← Chapters

မင်းလုပ်နိုင်တာကို သိတယ်

Vol. 44 Ch. 614

မင်းလုပ်နိုင်တာကို သိတယ်

Vol. 44 Ch. 614

အသင်္ချေအင်ပါယာကမ္ဘာ၊ တာအိုအခွင့်အလမ်းဂိုဏ်း

ဂိုဏ်းတစ်ခုလုံးကို ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုလွှမ်းခြုံသွားပြီး တပည့်များနှင့် အကြီးအကဲများသာမက တခြားအင်အားစုများပင် အထိတ်တလန့် ဖြစ်သွားကြကာ တစ်စုံတစ်ခုဖြစ်ပျက်နေပြီဟု တွေးထင်သွားကြသည်။

“ မူလ …  မြန်မြန်လုပ်” အသံတစ်သံက ပြောလိုက်သည်။

“ အထွေထွေသောင်းပြောင်း ဘာတွေဖြစ်နေတာလဲ”

“ ဂိုဏ်းချုပ်က ဒုက္ခရောက်နေပြီ”

“ ဘာကိုပြောတာလဲ”

“ ရှင်းပြဖို့ အချိန်မရှိဘူး။ ကောင်းကင်တာအိုက သူ ဒုက္ခရောက်နေပြီဆိုတဲ့ သတင်းစကားပါးလို့ သိလိုက်ရတာ”

“ ကောင်းပြီ။ ငါ တခြားသူတွေကို ခေါ်လိုက်မယ်။ မင်းက ဓား(၁)ကို သွားပြီးတော့ ဆက်သွယ်လိုက်”

“ မူလ(၁)၊ ငရဲ(၁)၊ အရိပ်(၁)၊ သက်တံ(၁)၊ အရိပ်(၂) ငါနဲ့ လိုက်ခဲ့ကြ။ တခြားသူတွေကိုလည်း အကူအညီအတွက် ခေါ်ခဲ့ကြဦး။ လိပ်(၁)က တစ်ခုခုဖြစ်ပျက်လာခဲ့ရင် ဂိုဏ်းကို စောင့်ရှောက်ဖို့ နေခဲ့”

(တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ မဟာဧကရာဇ်တွေကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ လူတွေပါ။ သူတို့ကို နောက်ကနေ နံပါတ်တပ် ခေါ်ပါတယ်။ အရိပ်ဧကရာဇ်ကတော့ နှစ်ယောက်ပါ။ ခေါ်လို့ကောင်းအောင်ရယ်၊ ဂိုဏ်းရဲ့ နောက်ခံကျောရိုး ဘိုးဘေးအဆင့်တွေမလို့ မူလအရှင်၊ ဓားအရှင်လို့ သုံးခဲ့တာပါ )

“ ဖျက်ဆီးခြင်း (၁)ကိုရော ဘယ်လိုလုပ်မှာလဲ” ဝေဝါးဝါး အရိပ်ပုံရိပ်က မေးလိုက်သည်။

“ သူက ကျင့်ကြံနေတုန်းဆိုတော့ အနှောင့်အယှက်မပေးနဲ့”

“ ငါ ရောက်လာပြီ” အရပ်ရှည်ရှည် ကြွက်သားပြိုင်းပြိုင်းနှင့် အမျိုးသားတစ်ဦးက ဂျိုင်းပြတ်သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့်အတွက် သူ့ ကြေးနီရောင် အသားအရည်နှင့် ကြွက်သားများအား ပြသနေသည်။ သူက ဘုန်းကြီးတစ်ပါးကဲ့သို့ ဆံပင်အတို ရှိထားပြီး သိမ်းငှက်တစ်ကောင်လို စူးရှသည့် မျက်ဝန်းမျိုး ပိုင်ဆိုင်ထားသည်။

“ မင်း အောင်မြင်သွားပြီလား”

“ ဟုတ်တယ်။ မင်းတို့ နတ်ဆိုးအထွတ်အထိပ်ကမ္ဘာကနေ ယူလာတဲ့ ကံကောင်းမှုက အတော်လေးကို အံ့အားသင့်စရာပဲ” ဖျက်ဆီးခြင်း(၁)က ပြောလိုက်သည်။

