← Chapters

အာဏာကစားပွဲ

Vol. 4 Ch. 37

အာဏာကစားပွဲ

Vol. 4 Ch. 37

အမေရိကန်နိုင်ငံ အမိမြေကာကွယ်ရေး သုံးပွင့်ဆိုင်အစည်းအဝေးမှာတော့ သမ္မတနဲ့ပူးတွဲစစ်ဦးစီးဌာန အတွင်းရေးမှူးတို့က လွှတ်တော်နာယကကြီးကို နျူလက်ဆွဲအိတ်နံပါတ်ပေးဖို့ ဖိအားပေးပြောဆိုနေကြတယ်။

"မဖြစ်ဘူး... မဖြစ်ဘူး.... ငါမင်းတို့ကို လက်လွှဲပေးလိုက်ရင် အမေရိကန်က ကမ္ဘာ့သမိုင်းမှာ နောက်တစ်ခါ တရားခံဖြစ်သွားလိမ့်မယ်။"

အမေရိကန်က ဟီရိုရှီးမားနှင့်နာဂါဆာကီအပေါ် နျူဗုံးကျဲခဲ့တဲ့ ပထမဆုံးနျူလက်နက်ကို စစ်ပွဲမှာသုံးခဲ့တဲ့နိုင်ငံပါ။ ဒီလက်နက်တွေနဲ့ ဒုတိယကမ္ဘာစစ်ကြီးကိုအဆုံးသတ်ခဲ့တာဖြစ်ပေမဲ့ သူတို့ကျဲချခဲ့တဲ့နေရာက စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားပစ်မှတ်တစ်ခုဆိုတာကိုတော့ မေ့ထားလို့မရနိုင်ဘူး။

ဒါကြောင့်လည်း ဒီမိုခရက်ပါတီဝင်တစ်ယောက်ဖြစ်တဲ့ လွှတ်တော်နာယကကြီးက သိတဲ့အတွက်ကြောင့် ဂျိုးဝဲလ်ဆင်တို့ လက်ထဲကို လွှဲမပေးနိုင်တာပါ။

ပြီးတော့ ဘယ်လိုပဲ ဟီးရိုးတွေနဲ့ဗီလိန်တွေ အဲဒီကျွန်းပေါ်မှာရှိနေပါစေ သူတို့အဲဒီနေရာကို နျူလက်နက်နဲ့ ပစ်လို့မရနိုင်ပါဘူး။ အကြောင်းကတော့ ကျွန်းဟာ စပိန်ပိုင်ကျွန်းဖြစ်ပြီး စပိန်အစိုးရအနေနဲ့ ဘယ်တော့မှ ဒီလိုလက်နက်မျိုးကို သူ့မြေပေါ်အကျခံမှာ မဟုတ်လို့ပါပဲ။

အမေရိကန်အနေနဲ့ မြူတန့်တွေကို လူသားမဟုတ်တဲ့မီတာတွေလို့ ဘယ်လိုပဲသတ်မှတ်ပြီး ရန်ရှာပါစေ နေတိုးအဖွဲ့ဝင်မဟာမိတ်တစ်ယောက်ရဲ့မြေပေါ်ကို ခွင့်ပြုချက်မရှိဘဲ ဖျက်အားပြင်းလက်နက်တွေ ပစ်လွှတ်လို့မရနိုင်ဘူး။

နောက်တစ်ခါ သတိရဖို့လိုတာက လက်ရှိအမေရိကန်ရဲ့စူပါပါဝါအနေအထားဟာ မြောက်အတ္တလန်တိတ် မဟာမိတ်စာချုပ်အပေါ် မူတည်နေတယ်ဆိုတာပါ။ ဒီလိုမှမဟုတ်ရင် စစ်အေးတိုက်ပွဲအတွင်းမှာကတည်းက သူတို့ကျရှုံးသွားလောက်ပြီ။

အခုဂျိုးလ်ဝဲလ်ဆင် လုပ်ဖို့ကြိုးစားနေတဲ့အရာက အဲဒီမဟာမိတ်ကိုဖျက်ဆီးပစ်ပြီး အမေရိကန်နိုင်ငံကို အမှောင်ခေတ်ထဲရောက်အောင် ဆွဲချမယ့်အရာပါ။

အမေရိကန်အနေနဲ့ စပိန်မြေပေါ်မှာ ကမ္ဘာ့ဖျက်အားအပြင်းဆုံးလက်နက်ကို ချရဲတယ်ဆိုရင် နောင်အနာဂတ်မှာ တခြားနေတိုးအဖွဲ့ဝင်နိုင်ငံတွေအလှည့် ရောက်မလာနိုင်ဘူးလား။ ဒီအတွေးနဲ့ သူတို့ကိုစွန့်ခွာသွားမယ့် မဟာမိတ်နိုင်ငံတွေ ဘယ်လောက်တောင် ရှိနေမလဲ။ မဟာမိတ်တွေမရှိတော့ရင် အမေရိကန်အနေနဲ့ မြေထဲပင်လယ်တပ်ဖွဲ့ကို ဥရောပမှာ ဆက်ထားလို့မရတော့ဘူး။

