← Chapters

မရဏသစ်တောနယ်မြေ

Vol. 4 Ch. 39

မရဏသစ်တောနယ်မြေ

Vol. 4 Ch. 39

ဒီကြယ်ငါးပုံစံကို မက်ဒါနာတို့တွေ တစ်ခါမှမတွေ့ဖူးကြဘူး။ ဒေါက်တာမြူကလည်း တခြားအဖွဲ့ဝင်တွေလိုပဲ လူလုပ်မြူတန့်တစ်ယောက်ဖြစ်မှန်းတော့ သူတို့သတိထားမိပါတယ်။ သေသွားတဲ့တည်ထောင်သူဖြစ်တဲ့ Dr.soulတစ်ယောက်သာ မူလကတည်းက စွမ်းအားရှိတာပါ။

ဖရာလီတာက ထွက်လာသမျှမြူသားရဲတွေကို အမြောက်နဲ့ပစ်ချပေမဲ့ တော်တော်များတယ်။ ပြီးတော့ ကြယ်ငါးကြီးရဲ့ခန္ဓာကိုယ်ကိုလည်း ကြည့်ရှောင်နေရသေးတယ်။ ကံမကောင်းတဲ့ ပန်ဒရာဂွန် ကိုယ်ရံတော်တချို့တော့ မလွတ်တော့ဘဲ တိုက်ပွဲဂယက်ထဲ ဆွဲထည့်ခံရပြီး သေကုန်တယ်။

"B rankနဲ့အောက်တွေအကုန်လုံး နောက်ဆုတ်ကြ။"

အယ်လိုဟင်က အော်ပြီးသတိပေးလိုက်တယ်။ ဒရုန်းဇုန်နဲ့ B rank ဝန်းကျင်သာရှိတဲ့ ပန်ဒရာဂွန်ကိုယ်ရံတော်အားလုံး အယ်လိုဟင်နောက်မှာရပ်လိုက်တယ်။

နောက်တော့ အယ်လိုဟင်က သူတို့ကိုဦးဆောင်ပြီး ကသောင်းကနင်းဖြစ်ရပ်တွေကြားမှာ ကူရာမဲ့နေတဲ့ တစ္ဆေပင်လယ်ဓားပြတွေကို ပြစ်မှတ်ထားလိုက်တယ်။

အစကနေအဆုံးအထိ တစ္ဆေပင်လယ်ဓားပြတွေက ဒေါက်တာမြူဘက်ကနေ တိုက်ခိုက်ပေးနေခဲ့တာပါ။ ဒါပေမဲ့ ဒေါက်တာမြူအရေးမလှချိန်ကတည်းက သူတို့တွေဟာ ထွက်ပြေးဖို့လုပ်နေခဲ့တာဖြစ်ပြီး အခုဆိုရင် သူတို့က ဟီးရိုးအဖွဲ့ကိုလုံးဝလစ်လျူရှုပြီး အဝေးကိုခုတ်မောင်းဖို့ ကြိုးစားနေကြတာ။

ဗီလိန်လောကမှာ ယုံချင်စရာမရှိဆုံးက မဟာမိတ်ပါ။ သူတို့က အကျိုးအမြတ်အတွက်သာ အလုပ်လုပ်မှာဖြစ်ပြီး မဟန်တာနဲ့တိုက်ပွဲကနေ ထွက်ပြေးမှာပါ။ သူတို့က ရီနေးဆန့်ခေတ်အစမှ အီတလီမြို့ပြနိုင်ငံတွေ ငှားသုံးတဲ့ ကြေးစားစစ်သည်တွေနဲ့အတူတူပါပဲ။

ဒီတော့ တိုက်ပွဲစပြီးသိပ်မကြာခင်မှာပဲ သင်္ဘောတွေက ဗဟိုတိုက်ပွဲဂယက်နဲ့ဝေးနေပြီဖြစ်ပေမဲ့ အပျော်စီးသင်္ဘောကြီးကတော့ စက်ကွင်းမလွတ်တော့ဘဲ ကြယ်ငါးကြီးနှစ်မြုပ်တာ ခံလိုက်ရတယ်။

ဒီကြယ်ငါးကြီးက Dr.soulကနေဖြစ်သွားတဲ့ ပင့်ကူကြီးလိုပဲ ရန်သူမိတ်ဆွေမခွဲခြားနိုင်ဘဲ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတာပါ။

အားနည်းတဲ့ဟီးရိုးနဲ့အမိန့်တော်အဖွဲ့ဝင်တွေက ထွက်ပြေးနေတဲ့ ပင်လယ်ဓားပြတွေကို ရင်ဆိုင်နေရချိန်မှာပဲ အင်အားပိုကောင်းတဲ့ မက်ဒါနာ၊ အေမီ၊ ဖရာလီတာနဲ့ အာကိုင်းဂါမီတို့က ကြယ်ငါးကိုတိုက်ရိုက်ရင်ဆိုင်နေရတယ်။

