ရက်စက်မှု
Vol. 4 Ch. 31
မြူတွေထဲမှာ အချိန်ကုန်လာတာနဲ့အမျှ မက်ဒါနာအတွက် အခြေအနေဆိုးဝါးလာတယ်။ ပထမဆုံး ပြဿနာအနေနဲ့ စေဘာစတိန်းရဲ့ကျည်ဆန်တွေ ကုန်တော့မယ်။
ဒါက တကယ့်လောကကြီးတစ်ခုဖြစ်တာကြောင့် ရုပ်ရှင်တွေထဲကလိုမျိုး ဇာတ်လိုက်ဟီးရိုးမှာ မကုန်နိုင်တဲ့ကျည်တွေ ရှိနေတာမျိုးမဟုတ်ဘူးလေ။ စေဘာစတိန်းက သာမန်လူသားတစ်ယောက်ထက် ကျည်ပိုအများကြီးသယ်နိုင်ပေမဲ့ များပြားလွန်းတဲ့ အရေအတွက်ရှိနေတဲ့ အရိုးမျက်နှာတွေကို မေ့ထားလို့မရနိုင်ဘူး။
မက်ဒါနာက ကျည်ကိုခြွေတာပစ်ရင်း အရိုးမျက်နှာတစ်အုပ်ကို ဓားပြားကြီးလွှဲကာ ရိုက်ထုတ်ပစ်လိုက်တယ်။
"ဒီပုံစံအတိုင်းသာဆိုရင် ငါတော့သေတော့မှာပဲ။" ကျည်က တဖြည်းဖြည်းနဲ့ နည်းလာနေပြီ။ ဟာရီကိန်းအကွက်ကို ထပ်သုံးလို့ရသေးပေမဲ့ အရိုးမျက်နှာတွေရဲ့အရင်းအမြစ်ဖြစ်တဲ့ မြူနယ်မြေကိုသာ အဖြေမရှာနိုင်ရင် သူ့ချပ်ဝတ်က ကျည်မကုန်ခင် စွမ်းအင်အရင်ကုန်သွားပါလိမ့်မယ်။
ငွေရောင်စစ်သည်က အရိုးမျက်နှာတစ်အုပ်ရဲ့ရင်ဝမှာ စိုက်ဝင်နေတဲ့ ဓားကိုပြန်ဆွဲထုတ်ရင်း ပိုပြီးမြန်မြန်ပျံသန်းလိုက်တယ်။ ရုတ်တရက် မြူထဲက အလင်းတစ်ချက်လက်လာပြီး ဆူးချွန်တစ်ခုက ငွေရောင်စစ်သည်ရဲ့ပခုံးသံချပ်ကာကို ဖောက်ဝင်သွားတယ်။
ပန်းထွက်လာတဲ့သွေးတွေကြောင့် မက်ဒါနာလည်း မျက်လုံးပြူးသွားပါပြီ။ "ဘာ... ဇက်သတ္တုကို ဖောက်နိုင်တယ်။"
ဒဏ်ရာကြောင့် နှေးကျသွားတဲ့အချိန်မှာ အရိုးမျက်နှာတွေက သူ့ကိုလိုက်မီလာပြန်တယ်။ စေဘာစတိန်းက အကောင်းဆုံးခံပစ်ပေးနေပေမဲ့ နောက်ဆုံးမှာ ကျည်ကုန်သွားပြီး ငွေရောင်စစ်သည်ကိုယ်တိုင်ကလည်း ဒဏ်ရာကြောင့် အားအပြည့်မတိုက်နိုင်တော့ဘူး။
နောက်တော့ ဆယ်နဲ့ချီတဲ့အရိုးမျက်နှာတွေက သူတို့ရဲ့သန်မာပြီးမီးခိုးရောင်သန်းနေတဲ့ အရိုးပေါ်အရေတင်လက်ကြီးတွေနဲ့ သူ့ကိုလှုပ်မရအောင် ချုပ်ထားလိုက်တယ်။ တဖြည်းဖြည်းနဲ့အရိုးမျက်နှာတွေက ငွေရောင်စစ်သည်ကို ဖုံးလွှမ်းသွားပြီး နောက်ဆုံးမှာတော့ တစ်လက်မမကျန် လွှမ်းမိုးခံလိုက်ရတယ်။
...