ဒီလိုဆိုရင် ပြိုင်ဖက်ဟောင်းကြီးဖြစ်တဲ့ ရုရှားအပေါ်စောင့်ကြည့်လို့ရတော့မှာမဟုတ်ဘူး။ တကယ်တော့ ရုရှားက ကြီးမားလွန်းတဲ့ပြည်တွင်းစစ်ပွဲထဲ ကျနေပြီမလို့ စူပါဝါဝါလို့ပြောမရတော့တာမလို့ ဒီပြဿနာကအဓိကသက်ရောက်မှုတစ်ခုမဟုတ်သေးဘူး။

ဒါပေမဲ့ တောင်ကိုရီးယားနဲ့ဂျပန်ကရော။ အဲဒီနှစ်နိုင်ငံလုံးက ဂျိုးဝဲလ်ဆင်ကိုင်တွယ်ခဲ့တဲ့ ဆိုးလ်အရေးနဲ့နာဂါနိုအရေးကို နည်းနည်းလေးမှ မကျေနပ်ကြဘူး။ ဩဇာအာဏာမရှိတဲ့ ဂျပန်ဧကရာဇ်တောင်မှ ရှေ့ထွက်လာတယ်။

အရှေ့ပင်လယ်ထဲက မဟာမိတ်တွေကို အမေရိကန်အနေနဲ့ ဆုံးရှုံးသွားမယ်ဆိုရင် အရှေ့ပင်လယ်ရဲ့ပင်လယ်ပြင်အာဏာကို တရုတ်နိုင်ငံဆီပေးလိုက်ရမှာဖြစ်ပြီး နောက်ပိုင်းဆယ်စုနှစ်တွေမှာ တစ်ချိန်လုံးငြိမ်နေခဲ့တဲ့ ဒီနဂါးက ပြန်အသက်ဝင်လာတော့မှာပါ။

ဆုဗာနာ၊ တောင်တရုတ်ပင်လယ်ကျွန်းစုတွေနဲ့ထိုင်ဝမ် စတဲ့နေရာတွေအားလုံးကို ဘီလူးနဂါးကြီးက သိမ်းသွားပါလိမ့်မယ်။ အရင် Trade war မှာကတည်းက တရုတ်ဟာအမေရိကန်ရဲ့ပြိုင်ဖက်ဖြစ်ထိုက်တယ်ဆိုတာကို ပြသပြီးပါပြီ။

မီတာတွေကို လူသားတွေမဟုတ်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ မဟာမိတ်တွေမျက်နှာကိုမှမထောက် လုပ်ချင်ရာလုပ်မယ်ဆိုရင်တော့ ကျိန်းသေပေါက် အမေရိကန်ဟာ ရန်သူတွေဝိုင်းခံရမှာပါ။

ဗီလိန်တွေဖွဲ့ဖို့လုပ်နေတဲ့ ဗီတာမဟာမိတ်ကို တားချင်တယ်ဆိုရင်တောင် တခြားနည်းလမ်းတစ်ခုခုကိုရွေးသင့်တယ်။ ဥပမာအနေနဲ့ မြူတန့်သိပ္ပံကိုနှိမ်နှင်းဖို့ ပူးတွဲစစ်ဆင်ရေးလုပ်နေတဲ့ ဥရောပအမိန့်တော်အဖွဲ့နဲ့တိုကျိုအစည်းအရုံးကို စစ်ကူပေးတာမျိုးပေါ့။

လွှတ်တော်နာယကက သမ္မတဂျိုးလ်ဝဲလ်ဆင်ကို ကြည့်လိုက်တယ်။ ဂျိုးလ်ဝဲလ်ဆင်ကလည်း သူ့ကိုပြန်ပြုံးပြနေတယ်။

'ဒီလူက ဒီလောက်တုံးအတဲ့ကိစ္စကို မသိဘဲလုပ်မယ့်သူမဟုတ်လောက်ဘူး၊ တမင်သက်သက် သိသိကြီးနဲ့ကိုလုပ်တာ။' ဒါက လွှတ်တော်နာယကရဲ့အတွေး။

