← Chapters

အန်းနပ်စ်

Vol. 4 Ch. 32

အန်းနပ်စ်

Vol. 4 Ch. 32

မြူနယ်မြေထဲမှာ ဖြစ်နေသမျှအဖြစ်အပျက်တွေကို အစည်းအဝေးမစခင် ကွန်ဂရက်ခန်းထဲမှာ ပြသနေတယ်။ ကွန်ဂရပ်ခန်းမက တော်တော်လေးကျယ်ပြီး လူတစ်ထောင်ဆန့် ရုပ်ရှင်ရုံကြီးတစ်ခုစာလောက်ကို ရှိပါတယ်။ ဒါပေမဲ့ မှောင်မည်းနေတဲ့ ဒီခန်းမကြီးထဲမှာ လူငါးဆယ်လောက်ပဲရှိနေပြီး ကျိုးတိုးကျဲတဲခုံတချို့ပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာထိုင်နေကြတယ်။

ဒီနေရာကို တက်ရောက်ခွင့်ရတဲ့သူတွေက ကမ္ဘာအနှံက ထိပ်သီးဗီလိန်တွေပဲဆိုတာတော့ ယုံမှားစရာမရှိဘူး။ ဒီမှာရှိနေတဲ့ လူတိုင်းက အနည်းဆုံး B+ rank မှာရှိနေတဲ့သူတွေချည်းပဲ။

အခုဆိုရင် လူတော်တော်စုံနေပြီလို့ ပြောနိုင်ပြီဖြစ်ပြီးတော့ အဓိကအဖွဲ့ကြီးတွေအားလုံးကိုကိုယ်စားပြုမယ့် ကိုယ်စားလှယ်တွေရောက်နေပါပြီ။ အားလုံးထဲမှာ အထင်ရှားဆုံးကတော့ ဆေးရွက်ကြီးလိပ်ကြီးကိုခဲထားပြီး အဲကွန်းခန်းထဲမှာ မီးခိုးတွေမှုတ်ထုတ်နေတဲ့ ကြေးစားစစ်တပ်က လော့ဒ်မာရှယ်ပါ။

သူက ဗီလိန်တွေကြားထဲမှာ အတော်လေးဩဇာရှိသူလို့ ပြောရပါမယ်။ သူ့စွမ်းအားက မြူတန့်သိပ္ပံရဲ့ရှေ့မှာ ဘာမှမဟုတ်တဲ့ A rank ဆိုပေမဲ့လည်း သူ့နောက်မှာတော့ တိုင်းပြည်တစ်ပြည်ကိုတောင် ပြာချပစ်နိုင်တဲ့ စစ်တပ်ကြီးတစ်ခုရှိနေတာပါ။ မြူတန့်သိပ္ပံတွေက တစ်ယောက်ချင်းအားနဲ့ကြွယ်တဲ့အချိန်မှာတော့ ကြေးစားစစ်တပ်က အဖွဲ့အစည်းအားနဲ့ကြွယ်တယ်။

ဒါကြောင့်လည်း သူတို့ရဲ့အဖွဲ့ကို ကမ္ဘာ့ဒုတိယအင်အားကြီးလို့ သတ်မှတ်ကြတာပေါ့။ သူက ဒေါက်တာမြူတစ်ယောက် ဟီးရိုးတွေကို ဒိုင်မေးရှင်းအခွဲတွေထဲထည့်ပြီး အကြိုက်သိပ်နေတာတွေ့တော့ ဟပ်ဟပ်ပတ်ပတ်ထရယ်တယ်။

"ဟားဟား... ဗီလိန်ကွန်ယက်ထဲဝင်ပြီး ငါတို့ဟန်ဆောင်သွားတာ ဒီကောင်တွေထဲက တစ်ယောက်ယောက်ပဲနေမှာပေါ့။ အခုလိုခံနေရတာကို မြင်နေရတော့ စိတ်ထဲပေါ့သွားတာပဲ။"

ဟီးရိုးအဖွဲ့တွေအနေနဲ့ သူတို့အစည်းအဝေးလုပ်မယ့်တည်နေရာကို သိဖို့ဆိုရင် ဗီလိန်ကွန်ယက်ထဲ ခိုးဝင်မှပဲ ဖြစ်မှာပါ။ အခုတော့ ဟီးရိုးတွေဒီရောက်လာပြီဖြစ်တဲ့အတွက် ခိုးဝင်လာတဲ့ကောင်တွေက အဲဒီအုပ်စုထဲကဆိုတာကို ကြေညာမောင်းခတ်လိုက်သလို ဖြစ်သွားတယ်။

ဧည့်သည်တွေကို ဧည့်ခံဖို့ရောက်နေတဲ့ ဗီးနပ်စ်ကတော့ တခစ်ခစ်ရယ်မောလိုက်ပြီး လော့ဒ်မာရှယ်ရဲ့စကားကို ထောက်ခံလိုက်တယ်။