အခြားတစ်ဖက်မှာတော့ ဥစာကီက ဧရာမကြီးမားလှတဲ့ ရေဘဝဲကြီးသုံးကောင်ရဲ့အလည်မှာ ရပ်နေလိုက်တယ်။ သူက ဘာမှမဖြစ်တဲ့အလား မျက်လုံးကိုမှိတ်ထားပြီး ပြန်ဖွင့်လိုက်ချိန်မှာတော့ ငွေဓားအလင်းက ပတ်ဝန်းကျင်ကို ပင့်ကူအိမ်တစ်ခုအလား ပြန့်နှံသွားတယ်။ နောက်တော့ မြူရေဘဝဲသုံးကောင်လုံး ပူဖောင်းတွေလိုမျိုး ပေါက်ထွက်သွားပြီး မြူတွေအဖြစ် ပြောင်းလဲသွားတယ်။
"အုပ်စုလိုက်ကို ယှဥ်ချတဲ့နေရာမှာ တော်တဲ့လူတွေကို အကောင်ကြီးနဲ့ပေးတွေ့တယ်။ အကောင်ကြီးနဲ့ ယှဥ်ချတဲ့နေရာမှာတော်တဲ့လူတွေကို အုပ်စုလိုက် ယှဥ်ချခိုင်းတယ်။"
နောက်ထပ် ပြေးလာနေသေးတဲ့ အရိုးမျက်နှာတွေကိုကြည့်ရင်း ဥစာကီက ပြုံးလိုက်တယ်။ "နင်တို့ဗျူဟာက ဒီလိုလား။ ဒီအကွက်နဲ့ဆိုရင်ရော..."
ဥစာကီက လေပေါ်မှာကိုယ်ကိုလှည့်လိုက်ပြီး ဓားသွားကို စက်ဝိုင်းသဏ္ဍာန်စလှည့်တယ်။ အဝေးကနေကြည့်မယ်ဆိုရင် သူ့ဓားသွားက လှည့်ပတ်နေတဲ့ လခြမ်းလေးလိုမျိုး ထင်ရပါတယ်။
"တောင်ဖြိုဓားသိုင်း: နတ်သမီးကကြိုး..."
ဥစာကီရဲ့ဘေးပတ်ပတ်လည်မှာရှိနေတဲ့ မြူမှုန်မြူခိုးတွေနဲ့အရာအားလုံး ဓားသွားနဲ့လူကို ဗဟိုပြုပြီးစတင်ကခုန်တယ်။ ဒီသိုင်းပညာက ဖျက်အားမပြင်းဘဲ နူးညံ့သိမ်မွေ့ပေမဲ့ အကနတ်သမီး အာမဲနိုဥဇုမဲ ဒဏ္ဍာရီထဲကလို အရာအားလုံးကိုဖမ်းစားနိုင်စွမ်းရှိတဲ့ အကအလှမျိုးပါ။
လှပလွန်းတဲ့ ဓားနဲ့လူရဲ့ကကြိုးကကွက်တွေကြောင့် ပြေးလာနေတဲ့ အရိုးမျက်နှာအုပ်ကြီး ရုတ်တရက်ရပ်တန့်သွားကာ ဥစာကီကိုသာ လုံးဝမျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိကြတယ်။
ငရဲဂူဝထဲမှာ ပုန်းဝင်နေတဲ့ နေနတ်သမီးကို ပြန်ထွက်လာအောင် ဖျားယောင်းဖို့၊ အမှောင်အတိကျပြီး မဲမှောင်နေတဲ့ ကမ္ဘာကြီးမှာအလင်းရောင်ပြန်ပေါ်လာဖို့အတွက် ကခုန်ခဲ့တဲ့ နတ်သမီးရဲ့အကအလှပါ။ နတ်ဘုရားတွေတောင် သူ့အကရဲ့ညို့ယူနိုင်စွမ်းကို မဆန့်ကျင်နိုင်မှတော့ ဦးနောက်မရှိတဲ့ အရိုးမျက်နှာတွေအတွက် ဆန့်ကျင်နိုင်စရာဘာအကြောင်းမှမရှိဘူး။
ဒါပေမဲ့ ယာမာဂုချီတွေရဲ့ဓားသိုင်းကြောင့်ဖြစ်လာတဲ့ဓားအကဟာ လှပပေမဲ့ ဓားသွားပေါ်တင်ထားတဲ့ ချိုမြမြပျားရည်တစ်စက်ပါပဲ။ ဥစာကီက သူ့ကကွက်ကြောင့် မလှုပ်ရှားနိုင်ဖြစ်နေတဲ့ အရိုးမျက်နှာတွေကို တစ်ကောင်ချင်းစီ ခုတ်ပိုင်းတိုက်ခိုက်နေတယ်။
ဒါပေမဲ့ ကကွက်ဟာ လှလွန်းလို့ အရိုးမျက်နှာတွေဟာ ဘာကိုမှမစဥ်းစားမတုံ့ပြန်နိုင်ကြဘူး။ ထပ်လာကြတဲ့ မြူရေဘဝဲတွေအတွက်လည်း အတူတူပါပဲ။
