← Chapters

လရောင်အောက်က ဆုံတွေ့မှု

Vol. 4 Ch. 40

လရောင်အောက်က ဆုံတွေ့မှု

Vol. 4 Ch. 40

မက်ဒါနာတို့အုပ်စုက ပင်လယ်ကမ်းစပ်မှာ ဆင်းလိုက်တယ်။ မက်ဒါနာ၊ အေမီ၊ ဖရာလီတာ၊ အာကိုင်းဂါမီ၊ အယ်လိုဟင်နဲ့ ဆုဗာနာစောင့်ရှောက်သူနှစ်ဦးပဲ သူတို့အဖွဲ့မှာပါတော့တယ်။

သဲသောင်ခုံအကျော်မှာတော့ ရင်းနှီးနေတဲ့ သစ်နွယ်တံတိုင်းရှိနေတယ်။ ဒါပေမဲ့ မက်ဒါနာအရင်က မြင်ဖူးတဲ့ သစ်နွယ်တံတိုင်းထက်စာရင် အများကြီးပိုထူထဲတယ်။

ငွေရောင်စစ်သည်က အာကိုင်းဂါမီကိုလှည့်ကြည့်ပြီး ခေါင်းညိတ်ပြတယ်။ အာကိုင်းဂါမီကလည်း ခေါင်းပြန်ညိတ်ပြလိုက်ပြီး လက်ထဲမှာ ကြာပန်း မီးတောက် တစ်ခုဖန်တီးလိုက်တယ်။ အဲဲဒီနောက် သစ်နွယ်တံတိုင်းကို ပစ်ခတ်ပြီးဖောက်ခွဲပစ်ဖို့လုပ်တယ်။

ဖောက်...ဖောက်... ဖောက်....

သစ်နွယ်ထဲမှာရှိနေတဲ့ ရေငွေ့တွေ အငွေ့ပျံလာတာကြောင့် သစ်နွယ်တွေကနေ အမြုပ်တွေထလာပြီး တီကောင်တွေလို တွန့်လိန်ကာ ဗျောက်အိုးဖောက်သလို အသံတချို့ထွက်လာတယ်။ ဒါပေမဲ့ မီးကျွမ်းပြီး ပြုတ်ကျသွားတဲ့ နွယ်ပင်တွေနေရာမှာ အခြားနွယ်ပင်တွေက ချက်ချင်းအစားထိုးရောက်လာနေတာကြောင့် တကယ့်ကိုစိတ်ရှုပ်စရာပဲ။ အာကိုင်းဂါမီလည်း မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကျောကနေ မီးလက်မောင်းကြီးနှစ်ခုဖန်ဆင်းကာ နွယ်တံတိုင်းကို ဆွဲဖြဲပစ်လိုက်တယ်။ လူတစ်ကိုယ်ဝင်စာအပေါက်တစ်ခုပေါ်လာပေမဲ့ အနီးအနားကနွယ်တွေက အသက်ရှိနေသလိုမျိုး သူတို့ဆီကိုပြေးလာနေပြီ။

"အခုဝင်ကြစို့..." အာကိုင်းဂါမီက သတိပေးလိုက်တာနဲ့ သူတို့အားလုံး ပွင့်နေသေးတဲ့အပေါက်ဆီ ပြေးဝင်လိုက်တယ်။ အာကိုင်းဂါမီက နောက်ဆုံးမှဝင်တာဖြစ်ပြီး အဲဲဒီနောက်မှာတော့ သစ်နွယ်တွေက သူတို့ဝင်လာခဲ့တဲ့အပေါက်ကို ရုပ်ရှင်ဆန်ဆန် ထူထူထဲထဲ ပိတ်ဆို့သွားတယ်။

အတွင်းမှာ အလင်းရောင်မရလောက်ဘူးလို့ မက်ဒါနာထင်ထားပေမဲ့ မှားသွားတယ်။ သစ်နွယ်တွေက သိပ်ကိုမြင့်မားပေမဲ့ အမိုးခုံးအပိတ်လိုမျိုးဖြစ်မနေဘဲ မိုးကောင်းကင်က နေရောင်ဝင်နိုင်ဖို့အတွက် ကိုလိုစီယမ်အားကစားရုံလိုမျိုး ဖွင့်ထားတယ်။

ဒါပေမဲ့ အခုက ညပိုင်းဖြစ်တာကြောင့် ကောင်းကင်ပေါ်က ကြယ်တွေနဲ့လမင်းကြီးကိုသာ မြင်နေရပါတယ်။ မြူနယ်မြေရှိမနေတော့တာကြောင့် အခုလိုရင်သက်ရှုမောစရာကောင်းတဲ့ မြင်ကွင်းကိုမြင်ရတာပါ။

