← Chapters

အမွေအနှစ် လက်ခံရယူခြင်း

Vol. 44 Ch. 612

အမွေအနှစ် လက်ခံရယူခြင်း

Vol. 44 Ch. 612

ကုရွှမ်က သူ့ရှေ့မှ အားနည်းသည့် သေမျိုးသည် ထက်ရှရှ ဓားသွားများ ရှိထားသည့် ဧရာမပါးစပ်ကြီးနှင့် ကြောက်မက်ဖွယ် ဧရာမခရမ်းရောင် တိမ်တိုက်ကြီးအသွင် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ ထိုသတ္တဝါမှ ထုတ်လွှတ်နေသည့် ဝိညာဉ်ဖိအားက သူ့ကျောရိုးတစ်လျှောက် ကြက်သီးများ ထလာစေပြီး ဝိညာဉ်ကိုပင် မလှုပ်ရှားနိုင်အောင် ဖြစ်သွားစေသည်။

ထို့နောက် သူက ရှေးခေတ်အချိန်အခါက ဖတ်ရှုဖူးသည့် ဒဏ္ဍာရီတစ်ခုကို အမှတ်ရသွားသည်။ အထူးသဖြင့် ဒုတိယမြောက် မူလစစ်ပွဲ၏ အလယ်အလတ်အဆင့်တွင် ဖြစ်၏။

“ အသင်္ချေဝါးမျိုသူ” သူက အော်လုမတတ်ဖြစ်သွားသည်။

“ အသင်္ချေဝါးမျိုသူတဲ့လား။ ဒီနာမည်က ကျုပ်နဲ့ ကိုက်သားပဲ” ဝမ်ဝေ့၏ အသံက နေရာလွတ်တစ်ခုလုံးကို လွှမ်းမိုးသွားပြီး တုန်ခါလာစေသည်။ ထို့နောက် သူက အချိန်မဖြုန်းဘဲ စတင်သတ်ဖြတ်လိုက်၏။

“ မဖြစ်ဘူး” ကုရွှမ်က ထွက်ပြေးဖို့ ကြိုးစားရင်း အော်ဟစ်လိုက်သည်။

ဝမ်ဝေ့က ပါးစပ်ဟရင်း သူ့အား ဝါးမျိုဖို့ ကြိုးစားလိုက်၏။ ကုရွှမ်၏ ခန္ဓာကိုယ်မှ အလင်းတစ်ချက် ထွက်ပေါ်လာသော်လည်း ဝမ်ဝေ့က လျစ်လျူရှုကာ ဆက်လက် ကိုက်ချလိုက်သည်။

ဂျွတ်

သူက တစ်စုံတစ်ခုကို ဝါးမိလိုက်ပြီးနောက် ရေရွတ်လိုက်သည် “ ထွက်ပြေးသွားတာလား”

သူက ကုရွှမ်၏ ဝိညာဉ်အကုန်လုံးကို မဝါးမျိုလိုက်မိကြောင်း ပြောနိုင်သော်လည်း သိသာသည့် ပမာဏကိုမူ စားလိုက်ရသည်။ ထို့ကြောင့် ဝမ်ဝေ့က လက်စသတ်ဖို့ သူ့နောက် လိုက်သွားတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုကို ခံစားမိလိုက်၏။ သူ့ခန္ဓာကိုယ်က ပေါက်ကွဲလုမတတ် ဖြစ်လာသည်။

သူ့ခန္ဓာကိုယ်က ဝိညာဉ်ကို မထိန်းထားနိုင်သောကြောင့် စည်းတံဆိပ်ကို အလျင်အမြန် ပြန်ချထားလိုက်ရသည်။ သူက ကုရွှမ်၏ ကျန်ရှိနေသည့် အစိတ်အပိုင်းများအား ရှာဖွေဖို့ ဘိုးဘေးဝမ်ဝူချန်းကို အသိပေးဖို့ မမေ့ခဲ့ပေ။

ထိုစဉ် မျှော်နန်းဆောင်မှ ထွက်လာပြီးသည့်နောက် ကုရွှမ်၏ ဝိညာဉ်က ဖြူဖျော့ကာ ပြိုကွဲလုမတတ် ဖြစ်နေသည်။

ကျစ် ငါက ဘယ်လောက်တောင် ကံဆိုးနေရတာလဲ။ ဒီလူက အသင်္ချေဝါးမျိုသူနဲ့ ဘယ်လိုဆက်နွယ်နေတာလဲ…