ကခုန်နေရင်း အချိန်ဘယ်လောက်ကြာသွားမှန်းမသိတဲ့အချိန်မှ ဥစာကီက ဓားသွားအကကို ရပ်လိုက်တယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ချွေးတွေနဲ့စိုရွဲနေပြီး သူရောက်နေတဲ့ ဒိုင်မေးရှင်းထဲက ပင်လယ်ရေပြင်မှာတော့ အရိုးမျက်နှာအစစ်တွေရဲ့အလောင်းတွေ ပေါ်လောမျောပါနေပါတယ်။
ဥစာကီက အသက်ကို ဝဝရှူလိုက်တယ်။ ဒီတိုက်ပွဲကမပြီးနိုင်သေးဘူး။ ထင်ထားတာထက် ပိုသန်မာနေတဲ့ ရန်သူတွေကိုရှင်းဖို့အတွက် ဒေါက်တာမြူမှာ တခြားဗျူဟာတွေ ရှိနေလိမ့်ဦးမယ်။
ထင်ထားတဲ့အတိုင်း သိပ်မကြာခင်မှာပဲ မြူတွေထဲကနေ ထိုးထွက်လာတဲ့ စစ်သင်္ဘောတွေကို ဥစာကီ စမြင်ရတယ်။
"ဂုဏ်ယူပါတယ်၊ မင်းက ငါထင်ထားတာထက် ပိုသန်မာတာပဲ။ ဒီတော့ အထူးပြုလုပ်ထားတဲ့ ဖြေရှင်းနည်းတစ်ခုနဲ့ ဖြေရှင်းတာပေါ့။"
စစ်သင်္ဘောတွေက ဥစာကီကိုစတင်ပြီး အမြောက်တွေနဲ့ပစ်ခတ်ကြတယ်။ ဒါပေမဲ့ ဥစာကီအတွက်က အမြောက်ဆန်တွေဟာ နှေးလွန်းနေပါတယ်။ မက်ဒါနာပေးထားတဲ့ နည်းပညာတောင်ပံတွေက သူ့ကိုပံပိုးပေးထားတယ်လေ။ ဒါကြောင့် သူ့နဂိုအရှိန်နှုန်းထက်ပိုမြန်နေပြီး လေပေါ်မှာ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်တယ်။
ဥစာကီက ဓားကိုတစ်ချက်ဆွဲထုတ်လိုက်တယ်။ ရေနဂါးကြီးတစ်ကောင်က ပင်လယ်ထဲကနေ တက်လာပြီး ဖရီးဂိတ်အမျိုးအစား သင်္ဘောတစ်စီးရဲ့ဝမ်းဗိုက်ကို ထိုးဖောက်ပစ်လိုက်တယ်။ စစ်သင်္ဘောဟာ ချက်ချင်းဆိုသလိုပဲ မြူအဖြစ်ပြောင်းသွားတယ်။ ဘာပဲပြောပြော တစ္ဆေပင်လယ်ဓားပြအဖွဲ့ရဲ့စစ်သင်္ဘောတွေက နိုင်ငံပိုင်သင်္ဘောတွေနဲ့ယှဥ်ရင် အတော်လေးခေတ်နောက်ကျနေပါပြီ။ အစီးရေများပြီး ပစ်ခတ်နိုင်စွမ်း မြင့်မားနေရင်တောင် သူတို့ကိုကာကွယ်ပေးမယ့်လူမရှိရင် ဥစာကီက အလွယ်လေးဖျက်ဆီးပစ်နိုင်တယ်။ ပြီးတော့ အခုသင်္ဘောတွေကလည်း မြူကိုယ်ပွားတွေပါ။
"မဆိုးဘူး၊ တကယ့်ကိုမဆိုးဘူး။" ဒေါက်တာမြူက ပြောလိုက်ပြီး အပျော်စီးသင်္ဘောပေါ်ကနေ ဆင်းလာတယ်။ သူနဲ့အတူ တခြားမြူရေဘဝဲတွေနဲ့နည်းနည်းကွဲနေတဲ့ မြူရေဘဝဲတစ်ကောင်လဲပါတယ်။ မြူရေဘဝဲက ဥစာကီနားကိုနီးလာတာနဲ့ တဖြည်းဖြည်းခရမ်းရောင်ပြောင်းသွားတယ်။
"ဪ... ရှင်က ရှင့်ရေဘဝဲကို မြူတန့်စွမ်းအားမြှင့်ဆေးထိုးပေးထားတာလား။ ဒီတစ်ကောင်ကတော့ အစစ်ဖြစ်ပုံပဲ။ ကျွန်မရှင့်ကောင်လေးကို သတ်ပစ်လိုက်မှာ မကြောက်ဘူးလား။"
