← Chapters

လမ်းဆုံးကိုရွေးချယ်ခြင်း

Vol. 4 Ch. 38

လမ်းဆုံးကိုရွေးချယ်ခြင်း

Vol. 4 Ch. 38

မြူနယ်မြေထဲမှာ သွားရင်းလာရင်းနဲ့ မက်ဒါနာတို့အုပ်စုက ဒိုင်မေးရှင်းတစ်ခုထဲမှာ ဥစာကီကိုရှာတွေ့တယ်။ ဒါပေမဲ့ သိပ်ကောင်းတဲ့အခြေအနေမျိုးမှာတော့မဟုတ်ဘူး။ အဲဒီအစား တိုက်ခိုက်နိုင်စွမ်းမရှိတော့ဘဲ လေထဲမှာ ဒီအတိုင်းပျံဝဲနေတာ။

တကယ်လို့သာ ဒေါက်တာမြူတစ်ယောက် အကြောက်လွန်ပြီးတော့ တိုက်စစ်တွေအားလုံးကို မရပ်စဲပစ်ခဲ့ရင် ဥစာကီလည်း အသက်ဆက်ရှင်နိုင်တော့မယ်မထင်ဘူး။ အခုလက်ရှိအခြေအနေအတိုင်းဆိုရင် ဥစာကီက သာမန်အရိုးမျက်နှာတစ်ယောက်ကိုတောင် မနည်းရင်ဆိုင်ရတော့မယ့်ပုံစံမျိုး ဖြစ်နေပါပြီ။

"နင်တို့ထဲကတစ်ယောက်ယောက် မြူရေဘဝဲတွေကို ကိစ္စဖြတ်လိုက်ပြီဆိုတာ ငါသိသားပဲ။"

ဥစာကီက မက်ဒါနာတို့အုပ်စုကိုမြင်တော့ စိတ်လျှော့လိုက်တယ်။ ဒီအတွက် သူ့အတောင်ပံကိုတောင် မထိန်းချုပ်နိုင်တော့ဘဲ ရေထဲပြုတ်ကျမလို ယိုင်နဲ့သွားတယ်။

သူ့ခန္ဓာကိုယ်ရောစိတ်ခွန်အားပါ အကန့်အသတ်ရောက်နေခဲ့ပြီလေ။ ဒါပေမဲ့ ဒရုန်းဇုန်က ဥစာကီကို အသင့်ပဲ လေပေါ်မှာဖမ်းထားပြီး သူ့လက်နဲ့ဖေးမထားလိုက်တယ်။ ဒါကြောင့် အပြင်လူတွေအနေနဲ့ဆိုရင် နုငယ်တဲ့ဥစာကီက ဒရုန်းဇုန်ရဲ့ကြီးမားတဲ့ ရင်ခွင်ကြီးထဲမှာ နစ်ဝင်နေသလိုပဲ။

"ကျေးဇူး...." ဥစာကီက ဖျော့တော့တဲ့လေသံနဲ့ အဲဒီစကားကို ပြောလိုက်ပြီး စိတ်ချလက်ချနဲ့ မျက်လုံးကိုမှိတ်ပြီး အိပ်စက်လိုက်တယ်။

ဖရာလီတာကတော့ သူတို့စုံတွဲကိုကြည့်ရင် အားကျနေတယ်။ သူက မက်ဒါနာကိုလှည့်ကြည့်ရင်း ပြောလိုက်တယ်။

"မက်ဒါနာရေ၊ ခန့်မှန်းကြည့်စမ်းပါဦး။ သူတို့ထဲက ဘယ်သူက Nekoဖြစ်ပြီး ဘယ်သူက Tachi ဖြစ်မယ်ထင်လဲ။"

မက်ဒါနာက ဖရာလီတာကိုကြည့်ပြီး စိတ်ပျက်ပျက်နဲ့ပြောလိုက်တယ်။ "နင်ဘာတွေပြောနေတာလဲ၊ ငါနားမလည်ဘူး။"

ဒီတော့ ဖရာလီတာလည်း ခပ်ဟဟရယ်လိုက်ပြီး ခါးလေးထောက်လိုက်တယ်။ ဒါပေမဲ့ တခြားလူတွေအဖို့တော့ Archmegaကြီး ခါးထောက်ပြီး မူနေတဲ့ပုံစံမလို့ ကြည့်မကောင်းဘူး။

"အေးပါ၊ နင်က အပြစ်ကင်းစင်ပြီး မခုတ်တတ်တဲ့ Nekoလေးဆိုတော့။"

"ဟမ်... နင်က ငါ့ကိုကြောင်နဲ့တူတယ်လို့ ပြောချင်တာလား။"