အကယ်၍ ယခင်ကသာ ဖြစ်ပါက သူသည် ထိုသတင်းအချက်အလက်ကို ကပ်ပါးများထံ ဈေးကောင်းကောင်းဖြင့် ရောင်းချနိုင်လေသည်။ သို့သော် ယခုလက်ရှိအခြေအနေတွင် သူက ဒိုင်မေးရှင်းအမြင့်တွင် ပေါ်ထွက်လာပါက ကြာကြာအသက်ရှင်နိုင်မည် မဟုတ်ပေ။

အခု အာရုံများနေရမဲ့အချိန် မဟုတ်ဘူး။ ငါက မြန်မြန်ဆန်ဆန် လှုပ်ရှားဖို့ လိုအပ်တယ်။ အခုထိ မျှော်လင့်ချက် ရှိနေသေးတယ်…

ကုရွှမ်က စံအိမ်တစ်ခုကို လှမ်းကြည့်ရင်း ထိုနေရာဆီ ဦးတည်လိုက်၏။ ထိုပြိုင်ပွဲဝင်များတွင် တာအိုကာကွယ်သူများ ရှိထားမှန်း သိထား၍ သူ့အရှိန်အဝါကို ဖုံးကွယ်ထားလိုက်သည်။ အများစုက ဆန့်ကျင်တာအိုဘိုးဘေးများ ဖြစ်ကြ၏။

ကုရွှမ်က အရင်ဆုံး အရှေ့တောင်ဘက်ဆီ ဦးတည်လိုက်သည်။ ထို့နောက် သူက အံကြိတ်ကာ အနောက်တောင်ဘက်ဆီ ဦးတည်လိုက်၏။ သိပ်မကြာခင် သူက အစီအရင်တစ်ခု ချထားသည့် စံအိမ်တစ်ခုရှေ့ ရောက်ရှိသွားသည်ကို တွေ့လိုက်ရသည်။ ဤစစ်ဆေးမှု၏ ဖန်တီးသူအနေဖြင့် သူက ကမ္ဘာငယ်တစ်ခုလုံးကို ထိန်းချုပ်မှုတချို့ ရှိထားပြီး အစီအရင်ကို ဝင်ရောက်နိုင်စွမ်း ရှိသည်။

သူက အထူးကဲဆုံးတည်ရှိမှု ခံစားမိရာ အခန်းအတွင်း ဦးတည်လိုက်သည်။ ထိုအထဲတွင် လူငယ်လေးတစ်ဦးက ကျင့်ကြံနေသည်ကို မြင်လိုက်ရသည်။ ထိုသူက တစ်စုံတစ်ခုကို စောင့်ဆိုင်းနေခြင်း သို့မဟုတ် ပြင်ဆင်နေခြင်း ဖြစ်ပုံပေါ်သည်။

ချူးလော့ မင်းပဲ…

ကုရွှမ်က အချိန်မဖြုန်းဘဲ ချူးလော့၏ အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်ကာ ဝိညာဉ်ကို ရယူဖို့ ပြင်လိုက်သည်။

“ ကု…ကုရွှမ်လား” ချူးလော့က မေးလိုက်သည်။ သူ့အမူအရာက တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ပြောင်းလဲသွား၏။ သူက စွမ်းအားကို အလျင်အမြန် အသက်သွင်းလိုက်သည်။ နှမြောစရာကောင်းလှသည်က ကုရွှမ် လက်ဝှေ့လိုက်သည်ကို မြင်တွေ့ပြီးသည့်နောက်တွင် သူ့လက်နှင့် ခြေများကို လာရောက်တုပ်နှောင်သည့် သံကြိုးလေးခုကိုသာ မြင်လိုက်ရသည်။

ချူးလော့က သူ့နဝမအဆုံးစွန်အုတ်မြစ်၏ စွမ်းအားအကုန်လုံးကို အသက်သွင်းရင်းဖြင့် ခုခံလိုက်သော်လည်း အသုံးမဝင်ပေ။ သူက ကုရွှမ် သူ့ဆီ လျှောက်လာရင်း စိတ်ပျက်မှုက သူ့အား လွှမ်းခြုံသွား၏။