ကြယ်နဲ့လအလင်းရောင်တွေက မရဏသစ်တောကြီးထဲက သစ်ပင်တွေအပျော်ဖြာကျနေပြီး အလွန်လှပတယ်။ တစ်ချိန်တည်းမှာပဲ ထူးဆန်းတဲ့ဝတ်မှုန်တချို့က လေထုထဲမှာပြန့်နှံနေသေးတယ်။

မရဏနယ်မြေတစ်ခုဆိုတဲ့အတွေးကိုသာ သူတို့ဖယ်ထုတ်ထားခဲ့ရင် ဒီနေရာက သဘာဝတရားကြီးရဲ့နှလုံးသည်းချာနေရာလိုပဲ။

"စနစ်: ဒီအပင်တွေကို စစ်ဆေးကြည့်ပေးပါ။"

[လုပ်ဆောင်နေပါသည်.... ရလဒ်၊ မြောက်ကယ်ရိုလိုင်းနား နတ်သမီးထောင်ချောက်ပန်းပင်နှင့်အခြားအသားစားအပင်မျိုးစိတ်များ ပေါင်းစည်းထားသော အမည်မသိမြူတန့်အသားအစားပင်များ။ အကြမ်းဖျဥ်းသုံးသပ်ချက် - အလွန်သေစေနိုင်သော မြူတန့်နယ်မြေအမျိုးအစား၊ အဆင့်သတ်မှတ်ချက် S+]

သူနယ်မြေထဲကို သူနောက်ဆုံးရောက်ဖူးတဲ့အချိန်ကနဲ့ နှိုင်းယှဥ်ကြည့်ရင် တော်တော်များများ ပြောင်းလဲသွားပြီ။ A+ မရဏသစ်တောက S+ ဖြစ်သွားသလို အသွင်အပြင်လည်း တခြားစီဖြစ်နေပြီ။

"A+ နယ်မြေကတောင် S rank တစ်ယောက်ကိုခြိမ်းခြောက်နိုင်တာ၊ အခုက S+ နယ်မြေကြီးဆိုတော့ S အထက်က လူတွေအတွက်ပါ ခြိမ်းခြောက်မှုဖြစ်နေနိုင်မလား။" မက်ဒါနာက ကိုယ်ပိုင်အတွေးနဲ့ လေထုထဲက ဝတ်မှုန်တွေကို ဆန်းစစ်လိုက်ပြန်တယ်။

[လုပ်ဆောင်နေပါသည်... ရလဒ်၊ အဆိပ်ရှိစိတ်ခြောက်ခြားစေနိုင်သော အပင်ထွက်ဓာတ်ငွေ့များအပြင် Ophiocordyceps unilateralis ခေါ် ဇွန်ဘီမှိုဝတ်မှုန်ကို မြူတန့်စွမ်းအားဖြင့်ပေါင်းစည်းထားခြင်းဖြစ်ပါသည်။ သက်ရှိသတ္တဝါတိုင်းကို ကူးစက်နိုင်သော အန္တရာယ်ရှိ။]

မက်ဒါနာလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ကျန်တဲ့လူတွေကို အသိပေးလိုက်တယ်။ ဒီနေရာက သူတို့ထင်ထားတာထက် အများကြီးပိုအန္တရာယ်များတယ်။

"ဒီတော့... ဗီးနပ်စ်ဆိုတဲ့ဟာမက ဇွန်ဘီကမ္ဘာပျက်ကပ်ဘေးကိုပါ စတင်နိုင်လောက်တဲ့အထိ အဆင့်မြင့်သွားပြီပေါ့။ ကံကောင်းတာက ငါတို့မှာဓာတ်ငွေ့ကာ မျက်နှာဖုံးတွေရှိနေတာပဲ။" ဖရာလီတာ ပြောလိုက်ပေမဲ့ မက်ဒါနာကတော့ အပြည့်အဝသဘောမတူဘူး။

"ငါတို့ရဲ့အကာအကွယ်တွေက အချိန်အကန့်အသတ်တစ်ခုအထိပဲ အသုံးဝင်မှာ။ အဲဒီအချိန်အတွင်း သူ့ကိုအနိုင်မတိုက်နိုင်ရင် ငါတို့သေပြီ။"

ပြောပြောဆိုဆိုနဲ့ ငွေရောင်စစ်သည်တော်က သူ့ဓားကို ဆွဲထုတ်လိုက်ပြီး ရှေ့ကိုဆက်သွားတယ်။ သူတို့ဒီနယ်မြေထဲမှာ ရှိနေမှန်း ဗီးနပ်စ်သိပြီးသားပါ။ ဒီတော့ရန်သူက အချိန်မရွေးတိုက်စစ်ဆင်နိုင်တယ်။

...

