← Chapters

ပြန်လည်စုစည်းခြင်း

Vol. 4 Ch. 36

ပြန်လည်စုစည်းခြင်း

Vol. 4 Ch. 36

မက်ဒါတစ်ယောက် အကူတွေရောက်လာတာစောင့်နေရင်းနဲ့ပဲ တဖြည်းဖြည်းပျင်းလာတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အေမီဦးဆောင်လာတဲ့အုပ်စုက သူ့ဒိုင်မေးရှင်းထဲရောက်လာတယ်။

"မမလေး.... ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သနားဖို့ကောင်းတဲ့ အခြေအနေရောက်သွားရတာလဲ။ အီးဟီးဟီး...."

အေမီတစ်ယောက် ကောင်းကင်ပေါ်ကနေ ဆင်းလာပြီး မက်ဒါနာရဲ့ကိုယ်လုံးလေးကိုဆွဲမြှောက်ပြီး ပြောလိုက်တာပါ။ ဒရုန်းဇုန်နဲ့အာကိုင်းဂါမီကတော့ အဲဒီမြင်ကွင်းကို အေးစက်စက်နဲ့သာကြည့်နေလေရဲ့။

"မမလေး၊ ဒဏ်ရာရထားသေးတာလား။ ဒုက္ခပဲ၊ ဆေးရုံအမြန်လိုက်ပို့မှဖြစ်မယ်။" အေမီရဲ့ရင်ခွင်ထဲမှာ မင်းသမီးလေးလိုရှိနေတဲ့ မက်ဒါနာကတော့ လက်ရှိဖြစ်ပျက်နေတာတွေကို နားမလည်နိုင်တော့ဘူးဖြစ်နေတယ်။

"အခုက ငါတို့တွေ တိုက်ပွဲထဲမှာမလို့ ဆေးရုံသွားလို့မရသေးဘူးလေ။" မက်ဒါနာက အေမီကိုပြောလိုက်တယ်။ တကယ်လည်း သူတို့တွေ မြူနယ်မြေထဲက မထွက်နိုင်ကြသေးဘူး။

ဒါပေမဲ့ အယ်လိုဟင်က ပြောလိုက်တယ်။ "ငါတို့မှာ ဆေးပစ္စည်း နည်းနည်းတော့ပါလာတယ်။ ပိုးသတ်ပြီး ပိုကောင်းတဲ့ ရှေးဦးသူနာပြုစုနည်းတွေနဲ့ ဆက်တိုက်ပွဲဝင်နိုင်အောင် လုပ်ပေးနိုင်လိမ့်မယ်။"

သူတို့တွေက စစ်တပ်အဆင့် ပြင်ဆင်မှုနဲ့အတူ မြူတန့်သိပ္ပံကို တိုက်ခိုက်ဖို့လာခဲ့တာပါ။ ဒါကြောင့် ကိုယ်ရံတော်တွေမှာ အခြေခံထောက်ပံရေးပစ္စည်းတွေ မပါဘဲဘယ်နေပါ့မလဲ။

"တကယ့်ပြဿနာက reactorထဲမှာ ဘာစွမ်းအားမှမကျန်တော့တာပဲ။ ငါ့စွမ်းအားနဲ့ ဆက်လည်ပတ်အောင်လုပ်လို့ရပေမဲ့ စွမ်းအားပြည့်နဲ့တော့ ဆက်တိုက်လို့ရတော့မှာမဟုတ်ဘူး။" မက်ဒါနာက သူ့ချပ်ဝတ်အခြေအနေကို ကြည့်ရင်းပြောလိုက်တယ်။

ထိခိုက်မှုအနည်းငယ်ရှိပြီး ခြစ်ရာတွေနဲ့ထိုးဖောက်ခံထားရတဲ့ နေရာတစ်ခုရှိပေမဲ့ ကိစ္စကြီးတော့မဟုတ်ဘူး။ အဓိကပြဿနာက မောင်းနှင်ဖို့ လောင်စာမရှိတော့တာပါ။

ဒရုန်းဇုန်က မက်ဒါနာနဲ့အေမီတို့အဖွဲ့ကိုကြည့်ရင်း စိတ်ညစ်လာတယ်။ "ဒီတော့ နင်တို့မှာ လောင်စာအပိုမရှိဘူးလား။ ပြီးတော့ ငါတို့က ဆက်သွားရဦးမှာလေ။"

