ့ သူတို့၏ ကုန်များအကြောင်း စိတ်ပူစရာ မလိုဘဲ သေချာလိုက်လံ ပို့ဆောင်ပေးမည် ဖြစ်သည်။ ကုန်သည်များက သူတို့သည် သစ်ရွက်ရစ်နွယ်မြို့ဆီ သူတို့ကုန်များဖြင့် ရောက်ရှိဖို့ အာမခံရှိကြောင်း သဘောပေါက်သည့်အခါ အများစုက သွားလာကြသည့်အတွက် မြို့က ကုန်သည်များ၏ ဗဟိုချက်သဖွယ် ဖြစ်လာသည်။
သူတို့သာ ဆွဲဆောင်ခံလိုက်ရခြင်း မဟုတ်ပေ။ ပညာရှင်များကလည်း ခေတ်ကို လွှမ်းမိုးသည့် ကဗျာအများစု မွေးထုတ်ပေးသည့် နေရာဟု ကောလဟာလရှိရာမြို့ဆီ ဦးတည်လာကြသည်။
ဝမ်ဝေ့က သူ့အတိတ်ဘဝမှ နာမည်ကျော် ကဗျာများကို အလွဲသုံးစား လုပ်ခြင်းအပေါ် မရှက်ပေ။ သူ့အသိဉာဏ်နှင့် အတွေ့အကြုံဖြင့် ထိုသို့ အရာမျိုးကို ဖန်တီးနိုင်သော်လည်း ခိုးယူခြင်းက ပိုမိုလွယ်ကူပေသည်။
နှစ်အနည်းငယ်အတွင်း ဝမ်ဝေ့က မဟာလုတိုင်းပြည် အကြွယ်ဝဆုံး လူတစ်ယောက် ဖြစ်လာခဲ့ပြီး တိုင်းပြည်အနှံ့မှ နယ်ပယ်အများအပြားကို လွှမ်းမိုးထားသည်။ သူက ဖြစ်နိုင်ချေရှိသည့် စီးပွားရေးမဏ္ဍိုင်များကို အုပ်စိုးထား၏။ သို့သော်လည်း သူက တစ်ယောက်တည်း လက်ဝါးကြီးအုပ်ထားခြင်း မဟုတ်ပေ။
ထင်ထားသည့်အတိုင်း သူက မျိုးနွယ်နှင့် အင်အားစုများဆီမှ မျက်မုန်းကျိုးခံခဲ့ရသည်။ ကံဆိုးစွာဖြင့် သူ့စီးပွားရေးကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားသည့်သူတိုင်းက အဆုံးသတ် မကောင်းကြပေ။ တော်ဝင်မိသားစုပင် သူ့ကို ရင်ဆိုင်ဖို့ ကြိုးစားပြီးသည့်နောက် အရှုံးများစွာ ရင်ဆိုင်သွားရသည်။
ဝမ်ဝေ့က သူ့ချမ်းသာကြွယ်ဝမှုအကြောင်းကို ဂရုမစိုက်ပေ။ ပြောရလျှင် သူ့လက်ရှိချမ်းသာမှုက ယခင် သူ့ကလေးဘဝတုန်းက သူ့အဘွားပေးခဲ့သည့် မုန့်ဖိုးလောက်ပင် မရှိသေးပေ။ မည်သို့ပင်ဆိုစေကာမူ ချမ်းသာကြွယ်ဝမှုက သူ့ရည်ရွယ်ချက်နှင့် ကိုက်ညီနေ၏။
ပိုက်ဆံနှင့် အဖွဲ့ကြီးကြီး ရှိထား၍ သူ့အနေဖြင့် သိုင်းပညာ လေ့ကျင့်ဖို့ အသားအတွက် အမဲလိုက်စရာ မလိုတော့ပေ။ ထို့အပြင် သူက လူများအား တိုင်းပြည်အနှံ့ ဆေးပင်များကို ရှာဖွေခိုင်းခဲ့သည်။
ဘန်း
ဝမ်ဝေ့က လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည့်အခါ တုန်ခါနှုန်းတချို့ ထွက်ပေါ်လာ၏။
“ နွားသိုး ၉ကောင်ရဲ့ ခွန်အားပဲ။ ဒီအားနည်းတဲ့ ကမ္ဘာရဲ့ ခန္ဓာကိုယ် ကန့်သတ်ချက်လား”
သူက ခေါင်းအသာခါလိုက်သည်။ သူ့အနေဖြင့် ခန္ဓာကိုယ်လေ့ကျင့်မှု ကန့်သတ်ချက်ရောက်ရှိဖို့ရာ အရင်းအမြစ်မြောက်များစွာနှင့် နှစ်၂၀ ကြာမြင့်ခဲ့၍ ယခုအခါ အသက် ၃၅ နှစ်ရှိသွားလေပြီ။ ထိုရလဒ်က နွားသိုး ၉ ကောင်ခွန်အားရှိပြီး မူလနည်းစနစ်၏ ခန္ဓာကိုယ်သန့်စင်ခြင်း ၂ လွှာအဆင့်နှင့် ယှဉ်နိုင်လေသည်။
သူ အိမ်သာအတွင်း မည်မျှအချိန်ကုန်ဆုံးခဲ့ရသည်ကို တွေးကြည့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က မထိုက်တန်ကြောင်း ခံစားမိလာသည်။ ကံကောင်းစွာဖြင့် သေချာသည့် အဆင့်တစ်ခုသို့ ရောက်ရှိပြီးသည့်နောက်တွင် သူက အညစ်အကြေးများကို ချွေးပေါက်မှ ဖယ်ထုတ်နိုင်လာလိမ့်မည်။
သူက တိရစ္ဆာန်အညစ်အကြေးများကို လျှော့ချနိုင်သည့် ချက်ပြုတ်ရေး နည်းလမ်းတချို့ကိုပင် ဖန်တီးခဲ့သေး၏။
“ ကိစ္စမရှိဘူး။ ဒီအဆီအနှစ် သန့်စင်ရေးနည်းစနစ် ပြီးပြည့်စုံသွားတာနဲ့ ငါက သက်တမ်း ၁၂၀ နေနိုင်လိမ့်မယ်”
သူက အဝေးတစ်နေရာကို လှမ်းကြည့်ရင်း သူ့ နောက်အစီအစဉ်အကြောင်း တွေးတောနေသည်။