"သူတို့တွေ မြူနယ်မြေထဲကနေ ထွက်နိုင်ဖို့မျှော်လင့်ချက်မရှိတော့ဘူး။ ထွက်လာနိုင်ရင်တောင်မှ ကျွန်မရဲ့တောအုပ်ကြီးကို ဖြတ်ကျော်ရဦးမယ်။ မြူတန့်သိပ္ပံရဲ့ရှေ့မှာ ဟီးရိုးတွေက လမ်းဘေးခွေးလို အားနည်းလွန်းတယ်။ ရှင်တို့အခုကတည်းက ကျွန်မတို့နဲ့ပူးပေါင်းပြီး ကမ္ဘာကြီးကိုအုပ်ချုပ်ဖို့စဥ်းစားတာ ကောင်းလိမ့်မယ်ထင်တယ်။"

ဒါပေမဲ့ အဲဒီစကားကိုကြားတော့ တခြားသူတွေအားလုံးက လှောင်ပြောင်တဲ့အနေနဲ့ ရယ်မောလိုက်ကြတယ်။ သူတို့အားလုံးက ဒီလောက်အဆင့်ကို အထင်မကြီးကြသေးဘူး။

အနက်ရောင်နင်ဂျာဝတ်စုံဝတ်ထားတဲ့ အရိပ်အဖွဲ့ခေါင်းဆောင်က တမင်လုပ်ယူထားတဲ့ ရှတတအသံနဲ့ ပြောလာတယ်။

"မစ်ဗီးနပ်စ်အနေနဲ့ သိထားဖို့လိုအပ်တာက ကျုပ်တို့ထဲမှာ မြူတန့်သိပ္ပံက အင်အားအကြီးဆုံးပေမဲ့ ကျုပ်တို့တွေလည်း ဒီအဆင့်ခံစစ်ကို ထုတ်ဖော်ဖို့ အခက်အခဲမရှိဘူးဆိုတာ ပြောပါရစေ။ ဗီလိန်မဟာမိတ်ဖွဲ့ဖို့ကိစ္စကို ကျုပ်တို့မနှောင့်နှေးသင့်တော့ဘူးထင်ပေမဲ့ အားလုံးတန်းတူညီမျှ ပူးပေါင်းရေးကိုပဲ ကျုပ်တို့စိတ်ဝင်စားတယ်။ မြူတန့်သိပ္ပံက ကျုပ်တို့ကို အမိန့်ပေးစေခိုင်းနိုင်မယ့် ခေါင်းဆောင်ဖြစ်လာမှာမျိုး မလိုချင်ဘူး။"

ဗီလိန်တွေအကုန်လုံးက ကိုယ်ကျိုးကိုပဲတန်ဖိုးထားတဲ့ ကိုယ့်အတွက်ကိုယ်ပဲ ရပ်တည်ကြတဲ့ လူတွေပါ။ ဒီတော့ သူတို့ကို သူတို့နဲ့ဘဝတူအခြားတစ်ယောက်က ဦးဆောင်တာမျိုး မခံချင်ကြဘူး။

ဒါပေမဲ့ အမေရိကန်နဲ့မဟာမိတ်တွေက ဗီလိန်တွေအပါအဝင် မြူတန့်လူသားတွေကို ချုပ်ချယ်ဖို့ကြိုးစားလာပြီဖြစ်တဲ့အတွက်ကြောင့် မဟာမိတ်ကို မဖြစ်မနေဖွဲ့ရတော့မှာဖြစ်ပြီး ဒါကြောင့်ပဲ သူတို့ဒီနေရာကို ရောက်လာကြတာပါ။

"မဟာမိတ်တစ်ခုမှာ ခေါင်းဆောင်မရှိရင် ဘယ်သူက ငါတို့ကို လေးစားတော့မှာလဲ။ ဗဟိုစုဖွဲ့မှုမရှိတဲ့ အဖွဲ့တစ်ခုက ခေါင်းမပါတဲ့ယင်ကောင်လို ဖြစ်နေမှာပဲ။"

ဒီစကားကို ပြောလိုက်တဲ့သူက ခန်းမထဲကို အသစ်ဝင်လာတဲ့သူပါ။ ဒီလူက သန့်ရှင်းတဲ့ အဖြူရောင်စမ်းသပ်ခန်းဝတ်စုံကိုဝတ်ထားပြီး သူ့နောက်မှာတော့ ကျော်ကြားတဲ့ ကင်းခြေများမိန်းကလေးပါလာတယ်။

ဒီလူက ကမ္ဘာ့နံပါတ်တစ်ဗီလိန်အဖွဲ့အစည်းရဲ့ဦးဆောင်သူ Mad doctorပါ။

"ဒါပေမဲ့ မင်းတို့တွေ ငါ့နောက်လိုက်အောင်လုပ်ဖို့ဆိုရင်လည်း ငါက မင်းတို့အားလုံးကို လွှမ်းမိုးနိုင်တယ်ဆိုတာ ပြဖို့လိုနေသေးပြန်ရော။" Mad doctorက အရူးတစ်ယောက်လိုမျိုး ရယ်မောလိုက်တယ်။