“ ကောင်းတယ်” မူလက ပြန်ပြောလိုက်၏။ သူက ဖျက်ဆီးခြင်း(၁)သည် ပါရမီထူးကဲကာ ဂိုဏ်းအတွက် မဟာဧကရာဇ် ဖြစ်မည့်သူမှန်း သိလေသည်။ ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ်က သူ့ကို ဂိုဏ်းသို့ ခေါ်လာစဉ်အခါက မူလ ရည်ရွယ်ချက်သည် သူ့ကို နောက်ဧကရာဇ်အဖြစ် ပြုစုပျိုးထောင်ပေးရန် ဖြစ်၏။ သို့သော်လည်း ထိုသူက မဟာဧကရာဇ်များအပေါ် မယုံနိုင်လောက်ဖွယ် အမုန်းတရားမျိုး ရှိနေသည့်အတွက် ငြင်းဆန်ခဲ့သည်။

ထို့ကြောင့် ရှေးဟောင်းဖျက်ဆီးခြင်း ဧကရာဇ်က သူ့ကို ဓား(၁)၊ မူလ(၁)တို့နှင့် လက်ရည်တူဖြစ်နိုင်သည့် ဆန့်ကျင် ကျင့်ကြံသူတစ်ယောက်အဖြစ် ပြောင်းလဲပေးခဲ့သည်။ ကံဆိုးစွာဖြင့် သူက ထာဝရဧကရာဇ် မဟုတ်သည့်အတွက် ထိုကိစ္စမှာ သူ့စွမ်းဆောင်ရည်ထက် ကျော်လွန်နေ၏။

မည်သို့ပင်ဆိုစေကာမူ ဖျက်ဆီးခြင်း(၁)က ပါရမီနှင့် အားစိုက်ထုတ်မှုအပေါ် မူတည်ပြီး ဤအဆင့်အထိ ရောက်ရှိခဲ့သည်။ သူက ဟိုးအရင်ကတည်းက အောင်မြင်ခဲ့သင့်ပေသည်။ ကံဆိုးစွာဖြင့် အမုန်းတရားကို ဖြစ်စေသည့် သူ့အတိတ်က အတွေ့အကြုံများက သူ့စိတ်ကို အမှောင်ဖုံးစေကာ ပါရမီအပေါ် သက်ရောက်မှု ရှိလာစေ၏။

မိစ္ဆာခေတ်ကာလ အလယ်အလတ် သို့မဟုတ် နောက်ပိုင်းခေတ်ကာလအတွင်း ကိစ္စများက ပြောင်းလဲလာပြီး သူ့ဆီမှ အားလုံးကို ယူဆောင်သွားသည့် မဟာဧကရာဇ်က ဒိုင်မေးရှင်းအနိမ့်တွင် ရုတ်ချည်း ပေါ်ထွက်လာခဲ့သည်။ ဖျက်ဆီးခြင်း(၁)က ထိုအရာသည် သူ့သခင်၏ လုပ်ရပ်မှန်း သိကာ ထိုအခွင့်ကောင်းကိုယူ၍ ထိုသူအား သတ်ဖြတ်ခဲ့သည်။

သူ့တာအိုနှလုံးသားနှင့် စိတ်အခြေအနေ၏ ပြဿနာကို ဖြေရှင်းပြီးသည့်နောက် သူက ပါရမီအပေါ် အာရုံစိုက်ထားပြီး ဓားအရှင်နှင့် မူလအရှင်လောက် အဆင့်အတူတူရောက်အောင် ကြိုးစားခဲ့သည်။

“ သွားကြစို့” မူလအရှင်က ဝမ်ဝေ့ရှိရာဆီ လမ်းကြောင်းကို ဖွင့်လှစ်လိုက်သည်။ အထွေထွေသောင်းပြောင်း(၁)၊ ဖျက်ဆီးခြင်း(၁)၊ တိုက်ပွဲ(၁)၊ ငရဲ (၁)၊ အရိပ်(၁)၊ သက်တံ(၁)၊ အရိပ်(၂)နှင့် တခြားသော ဆန့်ကျင် ကျင့်ကြံသူများပါ သူတို့နောက် လိုက်လာကြ၏။

ထိုအကောင်ကြီးကြီးများ ထွက်ပေါ်လာမှုက အသင်္ချေအင်ပါယာကမ္ဘာတစ်ခုလုံးကို ထိတ်လန့်သွားစေကာ တာအိုအခွင့်အလမ်းဂိုဏ်းက ဧကရာဇ်တာအိုစစ်ပွဲ စတင်တော့မှာလားဟု တွေးမိသွားကြသည်။ ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်အပါအဝင် အင်အားစုတိုင်းက ထိုသို့အင်အားစုနှင့် ရင်ဆိုင်ရလျှင် အသက်ရှင်သန်နိုင်မည် မဟုတ်ကြောင်း သိထားလေသည်။