မက်ဒါနာရောအေမီရော ခေါင်းခါပြလိုက်ကြတယ်။ Battleheart အမျိုးအစား reactorတွေက fusion နျူကလီးယား နည်းပညာသုံး reactor တွေဖြစ်ပါတယ်။ ပြောရရင် အက်တမ်နှစ်လုံးပေါင်းရာကနေ ထွက်ပေါ်လာတဲ့ နျူကလီးယားစွမ်းအင်ကို ကိုသုံးတာဖြစ်ပြီး reactorက အဲဒီအက်တမ်နှစ်လုံးကို ပေါင်းပေးတဲ့နေရာပါ။ လူပိန်းနားလည်အောင်ပြောရရင် ဘက်ထရီအားသွင်းသလိုသွင်းလို့မရဘဲ နောက်တစ်ကြိမ် လည်ပတ်အောင်လုပ်ဖို့ အချိန်ယူရပါတယ်။

"reactorအပိုတစ်ခုကို ဖြုတ်ပြီးလဲလိုက်ရင်တော့ အချိန်ကုန်သက်သာတယ်။ ဒါပေမဲ့ ဒီမှာရှိနေတဲ့ reactorတိုင်းက သူ့ဟာနဲ့သူအလုပ်လုပ်နေကြပြီးသားလေ။"

အေမီ၊ စေဘာစတိန်းနဲ့ မြေဆွဲအားဓားတို့ကလည်း မော်ဒယ်ပဲကွဲတဲ့ reactorတွေနဲ့ မောင်းနှင်နေကြတာပါ။ ဒါပေမဲ့ သူတို့ဆီကဖြုတ်သုံးမယ်ဆိုရင်လည်း မက်ဒါနာရဲ့တိုက်ပွဲစွမ်းအားက ပြုတ်ကျသွားဦးမှာမလို့ လဲသုံးတာနဲ့မသုံးတာက အတူတူပဲ။

"မမလေး ကျွန်မဥစ္စာယူသုံးလိုက်လေ။" အေမီက ချက်ချင်းသူ့reactorကို ထုတ်ပေးဖို့အတွက် နည်းပညာဝတ်စုံကိုချွတ်ပြီး အထဲက အိမ်စေဝတ်စုံကိုပါ ချွတ်ဖို့ပြင်နေလို့ ဘေးကလူတွေ မနည်းဝိုင်းဆွဲရတယ်။

"ဟဲ့... ဟဲ့... နင်က မိန်းကလေးလေ၊ ဘာလုပ်တာလဲ။"

"ကျွန်မရဲ့အရှက်နဲ့အသက်ထက် မမလေးက ပိုအရေးကြီးတယ်။" မက်ဒါနာရဲ့ဒရုန်းဇုန်က အေမီကို ဆက်အင်္ကျီတွေဆွဲမချွတ်နေအောင် မနည်းဝိုင်းထားထားရတယ်။ အခုသူတို့လူစုထဲမှာ ယောက်ျားလေးတွေနဲ့လေ။

နောက်ဆုံးတော့ မက်ဒါနာက စေဘာစတိန်းရဲ့reactorကို ယူဖို့ပဲဆုံးဖြတ်လိုက်တယ်။

"စိတ်မရှိပါနဲ့၊ စေဘာစတိန်း။ ပြန်ရောက်မှ reactor အသစ်လုပ်ပေးမယ်နော်။ ငါအသုံးလိုလို့ပါ။"

မက်ဒါနာက စေဘာစတိန်းရဲ့ပါဝါကိုမပိတ်ခင် ခေါင်းကိုပွတ်ပေးလိုက်တယ်။ နောက်မှ စေဘာစတိန်းရဲ့ခန္ဓာကိုယ်ထဲက စွမ်းအင်ဗဟိုချက်ကို ထုတ်တယ်။ စေဘာစတိန်းရဲ့အသုံးဝင်မှုက သူ့ရဲ့လက်နက်တွေအပေါ်မှာ မူတည်ပါတယ်။ ဒါပေမဲ့ မက်ဒါနာက သေနတ်တွေရောအမြောက်တွေကိုပါ ကျည်အကုန်သုံးလိုက်ပြီမလို့ စေဘာစတိန်းရဲ့တိုက်ပွဲစွမ်းအားက တော်တော်လေးကျသွားပြီ။ ဒီတော့ စေဘာစတိန်းရဲ့တိုက်စစ်စွမ်းအားနဲ့မက်ဒါနာရဲ့ဝတ်စုံတိုက်စစ်စွမ်းအားချင်းယှဥ်ကြည့်ရင် ငွေရောင်စစ်သည်က ပိုအရေးကြီးတယ်။

ငွေရောင်စစ်သည်ရဲ့ရင်ဘတ်မှာ စေဘာစတိန်းရဲ့reactorကို တပ်ပြီးတဲ့နောက် မက်ဒါနာက အစမ်းလှုပ်ရှားကြည့်တယ်။