"အရင်ဆုံး သူ့စွမ်းအားကို အရင်စမ်းကြည့်စမ်းပါဦး။" ဒေါက်တာမြူက ပြောလိုက်ပြီး ရေဘဝဲရဲ့ခေါင်းပေါ်ကိုတက်လိုက်တယ်။ ဆေးကြောင့်ခရမ်းရောင်ဖြစ်နေတဲ့ ရေဘဝဲကလည်း သူ့လက်တံကြီးနဲ့ ဥစာကီကို လှမ်းရိုက်တယ်။
တခြားရေဘဝဲတွေလိုပဲ လက်တံတွေကို လွယ်လွယ်နဲ့ ဖြတ်ပစ်နိုင်မယ်လို့ ဥစာကီထင်ပြီး ဓားကိုမြှောက်လိုက်ပေမဲ့ အထင်မှားသွားတယ်။ သူ့ဓားသွားက ရေဘဝဲရဲ့လက်တံကို မဖြတ်လိုက်နိုင်ဘူး။ အဲဒီအစား လက်တံက သူ့ခန္ဓာကိုယ်ပေါ်ကို တည့်တည့်ကြီးကျလာတယ်။
"သေစမ်း..." ဥစာကီ မျက်လုံးပြူးသွားတယ်။ နောက်တစ်ခဏနေတော့ သူ့ခန္ဓာကိုယ်က အတော်ဝေးဝေးအထိလွင့်သွားပြီး ပင်လယ်ရေမျက်နှာပြင်နဲ့ရိုက်မိတယ်။ ကျောက်တုံးလေးတစ်တုံးကို ရေပေါ်မှာရှပ်ပြေးအောင် ပစ်ခံလိုက်ရသလိုပဲ ဥစာကီက ပင်လယ်ရေပြင်ပေါ်မှာ ရုပ်ပျက်ဆင်းပျက် မီတာနှစ်ဆယ်လောက်အထိ တရွတ်တိုက်ဆွဲပါသွားတာ။ သူဟန်ချက်ကို ပြန်ထိန်းလိုက်နိုင်ပေမဲ့ ဒဏ်ရာတချို့ရထားပြီးဖြစ်နေပြီ။ ဥပမာအနေနဲ့ သူ့နံရိုးတချို့ကျိုးသွားတယ်။
"ဒီကောင်က ယုံကြည်ချက်အပြည့်ရှိနေတာ အံ့ဩစရာတော့ မဟုတ်ဘူးပဲ။" ဥစာကီက လေပေါ်ပြန်တက်ရင်း အံ့ကြိတ်လိုက်တယ်။
ဒေါက်တာမြူရဲ့ကိုယ်ပွားကတော့ အဲဒီမြင်ကွင်းကို ရယ်မောရင်းကြည့်နေတယ်။ "နောက်တစ်ခါဆိုရင်တော့ မင်းသုံးနေတဲ့ အတောင်ပံကို ဖျက်ချပစ်မယ်။"
ဒေါက်တာမြူက ပြောပြောဆိုဆိုနဲ့ မြူရေဘဝဲကို ရှေ့ဆက်တက်ခိုင်းတယ်။ မြူရေဘဝဲက ပင်လယ်ရေထဲမှာ ဆက်တိုက်မြန်မြန်ဆန်ဆန်ကူးရင်း ဥစာကီနားကိုကပ်လာတယ်။ ဥစာကီကလည်း ကြုံးဝါးလိုက်ရင်း အရိပ်ချိန်းကြိုးတွေကို ပြန်ဆင့်ခေါ်တယ်။
လူသားနဲ့မြူတန့်သားရဲတစ်ကောင်ရဲ့တိုက်ပွဲမှာ သားရဲတွေက အသာရနေကျပါ။ ဒါပေမဲ့ ဥစာကီကတော့ လက်လျှော့အရှုံးပေးမှာမဟုတ်ဘူး။
...
တကယ့်ဒေါက်တာမြူအစစ်ကတော့ ဂုဏ်ယူစွာနဲ့ သူ့ရှေ့က မြင်ကွင်းကိုကြည့်နေတယ်။ အနက်ရောင်ကျစ်ဆံမြီးဆံပင်အရှည်နဲ့ နှုတ်ခမ်းအထက်နားမှာ မဲ့ရှိတဲ့ မိန်းကလေးကို သူဖမ်းမိခဲ့ပြီ။
နောက်ဆုံးတော့ မြူတန့်သိပ္ပံရဲ့သစ္စာဖောက်ဟာ သူ့လက်ထဲ ရောက်လာခဲ့ပြီလေ။
"စကော်ပီယို၊ နောက်ဆုံးတော့လည်း မင်းက ငါ့လက်ထဲ ရောက်လာတာပါပဲ။ ဒီကိုမလာဘဲ ထွက်ပြေးနေခဲ့ရင် ခဏလောက်လွတ်နေဦးမယ့်ဟာကို။"
လောလောဆယ်အချိန်အထိ မြူတန့်သိပ္ပံက သူတို့အဖွဲ့ကို စွန့်ပစ်ထွက်ခွာသွားတဲ့ အဖွဲ့ဝင်တွေအပေါ်မှာ ဘာအရေးယူတာမျိုးမှမရှိသေးဘူး။ ဥပမာအနေနဲ့ ဆုဗာနာတိုက်ပွဲမှာ ထွက်ပြေးသွားတဲ့ လူလုပ်မြူတန့်တချို့ရှိတယ်။ အခုထိ မြူတန့်သိပ္ပံက သူတို့တွေကို ပြေးခွင့်ပေးထားတုန်းပါ။
