← Chapters

အလှည့်အပြောင်းဖြစ်လာခြင်း

Vol. 4 Ch. 33

အလှည့်အပြောင်းဖြစ်လာခြင်း

Vol. 4 Ch. 33

လက်ရှိအချိန်မှာတော့ ဒိုင်မေးရှင်းအခွဲတွေထဲမှာ ဖြစ်ပွားနေတဲ့ အကြမ်းတမ်းဆုံးတိုက်ပွဲက အာကိုင်းဂါမီနဲ့ မြူရေဘဝဲလေးကောင်ရဲ့တိုက်ပွဲလို့ပြောရမယ်။

မြူရေဘဝဲကိုယ်ပွားတွေက အာကိုင်းဂါမီအပေါ်မှာ နည်းနည်းလေးတောင် အနှောင့်အယှက်မဖြစ်တော့ပါဘူး။ သူ့စွမ်းအားတွေက တိုက်ခိုက်လေ ပိုသန်မာလာလေလေပါပဲ။ ဒါကြောင့် မြူရေဘဝဲအစစ်လေးကောင်က သူ့ကိုလာထိန်းနေရတာ။

ဥစာကီကလည်း မြူရေဘဝဲတစ်ကောင်နဲ့တိုက်နေတယ်၊ အေမီတို့ဆီမှာလည်း မြူရေဘဝဲတစ်ကောင် ပေါ်လာပြီးပြီ။ နောက်ရေဘဝဲတစ်ကောင်ကတော့ ဒေါက်တာမြူနဲ့အတူတူရှိနေတယ်။ ပြောရမယ်ဆိုရင် လက်ကျန်မြူရေဘဝဲခုနစ်ကောင်မှာ တစ်ဝက်ကျော်လောက်က အာကိုင်းဂါမီကို ထိန်းသိမ်းနေရတယ်လို့ ဆိုနိုင်ပါတယ်။

အာကိုင်းဂါမီရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်နေတစ်စင်းလို တောက်လောက်နေတယ်။ သူ့ကျောက ရွှေရောင်အတောင်ပံခြောက်ဖက်ကိုလည်း ထင်းခနဲ မြင်လိုက်တယ်။ အစကတော့ အတောင်ပံနှစ်စုံပဲရှိပေမဲ့ နောက်တစ်စုံက တိုက်ရင်းခိုက်ရင်းနဲ့ ထပ်ထွက်လာတာ။

ပြီးတော့ ဒီဒိုင်မေးရှင်းရဲ့အပူချိန်ကလည်း သာမန်လူတွေအနေနဲ့ ဘယ်လိုမှမခံနိုင်လောက်တဲ့ အပူချိန်မျိုးကို ရောက်နေပြီ။

"ချီးပဲ... ဒီကောင်က ပိုပိုပြီးကြမ်းလာတယ်၊ သူ့မှာ အကန့်အသတ်လုံးဝမရှိတာလား။"

ဒေါက်တာမြူကိုယ်ပွားက ပြောလိုက်တယ်။ ဒေါက်တာမြူရဲ့ကိုယ်ပွားတွေက အစစ်နဲ့အာရုံချင်းချိတ်ဆက်ထားတာဖြစ်လို့ အစစ်ရဲ့အာရုံနဲ့အသိစိတ် တစ်စိတ်တစ်ဒေသကို မျှဝေနိုင်စွမ်းရှိကြပါတယ်။ ဒါကြောင့်လည်း သူတုန်လှုပ်နေတာပါ။

တစ်ချိန်တည်းမှာပဲ အရင်တစ်ခါတိုက်ပွဲတုန်း အရိပ်သခင်သာ သူ့ဖက်က ဝင်မကူပေးခဲ့ရင် ရှူံးမယ့်လူက သူဖြစ်ခဲ့လိမ့်မယ်ဆိုတာ စတွေးမိလာတယ်။ ဒီအနီရောင်နတ်ဘုရားက ပြိုင်ဘက်ကင်းလုနီးပါးအဆင့်မှာပါ။

သူတွေးနေတဲ့အချိန်မှာပဲ အာကိုင်းဂါမီက သူ့လက်ကိုဝေ့ယမ်းပြီး မီးတောက်တွေကို အမိန့်ပေးလိုက်တယ်။ ဆယ်မီတာပတ်လည်အရွယ်ရှိတဲ့ မီးကြာပန်းကြီးနှစ်ပွင့်က သူ့ကိုစတင်လှည့်ပတ်ရင်း အနားမှာရှိနေသမျှ အရိုးမျက်နှာတွေကို ပြာချပစ်လိုက်တယ်။