ကုရွှမ်၏ လက်ဝါးတွင် ထူးဆန်းသည့် သင်္ကေတတစ်ခု ရှိနေသည်။ ထိုလူ၏ လက်ဝါးချက်က သူ့နဖူးအထက် လက်မအနည်းငယ်မျှ ကွာဝေးသည့်အချိန်တွင် ချူးလော့၏ နှလုံးသားက လေးလံလာ၏။ သူ့တွင် မည်သည့် ကံတရားစောင့်ကြိုနေကြောင်း သိလိုက်သည်။ သူ့ခန္ဓာကိုယ်ကို ထိုမကောင်းဆိုးဝါးအိုကြီးက ရယူချင်နေသည်။ သူ့မျက်စိရှေ့တွင် ဘဝတစ်လျှောက်လုံး ဖြတ်သန်းခဲ့ရသမျှ အရာအားလုံးနှင့် နောင်တတရားတို့ကို ပြန်လည်တွေးတောမိလာသည်။ အထူးသဖြင့် သူ့မိဘများ ဖြစ်၏။

သူက သူတို့ကို မမြင်တွေ့နိုင်တော့ဘဲ မည်မျှချစ်မြတ်နိုးရကာ သူတို့ သူ့အတွက် လုပ်ပေးသည့် ကိစ္စများအတွက် မည်မျှကျေးဇူးတင်နေကြောင်းပင် ပြောခွင့်ရတော့မည် မဟုတ်ပေ။ သူက သူတို့ဘဝကို ဂုဏ်ယူမှု၊ ချမ်းသာကြွယ်ဝမှုအပြည့် နေနိုင်အောင် ပြန်လည် မပေးဆပ်နိုင်တော့ပေ။

ချူးလော့က ခက်ခက်ခဲခဲ ရုန်းကန်နေသည်။ သူက မသေချင်သေးပေ။ ကံဆိုးစွာဖြင့် ထိုအရာက အသုံးမဝင်ပေ။

ဝှစ်

သူ့အနားတွင် အဖြူရောင်အလင်းတန်း နှစ်ခု ထွက်ပေါ်လာကာ ရုပ်ချောသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

“ အဖေနဲ့ အမေလား”

သူတို့က ချူးလော့အား ကြည့်ကာ ပြုံးပြလိုက်ကြသည်။ အမျိုးသား၏ လက်တစ်ချက်အဝှေ့တွင် သူ့အားကို ချုပ်နှောင်ထားသည့် ဝိညာဉ်သံကြိုးကို ဖယ်ရှားပစ်လိုက်၏။

“ လော့အာ … မင်း ဘာလုပ်ရမယ်ဆိုတာကို သိပါတယ်”

ချူးလော့က သူ့မျက်ဝန်းမှ မျက်ရည်များကို လျစ်လျူရှုထားပြီး ဝိညာဉ်ဝါးမျိုရေးအိုးကို ဖန်တီးလိုက်သည်။ ထို့နောက် သူ့အဖေနှင့် အမေက သူတို့၏ စွမ်းအားများဖြင့် အိုးကို ထောက်ပံ့ပေးလိုက်သည်။ ထိုစဉ် ကုရွှမ်က အခြေအနေသည် ထိန်းချုပ်မှု ကင်းလွတ်သွားကြောင်း သိလိုက်၏။ သူ့လက်ရှိအခြေအနေဖြင့် ဧကရာဇ်အဆင့် ခြိမ်းခြောက်မှုမျိုးဖြင့် ရင်မဆိုင်နိုင်ပေ။

သူက ထွက်ပြေးဖို့ ကြိုးစားလိုက်သော်လည်း နောက်ထပ် စွမ်းအားတစ်ခုက သူ့အား ပိတ်လှောင်ထားလေသည်။ သူက တုံ့ပြန်ဖို့ ပြန်လည်မစဉ်းစားနိုင်ခင် ချူးလော့၏ အိုးက သူ့ထံ မျောလွင့်လာပြီး ဝါးမျိုသွား၏။ သူက ခုခံဖို့ အကောင်းဆုံးကြိုးစားခဲ့သော်လည်း ဝမ်ဝေ့က သူ့အား မယုံကြည်နိုင်လောက်ဖွယ် အနေအထားအထိ အားနည်းအောင် လုပ်ထားခဲ့ပြီးသား ဖြစ်နေသည်။

စက္ကန့်ပိုင်းကြာ ခုခံပြီးသည့်နောက်တွင် အိုးက သူ့ကို ဝါးမျိုသွားသည်။

ချူးလော့က နောက်ဆုံးရလဒ်ကို ဂရုမစိုက်ပေ။ ထိုအစား သူက သူ့မိဘများကို ကြည့်လိုက်၏။

“ အမေ .. အဖေ .. ဘယ်လိုလုပ် ဒီရောက်လာတာလဲ”

