တန်ပြန်တိုက်စစ်
Vol. 4 Ch. 35
အေမီတို့အုပ်စုက ရေဘဝဲနောက်ကို အသည်းအသန်လိုက်နေတယ်။ ဒါပေမဲ့ လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ပါဘူး။ မြူရေဘဝဲက ဒိုင်မေးရှင်းတစ်ခုကနေတစ်ခုကို ကူးသန်းပြီးပြေးနေတာပါ။
ပြီးတော့ မြူဒိုင်မေးရှင်းတွေက တစ်ခုနဲ့တစ်ခုချိတ်ဆက်နေတာဆိုပေမဲ့ ပုံမှန်မဟုတ်ဘဲ အမြဲတန်းပြောင်းနေတာပါ။ ဥပမာပြောရရင် မြူရေဘဝဲက ဒိုင်မေးရှင်းခွဲ Aကနေ အနောက်အရပ်ကိုသွားပြီး ဒိုင်မေးရှင်းခွဲ B ကိုခုန်ကူးသွားတယ်။ စက္ကန့်အနည်းငယ်ကြာမှ Aရဲ့အနောက်အရပ်ကနေ ခုန်ကူးလာတဲ့လူတွေက တူညီတဲ့အရပ်ဒေသတစ်ခုတည်းကနေ ခုန်ကူးတာဖြစ်ပေမဲ့ ဒိုင်မေးရှင်းအခွဲ Bကိုမရောက်ဘဲ C ကိုရောက်ချင်ရောက်သွားနိုင်တယ်။
ဒီတော့ ဒေါက်တာမြူရဲ့မြူနယ်မြေ ဒိုင်မေးရှင်းခွဲများဆက်နွယ်မှုသီအိုရီဟာ ကျပန်းဆန်ပြီးတော့ သာမန်လူတွေအတွက် လက်တမ်းတွက်ချက်လို့ရတဲ့အရာမျိုးမဟုတ်ဘူး။ ဒါပေမဲ့ အေမီကတော့ ဒါကိုကျော်လွှားနိုင်ပါတယ်။
"အိုကေ၊ မြူရေဘဝဲက ဒိုင်မေး X-47 ကနေ အနောက်အရပ်ကို ထွက်ပြေးသွားတယ်။ ဒေါက်တာမြူရဲ့မြူဒိုင်မေးရှင်းဆက်စပ်ပုံက လူတွေခုန်ကူးပြီးတဲ့အချိန်မှ ပြောင်းလဲပြီး သွားမထိရသေးခင် မပြောင်းလဲဘူး။ မြူရေဘဝဲသွားတဲ့ဒိုင်မေးရှင်းကို X47-A လို့သတ်မှတ်မယ်ဆိုရင် X47-Aရဲ့အရပ်မျက်နှာပြောင်းလဲနိုင်မှု ဖြစ်နိုင်ခြေက စုစုပေါင်းဖြစ်နိုင်ခြေ၆ ခုရှိလိမ့်မယ်။"
"လူနားလည်အောင် ပြောစမ်းပါဟ...." အေမီရဲ့တွက်ချက်နေတဲ့ဖြစ်စဥ်ကို နားထောင်ရင်းစိတ်ညစ်လာတဲ့ ဒရုန်းဇုန်က အော်ဟစ်လိုက်တယ်။ ဒါကြောင့် အေမီလည်း မလိုအပ်တဲ့စကားတွေပြောမနေတော့ဘဲ ကောင်းကင်ပေါ်ကို လက်ညိုးထားတယ်။
"ငါ့အဖြေကတော့ X47-1 ကိုသွားနိုင်မယ့်လမ်းက အခုငါတို့အပေါ်မှာ။"
နောက်တော့ အေမီနဲ့ဒရုန်းဇုန်တို့ အဲဒီအပေါ်ဘက်က ဒိုင်မေးရှင်းဆီကို ကူးခတ်သွားလာလိုက်တယ်။ သူတို့မြူနံရံကြားကနေ ထွက်လိုက်တာနဲ့ တွေ့လိုက်ရတာက ထွက်ပြေးသွားတဲ့ မြူရေဘဝဲနဲ့ အံ့ဩနေပုံရတဲ့ အယ်လိုဟင်တို့တစ်သိုက်ပါ။
"ဟိုင်း... ဘယ်ပြေးမလဲ၊ ရေဘဝဲလေး။" အေမီက သူ့အတောင်ပံနဲ့ရိုင်ဖယ်သေနတ်ကို မြောက်လိုက်ပြီး ဆက်တိုက်ပစ်ခတ်လိုက်တယ်။ သိပ်မကြာခင်မှာပဲ ရေဘဝဲရဲ့ဦးနောက် တစ်စစီဖောက်ပစ်ခံလိုက်ရပြီး သေဆုံးသွားတော့တယ်။ မြူဒိုင်မေးရှင်းတွေလည်း ထပ်ကြုံဝင်လာပြီး အရေအတွက်လည်း ပိုနည်းလာတယ်။