အရိုးမျက်နှာတွေကိုလည်း ဒေါက်တာမြူက ပွားနိုင်ပါတယ်။ ဒါပေမဲ့ သူပွားနိုင်တဲ့အကန့်အသတ်လည်းရှိတာကြောင့် ဒီနယ်မြေထဲမှာ အရိုးမျက်နှာအစစ်တွေလည်း ရှိနေပြန်တယ်။ ဒါပေမဲ့ အာကိုင်းဂါမီရဲ့အဖျက်စွမ်းအားက မြင့်မားလွန်းတဲ့အတွက်ကြောင့် သူ့မှာရှိနေတဲ့အရေအတွက်က တဖြည်းဖြည်းနည်းလာနေပါပြီ။

"ဒီအတိုင်းသာဆိုရင် နောက်နာရီဝက်အတွင်း ငါသူ့ကိုရှုံးသွားလိမ့်မယ်။" ဒေါက်တာမြူက သူ့ရင်ထဲက စကားကို ထုတ်ပြောလိုက်တယ်။ အာကိုင်းဂါမီကို မိနစ်သုံးဆယ်ထိန်းထားနိုင်တယ်ဆိုတာက လုံးဝကို အထင်သေးလို့မရတဲ့စံချိန်တစ်ခုပါ။ အာကိုင်းဂါမီရဲ့ပြိုင်ဘက်ဆိုလို့ လောကမှာ ယာမီတစ်ယောက်ပဲရှိဖူးသေးပြီး ဘယ်S rankမှ သူ့ကိုမိနစ်အနည်းငယ်ထက်ပိုပြီး မတားဆီးနိုင်ဖူးဘူး။

မြူရေဘဝဲလေးကောင်က သူတို့လက်တံတွေကို ပြိုင်တူမြှောက်လိုက်ပြီး အာကိုင်းဂါမီကို ရိုက်ချဖို့လုပ်တယ်။ ဧရာမမြူရေဘဝဲကြီးတွေရဲ့ရှေ့မှာ အာကိုင်းဂါမီဟာ သေးငယ်လွန်းပါတယ်။ ဒါပေမဲ့ အရွယ်အစားဟာ အစွမ်းထက်မထက်ဆို ဆုံးဖြတ်နိုင်တဲ့ စံနှုန်းတစ်ခုဟုတ်မနေဘူး။

အာကိုင်းဂါမီက သူ့လက်ထဲမှာ မီးတောက်တစ်ခုကို မြန်မြန်ဆန်ဆန်ပဲ ပုံသွင်းလိုက်တယ်။ မီးတောက်က ကာတာနာတစ်လက်အဖြစ်ပြောင်းသွားပြီး ရင်းနှီးနေတဲ့ဓားသိုင်းကို ထုတ်သုံးတယ်။

"တောင်ဖြိုဓားသိုင်း၊ သုံးဆင့်ပိုင်းဖြတ်ခြင်း။"

အာကိုင်းဂါမီက မီးတောက်ဓားနဲ့ လေထုထဲမှာပဲ ဓားချက်သုံးချက်ကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်တယ်။ တောင်ဖြိုဓားသိုင်းက သူ့ရဲ့မူပိုင်သိုင်းဖြစ်ပြီး သူ့ဆီကနေမှ ယာမာဂုချီဘိုးဘေးဆီကို ဆင်းသက်လာတာပါ။ သူ့မှတ်ဉာဏ်တစ်ပိုင်းတစ်စကို ပြန်ရပြီးတဲ့နောက် အားလုံးနီးပါးကို ပြန်အသုံးပြုနိုင်နေပြီ။

မီးလျံဓားချက်တွေကြောင့် ဒေါက်တာမြူလည်း မြူရေဘဝဲတွေကို ပြန်ဆုတ်ခိုင်းတယ်။ ဒီမီးတောက်တွေရဲ့အပူချိန်ကို ဒေါက်တာမြူကောင်းကောင်းသိတာပေါ့။ ဇက်သတ္တုတွေကိုတောင် အရည်ဖျော်ပစ်နိုင်စွမ်းရှိနေပြီမလို့ သူ့ရေဘဝဲတွေ ဘယ်လောက်မာမာ ဒီဒဏ်ကို ခံနိုင်မှာမဟုတ်ဘူး။

"မူရင်းတွေကို ကာကွယ်ကြ။"

အာကိုင်းဂါမီက မြူရေဘဝဲအတုတွေကို ခပ်မြန်မြန်ပဲအမိန့်ပေးပြီး မြူရေဘဝဲအစစ်တွေရဲ့ရှေ့မှာ ပိတ်ရပ်စေတယ်။ ဒါပေမဲ့ မီးတောက်ဓားက မြူရေဘဝဲအတုတွေကို ဘာမှမရှိတဲ့လေလိုမျိုး ခုတ်လှီးပစ်တယ်။