“ မင်း ပြန်လည်ဝင်စားလာတဲ့အခါမှာ တစ်ခုခုမှားယွင်းသွားမှာကို ကာကွယ်ဖို့ နည်းလမ်းတချို့ ချန်ထားခဲ့တယ်လေ”

ချူးလော့က မျက်နှာပူလျက် ခေါင်းငုံ့လိုက်ပြီး “ ကျွန်တော်ကို ထပ်ပြီးတော့ ကယ်တဲ့အတွက်ကျေးဇူးတင်ပါတယ်”

“ အမေတို့ကို ကျေးဇူးတင်စရာ မလိုပါဘူး” သူ့အမေက သူ့ခေါင်းကို အသာသပ်ရင်း ပြောလိုက်သည်။

“ မင်းက အဖေတို့ရဲ့ ဂုဏ်ယူမှုနဲ့ ပျော်ရွှင်မှုပဲ။ အဖေတို့က မင်းအတွက် အရမ်းဂုဏ်ယူတယ်” သူ့အဖေက ထပ်ပြောလိုက်သည်။

“ ဟုတ်တယ်။ အမေတို့က မင်း လုပ်ခဲ့သမျှအရာအားလုံးအတွက် ဂုဏ်ယူတယ်”

ထိုသို့ပြောပြီးသည့်နောက် သိပ်မကြာခင် နှစ်ဦးသားက စတင် ပျောက်ကွယ်လာသည်။

“ ကြည့်ရတာ အချိန်က တိုတောင်းတဲ့ပုံပဲ”

“ အမေ အဖေ”

“ ငါတို့ရဲ့ဒဏ်ရာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ မင်း စိုးရိမ်စရာမလိုဘူး။ ငါတို့ တက်လှမ်းပြီး သိပ်မကြာခင် ငါတို့ကို ကုသပေးနိုင်တဲ့ ကံအပြောင်းအလဲ အခွင့်အရေးတချို့နဲ့ ကြုံတွေ့ခဲ့တယ်။ ဒိုင်မေးရှင်းအမြင့်မှာ အဆင်ပြေပါတယ်။ ငါတို့ ပြန်လည်ဆုံစည်းဖို့ စောင့်မျှော်နေတယ်”

“ တကယ်လား”

“ ဒါပေါ့။ အဲဒီနေ့ရက်က သိပ်ကြာကြာစောင့်ရတော့မှာ မဟုတ်ပါဘူး”

နောက်ဆုံးတွင် နှစ်ဦးသားက ပျောက်ကွယ်သွား၏။ ချူးလော့က သူတို့ ပျောက်ကွယ်သွားပြီးသည့်နောက်တွင်ပင် မိနစ်ပိုင်းကြာ ငေးကြည့်နေပြီးသည့်နောက်မှ မျက်ရည်ကို သုတ်လိုက်သည်။ သူက သူ့အိုးကို ဖွင့်လိုက်သည့်အချိန် သန့်စင်နေသည့် ဝိညာဉ်စွမ်းအား အမြောက်အများနှင့် ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်းဟုခေါ်သည့် စာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။

ထိုစဉ် ဝမ်ဝေ့က မျှော်နန်းဆောင်အတွင်း မျက်လုံးဖွင့်လာကာ တစ်စုံတစ်ခုကို ခံစားမိလိုက်၏။

သူက သူနှင့် ကုရွှမ်ကြားမှ ရှိထားသည့် ကံကြွေးအရ ထိုလူ၏ သေဆုံးမှုအကြောင်းကို ခံစားမိလိုက်သည်။

“ ချူးလော့လား။ ကြည့်ရတာ ကုရွှမ်ရဲ့ ကံကောင်းမှု ကုန်ဆုံးသွားတဲ့ပုံပဲ”

ထို့နောက် ဝမ်ဝေ့က သူ ရယူထားသည့် ကုရွှမ်၏ မှတ်ဉာဏ်များအပေါ် အာရုံစိုက်လိုက်သည်။ ထိုအရာထဲတွင် ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်း၊ ထိုလူ၏ ကျမ်းကို ဖန်တီးသည့် အဆင့်ဆင့်နှင့် နားလည်နိုင်စွမ်းတို့ပင် အပါအဝင် ဖြစ်၏။