"ဟုတ်ပြီ... ဝတ်စုံကို အများကြီးအဆင့်မြှင့်ထားလို့ reactorက လိုက်မမီလောက်တော့ဘူးထင်ပေမဲ့ အဆင်တော့ ပြေနေသေးသားပဲ။" မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး ခေါင်းစွပ်ကို ပြန်ဝတ်ထားလိုက်တယ်။

စေဘာစတိန်းရဲ့reactorက အရင်က ငွေရောင်စစ်သည်မှာတပ်ထားတဲ့ Battle heart 01 ပါ။ ပြောရရင်တော့ အခုအချိန်မှာ ငွေရောင်စစ်သည်အတွက် နည်းနည်း ခေတ်နောက်ကျနေပြီ။ ဒါပေမဲ့ ဟာရီကိန်းဓားကွက်လို စွမ်းအင်တအားစားတဲ့ တိုက်ကွက်တွေမထုတ်မိမချင်းတော့ အဆင်ပြေပါတယ်။

မက်ဒါနာက စေဘာစတိန်းကို သေတ္တာအဖြစ်ပြန်ပြောင်းလိုက်ပြီး ကျန်တဲ့အဖွဲ့သားတွေကို ကြည့်လိုက်တယ်။ "ကဲ... ငါတော့ အသင့်ဖြစ်ပြီ၊ ကျန်တဲ့သူတွေ လိုက်ရှာရအောင်။"

အားလုံးခေါင်းညိတ်လိုက်ကြတယ်။ သူတို့တွေအနေနဲ့ စကော်ပီယို၊ ဥစာကီနဲ့ ဖရာလီတာတို့ကို မြူတွေထဲမှာ လိုက်ရှာရဦးမယ်။

အမိန့်တော်အဖွဲ့နဲ့ဟီးရိုးတွေက သူတို့ရဲ့ကျန်နေသေးတဲ့ ရဲဘော်ရဲဘက်တွေကို လိုက်ရှာဖို့အတွက် လေပေါ်ပျံတက်လိုက်ကြတယ်။ အားလုံးက အလင်းဒြပ်စင် အတောင်ပံတွေကို ဝတ်ဆင်ထားကြတဲ့အတွက် ငှက်တစ်အုပ် ပင်လယ်အထက်မှာ ပျံသန်းနေသလိုကို ထင်ရတယ်။

မက်ဒါနာအပါအဝင် အဖွဲ့သားတွေအကုန်လုံးက မြူနယ်မြေရဲ့မြေပုံကိုကိုင်ထားတဲ့ အေမီနောက်ကနေ လိုက်ကြရတယ်။ အေမီအနေနဲ့ ပုံမှန်အခြေအနေမျိုးမှာဆိုရင် ဒီမြေပုံကို အားလုံးအတွက်မျှဝေပေးမှာဆိုပေမဲ့ မြူနယ်မြေက ကျပန်းပြောင်းလဲနေတာပါ။

အေမီရဲ့အဆင့်မြင့်တဲ့ စူပါကွန်ပျူတာနဲ့သာ ဒီနယ်မြေကြီးရဲ့နောက်ကွယ်က အလီဂိုသိမ်တွေကို တွက်ချက်နိုင်တာဖြစ်ပြီး တခြားသူတွေကို မြေပုံကူးပေးလိုက်ရင်တောင် အသုံးမဝင်တဲ့ ဧရာမRubik's cube ပုစ္ဆာကြီးပဲ ဖြစ်နေဦးမှာပါ။ အေမီအပြင် ဒီကမ္ဘာကြီးမှာ ဒီလိုပုစ္ဆာမျိုးကို ဖြေရှင်းနိုင်မယ့်လူဆိုလို့ ဖရာလီတာရဲ့ဘဏ္ဍာစိုးကြီး စတန်းဖို့ဖ်ပဲရှိလိမ့်မယ်။ ဒါပေမဲ့ အခုက စတန်းဖို့ဖ်မရှိတော့တဲ့အတွက် အေမီက တစ်ယောက်တည်းသောသူပါ။

မက်ဒါနာက အဲဒီကိစ္စကိုစဥ်းစားမိသွားပြီး အေမီကိုကြည့်လိုက်တယ်။ တကယ်တော့ အစောပိုင်းတုန်းက မက်ဒါနာဟာ အေမီဆီကနေ မြူနယ်မြေမြေပုံကို မရအရတောင်းခဲ့သေးတယ်။ သူ့ရဲ့လူသာလွန်စူပါဘရိန်းနဲ့တောင် မြူနယ်မြေရဲ့အလှည့်အပြောင်းတွေကို မတွက်ချက်နိုင်လို့သာ အေမီကို အုပ်စုခေါင်းဆောင်ခန့်လိုက်ရတာပါ။