ဂျိုးလ်ဝဲလ်ဆင်က သာမန်လူမဟုတ်ဘူး။ စင်စစ်မှာတော့ သာမန်လူတစ်ယောက်ဟာ ဘယ်နည်းနဲ့မှ အမေရိကန်မှာ သမ္မတမဖြစ်နိုင်ဘူး။ အမေရိကန်သမ္မတတိုင်းလိုလိုက တစ်ခုမဟုတ်တစ်ခုမှာ ထူးခြားကြတာချည်းပဲ။ ဒီလူကတော့ လူထုရဲ့လိုအင်ဆန္ဒကို သူလိုသလိုကြိုးကိုင်ပြီးတော့ သမ္မတဖြစ်လာတဲ့လူ။ အမေရိကန်ရဲ့ပြီးပြည့်စုံတဲ့ ဒီမိုကရေစီစနစ်ကို ကိုယ်ကျိုးစီးပွားအတွက်သုံးနိုင်ဖို့ဆိုရင် ပြင်သစ်ရဲ့နပိုလီယံနီးနီး ဦးနောက်ကောင်းမှပဲဖြစ်မယ်။

'ဒါပေမဲ့ ဘာကြောင့်ဒီလူက နိုင်ငံရဲ့ကံကြမ္မာကိုချနင်းပြီး မြူတန့်တွေကို တိုက်ခိုက်ချင်နေရတာလဲ။' နာယကကြီး နားမလည်နိုင်တော့ဘူး။

ဒီလူက စစ်အေးတိုက်ပွဲတုန်းကလိုမျိုး စစ်တိုက်ချင်နေသေးတဲ့ ပူးတွဲစစ်ဦးစီးဌာနအတွင်းရေးမှူးကို ပင်းပေါင်းထားလို့ အခုဆန့်ကျင်တဲ့ထဲမှာ နာယကတစ်ဦးတည်းဖြစ်နေပြီး အားမသာတော့ဘူး။

လွှတ်တော်ထဲမှာလည်း ရီပက်ပလစ်ကန်တွေက ဒီမိုခရက်တွေကို ဒီနည်းလမ်းနဲ့ချောင်ပိတ်ပစ်ခဲ့ပြီး အခုလိုမမျှတတဲ့ မီတာလူသားဥပဒေတွေထွက်လာတာ။ ဒါပေမဲ့နာယကကြီးက သမိုင်းတရားခံမဖြစ်ချင်တဲ့အတွက် ခုထိတင်းခံထားနေတုန်းပဲ။

တိုကျိုအစည်းအရုံးနဲ့ဥရောပအမိန့်တော်အဖွဲ့ လက်တွဲပြီးတော့ ဆယ်စုနှစ်ရဲ့အကြီးဆုံး ဟီးရိုးဗီလိန်တိုက်ပွဲကို တိုက်ခိုက်နေချိန်မှာ ဒီမိုခရက်နာယကကြီးကလည်း လွှတ်တော်ထဲမှာ ဂျိုးဝဲလ်ဆင်ဦးဆောင်တဲ့ စစ်လိုလားတဲ့အုပ်စုကို တင်းခံပြီးရာစုနှစ်ရဲ့အကြီးဆုံး နိုင်ငံရေးအားပြိုင်မှုကြီးကို ဖြတ်ကျော်နေရတယ်။

နာရီဝက်လောက်ကြာတဲ့အထိ အဖြေမထွက်လာသေးတဲ့နောက်တော့ ဂျိုးဝဲလ်ဆင်ရဲ့သည်းခံနိုင်မှု အတိုင်းအတာက ကုန်ဆုံးသွားပြီ၊ သူက သက်ပြင်းချလိုက်ပြီး မဆီမဆိုင်တဲ့ကိစ္စတစ်ခုကို ပြောလာတယ်။

"ခင်မင်ရတဲ့ နာယကကြီး၊ ခင်ဗျားမှာ သားလေးတစ်ယောက်ရှိတယ်နော်။"

နာယကကြီးလည်း ဝဲလ်ဆင်ရဲ့စကားကြောင့် ခဏကြောင်သွားတယ်။ နောက်တော့ ခြိမ်းခြောက်ချင်တဲ့သဘောပါမှန်း သတိထားမိသွားပြီး လေသံမာမာနဲ့ပြောလိုက်တယ်။

"မင်းက ငါ့ကိုခြိမ်းခြောက်ချင်တာလား၊ ဒါတရားဥပဒေနဲ့မညီဘူးနော် ဝဲလ်ဆင်။"

"ခင်ဗျားသားလေးက အထက်တန်းကျောင်းသားအရွယ်ထင်တယ်။" ဒါပေမဲ့ သမ္မတဝဲလ်ဆင်ကတော့ နာယကကြီးရဲ့စကားကို နားမထောင်ဘဲ ဆက်ပြောနေတုန်းပဲ။

"လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက သူမူးယစ်ဆေးမှုနဲ့ အဖမ်းခံရသေးတယ်နော်။ မြူတန့်စွမ်းအားဆေးကို စမ်းရင်း ကလေးတစ်ယောက်သေသွားတဲ့အမှုလေ၊ ဟီးရိုးအဖွဲ့က အဲဒီအမှုကို FBIဆီလွှဲလိုက်တော့ တဖြည်းဖြည်းထောက်လှမ်းရင်း ခင်ဗျားသားက အဲဒီအဖွဲ့ထဲမှာပါနေမှန်း၊ ဆေးတွေကို ကြွက်တွေဆီက ဝယ်သုံးနေမှန်းသိရတာ။"