အေမီက ပတ်ဝန်းကျင်ဒိုင်မေးရှင်းအခြေအနေနဲ့ လျော့ကျသွားမယ့်အရေအတွက်ကို ခန့်မှန်းတွက်ချက်လိုက်ရင်း ခေါင်းညိတ်လိုက်ပါတယ်။
"ကောင်းပြီ၊ အခုဆိုရင် ငါ့ရဲ့မြေပုံက ပြီးပြည့်စုံသလောက်ဖြစ်သွားပြီ။ ဒေါက်တာမြူဆီမှာ မြူရေဘဝဲ လေးကောင်နဲ့တစ်ဝက်ပဲကျန်တော့မယ်။"
နောက်တော့ အေမီက အယ်လိုဟင်နဲ့ပန်ဒရာဂွန်ကိုယ်ရံတော်တွေကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ "ဒီတော့ ဖရာလီတာရဲ့ဘဏ္ဍာစိုးနဲ့နောက်လိုက်တစ်သိုက်က မသေသေးဘဲရှိနေသေးတယ်ပေါ့လေ။"
အယ်လိုဟင်က အချိန်ခဏလေးအတွင်းမှာပဲ သူ့ထက်အတော်လေးအစွမ်းထက်လာတဲ့ အေမီကိုမော့ကြည့်ပြီး ပြောလိုက်တယ်။
"ဒီတော့ မင်းက ဒီနေရာရဲ့ပုစ္ဆာကို ဖြေရှင်းလိုက်နိုင်ပြီပေါ့။" အယ်လိုဟင်က အေမီနဲ့အကြိမ်ကြိမ်အခါခါ လက်တွဲတိုက်ခိုက်ဖူးတာကြောင့် ဒီမိန်းကလေးရဲ့တွက်ချက်နိုင်စွမ်းက ကြောက်စရာကောင်းမှန်းသိတယ်။
အေမီကလည်း ခေါင်းညိတ်ပြတယ်။ ရုတ်တရက် ဒရုန်းဇုန်က အတွေးတစ်ခုရလာပြီး အေမီကိုမေးကြည့်ပါတယ်။ "ဒါနဲ့၊ ငါတို့တွေ ဒိုင်မေးရှင်းအခုငါးဆယ်နီးနီးကို လိုက်ကြည့်ပြီးတော့ မြေပုံဆွဲကြည့်ထားတာဆိုပေမဲ့ အခုက မြူရေဘဝဲတချို့သေကုန်ပြီဆိုတော့ ဒိုင်မေးရှင်းအနေအထားတွေလည်း ပြောင်းကုန်လောက်ပြီမဟုတ်လား။ ငါတို့သွားလေ့လာပြီး အခြေတည်ထားတဲ့ ဒိုင်မေးရှင်းတွေလည်းပြိုလဲသွားတဲ့အထဲ ပါချင်ပါမှာပေါ့။ ဒါဆိုရင် ငါတို့တွက်ချက်မှုတွေက အသုံးဝင်ပါဦးမလား။"
အေမီက ဒရုန်းဇုန်ရဲ့မေးခွန်းကို စဥ်းစားပြီးခေါင်းညိတ်ပြတယ်။ ဒီလိုမေးတာက သဘာဝကျတယ်။ သူတို့တွေက သွားခဲ့တဲ့ဒိုင်မေးရှင်းတွေအပေါ်မူတည်ပြီး ဒိုင်မေးရှင်းနယ်မြေတစ်ခုလုံးရဲ့မြေပုံကို အလီဂိုသိမ်နည်းနဲ့ ခန့်မှန်းတွက်ထုတ်ထားတာ။
"မေးတာကောင်းတယ်၊ ဒါပေမဲ့ ကိစ္စမရှိဘူး။ မြူရေဘဝဲတွေသေကုန်တာက ငါတို့မြေပုံအတွက်တောင် ပိုအထောက်အကူဖြစ်သေးတယ်။ ငါတို့က ဒိုင်မေးရှင်းတစ်ခုနဲ့တစ်ခုဆက်စပ်ပုံကိုပဲ သိဖို့လိုတာလေ။ ဥပမာကြည့်ရအောင် ငါတို့က ဒိုင်မေးရှင်း A နဲ့ဆက်စပ်ဒိုင်မေးရှင်း ၆ ခုပါတဲ့အုပ်စုကို ဒိုင်မေးရှင်းအုပ်စုအေလို့ သတ်မှတ်မယ်။ Aအုပ်စု၊ Bအုပ်စုနဲ့ Cအုပ်စုက