သူတို့တွေအနေနဲ့ စွမ်းအားမြှင့်တင်ထားတဲ့ မြူရေဘဝဲတွေကို အလွယ်လေးနိုင်ခဲ့ပေမဲ့ ကြယ်ငါးကိုကျတော့ အလွယ်တကူသတ်ဖြတ်နိုင်မယ့်ပုံမပေါ်ဘူးဖြစ်နေတယ်။

ကြယ်ငါးကနေထွက်လာတဲ့ မြူသားရဲတွေက ငွေရောင်စစ်သည်ကို ဖုံးအုပ်လုနီးနီးဖြစ်နေပြီ။ ဒါပေမဲ့ အေမီရဲ့အလင်းငှက်မွှေးတောင်တွေက မြူသားရဲအများအပြားကို တစ်ခါတည်းသတ်ပစ်လိုက်တယ်။

ဖရာလီတာရဲ့အလင်းဗုံးတွေကလည်း တံတိုင်းကွန်ယက်တစ်ခုလိုမျိုး အလုပ်လုပ်ပြီး မြူသားရဲတွေကို သူတို့ကိုကျော်ပြီး အားနည်းတဲ့အဖွဲ့ဝင်တွေဆီ မသွားနိုင်အောင် တားဆီးထားပေးပါတယ်။

အာကိုင်းဂါမီကလည်း မီးကြာပန်းနှစ်ခုကိုဆင့်ခေါ်ပြီး မြူသားရဲတစ်ဝက်ကို ပြာချပေးလိုက်တယ်။

"မမလေး၊ သူ့အရေပြားပေါ်မှာ မြူသားရဲတွေထုတ်ပေးနိုင်တဲ့ ဂရင်းအိတ်တွေရှိတယ်။ အဲဒါတွေကို ဖျက်ဆီးပစ်လိုက်။"

"ကောင်းပြီ၊ ငါ့ကိုဒေတာတွေပို့လိုက်။" မက်ဒါနာက ခေါင်းညိတ်လိုက်တယ်။ အခုငွေရောင်စစ်သည်နဲ့ ကြယ်ငါးရဲ့အကွာအဝေးက နည်းနည်းလှမ်းတာကြောင့် သတိပေးစနစ်ရဲ့တိုက်ကွက်ဖော်စနစ်က အသုံးမဝင်ဘူး။ ဒါပေမဲ့ အေမီက သူ့ရဲ့ဆင်ဆာတွေနဲ့ ထောက်လှမ်းပြီးတော့ မက်ဒါနာဆီကိုဒေတာတွေ ပို့ပေးလိုက်တယ်။

[ပစ်မှတ်အတည်ပြုပြီးပါပြီ၊ ပြီးပြည့်စုံသည့်တိုက်ကွက်ဖော်စနစ်ကို ဖော်ဆောင်နေပါသည်။]

ငွေရောင်စစ်သည်က လေထဲမှာပဲဓားကိုဆွဲမြှောက်လိုက်ပြီး အတောင်ပံရဲ့အားကို အားကုန်သုံးရင်း ရှေ့ကိုပြေးတက်သွားလိုက်တယ်။

မက်ဒါနာက ဟာရီကိန်းဓားကွက်ကို မသုံးခဲ့ပါဘူး။ ဒါပေမဲ့ တိုက်ကွက်ဖော်စနစ်က တကယ့်ကိုအံ့ဩစရာကောင်းပါတယ်။ ကြယ်ငါးဟာ အကောင်ကြီးပြီးခွန်အားပြည့်ဝပေမဲ့ ငွေရောင်စစ်သည်ကတော့ ပေါ့ပြီးမြန်ဆန်တယ်။

မြူသားရဲတွေက သူတို့သခင်ဆီပြေးလာနေတဲ့ ရန်သူကိုတားဖို့အတွက် အကောင်းဆုံးကြိုးစားပေမဲ့ မက်ဒါနာရဲ့အသင်းဖော်တွေက အကောင်းဆုံးတားဆီးပေးထားတယ်။

"မက်ဒါနာ၊ အကောင်းဆုံးကြိုးစားထား။"



(Silverknight suit offical concept art - Artist Kaung Zaw စီးချင်းရုပ်ပြရေးဆွဲသူကနေ ရေးဆွဲပေးထားတာဖြစ်ပါတယ်။)

ဖရာလီတာက လှမ်းအော်တယ်။ ငွေရောင်စစ်သည်ကတော့ ခေါင်းညိတ်ပြလိုက်ပြီး ကြယ်ငါးပေါ်ကို လုံလုံခြုံခြုံနဲ့ ဆင်းသက်နိုင်ခဲ့ပြီ။ နောက်တော့ သူ့ဓားကိုကြယ်ငါးရဲ့အသားထဲစိုက်လိုက်ပြီး စပြေးတယ်။

မြူအိတ်တစ်ခုကနေတစ်ခုဆီကို ဆက်တိုက်ပြေးသွားလိုက်တာ။ မြူသားရဲကြီးရဲ့သွေးတွေပန်းထွက်လာပြီး ထွန့်ထွန့်လူးပြီး ရေထဲပြုတ်ကျသွားတယ်။ နောက်တော့ ကြယ်ငါးကြီးက တွန့်လိန်နေပြီး မြူသားရဲတွေထပ်မထုတ်နိုင်တော့ဘူး။ ဒါပေမဲ့ မက်ဒါနာအနေနဲ့ကတော့ ကြယ်သားရဲကိုသတ်ဖြတ်ဖို့ မဖြစ်နိုင်သေးပါဘူး။