အကြောင်းကတော့... "ငါတို့မှာ အောင်မြင်အောင်လုပ်ရမယ့် ရည်ရွယ်ချက်ကြီးရှိနေလို့ မင်းတို့တွေကို ဆက်ပြီးအသက်ရှင်ခွင့်ပေးထားတာ။ ကမ္ဘာကြီးကို အုပ်စိုးနိုင်ပြီးမှ မင်းတို့တွေကို တစ်ယောက်ချင်းလိုက်အပြစ်ပေးဖို့ ငါတို့ဆုံးဖြတ်ထားတာ။ မင်းကတော့ ကိုယ်တိုင်လာပြီး အသေခံခဲ့တယ်လေ။"
ဒိုင်မေးရှင်းတစ်ခုထဲမှာတော့ စကော်ပီယိုကို ဒေါက်တာမြူအစစ်က သူ့ရဲ့ခရမ်းရောင်သန်းနေတဲ့ ရေဘဝဲရဲ့လက်တွေနဲ့ ချုပ်နှောင်ထားတယ်။
စကော်ပီယိုက ဒေါက်တာမြူကို မုန်းတီးစွာကြည့်တယ်။ "လူလုပ်မြူတန့်တွေလည်း သူ့အသက်သူပိုင်တယ်ဟဲ့။ နင်တို့အတွက် ငါတို့မှာ တိုက်ပေးစရာ ဘာအကြောင်းပြချက်မှမရှိဘူး။"
စကော်ပီယိုက လူလုပ်မြူတန့်အချို့ကို ဦးဆောင်ပြီးထွက်ပြေးလာခဲ့သူပါ။ လီဆာကလည်း သူဦးဆောင်ပြီး ခေါ်ထုတ်လာခဲ့တဲ့ ကလေးတွေထဲကပါ။ အများစုကတော့ ထွက်ပြေးလာတဲ့လမ်းမှာ စင်တီသတ်တာခံရပေမဲ့ တချို့ကတော့ အသက်ရှင်နေဆဲပဲ။
စကော်ပီယိုက သူ့ကိုယ်သူဖိအားပေးပြီး ရေဘဝဲလက်ကနေ လွတ်အောင်ကြိုးစားတယ်။ ဒါပေမဲ့ ရေဘဝဲက လက်တံတွေကိုထဲပိုအားဖြည့်ပြီး ဆွဲလိမ်တာကြောင့် စကော်ပီယိုရဲ့လက်ဆစ်တွေ လည်ကုန်ပြီးအဆစ်တွေပြုတ်ထွက်ကုန်တယ်။
"အလကားပဲ၊ မြူရေဘဝဲက နင့်ထက်ပိုအားကြီးတယ်။ နင့်ရဲ့မူလပုံစံပြောင်းရင်တောင် နင့်သူ့ကိုမနိုင်ဘူး။ ဪ... ငါမေ့နေတာပဲ။"
ဒေါက်တာမြူက ရေဘဝဲရဲ့လက်တံပေါ် တက်လိုက်တယ်။ ရေဘဝဲက သူ့ကိုစကော်ပီယိုနဲ့ ပိုနီးအောင် တွန်းပို့ပေးတယ်။ ဒေါက်တာမြူက စကော်ပီယိုရဲ့မေးကို လက်နဲ့ကိုင်လိုက်ပြီး ပြောလာတယ်။
"နင်က ပြီးပြည့်စုံတဲ့ လူလုပ်မြူတန့်မဟုတ်သေးဘူးမဟုတ်လား၊ နင်မူလပုံစံပြောင်းတာများရင် နင့်ရဲ့လူသားဆန်မှုကို ဆုံးရှုံးရလိမ့်မယ်။"
ဒေါက်တာမြူက နှုတ်ခမ်းတက်ချိတ်တဲ့အထိ ပြုံးလိုက်ပြီးတော့ မြူရေဘဝဲကို အမိန့်ပေးလိုက်တယ်။ မြူရေဘဝဲက စကော်ပီယိုကို အဝေးကြီးလှမ်းပစ်ပေါက်လိုက်တယ်။ စကော်ပီယိုရဲ့ခန္ဓာကိုယ်က ပင်လယ်ကမ်းခြေနားက ကျောက်ဆောင်တစ်ခုနဲ့ရိုက်မိသွားပြီး အရိုးကျိုးသံသဲ့သဲ့ ထွက်ပေါ်လာတယ်။
"ဝေါ့...." စကော်ပီယိုတစ်ယောက် လည်ချောင်းထဲကို ထိုးထွက်လာတဲ့သွေးတွေကို အန်ထုတ်ပစ်လိုက်ရပြီ။ သူ့ရင်ဘတ်မှာ သွေးတွေက ရဲရဲနီအောင်စွန်းနေတယ်။
"မင်းကို ဒီအတိုင်းသတ်ရမှာ ပျင်းဖို့ကောင်းတယ်။ ငါမင်းကို အခွင့်အရေးပေးပြီး ပြန်တိုက်ခွင့်ပေးမယ်ဆိုရင်ရော။"