ဒါကြောင့် ကိုယ်စားလှယ်တွေအားလုံးက ခုံကနေထပြီး တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်ကြတယ်။

"Mad doctor... မင်းက ဘာသဘောလဲ၊ ငါတို့ကို အင်အားသုံးပြီး မင်းနောက်လိုက်လုပ်စေချင်တယ်လို့ ပြောလိုက်တာလား။"

ဒီမှာရောက်နေတဲ့လူတွေထဲမှာ တစ်ယောက်မှ အားနည်းတဲ့လူမပါဘူး။ S rank မပါပေမဲ့လည်း ဗီးနပ်စ်နဲ့စင်တီတို့နှစ်ယောက်ကို သူတို့မကြောက်ကြဘူး။ပြီးတော့ Mad doctorက သူ့ရဲ့အတိုက်အခိုက်စွမ်းရည်ကြောင့် ကျော်ကြားတာမဟုတ်ပါဘူး။

ဒါပေမဲ့ Mad doctorကတော့ ခပ်အေးအေးသာ ရယ်မောရင်း ပြောလိုက်ပါတယ်။

"စိတ်အေးအေးထားကြစမ်းပါ၊ ငါမင်းတို့ကို တစ်ခုပြပြီးရင် နားလည်သွားပါလိမ့်မယ်။"

ဖြောင်း... ဖြောင်း... ဖြောင်း....။

Mad doctorက စကားဆုံးတာနဲ့ လက်ခုပ်တီးလိုက်တယ်။ အဲဒီနောက်တော့ ခန်းမကြီးတစ်ခုလုံး မီးတွေနဲ့လင်းထိန်သွားပြီး တစ်နေရာကို စလိုက်မီးတွေက ဝိုင်းထိုးပြတယ်။ ဒါပေမဲ့ အဲဒီမှာ ဘာမှရှိမနေဘူး။

ဗီလိန်တွေအားလုံး အဲဒီကိုပဲ စိတ်ရောက်နေကြတုန်း အပေါ်ကနေ အရိပ်မည်းကြီးတစ်ခု ခုန်ချလာတယ်။ နောက်တော့ အရိပ်မည်းကြီးရောက်လာတဲ့နေရာကို ဗဟိုပြုပြီးတော့ ကျောက်ဆိုင်ကျောက်သားတွေက မြောက်တက်လာတယ်။ ခန်းမကြီးတစ်ခုလုံးလည်း တုန်ခါနေပြီ။

မဟုတ်ဘူး၊ ကျွန်းမကြီးတစ်ခုလုံး တုန်ခါသွားပြီး ပင်လယ်ရေတွေတောင် လှိုင်းထကုန်တယ်။

ဒိုင်မေးရှင်းခွဲတွေထဲမှာရှိနေတဲ့ ဟီးရိုးတွေတောင်မှ အဲဒီတုန်ခါမှုကို ခံစားမိကြတယ်။ ဒေါက်တာမြူကတော့ အဲဒီတုန်ခါမှုကြောင့် အားရပါးရပြုံးလိုက်တယ်။

"စမစ်တော့ သူတို့ကိုယ်သူတို့ကြမ်းတယ်ထင်နေတဲ့ တောသားတစ်သိုက်ကို ဝါးလုံးခေါင်းထဲကနေ ဆွဲထုတ်ပေးနေပြီထင်တယ်။"

...

စစ်သင်္ဘောအစစ်တွေရဲ့လိုက်ဖမ်းခြင်းကို ခံနေရတဲ့ အေမီနဲ့ဒရုန်းဇုန်တို့လည်း အဲဒီတုန်ခါမှုကြီးကြောင့် ထိတ်လန့်ကုန်တယ်။

"မီးတောင်ပေါက်သလောက်ကိုဆိုးတဲ့ တုန်ခါမှုပဲ၊ အပြင်လောကမှာ ကြီးကြီးမားမားတစ်ခုခုဖြစ်နေပြီ။ ငါတို့ရောက်နေတဲ့ ဒိုင်မေးရှင်းအတုတွေတောင်မှ အပြင်ကမ္ဘာက လောကပြောင်းလဲမှုကို လိုက်မမီတဲ့အတွက် glitch တွေထနေပြီ။"

"Glitch.... ဒါက ဆော့ဝဲလ်မှမဟုတ်တာဟဲ့။" ဒရုန်းဇုန်က ပြောပြောဆိုဆိုနဲ့ စစ်သင်္ဘောတွေကနေ သူတို့ဆီပစ်လိုက်တဲ့ တိုက်ချင်းပစ်ဒုံးတစ်ခုကို ဒရုန်းတစ်ခုနဲ့ တားပြီးဖောက်ခွဲပစ်လိုက်တယ်။ လောလောဆယ် သူတို့လည်းအခြေအနေမကောင်းနေဘူး။