ဖိုခနှောင့်ဆိုင် အိမ်နီးချင်းတွေဆိုပါတော့။ မြူရေဘဝဲတစ်ကောင်သေသွားလို့ အိမ်နီးချင်းအုပ်စုA က ပျက်စီးသွားပေမဲ့ အချင်းချင်းဆက်နွယ်နေမိကိုထိန်းဖို့အတွက် တခြားငါတို့မသိတဲ့အုပ်စုက သူ့နေရာမှာဝင်လာပြီး ချိတ်ဆက်ရလိမ့်မယ်။ ဒီတော့ D, Bနဲ့C တို့က အိမ်နီးချင်းတွေဖြစ်လာမှာပေါ့။ ဒါပေမဲ့ အထဲမှာရှိနေပြီး ဒိုင်မေးရှင်းအားလုံးကိုမသိကိန်းထားထားတဲ့ ငါတို့အတွက်ကျတော့ အစားဝင်လာတဲ့ Dက Aနဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်အတူတူပဲ၊ ဒီတော့ မြေပုံအပေါ်မှာ ဘာသက်ရောက်မှုမှမရှိဘူး။ အဲဒီအစား ဒိုင်မေးရှင်းတွေနည်းလာတဲ့အတွက် ပိုပြီးခန့်မှန်ရတောင် လွယ်လာသေးတယ်။"
ဒရုန်းဇုန်ကတော့ အေမီရှင်းပြတာကို ဘာမှနားမလည်တဲ့အတွက်ကြောင့် ကြောင်ကြောင်လေးကြည့်နေတယ်။ တခြားတစ်ဖက်မှာရှိနေတဲ့ အယ်လိုဟင်ဆိုရင်လည်း အလားတူပဲ။ သူက အမူလိုက်ရဲအနေနဲ့ဆိုရင် ထက်မြက်ကောင်းထက်မြက်နိုင်ပေမဲ့ ဒေတာတွေတွက်ချက်တဲ့နေရာမှာတော့ အသုံးမဝင်ဘူး။
အေမီအခုတွက်နေတဲ့ အလီဂိုသိမ်ပုစ္ဆာတွေရဲ့အဆင့်က သင်္ချာပါမောက္ခတွေတောင် နှစ်နဲ့ချီပြီးတွက်ယူရမယ့် အဆင့်မြင့်မှာရှိတယ်။ ဟားဘတ်တက္ကသိုလ်က ပါမောက္ခတွေကို မသိကိန်း ၄၄၈ခုပါတဲ့ ပုစ္ဆာတစ်ခုကို ဖြေရှင်းပြနိုင်တဲ့လူတစ်ယောက်ရှိတယ်လို့သွားပြောရင် ပြောတဲ့လူကို ရူးနေသလားဆိုပြီး နှစ်ခါပြန်ကြည့်ကြမှာ။ အင်း၊ တစ်ခါတစ်ဖက်မှာလည်း အေမီက လူမှမဟုတ်တာ။
"ဒီတော့ တိုတိုပြောရရင် ငါတို့တွေလူပြန်စုပြီး ဒေါက်တာမြူရှိနေတဲ့ဒိုင်မေးရှင်းကို လိုက်ရှာဖို့လိုလိမ့်မယ်။"
အခုဆိုရင် မြူရေဘဝဲတွေကို ဒေါက်တာမြူက ပြန်ခေါ်ထားပြီး အစည်းအဝေးပြီးသွားတဲ့အထိ သူတို့ကိုအချိန်ဆွဲဖို့ ဆုံးဖြတ်ထားတယ်။ လောလောဆယ် သူတို့တွေက ဒေါက်တာမြူကိုထွက်ပြေးရလောက်တဲ့အထိ ဖိအားပေးနိုင်ခဲ့ကြပေမဲ့ အောင်မြင်မှအစစ်လို့တော့ မပြောနိုင်သေးဘူး။
အစည်းအဝေးပြီးလို့ ဗီလိန်မဟာမိတ်ဖြစ်လာတာနဲ့ ရှိသမျှအဆင့်မြင့်ဗီလိန်တွေ မြူနယ်မြေထဲဝင်လာပြီး သူတို့ကိုသတ်ဖို့လုပ်တာမျိုး ဖြစ်လာနိုင်သလို ကမ္ဘာကြီးကို ဗီလိန်တွေသိမ်းပိုက်ပြီးတဲ့အထိ သူတို့ကို ဒီနေရာမှာချုပ်ထားတာမျိုးလည်း ဖြစ်လာနိုင်တယ်။