"တွေးကြည့်ခါမှ ကမ္ဘာ့လူဦးရေသန်းကိုးထောင့်သုံးရာမှာ နင်တစ်ယောက်တည်း ဒီမြူနယ်မြေကို အဖြေထုတ်နိုင်တာလေ။ အဲဒါကို ဒေါက်တာမြူက နင်နဲ့မှလာတွေ့တယ်ဆိုတော့ တော်တော်ကံဆိုးတာပဲ။"

ဒေါက်တာမြူဖက်က တွေးကြည့်မယ်ဆိုရင် အေမီရဲ့တည်ရှိမှုက ဘုရားသခင်ပေးတဲ့ ပြစ်ဒဏ်ကြီးလိုပါ။ အေမီသာမရှိရင် မက်ဒါနာတို့အုပ်စုက မြူရေဘဝဲတွေကို သတ်နိုင်ပြီး ဒေါက်တာမြူကိုပုန်းနေရတဲ့အထိ ပြန်ခြိမ်းခြောက်နိုင်ရင်တောင် အခုလိုမျိုး တစ်ပေါင်းတစ်စုတည်းနဲ့ တန်ပြန်တိုက်စစ်ဆင်ဖို့ လုပ်နိုင်မှာမဟုတ်ဘူး။ ဒီလိုဆိုရင် ဗီလိန်အစည်းအဝေးပြီးတာနဲ့ သူတို့တွေသေဖို့ကိုပဲ ထိုင်စောင့်နေရတော့မှာ။

"အင်း... တကယ်တော့ သူက ကျွန်မနဲ့တွေ့လို့ ကံဆိုးတာမဟုတ်ပါဘူး။ မမလေးကို မြူတန့်သိပ္ပံတွေ ရန်စမိကတည်းကကို ကံဆိုးသွားတာ။" အေမီရဲ့စကားကြောင့် မက်ဒါနာတစ်ယောက် တံထွေးတွေထွေးထုတ်မိလုနီးနီးပဲ။ ဒါပေမဲ့ ဝတ်စုံထဲမှာဆိုတော့ တံထွေးထွေးမိရင် ခေါင်းစွပ်ဖန်သားပြင်တွေကို ပေကျံကုန်လိမ့်မယ်။

"ဖွီl... ကောင်မစုတ်လေး၊ နင်က ဖားတောင်ဖားတတ်နေပြီပေါ့။ ဘယ်က သင်လာတာလဲ။"

"ဘယ်က ဖားရမှာလဲ၊ ကျွန်မက အမှန်အတိုင်းပြောတာ။ လူပေါင်းသန်းကိုးထောင်ထဲမှာ ကျွန်မကိုဖန်တီးပေးနိုင်တာဆိုလို့ မမလေးတစ်ယောက်ပဲရှိတယ်။ ဒီတော့ သူတို့ကံဆိုးတာ ကျွန်မကြောင့်မဟုတ်ဘဲ မမလေးကြောင့်ပဲနေမှာ။"

အိမ်စေမလေးနဲ့သူ့ရဲ့သခင်မလေးက ကောင်းကင်ပေါ်မှာပျံသန်းနေရင်း တစ်ယောက်နဲ့တစ်ယောက် တွန်းထိုးရင်း စကားများနေကြလေရဲ့။ အယ်လိုဟင်ကတော့ ရှေ့ဆုံးကသွားနေတဲ့ သူတို့နှစ်ယောက်ကိုကြည့်ရင်း ခေါင်းတညိတ်ညိတ်နဲ့ပါ။

"ဒီတော့ အဖော်ရှိရတဲ့ခံစားချက်က အဲဒီလိုပေါ့။" အယ်လိုဟင်ရဲ့လေသံက အထီးကျန်နေသူလိုမျိုး ခပ်ဆွေးဆွေးရယ်။

နောက်တော့ တစ်ယောက်ယောက် သူ့ပခုံးပေါ်လက်တင်လိုက်တာကို ခံစားမိတာကြောင့် လှည့်ကြည့်တော့ အာကိုင်းဂါမီဖြစ်နေတယ်။ ဒီပြိုင်ဖက်ကင်းမြူတန့်က အယ်လိုဟင်ကို ပြုံးရုံလေးပြုံးပြလိုက်ပြီး ခေါင်းညိတ်ပြတယ်။

"မင်းခံစားချက်ကို ငါနားလည်တယ်။"

"....." စက္ကန့်အနည်းငယ်ကြာတဲ့အထိ ကမ္ဘာပေါ်မှာ အထီးအကျန်ဆုံး သတ္တဝါနှစ်ကောင်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေမိကြတယ်။

အယ်လိုဟင်ကတော့ တစ်သက်လုံး အလုပ်ချည်းဖိလုပ်နေခဲ့တာကြောင့် မိန်းမရဖူးတာတောင် ဟိုက သူ့ကိုထားသွားတယ်။ အာကိုင်းဂါမီကတော့ ထာဝရအသက်ကြောင့် ထာဝရသင်းကွဲဝံပုလွေဖြစ်ဖို့ ဇာတာပါလာတယ်။ ဘယ်လိုတောင် နှလုံးသားချင်းနီးလိုက်တဲ့ ရဲဘော်ရဲဘက်နှစ်ယောက်လဲ။

....