အေမီက ဒိုင်မေးရှင်းတွေကို လေ့လာနေတာကြောင့် တိုက်ပွဲကို အပြည့်အဝအာရုံစိုက်မနေနိုင်ဘူး။ ဒရုန်းဇုန်တစ်ယောက်ပဲ ရေတပ်သင်္ဘောတွေကို ခံပစ်နေတာ။

ဒါပေမဲ့ စက်သေနတ်ကျည်တွေ၊ အမြောက်တွေနဲ့ ဒုံးကျည်တွေပါ ပစ်လွှတ်နိုင်တဲ့ ဖရီးဂိတ်ဒါဇင်ဝက်လောက်နဲ့ ရင်ဆိုင်နေရတာဖြစ်တာကြောင့် သူတို့က အောက်စည်းမှာဖြစ်နေပြီး ကျည်ဆန်တွေမထိအောင်ရှောင်ပြေးရုံလောက်ပဲ လုပ်နိုင်ကြတာပါ။

ဒါတောင်မှ ဒရုန်းဇုန်ရဲ့ရာချီတဲ့ မီနီဒရုန်းတွေက တဖြည်းဖြည်းနည်းလာနေပြီ။ အေမီသာ သူ့စွမ်းအားပြည့်ကို အတော်ကြာတဲ့အထိ ထုတ်မသုံးသေးဘဲ ဒိုင်မေးရှင်းတွေကို ဆက်လေ့လာနေဦးမယ်ဆိုရင် နှစ်ယောက်လုံး သေကုန်လိမ့်မယ်။

"ဒီမှာလည်း Glitchတွေရှိတယ်။ ဒိုင်မေးရှင်းမြူတွေက အစစ်အမှန်လောကကိုအခြေခံပြီး ပုံရိပ်ယောင်တွေ ပြန်ထုတ်ပေးတာမလို့ အပြင်လောကမြင်ကွင်းတွေကို အချိန်နဲ့တပြေးညီလိုက်ခြေရာခံပြောင်းလဲပေးနေရတာ။"

"လူနားလည်အောင်ပြောဟ...." ဒရုန်းဇုန်က နောက်ထပ် ဒရုန်းသုံးခုကိုလွှတ်ပြီး သူတို့ကိုဒုံးပျံတွေလာမထိအောင် စတေးလိုက်ရင်း အော်ဟစ်လိုက်တယ်။

"ဆိုလိုတာက မြူနယ်မြေရဲ့နယ်နိမိတ်တွေက ပြင်ပလောကကို ပြီးပြည့်စုံအောင် မကူးယူနိုင်တော့ဘူးဆိုတာပဲ။ အစစ်နဲ့အတုကြားမှာ ကွာခြားချက်ပိုများလာပြီဆိုတော့ အတုအချင်းချင်းမှာလည်း ကွာခြားချက်ပိုများမှာပဲ။ ဒီတော့ ငါတို့မြေပုံကို ပိုပြီးမြန်မြန်ဆွဲလို့ရနိုင်တယ်။"

အေမီက ပြောပြောဆိုဆိုနဲ့ ဒရုန်းဇုန်ရဲ့ခါးကိုဆွဲယူလိုက်တယ်။ ဒရုန်းဇုန်ဘေးနားကနေ အမြောက်ကျည်တစ်ခု ဖြတ်သွားလို့ပါ။ အေမီလှမ်းမဆွဲရင် ဒရုန်းဇုန် သေနေလောက်ပြီ။

"ဒီအနီးအနားဒိုင်မေးရှင်းတွေကို ငါလေ့လာလို့ပြီးသွားပြီ၊ အခုက ပြန်တိုက်စစ်စင်ရမယ့်အချိန်ပဲ။"

အေမီရဲ့လုပ်ရပ်ကြောင့် ဒရုန်းဇုန်ရဲ့ခန္ဓာကိုယ်လေးက အေမီရဲ့ရင်ခွင်ထဲကို စွေ့ခနဲပါလာတယ်။ ဒီရင်ဖိုစရာဖြစ်ရပ်ကြောင့် ဒရုန်းဇုန်လည်း ကြောင်သွားပြီး အေမီရဲ့မျက်နှာလေးကို အကြာကြီးစိုက်ကြည့်မိသွားတယ်။ ပြီးခါမှ ဒေါသထွက်သွားတဲ့လေသံနဲ့ပြောလိုက်တယ်။

"ဒါဆိုရင်လည်း သူတို့ကို သွားတိုက်တော့လေ၊ ငါ့ကို လာမြူဆွယ်နေစရာလား။ ငါက ခေါင်းဆောင်ကိုပဲ သဘောကျတာ။"