"ဟီးဟီး၊ အချိန်တန်ရင် နင်သိလာပါလိမ့်မယ်။ ခုတော့နင်ထင်ချင်သလိုထင်၊ ငပိန်းမ။" ဖရာလီတာက မက်ဒါနာကို ရှင်းပြမနေတော့ဘဲ လှောင်ရယ်ရင်း ကားစကိုရပ်လိုက်တယ်။

"အရင်အတွေ့အကြုံအရဆိုရင်တော့ ဥစာကီက နာရီအနည်းငယ်အိပ်စက်ပြီးမှ တိုက်ခိုက်နိုင်စွမ်းကို ပြန်ရလာလိမ့်မယ်။ ဒါကြောင့် နောက်တိုက်ပွဲတွေမှာ သူ့ကိုအားကိုးလို့မရတော့ဘူး။"

နာဂါနိုတိုက်ပွဲမှာတုန်းက ဥစာကီရဲ့တိုက်ခိုက်ပုံကို မြင်တွေ့ခွင့်ရခဲ့တဲ့ အေမီက ပြောလိုက်တယ်။ ဒရုန်းဇုန်ကလည်း ခေါင်းညိတ်ပြပြီး ဟုတ်မှန်ကြောင်းပြောတယ်။

"ဒီတော့ တခြားတစ်ယောက်ကို ဆက်ရှာရအောင်။" မက်ဒါနာပြောလိုက်တယ်။ ပုန်းနေတဲ့ ဒေါက်တာမြူကိုမရှာခင် သူတို့အဖွဲ့ဝင်တွေအကုန်လုံး ပြန်စုထားမှဖြစ်မယ်။ ဒီလိုမှ သူတို့အင်အားအလုံးစုံနဲ့ ရန်သူကိုတိုက်နိုင်မှာဖြစ်သလို သူတို့နဲ့အတူမရှိနေသေးတဲ့ အဖွဲ့ဝင်တွေကို ဘေးအန္တရာယ်မကျရောက်အောင် ကာကွယ်ပေးနိုင်မှာပါ။

နောက်ထပ် ဆယ့်ငါးမိနစ်လောက်ကြာတဲ့အထိ သူတို့မြူဒိုင်မေးရှင်းတွေထဲ ဆက်သွားနေသေးပေမဲ့ စကော်ပီယိုကို မတွေ့ရသေးဘူး။ ဒါပေမဲ့ လူချင်းကွဲနေတဲ့ ပန်ဒရာဂွန်မိသားစုကိုယ်ရံတော်အချို့ကိုတော့ ပြန်တွေ့ရတယ်။ အယ်လိုဟင်နဲ့ရှိနေတဲ့ ကိုယ်ရံတော်တွေကတော့ သူတို့မိတ်ဆွေတချို့ကို ပြန်တွေ့ရလို့ ပျော်နေကြတယ်။

သူတို့ထဲက အတော်များများ သေဆုံးသွားကြပြီ ဆိုပေမဲ့ပေါ့။

"ဟိုမှာ... အဲဒါသူမဟုတ်လား။" အေမီက တစ်နေရာကို လက်ညိုးထိုးပြလိုက်တယ်။

ဒိုင်မေးရှင်းအခွဲ ဆယ်ခုထပ်မနည်းအောင် ခရီးနှင်လာပြီးတဲ့နောက်မှာတော့ သူတို့ရှာနေတဲ့ စကော်ပီယိုကို တွေ့လိုက်ရပြီ။ ဒါပေမဲ့ စကော်ပီယိုရဲ့အခြေအနေက ဥစာကီထက် အများကြီးဆိုးတယ်။

မက်ဒါနာမီးကုန်ယမ်းကုန် တိုက်ခိုက်ခဲ့တဲ့ ကျောက်ဆောင်နဲ့ လုံးဝတူတဲ့ကျောက်ဆောင်ပေါ်မှာ စကော်ပီယိုရဲ့ခန္ဓာကိုယ်ရှိနေပြီး တစ်ကိုယ်လုံးစွတ်စွတ်ဖြူနေတယ်။ ဆံပင်တွေကအစ အရောင်မဲ့နေတာပါ။

"ဒီဖြစ်စဥ်က...." ဖရာလီတာရဲ့စကားစကို မက်ဒါနာက အဆုံးသတ်ပေးလိုက်တယ်။

"ငါဖြစ်ခဲ့တုန်းကနဲ့ အတူတူပဲ၊ ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေ ပြောင်းပြန်လန်ကုန်တာ။"