နာယကကြီး ဂျိုးဝဲလ်ဆင်ရဲ့စကားကြောင့် မျက်ခုံးပင့်လိုက်မိတယ်။ ဒီကိစ္စက တကယ်ပဲဖြစ်ခဲ့တာဖြစ်ပြီး နယူးယောက်အစည်းအရုံးက တရားဝင်ထုတ်ပြန်ခဲ့လို့ လူသိရှင်ကြားပါ။ ဒါပေမဲ့ လွှတ်တော်နာယကကြီးရဲ့သား အဲဒီအမှုမှာပါတယ်လို့ တစ်လုံးတစ်ပါဒမှမပါဘူး။

"ဆန်းတယ်နော်၊ ခင်ဗျားသားပါတယ်ဆိုတာကို အမှုကိုဆက်စုံစမ်းတဲ့ FBI တွေသိပြီးဖမ်းလိုက်ပေမဲ့ ခင်ဗျားသူတို့ကိုဖုန်းလှမ်းဆက်ပြီးတဲ့နောက် ၂၄နာရီအတွင်း ခိုင်လုံတဲ့သက်သေမပြနိုင်လို့ဆိုပြီး ပြန်လွှတ်ပေးလိုက်တယ်ဆိုပဲ။ ဒါပေမဲ့ အခုကျတော့ ခင်ဗျားသားရဲ့မြူတန့်စွမ်းအားဆေးစွဲတဲ့လက္ခဏာတွေကိုကျိတ်ကုဖို့ ဆရာဝန်တစ်ယောက်သီးသန့်ငှားထားပါလား။"

ဝဲလ်ဆင်က သူ့စကားကိုရပ်လိုက်ပြီး ဆက်မပြောတော့ဘူး။ နာယကကြီးကတော့ အပြင်းအထန်စိတ်ဖိစီးနေဟန်နဲ့ အသက်ရှူမမှန်တော့ဘူး။

"FBIကို ဒီကိစ္စပြန်စုံစမ်းခိုင်းလိုက်ရင်ကောင်းမလား။ ဆေးစွဲတဲ့သားရော၊ အာဏာအလွဲသုံးစားလုပ်တဲ့ အဖေကိုပါ ထောင်ထဲထည့်လို့ရအောင်လေ။"

"မင်းနိုင်တယ် ဝဲလ်ဆင်...." နာယကကြီးက သွားကြားထဲက ထွက်လာတဲ့လေသံနဲ့ပြောရင်း စားပွဲအလယ်မှာတင်ထားတဲ့ သေတ္တာနက်ကိုဆွဲယူလိုက်တယ်။

လျှို့ဝှက်ကုတ်သုံးပိုင်းအနက် နှစ်ပိုင်းကို ပူးတွဲစစ်ဦးစီးအတွင်းရေးမှူးနဲ့သမ္မတက ဖြည့်ပြီးနေပြီ၊ ကျန်တာက နာယကကြီးပဲ။ သုံးပိုင်းလုံး စုံသွားပြီးတဲ့နောက်တော့ အမေရိကန်ရဲ့အန္တိမလက်နက်ဖြစ်တဲ့ နျူကလီးယားထိပ်ဖူး ထိန်းချုပ်ရေးကွန်ပျူတာဟာ ပွင့်လာလေတော့တယ်။

ဝဲလ်ဆင်က ခပ်ဟဟပြုံးလိုက်ရင်း ပူးတွဲစစ်ဦးစီးရုံး အတွင်းရေးမှူးကို လှည့်ကြည့်လိုက်တယ်။ "ငါတို့ရဲ့မြေထဲပင်လယ်တပ်တွေ အဲဒီကျွန်းစုကို ဘယ်အချိန်ရောက်မလဲ။"

"အနှောင့်အယှက်မရှိရင် သိပ်မလိုတော့ပါဘူး၊ နောက်နှစ်နာရီအတွင်းရောက်မှာပါ။ ဒါပေမဲ့...."

"ဆက်ပြောလေကွာ..."

"စပိန်အာဏာပိုင်တွေက အဲဒီကျွန်းကို နျူနဲ့ထုဖို့ သဘောတူမယ်မထင်ဘူး။"

"လမ်းမှာပိတ်တဲ့လူမှန်သမျှကို ပစ်ခွင့်ပေးမယ်။"

"ဒါပေမဲ့... သူတို့က မဟာမိတ်..."