"....." နောက်တော့ အေမီလည်း ဒေါသထွက်လာပြီး ဒရုန်းဇုန်ကို သူ့ရင်ခွင်ထဲကနေ ဆွဲခွာပြီးလွင့်ပစ်လိုက်တယ်။ နှစ်ယောက်လုံးက အတောင်ပံတွေနဲ့ပျံနေလို့သာ တော်တော့တယ်။

"ဂါး... ငါကလည်း နင့်ကိုကယ်ရသေးတယ်။ ငါ့ကို အပြစ်လာပြောနေတာလား။ ငါကလည်း နင့်ကိုမကြိုက်ပါဘူးနော်၊ ငါကလည်း မမလေးကိုပဲ တစ်သက်လုံး အလုပ်အကျွေးပြုစုမှာ။"

အေမီကလည်း စကားကိုအဆုံးသတ်လိုက်ပြီး သူ့ရဲ့ဓားပါးလေးနှစ်ချောင်းကို ဆွဲထုတ်လိုက်တယ်။ အဲဒီနောက် အလင်းဒြပ်စင်တောင်ပံကို အားအဖြည့်ဖွင့်ပြီး စစ်သင်္ဘောတွေဘက်ကို ပျံသန်းသွားလိုက်တယ်။

အေမီရဲ့Neon Valkyrie ဝတ်စုံက နည်းပညာဝတ်စုံတွေအားလုံးထဲမှာ အမြန်ဆုံးပါ။ ဒီစစ်လေယာဥ်တွေမှာ လေယာဥ်ပျံပစ်အမြောက်တွေပါပေမဲ့ အေမီရဲ့မြန်နှုန်းကိုတော့ လိုက်မမီကြဘူး။

မကြာခင်မှာပဲ အေမီက စစ်သင်္ဘောအချို့ရဲ့အမြောက်တွေကို ထက်ပိုင်းခြမ်းပစ်ပြီး အလင်းငှက်မွှေးတောင်တွေနဲ့ ဗုံးကျဲချပေးလိုက်တယ်။

ရေတပ်တစ်ခုက ဘယ်လောက်ပဲသန်မာနေပါစေ ရန်သူ့ လေတပ်ကိုရင်ဆိုင်ပေးမယ့် သန်မာတဲ့လေတပ်ကို မပိုင်ဆိုင်ထားရင်တော့ အလကားပါပဲ။ အေမီက အနှိုင်းမဲ့လေတပ်ပါ။ စစ်သင်္ဘောတွေကို ပျံနိုင်တဲ့ အရိုးမျက်နှာတွေက ကာကွယ်ပေးထားပေမဲ့လည်း သူတို့က အေမီအတွက်ဘာမှမဟုတ်ဘူးလေ။

....

နောက်ဆုံးတော့ ဒေါက်တာမြူလည်း သူအထင်သေးထားမိတဲ့ ငွေရောင်စစ်သည်တော်ရဲ့အိမ်ဖော်စက်ရုပ်မလေးရဲ့စွမ်းအားကို သတိထားမိသွားပြီး သူ့ရဲ့မြူရေဘဝဲတွေထဲကတစ်ကောင်ကို လွှတ်ပေးဖို့ဖြစ်လာတယ်။ အကြောင်းကတော့ အေမီက မူရင်းစစ်သင်္ဘောအချို့ကို ဖျက်ဆီးပစ်လိုက်တာကြောင့် တခြားဒိုင်မေးရှင်းအခွဲတွေထဲမှာရှိနေတဲ့ မြူပုံတူစစ်သင်္ဘောတွေမှာ Glitch ထလာလို့ပါ။ မူရင်းမရှိတော့ရင် မိတ္တူတွေအားလုံး ပျောက်ကွယ်သွားရမှာပါ။ ဒါက မြူနယ်မြေရဲ့စစ်မှန်တဲ့ နောက်ထပ်နိယာမပါ။

မကြာခင်မှာပဲ စစ်သင်္ဘောအစစ်တွေ ဒိုင်မေးရှင်းထဲက ထွက်သွားပြီး အေမီတို့အုပ်စုဆီကို ခရမ်းရောင်သန်းနေတဲ့ မြူရေဘဝဲတစ်ကောင်ရောက်လာတယ်။

"ဟားဟားဟား... ဂုဏ်ယူပါတယ်..." မြူကိုယ်ပွား ဒေါက်တာမြူက ခါတိုင်းလိုပဲ ပျင်းစရာစရာတွေပြောနေပေမဲ့ အေမီတို့အုပ်စုကတော့ သူ့ကိုကြောက်မနေဘဲ ပျော်တောင်ပျော်နေသေးတယ်။

"ဝိုး... ဒါကြီးက မြူရေဘဝဲအစစ်ပေါ့။ ငါတို့တော့ ကံကောင်းတာပဲ၊ ဒိုင်မေးရှင်းတစ်ခုဆီလျှောက်သွားပြီး လိုက်ရှာနေစရာမလိုတော့ဘူး။"