"ပြန်ဆုတ်...." မြူရေဘဝဲလေးကောင်လုံးကို ဒေါက်တာမြူ ပြန်ဆုတ်ခိုင်းတယ်။ ဒါပေမဲ့ သူတို့ထဲက တစ်ကောင်အတွက်ကတော့ နောက်ကျသွားပါပြီ။ မီးတောက်ဓားက အဲဒီတစ်ကောင်ကို ထက်ခြမ်းပိုင်းပစ်လိုက်တယ်။

"မူး......" ရေဘဝဲကြီးက ဗလုံးဗထွေးအော်ဟစ်လိုက်ရင်း တစ်ကိုယ်လုံးကရေဓာတ်တွေ အငွေ့ပြန်ပြီး နောက်ဆုံးမှာတော့ ပြာမှုန်တွေအဖြစ် ပဲ့ကြွေသွားတယ်။

"မဖြစ်နိုင်ဘူး...." ဒေါက်တာမြူ အံ့ဩသွားတယ်။

တစ်ချိန်တည်းမှာပဲ ဒေါက်တာမြူရဲ့မြူနယ်မြေက တစ်စတစ်စကျုံဝင်သွားပြီး တချို့ကိုယ်ပွားတွေလည်း မြူတွေအဖြစ်ပြန်လည်ပြောင်းလဲ ကျုံဝင်သွားတယ်။

"မဖြစ်ဘူး၊ ငါတို့ဒီကနေ ပြန်ဆုတ်မှဖြစ်မယ်။ သင်္ဘောတွေ၊ သူ့ကိုပစ်ပြီး အချိန်ဆွဲထား။"

ဒေါက်တာမြူကိုယ်ပွားက ကျန်နေသေးတဲ့ရေဘဝဲတွေကို ဒိုင်မေးရှင်းတွေအနှံ ခွဲပို့လိုက်ပြီး သူနဲ့စစ်သင်္ဘောတချို့ကတော့ အာကိုင်းဂါမီကိုဆက်ခုခံတယ်။

"မင်းတို့မှာ အခွင့်အရေးမရှိဘူး။" အာကိုင်းဂါမီရဲ့လက်ထဲမှာ မီးတောက်နဲ့ပြုလုပ်ထားတဲ့ လှံတစ်ခု ဖြစ်ပေါ်လာတယ်။ အဲဒီနောက် သူက လက်ကိုမြောက်ပြီး စစ်သင်္ဘောအုပ်စုထဲ ချိန်ပစ်လိုက်တယ်။

ဘုန်း......။

ပေါက်ကွဲသံကြီးတစ်ခုနဲ့အတူ ဒေါက်တာမြူကိုယ်ပွားအပါအဝင် စစ်သင်္ဘောနဲ့ပင်လယ်ရေတွေပါ မြူတွေအဖြစ်ပြောင်းလဲကုန်တယ်။

တစ်ချိန်တည်းမှာပဲ ဒိုင်မေးရှင်းအတုရဲ့နံရံတွေက ပါးလွှာအက်ကွဲကုန်ပြီး အတွင်းထဲကို လှိုက်ပြိုကျလာတယ်။ အာကိုင်းဂါမီ သတိပြန်ဝင်လာတဲ့အချိန်မှာတော့ သူက တခြားဒိုင်မေးရှင်းအတုတစ်ခုထဲကို ရောက်နေပြီဖြစ်ပြီး ဆုဗာနာစောင့်ရှောက်သူနှစ်ဦးရှိနေတဲ့နေရာပါ။

သူတို့က အရိုးမျက်နှာတွေနဲ့နပန်းလုံးနေရင်း အာကိုင်းဂါမီကို မော့ကြည့်လိုက်ကြတယ်။ အာကိုင်းဂါမီကတော့ အဲဒီမြင်ကွင်းကိုကြည့်နေရင်း ခပ်ဟဟသာ ရယ်မောလိုက်ပါတယ်။

"ဒီလိုလား... မြူဒိုင်မေးရှင်းတွေကို အင်အားသုံးဖျက်ဆီးနိုင်တဲ့နည်းလမ်းက အခုထိအလုပ်ဖြစ်သေးတယ်ပေါ့။"

အာကိုင်းဂါမီက သူ့လက်ကိုမြှောက်လိုက်တယ်။ သူ့ခန္ဓာကိုယ်ကထွက်တဲ့ ရွှေရောင်မီးလျှံတွေက နေလုံးလေးတစ်လုံးလို စုဝေးလာပြီး အဲဒီနေအတုနဲ့ ပင်လယ်ရေထဲကို ပစ်ပေါက်လိုက်တယ်။ နောက်တော့....

ဘုန်း.....။

.....