မက်ဒါနာက သေခါနီးအခြေအနေမှာ စွမ်းအားရခဲ့သူမလို့ စွမ်းအင်သလင်းက သူ့အသက်ကိုကယ်နိုင်ဖို့ ခန္ဓာကိုယ်ဇီဝဖြစ်စဥ်တွေကို ပြောင်းပြန်လှန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ စကော်ပီယိုရဲ့ဖြစ်စဥ်မှာကတော့ လုံးဝပြောင်းပြန်ပါ။ အဲဲဒီအစား ဖြစ်စဥ်တမင်ဖြစ်လာအောင် ဖိအားပေးပြီးလုပ်ယူခံထားရသလိုပဲ။

အေမီက အရင်ဆုံးဆင်းသွားလိုက်ပြီး စကော်ပီယိုရဲ့အခြေအနေကိုကြည့်တယ်။ နောက်တော့ တခြားသူတွေအားလုံးကို လှမ်းအော်ပြောလိုက်ပြီး အနားမကပ်ခိုင်းတော့ဘူး။

"အားလုံးပဲ၊ သူ့အနားကို ကပ်လို့မရဘူး။ သူ့မှာ DNA တွေမရှိတော့ဘူး။"

"ဟမ်...." ဒီစကားကြောင့် တော်တော်များများထိတ်လန့်ကုန်ကြတယ်။ ပြောရရင်တော့ သူတို့လူအုပ်ထဲက ဆယ်ယောက်မှာ ရှစ်ယောက်လောက်က ဒါကိုနားမလည်ဘူး။

အေမီက လူတွေနားမလည်မှန်းသိတဲ့အတွက် လူပိန်းနားလည်မယ့်စကားမျိုးနဲ့ ပြောလိုက်တယ်။

"ကျွန်မပြောချင်တာက သူ့စွမ်းအားတွေ စုပ်ယူခံထားရလို့ အရမ်းအားနည်းတဲ့အခြေအနေမှာရှိနေပြီး သာမန်လူတွေနေသားကျနေတဲ့ ရောဂါပိုးတစ်မျိုးကတောင် သူ့ကိုသေသွားစေနိုင်တယ်လို့ပြောတာ။"

DNAက လူသားတွေမှာရှိတဲ့ ဆဲလ်တွေအားလုံးရဲ့လုပ်ငန်းဆောင်တာ ညွန်ကြားချက်နဲ့ဆင်တူပါတယ်။ ဆဲလ်တွေအနေနဲ့ ဘယ်လိုအသက်ရှင်ရမယ်၊ ကြီးထွားရမယ်၊ ရောဂါပိုးတွေကို ဘယ်လိုတိုက်ဖြတ်ရမယ် စသည်ဖြင့် မှတ်တမ်းတင်ထားတဲ့နေရာပါ။

DNA မရှိတော့ရင် တည်ရှိနေတဲ့ ဆဲလ်တွေက သူတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းဆောင်တာတွေကို မှန်မှန်ကန်ကန်လုပ်ဆောင်နိုင်တော့မှာမဟုတ်ဘဲ လူကလည်း တစ်ရက်မပြည့်ခင် နာရီပိုင်းအတွင်းသေမှာပါ။

"DNA ဆုံးရှုံးသွားတယ်၊ အဲဒါက ဖြစ်ရောဖြစ်နိုင်လို့လား။" မက်ဒါနာက ခေါင်းကိုစောင်းပြီး စဥ်းစားကြည့်တယ်။ အဲဒါက မဖြစ်နိုင်လုနီးပါးပဲ။

အေမီကလည်း ပြန်ရှင်းပြတယ်။ "လီဆာကို မြူတန့်သိပ္ပံက ဖမ်းထားတုန်းက သူ့ရိုးတွင်းချဥ်ဆီတွေကို ထုတ်ပစ်ခဲ့တယ်လေ။ အဲဒါက DNA စုပ်ယူနည်းတစ်မျိုးဆိုပေမဲ့ အခုစကော်ပီယိုခံစားနေတာနဲ့ယှဥ်ရင်တော့ နည်းနည်းပိုသက်သာသေးတယ်။"

အေမီက စကော်ပီယိုရဲ့မေးကိုကိုင်လှည့်လိုက်ပြီး လည်ပင်းမှာရှိနေတဲ့ ကိုက်ရာကို လူတိုင်းမြင်အောင် ပြလိုက်တယ်။

"မမှားနိုင်ဘူး၊ ဒီကိုက်ရာက အရိုးမျက်နှာတွေရဲ့ကိုက်ရာနဲ့ အတူတူပဲ။"

"အရိုးမျက်နှာတွေက သူ့ကိုကိုက်ပြီး သူ့စွမ်းအားတွေကို စုပ်ယူသွားတယ်လို့ ပြောချင်တာလား။" မက်ဒါနာမေးလိုက်တော့ အေမီခေါင်းညိတ်ပြတယ်။