အေမီက ဓားနှစ်ချောင်းကို ကြွကြွလေးမရင်း တကယ့်စစ်နတ်သမီးလေးတစ်ယောက်လိုမျိုး မြူရေဘဝဲဆီ ပြေးဝင်သွားလိုက်တယ်။ ဒေါက်တာမြူကိုယ်ပွားလည်း မျက်ခုံးပင့်လိုက်မိတယ်။

ဒီကောင်မလေးက တခြား S rank တွေနဲ့ကွာခြားနေတယ်လို့ သူခံစားရတယ်။ တခြား S rank တွေက သူ့ရဲ့အဆင့်မြှင့်တင်ထားတဲ့ မြူရေဘဝဲတွေကို ရင်ဆိုင်ရခက်နေတာကြောင့် အတတ်နိုင်ဆုံးရှောင်ပြေးဖို့ ကြိးစားနေကြတာဖြစ်ပြီး အေမီတစ်ယောက်သာ ပျော်ပျော်ကြီးပြေးဝင်လာတာဖြစ်ပါတယ်။

"ဒီမြူရေဘဝဲကို တာကိုရာကီလုပ်ပစ်ပြီးရင် မမလေးကို ပြန်ကြွားရမယ်။"လို့တောင် အော်ဟစ်နေသေးတယ်။

"....."

...

ကွန်ဂရပ်ထဲမှာတော့ ဗီလိန်တွေက ခန်းမထဲအသစ်ရောက်လာတဲ့ ဧည့်သည်ကို အာရုံစူးစိုက်ပြီး ကြည့်နေကြတယ်။ မဲပြောင်နေတဲ့ အနက်ရောင်ကျောက်သားလို ကြွက်သားအဖုအထစ်တွေ၊ ကြီးမားလွန်းတဲ့အရွယ်အစား။ ရင်ဘတ်မှာနစ်ဝင်နေတဲ့ ဧရာမသလင်းကျောက်ကြီးနဲ့နဖူးက သလင်းကျောက်ငယ်၊ စတာတွေက မျက်စိဖမ်းစားစရာဖြစ်နေပါတယ်။

"ဒါကြီးက မင်းငါတို့ကိုပြမယ်ဆိုတဲ့ အထူးလက်နက်လား။" လော့ဒ်မာရှယ်က ရှေ့ကိုတက်သွားပြီး စူးစမ်းကြည့်တယ်။

စမစ်ကတော့ ဂုဏ်ယူစွာနဲ့ခေါင်းညိတ်ပြပြီး ရှင်းပြပါတယ်။ "ဒီလက်နက်က ငါတို့မြူတန့်သိပ္ပံက တီထွင်ထားတဲ့ အန်းနပ်စ်ပဲ။ လူလုပ်မြူတန့်တွေရဲ့အထွတ်အထိပ်ရလဒ်လည်းဖြစ်တယ်။"

စမစ်ပြောနေချိန်မှာတော့ လော့ဒ်မာရှယ်က အန်းနပ်ရဲ့ရင်ဘတ်မှာရှိနေတဲ့ သလင်းကျောက်ကို ထိကိုင်ကြည့်တယ်။ ဧရာမသလင်းကျောက်ဆိုတာက ရှားပါးပြီး ကမ္ဘာ့ထိပ်သီးနိုင်ငံတွေရော အဖွဲ့အစည်းတွေပါ မထိတွေ့နိုင်ခဲ့တဲ့အရာပါ။

ဒါပေမဲ့ လုံးဝကြီး မထိတွေ့နိုင်ခဲ့ကြတာတော့မဟုတ်ဘူး။ မြူတန့်ခေတ်အစမှာ ယာမာဂုချီမိသားစုက လူသူမရောက်တဲ့ကျွန်းပေါ်မှာ တင်ကျန်နေရစ်တဲ့ ဧရာမသလင်းကျောက်ကို ရခဲ့ပြီး တစ်မိသားစုတည်းကနေ S rankနှစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

အရင်ရာစုနှစ်တွေကတည်းက ကမ္ဘာမြေပေါ်မှာ ဆန်းကျယ်စွာရှိနေခဲ့တဲ့ သလင်းကျောက်ကြီးကိုပိုင်ဆိုင်ထားတဲ့ ဆုဗာနာတိုင်းပြည်ကလည်း ဇက်သတ္တုထွက်တဲ့ တစ်ခုတည်းသောကမ္ဘာ့နိုင်ငံဖြစ်လာပြီး စွမ်းအားအကြီးဆုံး မြူတန့်သားရဲတွေရဲ့နေအိမ် ဖြစ်လာတယ်။