………………………………

ဝမ်ဝေ့က မလှမ်းမကမ်းတွင် ခေါင်းအထက် မီးအိမ်တစ်ခု မျောလွင့်နေသည့် ခေါင်းဆောင်းပုံရိပ်ကို လှမ်းကြည့်လိုက်၏။ သူနှင့်အတူ လူ၁၈ ယောက်ပါလာပြီး အားလုံးက မဟာဧကရာဇ်အရှိန်အဝါမျိုး ရှိထားကြသည်။ ထို့အပြင် ထိုသူထဲမှ သုံးယောက်က ပထမတန်းစား ဧကရာဇ် ဖြစ်ဟန်ပေါ်၏။ သို့သော် သူတို့က တက်လှမ်းခါစလား သို့မဟုတ် သဘာဝ ပထမတန်းစားဧကရာဇ်လား မပြောနိုင်ပေ။

ထိုလူများ ပေါ်ထွက်လာသည်နှင့် သူတို့သည် စကားပြောပြီး အချိန်ဖြုန်းမနေပေ။ သူတို့က စတင်တိုက်ခိုက်လိုက်ကြ၏။

ဝမ်ဝူချန်က ဝမ်ဝေ့ရှေ့တွင် ကာဆီးရပ်ကာ သူ့ခန္ဓာကိုယ်မှ ကြယ်တာရာများ တောက်ပလာဟန်ပေါ်သည်။ စုစုပေါင်း ၁.၂၆၉ သန်းရှိ၏။ ဝမ်ဝူချန်က တုံ့ဆိုင်းခြင်းမရှိဘဲ လိပ်ဆုံမှတ်အစီအရင်ကို အသက်သွင်းလိုက်ပြီး သူတို့နှစ်ယောက်အား ကာကွယ်ပေးနိုင်မည့် ဒိုင်းကာကို ထုတ်လွှတ်လိုက်သည်။

ဘန်း

ကာကွယ်ရေး အကာအရံပေါ်တွင် အက်ကြောင်းများ ပေါ်ထွက်လာသည့်အတွက် ဒုတိယတိုက်ကွက်ကို ခံနိုင်ရည် မရှိမှန်း ပြသနေ၏။ ဝမ်ဝေ့က အလျင်အမြန် လှုပ်ရှားကာ သူ့အံ့ဖွယ်အသိစိတ်မှ အဆောင်ကို ထုတ်ယူလိုက်သည်။ ထိုအဆောင်က ဂိုဏ်း၏ ဧကရာဇ်အစီအရင်နှင့် နေရာလဲနိုင်သည်။

ဒုတိယအဆောင်ဖြင့် ဝမ်ဝူချန်က ကာကွယ်ရေး အကာရံကို ပြန်လည်ပြင်ဆင်လိုက်သည်။ ထိုစဉ် ဝမ်ဝေ့က သူ့လူဝင်စားများ၏ စွမ်းအားကို ငှားယူကာ လိပ်ခွံဆုံမှတ်အစီအရင်ကို အသက်သွင်းလိုက်ပြီး သူ့ဘိုးဘေးဖြင့် ပေါင်းစပ်ကာ အင်အားကို တိုးမြှင့်လိုက်သည်။

သူ့အင်အားက ဤသို့သော တိုက်ပွဲမျိုးတွင် အဓိပ္ပာယ်မရှိကြောင်း သိထားသော်လည်း အသေးငယ်ဆုံးသော အကူအညီက ဤသို့သော ကပ်ဘေးမျိုးတွင် အရေးကြီးနေနိုင်သည်။

ကံဆိုးစွာဖြင့် သူ့အပြုအမူက ခေတ္တမျှသာ နှောင့်နှေးထားနိုင်၏။ ထိုမဟာဧကရာဇ်များက ကစားမနေဘဲ ခေါင်းဆောင်းပုံရိပ်၏ ညွှန်ကြားချက်ကို လိုက်နာကြသည်။ သူတို့က တာအိုသက်သေပြ ပစ္စည်းများကို ထုတ်ကာ ဆက်တိုက် တိုက်ခိုက်လာကြ၏။