"အင်း၊ ပြီးတော့ ကိုက်ရာတွေက အနည်းဆုံးဒါဇင်ဝက်လောက်ရှိမယ်။ ဒါကြောင့် သူ့စွမ်းအားတွေအပြင် DNAပါ လုံးပါးပါးကုန်တာ။ လူလုပ်မြူတန့်တွေရဲ့အသက်ဓာတ်ကြောင့်သာမဟုတ်ရင် သူသေတာကြာပြီ။"

မက်ဒါနာလည်း စဥ်းစားကြည့်လိုက်တယ်။ ဒီလိုသာဆိုရင် အချိန်မီကုသမှုမပေးနိုင်ရင် စကော်ပီယိုသေရမှာ။ သူတို့အနေနဲ့ မြူနယ်မြေထဲကနေ မြန်မြန်ထွက်နိုင်လေကောင်းလေပဲ။ ဒါပေမဲ့ လောလောဆယ်အခြေအနေအရ စကော်ပီယိုရဲ့ကိုယ်ခံအားဟာ အားနည်းလွန်းနေတဲ့အတွက် သူ့ကိုဥစာကီလိုမျိုး တစ်ယောက်ယောက်က သယ်ထားပေးလို့မရဘူး။

အေမီမှာ ဒီအတွက်ဖြေရှင်းနည်းရှိနေပြီးသား။

"ကိုယ်ရံတော်အဖွဲ့မှာ စခန်းချဖို့ပစ္စည်းတွေပါတယ်မဟုတ်လား။ သူ့ကိုလုံလုံခြုံခြုံ ထုတ်ထားလို့ရမယ့် တစ်ခုခုမရှိဘူးလား။"

အယ်လိုဟင်လည်း ပြန်စဥ်းစားလိုက်တယ်။ ခဏနေတော့ "အင်း၊ ကိုယ်ရံတော်တွေမှာ အိတ်လိုမျိုးစွပ်လို့ရတဲ့ စောင်တစ်မျိုးပါတယ်။ အလုပ်ဖြစ်မယ်ထင်တာပဲ။"

နောက်တော့ အေမီက စကော်ပီယိုကို စောင်ထုတ်ထဲထုတ်ထည့်လိုက်ပြီး သူ့ကျောနောက်မှာ တွဲချည်ထားလိုက်တယ်။ စကော်ပီယိုရဲ့ဆံပင်ဖြူတွေက အေမီရဲ့လည်ပင်းမှာ လာထောက်တယ်။

"လောလောဆယ်တော့ သူအဆင်ပြေသွားပြီ။ ဒါပေမဲ့ မြူနယ်မြေထဲကနေ အမြန်ထွက်ဖို့လုပ်တာကောင်းမယ်။"

အယ်လိုဟင်လည်း သဘောတူလိုက်တယ်။ စကော်ပီယိုကို သယ်ထားဖို့က အေမီအပြင် တခြားအဆင်ပြေမယ့်တစ်ယောက်မရှိဘူး။ သူက စက်ရုပ်ဆိုတော့ လူသားတွေလိုမျိုး ကူးစက်ရောဂါတွေအများကြီး ကပ်တွယ်နေတာမျိုးမရှိဘူးလေ။

"ဒါနဲ့ ဒေါက်တာမြူက ဘယ်မှာပုန်းနေတာလဲ။" ဒိုင်မေးရှင်းတစ်ခုဝင်တစ်ခုထွက် လိုက်ရှာနေရတာကို ပင်ပန်းလာပြီဖြစ်တဲ့ မက်ဒါနာက မေးလိုက်တယ်။

အေမီကတော့ စိတ်ချလက်ချပြုံးလိုက်ပြီး ပြောတယ်။ "မမလေး လျှောက်သွားပြီးလိုက်ရှာရတာကို ငြီးငွေ့နေပြီမဟုတ်လား။ ကျွန်မတို့ သူ့ကိုလိုက်ရှာနေစရာမလိုတော့ပါဘူး၊ တကယ်တော့ သူကိုယ်တိုင်ထွက်လာမယ့်နည်းလမ်းရှိတယ်။ အခုကျွန်မတို့လည်း လူစုံပြီဆိုတော့ အဲဒီနည်းလမ်းကို သုံးလို့ရပြီ။"

ဒီတစ်ခါလည်း သူကိုယ်တိုင်ထွင်ထားတဲ့ အိမ်ဖော်မလေးရဲ့စကားကို မက်ဒါနာ နားမလည်ပြန်ဘူး။ ဂြိုဟ်သားတစ်ယောက်ရဲ့စကားကို နားထောင်နေရသလိုပါပဲ။