ရုတ်တရက် သူတို့ရဲ့မြောက်ဖက်ဒိုင်မေးရှင်းနံရံကြီးက လောင်ကျွမ်းသွားပြီး ရွှေရောင်လှံတံနဲ့လူတစ်ယောက် သူတို့ရှိနေတဲ့ဒိုင်မေးရှင်းထဲ ပျံသန်းဝင်လာတယ်။ သူတို့လှည့်ကြည့်လိုက်တော့ အဲဒီလူက အာကိုင်းဂါမီမှာဆိုတာ သိလိုက်ကြရတယ်။ ပြီးတော့ ဒီလူထွက်လာတဲဲ့ဒိုင်မေးရှင်းက လုံးဝကိုလောင်ကျွမ်းနေပြီဖြစ်ပြီး သိပ်မကြာခင်မှာပဲ လုံးဝပြိုကျပျက်စီးသွားတယ်။
အာကိုင်းဂါမီနောက်မှာတော့ ကြက်သေသေနေတဲ့ မျက်နှာတွေနဲ့ပါလာတဲ့ ဆူဗာနာစောင့်ရှောက်သူနှစ်ယောက်ရှိတယ်။
"အ... အနီရောင်နတ်ဘုရားက... ဒိုင်မေးရှင်းတွေကို သူ့ခွန်အားသက်သက်နဲ့ မီးရှို့ဖျက်ဆီးပြီး ဒီနေရာကို ရောက်လာတာလား။ သူက တအားမိုက်တာပဲ။"
တစ်ခုမမေ့သင့်တာက ဒရုန်းဇုန်ဟာ အာကိုင်းဂါမီရဲ့သစ္စာရှိပရိသတ်တစ်ယောက်ပါ။ လူအများစု ဒီဟီးရိုးရဲ့တည်ရှိမှုကို မေ့သွားကြတာတောင် သူကတော့ အမှန်ရနေဆဲပဲလေ။
အေမီကတော့ သူ့လက်ထဲမှာ ဟော်လိုဂရမ်မြေပုံကို ထပ်ဖော်ကြည့်လိုက်ပြီး အာကိုင်းဂါမီထွက်လာတဲ့ ဒိုင်မေးရှင်းကို မြေပုံစာရင်းထဲက ဖယ်ထုတ်လိုက်တယ်။
"အာကိုင်းဂါမီက X136-A ကိုဖျက်ဆီးပစ်လိုက်တာပဲ။ ဒါနဲ့ရှင်လာတဲ့လမ်းမှာ ဒိုင်မေးရှင်းဘယ်နှစ်ခုအထိ ဖျက်ဆီးပစ်ခဲ့တာလဲ။"
အေမီမေးလိုက်တော့ အာကိုင်းဂါမီက ရွှေရောင်မျက်လုံးတွေနဲ့ အိမ်စေမလေးကိုကြည့်လိုက်ပြီး အေးစက်စက်လေသံနဲ့ ပြန်ဖြေလိုက်တယ်။
"၅ခု၊ ပြီးတော့ မြူသားရဲတစ်ကောင်သတ်ပစ်လိုက်နိုင်တယ်။"
အေမီကလည်း အဲဲဒီစာရင်းကို တွက်ချက်ကြည့်လိုက်ပြီး ဖြစ်နိုင်ခြေရှိတဲ့ ပျက်စီးသွားတဲ့ဒိုင်မေးရှင်းတွေကို ဖယ်ထုတ်လိုက်တယ်။
"ဒီတော့ အုပ်စုX136က ဒိုင်မေးရှင်းနှစ်ခုပဲကျန်တော့တဲ့ အထီးကျန်ဒိုင်မေးရှင်းဖြစ်သွားပြီ မကြာခင်မှာပဲ X136က တည်ငြိမ်မှုမရှိတော့တာကြောင့် ဒိုင်မေးရှင်းနယ်မြေထဲကနေ ပျောက်ကွယ်သွားလိမ့်မယ်။"
"ဒီတော့ ကျန်ခဲ့မှာက ၂၈၁ခု၊ ဒီတော့ ငါတို့သိပြီးတဲ့ ဒိုင်မေးရှင်းမြေပုံက ၉၅.၄%။ ငါတို့မြန်မြန်လေး လူလိုက်စုပြီးတော့ ဒေါက်တာမြူကိုရှာရမယ်။" ကျန်တဲ့လူတွေအားလုံး ခေါင်းညိတ်လိုက်ကြတယ်။
သူတို့ရှာရမယ့်လူတွေက ဖရာလီတာ၊ မက်ဒါနာ၊ စကော်ပီယိုနဲ့ဥစာကီတို့ပါ။ အေမီ၊ အာကိုင်းဂါမီ၊ အယ်လိုဟင်၊ ဒရုန်းဇုန်၊ ပန်ဒရာဂွန်ကိုယ်ရံတော်တွေနဲ့ ဆုဗာနာစောင့်ရှောက်သူတွေက သူတို့နဲ့အတူရှိနေပြီးပြီ။
....
