← Chapters

အသည်းအသန်အသက်လုပွဲ

Vol. 4 Ch. 34

အသည်းအသန်အသက်လုပွဲ

Vol. 4 Ch. 34

ငွေရောင်စစ်သည်တော်အတွက်လည်း အခုအချိန်က တကယ့်ကိုအရေးကြီးတဲ့အချိန်လို့ ပြောရမယ်။ မက်ဒါနာဟာ ဝတ်စုံစနစ်က သူ့ကိုပို့ပေးနေတဲ့ အနီရောင် သတိပေးချက်တွေကို လိုက်ဖတ်မနေနိုင်တော့ဘူး။ အစောပိုင်းက ပခုံးကိုလာထိထားတဲ့ဒဏ်ရာကြောင့် သွေးလည်းထွက်နေသေးတယ်။

"စနစ်၊ ဟာရီကိန်းဓားကွက် ထပ်ထုတ်မယ်။"

"သတိပေးချက်၊ စွမ်းအင်လက်ကျန် ၆၅%"

"သုံးသာသုံး..."

ငွေရောင်စစ်သည်တော်က အရိုးမျက်နှာတွေဝိုင်းချုပ်ခံထားရတဲ့ ကြားကနေ ဓားကိုမြှောက်ပြီး ဟာရီကိန်းဓားကွက်ကို ထုတ်သုံးတယ်။ ငွေရောင်စစ်သည်က အရိုးမျက်နှာတွေရဲ့ချုပ်နှောင်မှုကနေ နောက်တစ်ကြိမ်လွတ်လာပြီး ရှေ့ကိုဆက်ပြန်တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အရိုးမျက်နှာတွေက သူ့ကိုဝိုင်းလာပြန်လို့ ထပ်သုံးရတယ်။

"၄၁%"

"၁၉%"

"၃%"

နောက်ဆုံးပျံသန်းဖို့အားတောင်မကျန်တော့ဘဲ ဒိုင်မေးရှင်းအခွဲထဲက ကျောက်ဆိုင်တစ်နေရာမှာ ဆင်းလိုက်ရတယ်။ အရိုးမျက်နှာတွေကတော့ သူ့ဆီကို ဆင်းလာနေတုန်းပဲ။ အခြားတစ်ဖက်မှာတော့ စေဘာစတိန်းဟာ အရိုးမျက်နှာတစ်ကောင်ရဲ့ရိုက်ချက်ကြောင့် သခင်ဖြစ်သူရဲ့ချပ်ဝတ်ပေါ်ကနေ ကွာကျသွားပြီး ရေထဲပြုတ်ကျတယ်။ ခွေးကြီးက ရေကူးတက်ပေမဲ့ ချက်ချင်းတော့ ကျောက်ဆောင်ပေါ်တက်ပြီး သခင်ကိုမကူနိုင်သေးဘူး။

"ဒီတိုင်းဆိုရင် ငါတော့လုံးပါးပါးပြီး သေတော့မှာပဲ။"

မက်ဒါနာတစ်ယောက် ပထမဆုံးအနေနဲ့ စိတ်ထဲမှာ ကြောက်စိတ်ဝင်လာမိတယ်။ သူက သူ့ကိုယ်သူ အင်မတန်ရဲရင့်တဲ့ စစ်သည်တော်တစ်ယောက်အဖြစ် ခံယူထားခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ ဖိနှိပ်ခံလာရချိန်မှာတော့ သူဟာ ထင်သလောက် မြင့်မြတ်သူမဟုတ်မှန်း စတွေးလာမိပြန်တယ်။

"ငါက ဒီဝတ်စုံမပါရင် ဘာမှမလုပ်တတ်တဲ့ မိန်းကလေးတစ်ယောက်သက်သက်ပဲ။"

ငွေရောင်စစ်သည်က နောက်ဆုံးလက်ကျန်အားနဲ့ ဓားတစ်ချက်ကို ဝေ့ယမ်းလိုက်တယ်။ အရိုးမျက်နှာတချို့ ထက်ပိုင်းပြတ်သွားပေမဲ့ မကုန်ဆုံးနိုင်လောက်အောင် အရိုးမျက်နှာတွေက ဆက်လာနေကြဆဲပါ။

ငွေရောင်စစ်သည်က ဓားနဲ့မခုတ်မိဘဲလွတ်လာတဲ့ အရိုးမျက်နှာတွေကို လက်ပတ်သေနတ်နဲ့ ခေါင်းကိုတည့်တည့်ချိန်ပြီးပစ်တယ်။ လက်ပတ်သေနတ်ရဲ့ပေါက်ကွဲကျည်က အရိုးမျက်နှာတွေကို သေစေဖို့ မလုံလောက်ပေမဲ့ အနည်းဆုံးတော့ နောက်ဓားချက် အသင့်မဖြစ်ခင် ဝင်မလာနိုင်အောင် တားဆီးဖို့ကူညီပေးနိုင်တယ်။