ဖရာလီတာက မြူရေဘဝဲအတုတချို့ကို တစ်ပြိုင်တည်းရင်ဆိုင်ရပြီး အခက်တွေ့နေပေမဲ့ တိုက်ပွဲအတွေ့အကြုံကောင်းတာကြောင့် အခုအထိ ဘာပြဿနာမှမဖြစ်သေးပါဘူး။ သူ့အနေနဲ့ အင်အားကြီးပြိုင်ဖက်တွေကို ရင်ဆိုင်တဲ့နေရာမှာ သိပ်အားမကောင်းပေမဲ့ သူ့ရဲ့လေကြောင်းအားသာမှုကိုသုံးပြီး ရန်သူ့လက်ထဲမကျအောင်တော့ လုပ်နိုင်ပါသေးတယ်။

ရုတ်တရက် သူရှိနေတဲ့ ဒိုင်မေးရှင်းနံရံတွေက အားနည်းသွားပြီး မြူအတားအဆီးတွေလျော့နည်းသွားတာကို သတိထားမိလိုက်တယ်။

"ဟမ်... မြူဒိုင်မေးရှင်းတွေက အားနည်းသွားတာလား။"

....

အယ်လိုဟင်ကတော့ ပန်ဒရာဂွန်သက်တော်စောင့်တချို့နဲ့ ဒိုင်မေးရှင်းတစ်ခုထဲမှာ အတူတူရှိနေတယ်။ ဒီသက်တော်စောင့်တော်တော်များများက လုံလောက်အောင် အင်အားမကောင်းတာကြောင့် အများစုက သေနေနှင့်ပါပြီ။ သူနဲ့ရှိနေကြသူတွေက အားလုံးထဲက အကောင်းဆုံးတွေပါ။ ပြီးတော့ အယ်လိုဟင်က သူတို့ကို ကာကွယ်ပေးထားတယ်။

အယ်လိုဟင်ရဲ့ဝတ်စုံအသစ်ကနေ ငွေဖြူရောင်လျှပ်စီးတွေက တလပ်လပ်တောက်ပတယ်။ အယ်လိုဟင်ဟာ သူတို့အနားကပ်လာသမျှ အရိုးမျက်နှာတွေကို လက်သီးနဲ့ခြေထောက်တွေကိုသုံးပြီး ဖျက်ဆီးပစ်နေပါတယ်။

ကံကောင်းစွာနဲ့ သူတို့အုပ်စုက အားနည်းတဲ့အတွက်ကြောင့် ဒေါက်တာမြူအာရုံစိုက်တာမခံရဘဲ သိပ်အားမကောင်းတဲ့ ရန်သူတွေနဲ့သာ ရင်ဆိုင်နေရပါတယ်။

ရုတ်တရက် အားနည်းလာတဲ့ ဒိုင်မေးရှင်းဘောင်တွေကို သူတို့လည်းသတိထားမိကြတယ်။ ဒိုင်မေးရှင်းတွေက အရွယ်အစားအများကြီးပိုသေးသွားပြီး မြင်ကွင်းမသဲကွဲအောင်လုပ်ထားတဲ့ မြူတွေလည်း သိပ်သည်းမှုနည်းသွားပြီ။

"ကြည့်ရတာ ငါတို့ရဲ့ခေါင်းဆောင်ပိုင်းတွေက ဖောက်ထွက်မှုတစ်ခု လုပ်လိုက်နိုင်ပြီထင်တယ်။ ဒီတော့ ငါတို့လည်း သူတို့စိတ်ပျက်အောင်လုပ်လို့မရဘူး။ အဆုံးထိ အသက်ရှင်အောင် တိုက်ခိုက်ကြ။"

အယ်လိုဟင်က သူခေါင်းဆောင်နေတဲ့အဖွဲ့ကို ပြောလိုက်တယ်။

...

ဥစာကီကလည်း ဒေါက်တာမြူကိုယ်ပွားတစ်ယောက်၊ မြူရေဘဝဲတစ်ကောင်နဲ့ တိုက်ခိုက်နေပေမဲ့ အခုထိ အားမသာသေးပါဘူး။

ဒါပေမဲ့ မြူဒိုင်မေးရှင်းတွေအားနည်းလာတာကို သတိထားမိတော့ သူက ဒေါက်တာမြူကိုကြည့်ပြီး လှောင်ရယ်လိုက်တယ်။

"ကြည့်ရတာ ရှင့်မြူတန့်နယ်မြေက ဒီလောက်ကြီး အင်အားမကြီးသေးပါဘူး။ တစ်ယောက်ယောက်တော့ ရှင့်မြူတန့်သားရဲတစ်ကောင်ကို သတ်လိုက်နိုင်ပြီနဲ့တူတယ်။ ဒီတော့ ကျွန်မလည်း နောက်ကျခံလို့ ဘယ်ဖြစ်မလဲ။"