ထို့အပြင် ဝမ်ဝေ့က ဒိုင်မေးရှင်းအမြင့်၏ မှတ်ဉာဏ်အများစုကိုပင် တွေ့ရှိလိုက်ရသည်။

ပထမတစ်ခုက ဧကရာဇ်ခုံအကြောင်း ဖြစ်၏။ ထိုသူက တက်လှမ်းပြီးနောက် သိပ်မကြာခင် ကောင်းကင်ဘုံအဆင့် ဖြစ်လာခဲ့သည်။ အကြောင်းအရင်းမှာ ထိုလူက မသေမျိုးအဆင့် အချိန်လျှို့ဝှက်နယ်မြေတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး သူ၏ ပညာရှင်စွမ်းဆောင်ရည်များကြောင့်လည်း ဖြစ်သည်။

သူက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် ကပ်ပါး ၇ ကောင်နှင့် နေမင်းနှစ်စင်းတို့ဆီ ကတိစကားထားရှိခြင်းဖြင့် ကျောင်းတော်သဘောတရားကို ဖြန့်ဝေနိုင်ခဲ့သည်။ သူက သူတို့ကို မည်သို့ဖျောင်းဖျနိုင်မှန်း မသိသော်လည်း လုပ်ဆောင်နိုင်ခဲ့၏။ သူ စုဆောင်းထားသမျှ ကုသိုလ်အားလုံးဖြင့် သူသည် ယွမ်ခေတ်ကာလ သုံးခုမျှဖြင့် ကောင်းကင်ဘုံအဆင့် ဖြစ်လာသည့် လူတချို့ထဲတွင် ဝင်ရောက်လာခဲ့သည်။

ယွမ်ခေတ်ကာလသုံးခုတဲ့လား။ ငါက ဒီမှတ်တမ်းကို အလွယ်တကူ ချိုးဖျက်နိုင်မဲ့ပုံပဲ…

သူ့တွက်ချက်ထားမှုအရ သူ့အစီအစဉ်အားလုံးသာ အလုပ်ဖြစ်လျှင် သူက နှစ်သန်းချီမျှဖြင့် ကောင်းကင်ဘုံအဆင့် ဖြစ်လာမည်ဖြစ်ကာ အသင်္ချေအင်ပါယာကမ္ဘာ၏ နောက်မျိုးဆက်ပင် စတင်ဦးမည် မဟုတ်သေးပေ။

ထိုစဉ် ဝမ်ဝေ့က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ အငယ်ဆုံး ကောင်းကင်ဘုံအဆင့် ဖြစ်ကောင်းဖြစ်နေနိုင်သည်။

ဧကရာဇ်ခုံ၏ ကျင့်ကြံရေးသတင်းကို အာရုံစိုက်ထားခြင်း မဟုတ်ပေ။ ကုရွှမ်က ဧကရာဇ်ခုံသည် ကပ်ပါးများနှင့် ရင်ဆိုင်ဖို့ တော်လှန်မှုတစ်ခုကို တိတ်တဆိတ် အစပြုခဲ့ကြောင်း ကောက်ချက်ချထား၏။ သူ့တွင် သက်သေ မရှိသော်လည်း သူ့သုံးသပ်မှုနှင့် ခံစားချက်ကို ယုံကြည်ထားသည်။

နောက်ထပ် အရေးပါသည့် သတင်းအချက်အလက်တစ်ခုက ကပ်ပါးများနှင့် သက်ဆိုင်သည့်အရာ ဖြစ်သည်။ ကုရွှမ်က ထိုလူများအကြောင်း အသေးစိတ် လေ့လာထားသည်။ ဝမ်ဝေ့က ထိုလူ၏ လေ့လာသုံးသပ်မှုတချို့ကို အာရုံစိုက်လိုက်၏။

ပထမတစ်ခုက အချိန်စားသုံးသူဖြစ်ကာ ကပ်ပါးခုနစ်ယောက်ထဲ အားအကောင်းဆုံး ဖြစ်ပေသည်။ သူက အချိန်မဟာတာအိုအရင်းအမြစ် ၉၉ ရာခိုင်နှုန်းထိန်းချုပ်မှုဖြင့် စံပြတစ်ယောက်ဖြစ်ပြီး အထွတ်အထိပ်ရောက်ရှိဖို့ ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။ အချိန်စားသုံးသူက အကြွင်းမဲ့တားမြစ်ချက်အတွင်း စံပြတစ်ယောက်ဖြစ်ခဲ့သော်လည်း အကြောင်းအရင်းတချို့ကြောင့် ပါဝင်မဆင်နွှဲခဲ့ပေ။