"ကျွန်မတို့မှာ အာကိုင်းဂါမီရှိနေတာပဲကို၊ အဲဒီကောင်ထွက်မလာမချင်း ဒိုင်မေးရှင်းတွေ တစ်လွှာပြီးတစ်လွှာ ဖျက်ဆီးခိုင်းလိုက်မယ်လေ။ အကုန်လုံးပြိုကျမယ့်အမှတ်ကို ရောက်ခါနီးရင် သူမနေနိုင်တော့ဘဲ ထွက်ကိုလာရလိမ့်မယ်။ အခုဒိုင်မေးရှင်းက မြူရေဘဝဲတွေနည်းလာလို့ တည်ငြိမ်မှုမရှိတော့ဘူး။ ဒီတော့ ဆက်တိုက်ဖျက်ဆီးခံနေရရင် လက်ကျန်ရေဘဝဲတွေက ဆက်မထိန်းပေးနိုင်တော့ဘဲ လုံးဝပြိုလဲသွားလိမ့်မယ်။"

စကားဆုံးတာနဲ့ အေမီက အာကိုင်းဂါမီကို ခေါင်းညိတ်ပြတယ်။ အာကိုင်းဂါမီကလည်း ပြန်ခေါင်းညိတ်ပြပြီး လက်ထဲမှာ မီးလှံတံကြီး ဖန်တီးလိုက်တယ်။

"မင်းတို့တွေ ငါ့မီးလျှံတွေကြောင့် ထိခိုက်မသွားအောင် သတိထားဖို့တော့ လိုလိမ့်မယ်။" မီးလျှံတွေက ရန်သူမိတ်ဆွေ မခွဲခြားတတ်ဘူးမဟုတ်လား။

အဲဒီနောက်တော့....

ဘုန်း.... ဘုန်း.... ဘုန်း.....

နေလိုမီးတောက်တွေရဲ့အောက်မှာ ဒေါက်တာမြူရဲ့ဒိုင်မေးရှင်းတွေ တစ်လွှာပြီးတစ်လွှာ ပြုန်းတီးကုန်ပါတော့တယ်။

မက်ဒါနာက လုံးဝနီရဲနေပြီဖြစ်တဲ့ ကောင်းကင်ကြီးတစ်ခုလုံးကို မော့ကြည့်လိုက်တယ်။ အရင်တည်းက အာကိုင်းဂါမီဟာ အစွမ်းထက်မှန်းသူသိပေမဲ့ ဒီအဆင့်အထိ အစွမ်းထက်လိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။

အရင်တစ်ခါလည်း အာကိုင်းဂါမီတိုက်ခိုက်တာ သူမြင်ဖူးပေမဲ့ ဒီလောက်ထိ အင်ပြည့်အားမပြည့်မဟုတ်ဘူး။ တိုကျိုအဖြစ်အပျက်မှာ နှလုံးသွေးဆုံးရှုံးထားတဲ့အပြင် ချိပ်ပိတ်စည်းကြောင့် အပြည့်အဝစွမ်းအားမသုံးနိုင်သေးတဲ့ အာကိုင်းဂါမီကိုပဲ သူမြင်ဖူးခဲ့တာပါ။

"ဒါက ကမ္ဘာ့ပြိုင်ဖက်ကင်းတစ်ယောက်ရဲ့စွမ်းအားလား၊ ဒီမှာရှိနေတဲ့ S rank လေးယောက်ပေါင်းတောင် သူ့ကိုနိုင်အောင်တိုက်နိုင်မယ်မထင်ဘူး။"

မက်ဒါနာရဲ့စကားကို အေမီရောဖရာလီတာပါ သဘောတူကြတယ်။ ဥစာကီကတော့ အိပ်မောကျနေဆဲပါ။ သူတို့တွေက မီးလျှံတွေကြောင့် ထိခိုက်မသွားအောင် အတတ်နိုင်ဆုံးဂရုစိုက်နေကြတယ်။ အထူးသဖြင့် အင်အားကြီးတဲ့သူတွေက အင်အားနည်းတဲ့သူတွေကို ကာကွယ်ပေးရတဲ့။

"ဖြစ်နိုင်တာက ဟိုကောင်မလေးရဲ့ရွှေရောင်အလင်းကြောင့် သူ့စွမ်းအားတွေပြန်ရလာတာလား။" အေမီက ပြောလိုက်တယ်။

မက်ဒါနာကတော့ အဲဒီအကြောင်းမသိသေးဘူး။ မိရိုင်တစ်ယောက် စွမ်းအားအသစ်နိုးထလာမှန်းသိပေမဲ့ အခြေအနေအရ အဲဒီတုန်းကတိုက်ပွဲမှတ်တမ်းတွေကို သူအသေးစိတ်မကြည့်ရသေးပါဘူး။