တဖြည်းဖြည်းနဲ့လက်ပတ်ထဲက ကျည်ဆန်တွေလည်း နည်းလာပြီ။ အခုထိ သူ့ကိုကူညီဖို့လာတဲ့လူလည်း ရှိမနေဘူး။

သွေးတွေအများကြီးဆုံးရှုံးနေတဲ့အတွက် သူ့အမြင်တွေတောင် ဝေဝါးနေပြီဖြစ်ပြီး တိုက်ပွဲထဲကို အာရုံအပြည့်မစိုက်နိုင်ဘူး။ ရန်သူတွေကို ဓားနဲ့ဆက်တိုက်ခုတ်ပိုင်းနေပေမဲ့ ရုတ်တရက် ရင်းနှီးနေတဲ့အရိုးဆူးချွန်က သူ့ခံစစ်ကို ဖောက်လာပြန်တယ်။

"အန္တရာယ်...." ငွေရောင်စစ်သည်က အရိုးဆူးချွန်ကို တားဆီးဖို့အတွက် ဓားကိုမြှောက်ပြီး လားရာလမ်းကြောင်းရှေ့မှာ ကာလိုက်တယ်။ ဒါပေမဲ့အံ့ဖွယ်ကောင်းလောက်အောင် အရိုးဆူးချွန်က ဇက်သတ္တုဓားကို ဖောက်ထွက်သွားပြီး ဆက်လာနေတယ်။

ဒါကြောင့် ငွေရောင်စစ်သည်က ကိုယ်ကိုဘေးတစ်စောင်းထားပြီး ရှောင်လိုက်ပေမဲ့ ချပ်ဝတ်ကိုရှပ်ထိသွားပြီး အခြစ်ရာတချို့ထင်ကျန်ရစ်တယ်။

"ဒီအရိုးမျက်နှာက တခြားအရိုးမျက်နှာတွေထက် အများကြီးပိုသန်မာနေပါ့လား။"

မက်ဒါနာက အရိုးဆူးချွန်တွေပစ်လွှတ်နေတဲ့ အရိုးမျက်နှာကို ကြည့်လိုက်တယ်။ ဒီအရိုးမျက်နှာရဲ့ယေဘုယျခွန်အားကလည်း တခြားအရိုးမျက်နှာတွေနဲ့ အတူတူပဲဖြစ်ပေမဲ့ သူ့မှာပါတဲ့ မြူတန့်စွမ်းအားက ဇက်သတ္တုကိုတောင် ဖောက်နိုင်ပါတယ်။ ဒါကြောင့် S rankချပ်ဝတ်ဖြစ်တဲ့ ငွေရောင်စစ်သည်တော်ထဲက မက်ဒါနာရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတယ်။

"သူ့ကို အရင်သတ်ရမယ်။" မက်ဒါနာက မြေဆွဲအားဓားကို မြှောက်လိုက်ပြီး ဒြပ်ဆွဲအားအလေးချိန်ကို မြှင့်လိုက်တယ်။

ကံကောင်းစွာနဲ့ ဓားမှာသီးသန့်ရီအပ်တာပါလို့ ဝတ်စုံရဲ့ပင်မစွမ်းအင်ပမာဏနည်းသွားရုံနဲ့ ဓားရဲ့စွမ်းအားအပေါ် သက်ရောက်မှုရှိမနေဘူး။ မက်ဒါနာက မြေဆွဲအားဓားကို ဆွဲလှည့်ပြီး ပစ်ထုတ်လိုက်တယ်။

၃၆၀ဒီဂရီပတ်ပတ်လည်လှည့်ပြီးမှပစ်တာမလို့ အနားမှာရှိနေတဲ့ အရိုးမျက်နှာတွေလည်း အပိုင်းခံလိုက်ရပြီး ဓားက အရိုးဆူးချွန်ထုတ်တဲ့ အရိုးမျက်နှာဆီကို တည့်တည့်မတ်မတ်တိုးဝင်သွားတယ်။ ဒါပေမဲ့နောက်ထပ် ထူးခြားတဲ့အရိုးမျက်နှာတစ်ကောင် ထပ်ရောက်လာပြီး ကြားမှာဝင်ရပ်ကာ သူ့လက်ဖျံနှစ်ခုကို ဒိုင်းလိုမျိုးပူးပြီး ဓားကိုကာလိုက်တယ်။

အဲဒီအရိုးမျက်နှာမှာ အားကောင်းတဲ့ခံစစ်စွမ်းအား ရှိကောင်းရှိနိုင်ပေမဲ့ ကားတစ်စီးအရှိန်ပြည့်နဲ့ ဝင်တိုက်လုနီးပါး အားပြင်းတဲ့ မြေဆွဲအားဓားဒဏ်ကိုတော့ မခံနိုင်ခဲ့ပါဘူး။