ကုရွှမ်အနေဖြင့် ထိုအချိန်စားသုံးသူသည် အဖွဲ့ကို စောင့်ကြည့်ဖို့ တာအိုဆရာချီတင်းနှင့် ဘုန်းကြီးပန်းနှစ်မွှာတို့ကို အသုံးပြုနေသည့် နေမင်းနှစ်စင်းမှလွဲ၍ ကျန်ကပ်ပါးများ၏ နောက်ကွယ်ကြိုးကိုင်သူဖြစ်ကြောင်း ယုံကြည်ထားသည်။ အချိန်စားသုံးသူက တစ်ကမ္ဘာလုံးနှင့် ခေတ်ကာလတစ်ခုလုံးကို အုပ်စိုးဖို့ အကြံပေးခဲ့သူလည်း ဖြစ်၏။

ဒုတိယအရေးကြီးသည့် သတင်းအချက်အလက်က ထာဝရဇာမဏီနှင့် ဝူယွိဇာမဏီတို့ကြားမှ ဆက်ဆံရေးနှင့် ပတ်သက်သည်။ ထာဝရဇာမဏီက ယုံကြည်မှုခေတ်ကာလအတွင်း အတုအယောင် ထာဝရဧကရာဇ် ဖြစ်ခဲ့သည်။

သူ့ပါရမီအပေါ် မူတည်၍ သူသည် စံပြအထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသင့်ပြီး အကြွင်းမဲ့တားမြစ်ချက်တွင် ပါဝင်ဆင်နွှဲနိုင်ခဲ့သည်။ သို့သော်လည်း သူက ဝူယွီဇာမဏီငယ်နှင့် တွေ့ဆုံပြီးသည့်နောက်တွင် တစ်စုံတစ်ခုဖြစ်ပျက်ခဲ့၏။ သူတို့က ဆက်ဆံရေးတစ်ခုရှိခဲ့ကာ သူတို့ကြားတွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သောကြောင့် ထာဝရဇာမဏီက ကောင်းကင်ဘုံအဆင့်တွင်သာ အချိန်အတော်ကြာ ရပ်တန့်နေခဲ့ပြီး အကြွင်းမဲ့တားမြစ်ချက်နှင့် လွဲချော်သွားရသည်။

ထိုသူနှစ်ဦးက ယခုအခါ တစ်ဖက်ထဲတွင် ဖြစ်နေသော်လည်း ကုရွှမ်အနေဖြင့် သူတို့ကြားတွင် ရန်ငြိုးရှိလိမ့်မည်ဖြစ်ကြောင်း ကောက်ချက်ချထား၏။

တတိယမြောက် သတင်းအချက်အလက်က လျှို့ဝှက် ၈ယောက်မြောက် လမင်း ရှိကြောင်း သိခဲ့ရသည်။ ကုရွှမ်က ထိုအရာသည် ကပ်ပါးများ၏ ဝှက်ဖဲဖြစ်ကြောင်း ယုံကြည်ထားသည်။

နောက်ဆုံးတွင် သူက မြေကမ္ဘာဧကရာဇ်ကို အာရုံစိုက်ထားလိုက်၏။ ကုရွှမ်အရ ထိုလူသည် ၈ယောက်အနက် ရည်မှန်းချက်အကြီးဆုံးဖြစ်ကာ သတိအကြီးဆုံးသူလည်း ဖြစ်ပေသည်။

လူသားဧကရာဇ်၊ မြေကမ္ဘာဧကရာဇ်၊ ကောင်းကင်ဧကရာဇ်…

ဝမ်ဝေ့က လူသားဧကရာဇ်သည် မြေကမ္ဘာဧကရာဇ်နှင့် တစ်စုံတစ်ခု ကြံစည်နေလိမ့်မည်ဟု ခံစားမိ၍ မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်ဧကရာဇ်၏ ဂုဏ်ပုဒ်ကလည်း အရေးပါလာလိမ့်မည်။

ထို့နောက် ဝမ်ဝေ့က ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်းကို အာရုံစိုက်ထားလိုက်ပြီး ထိုကျမ်းက အလားအလာများစွာ ရှိသော်လည်း အဓိပ္ပာယ်မရှိကြောင်း ခံစားမိသည်။

All Chapters