တတိယမြောက် လူတွေသိထားတဲ့ မဟာသလင်းကျောက်ကြီးကတော့ အလက်စကာရဲ့ရေခဲတောင်တွေကြားထံ နစ်မြုပ်နေခဲ့ပြီး ဗီလိန်ဖရက်က အဲဲဒီက စွမ်းအားတစ်စိတ်တစ်ပိုင်းကို ရရှိလာကာ အဆုံးမရှိတဲ့ ဖြစ်တန်စွမ်းကို ရရှိခဲ့တယ်။

"ဒါက ယာမာဂုချီတွေရဲ့သလင်းကျောက်မဟုတ်လား၊ သူတို့ရဲ့ဓားကမ္ဘာစွမ်းအားအရှိန်အဝါတွေကို ငါခံစားကြည့်လို့ရတယ်။" လော့ဒ်မာရှယ်က ပြောလိုက်တယ်။

"ငါတို့ သူတို့ဆီကနေ အောင်အောင်မြင်မြင်ခဲ့ ခိုးလာနိုင်ခဲ့တာလေ။ အန်းနပ်စ်ကို အဲဒီသလင်းကျောက်ရဲ့စွမ်းအားနဲ့ မောင်းနှင်တယ်။"

အန်းနပ်စ်ကြီးက ဗီလိန်တွေအားလုံးရဲ့ရှေ့မှာ အသက်ရှူပြီးရပ်နေပေမဲ့ လုံးဝသက်မဲ့ပစ္စည်းတစ်ခုလိုမျိူး တည်ငြိမ်နေပါတယ်။ အရိပ်အဖွဲ့ကိုယ်စားလှယ်က မေးလာပြန်တယ်။

"သူ့ရဲ့စွမ်းအားကရော၊ မင်းတို့အဖွဲ့မှာ S rank တစ်ယောက် ထပ်တိုးလာရုံနဲ့တော့ ငါတို့ကိုနာခံအောင်လုပ်ဖို့ မဖြစ်နိုင်သေးဘူး။"

အရင်ကလည်း မြူတန့်သိပ္ပံမှာ အခုထက်ပိုတဲ့ S rank တစ်ယောက်ရှိဖူးပြီး တတိယတည်ထောင်သူ Dr.soulပါ။ အခုDr.soulက ဆိုးလ်တိုက်ပွဲမှာသေပြီဆိုတော့ အခုမြူတန့်သိပ္ပံက တစ်ယောက်လျော့နေတယ်။ ဒါပေမဲ့ အန်းနပ်စ်က အဆင့် S ဆိုရင်တောင် အင်အားမျှခြေက ပုံမှန်အတိုင်းဖြစ်နေဦးမှာဖြစ်ပြီး တခြားဗီလိန်တွေကို နာခံစေဖို့ မလုံလောက်ပါဘူး။

ဒေါက်တာစမစ်က အဲဒီစကားတွေကြောင့် ပြုံးရုံလေးပြုံးလိုက်ပြီး အန်းနပ်စရဲ့နဖူးက သလင်းကျောက်ကို ထိကိုင်လိုက်တယ်။

"အန်းနပ်စ်က S rankတစ်ယောက်လုပ်နိုင်တာထက် အများကြီးပိုလုပ်နိုင်တယ်။ ဒါပေမဲ့ S rank ရဲ့အထက်မှာ ဘယ်သူမှမရှိဖူးတော့ အဲဲဒီအဆင့်ထက်ပိုတဲ့ သတ်မှတ်ချက်ကို ငါတို့မသတ်မှတ်ဖူးဘူး။"

အာကိုင်းဂါမီနဲ့ယာမီတို့က S rank အဆင့်ထက်မြင့်တဲ့ အဆင့်ကိုရောက်ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အစိုးရတွေက ဖိနှိပ်ထားတာမလို့ S rank အထက်မှာ တရားဝင်အဆင့်သတ်မှတ်မှုတစ်ခု ရှိမနေဘူး။

"အာကိုင်းဂါမီနဲ့ယာမီက S rank အထက်ကလူတွေ၊ အာကိုင်းဂါမီကို ထိန်းထားနိုင်ဖို့အတွက် ငါတို့ရဲ့ဒေါက်တာမြူက မြူရေဘဝဲခုနစ်ကောင်ကို သုံးမှဖြစ်နိုင်ခဲ့တယ်။ ဒါကြောင့် S rank အထက်ကလူတွေအဖို့ အဆင့်သတ်မှတ်ချက်သစ်တစ်ခုရှိသင့်တာပေါ့။"

ဗီလိန်အားလုံးက စိတ်ဝင်တစားနဲ့ စနားထောင်လာကြတယ်။ တကယ်လို့ ဗီလိန်တွေကသာ စွမ်းအား အဆင့်သစ်တစ်ခုကို သတ်မှတ်ပေးလိုက်မယ်ဆိုရင် ဘာတွေဖြစ်ကုန်မလဲ။