"အခုသူ့ကို အဆုံးသတ်လိုက်တော့။" ငွေရောင်စစ်သည်က ကောင်းကင်ပေါ်ပျံတက်လိုက်ပြီး အသင့်စောင့်နေတဲ့ အာကိုင်းဂါမီကတော့ လက်ထဲကမီးလှံနဲ့ ပစ်ချလိုက်တယ်။

ဘုန်း....။

မီးလှံကြီးက ကြယ်ငါးကိုထုတ်ချင်းဖောက်သွားပြီး ဆူနာမီအဆင့်နီးနီးရေလှိုင်းတွေကို ဖြစ်ပေါ်စေတယ်။ဒါပေမဲ့ ကြယ်ငါးကြီးက ရေအောက်ကိုငုပ်လျှိုးသွားဖို့ထက် ဆက်လက်တိုက်ခိုက်ဖို့ကိုသာ အားသန်နေတယ်။

ဒါကြောင့် အာကိုင်းဂါမီက နောက်ထပ်မီးလှံနဲ့ထပ်ပစ်တယ်။ ပြီးတော့ နောက်တစ်ချက်၊ နောက်တစ်ချက်၊ နောက်တစ်ချက်။

ငါးကြိမ်လောက်အထိ ပစ်မှတ်ပြီးပြီဖြစ်ပေမဲ့ ကြယ်ငါးက မသေသေးဘဲ သူတို့ကိုဆက်လက်တိုက်ခိုက်ဖို့ ကြိုးစားနေတုန်းပဲ။ ဖရာလီတာကတော့ သားရဲကြီးလုံးလုံးဖြစ်နေပြီဖြစ်တဲ့ ဒေါက်တာမြူကို ရွံရှာစွာနဲ့ကြည့်လိုက်ပြီး စိတ်ပျက်နေတဲ့လေသံနဲ့ ပြောလိုက်တယ်။

"ဝမ်းကွဲအစ်ကို သူတို့ထဲကတစ်ယောက်ကို ဘယ်လိုရှုံးသွားလဲ ငါနားလည်နိုင်ပြီထင်တယ်။"

အခုကြယ်ငါးက အဆင့် S တစ်ယောက်ရှိရမယ့်ခံနိုင်ရည်ထက် နည်းနည်းပိုတယ်။ အာကိုင်းဂါမီလို အဆင့်နဲ့ယှဥ်ရင်တော့ ဘာမှမဟုတ်သေးပေမဲ့ သာမန် S rank အထက်ပိုင်းတွေတောင် သူတို့ကိုအချိန်တိုအတွင်း ဖျက်ဆီးပစ်နိုင်မှာမဟုတ်ဘူး။

တစ်ဖက်မှာတော့ Dr.soulကနေ ပင့်ကူအဖြစ်ပြောင်းသွားတဲ့ ရန်သူနဲ့ရင်ဆိုင်ခဲ့ရတဲ့ လူကန်တို့က အဆင့်မြင့် A rank တွေပါပဲ။ သူတို့ ဘယ်လောက်ပဲတိုက်ပွဲအတွေ့အကြုံရှိရှိ ဒီအဆင့်ရန်သူလက်ကနေ အသက်ရှင်ကျန်ဖို့ မဖြစ်နိုင်ပါဘူး။

"တစ်နည်းအားဖြင့် ငါ့မှာလူကန် အာ့ခ် သေပြီဆိုတာကို ယုံဖို့အပြင် တခြားနည်းလမ်းမရှိတော့ဘူး။"

ဖရာလီတာရဲ့သံသယတွေကို ရှင်းပေးလိုက်တဲ့သက်သေက ရှေ့မှာတင်ရှိနေပြီမလို့ ဖရာလီတာ စိတ်လျှော့လိုက်ပြီး လက်ထဲက အလင်းအမြောက်နဲ့ မသေမရှင်ဖြစ်နေသေးတဲ့ ကြယ်ငါးကိုထိုးချွန်ပြီး ဆက်တိုက်အားကုန်ပစ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ဝါးဖရိန်ထဲက ဖရာလီတာက နားကန်းလုမတတ်အော်နေသေးတယ်။

"အား... ခွင့်မလွတ်နိုင်ဘူး.... ခွေးသားကြီးတွေ..."

ဒိန်း... ဒိန်း... ဒိန်း... ဒိန်း....