သူ့အရိုးတွေက တစ်စစီပျက်စီးသွားပြီး မြေဆွဲအားဓားက ခေါင်းကိုထုတ်ချင်းဖောက်ပစ်လိုက်တယ်။ ဒါပေမဲ့ အရိုးဆူးချွန်အရိုးမျက်နှာကတော့ သက်ရှိထင်ရှား ရှိနေဆဲပါ။

"သေစမ်း၊ မအောင်မြင်ဘူး။" မက်ဒါနာက ဓားကို သံလိုက်ဓာတ်နဲ့ ပြန်ဆွဲယူရင်း ပြောလိုက်တယ်။

တကယ်တော့ သံလိုက်စက်ကွင်းကိုသုံးပြီး မြေဆွဲအားဓားကို ဆက်လက်ပျံသန်းတိုက်ခိုက်ခိုင်းရင် အဲဒီအရိုးမျက်နှာကို သတ်ဖြတ်နိုင်ခြေရှိနေသေးပေမဲ့ မက်ဒါနာမလုပ်နိုင်တော့ဘူး။ ဘေးပတ်ပတ်လည်မှာ သူ့ကိုအရိုးမျက်နှာတွေက ပြန်ဝိုင်းထားကြပြန်ပြီ။ သူ့သံချပ်ကာတွေကို တစ်လွှာခြင်းလွှာတာမခံချင်ရင် ဓားကိုပြန်ခေါ်ပြီး ခုခံမှဖြစ်မယ်။

မက်ဒါနာလက်ထဲကို ဓားပြန်ရောက်ပြီးတဲ့နောက်တော့ ဓားကိုလက်ထဲမှာကိုင်ပြီး အနီးအနားက အရိုးမျက်နှာတွေကို တိုက်ခိုက်ရတယ်။ အရိုးဆူးချွန်ပစ်နိုင်တဲ့အကောင်ကတော့ အနီးအနားမှာလှည့်ပတ်ပျံသန်းနေပြီး မက်ဒါနာကို ဆက်အလစ်ချောင်းတိုက်နေသေးတယ်။

ဒါကြောင့် မက်ဒါနာကလည်း သူ့ရဲ့ခိုးကြောင်ခိုးဝှက်တိုက်ကွက်တွေကိုတားဖို့ အခုအချိန်မှာလုံးဝကို အဆင့်မမီတော့ဘူးလို့ပြောရမယ့် လျှပ်စီးလက်ကောက်တွေနဲ့ လှမ်းလှမ်းပစ်နေတယ်။

မကြာခင်မှာပဲ အဲဒီလျှပ်စီးလက်ကောက်တွေ ဒိုင်မေးရှင်းပင်လယ်ထဲ ပြန့်ကျဲကုန်ပြီး သူ့မှာပစ်စရာဘာမှမရှိတော့ဘူး။

"သေစမ်း... ဒီကောင်က တကယ်အရှောင်ကျွမ်းတာပဲ။" ဒါပေမဲ့ မက်ဒါနာတစ်ယောက် အဲဒီအရိုးဆူးချွန်ကောင်ကို ဂရုမစိုက်နိုင်တော့ဘူး။ အကြောင်းက တခြားအရိုးမျက်နှာခြောက်ကောင်လောက် သူ့ဆီပြေးဝင်လာနေလို့။ ဒီတော့ သူ့ဓားကိုမြှောက်ပြီး ခုခံဖို့လုပ်ရတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ အရိုးဆူးချွန်ကောင်က ပစ်တာတည့်သွားပြီး မက်ဒါနာရဲ့လက်ခုံကိုကာထားတဲ့ ချပ်ဝတ်ကိုလာထိတယ်။

အဲဒီနေရာက အရေးကြီးတဲ့နေရာမလို့ အတော်လေးထူထဲအောင် ကာထားတာဖြစ်လို့ အရိုးချွန်အတွင်းထဲစိုက်သွားပေမဲ့ တကယ့်ခန္ဓာကိုယ်ကိုတော့ထိမသွားဘူး။ ဒါပေမဲ့ တကယ့်ပြဿနာက လာမှန်တဲ့အားများတဲ့အတွက် မြေဆွဲအားဓားက မက်ဒါနာရဲ့လက်ထဲကနေ လွတ်ကျသွားတာပါ။

"သွားပြီ...."