အေမီကလည်း သူ့မမလေးမသိသေးမှန်းသိတော့ ပိုပြီးရှင်းပြတယ်။ "အဲဒါက မီးစွမ်းအင်အမျိုးအစား နယ်မြေစွမ်းအားပဲ။ ဒါပေမဲ့အဲဒီမီးအလင်းတွေက လူတွေကိုထိခိုက်စေမယ့်အစား ကုသပေးနိုင်စွမ်းရှိတယ်။ နယ်မြေထဲမှာဆိုရင် ဘယ်သူမှ အချင်းချင်းတိုက်ခိုက်လို့မရနိုင်ဘူး။ ဒါပေမဲ့အဲဒီစွမ်းအားကို နာမည်မပေးရသေးဘူး။"

ဒါပေမဲ့ ဖရာလီတာက ဖြတ်ပြောတယ်။ "နင်တို့ရင်ဆိုင်ခဲ့ရတာက ကမ္ဘာ့စူပါပါဝါဖြစ်တဲ့ အမေရိကန်ဆိုတော့ ဖလိမ်းဂါးဒီးယမ်းက အဲဒီစွမ်းအားကို သူ့ဘာသာ နာမည်ပေးပြီးလောက်ပြီထင်တယ်။ သူတို့တရားဝင်ကြေညာတာပဲ စောင့်ရအောင်။"

အာကိုင်းဂါမီလက်ကိုလှုပ်ရှားလိုက်တိုင်း ဒိုင်မေးရှင်းတစ်ခုက ပျက်စီးသွားရတယ်။ အခုဒိုင်မေးရှင်းတွေထဲမှာ တခြားဘယ်သူမှရှိမနေတော့တာကြောင့် လူတွေထိခိုက်မှာ စိုးရိမ်နေစရာမလိုတော့ဘူး။ ဒါကြောင့် အာကိုင်းဂါမီက မီးကုန်ယမ်းကုန်တိုက်ခိုက်နေတာပဲ။

ဒိုင်မေးရှင်းတွေ ဘယ်နှစ်ခုပျက်စီးသွားမှန်းမသိတော့တဲ့အချိန်မှာပဲ ကောင်းကင်ကြီးက ရုတ်တရက်ပြောင်းလဲသွားပြီး မြူတွေမရှိတော့ဘူး။ အဲဒီအစား အပျော်စီးသင်္ဘောကြီးဦးဆောင်တဲ့ ပင်လယ်ဓားပြရေတပ်နဲ့ ဒေါက်တာမြူတို့ကိုသာ တွေ့ရတယ်။ ဒေါက်တာမြူကတော့ သူ့ရဲ့လက်ကျန်ရေဘဝဲလေးကောင်နဲ့ရှိနေတယ်။ ဒါပေမဲ့ တစ်ကောင်က ဒဏ်ရာအပြင်းအထန်ရထားပြီး အချိန်မရွေးသေတော့မယ့်ပုံစံနဲ့ တဆတ်ဆတ်တုန်ရီနေတယ်။

"တော်လောက်ပြီ၊ ငါတို့မျက်နှာချင်းဆိုင်တိုက်ကြတာပေါ့။" ဒေါက်တာမြူရဲ့လေသံကျယ်ကျယ်က သင်္ဘောရဲ့တယ်လီကွန်းကိုဖြတ်ပြီး ပင်လယ်ပြင်မှာ ပြန့်နှံလာတယ်။

ဒါပေမဲ့ ဒီမျက်နှာချင်းဆိုင်တိုက်ပွဲက စစ်ကြေညာတာထက် ဒေါက်တာမြူဟာ သူ့အရှူံးသူဝန်ခံလိုက်သလိုဖြစ်နေတယ်။

မက်ဒါနာက ဒေါက်တာမြူရေတပ်ကြီးနောက်မှာရှိနေတဲ့ ကျွန်းမကြီးကို လှမ်းမြင်နေရပြီ။ သူတို့အဖို့ ခြိမ်းခြောက်မှုမဟုတ်တော့တဲ့ ဒေါက်တာမြူရဲ့ရေတပ်ကို အနိုင်တိုက်ပြီးရင် အဲဒီကိုရောက်နိုင်လိမ့်မယ်။

ဒါပေမဲ့ သူတို့ရဲ့ဒီရှည်ကြာတဲ့တိုက်ပွဲဟာ မြူတန့်သိပ္ပံနဲ့ရင်ဆိုင်ရာမှာ ပထမဆုံးစိန်ခေါ်မှုပဲရှိသေးတယ်။

ငွေရောင်စစ်သည်က ရှေ့ကိုထွက်ပြီး ဓားကိုသူရဲကောင်းဆန်ဆန်မြှောက်လိုက်တယ်။ သူက ဒီနေရာမှာ အစွမ်းအထက်ဆုံးတစ်ယောက် မဖြစ်နိုင်ပေမဲ့ သတ္တိအရှိဆုံးတစ်ယောက်တော့ ဖြစ်သင့်တယ်။