နောက်ဆုံးကြယ်ငါးက တစ်စစီဖြစ်သွားပြီး အဲဒီအစိတ်အပိုင်းတွေကလည်း ဖြည်းဖြည်းချင်းညိုးရော်သေဆုံးကုန်မှ ဖရာလီတာရပ်လိုက်တယ်။

"ဟူး... ငါသူတို့ကို တစ်နေရာမှာဖမ်းပြီး တဖြည်းဖြည်းချင်းသေအောင် နှိပ်စက်သင့်တာ။"

ဖရာလီတာက ပြောလိုက်ရင်း အမြောက်ကိုပြန်ချထားလိုက်တယ်။ သွေးလွှမ်းတဲ့နေ့ရက်တွေကို ဖြတ်ကျော်ခဲ့တဲ့ ဖရာလီတာရဲ့စရိုက်က ဒီလိုပါပဲ။ အချစ်လည်းကြီးတယ်၊ အမျက်လည်းကြီးတယ်။ နည်းနည်းပဲ သူ့အပေါ်မှာကျေးဇူးရှိခဲ့ဖူးတဲ့လူတွေကိုတောင် သူအမြဲမှတ်ထားတယ်။ ဘဝရဲ့နောက်ဆုံးအချိန်အထိပေါ့။

လူကန်က ဖရာလီတာရဲ့ဘဝမှာ သိပ်အများကြီးမပါဝင်ခဲ့ဖူးဘူး။ ဒီအတိုင်း အစ်ကိုဝမ်းကွဲအနေနဲ့ ဂရုစိုက်ပေးရုံပဲ။ ဒါပေမဲ့ ဖရာလီတာကတော့ လူကန်ကို သေစေခဲ့တဲ့အရာတွေအပေါ် ဘယ်နည်းနဲ့မှ ခွင့်လွှတ်မှာမဟုတ်ဘူး။

ဒီစိတ်ဓာတ်ကို မက်ဒါနာ ကောင်းကောင်းခံစားမိတယ်။ အကြောင်းကတော့ သူကိုယ်တိုင်မှာလည်း ပြန်ရယူရမယ့် ရန်ကြွေးတစ်ခု ရှိနေခဲ့ပြီမလို့ပါ။

"ပစ်မှတ်သေဆုံးကြောင်း အတည်ပြုပါတယ်။ အသက်ရှင်ကျန်ရစ်တဲ့ အရိပ်အယောင်လုံးဝမရှိ။" အေမီက သေချာစူးစမ်းပြီး ပြောလိုက်တဲ့အတွက် ဒေါက်တာမြူ သေပြီဖြစ်ကြောင်း သူတို့အတည်ပြုလိုက်တယ်။

အာကိုင်းဂါမီရဲ့မီးလျှံ၊ မက်ဒါနာရဲ့ဓားချက်နဲ့ ဖရာလီတာရဲ့အမြောက်ဒဏ် သုံးခုပေါင်းခံလိုက်ရတဲ့ လူတစ်ယောက်ဟာ ဘယ်နည်းလမ်းနဲ့မှ အသက်ရှင်စရာအကြောင်းမရှိတော့ဘူး။

"ကိစ္စတစ်ခုပြီးပြီဆိုတော့ ငါတို့ကျွန်းပေါ်ကို ဆင်းသင့်ပြီထင်တယ်။" အာကိုင်းဂါမီက ပင်လယ်ဓားပြတွေကို အချိန်ခဏလေးအတွင်း ရှင်းလိုက်နိုင်တဲ့ ပန်ဒရာဂွန်ကိုယ်ရံတော်အဖွဲ့ကို ကြည့်ရင်းပြောလိုက်တယ်။

အယ်လိုဟင်ဦးဆောင်တဲ့အဖွဲ့က တစ္ဆေအဖွဲ့ရဲ့ထိပ်သီးတွေကို လွယ်လွယ်ကူကူနိုင်ခဲ့ပါတယ်။ အယ်လိုဟင်ကိုယ်တိုင် သူတို့ထဲကတစ်ယောက်ကို သတ်ခဲ့တာပါ။ ဒါပေမဲ့ စစ်သင်္ဘောတွေထဲက တချို့ကိုတော့သူတို့မဖျက်ဆီးခဲ့ဘဲ ချန်ထားပါတယ်။

စထွက်လာတုန်းကသုံးတဲ့ လေယာဥ်တွေက ပျက်စီးကုန်ပြီဖြစ်လို့ပါ။

ဒေါက်တာမြူနဲ့နောက်ဆုံးတိုက်ပွဲမှာ အောင်နိုင်ပြီးတဲ့နောက်တော့ မက်ဒါနာတို့အုပ်စုက သူတို့သိမ်းယူထားတဲ့ ဖရီးဂိတ်တစ်စီးပေါ်မှာ ဆင်းပြီးဘာဆက်လုပ်မလဲ ဆွေးနွေးကြတယ်။

သူတို့တွေ ကျွန်းကိုလှမ်းမြင်နေရပြီ။ ဒါပေမဲ့ အလောတကြီးဘယ်သူမှ ကမ်းမကပ်ချင်ကြသေးပါ။ ကျွန်းတစ်ခုလုံးကို ထူးဆန်းတဲ့သစ်ပင်တွေပေါင်းပင်တွေက ဖုံးလွှမ်းထားလို့ဖြစ်ပါတယ်။