မက်ဒါနာက ဓားကိုသံလိုက်စွမ်းအားနဲ့ ပြန်ဆွဲယူဖို့လုပ်ပေမဲ့ နောက်ကျသွားပြီ။ အရိုးမျက်နှာတစ်ကောင်က သူ့ကိုပုခုံးနဲ့ဝင်ဆောင့်တဲ့အတွက် ဟန်ချက်ပျက်သွားပြီး နောက်ကိုလန်ကျသွားတယ်။ အဲဒီနောက် အရိုးမျက်နှာတစ်ကောင်က သူ့အပေါ်ခုန်တက်လိုက်ပြီး ခေါင်းကိုလက်သီးတွေနဲ့ဆင့်ကာဆင့်ကာထိုးတယ်။

[သတိပေးချက်... သတိပေးချက်.... ဝတ်စုံရဲ့ခေါင်းပိုင်းကို အပြင်းအထန်တိုက်ခိုက်ခံနေရပါတယ်။]

"ငါသိတယ်ဟဲ့ ငါမြင်နေရတာကို..." မက်ဒါနာက ဝတ်စုံစနစ်ကို စိတ်ပေါက်ပေါက်နဲ့ပြောလိုက်ပြီး လက်ချည်းသက်သက်နဲ့ ပြန်ချဖို့လုပ်ရတယ်။ ဒီလိုမှမဟုတ်ရင် ဓားမရောက်လာခင်မှာပဲ သူ့ခေါင်းတစ်ခုလုံး ကြေမွပျက်စီးသွားနိုင်တယ်။

နောက်တော့ မက်ဒါနာက လက်သီးကိုဆုပ်ပြီး အဲဒီအရိုးမျက်နှာနဲ့ ဘတစ်ပြန်ကျားတစ်ပြန် ထိုးတယ်နှက်တယ်။ ကံမကောင်းတာက အရိုးဆူးချွန်ပစ်နိုင်တဲ့တစ်ကောင်ကို သူမေ့ထားမိတာပဲ။

အရိုးဆူးချွန်နဲ့ကောင်က သူ့ခေါင်းနောက်ပိုင်းကိုချိန်ပြီး ဆူးချွန်နဲ့ပစ်ပြန်တယ်။ ပတ်ပတ်လည်သတိပေးစနစ်က သတိပေးနေသေးပေမဲ့ အခုအချိန်မှာ သူ့ကိုရန်သူတွေဝိုင်းနေပြီးပြီမလို့ သတိပေးချက်တွေက ပေါင်းစုံပေါ်နေပြီး လူ့ဦးနောက်နဲ့စဥ်းစားပြီး အလိုက်ဖက်ဆုံးနည်းလမ်းနဲ့တုံ့ပြန်ဖို့ မဖြစ်နိုင်တော့ဘူး။

ဒေါင်....။

သတ္တုချင်းထိခတ်မိသံနဲ့အတူ အရိုးဆူးချွန်က ငွေရောင်စစ်သည်ရဲ့ခေါင်းကိုထိမိပြီး ပြန်ကန်ထွက်သွားတယ်။ ဒါပေမဲ့ ဆူးချွန်ကြောင့် ဇက်သတ္တုအပြည့်ချပ်ဝတ်ခေါင်းလည်း ပိန်သွားတယ်။ ခေါင်းပိုင်းကလည်း သာမန်အစိတ်အပိုင်းတွေထက် ပိုထူတဲ့အထဲပါတယ်။

လက်ခုံလက်ဖျံ၊ ရင်ဘတ်ကာ၊ ကျောကာ၊ ဒူးကာနဲ့ ခေါင်းချပ်ဝတ်တွေက စစ်သည်တော်ဝတ်စုံတစ်ခုရဲ့အမာဆုံးအပိုင်းတွေပါ။ အဲဒီနေရာတွေမှာရှိတဲ့အစိတ်အပိုင်းတွေက ထိခိုက်လို့မသေစေနိုင်ရင်တောင် တိုက်ပွဲဆက်မဝင်နိုင်တော့တဲ့အထိ အနှောင့်အယှက်ဖြစ်စေတယ်လေ။

ချပ်ဝတ်ခေါင်းပိုင်းကနေ ဆူးချွန်ပြန်ကန်ထွက်သွားပေမဲ့ ငွေရောင်စစ်သည်တော်အတွက် သတင်းကောင်းမဟုတ်ဘူး။

[ဝတ်စုံထိန်းချုပ်မှုစနစ်နဲ့အစိတ်အပိုင်းတွေ အဆက်အသွယ်ပြတ်သွားပါပြီ။ တိုက်ပွဲဝင်ရန် မဖြစ်နိုင်တော့ပါ။]

ရုတ်တရက်ကြီး ငွေရောင်စစ်သည်ဝတ်စုံက လေးကျသွားတာကို မက်ဒါနာခံစားမိလိုက်တယ်။ သူ့ဝတ်စုံရဲ့စွမ်းအင်လက်ကျန်က ၃ရာခိုင်နှုန်းပဲရှိတာမလို့ မိနစ်အနည်းငယ်အတွင်းမှာပဲ ဒီလိုဖြစ်လာတော့မယ်ဆိုတာကို သူသိပေမဲ့ အခုကတော့ ထင်တာထက်ပိုစောပြီး ဖြစ်လာခဲ့တယ်လေ။