ဒါကို သူရှုံးနိမ့်လုဆဲဆဲအချိန်ကတည်းက ဆုံးဖြတ်ချက်ချခဲ့တာ။ ပိုကောင်းပြီး သတ္တိရှိတဲ့ ဟီးရိုးစစ်စစ်တစ်ယောက်ဖြစ်လာဖို့။ ဖြတ်သန်းခဲ့ရတဲ့ လအနည်းငယ်နဲ့ အစောပိုင်းမိနစ်အနည်းငယ်ကလို သူရဲဘောကြောင်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ သူ့ကိုယ်သူစွန့်လွှတ်ဖို့ ဒီတိုက်ပွဲမှာ သူသက်သေပြရမယ်။

"ငါ့ရဲ့မိတ်ဆွေတွေ၊ ဒီနေရာမှာ ငါတို့ရဲ့ရဲဘော်တွေအများကြီး ကျဆုံးခဲ့ရတယ်။ ဒါကြောင့် ကမ္ဘာကြီးပေါ်က အူပုပ်တွေကိုရှင်းထုတ်ဖို့ ငါတို့ကျရှုံးလို့မဖြစ်တော့ဘူး။" ငွေရောင်စစ်သည်တော်ထဲက မက်ဒါနာက မိန်းကလေးဆန်တဲ့လေသံကို ဖယ်ထုတ်လိုက်ပြီး သူဟီးရိုးစလုပ်စဥ်က ပြောတတ်တဲ့ အလယ်ခေတ် မြင်းစီးသူရဲကောင်းလေသံနဲ့ ပြောလိုက်တယ်။

"စစ်သည်အပေါင်းတို့၊ ချီတက်ကြ။"

တိုက်ခိုက်နိုင်စွမ်းရှိသေးသမျှဟီးရိုးတွေနဲ့အမိန့်တော်အဖွဲ့ဝင်တွေအားလုံး ရှေ့ကိုပြေးတက်ကြတယ်။ မက်ဒါနာကလည်း အတောင်ပံကိုဖြန့်လိုက်ပြီး မြူရေဘဝဲတစ်ကောင်ကို ချက်ချင်းတာဝန်ယူလိုက်တယ်။

ငွေရောင်စစ်သည်က ရန်သူအုပ်စုလိုက်ရင်ဆိုင်ရာမှာ အားနည်းချက်ရှိပေမဲ့ တစ်ယောက်ချင်းချရင်တော့ တကယ့်အိပ်မက်ဆိုးကြီးပါ။ ပထမတစ်ကြိမ် တိုကျိုမှာ ဒေါက်တာမြူနဲ့တွေ့ကတည်းက ငွေရောင်စစ်သည်ဟာ မြူရေဘဝဲကို ဒဏ်ရာရအောင်လုပ်နိုင်ပါတယ်။ အဲဒီတုန်းက လေထဲပျံနိုင်တဲ့ အားသာချက်တောင် မရှိသေးပါဘူး။

အခုမြူရေဘဝဲတွေက မြူတန့်ဆေးတွေကြောင့် ပိုအဆင့်မြင့်နေပေမဲ့ မက်ဒါနာနဲ့ဘက်ညီနေသေးတယ်။ အလွယ်တကူ နိုင်နိုင်တဲ့ရန်သူမဟုတ်ပေမဲ့ပေါ့။

ငွေရောင်စစ်သည်က ရေဘဝဲလက်တံတစ်ဖက်ကို ဖြတ်ပစ်လိုက်တဲ့အချိန်မှာ Archmegaကလည်း နောက်မြူရေဘဝဲတစ်ကောင်ကို ရေထဲငုပ်လျှိုးပြေးရလောက်တဲ့အထိ ဖိအားပေးလိုက်တယ်။

အေမီကလည်း နောက်မြူရေဘဝဲတစ်ကောင်နဲ့တိုက်နေပြီး အဆင်ပြေပြေရှိနေပါတယ်။ အာကိုင်းဂါမီကတော့ ဒဏ်ရာရထားတဲ့လေးကောင်မြောက်ကို မီးလှံတစ်ချက်တည်းနဲ့ ကင်ပစ်လိုက်တယ်။

မီးတောက်မီးလျှံတွေကြားထဲမှာတော့ အလုံးစုံရှုံးနိမ့်နေပြီဖြစ်တဲ့ ဒေါက်တာမြူက အော်ရယ်နေတယ်။ ဒါပေမဲ့ မျက်ရည်တွေကတော့ သူ့မျက်လုံးအိမ်ထဲကနေ စီးကျလို့နေတယ်။