"သေချာပေါက် ဗီးနပ်စ်ရဲ့သေမင်းသစ်တောနယ်မြေပဲ။" မှန်ပြောင်းနဲ့ ကျွန်းပေါ်ကို သေချာကြည့်ပြီးတဲ့နောက် မက်ဒါနာက အားလုံးကိုပြောလိုက်တယ်။

ဒီနေရာမှာ သူတစ်ယောက်တည်းသာ ဗီးနပ်စ်ရဲ့နယ်မြေထဲကို ဝင်ဖူးတဲ့အတွေ့အကြုံရှိတဲ့လူပါ။ မှန်ဘီလူးကနေတစ်ဆင့် ဗီးနပ်စ်နယ်မြေရဲ့အဓိကဖြစ်တဲ့ အသားစားပန်းဘုရင်မရဲ့အရိပ်အယောင်ကိုတောင် သူတို့မြင်နေတယ်။ ဒါပေမဲ့ အထဲမှာဘာဖြစ်နေလဲတော့ မသိနိုင်ပါဘူး။

နယူးယောက်ဟီးရိုးကျောင်းမှာဖြစ်ခဲ့သလိုမျိုးပဲ မာကျောတဲ့နွယ်ပင်တွေက ကျွန်းကြီးတစ်ခုလုံးကို ပေါင်းမိုးကြီးတစ်ခုသဖွယ် ဖုံးအုပ်ထားပါတယ်။ ပြီးတော့ ကျွန်းကြီးဟာမိုင်တချို့ရှည်လျားတာကြောင့် အနည်းငယ်ပဲကျယ်ဝန်းတဲ့ ဟီးရိုးကျောင်းထဲက သေမင်းသစ်တောနဲ့ယှဥ်ရင် ပိုကြောက်ဖို့ကောင်းနေမှာ သေချာပါတယ်။

"သစ်တောထဲမှာ ငါတို့ကြုံရနိုင်ခြေရှိတာတွေက အသားစားပန်းပင်တွေနဲ့အဆိပ်ဓာတ်ငွေ့တွေ။ ဟီးရိုးကျောင်းမှာတုန်းက ဓာတ်ငွေ့တွေက လူတွေကိုအိပ်ပျော်စေရုံပဲဆိုပေမဲ့ အခုတော့ အများကြီးပိုအားကောင်းနေလောက်ပြီထင်တယ်။ လူတွေကို အသိစိတ်လွတ်သွားစေတာတို့၊ ချက်ချင်းသေစေတာတို့ပါ ဖြစ်စေနိုင်မလားပဲ။"

မက်ဒါနာကပြောလိုက်ပေမဲ့ ဖရာလီတာမှာတော့ မေးခွန်းတွေရှိနေတုန်းပဲ။ "ဆုဗာနာမှာလည်း S rank ဖြစ်သွားတဲ့ သူ့ကိုငါတွေ့ဖူးပါသေးတယ်။ ဆိုဖီယာနဲ့တိုက်တုန်းက သူ့နယ်မြေဒီလောက် စွမ်းအားမကြီးသေးဘူး။"

မက်ဒါနာလည်း ခေါင်းညိတ်ပြတယ်။ အဲဲဒီတိုက်ပွဲအကြောင်းကို သူကြားဖူးပြီးသား။ ဆိုဖီယာကလည်းအာကိုင်းဂါမီနီးနီး အစွမ်းရှိတဲ့သူမလို့ ဗီးနပ်စ်ဟာ ရုရှားနဲ့တရုတ် S rankတွေရဲ့အကူအညီကိုယူပြီး ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမဲ့ အခုသစ်တောကြီးကတော့အာကိုင်းဂါမီအပါအဝင် ကျန်တဲ့ S rank တွေကိုပါ ကောင်းကောင်းကြီးစိန်ခေါ်နိုင်မယ့် ပုံစံမျိုးပေါက်နေတယ်။

"ဒေါက်တာမြူ ငါတို့အကုန်လုံးကို ဘယ်လိုလုပ်တစ်ခါတည်း ရင်ဆိုင်နိုင်သွားလဲဆိုတာ မမေ့နဲ့ဦး။ ဗီးနပ်စ်ကိုပါ ကလုန်းပွားပစ်လိုက်တာ ဖြစ်နေဦးမယ်။"

ဒရုန်းဇုန်က ဝင်သတိပေးတယ်။ ဆုဗာနာစောင့်ရှောက်သူတွေလည်း သဘောတူကြတယ်။ ပုံမှန်ဆိုရင် လက်ရှိသူတို့အင်အားက မြူတန့်သိပ္ပံတစ်ဖွဲ့လုံးနဲ့ တိုက်ရိုက်ရင်ဆိုင်လို့ရသင့်တာ။ ဒါပေမဲ့ ဒေါက်တာမြူက သူတို့ကိုတစ်ယောက်တည်းနဲ့ မိနစ်ငါးဆယ်ကျော် တစ်နာရီနီးပါး အလုပ်ပေးသွားပါတယ်။ အခုလောက်ဆိုရင် ဗီလိန်ကွန်ဂရပ်က စလို့အရှိန်တောင် ရနေလောက်ပါပြီ။