ငွေရောင်စစ်သည်ရဲ့ပင်မကွန်ပျူတာက ကျောနောက်ထဲမှာပေမဲ့ ခေါင်းပိုင်းက မောင်းနှင်သူနဲ့ဆက်စပ်ပေးထားတာပါ။ ဝတ်စုံရဲ့ဉာဏ်ရည်တုက ကိုယ်တိုင်မောင်းနှင်နိုင်ပေမဲ့ ကြမ်းတမ်းတဲ့တိုက်ပွဲတွေမှာ အလိုက်လျောက်ပါဝင်ဖို့ ဒီဇိုင်းထုတ်မထားဘူး။

[အလိုအလျောက်တိုက်ပွဲဝင်စနစ် အသက်သွင်းပြီး။ သတိပေးချက်၊ လက်ကျန်စွမ်းအင် နည်းလွန်းနေပါသည်။]

ငွေရောင်စစ်သည်ရဲ့ချပ်ဝတ်ခေါင်းဆောင်းက မျက်နှာပြင်က ဘာမှမပြတော့ဘဲ မှောင်ကျသွားပြီ။ ဒါပေမဲ့ ကွန်ပျူတာရဲ့အသံက ဝတ်စုံထဲကနေ ထွက်လာပြီး အလိုလိုဆက်တိုက်ပွဲဝင်တယ်။ အခုဝတ်စုံက မက်ဒါနာရဲ့ထိန်းချုပ်မှုအောက်မှာမဟုတ်ဘူး။

ဝတ်စုံစနစ်က ပထမဆုံးပြေးဝင်လာတဲ့ အရိုးမျက်နှာနှစ်ကောင်ရဲ့လက်သီးချက်တွေကို ခုခံတားဆီးလိုက်နိုင်ပေမဲ့ တတိယတစ်ကောင်က ခြေနဲ့ခပ်ပြင်းပြင်း ဝင်ကန်လိုက်ချိန်မှာတော့ ငွေရောင်စစ်သည်ဟာ မြေပြင်နဲ့ကွဲကွာသွားတဲ့အထိ လေပေါ်မြောက်တက်သွားတယ်။

နောက်တော့ ဝတ်စုံက လုံးဝမလှုပ်ရှားတော့ဘူး။ ဝတ်စုံထဲက မက်ဒါနာကတော့ မြေပြင်ပေါ်မှာ မှောက်ခုံကြီးတင်နေတယ်။

"ကြည့်ရတာ ပင်မကွန်ပျူတာထိသွားတာလား ရီအက်တာ အလုပ်မလုပ်တော့တာလားပဲ၊ ဘာပဲဖြစ်ဖြစ် ငါတော့သေပြီနဲ့တူတယ်။"

အရိုးမျက်နှာတွေက သူ့နားရောက်လာပြီး ဝတ်စုံကို အတင်းဖျက်ဆီးဖို့ကြိုးစားပေမဲ့ အရာမရောက်သေးဘူး။ ဒါပေမဲ့ အရိုးဆူးချွန်ပစ်နိုင်တဲ့တစ်ကောင်ရှေ့ကိုတက်လာတော့ ကျန်တဲ့ကောင်တွေ နောက်ကိုဆုတ်ပေးကြတယ်။ အရိုးဆူးချွန်ကောင်က သူ့လက်ဖျံအရိုးကို ဆွဲနုတ်လိုက်ပြီး ငွေရောင်စစ်သည်ရဲ့ရင်ဝကိုထိုးဖို့ ဟန်ပြင်လိုက်တယ်။ မက်ဒါနာကတော့ ကျောက်ဆောင်အချိုင့်ပေါ်မှာတင်နေတဲ့ ရေမျက်နှာပြင်ကနေတစ်ဆင့် အဲဒီမြင်ကွင်းကို မြင်နေရတယ်။

"ငါ့ဇာတ်လမ်းက ဒီမှာပဲ ပြီးသွားတော့မှာလား။"

သေလုဆဲဆဲမှာ အချိန်တွေက ရုတ်တရက်နှေးကျသွားသလိုပဲ။ သေခြင်းရှင်ခြင်းကို မက်ဒါနာခံစားဖူးတာ ဒါပထမဆုံးအကြိမ်မဟုတ်ဘူး။

ကလေးဆေးရုံမီးလောင်တုန်းက လူတွေကိုကယ်ထုတ်ပေးပြီးတဲ့နောက်ပိုင်းပဲဖြစ်ဖြစ် ဗီးနပ်စ်နဲ့ပထမဆုံးရင်ဆိုင်ပြီး သေမလိုဖြစ်သွားတဲ့အချိန်မှာပဲဖြစ်ဖြစ် သူကြောက်မနေခဲ့ဘူး။

"ငါလိုဟီးရိုးတစ်ယောက်က ဘယ်တုန်းကစပြီး သေမှာကို ကြောက်နေမိတာလဲ။"

ကလေးဆေးရုံမီးလောင်မှုမှာ သူသေမှာကိုကြောက်နေခဲ့ရင် ငွေရောင်စစ်သည်ဆိုတာ ဟီးရိုးဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ ဗီးနပ်စ်နဲ့တိုက်ခိုက်တုန်းကလည်း သူ့မှာအခွင့်အရေး နည်းနည်းလေးပဲရှိမှန်းသိတယ်၊ ဒါပေမဲ့ လီဆာအတွက် သူတိုက်ခိုက်ပေးခဲ့တယ်။

ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာရော....