နယ်မြေအချက်အချာမှာရှထတဲ့ အသားစားပန်းဘုရင်မပွင့်ဖတ်တစ်ချက်ပေါ်မှာတော့ နတ်သမီး ထောင်ချောက်ပန်းအတောင်ပံတွေကို ဖွင့်ထားတဲ့ ဗီးနပ်စ်က ကောင်းကင်ပေါ်က လမင်းကြီးကိုကြည့်ရင်း သီချင်းလေးညည်းနေတယ်။

သူဆိုနေတဲ့သီချင်းက လူတွေကြားနေကျ သီချင်းမဟုတ်ပေမဲ့ တစ်မျိုးနားဝင်ချိုသလို အထီးကျန်ပြီး ဝမ်းနည်းစရာလည်းကောင်းနေပြန်တယ်။ တစ်ချိန်တည်းမှာပဲ မရဏ သစ်တောတစ်ခုလုံးမှာ သူ့ရဲ့သီချင်းသံက ပြန့်လွင့်နေပြီး ကျက်သီးထစရာကောင်းနေပြန်တယ်။

"တစ်ခါတုန်းက နတ်သမီးပုံပြင်တွေကို ငါနှစ်သက်ဖူးတယ်၊ နဂါးစီးသူရဲကောင်းလေးက ငါ့ဘဝကိုကယ်တင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။"

ဗီးနပ်စ်ရဲ့လက်ပေါ်မှာတော့ လိပ်ပြာတစ်ကောင်ရှိနေတယ်။ ဒါပေမဲ့လိပ်ပြာက ပုံမှန်မဟုတ်ဘဲ တစ်ကိုယ်လုံးတွန့်လိန်ပြီး အကြောဆွဲနေတယ်။ နောက်တော့ လိပ်ပြာရဲ့ဦးခေါင်းခွံက ပွင့်ထွက်သွားပြီး အထဲကနေ ပန်းနုရောင်မှိုတစ်ခုပွင့်လာကာ ဝတ်မှုန်တွေကို စတင်ထုတ်လွှင့်တယ်။

မှိုဝတ်မှုန်တွေက ဗီးနပ်စ်အပေါ်မှာတော့ ဘာမှမသက်ရောက်ပေမဲ့ သက်ရှိအားလုံးအတွက် အန္တရာယ်ရှိတယ်။

"ကြီးပြင်းလာတာနဲ့အမျှ နတ်သမီးပုံပြင်ကို ငါမုန်းတယ်။ ငါက တစ်ပင်တိုင်မြနန်းပေါ်က မင်းသမီးလေးမဟုတ်ခဲ့ဘူးလေ။"

ဗီးနပ်စ်ဟာ မြူတန့်သိပ္ပံက တခြားလူလုပ်မြူတန့်တွေလိုပဲ မိဘမဲ့ကလေးတစ်ယောက်ပါ။ ဒါပေမဲ့ တခြားသူတွေလိုမျိုး အလိုမတူဘဲ စမ်းသပ်ခံခဲ့ရတာတော့မဟုတ်ဘူး။

သူ့ရဲ့ပုံပြင်လေးက စင်ဒရဲလားနဲ့ထပ်တူညီပေမဲ့ ဗီးနပ်စ်ဟာ စင်ဒရဲလားတော့ မဟုတ်ခဲ့ဘူး။ သူ့အမေသေသွားပြီးတဲ့နောက် သူ့အဖေက နောက်မိန်းမယူတယ်။ သူတို့မိသားစုက ချမ်းသာတော့ အမွေရရေးအတွက် မိထွေးက သူ့ကိုပစ်မှတ်ထားလာခဲ့တယ်။ ကွယ်ရာမှာတစ်မျိုး၊ ရှေ့မှာတစ်မျိုးပေါ့။ အဖေလုပ်တဲ့လူကလည်း အမြဲမူးရူးနေခဲ့ပြီး ဒေါသထွက်လာရင် သူ့ကိုခါးပတ်နဲ့ရိုက်တတ်တယ်။

မိထွေးကတော့ သူ့ကိုကွယ်ရာမှာအိမ်အလုပ်တွေအများကြီးခိုင်းပြီး ပြောစကားနားမထောင်တဲ့အခါမှာ တိုက်ပိတ်ထားတတ်သလို လူမဆန်အောင်လည်း ညှင်းပန်းခဲ့ဖူးပါတယ်။ အချိုးရာဟောင်းတွေအပေါ်မှာ အသစ်တွေထပ်လာတဲ့ ဗီးနပ်စ်ဟာ သူ့ဒဏ်ရာတွေကိုဖုံးဖို့အတွက် အမြဲလက်ရှည်အင်္ကျီနဲ့ဘောင်းဘီရှည်တွေပဲ ဝတ်ခဲ့ရတယ်။