တစ်ဖက်မှာတော့ ဖရာလီတာက မြူရေဘဝဲအတုတွေနဲ့အရိုးမျက်နှာတွေကို လက်သီးနဲ့ထိုးလိုက် အမြောက်နဲ့ပစ်လိုက် လိုက်ဒုံးကျည်တွေနဲ့ ဖောက်ခွဲလိုက်လုပ်နေတယ်။

အစပိုင်းမှာတော့ မြူရေဘဝဲအတုလေးကောင်က သူ့ကိုတော်တော်လေး ဒုက္ခပေးနိုင်ခဲ့တယ်ဆိုပေမဲ့ ရန်သူတွေရဲ့တိုက်ခိုက်ရေးပုံစံကို မှတ်သားပြီးတဲ့နောက် ပြန်လည်တိုက်ခိုက်နိုင်ခဲ့တာကြောင့် အောက်စည်းအခြေအနေကနေ ပြန်လွတ်လာတာပါ။

ဖရာလီတာရဲ့Archmegaဝတ်စုံက မီးလက်နက်ပစ်ခတ်မှုပိုင်းမှာ Silverknightထက် အများကြီးပိုသာတဲ့အတွက် ဒီအခွင့်အရေးကို ရခဲ့တာပါ။

နောက်ဆုံးကျန်ခဲ့တဲ့ မြူရေဘဝဲက သူ့လက်တံတွေကိုဖြန့်ပြီး Archmegaကို ဖမ်းဖို့ကြိုးစားတယ်။ တစ်ဖက်မှာတော့ Archmegaက သူ့ရဲ့ဂျက်အင်ဂျင်ကို အဆုံးအထိဆွဲတင်ရင်း အမြန်နှုန်းနဲ့ dog fight စတိုင်ရှောင်ပြေးတယ်။ ပြေးနေတဲ့အချိန်အတွင်းမှာပဲ သူ့ပခုံးက ချပ်ဝတ်အဖုံးတွေဟာ ဟိုက်ဒေါလစ်စနစ်ကြောင့်ပွင့်သွားပြီး အတွင်းက မီနီစကတ်ဒုံးတွေ ပြေးထွက်လာတယ်။

ဟီလီယမ်ဓာတ်ငွေ့သုံး ပေါက်ကွဲအားမြင့် စကတ်ဒုံးတွေက တင့်ကားတွေကိုတောင် တစ်စစီလုပ်ပစ်နိုင်ပါတယ်။ မြူရေဘဝဲက အတော်လေးအကြမ်းခံတယ်ဆိုပေမဲ့ စကတ်ဒုံးဒါဇင်ပေါင်းများစွာရဲ့ပြိုင်တူထိမှန်ခြင်းကို ခံလိုက်ရတဲ့အတွက် ဘယ်နည်းနဲ့မှ အဆင်မပြေနိုင်တော့ပါဘူး။ အဲဒီနောက် တစ်ချက်အော်ဟစ်လိုက်ပြီး မြူတွေအဖြစ်ပြောင်းလဲပျောက်ကွယ်သွားတယ်။

"ဟူး... ငါသတိလွတ်လို့မဖြစ်သေးဘူး၊ ကျည်က နည်းလာပြီ။ သူတို့က ဘယ်နေရာကနေမဆို ထွက်လာနိုင်တယ်။"

တကယ်တော့ Archmegaရဲ့အခြေအနေကလည်း သိပ်ကောင်းတဲ့အထဲမပါဘူး။ အစပိုင်းမှာတော့ ဖရာလီတာက အလင်းဒြပ်စင်အမြောက်ကို ဆက်တိုက်သုံးခဲ့ပေမဲ့ အမြောက်ရဲ့သီးသန့်reactorမှာ စွမ်းအင်လက်ကျန်နည်းလာတဲ့အတွက် ဒုံးတွေနဲ့စက်သေနတ်တွေကို ပြောင်းသုံးပြီးတိုက်ခိုက်နေတာပါ။ အားနည်းတဲ့ ရန်သူတွေဆိုရင် မီးပေါက်အပူလက်နက်တွေကို မသုံးဘဲ Archmegaရဲ့သံမဏိလက်ကြီးတွေသီးသန့်နဲ့ အနိုင်ယူဖို့ကြိုးစားရတယ်။