ဥစာကီက သူ့စွမ်းအားတွေအားလုံးကို ဓားဖျားမှာစုစည်းလိုက်တယ်။ ကျိန်စာစက်ကွင်းက ချက်ချင်းကျုံဝင်သွားပြီး အနက်ရောင်သံကြိုးအရိပ်တွေက ဥစာကီရဲ့ခန္ဓာကိုယ်အရေပြားပေါ်မှာ ထင်းခနဲထွက်လာတယ်။ နတ်ဆိုးသတ်ဓားရဲ့ဓားသွားကလည်း လုံးဝမည်းနက်သွားပြီ။

"ရေဘဝဲတွေမှာ နှလုံးသုံးခုရှိတယ်လို့ ကြားဖူးတယ်။ ဘယ်နှလုံးကို ဖျက်ဆီးပစ်ရင်ကောင်းမလဲ။"

အဲဲဒီနောက်တော့ ဥစာကီရဲ့ခန္ဓာကိုယ်က အရိပ်တစ်ခုအဖြစ်ကိုပြောင်းသွားပြီး ရေဘဝဲရဲ့အထက်မှာပေါ်လာတယ်။ ရေဘဝဲကြီးက ဥစာကီရဲ့ဓားချက်ကို တားဆီးဖို့ ကြိုးစားနေသေးပေမဲ့လည်း အလကားပါပဲ။

နတ်ဆိုးသတ်ဓားက ရေဘဝဲကြီးရဲ့လက်တံတွေကို ဖြတ်ပစ်လိုက်ပြီး ခေါင်းထဲကို တည့်တည့်စိုက်ဝင်သွားတယ်။ နောက်တော့ အနက်ရောင်သံကြိုးရိပ်တွေက ရေဘဝဲရဲ့ခန္ဓာကိုယ်အနှံမှာ တစ်စတစ်စပြန့်နှံသွားပြီး ရေဘဝဲရဲ့မြူတန့်စွမ်းအားတွေဟာ ချုပ်နှောင်ခြင်းခံလိုက်ရတယ်။

ဒီမြူရေဘဝဲက အသတ်မခံရသေးပေမဲ့ သေသွားတာနဲ့ အတူတူပါပဲ။ ဥစာကီအနေနဲ့ သူ့ရဲ့ချိပ်ပိတ်စည်းကို ပြန်ဖြုတ်မပေးမချင်း စွမ်းအားသုံးနိုင်တော့မှာမဟုတ်ဘဲ နဂိုဖြန့်ကျက်ထားတဲ့ မြူနယ်မြေစွမ်းအားတွေကလည်း ပြိုကွဲစပြုနေပါပြီ။

ဒါပေမဲ့ မြူနယ်မြေအားနည်းသွားခြင်းက ပထမတစ်ခါဖြစ်သလောက်တော့ မသိသာပါဘူး။ အဲဒီအစား ဖြည်းဖြည်းချင်းသာ ကျဆင်းနေခဲ့တာပါ။

မြူတန့်လူသားတွေပဲဖြစ်ဖြစ်၊ သားရဲတွေပဲဖြစ်ဖြစ် သူတို့ရဲ့မြူတန့်စွမ်းအား ဗဟိုသိုလှောင်သိမ်းဆည်းရာက နှလုံးနဲ့ဦးနောက်မှာဖြစ်ပါတယ်။ ဥစာကီက မြူရေဘဝဲရဲ့နှလုံးတစ်ခုကို ထိုးဖောက်လိုက်ပေမဲ့ ကျန်တဲ့ နှလုံးနှစ်ခုကတော့ အလုပ်လုပ်နေဆဲပါ။

"ဝူး....." ရေဘဝဲကြီးက အော်ဟစ်လိုက်ပြီး သူ့ကိုဓားနဲ့ထိုးထားတဲ့ ဥစာကီကို လက်တံတွေနဲ့ ခါချဖို့ကြိုးစားပေမဲ့ မူလကလောက်တော့ အားမကောင်းတော့ပါဘူး။

ဒါပေမဲ့ ဥစာကီက အလင်းဒြပ်စင်တောင်ပံကိုသုံးပြီး ခုန်ထွက်လိုက်တယ်။ ချိပ်ပိတ်နည်းစနစ်ကို သုံးပြီးတဲ့နောက်မှာ ဥစာကီဟာ သူ့ရဲ့မြူတန့်စွမ်းအားဖြစ်တဲ့ ဓားကမ္ဘာကို ဆက်မသုံးနိုင်တော့ပါဘူး။