တစ်ခါတစ်ခါစိတ်ဓာတ်ကျတဲ့အခါတိုင်း သူ့မိခင်ရှိတုန်းက ပြောခဲ့ဖူးတဲ့ နတ်သမီးပုံပြင်တွေကို သူသိပ်တမ်းတမိတယ်။ တစ်နေ့ကျရင် ချပ်ဝတ်အပြည့်နဲ့ နဂါးစီးသူရဲကောင်းလေးက သူ့ကိုလာကယ်မှာလို့ မျှော်လင့်ချက်အမှားတွေ ထားခဲ့ဖူးတယ်။

ဒါပေမဲ့ သူ့ကိုလာကယ်မယ့် မင်းသားလေးလည်းမရှိသလို သူဟာလည်း အပြစ်ကင်းစင်တဲ့ မိန်းကလေးတစ်ယောက်မဟုတ်ခဲ့ဘူး။

မိထွေးက သူ့အဖေအတွက် သားယောက်ျားလေးတစ်ယောက် မွေးပေးပြီးတဲ့နောက်တော့ ဗီးနပ်စ်ရဲ့မိသားစုအတွင်း အခြေအနေက ပိုဆိုးလာတယ်။ သူ့အဖေက သူ့ကိုမရိုက်တော့ပေမဲ့ အာရုံမစိုက်ဘူး။ သမီးအရင်းခေါက်ခေါက်ကို ဘယ်တုန်းကမှ မရှိသလိုမျိုး ဆက်ဆံနေတာ။ သူ့ကိုနာမည်တပ်ခေါ်မယ့်လူမရှိလို့ နာမည်ရင်းတောင် ဗီးနပ်စ်ကိုယ်တိုင်မမှတ်မိတော့ဘူး။

တစ်နေ့တော့ သွေးစွန်းနေတဲ့ဓားတစ်လက်ကို ကြမ်းပြင်ပေါ်ပစ်ချပြီး ဆိုဖာခုံပေါ်မှာ အရူးတစ်ယောက်လိုမျိုး ရယ်မောနေမိတယ်။ အခန်းထောင့်မှာတော့ လဲကျသေဆုံးနေတဲ့ မိန်းမတစ်ယောက်နဲ့ မလှုပ်ရှားတော့တဲ့ လသားအရွယ်ကလေးလေး။

အဖေလုပ်တဲ့သူကတော့ ပိုဆိုးဝါးတဲ့နည်းလမ်းမျိုးနဲ့သေနေတာ။ ဗီးနပ်စ်က သူ့ရဲ့ချစ်လှစွာသောအဖေကို ထိုင်ခုံမှာကြိုးနဲ့တုတ်ပြီး ဓားနဲ့အချက်ပေါင်းများစွာ ထိုးသတ်ခဲ့တာမလို့ပါ။

ဘေးပတ်ဝန်းကျင်ကသိပြီး ရဲတွေရောက်လာတဲ့အထိကို ဗီးနပ်စ်က မနားတမ်းရယ်မောနေခဲ့တာပါ။

နောက်တော့ ဗီးနပ်စ်စိတ္တဇဆေးရုံရောက်သွားတယ်။လသားကလေးပါမချန် သုံးလောင်းပြိုင်လူသတ်မှုဟာ သေဒဏ်ထိုက်နိုင်တဲ့ကိစ္စ။ ဒါပေမဲ့ ဗီးနပ်စ်ဟာ အသက်မပြည့်သေးသလို စိတ်အခြေအနေလည်း တည်ငြိမ်မှုမရှိတော့ဘူး။

ဒီလိုနဲ့စိတ္တဇဆေးရုံက အခန်းကျဥ်းလေးတစ်ခုထဲမှာ ပိတ်လှောင်ခံထားရမယ့် အခြေအနေမျိုးဖြစ်လာခဲ့တယ်။

"ငါပြောသားပဲ၊ နင်က အပြစ်ကင်းစင်တဲ့ကောင်မလေးမဟုတ်လို့ မင်းသားလေးတစ်ယောက်က ဘယ်တော့မှလာကယ်မှာမဟုတ်ဘူး။"

ဗီးနပ်စ် ဒီစကားကို သူ့ဆေးရုံအခန်းထဲက မှန်ကိုကြည့်ရင်း ပြောလိုက်တာ။ နောက်တော့ အရူးလိုမျိုး ရယ်မောရင်း မှန်ကိုလက်သီးနဲ့ထိုးလိုက်တယ်။ မှန်ကွဲတွေ စိစိညက်ညက်ကြေသွားပြီး သူ့လက်ကပန်းထွက်နေတဲ့သွေးတွေ ကြမ်းပြင်တစ်ခုလုံးပေကျံသွားမှ သူနာပြုတွေ သူ့ကိုသတိထားမိသွားတယ်။