ဒါပေမဲ့ မက်ဒါနာကတော့ ငြင်းလိုက်တယ်။ "မဖြစ်နိုင်ဘူး၊ လူသားကိုကလုန်းပွားတာက မြူရေဘဝဲတွေနဲ့အရိုးမျက်နှာတွေကို ကလုန်းပွားတာထက် ပိုရှုပ်တယ်။ အသိဉာဏ်ရှိတဲ့လူသားက သူတို့ကိုနာခံပါ့မလားဆိုတဲ့ ပြဿနာတစ်ခုရှိနေသေးတယ်။"

ဖရာလီတာလည်း မက်ဒါနာနဲ့အမြင်ကိုထောက်ခံတယ်။ မက်ဒါနာရဲ့အသိဉာဏ်တုအကူတွေတောင်မှ ကိုယ်ပိုင်အသိစိတ်ရှိတဲ့အတွက်ကြောင့် တစ်ခါတရံ စကားနားမထောင်တတ်ဘူး။ ဒီတော့ လူသားတစ်ယောက်ကိုကလုန်းပွားပြီး စစ်ပွဲထဲအတင်းပါခိုင်းဖို့ကမဖြစ်နိုင်ဘူး။ ပြီးတော့ ကလုန်းတွေက အစကနေအဆုံးအထိ ကြီးပြင်းမှုဖြစ်စဥ်ကို ဖြတ်သန်းရမှာဖြစ်ပြီး လူသားတွေကို ရေဘဝဲတွေလိုမျိုး အချိန်တိုတိုနဲ့အရွယ်ရောက်အောင် ကလုန်းပွားပေးလို့မရဘူး။

မြူတန့်သိပ္ပံအနေနဲ့ ဗီးနပ်စ်ကိုကလုန်းပွားပြီး စစ်ပွဲထဲကိုထည့်ချင်ရင်တောင် ဗီးနပ်စ်ကလုန်းလေးတွေ ကြီးလာအောင်စောင့်ပြီး ပြုစုပျိုးထောင်ဦးနောက်ဆေးရဦးမယ်။ ဒါပေမဲ့ သူတို့ရန်သူကတော့ အခုပဲ ဂိတ်တံခါးဝကိုရောက်နေပြီ။

"ဒါမှမဟုတ် သေမင်းတမန်နယ်မြေကို ခဏလေးအတွင်း ပိုအားကောင်းလာအောင်လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုခုများ ရှိနေတာများလား။"

မက်ဒါနာက သေမင်းတမန်နယ်မြေနဲ့ပတ်သက်ပြီး သူသိထားသမျှ အရာအားလုံးကို ပြန်စဥ်းစားကြည့်တယ်။ နောက်တော့ ဟီးရိုးကျောင်းမှာတုန်းက သူတွေ့ခဲ့ရတဲ့ကိစ္စတစ်ခုကို ပြန်သတိရလာတယ်။

"ငါမှတ်မိပြီ၊ ဟီးရိုးကျောင်းမှာတုန်းက ကျောင်းသားတွေရဲ့သွေးကို သေမင်းတမန်သစ်တောရဲ့နွယ်ပင်တွေက ဖောက်ထုတ်ပြီးစုပ်ယူနေတာ တွေ့ခဲ့တယ်။ ဒီတော့ မရဏသစ်တောနယ်မြေက ကြီးထွားဖို့အတွက်လူသွေးကို မြေဩဇာအနေနဲ့သုံးနိုင်တာဖြစ်မယ်။"

ဒီစကားကြောင့် အားလုံးမြူတန့်သိပ္ပံကို ပိုပိုကြီးရွံရှာလာကြတယ်။ ဖရာလီတာလည်း အခြားကိစ္စတစ်ခုနဲ့ချိတ်ဆက်မိသွားတယ်။

"ဒီသီအိုရီက ဖြစ်နိုင်ခြေရှိတယ်။ မြူတန့်သိပ္ပံက လူကုန်ကူးသမားတွေဆီက ကလေးတွေကိုဝယ်နေတာလေ။ အရိုးမျက်နှာကလုန်းတွေထုတ်ဖို့ဆိုပေမဲ့ ဗီးနပ်စ်ရဲ့မရဏသစ်တောအတွက်လည်း ခွဲတမ်းရာရှင်တစ်ခုရနိုင်တယ်။"

အားလုံးဒီယူဆချက်ကို သဘောတူညီကြတယ်။ ဟီးရိုးတွေနဲ့အမိန့်တော်အဖွဲ့ကပဲ မြူတန့်သိပ္ပံကိုတိုက်ဖို့ စစ်တပ်အဆင့်ပြင်ဆင်မှုလုပ်ခဲ့တာမဟုတ်ပါဘူး။ မြူတန့်သိပ္ပံကလည်း ဟီးရိုးတွေလာတိုက်မှာကို သိနေတဲ့အတွက် စစ်တပ်အဆင့်ခံစစ်ကို ပြင်ဆင်ထားခဲ့တာပါ။