"ပြန်ဆုတ်မယ်... ပြန်ဆုတ်မယ်...." တစ်ဖက်မှာတော့ ဒေါက်တာမြူဟာ သူ့ရဲ့ရေဘဝဲကို တခြားဒိုင်မေးရှင်းထဲ ခေါ်သွားဖို့ ကြိုးစားနေပါတယ်။

ဥစာကီမှာ အလင်းတောင်ပံနဲ့ထက်ရှတဲ့ဓားကလွဲလို့ တခြားဘာမှအားကိုးလောက်စရာမရှိတော့ပေမဲ့ သူ့အနေနဲ့ ဒီမှာဆက်မနေရဲတော့ပါဘူး။ ပထမတစ်ခုက မြူရေဘဝဲဟာ နှလုံးတစ်ခုကိုသာ ဆုံးရှုံးလိုက်ရပေမဲ့ စွမ်းအားက မတည်မငြိမ်ဖြစ်နေပါပြီ။

လက်ရှိအခြေအနေမှာ မြူတန့်သားရဲဟာ B+ အဆင့်လောက်ပဲရှိတဲ့ တိုက်ခိုက်မှုတွေကိုသာ လုပ်နိုင်ပါတယ်။ ဥစာကီအနေနဲ့ ဒဏ်ရာရထားပြီး အင်မတန် ပင်ပန်းနေရင်တောင် ဒီအဆင့်ရန်သူက သူ့အတွက် အခက်အခဲမဟုတ်ပါဘူး။ ပြီးတော့ ချိပ်ပိတ်စွမ်းအားက နှလုံးတစ်ခုတည်းကို ဖျက်ဆီးလိုက်ပေမဲ့ အနက်ရောင်သံကြိုးတွေက ဆက်ပြန့်နေဆဲပါ။ စွမ်းအားကို အပြည့်အဝချိပ်ပိတ်နိုင်တဲ့အထိ ကြိုးစားနေဦးမယ့်ပုံပဲ။

နောက်ဆုံးတော့ ဒေါက်တာမြူက ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး အရိုးမျက်နှာတစ်ကောင်ကို အမိန့်ပေးလိုက်တယ်။ အနက်ရောင်သံကြိုးတွေ ပြန့်နှံနေပြီဖြစ်တဲ့ နှလုံးအပိုင်းနဲ့လက်တံတွေကို ဖြတ်ချဖို့ပါ။ ဒီလိုမှမဟုတ်ရင် တဖြည်းဖြည်းနဲ့ သူတို့တွေက တတိယမြောက်မြူရေဘဝဲရဲ့စွမ်းအားကို လုံးဝဆုံးရှုံးရပါလိမ့်မယ်။

"ဝူး...." ရေဘဝဲကြီးက နောက်တစ်ခါနာကျင်စွာ အော်ဟစ်လိုက်ပြန်တယ်။ ဒေါက်တာမြူကိုယ်ပွားတို့အုပ်စုက တဖြည်းဖြည်းသူနဲ့ဝေးသွားတာကို ဥစာကီက ဒီအတိုင်းပဲ စောင့်ကြည့်နေလိုက်ပြီး လိုက်မသွားခဲ့ဘူး။ သူ့စွမ်းအားက အထွတ်အထိပ်မှာ ရှိမနေတော့ဘူးမဟုတ်လား။

...

မြူရေဘဝဲအစစ်နဲ့တခြားတစ်နေရာမှာ တိုက်ခိုက်နေတဲ့ အေမီတို့အုပ်စုလည်း ပတ်ဝန်းကျင်ပြောင်းလဲမှုတွေကြောင့် ရပ်တန့်လိုက်ကြတယ်။ ဒိုင်မေးရှင်းတွေက အရွယ်အစားနည်းနည်းသေးသွားသလို အတားအဆီးနဲ့ အရိုးမျက်နှာကိုယ်ပွားတွေလည်း နည်းသွားပြီ။

တကယ်တော့ သူတို့တင်ရပ်လိုက်တာမဟုတ်ဘဲ သူတို့နဲ့ချနေတဲ့ မြူရေဘဝဲနဲ့ဒေါက်တာမြူပါ ရပ်သွားတာပါ။ စစ်သင်္ဘောတွေကတော့ ဒီတိုက်ပွဲထဲမှာ ရှိမနေတော့ဘူး။ အဖျက်ဆီးခံရမှာစိုးတဲ့အတွက် ဒေါက်တာမြူက ပြန်ဆုတ်ခိုင်းထားပြီးပြီ။