ဘန်း

ဝမ်ဝူချန်၏ အသစ်ဒိုင်းကာက ခံနိုင်ရည်မရှိတော့ဘဲ ကွဲကြေလုနီးပါး ဖြစ်သွားသည်။ အကြည့်ဖြင့်ပင် သူတို့က နောက်တစ်ချက်ကို ခံနိုင်ရည်ရှိမည်မဟုတ်ကြောင်း သိသာ၏။

ထို့ကြောင့် သူက ဝမ်ဝေ့ဘက် လှည့်ကြည့်ကာ ပြုံးလိုက်ပြီး “ ကောင်လေး မင်း အသက်ရှင်ရမယ်။ မင်း လုပ်နိုင်တယ်ဆိုတာကို သိတယ်။ ဂိုဏ်းကို စောင့်ရှောက်ထားလိုက်”

ဝမ်ဝေ့က လက်သီးဆုပ်လိုက်၏။ လက်သည်းက သူ မထိုးဖောက်နိုင်သည့် အရေပြားကိုပင် ထိုးဖောက်သွားသည်။ သူက အသိအမှတ်ပြုစွာ ခေါင်းညိတ်လိုက်၏။ ဤသို့သော အခြေအနေမျိုးတွင် သူ့စိတ်ခံစားချက်ကို ထိန်းချုပ်ကာ ပြန်လည်တိုက်ခိုက်ဖို့ ခေါင်းအေးအေး ထားရမည်ဖြစ်ကြောင်း သိလေသည်။

ဝမ်ဝူချန်က ဝမ်ဝေ့၏ တုံ့ပြန်မှုကို မြင်တွေ့ပြီးသည့်နောက်တွင် ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ ထို့နောက် အဖြူရောင်မီးတောက်တစ်ခုက သူ့အား လွှမ်းခြုံသွားပြီး သူ့အရှိန်အဝါက တိုးမြင့်လာ၏။ သူက တုံ့ဆိုင်းခြင်းမရှိ၊ နောင်တမရှိဘဲ ခန္ဓာကိုယ်၊ ဝိညာဉ်၊ အတွင်းကမ္ဘာနှင့် တာအိုတို့ကို လောင်ကျွမ်းစေလိုက်သည်။

သူ့ဒိုင်းကာက ထိုမဟာဧကရာဇ်များ၏ တတိယမြောက် တိုက်ကွက်ကို ရှင်သန်နိုင်ခဲ့သည်။ ထိုအပြုအမူက ခေါင်းဆောင်းပုံရိပ်ကို မကျေမနပ် ဖြစ်သွားစေ၏။ သူက သူတို့အချိန်ကြာကြာဆွဲလေလေ ကံကြမ္မာလွှမ်းမိုးရေး ဧကရာဇ်အတွက် အသက်ရှင်နိုင်ချေ မြင့်မားလေလေဖြစ်ကြောင်း သိလေသည်။

ဝမ်ဝေ့၏ မျက်လုံးထောင့်မှ မျက်ရည်စီးကျလာကာ သူတို့အား လျစ်လျူရှုထားလေ၏။ သူ့စိတ်က အသက်ရှင်နိုင်ချေကို ရှာဖွေဖို့ ဖြစ်နိုင်ချေအားလုံးကို တွက်ချက်နေသည်။ ထိုသို့ အာရုံစိုက်ထားသည့် အခြေအနေမျိုးတွင် သူ့နေရာဆီ အပြေးအလွှားလာနေသည့် ရင်းနှီးသော စွမ်းအားတချို့ကို ခံစားမိလိုက်၍ ဂိုဏ်းက သူ့ကို လာရောက်ကယ်ဆယ်ပြီဖြစ်ကြောင်း သိလိုက်၏။

သို့သော်လည်း သူ့တွက်ချက်မှုအရ သူတို့သည် အချိန်မီ မရောက်နိုင်ကြောင်း ညွှန်ပြနေသည်။ အသက်ရှင်ဖို့ရာအတွက် နောက်အဆင့်က သူ့ခန္ဓာကိုယ်ကို စွန့်ပယ်ကာ ဝိညာဉ်သံကြိုးများကို ဖယ်ရှားပစ်လိုက်ဖို့ ဖြစ်သည်။ အသင်္ချေဝါးမျိုသူ အခြေအနေကို ဝင်ရောက်ခြင်းဖြင့် သူသည် အသက်ရှင်နိုင်ချေရှိလာနိုင်သည်။