အားလုံးခြုံငုံပြောရရင်တော့ ကျည်နည်းလာတာနဲ့ အမြောက်ထဲမှာစွမ်းအင်လက်ကျန်နည်းလာတာကလွဲရင် Archmegaမှာ ဘာပြဿနာမှရှိမနေဘူး။

"ငါ့ဝတ်စုံက Silverknightလိုမျိုး ပင်မreactor ကနေ စွမ်းအင်အများကြီးစားတဲ့ တိုက်ကွက်တွေမရှိလို့ တော်သေးတယ်။"

Archmegaရဲ့ပင်မreactorက ဂျက်အင်ဂျင်နဲ့အခြေခံဝတ်စုံရဲ့လှုပ်ရှားမှုတွေကိုသာ ထိန်းချုပ်တာဖြစ်ပြီး သေနတ်အမြောက်တွေအတွက် စွမ်းအင်ထောက်ပံပေးစရာမလိုဘူး။ အလင်းဒြပ်စင်အမြောက်ကလည်း သီးခြားreactorတစ်ခုရှိတယ်။

"အဲဒီကောင်မစုတ် မက်ဒါနာတော့ ခုလောက်ဆိုရင် အားကုန်နေတဲ့ သူ့စစ်သည်တော်ဝတ်စုံကြီးကို ကျောပိုးပြေးနေရလောက်ပြီ။"

ဖရာလီတာတစ်ယောက် အကြံဆိုးကြီးနဲ့ရယ်လိုက်တဲ့အချိန်မှာပဲ ဒိုင်မေးရှင်းပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတယ်။ ဉာဏ်ကောင်းတဲ့သူတစ်ယောက်ဖြစ်တာနဲ့အညီ တစ်ယောက်ယောက်က မြူနယ်မြေကို ဖျက်ဆီးဖို့ ကြိုးစားနေပြီမှန်း ဖရာလီတာသိလိုက်တော့တယ်။

"ကြည့်ရတာ ငါတို့တွေတန်ပြန်တိုက်စစ်ဆင်နိုင်ဖို့ ဘယ်လောက်မှ မလိုတော့ဘူးထင်တယ်။"

Archmegaတစ်ယောက် ကိုယ့်အတွေးနဲ့ကိုယ် ခါးထောက်ရယ်မောနေတဲ့အချိန်မှာပဲ မြူနံရံထဲကနေ အတောင်ပံနဲ့အရိပ်နက်တစ်ဒါဇင်လောက် သူ့ဆီကို ချဥ်းကပ်လာတယ်။

"လာကြပြန်ပြီလား...." ဖရာလီတာက ရန်သူထင်တဲ့အတွက် တိုက်ပွဲအတွက်အသင့်ပြင်လိုက်တယ်။ ခါတိုင်းလည်း အရိုးမျက်နှာတွေက ဒီလိုပုံစံမျိုးနဲ့ တခြားဒိုင်မေးရှင်းတွေကနေ အကူလာနေကြပါ။

ဒါကြောင့် Archmegaလည်း သူ့အမြောက်ကြီးနဲ့လှမ်းချိန်လိုက်တယ်။ ဒါပေမဲ့ တစ်ဖက်ကထွတ်လာတဲ့လူတွေက အရိုးမျက်နှာတွေနဲ့ အတော်လေးကွာပြီး တိတိကျကျပြောရရင်တော့ အတောင်ပံနဲ့ညိုချောအိမ်စေမလေးက ရှေ့ဆုံးကနေထွက်လာတာ။

အေမီက သူ့ကိုအမြောက်ပြောင်းဝကြီးနဲ့ချိန်ထားတဲ့ Archmegaကိုတွေ့တော့ ကြောက်လွန်းလို့ သူ့သခင်မလေးနောက်ကို ဝင်ပုန်းတယ်။

"အား.... သခင်မလေးကယ်ပါ။"

အေမီရဲ့အသံကြားမှ Archmegaလည်း ရောက်လာတဲ့သူတွေက ရန်သူမဟုတ်မှန်းသိလိုက်ရတယ်။ မက်ဒါနာကတော့ ခပ်တည်တည်နဲ့ အနက်ရောင်ဝါးဖရိန်ကြီးနား ပျံသန်းသွားလိုက်ပြီး ပခုံးပုတ်လိုက်တယ်။

"ထင်ထားတဲ့အတိုင်းပဲ၊ Archmegaက လွယ်လွယ်ရှူံးမှာမဟုတ်မှန်း ငါသိသားပဲ။" မက်ဒါနာက LN တွေထဲက ဗီလိန်တွေရဲ့လေသံကို အတုခိုးပြီးပြောလိုက်တယ်။