အခြားတစ်ဖက်၊ ဗီလိန်ကွန်ဂရပ်မှာတော့ Mad doctorဟာ အန်းနပ်စ်ရဲ့စွမ်းအားကို စမ်းသပ်နေကြတဲ့ ဗီလိန်ကိုယ်စားလှယ်တွေကို ကြည့်လိုက်ပါတယ်။ဒေါက်တာမြူက မြူနယ်မြေထဲမှာ အခြေအနေမလှတော့ပေမဲ့ သူဂရုမစိုက်ပါဘူး။ မြူနယ်မြေက သူတို့ရဲ့ပထမဆုံးခံစစ်ဖြစ်ပြီး အားအကောင်းဆုံးတောင် မဟုတ်ပါဘူး။ သူကိုယ်တိုင်က ပြင်ပအခြေအနေကို ဒေါက်တာမြူနဲ့earphoneကိုသုံးကာ တိုက်ရိုက်ဆက်သွယ်ပြီးသိနေပေမဲ့ ဗီလိန်ကိုယ်စားလှယ်တွေကတော့ မသိကြသေးပါဘူး။
Mad doctorက သူ့ဘေးနားမှာရပ်နေတဲ့ ဗီးနပ်စ်ကို လှည့်ကြည့်ပြီး ပြောလိုက်တယ်။ "ဒီပုံစံအတိုင်းဆိုရင် မကြာခင် ဒေါက်တာမြူရှုံးလိမ့်မယ်။ မင်းခံစစ်ဆီကို ပြန်သွားပြီးအသင့်ပြင်ထားလိုက်။"
"အမိန့်အတိုင်းပါ၊ ခေါင်းဆောင်ကြီး။" ဗီးနပ်စ်က ခန်းမထဲကနေ လှည့်ထွက်ဖို့လုပ်ပေမဲ့ Mad doctor က လက်ကာပြပြီးတားလိုက်တယ်။
"နေဦး၊ မင်းခန္ဓာကိုယ်က ဆဲလ်တွေကိုခွဲထုတ်ပြီး ဒီမှာကိုယ်ပွားချန်ထားခဲ့။ ဒါမှ ငါတို့ခံစစ်တစ်ခုကျသွားမှန်း သူတို့သတိမထားမိသေးမှာ။"
Mad doctorက ဗီးနပ်စ်ကို ညွန်ကြားနေပေမဲ့ လော့မာရှယ်တို့ အန်းနပ်စ်နဲ့တိုက်ခိုက်နေတာကိုပဲ အာရုံစိုက်ကြည့်နေတယ်။
အန်းနပ်စ်က သူ့စွမ်းအားရဲ့ဆယ်ပုံတစ်ပုံကိုပဲ သုံးနေသေးတာတောင်မှ လော့မာရှယ်တို့အုပ်စုက ယှဥ်နိုင်ရုံပဲယှဥ်နိုင်ကြတယ်။
လော့မာရှယ်က အမာခံရှေ့တန်းသမားအဖြစ် တာဝန်ယူပြီး အန်းနပ်စ်နဲ့ခွန်အားခြင်းရှင်ဖို့လုပ်ပေမဲ့ အန်းနပ်စ်က ပိုသန်တာကြောင့် မြေပေါ်ဒူးတစ်ဖက်ထောက်ထားရတယ်။ ဝူလေ့မဟာမိတ်အဖွဲ့ရဲ့ဓားသမားနဲ့အရိပ်အဖွဲ့နင်ဂျာတို့က သူတို့ရဲ့ဇက်သတ္တုဓားတွေလက်နက်ပုန်းတွေနဲ့ အန်းနပ်စရဲ့ခန္ဓာကိုယ်ကြီးကို ဝိုင်းခုတ်ပိုင်းပစ်ခတ်ကြပေမဲ့ ဘာမှမထူးဘူး။
အခြားဗီလိန်တွေရဲ့မြူတန့်စွမ်းအားတွေကလည်း အလားတူပဲ အန်းနပ်စ်အတွက် ဖြုတ်ကိုက်သလောက်တောင်မရှိဘူး။
ဗီးနပ်စ်ကလည်း ခေါင်းဆောင်ဖြစ်သူရဲ့တည်ငြိမ်တဲ့မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး ဦးညွှတ်လိုက်ပါတယ်။
"နားလည်ပါပြီ။" အဲဲဒီနောက် ဗီးနပ်စ်ရဲ့ခန္ဓာကိုယ်က အပြင်ပန်းအရ ဘာမှပြောင်းလဲမသွားပေမဲ့ သစ်မြစ်တချို့က မသိမသာလေး ဗီးနပ်စ်ရဲ့ခြေသလုံးနားကနေ ခွဲထွက်လာပြီး ကြမ်းပြင်ကိုလျှောတိုက်ကာ အခန်းအပြင်ကိုထွက်သွားတယ်။ ဒါပေမဲ့ အများအမြင်မှတော့ ဗီးနပ်စ်က ဒီနေရာမှာ မလှုပ်မရှားဘဲ ရပ်နေတဲ့အတိုင်းပဲ။
သစ်မြစ်တွေက ခန်းမအပြင်ဖက် လူပြတ်တဲ့စင်္ကြန်တစ်နေရာကိုရောက်တော့ လူခန္ဓာကိုယ်အဖြစ် ပြန်ဖွဲ့စည်းသွားပြီး ဗီးနပ်စ်ပြန်ဖြစ်လာတယ်။ တကယ့်ဗီးနပ်စ်အစစ်က ခန်းမအပြင်ဖက်စင်္ကြန်လမ်းအပြင်ကနေ စမ်းသပ်ခန်းထဲက ထွက်ခွာဖို့ပြင်နေပေမဲ့ ဗီးနပ်စ်အတုကတော့ Mad doctorနဲ့အတူ ဗီလိန်တွေနဲ့အန်းနပ်စ်ရဲ့ပွဲကို အားပေးဖို့ကျန်နေရစ်တယ်။