"ထိပ်သီးဗီလိန်တွေနဲ့ဟီးရိုးတွေကို တစ်ခါတည်းရှင်းနိုင်မယ့်အခွင့်အရေးက နှစ်ခါမရနိုင်ဘူးကွ။"

ဒီစကားကိုကြားတော့ ပူးတွဲစစ်ဦးစီးရုံးအတွင်းရေးမှူးလည်း ပါးစပ်ပိတ်ထားလိုက်ပြီး တခြားအရာရှိတွေကိုကြည့်ကာ ပြောလိုက်တယ်။

"လူကြီးမင်းတို့၊ နောက်နှစ်နာရီကြာရင် ပစ်မှတ်ကိုတိတိကျကျထိအောင်ပစ်လွှတ်နိုင်ဖို့ စီစဥ်ထားကြပါ။"

"ငါအသုံးမကျတာ၊ ငါတို့အကုန်လုံးသမိုင်းတရားခံဖြစ်သွားပြီ။" နာယကကြီးကတော့ သူ့ခေါင်းသူထုရင်း အရူးတစ်ယောက်လိုသာ တစ်ယောက်တည်းရေရွတ်နေတော့တယ်။

အခြားတစ်ဖက်မှာတော့ ဝဲလ်ဆင်က အပေါ့သွားမလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အစည်းအဝေးခန်းထဲက ထွက်လာတယ်။ သန့်စင်ခန်းထဲမှာတော့ ဝဲလ်ဆင်က ကိုယ်လုံးပေါ်မှန်ကိုကြည့်ရင်း အေးစက်စက်ပြုံးလိုက်တယ်။

"ငါ့သားလေး... နောက်ဆုံးတော့ မင်းအတွက်အဖေ လက်စားချေပေးနိုင်တော့မယ်။ မြူတန့်တွေအားလုံး ဒီလောကကြီးကနေ ပျောက်ကွယ်သွားသင့်တယ်။" ဝဲလ်ဆင်ရဲ့မျက်လုံးတွေကတော့ ဝေးကွာတဲ့အတိတ်တစ်ချိန်ကို ပြန်ရောက်သွားသလိုမျိုး ဝေဝါးနေလေရဲ့။

အဲဒီနေ့ကို သူမမေ့သေးဘူး။

အဲဒီမကောင်းဆိုးဝါး ကင်းခြေများက ကားလမ်းဖြတ်ကူးတဲ့ သူ့သားလေးကို ဝင်တိုက်ပြီးသတ်ပစ်လိုက်တဲ့မြင်ကွင်းကို သူ့စိတ်ထဲကနေ ဒီနေ့ဒီအချိန်ထိ မမေ့နိုင်သေးဘူး။

ဟုတ်တယ်၊ ဒီဝမ်းနည်းပူဆွေးမှုတွေ ဖုံးလွှမ်းနေပြီး စိတ်နှလုံးသားထဲမှာ ရန်ညိုးအပြည့်သယ်ဆောင်ထားတဲ့ သမ္မတဂျိုးဝဲလ်ဆင်ဟာ စင်တီမတော်တဆသတ်ပစ်မိခဲ့တဲ့ ကလေးရဲ့ဖခင်ပါ။

"ဟီးရိုးတွေပဲဖြစ်ဖြစ် ဗီလိန်တွေပဲဖြစ်ဖြစ် အားလုံးက အတူတူပဲ၊ စွမ်းအားကို ကြိုက်သလိုသုံးပြီး ထင်ရာလုပ်နေတဲ့ လူသတ်သမားတွေ။"

ဝဲလ်ဆင်သန့်စင်ခန်းကနေ ပြန်လာပြီး ထိုင်ခုံမှာပြန်ထိုင်တော့ အခြားမသက်ဆိုင်တဲ့ သတင်းတစ်ခုက ဝင်လာပြန်တယ်။

"သမ္မတကြီး၊ အမေရိကန်မြူတန့်ဌာနစိတ်ရုံးချုပ်ကို အမည်မသိမြူတန့်တချို့က ဝင်တိုက်နေပါတယ်။ ကျွန်တော်တို့ဘာလုပ်ရမလဲ။"

ဝဲလ်ဆင်က ခဏလောက်စဥ်းစားကြည့်လိုက်တယ်။ 'အား.... မြူတန့်ဌာနစိတ်မှာ နယူးယောက်အစည်းအရုံးကဟီးရိုးတွေကို ငါတို့ဖမ်းထားတာပဲ။' သူသတိရသွားပြီးတဲ့နောက်တော့ အမိန့်ပေးလိုက်တယ်။

"ငါတို့မှာ အမေဇုန်မြူတန့်တပ်ဖွဲ့တွေ ရှိသေးတယ်မဟုတ်လား၊ သူတို့ကိုလွှတ်လိုက်။"

....