ကံဆိုးစွာဖြင့် သူ ထိုသို့ကြိုးစားသည့်အခါ အစီအစဉ်က ကျရှုံးသွားရသည်။ သူ့အနေဖြင့် ကျရှုံးမှုအရင်းအမြစ်ကို ရှာတွေ့ဖို့ အချိန်သိပ်မလိုလိုက်ပေ။ ခေါင်းဆောင်းပုံရိပ်၏ အထက်တွင် မျောလွင့်နေသည့် မီးအိမ်ကြောင့် ဖြစ်၏။

ဝမ်ဝေ့က ဘိုးဘေးဝမ်ဝူချန် အမှုန်အဖြစ် ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း ဒေါသ၊ အမုန်းတရား၊ ဝမ်းနည်းမှုနှင့် စိတ်ပျက်မှုတို့က သူ့စိတ်ထဲ ပြည့်နှက်လာသည်။ သို့သော်လည်း သူက စိတ်စွမ်းအားဖြင့် ထိန်းချုပ်ကာ တည်တည်ငြိမ်ငြိမ် ထားရှိ၏။

သူ့ဝိညာဉ်သံကြိုးကို ဖွင့်လှစ်ဖို့ ကျရှုံးသွားမှုက သူ့အကြောင်းကို ကောင်းကောင်းသိနေသည့် ရန်သူနှင့် ရင်ဆိုင်နေရကြောင်း ညွှန်ပြနေသည်။ ထို့ကြောင့် သူ့အနေဖြင့် အသက်ရှင်သန်ဖို့ နည်းလမ်းကို ရွေးချယ်သည့်အခါ ထိုအရာကိုပါ ထည့်သွင်းစဉ်းစားရမည် ဖြစ်၏။

ဂိုဏ်းမှ လူများ ရောက်ရှိလာမည့်အချိန်ကို ထည့်စဉ်းစားပြီးသည့်နောက်တွင် သူက ဖြေရှင်းနည်းတစ်ခုကို ကောက်ချက်ချလိုက်သည်။ ဝမ်ဝူချန်၏ ခန္ဓာကိုယ် အပြည့်အဝ ပျောက်ကွယ်မသွားခင် သူက သိုလှောင်လက်စွပ်မှ သလင်းကျောက်လုံးတစ်ခုကို ထုတ်ယူကာ အထဲသို့ ဝင်ရောက်လိုက်သည်။

ထိုအချိန်တွင် သူ့ကို ကာကွယ်ထားသည့် အကာအရံက ပျောက်ကွယ်သွားပြီး ဧကရာဇ်၏ တိုက်ကွက်က အာကာပြင်ကို လှုပ်ခါသွားစေသည်။ ထို့နောက် ချက်ချင်းဆိုသလို အဝေးတစ်နေရာမှ ကြောက်မက်ဖွယ် ဓားချက် ထွက်ပေါ်လာပြီး ဒုတိယတန်းစား ဧကရာဇ်သုံးယောက်ကို သတ်ဖြတ်သွားကာ ပထမတန်းစားဧကရာဇ်ထံ ဓားချက် ကျရောက်လာသည်။

နှမြောစရာကောင်းလှသည်က တစ်ယောက်ကိုသာ ရပ်တန့်နိုင်ခဲ့ပြီး ကျန်နှစ်ယောက်က ဝမ်ဝေ့နှင့် ခေါင်းဆောင်းပုံရိပ်နောက်သို့ လိုက်လာကြသည်။

“ ကျစ် ငါ နောက်ကျလွန်းသွားပြီ” ဓားအရှင်က လက်ထဲတွင် ဓားကို ကိုင်ထားရင်း ရေရွတ်လိုက်သည်။ သူမက ထိုသူများ ကူးသန်းပြောင်းသွားသည့် အာကာပြင်ကို အာရုံခံဖို့ ကြိုးစားလိုက်သော်လည်း နှောင့်ယှက်ခံထားရကာ သဲလွန်စကို ရှာမတွေ့ပေ။