လော့ဒ်မာရှယ်က အန်းနပ်စ်ရဲ့လက်သီးချက်တွေကိုရှောင်ရင်း နောက်ကိုလှည့်ကြည့်ကာ ပြောလိုက်တယ်။ ဗီလိန်ကိုယ်စားလှယ်တော်တော်များများက တိုက်ပွဲထဲမှာ ဝင်ပါနေကြပြီဖြစ်ပေမဲ့ တစ်ယောက်ကတော့ Mad doctorလိုပဲ အပြင်ထွက်နေပြီး ပွဲထိုင်ကြည့်နေတယ်။
ဒါကြောင့် လော့ဒ်မာရှယ်က အဲဒီတစ်ယောက်ကို လှမ်းအော်လိုက်တယ်။ "ဟေး၊ ဓားနတ်ဆိုး။ မင်းရဲ့ဓားပညာက ဟိုဂျပန်မအောက်မှာ ပြိုင်ဖက်ကင်းတယ်ဆို။ ဘာလို့ဝင်မပါသေးတာလဲ၊ မင်းကြောက်နေတာလား။"
လည်သာအင်္ကျီအရှည်ကိုဝတ်ထားပြီး ဓားနက်ကြီးကို ကျောမှာပိုးထားတဲ့ ဓားနတ်ဆိုးက တခြားဗီလိန်တွေနဲ့အတူ ခန်းမထဲမှာရှိနေတယ်။ သူ့အရည်အချင်းက သာမန်အဆင့်တူဗီလိန်တွေထက်ကိုပိုပြီး မြူတန့်သိပ္ပံနဲ့လည်း တစ်ခါတွဲလုပ်ဖူးသေးတယ်။ သူအခုဒီကိုလာတာက Mad doctor ကတိပေးထားတဲ့ အရာကိုယူဖို့အတွက်ပါ။
ဒါကြောင့် သူဟာတခြားဗီလိန်ကိုယ်စားလှယ်တွေလိုမျိုး စကားဟောင်ဖွာဟောင်ဖွာမပြောဘဲ သရဲတစ္ဆေလိုမျိုးသာ နောက်ကွယ်မှာရပ်နေခဲ့တာပါ။
ဓားနတ်ဆိုးက လော့ဒ်မာရှယ်ရဲ့စကားကိုကြားတော့ ရယ်မောလိုက်ပြီး ပြောလိုက်တယ်။ "ငါက ဒီနေရာမှာရှိနေတာ မင်းတို့လို အဖွဲ့အစည်းတစ်ခုခုကို ကိုယ်စားပြုဖို့မဟုတ်ဘူးကွ။ ငါ့ကိုယ်ငါကိုယ်စားပြုပြီး ငါရစရာရှိတဲ့ လုပ်အားခကို လာတောင်းရုံပဲ။ ဒီတော့ မင်းတို့ရဲ့ပျင်းစရာကောင်းတဲ့ ကစားပွဲမှာ ငါမပါချင်ဘူး။"
ဓားနတ်ဆိုးက လော့ဒ်မာရှယ်ကို ပြန်ဖြေလိုက်ပေမဲ့ သူ့မျက်လုံးတွေကတော့ အန်းနပ်စ်နဲ့ဗီလိန်တွေရဲ့လက်ရည်စမ်းပွဲအစား ဗီးနပ်စ်ကိုသာ ကြည့်နေတယ်။ ဗီးနပ်စ်က တစ်ချိန်လုံးပုံမှန်အတိုင်းနေနေပေမဲ့ သေချာစောင့်ကြည့်ရင် တစ်ခုခုကွဲလွဲနေမှန်း သိနိုင်ပါတယ်။
'ဒီတစ်ယောက်က ဗီးနပ်စ်မဟုတ်ဘူး။' ဓားနတ်ဆိုးက ကောက်ချက်ချလိုက်ပြီး သူ့အကြည့်ကိုလွှဲလိုက်တယ်။ ခဏနေတော့ Mad doctorလည်းအများနဲ့ကွဲထွက်နေတဲ့ ဓားနတ်ဆိုးကို သတိပြုမိပြီး ပြောလိုက်တယ်။
"ဓားနတ်ဆိုး၊ မင်းသူတို့ဘက်က ဝင်တိုက်ပေးလိုက်။ဒီလူတွေက အားနည်းလွန်းလို့ ကြည့်ရတာ ပျင်းလာပြီ။"
"ကောင်းပြီ၊ မင်းငါ့ကို ပေးမယ်လို့ ဂရုပေးထားတဲ့အရာကိုသာ မမေ့ပါနဲ့။"
"မင်းကို တိုက်ပွဲပြီးရင်ပေးမယ်။" Mad doctorက အေးစက်စက်ပဲ ပြန်ဖြေတယ်။ ဓားနတ်ဆိုးကလည်း သူ့ဓားကြီးကို ဆွဲထုတ်လိုက်ရတာပေါ့။
"ဘယ်တတ်နိုင်မလဲ၊ မင်းဆီက ရစရာရှိတဲ့အကြွေးကို ခဏဆိုင်းရဦးမှာပေါ့။" ဓားနတ်ဆိုးက ဒီစကားကို နည်းနည်းဖိပြီးပြောလိုက်တယ်။ သူတောင်းမယ့်အကြွေးနဲ့Mad doctor သူ့ကိုပေးစရာရှိတယ်ဆိုတဲ့အရာက မတူသလိုမျိုး ခံစားရတယ်။
....