အမေရိကန်ုမြူတန့်သိပ္ပံဌာနစိတ်တွင်ဖြစ်သည်။

နောက်ဆုံးကျန်သည့် အမေဇုန်စစ်သည်မှာ မက်၏ရှေ့တွင် အရုပ်ကျိုးပျက်လဲကျသွားပြီး သူတို့ကို ဆက်လက်ခုခံမည့်သူမရှိတော့ပေ။

"ချီး... အမေရိကန်မြူတန့်ဌာနစိတ်က လူတွေက အားနည်းလိုက်တာ။ ငါတို့သာ အမိန့်တော်အဖွဲ့နဲ့လိုက်ပြီး မြူတန့်သိပ္ပံကိုသွားတိုက်ရင် ပိုပြီးကြမ်းတဲ့ ရန်သူတွေနဲ့တွေ့ရမှာ။"

မိုးကလည်း ပြောလိုက်သည်။ မက်၊ လယ်ရီနှင့်မိုးတို့သုံးယောက်မှာ အာကာသစစ်ပွဲများတွင်ပင် လိုက်ပါတိုက်ခိုက်ဖူးသူများဖြစ်သဖြင့် တိုက်ပွဲအတွေ့အကြုံကောင်းကြပြီး သူတို့ကိုယ်ပိုင်စွမ်းအားများက အားမကောင်းသည့်တိုင် အဆင့်တူများထက် များစွာသာလွန်နေဆဲ ဖြစ်ကြပေသည်။ သူတို့ရှေ့တွင်တော့ မြူတန့်ဌာနစိတ်က အပျော်တမ်းအဆင့်လောက်သာ ရှိပေ၏။

သူတို့နှင့်အတူပါလာသည့် ဗီလိန်အထွတ်ခေါင်ချုပ်ကြီး ယာမီကိုလည်း မေ့မရပေ။

ယာမီက စစ်ကြောရေးခန်းထဲတွင်ရှိနေသည့် ဟယ်ရီကို ကြည့်လိုက်သည်။ ဟယ်ရီနှင့်အတူ စတိတ်မန်းလည်းရှိနေပြီး နှစ်ယောက်လုံး၏လက်သည်းခွံများမှာ လေဆာအိုင်း၏ခွာထုတ်ခြင်းကိုခံထားရသည်။

"ငါတို့ထပ်တွေ့ကြပြန်ပြီ၊ ဒါပေမဲ့ ငါတို့တွေ့တဲ့အကြိမ်တိုင်း မင်းက သေမင်းနှုတ်ခမ်းဝမှာချည်းပဲ။"

အပြင်းအထန်နှိပ်စက်ခံထားရသည့် ဟယ်ရီမှာ ယာမီကိုမော့ကြည့်လိုက်ပြီး ချက်ချင်းမှတ်မိသွားသည်။ "မင်းက... အဲဒီနေ့တုန်းက ငါတို့ကိုကယ်ခဲ့တဲ့လူပဲ။"

"ဟုတ််တယ်၊ ငါ့နာမည်က ယာမီပဲ။ သူတို့တပ်ကူတွေရောက်မလာခင် မင်းတို့အားလုံး ငါတို့နောက်ကိုလိုက်ခဲ့တာကောင်းမယ်။"

ယာမီဦးဆောင်သည့် နတ်ဘုရားအသံအဖွဲ့မှာ သူတို့ခေါင်းဆောင်ဖြစ်သည့် ဆိုဖီယာမရှိသည့်တိုင် ကိုယ်ပိုင်လုပ်ဆောင်ရမည့် မစ်ရှင်များရှိနေသေးပြီး ထိုထဲက တစ်ခုကတော့ ယာမီဆုံးဖြတ်ခဲ့သည့် ဟီးရိုးများကို ကယ်တင်ရန်ဖြစ်ပေသည်။

...

ကမ္ဘာတစ်ဖက်ခြမ်းရှိ ပန်ဒရာဂွန်အိမ်တော်။

မိရိုင်၊ ယုဆနှင့်လီဆာတို့မှာ မြေထဲပင်လယ်မှတိုက်ပွဲအဖြေကို စောင့်နေသည့်အချိန်အတွင်း အတူတူရှိနေကြသည်။ ယူဆနှင့်မိရိုင်ကတော့ တိုက်ပွဲအပေါ် နည်းနည်းလေးမှ စိတ်ပူပုံမရဘဲ မိုလိုပိုလီကစားဖို့သာ ဆိုင်းပြင်နေကြ၏။

"လာပါ၊ သူတို့နဲ့အတူ အစ်ကိုနတ်ဘုရားလည်း ပါသွားတာပဲဥစ္စာကို။ အစ်ကိုနတ်ဘုရားက ဘယ်တော့မှမရှုံးနိမ့်နိုင်ဘူး။ ဒါကြောင့် ဘာမှစိတ်ပူစရာမလိုဘူး။"