"ဒီကလေးက သူ့မိဘတွေကို သူကိုယ်တိုင်သတ်ပစ်လိုက်တာတဲ့။" ဆေးရုံက ဆရာဝန်တွေနဲ့သူနာပြုတွေတောင် သူ့ကိုကြောက်ကြတယ်။ တဖြည်းဖြည်းနဲ့ ဆေးရုံရဲ့အန္တရာယ်အရှိဆုံးလူနာစာရင်းထဲ သူပါလာတယ်။

အဲဒီကိစ္စပြီးကတည်းက သူ့အခန်းထဲမှာ ဆရာဝန်တွေက မှန်ထားမပေးတော့ဘူး။ သူ့ပုံရိပ်ကိုသူမြင်နိုင်တဲ့ ပြတင်းပေါက်မှန်တွေကိုလည်း သတင်းစာဟောင်းတွေနဲ့ကပ်ဖုံးထားတယ်။ ဒါပေမဲ့ ဗီးနပ်စ်ကတော့ နံရံဖြူကြီးကို စိုက်ကြည့်ရင်း သီချင်းညည်းနေတုန်းပဲ။

သူကိုယ်တိုင်စပ်ဆိုထားတဲ့ သီချင်းဖြစ်ပြီး သီချင်းကောင်းလို့တော့ ပြောလို့မရနိုင်ဘူး။

သူ့မှာမိဘတွေမရှိတော့ဘူး၊ ဒါပေမဲ့ အဲဒီလမ်းကို သူကိုယ်တိုင်ရွေးချယ်ခဲ့တာ။ သူ့ဘဝက စင်ဒရဲလားနဲ့ထပ်တူပါ၊ ဒါပေမဲ့ သူက အပြစ်မကင်းစင်သလို သူ့ကိုလာရှာမယ့် မင်းသားလေးလည်းမရှိဘူး။

ဒါပေမဲ့ တစ်နေ့တော့ အဲဲဒီကိစ္စဖြစ်လာခဲ့တယ်။

အဲဒီညကလည်း သူအိပ်မပျော်ခဲ့ဘူး။ သူ့မျက်လုံးတွေကို ဖွင့်ထားပြီး အိပ်ရာအထက်က မျက်နှာကျက်ကိုပဲ နာရီနဲ့ချီအောင် စိုက်ကြည့်နေခဲ့တာ။

နောက်တော့ သိပ္ပံပညာရှင်တစ်ယောက်လို ဝတ်စားထားတဲ့လူတစ်ယောက်က သူ့အခန်းပြတင်းပေါက်မှန်တွေကိုခွဲပြီး ပြတင်းပေါက်ဘောင်ပေါ်မှာ မတ်တပ်ရပ်နေခဲ့တယ်။

အဲဒီနေ့က လမင်းကြီးလည်း ဒီနေ့လိုပဲသာနေခဲ့ပြီး အဲဒီကုတ်အင်္ကျီအဖြူရောင်နဲ့သူအပေါ် လရောင်က ဖြာကျနေတယ်။

"မင်းသားလေးလား...." ဗီးနပ်စ် နောက်ဆုံးမျှော်လင့်ချက်တွေနဲ့ မော့ကြည့်လိုက်တယ်။ ဒါပေမဲ့ အဲဒါက မင်းသားလေးမဟုတ်တဲ့ မိစ္ဆာတစ်ကောင်၊ ကမ္ဘာပေါ်မှာ အဆိုးယုတ်ဆုံးဖြစ်နိုင်တဲ့ လက်စားချေဖို့တစ်ခုတည်းပဲသိတဲ့ လူယုတ်မာတစ်ယောက်ပေါ့။

"မင်းရဲ့စိတ်အခြေအနေက ငါလုပ်ချင်နေတဲ့ စမ်းသပ်မှုအတွက် အပြီးပြည့်စုံဆုံးပဲ။ နှေးကွေးပြီး အသိစိတ်ကိုလေးလံထိုင်းမှိုင်းစေတဲ့ အပင်တွေနဲ့ပေါင်းစပ်ဖို့အတွက်ဆိုရင် ထရော်မာတွေနဲ့ပြည့်နှက်နေတဲ့ စိတ်ပိုင်ရှင်တစ်ယောက်ကို လိုအပ်လိမ့်မယ်။ ကလေး.... မင်းငါနဲ့လိုက်ခဲ့ရမယ်။"