"စမစ်... မင်းအတွက် ငါလုပ်နိုင်တာတွေအားလုံးလုပ်ပေးခဲ့ပြီးပြီ။ ငါမင်းရဲ့လုပ်ပုံကိုင်ပုံတွေကို တစ်ခါမှ သဘောမကျခဲ့ဘူး။ ဒါပေမဲ့ ငါ့ရဲ့စမ်းသပ်ချင်စိတ်ကို အကောင်အထည်ဖော်နိုင်အောင် ကူညီပေးခဲ့တဲ့အတွက် ငါမင်းကို အဆုံးအထိကူညီခဲ့ပြီ။ ကျန်တာတော့ မင်းကံကြမ္မာပဲ။"

အဲဲဒီနောက် ဒေါက်တာမြူရဲ့လက်တွေက အရိုးချွန်တွေအဖြစ်ပြောင်းသွားပြီး သူ့အရေပြားကိုသူ လက်သည်းတွေနဲ့ဆွဲဖဲ့လိုက်တယ်။ သူ့တစ်ကိုယ်လုံးက ချုပ်ရိုးတွေက ဇစ်လိုမျိုးပွင့်လာပြီး သွေးတွေလည်းစီးကျလာတယ်။

နောက်တော့ သူ့အသားတွေက ပြောင်းပြန်လန်သွားပြီး အထဲကနေ ကြယ်ငါးတစ်ကောင်ရဲ့ဆူးတံတွေပေါ်ထွက်လာတယ်။ လူတိုင်းရဲ့မျက်စိအောက်မှာပဲ ဒေါက်တာမြူက ဧရာမကြီးမားတဲ့ ကြယ်ငါးကြီးတစ်ကောင်အဖြစ်ကို တဖြည်းဖြည်းပြောင်းလဲသွားတယ်။

"လူသားစင်စစ်ကနေ မြူတန့်သားရဲတစ်ကောင်အဖြစ် ကိုယ်တိုင်ပြောင်းပစ်ဖို့ဆိုတာ ပုံမှန်စိတ်နဲ့လူတစ်ယောက် လုပ်မယ့်အရာမျိုးမဟုတ်ဘူး။"

ငွေရောင်စစ်သည်က မြူရေဘဝဲရဲ့ခေါင်းကို ဖြတ်ထုတ်လိုက်ပြီး လေထုထဲမှာ မားမားမတ်မတ်ရပ်ရင်း သူ့ရှေ့က ရွံရှာဖွယ်ရာမြင်ကွင်းကို ကြည့်လိုက်တယ်။ဒေါက်တာမြူကလည်း သူ့ကိုယ်သူ လူလုပ်မြူတန့်အဖြစ် ပြောင်းလဲထားတဲ့သူပါ။ ဒါပေမဲ့ လီဆာရဲ့DNAကို ရရှိပြီးတဲ့နောက်မှာတော့ သူကလည်း ပြီးပြည့်စုံတဲ့ မြူတန့်အဖြစ်ကို ပြောင်းလဲလို့ပြီးသွားပါပြီ။

ဒါပေမဲ့ သူတို့ကိုအချိန်ဆွဲဖို့အတွက် တိုက်ပွဲအလယ်မှာပဲ ဒေါက်တာမြူက လူလုပ်မြူတန့်တွေရဲ့လမ်းဆုံးဖြစ်တဲ့ မြူတန့်သားရဲအဖြစ်ကို အလုံးစုံပြောင်းလဲပစ်လိုက်တယ်။

ဒေါက်တာမြူက မြူတန့်သိပ္ပံရဲ့ဒုတိယမြောက် ကျဆုံးတဲ့ တည်ထောင်သူဖြစ်လာတော့မှာ။ သူ့တိုက်ပွဲက နိုင်စရာအကြောင်းမရှိတော့ဘူး။ ထိပ်တိုက်ရင်ဆိုင်တွေ့တဲ့ စက္ကန့်အနည်းငယ်အတွင်းမှာပဲ မြူရေဘဝဲတွေအားလုံးလိုလိုသေကုန်ပြီ။

သူတို့စောင့်ကြည့်နေတဲ့ အချိန်အတွင်းမှာပဲ မီတာငါးဆယ်လောက်ရှိတဲ့ ကြယ်ငါးကြီးက ပင်လယ်ရေထဲ ဆင်းသက်လာပြီး ရေလှိုင်းလုံးတွေကို ဖြစ်ပေါ်စေတယ်။ နောက်တော့ ကြယ်ငါးကြီးရဲ့အရေပြားကိုထိုးထွက်ပြီး မရေမတွက်နိုင်တဲ့ မြူသားရဲတွေဖောက်ထွက်လာပါတော့တယ်။ သူတို့ထဲကအချို့မှာ ရင်းနှီးနေတဲ့ ကင်းမြီးကောက်လက်မတွေပါတယ်။

All Chapters