ဝါးဖရိန်ထဲမှာရှိနေတဲ့ ဖရာလီတာကတော့ အခုလိုမျိုး ရုတ်တရက်ပြောခံလိုက်ရတဲ့အတွက် မျက်နှာလေးနီရဲသွားတယ်။

"အမလေး၊ ဒီစကားက... ဒီစကားက.... နီဟွန်းဇာတ်လမ်းတွေထဲမှာ ပြိုင်ဖက်လုပ်တဲ့သူက ဇာတ်လိုက်ကို ပြောနေကျစကားမဟုတ်လား။ မက်ဒါနာက ငါ့ကိုသူ့ရဲ့ထိုက်တန်တဲ့ပြိုင်ဖက်အဖြစ် အသိအမှတ်ပြုလိုက်တာလား။"

အေမီကတော့ မျက်လုံးလေးကလယ်ကလယ်နဲ့ သခင်မလေးနှစ်ယောက်ကိုကြည့်ရင်း ဝင်ပြောလိုက်တယ်။

"မမလေး၊ ပြောရမယ့်စကားက မှားနေပြီလေ။ ဘယ်လိုပဲပြောပြော မမလေးက ဟီးရိုးမလို့ အဲဒီစကားကို အန်တီဟီးရိုးဖြစ်တဲ့ အသေးမလေးက ပြောရမှာ။ ပြီးတော့ မမလေးက ခုနလေးတင် ရှုံးလာတာမဟုတ်ဘူးလား။ ဘယ်လိုလုပ် နိုင်တဲ့သူကို သွားပြီး ဆရာကြီးအထာနဲ့ပြောနေရတာလဲ။"

ဒါပေမဲ့ အဲဒီစကားကြောင့် အေမီရလိုက်တဲ့တစ်ခုတည်းသောအရာက သခင်မလေးနှစ်ယောက်ရဲ့မျက်စောင်းနဲ့ အော်သံပါ။

"ခုချက်ချင်းတိတ်စမ်း။"

"......"

နောက်တော့ သူတို့တွေ အလုပ်ကိစ္စပဲ ဆက်လုပ်ဖြစ်ကြတယ်။ နောက်ဆက်သွားသင့်တဲ့ ဒိုင်မေးရှင်းကို အေမီက သတ်မှတ်ဖို့အတွက် သူ့ရဲ့ကမ္ဘာ့အရှုပ်ထွေးဆုံး ရွန်းဘတ်ဗဟေဋ္ဌိမြေပုံကို ထပ်ကြည့်လိုက်ပြန်တယ်။

"ဟုတ်ပြီ၊ နောက်ထပ်ရှာဖို့ ကျန်သေးတဲ့လူနှစ်ယောက်က စကော်ပီယိုနဲ့ဥစာကီပဲ။ ဥစာကီကတော့ စွမ်းအားကြီးလို့ သိပ်မပူရပေမဲ့ အားလုံးကြုံခဲ့ရတဲ့ အန္တရာယ်အဆင့်နဲ့ဆိုရင် Rank A အဆင့်ပဲရှိသေးတဲ့ စကော်ပီယိုဟာ တစ်ယောက်တည်းရှိနေရင် သူ့အတွက် အသက်ရှင်နိုင်ဖို့ အခွင့်အလမ်းနည်းတယ်။"

အေမီရဲ့စကားကို လူတိုင်းခေါင်းညိတ်ပြကြတယ်။ ဆုဗာနာစောင့်ရှောက်သူနှစ်ယောက်က နှစ်ယောက်တစ်တွဲကျခံလို့ ကံကောင်းတယ်ပြောလို့ရတဲ့အပြင် အာကိုင်းဂါမီကလည်း လွတ်လွတ်ချင်း သူတို့ဒိုင်မေးရှင်းထဲရောက်လာတယ်။

တစ်ဖက်မှာတော့ အယ်လိုဟင်က အားနည်းတဲ့ပန်ဒရာဂွန်ကိုယ်ရံတော်တွေနဲ့ ရှိနေခဲ့တာဖြစ်ပြီး ကိုယ်တိုင်က A rank ဖြစ်ပေမဲ့ ဖရာလီတာရဲ့Sidesickသာသာဖြစ်နေတဲ့သူ့ကို မြူတန့်သိပ္ပံက အများကြီးတွက်ထားပုံမပေါ်ဘူး။

ဒရုန်းဇုန်ကလည်း အတူတူပဲဖြစ်ပြီး မြူနယ်မြေကို မြေပုံဆွဲတဲ့ဉာဏ်ကြီးရှင်က သူ့ကိုပထမဆုံးရှာတွေ့ခဲ့တာလေ။