"ဒိုင်မေးရှင်းတစ်ခုချင်းစီရဲ့အရွယ်အစားက မီတာ နှစ်ရာကနေ ၁၆၀ အထိကျသွားပြီ။ ဒိုင်မေးရှင်းနံရံတွေရဲ့အထူကလည်း နဂိုအခြေအနေကထက် ၂၇.၃၅ ရာခိုင်နှုန်းပါးသွားပြီ။ ဆိုလိုတာက မြူနယ်မြေဟာ စုစုပေါင်းဒိုင်မေးရှင်းအရွယ်အစားထက် နောက်ထပ်တစ်ပုံခွဲကို ဆုံးရှုံးသွားပြီ။ နောက်ထပ် မြူရေဘဝဲအစစ်တစ်ကောင်ကို တစ်ယောက်ယောက်သတ်လိုက်ပြီထင်တယ်၊ ဒါပေမဲ့ တစ်ကောင်ထက်လည်း ပိုနိုင်တယ်။ တစ်ကောင်သေပြီး နောက်တစ်ကောင်က မသေမရှင်ဖြစ်သွားတာမျိုးပေါ့။"

အေမီရဲ့စူပါကွန်ပျူတာက ဘေးပတ်ဝန်းကျင်က ဒိုင်မေးရှင်းအခွဲတွေအားလုံးကို ခန့်မှန်းတွက်ချက်နိုင်တယ်။ ပြီးတော့ သူတို့တွေက မြူရေဘဝဲနဲ့တွေ့တဲ့အချိန်မှာလည်း မြေပုံပြီးပြည့်စုံစေဖို့အတွက် ဒိုင်မေးရှင်းတစ်ခုတည်းမှာတင် အကြာကြီးမနေဘဲ ဆက်ပြေးနေခဲ့ပါတယ်။

အခုဆိုရင် အေမီလက်ထဲမှာ ဒိုင်မေးရှင်းမြေပုံရဲ့ခြောက်ဆယ်ရာခိုင်နှုန်းလောက်ကို ရှိနေပြီ။ အေမီက ဒိုင်မေးရှင်းမြေပုံဟော်လိုဂရမ်ကိုထုတ်ပြီး ဆက်တွက်ချက်လိုက်တယ်။

"မြူရေဘဝဲခုနစ်ကောင်ကြောင့် ရှိနေတဲ့ ဒိုင်မေးရှင်းအခွဲပေါင်းက ၄၄၈၊ ငါတို့တွေက ဒိုင်မေးရှင်း၄၅ ခုကိုသွားပြီး ဒိုင်မေးရှင်း ၂၆၈ ခုရဲ့တည်နေရာကိုတွက်ချက်ပြီး မြေပုံထုတ်ခဲ့တယ်။ ဒါပေမဲ့အခု မြူရေဘဝဲ တစ်ကောင်နဲ့တစ်ဝက်လျော့သွားတော့ ဒိုင်မေးရှင်းအခွဲ ၃၅၂ခုပဲကျန်မယ်။ ဒီတော့ ငါတို့သိပြီးတဲ့ ဒိုင်မေးရှင်းပမာဏက ၇၆% ဖြစ်သွားပြီ။ ဒီကနေတစ်ဆင့် ဒိုင်မေးရှင်းတွေရဲ့လှည့်ပတ်မှုကို ငါတို့တွက်ချက်နိုင်သွားပြီ။ ငါ့ရဲ့အလီဂိုသိမ်တွက်ချက်မှုနဲ့ဆိုရင် ငါတို့အဖွဲ့သားတွေရှိနေနိုင်တဲ့ ဒိုင်မေးရှင်းအခွဲတွေကိုပါ ဖြစ်တန်ခြေနဲ့ခန့်မှန်းတွက်ချက်လို့ရပြီ။"

အေမီက ကောက်ကျစ်တော့မယ့် အပြုံးလေးပြုံးလိုက်တယ်။ တစ်ဖက်မှာတော့ မြူရေဘဝဲက ပြန်ဆုတ်ဖို့ ပြင်နေပြီ။ မြူရေဘဝဲနဲ့ဒေါက်တာမြူကိုယ်ပွားက ဒရုန်းဇုန်နဲ့အေမီကို မကြောက်ပေမဲ့ ဒေါက်တာမြူအစစ်က အကုန်လုံးကိုပြန်လာဖို့ အမိန့်ပေးလိုက်လို့ပါ။ သူ့အနေနဲ့ မြူနယ်မြေထဲက လူတိုင်းကိုသတ်ဖို့ မဖြစ်နိုင်တော့တာကြောင့် အစည်းအဝေးပြီးတဲ့အထိ အချိန်ဆွဲထားဖို့ ကြံနေတာပါ။ သူ့တည်နေရာကို လူတွေမသိသေးဘဲ မြူရေဘဝဲတွေကို အသက်ရှင်နေအောင် ထားနိုင်သေးသမျှ အချိန်တန်ရင် သူပဲနိုင်မှာပါ။