ယုဆနှင့်မိရိုင်တို့က စစ်ဆေးရေးသွားလုပ်သည့် လူကြီးများအတွက် စိတ်ပူနေသော လီဆာကို သူတို့နှင့်အတူကစားဖို့ ဆွဲခေါ်ကြသည်။ သူတို့က ဧည့်ခန်းထဲတွင် အတူရှိနေကြခြင်းဖြစ်ပေသည်။

လီဆာကတော့ ကောင်မလေးနှစ်ယောက်ကို အူကြောင်ကြောင်အမူအရာဖြင့်ကြည့်ရင်း သူတို့ပြောသည့်စကားများကို နားလည်သည့်ပုံမပေါ်ပေ။

ကောင်မလေးနှစ်ယောက်က လီဆာတစ်ကိုယ်တည်းနေနေသည်ကို မတွေ့လို၍အတင်းဆွဲခေါ်လာခြင်းသာဖြစ်ပြီး သူတို့က တစ်လျှောက်လုံးဂျပန်လိုပြောနေကြခြင်းဖြစ်ကာ လီဆာကတော့ ဂျပန်စကားမတတ်သဖြင့် သူတို့ဘာပြောနေမှန်းမသိ။ သို့သော်လည်း စားပွဲပေါ်တင်ထားသည့် မိုလိုပိုလီကစားပွဲကတ်ပြားကိုတွေ့မှ နားလည်သွားပြီး ခေါင်းညိတ်ပြသည်။

ထို့အခိုက် ပန်ဒရာဂွန်မိသားစု၏ခေါင်းဆောင် ဖွားဖွားအာသာရီယာရောက်လာပြီး အတူကစားနေသည့် ကလေးများကို ကြည်နူးစွာဖြင့် ကြည့်လိုက်၏။

"အာလေလေ... ဒီနေ့ခေတ်ကလေးတွေက ဂိမ်းပဲကစားနေကျတာဆိုတော့ သူတို့အတူတူကစားနေလိမ့်မယ်လို့ကို မထင်မိတာ။ အတူကစားရင်တောင် အင်တာနက်ဂိမ်းပဲချိတ်ဆော့မယ်ထင်ထားတာ၊ ခုတော့ မိုလိုပိုလီတဲ့။"

အခုခေတ်ကလေးများက အားသည်နှင့်ဖုန်းကြည့်ဖို့သာ စဥ်းစားကြသည် မဟုတ်ပါလား။ မဒမ်လော့ရန့်လည်းရောက်လာပြီး ကလေးအုပ်စုကိုလာကြည့်သည်။

"အမေက သူတို့ကိုကြည့်ပြီး မြေးထိန်းချင်နေပြန်ပြီလား အမေ့မှာမြေးရှိပြီးသားလေ။"

မေမေလော့ရန့်က ဖွားဖွားအာသာရီယာကို မကြည်ကြည့်ဖြင့်ကြည့်ရင်း ပြောလိုက်ခြင်းဖြစ်ပေသည်။ အာသာရီယာက...

"ဟုတ်သားပဲ၊ ငါ့မှာမြေးတစ်ယောက်ရှိသေးတာကိုး။ ဒါပေမဲ့ အဲဒီကောင်မလေးက အိမ်မကပ်ဘဲ ကမ္ဘာအနှံလျှောက်သွားနေတာလေ။ ပြီးတော့ အိမ်ကိုကောင်မလေးတောင် ခေါ်တင်လာသေးတယ်။ တို့ဘိုးဘေးတွေသိရင်တော့ ဒေါသထွက်လွန်းလို့ အုတ်ဂူထဲကနေ ထလာတော့မှာပဲ။"

မဒမ်အာသာရီယာမှာ ယုဆ၊မိရိုင်နှင့်လီဆာတို့လို ရွယ်တူမြေးမလေးတစ်ယောက်ရှိသော်လည်း ထိုမြေးမလေးက ကမ္ဘာအနှံစွန့်စားခန်းထွက်နေပြီး ပြန်လာချိန်တွင် အနာဂတ်ဇနီးလောင်းဟုဆိုကာ ဆံဖြူမလေးတစ်ယောက်ကို ခေါ်လာသေးသည်။

"တော်တော်ဆိုးတဲ့မြေး... ဟွန်း... ဒီကလေးတွေနဲ့ ယှဥ်ကြည့်ပါဦးလား။"

မဒမ်အာသာရီယာတစ်ယောက် အသံကျယ်ကျယ်ပြောမိလိုက်သဖြင့် ကောင်မလေးသုံးယောက် လှည့်ကြည့်ကြသည်။ စင်စစ်ယုဆနှင့်မိရိုင်တို့က အင်္ဂလိပ်လိုသိပ်မပြောတတ်ကြ၊ လီဆာကတော့ နားလည်သဖြင့် တခိခိနှင့်အူတက်နေသည်။