"စကော်ပီယိုကို အရင်ရှာတွေ့ရင်ကောင်းမယ်။ ဒီလိုမှ သူ့အသက်စိတ်ချရမှာ။ မြူနယ်မြေထဲမှာက ကြာလေ အသက်အန္တရာယ်ရှိလေပဲ။ ဒေါက်တာမြူက တိုက်စစ်ကိုစွန့်လွှတ်ပြီး ခံစစ်ကိုပဲအာရုံပြောင်းစိုက်နေပေမဲ့ စကော်ပီယိုဘာတွေကြုံနေရလဲဆိုတာ ငါတို့မသိနိုင်ဘူး။"

မက်ဒါနာရဲ့စကားကို အားလုံးခေါင်းညိတ်ကြတယ်။နောက်တစ်ခါ သူတို့ရှာတွေ့မယ့်လူက စကော်ပီယိုဖြစ်မဖြစ်ဆိုတာ မသေချာဘူး။ အေမီက မြေပုံဆွဲပြီး အဖွဲ့သားတွေရှိနေနိုင်တဲ့ ဒိုင်းမေးရှင်းတွေကို စစ်ထုတ်နိုင်ခဲ့တယ်ဆိုပေမဲ့ ခန့်မှန်းချက်က ခန့်မှန်းချက်သာဖြစ်ပြီး GPS မဟုတ်ပါဘူး။

"ကံမကောင်းတာက ကျွန်မလုပ်နိုင်တာဆိုလို့ လူတွေရှိနေနိုင်တဲ့ ဒိုင်မေးရှင်းတွေကို စစ်ထုတ်ပြီးခန့်မှန်းရုံပဲ။ အဲဒီခန့်မှန်းချက်ထဲက ခြောက်ဆယ်ရာခိုင်နှုန်းကမှားနေတာမလို့ အလွတ်ဖြစ်နေတဲ့ဒိုင်မေးရှင်းတချို့ကို ကျွန်မတို့ဖြတ်ခဲ့ရသေးတယ်။ ဒီတော့ ဘယ်ဒိုင်မေးရှင်းမှာ လူရှိမလဲဆိုတာကို ရာနှုန်းပြည့်တောင် မသိနိုင်တာ၊ တစ်ယောက်ချင်းစီရဲ့တည်နေရာအတိအကျဆိုရင်တော့ ပိုခက်သွားပြီ။"

တကယ်လို့ အေမီသာ ဒိုင်မေးရှင်းနယ်မြေထဲမှာရှိနေတဲ့ အဖွဲ့သားတွေရဲ့တည်နေရာအတိအကျကို သိနေမယ်ဆိုရင် သူ့သခင်မလေးကိုပဲ အရင်ရှာမှာပေါ့။ အဲဒီအစား မဲနှိုက်သလိုမျိုး ကျပန်းလိုက်ရှာနေမှာမဟုတ်ဘူး။

စူပါကွန်ပျူတာတစ်လုံးမှာလည်း လုပ်နိုင်စွမ်းအကန့်အသတ်ဆိုတာရှိပါတယ်။ အထူးသဖြင့် မြူနယ်မြေလို ဒေတာရရှိနိုင်စွမ်းနည်းတဲ့ နေရာမျိုးမှာပေါ့။ စာဖိုးမှူးတစ်ယောက်က ဘယ်လောက်ပဲတော်နေပါစေ အသားကောင်းမရှိဘဲ ဟင်းကောင်းမချက်နိုင်ဘူး။ အလားတူပဲ စူပါကွန်ပျူတာတစ်လုံးဟာလည်း တိကျတဲ့ ဒေတာအချက်အလက်တွေမရှိဘဲ တွက်ချက်လို့မရဘူး။

"ကျွန်မလည်းဖြစ်နိုင်ရင် ဒိုင်မေးရှင်းနယ်မြေထဲက ရန်သူတွေနဲ့မိတ်ဆွေတွေရဲ့လှုပ်ရှားမှုတွေကို အတိအကျထောက်လှမ်းချင်ပေမဲ့ အဲဒါက ၂၃နဲ့၅၆ ပေါင်းလဒ်ကနေတစ်ဆင့် မမလေးရဲ့ဒီနေ့ဝတ်ထားတဲ့ ပင်တီအရောင်ကိုရှာပါဆိုတဲ့ ပုစ္ဆာလိုဖြစ်နေတာ။"

အေမီရဲ့စကားကြောင့် မြူဒိုင်မေးရှင်းထဲကလူတိုင်း အသားညိုညိုအိမ်စေမလေးကို ထူးဆန်းတဲ့အကြည့်တွေနဲ့ ကြည့်လိုက်ကြလေရဲ့။

All Chapters