ဒါပေမဲ့ အေမီက ခပ်မြန်မြန်ပျံသန်းလာပြီး ရေဘဝဲရှေ့မှာ ပိတ်ရပ်လိုက်တယ်။

"ဘယ်သူက နင့်ကိုထွက်သွားခိုင်းသေးလို့လဲ။ နင့်ကိုသတ်လိုက်နိုင်ရင် နောက်ထပ်ဒိုင်မေးရှင်း ၆၄ခု လျော့သွားလိမ့်မယ်။ ဒါဆိုရင် ငါတို့သိပြီးတဲ့ဒိုင်မေးရှင်းမြေပုံပမာဏကလည်း ၉၃% ဖြစ်သွားလိမ့်မယ်။ ဒါဆို မမလေးကိုရှာတဲ့နေရာမှာ အများကြီးလွယ်သွားပြီ။"

ဒီစကားကြောင့် မြူရေဘဝဲကြီးရဲ့မျက်လုံးက ပြူးကြောင်ထွက်လာတယ်။ ရေဘဝဲတွေက လူစကားနားလည်မလည် ပြောဖို့ခက်ပေမဲ့ သူတို့တွေက ခွေးတွေနဲ့တန်းတူ ဉာဏ်ကောင်းတဲ့ သတ္တဝါတွေထဲပါတယ်လေ။ ဒီတော့ သူ့ရှေ့ကအိမ်စေက အကြံဆိုးကြီးနဲ့ပြုံးနေမှန်း အလွယ်လေးခံစားမိနိုင်တာပေါ့။

"မပြေးဘဲ ငြိမ်ငြိမ်လေးရပ်ပြီး အသေခံလိုက်ရင် အနာသက်သာမယ်နော်။ ဦးနောက်ကို ထုတ်ချင်းဖောက်သွားအောင် ပစ်ပေးမှာမလို့လေ။"

အေမီက အလင်းဒြပ်စင်ဓားနှစ်လက်ကနေ ပိုအားကောင်းတဲ့ အလင်းဒြပ်စင်ရိုင်ဖယ်ကိုပြောင်းကိုင်ပြီး ရေဘဝဲခေါင်းကို ချိန်လိုက်တယ်။

"ထိန်း...." ပထမတစ်ချက်မှာတင် အငိုက်မိနေတဲ့ ဒေါက်တာမြူကိုယ်ပွားကို ထိမှန်သွားပြီး မြူတွေအဖြစ်ပြောင်းသွားတယ်။

"ထိန်း...." နောက်တစ်ချက်ပစ်တော့ ရေဘဝဲက သူ့လက်တံကိုမြှောက်ပြီး ကာလိုက်ပေမဲ့ လက်တံက အလင်းကျည်တွေကြောင့် အပေါက်ကိုးပေါက်ဖောက်ပြီးသားဖြစ်သွားတယ်။

အေမီရဲ့အလင်းရိုင်ဖယ်က ဖရာလီတာရဲ့အလင်းဗုံးလောင်ချာလိုမျိုး ဧရိယာတစ်ခုလုံးကို မသက်ရောက်နိုင်ပေမဲ့ ပစ်ချက်တစ်ချက်ချင်းစီရဲ့အဖျက်စွမ်းအားမှာတော့ ပိုသာပါတယ်။ အထူးသဖြင့် ရိုင်ဖယ်သေနတ်တွေက အနီးကပ်ပစ်ချက်ဆိုရင် အများကြီးပိုအဖျက်စွမ်းအားကောင်းတယ်။

ဒါကြောင့် အေမီကလည်း ရေဘဝဲနားကိုအတင်းကပ်ပြီး ခေါင်းကိုတေ့သေနတ်နဲ့ပစ်ဖို့ အကောင်းဆုံးကြိုးစားတော့တယ်။

ထိန်း... ထိန်း... ထိန်း...

အဲဒီနောက်တော့ မြူဒိုင်မေးရှင်းတစ်ခုနယ်မြေထဲမှာ အချိုးမကျတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာပါတယ်။ လှပတဲ့မိန်းကလေးနှစ်ယောက်ဖြစ်တဲ့ ဒရုန်းဇုန်နဲ့အေမီက မြူရေဘဝဲရဲ့နောက်ကနေ အပြေးလိုက်နေပြီး ကြမ်းမယ့်ရမ်းမယ့်ပုံရတဲ့ မြူတန့်သားရဲကြီးရေဘဝဲကတော့ ရှေ့ကနေ သေပြေးရှင်ပြေးပြေးနေရတယ်။ တကယ့်ကို အချိုးမကျတဲ့ မြင်ကွင်းမျိုးပါ။

All Chapters