ပြောရရင်တော့ နောက်လာမယ့်တိုက်ပွဲကလည်း နည်းနည်းလေးမှ လွယ်မယ့်ပုံမပေါ်ဘူး။ ပြီးတော့ သူတို့လူအင်အားက ဒေါက်တာမြူနဲ့ရင်ဆိုင်နေရင်း ကျဆင်းသွားပြီ။

မက်ဒါနာက အခုထိအိပ်မောကျနေဆဲဖြစ်တဲ့ ဥစာကီကို ကြည့်လိုက်တယ်။ ဒီမိန်းကလေးက ထပ်တိုက်ပွဲဝင်နိုင်မယ့် အခြေအနေမှာရှိမနေဘူး။

ပြီးတော့ မက်ဒါနာကိုယ်တိုင်လည်း reactor အဟောင်းကိုပြန်သုံးနေရတာမလို့ ဟာရီကိန်းတိုက်ကွက်ကို ထုတ်သုံးလို့မရသေးဘူး။ အသားစားသစ်ပင်တွေနဲ့ပြည့်ကျပ်နေတဲ့ မရဏသစ်တောထဲမှာ သူ့အတောင်ပံတွေကို သုံးနိုင်မသုံးနိုင်ဆိုတာလည်း ပြောရခက်တယ်။ သေချာတာကတော့ ဗီးနပ်စ်က သူတို့ရဲ့လေပေါ်ပျံသန်းနိုင်တဲ့ အားသာချက်ကို ရရင်ရသလို နှိပ်ကွက်ထားမှာပါ။

ဒါကြောင့် မက်ဒါနာ၊အေမီနဲ့ဖရာလီတာတို့ရဲ့တိုက်ပွဲဝင်စွမ်းအားက A rank နားကပ်တဲ့အထိ ဖိနှိပ်ခံရဖို့ရှိနေတယ်။ ဒါပေမဲ့ သူတို့အကုန်လုံး အာကိုင်းဂါမီကို လှည့်ကြည့်လိုက်ကြတယ်။

"နေဦး မီးက သစ်သားကိုနိုင်တယ်မဟုတ်လား။ ဟေး၊ အဲဒီသစ်တောကြီးကို ပြာချပေးလို့မရဘူးလား ဘိုးတော်ကြီး။" ဖရာလီတာက အာကိုင်းဂါမီကို ဘိုးတော်ကြီးလို့ခေါ်လိုက်တယ်။

တစ်ချိန်တည်းမှာပဲ အာကိုင်းဂါမီကို ဘဘကိုင်းတိုလို့ခေါ်မိခါနီးမက်ဒါနာလည်း ရှက်လွန်းလို့သူ့ပါးစပ်သူ လက်ဝါးနဲ့အုပ်ထားလိုက်တယ်။ ဒါပေမဲ့လူက ချပ်ဝတ်ထဲမှာမလို့ အပြင်ကကြည့်ရင် ကိုယ့်မေးကိုယ်ကိုင်ပြီး လေးလေးနက်နက်သုံးသပ်စဥ်းစားနေတဲ့ အလယ်ခေတ်စစ်သူရဲကြီးလို့သာ လူတွေမြင်ကြမှာပါ။

အာကိုင်းဂါမီကတော့ ဖရာလီတာရဲ့စကားကိုစိတ်မဆိုးဘဲ ခေါင်းသာခါပြတယ်။ တကယ်လည်းသူ့ရဲ့အသက်အမှန်က ကမ္ဘာပေါ်မှာရှိသမျှလူတိုင်းထက် ကြီးပါတယ်။ ဒါကြောင့်မလို့လည်း ဗွေမယူတာပါ။

"အင်း၊ ကြိုးတော့ကြိုးစားကြည့်မယ်ဆိုပေမဲ့ အများကြီးမျှော်လင့်မထားတာကောင်းမယ်။ သစ်တောတွေက ခြောက်သွေ့နေရင်မီးစွဲလွယ်ပေမဲ့ အခုမရဏသစ်တောထဲကအပင်တွေကျ စိုထိုင်းစများတယ်မဟုတ်လား။"

အာကိုင်းဂါမီပြောချင်တဲ့သဘောက သူ့မီးတောက်တွေကိုအားကိုးပြီး ဗီးနပ်စ်ရဲ့သစ်တောတစ်ခုလုံးကို ပြာချနိုင်မယ်ထင်နေတယ်ဆိုရင် အခြေခံပညာ အလယ်တန်းစာမေးပွဲကျထားတဲ့ ကလေးတစ်ယောက်နဲ့အတူတူပဲဆိုတာပါ။

"ငါတို့အတွက်တောင်မှ အန္တရာယ်များနေတာဆိုတော့ အားနည်းတဲ့သူတွေ ဒီမှာကျန်နေခဲ့တာ ပိုကောင်းလိမ့်မယ်ထင်တယ်။"

မက်ဒါနာက သူတို့ကျော်ဖြတ်ခဲ့ရတဲ့ မြူနယ်မြေအကြောင်းကို ပြန်တွေးရင်းပြောလိုက်တယ်။ မြူနယ်မြေထဲမှာ ပန်ဒရာဂွန်မိသားစုကိုယ်ရံတော်တွေ အတော်များများသေဆုံးခဲ့ပြီး အကူအညီလည်း သိပ်မဖြစ်ခဲ့ပါဘူး။