ရန်သူတွေမရှိတော့တဲ့ ဒိုင်မေးရှင်းထဲမှာတော့ မက်ဒါနာက သူ့အင်္ကျီရဲ့အောက်အနားသပ်ကိုဖြဲပြီး လက်မောင်းကဒဏ်ရာကို ကျပ်စည်းထားလိုက်တယ်။ အနည်းဆုံးတော့ ဖြည်းဖြည်းချင်းသွေးတိတ်သွားဖို့ မျှော်လင့်ရတာပေါ့။
မြူတန့်ဖြစ်လာပြီးတဲ့နောက်မှာ မက်ဒါနာရဲ့ဒဏ်ရာတွေ ပြန်ကောင်းလာနိုင်စွမ်းက သာမန်လူတွေထက် နည်းနည်းလေးပိုမြန်တယ်။ ဒါပေမဲ့ အခုလိုအဆင့် ဒဏ်ရာမျိုးက ဆေးရုံမှာအတော်ကြာကြာနားမှပျောက်မယ့်ဒဏ်ရာမျိုးပါ။
"ကံကောင်းလို့ အသားပဲဖောက်သွားတာ။ အရိုးကိုပါထိပြီး ကျိုးသွားရင်မလွယ်ဘူး။ အဲဒီလိုသာဆိုရင် ငါလည်းထက်တိုက်နိုင်မှာမဟုတ်ဘူး။"
ပခုံးညပ်ရိုးကျိုးသွားရင် သူ့အနေနဲ့လက်မောင်းကို လှုပ်ရှားနိုင်တော့မှာမဟုတ်ဘူး။ ဒီတော့ သူ့တိုက်ပွဲစွမ်းအားလည်း အခုအခြေအနေထက် အများကြီးပိုပြီး ကျဆင်းသွားလိမ့်မယ်။
"ဒိုင်မေးရှင်းတွေက တဖြည်းဖြည်းအားနည်းလာနေပြီဆိုတော့ တခြားသူတွေ ဒီကနေထွက်ဖို့ နည်းလမ်းရှာတွေ့သွားကြတာပဲဖြစ်ရမယ်။ ဒီတော့ စိတ်မပူတော့ဘဲ ဒီနေရာမှာ ခဏလောက်နှပ်နေရမယ်။"
လက်ရှိမက်ဒါနာရဲ့အခြေအနေနဲ့ ဆက်တိုက်ပွဲဝင်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ အလောတကြီးနဲ့ဆက်ပြီး ခရီးဆက်ဖို့လုပ်မယ်ဆိုရင် သေခြင်းနဲ့ပဲ အဆုံးသတ်ရလိမ့်မယ်။ ဒိုင်မေးရှင်းအကာအရံတွေ အားနည်းလာပြီဆိုတော့ သူ့ကို သူ့မိတ်ဆွေတွေ လာကယ်မယ့်အချိန်ကို စောင့်နေဖို့ပဲ တတ်နိုင်တော့မှာ။
"စေဘာစတိန်း၊ ဘေးပတ်ဝန်းကျင်ကို သေချာကြည့်ထားဦး။ ရန်သူလာရင် ငါ့ကိုသတိပေး။"
"ဝုတ်... ဝုတ်...." ခွေးစက်ရုပ်ကြီးကို ကင်းစောင့်ခိုင်းပြီးတဲ့နောက် မက်ဒါနာက ကောင်းကင်ပြာကြီးကို မော့ကြည့်လိုက်မိတယ်။
ပိုကောင်းတဲ့ ဟီးရိုးတစ်ယောက်ဖြစ်လာဖို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာ သူ့စိတ်က အလွန်တရာပေါ့ပါးသွားတယ်။ ကိစ္စအများကြီးကိုလည်း တွေးမိတယ်။
"ငါ့အနေနဲ့ တိုကျိုစမ်းသပ်ခန်းဖြစ်ရပ်မှာ သေသွားတဲ့သူတွေကို ကိုယ်တိုင်သွားတောင်းပန်သင့်တယ်ထင်တယ်။ ပြီးတော့ ဘာကြောင့်ဖုံးကွယ်ထားဖို့ လိုအပ်တယ်ဆိုတာကို တစ်ယောက်ချင်း လိုက်ရှင်းပြသင့်တယ်။ သူတို့နားလည်ပေးနိုင်ကြမှာပါ။"