သူဆိုတဲ့ ငွေရောင်စစ်သည်တော်က အစပိုင်းတုန်းကလိုမျိုး ဟီးရိုးစစ်စစ်လို့ သတ်မှတ်လို့ရသေးလို့လား။ သေဆုံးသူတစ်ယောက်ရဲ့ဆန္ဒကို မျက်ကွယ်ပြုပြီး ဟီးရိုးကျောင်းကို သူမဆက်ခံခဲ့ဘူး။ ဆုဗာနာကိုရောက်သွားပေမဲ့ မင်းသမီးတစ်ယောက်ရဲ့တာဝန်ကို သူငြင်းဆန်ခဲ့ပြီး ငြင်းဆန်ရတဲ့အကြောင်းအရင်းက ဟီးရိုးဆက်လုပ်ချင်လို့တဲ့။ စစ်ဘေးနောက်ဆက်တွဲ စီးပွားပျက်ကပ်ကြောင့် ပြန်လည်ထူထောင်ရေးအထနှေးနေတဲ့ နိုင်ငံကိုကူညီရင်း ဟီးရိုးဆက်လုပ်လို့ရနေရဲ့သားနဲ့လေ။

တတိယကိစ္စကိုလည်း စဥ်းစားကြည့်ပါဦး၊ ဖရာလီတာထွက်သွားတာကို ဒေါသထွက်ပြီးကလေးဆန်ဆန် ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးပစ်ခဲ့မိတယ်။အဲဒီအနားမှာရှိနေတဲ့ ပြည်သူတွေရဲ့အသက်အိုးအိမ်ကို သူထည့်စဥ်းစားမိခဲ့ရဲ့လား။ စတုတ္ထတစ်ချက်၊ လီဆာအတွက် ဘာအပြစ်ဘေးမှုမှကျရောက်မလာစေဖို့ ဥစာကီသူ့အပေါ်အကြွေးတင်နေတာကို အခွင့်ကောင်းယူပြီး ကင်းထောက်ဟီးရိုးတွေသေသွားတာ လီဆာကြောင့်မှန်း လူတွေမသိအောင် သူဖုံးကွယ်ခဲ့တယ်။ သေဆုံးသွားတဲ့ ဟီးရိုးတွေရဲ့ဂုဏ်သိက္ခါကို သူနည်းနည်းလေးမှ မလေးစားခဲ့ဘူး။

တိုကျိုဖြစ်ရပ်မှာ လူတိုင်းကိုမကယ်နိုင်ဘူးဆိုတဲ့ ဆင်ခြေလေးတစ်ခုနဲ့ လူတွေကိုဦးစားပေးမကယ်ဘဲ ဗီလိန်တွေကိုပဲ အာရုံစိုက်နေခဲ့တယ်။ လူတွေကိုကယ်ဖို့ ကိုယ့်နှလုံးသွေးကို စတေးပြီး ကိုယ့်ကိုယ်ကိုယ်အားနည်းအောင်လုပ်ခဲ့တဲ့ အာကိုင်းဂါမီနဲ့ယှဥ်ကြည့်ရင် သူကရှက်ဖွယ်လိလိပဲ။ အာကိုင်းဂါမီဟာ အဲဒီကိစ္စကြောင့် ယူဂျင်းထောင်မှာ စွမ်းအားအပြည့်မသုံးနိုင်ဘဲ ရှုံးခဲ့ရတယ်။

"မဟုတ်ဘူး၊ ငါက အစကတည်းကကို မှားနေခဲ့တာ။" နယူးယောက်အဖြစ်အပျက်မှာတုန်းကလည်း မာဂရပ်တရားရုံးမှာ သက်သေထွက်ဆိုရဦးမယ်ဆိုတဲ့ အကြောင်းပြချက်လေးတစ်ခုနဲ့ အင်တာနက်ပေါ်ပို့စ်လေးတင်ပြီး လူတွေကိုမကယ်ဘဲ မြို့နေလူထုကို မျက်ကွယ်ပြုခဲ့သေးတယ်။

"ငါဟီးရိုးစလုပ်တုန်းက လူတိုင်းကိုကာကွယ်ပေးပြီး တခြားသူတွေနဲ့မတူအောင်နေမယ်လို့ စဥ်းစားခဲ့ပေမဲ့ အခုကျတော့ ငါက သူတို့အတိုင်းဖြစ်နေပါလား။"