စက္ကန့်ပိုင်းပင် မကြာသေးခင် မူလအရှင်နှင့် တခြားသူများ ရောက်ရှိလာကြသည်။

“ ကောင်လေးက ဘယ်မှာလဲ” သူက မေးလိုက်၏။

“ ကျွန်မ မသိဘူး” သူမက အံကြိတ်ကာ ပြောလိုက်၏။

“ ငါ့ရဲ့ တွက်ချက်ထားမှုတွေအရတော့ သူက အသက်ရှင်နေသေးတယ်။ ဒါပေမဲ့ အန္တရာယ်က မကျော်လွန်သေးဘူး” အထွေထွေသောင်းပြောင်းက ပြောလိုက်သည်။

“ သူ ဘယ်မှာလဲဆိုတာ တွက်ချက်လို့ရလား”

“ ကြိုးစားကြည့်လိုက်မယ်”

“ အဲဒီအချိန်မှာ ဒီအမှိုက်တွေကို ဖြေရှင်းကြတာပေါ့” ဓားအရှင်က ပြောလိုက်သည် “ အနည်းဆုံးတော့ ကောင်လေး တစ်ခုဖြစ်သွားခဲ့ရင် ငါတို့တွေ လက်စားချေပေးလို့ ရတာပေါ့”

တခြားသော မဟာဧကရာဇ်များက ထိုလူအုပ်စုကို မြင်တွေ့သည့်အခါ ကြောက်ရွံ့လာ၏။ သူတို့က ချက်ချင်းဆိုသလို ထွက်ပြေးလိုကြသည်။ ပြောရလျှင် ခေါင်းဆောင်းပုံရိပ်က သူတို့ ကျင့်ကြံရေးခရီးစဉ်အတွက် အကျိုးအမြတ်ဖြစ်စေမည့် တန်ကြေးကြီးကြီးဖြင့် ခန့်အပ်ထားရုံမျှသာ ဖြစ်၏။ သို့သော်လည်း နောက်ဆုံးဆုလာဘ်ကို မရရှိခင် သူတို့သေဆုံးသွားခဲ့လျှင် မထိုက်တန်တော့ပေ။

ကံဆိုးစွာဖြင့် သူတို့ မလှုပ်ရှားခင် ဧရာမ အရိပ်ကမ္ဘာတစ်ခုက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး သူတို့ကို ထွက်ပြေးခြင်းမှ တားဆီးထားသည်။ ထို့နောက် အရိပ်(၁)နှင့် အရိပ်(၂)တို့က သူတို့၏ သားကောင်ကို အန္တရာယ်များသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်ကြသည်။ သူတို့က အရိပ်နှင့် တစ်သားတည်း ဖြစ်သွားပြီး တစ်ဖက်လူ၏ မမြင်ကွယ်ရာနေရာမှ စတင်တိုက်ခိုက်ကြသည်။

ဓားအရှင်မှလွဲ၍ တခြားသူများက တိုက်ပွဲတွင် ဝင်ရောက်မပါဝင်ကြပေ။ ကျန်ရှိနေသည့်သူများက ဒုတိယတန်းစားနှင့် တတိယတန်းစား ဧကရာဇ်များသာဖြစ်၍ ဓားအရှင်တစ်ယောက်တည်းဖြင့် အားလုံးကို သတ်ဖြတ်ဖို့ လုံလောက်နေလေပြီ။ ထို့အပြင် အရိပ်၂ယောက်၏ တည်ရှိမှုလည်း ရှိနေသေး၏။

ထိုအစား သူတို့က အထွေထွေသောင်းပြောင်း၏ ဂမ္ဘီရတွက်ချက်မှုကို စောင့်ဆိုင်းနေပြီး ကောင်လေးသည် သူတို့ အချိန်မီ ရောက်မည့်အချိန်အထိ တောင့်ခံထားနိုင်ဖို့သာ မျှော်လင့်နေကြသည်။

“ ဘယ်လောက်ကြာဦးမှာလဲ” ဓားအရှင်က တိုက်ပွဲအပြီး သူမ၏ ဓားမှ သွေးများကို သုတ်လိုက်ပြီး မေးလိုက်သည်။

“ ငါ့ရဲ့ တွက်ချက်မှုကို တစ်စုံတစ်ခုက နှောင့်ယှက်နေတယ်”

ဘန်း

အာကာပြင်က တွန့်ချိုးသွားကာ တစ်စုံတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာကို မြင်တွေ့လိုက်သည်နှင့် အားလုံး၏ အမူအရာက ပြောင်းလဲသွားကြသည်။

All Chapters