သာမန်ကလေးတစ်ယောက်သာ ဒီလိုအခြေအနေမျိုးနဲ့ကြုံတွေ့ရရင် အော်ဟစ်ပြီးအကူအညီတောင်းမိမှာပဲ။ ဒါပေမဲ့ ဗီးနပ်စ်ကတော့ အဲဒီလူကိုပဲ မျက်ဝန်းကျယ်ကြီးတွေနဲ့ စိုက်ကြည့်နေမိတယ်။ ဒီလူရဲ့နောက်မှာတော့ မျက်နှာသေနဲ့သူ့ကိုစိုက်ကြည့်နေတဲ့ ခန္ဓာကိုယ်အောက်ပိုင်းကင်းခြေများခန္ဓာကိုယ်နဲ့ မိန်းကလေးတစ်ယောက်ရှိနေတယ်။

မကြာခင်မှာပဲ ရဲကားတွေက စိတ္တဇဆေးရုံကို ဝိုင်းထားလိုက်ပေမဲ့ ဘယ်သူမှ အဲဒီလူကို မပစ်ခတ်ရဲကြဘူး။ အဲဒီလူကတော့ ရဲကားတွေကို ဂရုမစိုက်ဘဲ ပြောလိုက်တယ်။

"ငါ့မှာ အချိန်အများကြီးမရှိဘူး၊ လိုက်ခဲ့ပေတော့။"

အဲဒီလူက ဗီးနပ်စ်ရဲ့လက်ကလေးကို သူ့ရဲ့သန်မာတဲ့လက်နဲ့ ဖမ်းဆုပ်လိုက်ပြီး ပြတင်းပေါက်ပေါ်ကနေ ခုန်ချတယ်။ ဘာကြောင့်မှန်းမသိပေမဲ့ လူစိမ်းတစ်ယောက် သူ့ကိုဖမ်းခေါ်သွားတာကို ဗီးနပ်စ်ပျော်နေမိသလိုပဲ။

သူ့ခန္ဓာကိုယ်က လမင်းကြီးအောက်က ကောင်းကင်ပေါ်မှာ ခဏလောက်လွင့်နေခဲ့ပြီး ကင်းခြေများမိန်းကလေးရဲ့ကျောပေါ် သိပ္ပံပညာရှင်ဝတ်စုံနဲ့လူနဲ့အတူရောက်သွားတယ်။

နောက်တော့ ဗီးနပ်စ်ရဲ့တစ်ဘဝတာ စွန့်စားခန်းကြီး စတင်တော့တယ်။ ဒါပေမဲ့ မင်းသမီးလေးအနေနဲ့မဟုတ်ဘဲ မိစ္ဆာတစ်ကောင်ရဲ့နောက်လိုက်အဖြစ်နဲ့ပေါ့။

....

ဗီးနပ်စ်က သူ့နယ်မြေကို အပေါ်စီးကနေကြည့်လိုက်တယ်။

ရန်သူတွေ သူ့နယ်မြေထဲရောက်နေပြီ။ ဒါပေမဲ့ သူမကြောက်ဘဲ စိတ်လှုပ်ရှားနေမိသလိုပဲ။ အာကိုင်းဂါမီက သူ့ထက်အများကြီးအစွမ်းထက်တယ်။ တခြားဟီးရိုးတွေကလည်း အလားတူပဲ။

ဒါပေမဲ့ သူစိတ်လှုပ်ရှားနေမိတယ်။ အဲဒီလူတွေထဲကတစ်ယောက်ကို သူတကယ်သတ်ချင်တယ်။ အဲဲဒီစိတ်ဆန္ဒက ကြီးမားလွန်းလို့ သူရူးသွပ်မသွားခင်ကနေ့ကိုတောင် ပြန်သတိရမိတယ်။ သူ့မိသားစုကို သူသတ်ချင်လာတဲ့နေ့ကလို ခံစားချက်မျိုးက သူ့နှလုံးသားထဲမှာ ပြန်ကိန်းဝပ်လာတယ်။

အဲဲဒီခံစားချက်က ဗီးနပ်စ်ကို သူ့ကိုယ်သူရှင်သန်နေဆဲပဲလို့ အဆက်မပြတ်သတိပေးနေတယ်။ ဗီးနပ်စ်ကပုံပျက်နေတဲ့ ကြောက်စရာအပြုံးမျိုးပြုံးလိုက်တယ်။

"မက်ဒါနာ... နင့်မှာဘာလို့ ငါ့မှာမရှိတဲ့အရာတွေအားလုံး ရှိနေရတာလဲ။ နင်က မင်းသမီးလေးတဲ့လား၊ ပြီးတော့ ငါ့ကိုမကယ်တင်ခဲ့တဲ့ ချပ်ဝတ်အပြည့်နဲ့သူရဲကောင်းမင်းသားလေး။"

ဗီးနပ်စ်က ငွေရောင်စစ်သည်တော်ကို စမြင်ဖူးတုန်းကတော့ ဒီလိုစိတ်မျိုးမရှိခဲ့ဖူးဘူး။ နတ်သမီးပုံပြင်တွေကိုမုန်းလို့ ချပ်ဝတ်နဲ့သူရဲကောင်းကိုမုန်းတယ်။ ဒီလောက်ပါပဲ။