ရှက်သွားသည့် မဒမ်အာသာရီယာကလည်း ထိုစကားကို သူမပြောခဲ့သလိုမျိုး သဘောထားရင်း ကလေးတွေကို လှမ်းပြုံးပြ၏။

"သမီးလေးတွေ ကစားကြဦးနော်၊ ဖွားဖွားမုန့်သွားယူပေးမယ်။" ထိုစကားနှင့်အတူ မဒမ်လော့ရန့်နှင့်အာသာရီယာတို့ ဧည့်ခန်းအတွင်းမှ ထွက်သွားကြသည်။

ကလေးတွေကတော့ ဘာမှမဖြစ်ခဲ့သလိုသဘောထားရင်း ဆက်ကစားကြပြန်သည်။

"မိရိုင်၊ နင်က အနီဆိုတော့ ပထမဆုံးအံ့စာခေါက်ရမှာ။" ယုဆက ဘုတ်ပြားမှစည်းကမ်းများကို ခက်ခက်ခဲခဲဖတ်ရင်း ပြောလိုက်သည်။ အင်္ဂလိပ်လိုရေးထားသည် မဟုတ်ပါလား။

လီတာကတော့ ဂျပန်မလေးနှစ်ယောက် တွက်ထိုးနေသည်ကိုကြည့်ရင်း ခေါင်းကုတ်မိလိုက်၏။ "ကြည့်ရတာ ငါတော့ သူငယ်ချင်းအသစ်တွေရတော့မယ်ထင်တယ်။"

လီဆာတွင် ယခင်ကတည်းက ဖားလေးနှင့်စကော်ပီယိုတို့မှလွဲ၍ အခြားသူငယ်ချင်းမရှိခဲ့ပေ။

သို့နှင့် သူတို့အချိန်အတော်ကြာအောင် ကစားဖြစ်ကြသည်။ ခဏနေတော့ သခင်မကြီးကိုယ်တိုင်အိမ်စေတချို့ကိုဦးဆောင်ပြီး သူတို့အတွက် မုန့်မျိုးစုံလာချပေးသွားသည်။

သုံးယောက်သား ဗိုက်ကားအောင်စားရင်း ဆော့ကစားနေကြသည်မှာ အတော်ကြာပေပြီ။

"ဝိုး... လီဆာက သူ့အိမ်ကို ဟိုတယ်အဖြစ်ပြောင်းလိုက်ပြီပဲ။"

"ဂါး... မနာလိုစရာကောင်းလိုက်တာ။" ဂျပန်မလေးနှစ်ယောက်လုံး မိုလိုပိုလီကို ဆရာကျကျကစားနေသည့် လီဆာကို မနာလိုစွာကြည့်လိုက်ကြ၏။ လီဆာကတော့ သူတို့ကိုပြုံးပြရင်း စိတ်ထဲမှ 'စမ်းသပ်ခန်းမှာဆိုရင် အစ်မကြီးစကော်ပီယိုနဲ့ကစားနေကျလေ။ နင်တို့လို နယူးဘီလေးတွေလောက်တော့ အေးဆေး။'

'တင်....' ရုတ်တရက် ဖုန်းမှမက်ဆေ့ဝင်လာသဖြင့် လီဆာအာရုံပျက်သွားပြီး ဖုန်းမျက်နှာပြင်ကို လီဆာကြည့်မိလိုက်သည်။

E mailဝင်လာခြင်းဖြစ်ပြီး ကြော်ငြာမေးလ်တစ်ခုဟုတ်ပုံမရသလို သူငယ်ချင်းများထံမှလည်း ဟုတ်ပုံမရပေ။ ထိုအစား E mailလိပ်စာတွင် ပျားဟုသာ တစ်လုံးထဲပါပေ၏။ ပြီးတော့ ဂျပန်လိုရေးထားသဖြင့် လီဆာတစ်လုံးမှာနားမလည်။

တခြားကောင်မလေးနှစ်ယောက်ကို ပြလိုက်တော့ သူတို့က တတ်သလောက်မှတ်သလောက် ဘာသာပြန်ပေးကြ၏။

"မင်းအပြစ်တွေကို ပြန်ပေးဆပ်ရမယ်တဲ့.... ဘာလဲ၊ E mailပို့တဲ့လူက ကြောင်နေတာလား။ ဒါမှမဟုတ် spam mailလား။" ယုဆစကားကြောင့် လီဆာလည်း သိပ်ဂရုမစိုက်တော့ဘဲ အမှိုက်ထဲသာ ထည့်လိုက်တော့သည်။

"Spam mailနေမှာပါ။" သို့သော်လည်း ထိုemail က ဆိုးဝါးသော တစ်စုံတစ်ရာ၏အစမှန်း လီဆာကြိုသိခဲ့ပါက ထိုသို့လစ်လျူရှုထားဖြစ်ခဲ့မည်မဟုတ်ပေ။

All Chapters