အစကတည်းက ဒီအဆင့်စစ်ဆင်ရေးအတွက် အနိမ့်ဆုံးလိုအပ်ချက်က A rank ပါ။ ဒါပေမဲ့အထောက်အပံပစ္စည်းတွေကို သယ်ယူဖို့လိုအပ်တဲ့အတွက် လိုက်ရတာဖြစ်ပြီး မြူနယ်မြေထဲမဝင်ခင်ကလည်း သူတို့မှာ ဆင်းသက်ဖို့နေရာတစ်ခုရှိမနေခဲ့ပါဘူး။

ဒါပေမဲ့ အခုတော့တစ္ဆေပင်လယ်ဓားပြအုပ်စုရဲ့ဖရီးဂိတ်တွေက သူတို့အတွက်ဖြစ်လာပြီမလို့ ထားခဲ့လို့ရပါပြီ။ မက်ဒါနာက ဒရုန်းဇုန်ကိုကြည့်ပြီး ပြောလိုက်တယ်။

"နင်လည်းနေခဲ့ရမယ်၊ ဥစာကီကိုဂရုစိုက်လိုက်ပါ။"

"ရတယ်၊ ငါလိုက်ရင် နင်တို့အတွက် ဝန်ပိုပိနေရုံပဲရှိမှာဆိုတော့ ခေါင်းဆောင်ကိုပဲ စောင့်ရှောက်ဖို့ကျန်ခဲ့တော့မယ်။"

ဒရုန်းဇုန်က ကုန်းပတ်ပေါ်မှာလှဲလျောင်းနေတဲ့ သေးငယ်တဲ့ခန္ဓာကိုယ်လေးကိုကြည့်ရင်း ခေါင်းညိတ်တယ်။ ဒရုန်းဇုန်အနေနဲ့ အိပ်မောကျနေတဲ့အလှလေး ဥစာကီကိုစောင့်ရှောက်ရဦးမယ်မဟုတ်လား။

နောက်တော့ မက်ဒါနာက ဆုဗာနာစောင့်ရှောက်သူနှစ်ယောက်နဲ့အယ်လိုဟင်ကို ကြည့်လိုက်တယ်။

"နင်တို့သုံးယောက်က လိုက်ဖို့အဆင်ပြေတယ်ဆိုပေမဲ့ အတူတူအဖွဲ့ဖွဲ့ဖို့လိုပြီး လူစုကွဲလို့မဖြစ်ဘူး။ မရဏနယ်မြေရဲ့လက်ရှိအခြေအနေက S rank တွေကိုပါ ခြိမ်းခြောက်နိုင်တယ်။"

အယ်လိုဟင်က ချက်ချင်းပဲ A rank သုံးယောက်ရဲ့ခေါင်းဆောင်နေရာရသွားတယ်။ ဆုဗာနာစောင့်ရှောက်သူနှစ်ယောက်က တိုက်ပွဲအတွေ့အကြုံပိုများပေမဲ့ အယ်လိုဟင်က ခေါင်းဆောင်နိုင်စွမ်း၊ ဗျူဟာချနိုင်စွမ်းနဲ့ တိုက်ပွဲစွမ်းအားတွေမှာ ပိုသာပါတယ်။

"ဒါနဲ့ ငါတို့မှာဓာတ်ငွေ့ကာ မျက်နှာဖုံးတွေပါတယ်မဟုတ်လား။ အကုန်လုံးဝတ်ဖို့လိုတယ်။" မက်ဒါနာရဲ့နောက်ဆုံးစကားကိုကြားတော့ ပန်ဒရာဂွန်အဖွဲ့က ထောက်ပံရေးပစ္စည်းအိတ်တွေထဲက ဓာတ်ငွေ့ကာ မျက်နှာဖုံးတချို့ ထုတ်ပေးလိုက်တယ်။

မက်ဒါနာက စစ်ဆင်ရေးမစခင်ကတည်းက ကြုံလာရနိုင်တဲ့အခြေအနေတွေအပေါ် ခန့်မှန်းပေးထားပြီးဖြစ်လို့ အခုလိုထောက်ပံရေးပစ္စည်းတွေကို သူတို့ယူလာတာပါ။

မက်ဒါနာနဲ့ဖရာလီတာရဲ့နည်းပညာဝတ်စုံတွေမှာ ဓာတ်ငွေ့ကာစနစ်ပါပြီး ဗီးနပ်စ်ရဲ့အဆိပ်ငွေ့ကို ကြောက်စရာမလိုဘူး။ အေမီကတော့ သက်ရှိမဟုတ်လို့ လိုကိုမလိုတာ။ ဒါပေမဲ့ အာကိုင်းဂါမီ၊ အယ်လိုဟင်နဲ့ ဆုဗာနာအစောင့်နှစ်ယောက်အတွက်ကျတော့ လိုလာပြီမဟုတ်လား။

All Chapters