ဒါပေမဲ့ ငွေရောင်စစ်သည်တော်ထဲက မက်ဒါနာဟာ မင်းသမီးအစစ်တစ်ယောက်ဖြစ်တယ်ဆိုတာ သိလာရပြီးတဲ့နောက်တော့ သူ့စိတ်ကို မနာလိုမှုက ဖုံးလွှမ်းသွားခဲ့တယ်။

ဆုဗာနာစစ်ဆင်ရေးမှာ ဒေါက်တာစမစ်က ငွေရောင်စစ်သည်တော်ကို ဖမ်းဆီးပြီးတော့ အထဲမှာရှိနေတဲ့သူက ဆုဗာနာမင်းသမီး မက်ဒါနာလို့ အတည်ပြုနိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ဗီးနပ်စ်ဟာ ဆိုဖီယာနဲ့ရင်ဆိုင်နေခဲ့ရလို့ မသိခဲ့ဘူး။

မက်ဒါနာက ငွေရောင်စစ်သည်တော်မှန်း သူစသိတဲ့အချိန်က တိုကျိုအဖြစ်အပျက်နောက်ပိုင်း ဗီလိန်စည်းဝေးပွဲအတွက် ပြင်ဆင်ခါမှဖြစ်တယ်။ အဲဒီကတည်းက သူမက်ဒါနာကိုသတ်ဖို့အတွက် အလွန်စိတ်ဓာတ် တက်ကြွနေခဲ့တာပါ။

"ချမ်းသာမှု၊ ဂရုစိုက်တဲ့မိတ်ဆွေတွေ၊ ပျော်ရွှင်ရတဲ့ဘဝ၊ အစစ်အမှန်ဖြစ်တဲ့စွမ်းအား... သူက ပြီးပြည့်စုံလွန်းပြီး ငါ့မှာမရှိတဲ့အရာတွေအားလုံး ရှိနေတာပဲ။ မနာလိုစရာကောင်းလိုက်တာ...."

"ငါသူ့ကို သတ်မယ်... သတ်မယ်... သတ်ရမယ်... မနာလိုစရာကောင်းလွန်းတယ်... သူသေရမယ်... သူသေရမယ်...အားဟားဟား...."

ဗီးနပ်စ်တစ်ယောက် အဲဒီနေ့ကလိုမျိုးပဲ ရယ်မောလိုက်ပြီးတော့ ထိုင်နေရာကနေ ထရပ်လိုက်တယ်။ သူ့မျက်လုံးထဲမှာတော့ ရူးသွပ်မှုတွေကအပြည့်ပါ။

အသားစားပန်းဘုရင်မရဲ့ပင်စည်အောက်မှာတော့ ထောင်နဲ့ချီတဲ့အရိုးမျက်နှာတွေ စီတန်းရပ်နေတယ်။ ဗီးနပ်စ်က အဲဒီအရိုးမျက်နှာအုပ်စီကို လက်ညိုးညွန်လိုက်တော့ မှိုစွဲနေတဲ့ လိပ်ပြာတစ်အုပ်က ချက်ချင်း ထိုးဆင်းသွားတယ်။ ဗီးနပ်စ်က ဇွန်ဘီမှိုစွဲနေတဲ့သက်ရှိတွေအပေါ် အပြည့်အဝထိန်းချုပ်နိုင်ပုံပဲ။

လိပ်ပြာတွေက အရိုးမျက်နှာတွေအပေါ် ဆင်းသက်သွားပြီး အရိုးမျက်နှာတွေရဲ့နားထဲ သူတို့ရဲ့နှာမောင်းတွေကို ထိုးသွင်းလိုက်တယ်။ နောက်တော့ ဇွန်ဘီမှိုက အရိုးမျက်နှာတွေမှာ အလျင်အမြန်ကြီးထွားလာပြီး မှိုပွင့်ကြီးတွေက အရိုးမျက်နှာတွေရဲ့မာကျောတဲ့ခန္ဓာကိုယ်ပေါ်မှာ သံချပ်တစ်ခုလိုမျိုး ဖုံးအုပ်သွားတယ်။