ဒါပေမဲ့ အခုလိုဆုံးဖြတ်ပြီးတဲ့အထိကို သူ့ရင်ထဲမှာ ခိုးလိုးခုလုခံနေတဲ့ ကိစ္စတစ်ခုရှိနေတုန်းပဲ။ ဥစာကီရဲ့စကားကိုလည်း သူပြန်ကြားယောင်မိသေးတယ်။
"ငါတို့က မြူတန့်သိပ္ပံကို နှိမ်နင်းဖို့ပဲလာတာမလို့ တခြားဗီလိန်အဖွဲ့တွေကို သွားထိလို့မဖြစ်သေးဘူး။ သူတို့ကို သွားစသလိုဖြစ်သွားရင် ဘယ်လိုမှဖြေရှင်းနိုင်တော့မှာမဟုတ်ဘူးဆိုပဲ။"
တကယ်လည်း အမိန့်တော်အဖွဲ့နဲ့တိုကျိုအစည်းအရုံးနှစ်ခုလုံးပူးပေါင်းပြီး တိုက်ခိုက်နေတာတောင်မှ မြူတန့်သိပ္ပံအဖွဲ့တစ်ဖွဲ့တည်းကို သူတို့မနည်းရင်ဆိုင်နေရတာ။ တကယ်လို့ တခြားဗီလိန်အဖွဲ့တွေပါ သူတို့ကို ရန်သူအဖြစ်မြင်လာရင် မလွယ်တော့ဘူး။ ဒါပေမဲ့...
"ငါ့ဦးလေးကို ဘယ်သူတွေက လုပ်ကြံခဲ့တယ်၊ ဘယ်သူတွေပါဝင်ခဲ့တယ်ဆိုတာ ငါသိချင်နေတုန်းပဲ။"
ဘေဂျင်းထောက်လှမ်းရေးအဖွဲ့က ဆုဗာနာရဲ့ဟီးရိုးကိုလုပ်ကြံဖို့ စီမံကိန်းတစ်ခုရေးဆွဲခဲ့တယ်ဆိုတာသာသိရပြီးတော့ ဘယ်သူတွေပါဝင်ခဲ့တယ်၊ ဘယ်အရာကိုရည်ရွယ်ပြီးလုပ်တယ်ဆိုတာတော့ သူမသိသေးဘူး။ ဒါကိုသိအောင်လုပ်ဖို့ဆိုရင် နောက်ဗီလိန်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အရိပ်အဖွဲ့ဆီက သတင်းနှိုက်ဖို့လိုတယ်။ ဒါပေမဲ့ အရိပ်အဖွဲ့က သတင်းအချက်အလက်လုံခြုံမှုကို ဦးစားပေးတဲ့အတွက်ကြောင့် ဒီအတိုင်း သူ့ကိုပြောမှာတော့မဟုတ်ဘူး။ ဒီတော့ အကြပ်ကိုင်ရတော့မှာ။
"ဟုတ်ပြီ၊ ဒီကိစ္စကို ငါစုံစမ်းဖို့ အချိန်မတန်သေးတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ မြူတန့်သိပ္ပံကို ရှင်းပြီးမှ သူတို့ကိုလိုက်ရှင်းရင်ရော..."
ဒါပေမဲ့ မက်ဒါနာက နှုတ်ခမ်းကိုကိုက်ထားမိပြန်တယ်။ သူ့စိတ်ထဲမှာ ဆန္ဒနှစ်ခုက လွန်ဆွဲနေတယ်။ သူ့ဦးနောက်က အသင့်တော်ဆုံးနည်းလမ်းကို ပြောနေပေမဲ့ သူ့နှလုံးသားကတော့ နားမထောင်ချင်ဘူး။
"အား... ခေါင်းတွေရှုပ်လာပြီ...." မက်ဒါနာတစ်ယောက် စိတ်ပေါက်ပေါက်နဲ့ သူ့ခေါင်းကို ထိုးဖွလိုက်တယ်။