အစိုးရတွေအစဥ်အဆက် ဖုံးဖိဖို့လုပ်ထားတဲ့ စွမ်းအားအဆင့်က လူကြားထဲရောက်လာတော့မှာပါ။ S rank တွေက မြို့ပြတွေကို အလုံးစုံဖျက်ဆီးနိုင်စွမ်းရှိပေမဲ့ နိုင်ငံတွေရဲ့စစ်တပ်က သူတို့ကိုအမျိုးမျိုးသောလက်နက်တွေနဲ့ အနိုင်ယူနိုင်ကြပါသေးတယ်။ ဒါပေမဲ့ အာကိုင်းဂါမီနဲ့ယာမီတို့က ဘေးအနှောင့်အယှက်တွေမပါရင် နိုင်ငံတစ်ခုစာကို ဖျက်ဆီးနိုင်စွမ်းရှိကြတယ်။

နိုင်ငံတွေကို ဖျက်ဆီးနိုင်တယ်ဆိုတာ နိုင်ငံတွေဟာ အရင်ကလို အထွတ်အထိပ်တည်ရှိမှုမဟုတ်တော့ဘဲ အချိန်မရွေးဖျက်ဆီးခံရနိုင်တယ်ဆိုတဲ့သဘောပါ။ ပြည်သူတွေကို လုံခြုံမှုမပေးနိုင်တော့ဘူးဆိုတဲ့ ပြယုဂ်ပါပဲ။

"ဒါပေမဲ့ ဒီကောင်ကြီးက S rankတွေထက် ပိုသာလွန်တယ်ဆိုတာ မင်းအပြောပဲရှိသေးတာလေ။"

လော့ဒ်မာရှယ်က ဝင်ထောက်လိုက်တယ်။ ကိုယ်တိုင်မြင်တွေ့ဖူးခြင်း မရှိသေးဘဲနဲ့တော့ ဒီဗီလိန်တွေက ယုံကြဦးမှာမဟုတ်မှန်း ဒေါက်တာစမစ်သိပါတယ်။

အရိပ်အဖွဲ့က နင်ဂျာခေါင်းဆောင်ကလည်း ပြောလာတယ်။ "အခုဒီမှာရှိနေတဲ့ ကိုယ်စားလှယ်တွေအားလုံးပေါင်းလိုက်ရင် S rankတစ်ယောက်ကို အသာလေးသတ်နိုင်တယ်။ ငါတို့ဘာလို့ စမ်းမကြည့်ကြတာလဲ။"

ဒီမှာ ကမ္ဘာ့ဗီလိန်အဖွဲ့အစည်းငါးဆယ်က အနည်းဆုံး B+ rankမှာရှိတဲ့ ဗီလိန်ကိုယ်စားလှယ်တွေရှိနေတာ။ ထိပ်ဆုံးအဖွဲ့ကိုးခုက လူတွေက A rank တွေဖြစ်ပြီး ကျန်တဲ့ ၄၁ ယောက်က B+ တွေမလို့ S rank တစ်ယောက်ကို အသာလေးဆိုတာကလည်း အတော်လေးနှိမ်ချရာ ရောက်နေသေးတယ်။ အထူးသဖြင့် လော့ဒ်မာရှယ်ဟာ S rank တစ်ယောက်ကို သိပ်ကြောက်စရာမလိုတဲ့ ခွန်အားမျိုးရှိသူပါ။

တကယ်ဆိုရင် သူတို့က ဒေါက်တာစမစ်၊ စင်တီနဲ့ ဗီးနပ်စ် သုံးယောက်တွဲကိုတောင် အေးအေးဆေးဆေး သရေဖြစ်အောင် ယှဥ်တိုက်နိုင်သေးတယ်။

ဒေါက်တာမြူကတော့ ခပ်စစသာပြုံးလိုက်ပြီး လက်ငါးချောင်းထောင်ပြပြီးပြောတယ်။ "သူ့ရဲ့အင်အား ဆယ်ရာခိုင်နှုန်းနဲ့တောင် မင်းတို့အကုန်လုံးကို ငါးမိနစ်အတွင်း အမှောက်သိပ်နိုင်တယ်။ ၂၅ဆိုရင် မင်းတို့အကုန်သေလိမ့်မယ်။ တကယ်လို့ မင်းတို့ထဲက တစ်ယောက်ယောက်က S rankဆိုရင်တောင် သူ့အနေနဲ့ သုံးဆယ်ရာခိုင်နှုန်းထက် ပိုအားသုံးစရာမလိုဘူး။"

"လုပ်လိုက်လေ... ကြာသလားလို့။" ဗီလိန်တော်တော်များများက အခုလိုအထင်သေးတဲ့လေသံမျိုးနဲ့ ပြောခံရလို့ သဘောမကျကြပေမဲ့ လော့မာရှယ်နဲ့ထိပ်သီးကိုးဖွဲ့ကတော့ အစမ်းတိုက်ကြည့်ဖို့အတွက် အတော်စိတ်လှုပ်ရှားနေကြပါပြီ။

All Chapters