စကော်ပီယိုက သူ့လက်တွေကို ကင်းမြီးကောက်လက်မအဖြစ် ပြောင်းလိုက်တော့ ဒဏ်ရာတွေအတိုင်းအတာတစ်ခုအထိ ပြန်ကောင်းလာတယ်။ လူလုပ်မြူတန့်တွေရဲ့ဒဏ်ရာပြန်ကောင်းနိုင်စွမ်းက သာမန်လူတွေ ယှဥ်နိုင်တဲ့အရာမျိုးမဟုတ်ပါဘူး။
"အခုထိ တွေဝေနေတုန်းပဲလား၊ မင်းကို ငါသိမ်းထားတဲ့ မှတ်တမ်းတချို့ ပြမယ်ဆိုရင်ရော။"
ဒေါက်တာမြူက အထူးပြုလုပ်ထားတဲ့ ပရိုဂျက်တာတစ်ခုထုတ်လိုက်ပြီး မြူတွေထဲမှာပဲ ဗီဒီယိုဖိုင်တစ်ခုကို ဖွင့်ပြတယ်။ ဖိုင်ထဲက ဗီဒီယိုမှာ လီဆာလေးကိုဖမ်းပြီး သူတို့ပြုလုပ်ခဲ့တဲ့ အရက်စက်ဆုံးစမ်းသပ်မှုတွေပါတယ်။ အထူးသဖြင့် ကလေးတစ်ယောက်ရဲ့ချဥ်ဆီတွေကို ဖောက်ထုတ်ပြီးတော့ အတင်းထုတ်ယူတဲ့ မြင်ကွင်းမျိုးပေါ့။
"မကောင်းဆိုးဝါး...." စကော်ပီယိုရဲ့မျက်လုံးတွေက ဒေါသကြောင့်နီမြန်းသွားပြီး မျက်မှောင်ကိုကြုတ်ထားလိုက်တယ်။ အဲဒီနောက် ဝမ်းခေါင်းထဲမှာရှိသမျှလေသံတွေနဲ့ အော်ဟစ်လိုက်တယ်။ အကြေးခွံတချို့က သူ့ခန္ဓာကိုယ်ကို ချပ်ဝတ်ပမာဖုံးအုပ်သွားပြီး ရပ်နေတဲ့ ကျောက်ဆောင်ကနေ ဒေါက်တာမြူကိုခုန်ပြီးတိုက်ဖို့လုပ်တယ်။
ဒေါက်တာမြူစဝင်ပြီး သူ့ကိုရုတ်တရက်တိုက်ကတည်းက သူ့ရဲ့အလင်းဒြပ်စင်တောင်ပံက ပျက်စီးသွားခဲ့ပြီးသား။ ဒေါက်တာမြူကတော့ စကော်ပီယိုရဲ့အခြေအနေကိုကြည့်ရင်း အရူးတစ်ယောက်လိုရယ်မောနေတယ်။
"ဟားဟားဟား.... မင်းရဲ့လူသားအဖြစ်ကနေ ဆုံးရှုံးနေမှုကို နှေးဖို့အတွက် လူအသွင်တစ်ဝက်ပြောင်းတဲ့ပညာကို ပိုအဆင့်မြင့်အောင် လေ့ကျင့်ထားတာလား။ ဒါပေမဲ့ အားနည်းနေတုန်းပဲ။"
စကော်ပီယိုက ဆုဗာနာမှာရှိနေတုန်း အလကားနေခဲ့တာတော့မဟုတ်ဘူး။ စောင့်ရှောက်သူတချို့နဲ့အတူ လေ့ကျင့်ခဲ့သေးတယ်။ နေရာစရာနေရာမရှိတဲ့ စကော်ပီယိုအတွက်က ဆုဗာနာက အိမ်နဲ့တူတဲ့နေရာတစ်ခုပါ။ နယ်စားကြီးကလည်း နောက်ထပ်စောင့်ရှောက်သူတစ်ယောက် ထပ်ရလာနိုင်တဲ့အခွင့်အရေးကို လက်လွတ်ခံစရာမရှိဘူးလေ။
စကော်ပီယိုက အရိပ်နက်တစ်ခုအဖြစ်ပြောင်းသွားပြီး ဒေါက်တာမြူနားကိုရောက်လာတယ်။ အသံမြန်နှုန်းကိုတော့ မမီသေးပေမဲ့ တကယ့်ကိုမြန်ပြီး သာမန်ဟီးရိုးတွေ မလုပ်နိုင်တဲ့အရာပါ။ စကော်ပီယိုက သူ့ရဲ့ကင်းမြီးကောက်ညှပ်နဲ့ ဒေါက်တာမြူရဲ့လည်ပင်းကို ဖြတ်ပစ်ဖို့ကြိုးစားပေမဲ့ ရေဘဝဲလက်တံက သူ့ကိုဘောလုံးပုတ်သလို ပုတ်ထုတ်တယ်။
ဒေါက်တာမြူကတော့ ရေဘဝဲပေါ်မှာ လက်ပိုက်လျက်သားရှိနေသေးပြီး အရူးတစ်ယောက်လိုမျိုး ရယ်မောနေဆဲပါ။