မက်ဒါနာဟာ တစ်ချိန်လုံးနည်းပညာအဆင့်မြှင့်တင်မှုတွေလုပ်ပြီး စွမ်းအားကြီးလာခဲ့ပေမဲ့ သူမေ့နေခဲ့တာတစ်ခုရှိနေတယ်။ အဲဲဒီမေ့လျော့နေတဲ့အရာကြောင့်ပဲ သူဟာ အစွမ်းထက်သင့်သလောက် အစွမ်းမထက်တာ။ အဲဒီက စိတ်ဓာတ်ကိုအဆင့်မြှင့်တင်ဖို့။

"ငါက သူရဲကောင်းတွေရဲ့တကယ့်တန်ဖိုးကို မေ့ထားခဲ့တာပဲ။ ဒါကြောင့် ငါတဖြည်းဖြည်းသတ္တိကြောင်လာတာ။"

ငွေရောင်စစ်သည်ရဲ့မျက်လုံးတွေက သူ့အနားက တခြားကျောက်ဆောင်ပေါ်မှာသွားတင်နေတဲ့ မြေဆွဲအားဓားဆီရောက်သွားတယ်။ ဝတ်စုံက အလုပ်မလုပ်တော့ဘူး၊ ဒါပေမဲ့ သူ့မှာတစ်ခုရှိနေသေးတယ်လေ။

သူ့ရဲ့စွမ်းအား၊ မဟုတ်ဘူး။ အဲဒါက ပြန်လည်မွေးဖွားလာတဲ့ သူ့ရဲ့သတ္တိတွေ။

"Technotelekinesis!" မြေဆွဲအားဓားကို သူ့စိတ်စွမ်းအားသက်သက်နဲ့ မြေပေါ်ကကြွလာအောင် ထိန်းချုပ်လိုက်တယ်။ အဲဒီဓားက ချက်ချင်းလေပေါ်မြောက်တက်လာပြီး အရိုးဆူးချွန်အရိုးမျက်နှာဆီကို အပြေးဝင်သွားတယ်။

ဒုတ်....

အရိုးနဲ့ဓားထိသံနဲ့အတူ အရိုးဆူးချွန်ကောင်ရဲ့ခေါင်းကြီး မြေပေါ်ပြုတ်ကျလာတယ်။ ဝတ်စုံအတွင်းမှာရှိနေတဲ့ မက်ဒါနာက အရူးတစ်ယောက်လိုရယ်မောလိုက်တယ်။

"ငါ့ဝတ်စုံက ပျက်စီးနေတော့ရော ဘာဖြစ်လဲ။ ငါအားကိုးရမယ့်အရာက ဝတ်စုံတွေစွမ်းအားတွေမဟုတ်ဘူး။ ငါ့ကိုယ်တိုင်ပဲ...."

မက်ဒါနာက ငွေရောင်စစ်သည်တော်ချပ်ဝတ်ကို သူ့စိတ်စွမ်းအင်သက်သက်နဲ့ စတင်ထိန်းချုပ်လိုက်တယ်။ ငွေရောင်ချပ်ဝတ်ကြီးက ချက်ချင်းပြန်လည်လည်ပတ်လာပြီး မြေဆွဲအားဓားကိုကိုင်ကာ ဘေးပတ်ဝန်းကျင်က အရိုးမျက်နှာတွေအားလုံးကို စတင်အမဲဖျက်တယ်။

"စေဘာစတိန်း....." သခင်နဲ့ကွဲသွားတဲ့ စက်ရုပ်ခွေးကြီးစေဘာစတိန်းကလည်း ရေထဲကနေခုန်ထွက်ပြီး ကျောက်ဆောင်ပေါ်တက်ကာ တိုက်ပွဲထဲမှာ လာပူးပေါင်းတယ်။ မက်ဒါနာက ခွေးကြီးပေါ်ကိုတက်လိုက်ပြီး ဓားကိုမြောက်တယ်။

ကျောက်ဆောင်က သိပ်မကြီးဘူး ဒါပေမဲ့ ငွေရောင်စစ်သည်နဲ့ခွေးကြီးအတွက် မြင်းစီးစစ်သည်တစ်ယောက်လိုမျိုး တိုက်ခိုက်ဖို့အတွက်လုံလောက်တယ်။

သိပ်မကြာခင်မှာပဲ ငွေရောင်စစ်သည်ချပ်ဝတ်ရဲ့စွမ်းအင်က လုံးဝကုန်သွားတယ်။ ဒါပေမဲ့မက်ဒါနာရဲ့တိုက်ပွဲစွမ်းအင်ကိုတော့ မထိခိုက်တော့ပါဘူး။ မက်ဒါနာက ချပ်ဝတ်ရဲ့အစိတ်အပိုင်းတွေကိုလှုပ်ရှားစေဖို့ စိတ်စွမ်းအင်ကိုသုံးနေပြီး မြေဆွဲအားဓားနဲ့စေဘာစတိန်းမှာ စွမ်းအင်လက်ကျန်များများရှိနေသေးပြီး ဆက်တိုက်တိုက်ခိုက်လို့ရသေးတယ်။