ဒါပေမဲ့အရိုးမျက်နှာတွေကပဲ ဗီးနပ်စ်ရဲ့အဓိကတိုက်စစ်မဟုတ်ဘူး။ နတ်သမီးထောင်ချောက်ပင်တွေ၊ ရေတကောင်းပင်တွေ၊ ယင်ဖမ်းလက်တံနွယ်တွေနဲ့ လူသေပန်းပွင့်တွေကလည်း မြေပြင်ကနေ တစ်ဟုန်ထိုးပေါက်လာပြီး ခရမ်းရောင်သစ်နွယ်တွေကလည်း မရဏနယ်မြေထဲမှာ နောက်ထပ်သစ်နွယ်နံရံတွေကို ဝင်္ကပါပုံစံတည်ဆောက်လိုက်တယ်။ ဒါတွေအားလုံးက ရှင်းပြနေတာကြာပေမဲ့ အရာရာတိုင်းက စက္ကန့်အနည်းငယ်အတွင်းမှာပဲ ဖြစ်ပေါ်လာတာပါ။

တစ်ချိန်တည်းမှာပဲ ဗီးနပ်စ်ရဲ့ခန္ဓာကိုယ်က နှစ်ခြမ်းကွဲထွက်သွားပြီး ဗီးနပ်စ်နှစ်ယောက်ဖြစ်သွားတယ်။ အဲဲဒီနှစ်ယောက်က တစ်ယောက်ကိုယ်တစ်ယောက် အချင်းချင်းကြည့်လိုက်ပြီး နှစ်ယောက်ထဲက တစ်ယောက်က အမိန့်ပေးလိုက်တယ်။

"သူတို့ကိုသွားသတ်၊ တစ်ယောက်မှအရှင်မထားနဲ့။"

ကိုယ်ပွားဗီးနပ်စ်က မှိုစွဲနေတဲ့ လိပ်ပြာတစ်အုပ်ကို ဦးဆောင်ပြီးတော့ သစ်နွယ်ဝင်္ကပါထဲ ပျံသန်းဆင်းသွားတယ်။ မှိုစွဲနေတဲ့ အရိုးမျက်နှာတစ်အုပ်ကလည်း အလားတူပဲ ဝင်္ကပါထဲကို အုပ်စုလိုက်ပြေးဝင်သွားတယ်။

လက်ရှိဗီးနပ်စ်ရဲ့အင်အားက မြို့ကြီးတစ်မြို့လုံးကို ပြာချပစ်နိုင်စွမ်းရှိတဲ့အထိ အင်အားကြီးမားနေပြီးပါပြီ။ ဒါပေမဲ့ အခုအင်အားကို သူကလူတစ်စုကိုရင်ဆိုင်ဖို့သက်သက်ပဲ အသုံးချရမှာပါ။

...

အခြားတစ်ဖက်မှာတော့ မက်ဒါနာတို့အုပ်စုကလည်းမီးခလုတ်ဖွင့်လိုက်သလို ပြောင်းလဲသွားတဲ့ မရဏသစ်တောရဲ့အခြေအနေကို သတိထားမိကြပါတယ်။

ရေတအောင်းပင်တွေဆိုရင် သူတို့ကိုစပြီးတိုက်ခိုက်နေပါပြီ။ မက်ဒါနာက ရေတအောင်းနဲ့ယင်ဖမ်းနွယ်တချို့ကို ခုတ်ပိုင်းလိုက်ရင်း သူ့အဖော်တွေအားလုံးကို ပြောလိုက်တယ်။

"မျက်စိရှင်ရှင်ထားပြီး တစ်ယောက်နဲ့တစ်ယောက် ကူညီပေးကြ။ တစ်ယောက်တည်း ကွဲထွက်မသွားစေနဲ့။"

အားလုံး ခေါင်းညိတ်ကြတယ်။ ဆုဗာနာလေးစောင့်ရှောက်သူက အဝေးမှာရှိနေတဲ့ ဗီးနပ်ထောင်ချောက်ပင်တွေကို ပေါက်ကွဲစေတဲ့ယမ်းမြားနဲ့ပစ်ခတ်ပြီး ဖြေရှင်းလိုက်တယ်။

လှံစောင့်ရှောက်သူကတော့ သူတို့အနားအရမ်းကပ်လာတဲ့ ရေတအောင်းပင်တွေကို ခုတ်ချနေပြီးတော့ အယ်လိုဟင်ကတော့ သူ့သေနတ်တွေနဲ့ ပစ်ကူပေးနေတယ်။

အခြားတစ်ဖက်မှာတော့ အေမီနဲ့ဖရာလီတာတို့က သာသာယာယာပါပဲ။ သူတို့လက်နက်တွေက အတော်အဆင့်မြင့်တာကြောင့် အသားစားပင်တွေကို အုပ်စုလိုက် ပြာချပစ်နေပါတယ်။

ဒါကြောင့် အာကိုင်းဂါမီတောင် လောလောဆယ်ဝင်ပါစရာမလိုသေးဘူး။ ဒါပေမဲ့ အခုက အစပဲရှိသေးမှန်း သူတို့သိကြပါတယ်။ တကယ့်ခြိမ်းခြောက်မှုက အခုထိ ရောက်မလာသေးပါဘူး။

All Chapters