"မင်းရဲ့လက်ရှိတစ်ဝက်အသွင်ပြောင်းပုံစံနဲ့ ငါ့ကိုသတ်ဖို့မဖြစ်နိုင်ဘူးနော်။ အသွင်ပြည့်နဲ့ဆိုရင် အခွင့်အရေးရှိချင်ရှိမှာပေါ့။"
ပြောရရင်တော့ ဒေါက်တာမြူက တမင်သက်သက်ကို ဖိအားပေးနေတာ။ "တကယ်လို့ ငါက မင်းကိုအဲဒီကောင်မလေး လူတွေကိုသတ်နေတဲ့ ဗီဒီယိုတွေပြမယ်ဆိုရင်ရော ဘယ်လိုနေမလဲ။"
"ဘာ...." စကော်ပီယိုရဲ့တုံ့ပြန်မှုကြောင့် ဒေါက်တာမြူက ပိုပြီးပြုံးလိုက်ပြီး နောက်ထပ်ဗီဒီယိုတစ်ခုကို သုံးဖက်မြင်ပရိုဂျက်တာနဲ့ ဆက်ပြတယ်။
အဲဒီဗီဒီယိုက တိုကျိုစမ်းသပ်ခန်းမှာ လီဆာကိုသူတို့စမ်းသပ်နေတုန်းက ပုံတွေပါ။ ဧရာမပုတ်သင်ကြီး ဆာလောင်လာတိုင်းမှာ သုတေသနသမားတွေက သူတို့မှောင်ခိုနည်းနဲ့တင်သွင်းလာတဲ့ ကလေးတွေကို ပုတ်သင်ကြီးရှိနေတဲ့ အခန်းထဲလွတ်ပေးပြီး အဆောအဖြစ်ကျွေးတယ်။
ဒါကြောင့်ပဲ ဒီဗီဒီယိုတွေက အတွေးကနေစောင့်ကြည့်နေတဲ့ မြူတန့်သိပ္ပံမှာရှိနေရတာပေါ့။
"သူက လူ့အသွေးအသားတွေကို အဟာရအနေနဲ့ စားသုံးဖို့အတွက် ကလေးတွေကိုသတ်ပစ်ခဲ့တာ။ ဒါက မင်းကယ်ခဲ့တဲ့ လူလုပ်မြူတန့်တွေအားလုံးရဲ့အနာဂတ်ပဲ။ လီဆာက ပြီးပြည့်စုံလို့ အချိန်တန်ရင် ပြန်ကောင်းလာမှာပဲ။ ဒါပေမဲ့ မင်းကယ်ခဲ့တဲ့ တခြားကလေးတွေကရော။ မင်းတို့အသိစိတ်ကို မင်းတို့ထဲမှာရှိနေတဲ့ အကောင်တွေက ဖြည်းဖြည်းချင်း ဝါးမျိုပြီးအစားထိုးသွားမှာ။"
"အား......" စကော်ပီယိုတစ်ယောက် သည်းမခံနိုင်တော့ဘဲ အသံကျယ်ကြီးနဲ့အော်ဟစ်လိုက်တယ်။ သူ့မျက်လုံးတစ်စုံလုံး သွေးနီရောင်ပြောင်းသွားပြီး အချိုးအစားကျနပြီးလှပတဲ့ခန္ဓာကိုယ်က ရုတ်တရက်ဖောင်းပွလာတယ်။ ကြွက်သွားတွေက တဖြည်းဖြည်းဖောင်းပွတက်လာပြီး အခွံမာတွေအဖြစ်ပြောင်းသွားတဲ့မြင်ကွင်းက တကယ့်ကို မသတီစရာမြင်ကွင်းလို့ပြောရမယ်။ ဒါက လူလုပ်မြူတန့်တွေရဲ့စစ်မှန်တဲ့ အမှန်တရားပါ။
"ပြီးတော့ အဲဒါက မင်းတို့လိုမျိုး သားရဲအဖြစ်ပြောင်းသွားမယ့် လူလုပ်မြူတန့်တွေရဲ့အဆုံးသတ်ပဲ။"
ဒေါက်တာမြူက ကောက်ကျစ်စွာပြုံးလိုက်တယ်။ သူ့ရှေ့မှာ သုံးမီတာလောက်မြင့်တဲ့ ကင်းမြီးကောက်ကြီးရှိနေပေမဲ့ သူနည်းနည်းလေးမှမကြောက်ဘူး။ သူ့ရေဘဝဲက အနည်းဆုံးမီတာငါးဆယ်ရှိတယ်လေ။
မြူရေဘဝဲကြီးက သူ့ရဲ့လက်တံတွေအားလုံးကို ဆန့်ထုတ်လိုက်တယ်။ ပိုပြီးကြမ်းတမ်းလာတော့မှာဖြစ်တဲ့ တိုက်ပွဲအတွက်အသင့်ပြင်ခြင်းပါ။ အဲဒီနောက်တော့ အရိပ်မည်းကြီးတစ်ခုက ရေဘဝဲနဲ့ဒေါက်တာမြူဆီ ပြေးဝင်လာတော့တယ်။
....