"မက်ဒါနာ၊ ကောင်မစုတ်။ နင့်ကိုယ်နင်တွေးကြည့်စမ်း၊ နင်ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလိုက်လဲ။ ကိုယ့်ကိုယ်ကိုယ် တကယ့်ဟီးရိုးဖြစ်ရမယ်လို့ကြွေးကြော်ပြီး တကယ်ဖြစ်လာတော့ စွမ်းအားတွေအပေါ်ရူးသွပ်နေတဲ့ သတ္တိကြောင်နေတဲ့သူပဲ။ ဒီတိုက်ပွဲမှာ ဟီးရိုးတွေရှုံးသွားရင် ဘာဖြစ်လာမလဲ နင်ပြန်တွေးကြည့်။ ဗီလိန်တွေနဲ့နိုင်ငံတွေလုပ်လို့ မြူတန့်လူသားစစ်ပွဲကြီးဖြစ်မှာဟဲ့၊ အပြစ်မဲ့အသက်တွေ သေကုန်လိမ့်မယ်။"

ခွေးကြီးစေဘာစတိန်းက အရိုးမျက်နှာတစ်ကောင်ရဲ့လည်မျိုကို ကိုက်ခွဲပစ်လိုက်တယ်။ သူ့သွားတွေကလည်း ဇက်သတ္ထုတွေပဲလေ။ မက်ဒါနာကလည်း ဓားကြီးနဲ့ လာသမျှကိုခုတ်ချနေတယ်။ သူတို့နှစ်ယောက်က ပြိုင်ဖက်ကင်းတဲ့ အတွဲအဖက်လိုပဲ။

တကယ်လို့ ဒိုင်မေးရှင်းအခွဲထဲမှာသာ တခြားတစ်ယောက်ယောက်ရှိနေမယ်ဆိုရင် မက်ဒါနာရဲ့ကိုယ့်ကိုယ်ကိုယ် ဝေဖန်အပြစ်တင်နေတဲ့စကားတွေကို ကြားနိုင်မှာပါ။

"ငါဒီတိုက်ပွဲကို အနိုင်တိုက်ပြီးတော့ မြူတန့်စစ်ပွဲမဖြစ်အောင် တားရမယ်။ ငါတို့ဒီကိုလာကတည်းက အဲဒီတာဝန်နဲ့မလား။"

မက်ဒါနာက အခုတိုက်ပွဲကို သူ့ရဲ့ဟီးရိုးလမ်းခရီးတစ်ခုအဖြစ် သဘောမထားတော့ဘဲ လူတွေအားလုံးအတွက်လို့ ပြောင်းလဲသဘောထားဖို့ ကိုယ်တိုင်ဆုံးဖြတ်ချက်ချလိုက်တယ်။

ဘာကြောင့်မှန်းမသိပေမဲ့ သေခြင်းတရားနဲ့ရင်ဆိုင်ရပြီးနောက် လူတွေဟာ ပြောင်းလဲသွားတတ်ကြတဲ့ပုံပဲ။

မက်ဒါနာဆက်ပြီးတိုက်ခိုက်နေဆဲအချိန်မှာပဲ ဒိုင်မေးရှင်းတွေရဲ့ပြောင်းလဲမှုက စတင်ဖြစ်ပေါ်လာတယ်။ ဒိုင်မေးရှင်းနံရံတွေပါးကုန်ပြီး တချို့ဒိုင်မေးရှင်းတွေပြိုလဲကုန်တယ်။ ပြောရရင် မက်ဒါနာဆီမှာတောင် အရိုးမျက်နှာအတုတွေတော်တော်များများပျောက်ကုန်ပြီး ကျန်ခဲ့တာတွေက အစစ်တွေချည်းပဲ။

ဒီတော့ သိပ်မကြာခင်မှာပဲ မက်ဒါနာက အကုန်လုံးကို သတ်လိုက်နိုင်ပြီး မောမောနဲ့ချပ်ဝတ်ခေါင်းဆောင်းကြီးကိုချွတ်ကာ သက်ပြင်းချလိုက်တယ်။

"ဖူး.... မသေတာကံကောင်း.... အာ... ငါ့ဒဏ်ရာက သွေးထွက်နေတုန်းပဲဟ။" မက်ဒါနာတစ်ယောက် သက်ပြင်းချလိုက်ပြီးနောက် သူ့ဒဏ်ရာကိုပြန်ကြည့်မိပြီး နာကျင်မှုကိုပြန်သတိရလာတဲ့အတွက် အသည်းအသန်အော်ဟစ်လိုက်မိတော့တယ်။

All Chapters