တိုက်ပွဲက မကြာခဲ့ဘူး။
သိပ်မကြာခင်မှာပဲ ဒေါက်တာမြူနိုင်သွားပြန်တယ်။ ဧရာမကင်းမြီးကောက်ကြီးက ရေဘဝဲရဲ့လက်ထဲမှာ ကလေးကစားစရာလေးတစ်ခုလိုမျိုး ဖမ်းဆီးခံထားရတယ်။ ဒေါက်တာမြူက ရေဘဝဲလက်ထဲမှာ သနားစရာဖြစ်နေတဲ့ စကော်ပီယိုကိုကြည့်ပြီး ပြုံးလိုက်တယ်။
"ငါတို့က မင်းကိုသာမန်လူတွေမှာမရှိနိုင်တဲ့ ခွန်အားပေးခဲ့တယ်။ ဒီခွန်အားတွေကို ငါတို့မှာပြန်ယူနိုင်စွမ်းရှိတယ်။ မင်းက ငါတို့ကိုသစ္စာဖောက်ခဲ့ပေမဲ့ ငါတို့မှာ သစ္စာမဖောက်နိုင်တဲ့ အဖွဲ့ဝင်တွေရှိနေပြီလေ။"
ဒေါက်တာမြူက ခါးကိုကိုင်းလိုက်တယ်။ သူ့နောက်ကျောက ဇက်ထဲကနေ အရိုးမျက်နှာတွေ အများကြီးထိုးထွက်လာပြီး ကင်းမြီးကောက်ကြီးဆီကို ပြေးသွားကြတယ်။
နောက်တော့ သူတို့သွားတွေလက်သည်းတွေနဲ့ အခွံမာတွေကို စတင်ဖဲ့လှန်ပြီး အသားကိုပါးစပ်နဲ့ကိုက်ကာ သွေးတွေကို ဖောက်သောက်ကြတယ်။
ကင်းမြီးကောက်ကြီးကတော့ သေငယ်ဇောနဲ့ ရုန်းကန်နေပေမဲ့ တဖြည်းဖြည်းအားပျော့လာနေပြီ။ ဒီမြင်ကွင်းကိုသာ တစ်ယောက်ယောက်မြင်လိုက်ရရင် သက်ရှိအပယ်ငရဲတစ်ခုလို့ ထင်မိကြမှာပဲ။
နောက်တစ်ခဏလောက်ကြာတဲ့နောက်တော့ ကင်းခြေများကြီးက တဖြည်းဖြည်းကျုံဝင်သွားပြီး မလှုပ်ရှားတော့တဲ့ မိန်းမလှလေးတစ်ယောက်ရဲ့ပုံစံက ပြန်ပေါ်လာတယ်။ သူ့အသားအရေက လူသေကောင်လိုမျိုး ဖြူဖပ်နေပြီး သွေးတစ်စက်မှရှိတော့တဲ့ပုံမပေါ်ဘူး။ သူ့ဆံပင်တွေကလည်း လုံးဝဖြူဖွေးနေပြီဖြစ်ပြီး လက်သည်းခွံတွေကလည်း ဒီအတိုင်းကြွေကျလာတယ်။ သူ့ခေါင်းက အားအင်ကင်းမဲ့စွာနဲ့ ဘေးကိုစောင်းကျသွားတယ်။
နောက်ဆုံးအနေနဲ့ ဒေါက်တာမြူက တစ်ချက်ပြုံးလိုက်ပြီး ရေဘဝဲကို အမိန့်ပေးလိုက်တယ်။ ရေဘဝဲက သူ့လက်တံတွေကို ရုပ်သိမ်းပေးပြီးတဲ့နောက်တော့ မလှုပ်ရှားတော့တဲ့မိန်းကလေးဟာ ပင်လယ်ရေထဲမှာ ထိုးထွက်နေတဲ့ကျောက်ဆောင်ပေါ် ပုံလျက်သားကျသွားလေရဲ့။