သေမင်းဝင်္ကပါ
Vol. 4 Ch. 41
နွယ်ရှင်ပင်တော်တော်များများက အတော်လေးပျော့တာကြောင့် သူတို့အနိုင်ရှင်းနိုင်ကြသေးပေမဲ့ မှိုစွဲနေတဲ့ အရိုးမျက်နှာအုပ်စု ရောက်လာတဲ့အချိန်ကနေစပြီး တိုက်ပွဲအခြေအနေက တစ်မျိုးပြောင်းသွားပါတယ်။
ငွေရောင်စစ်သည်တော်က သူ့ရှေ့ရောက်လာတဲ့ မှိုအရိုးမျက်နှာကို ဓားနဲ့ခုတ်လိုက်ပေမဲ့ လင်ဇီးမှိုပွင့်ကြီးတွေလို အထပ်လိုက်ဖြစ်နေတဲ့ မှိုချပ်ပြားကြီးတွေကို သူ့ဓားက မတိုးပါဘူး။
"ဘာ... ဇက်သတ္တုဓားတောင်မတိုးဘူး။"
ဇက်သတ္တုက ကမ္ဘာပေါ်မှာအခိုင်မာဆုံးသတ္တုပါ။ ဇက်သတ္တုဓားကို ဇက်သတ္တုချပ်ဝတ်ကပဲ တားနိုင်သင့်တယ်။ ဒါပေမဲ့ အခုတော့ဒီအရိုးမျက်နှာတွေပေါ်က သာမန်မှိုပွင့်တွေက တားဆီးနိုင်စွမ်းရှိနေပါတယ်။
[တွက်ချက်နေပါသည်... မှိုချပ်ဝတ်၏ပွပြီးထူထဲသည့် တည်ဆောက်ပုံက ကူရှင်ကဲ့သို့အလုပ်လုပ်သည်။ ဇက်သတ္တု၏ထက်ရှမှုကို တိုက်ရိုက်မရင်ဆိုင်ဘဲ သက်ရောက်မှုကို လျော့ကျစေသည့်ပုံစံဖြင့် ခုခံပါသည်။]
ဝတ်စုံစနစ်က အကြောင်းအရင်းကို ချက်ချင်းပဲတွက်ချက်ပေးလိုက်တယ်။ ငွေရောင်စစ်သည်ထဲက မက်ဒါနာကတော့ ခေါင်းကိုခါယမ်းလိုက်ရင်း မြေဆွဲအားဓားရဲ့အလေးချိန်ကို တိုးပစ်လိုက်ပါပြီ။
"နင်တို့ကို ပိုင်းဖြတ်ပစ်မရမှတော့ ဖိသတ်ရသေးတာပေါ့။"
မြေဆွဲအားဓားရဲ့အလေးချိန်က ထရပ်ကားတစ်ခုစာဖြစ်လာပြီးတဲ့နောက် မှိုစွဲအရိုးမျက်နှာဟာ ဒူးထောက်ကျသွားတယ်။ မက်ဒါနာက သူ့ညာခြေထောက်ကိုမြှောက်ပြီး အားကုန်ကန်လိုက်တာကြောင့် အရိုးမျက်နှာလည်း အဝေးကိုလွင့်သွားတယ်။
ဒါပေမဲ့ ဒီနေရာမှာက အရိုးမျက်နှာတွေဒါဇင်နဲ့ချီပြီးရှိနေတာပါ။ ပြီးတော့ ထပ်ရောက်လာနေသေးတယ်။
"ငါတို့တွေ အားနည်းတဲ့အဖွဲ့ဝင်တွေကို ထားခဲ့တာမှန်သွားတယ်။ ဒီကူးစက်မှိုတွေက သူတို့ကိုကူးသွားရင် ပိုပြီးထိန်းမနိုင်သိမ်းမရဖြစ်ကုန်လိမ့်မယ်။"
Archmegaကလည်း အလင်းဒြပ်စင်ဗုံးနဲ့အရိုးမျက်နှာတစ်ကောင်ကို အနီးကပ်ဖောက်ခွဲပစ်လိုက်ရင်း ပြောလာတယ်။ အခုသူတို့တွေက နွယ်ရှင်ပင်တွေကို ဂရုစိုက်နေရရုံတင်မကဘဲ မှိုကပ်ပါးတွေ သူတို့ကိုမကူးအောင်ပါ ဂရုစိုက်နေရတယ်။
အေမီ၊ဖရာလီတာနဲ့မက်ဒါနာတို့က ကြောက်စရာမလိုပေမဲ့ အာကိုင်းဂါမီနဲ့ဆူဗာနာစောင့်ရှောက်သူတွေကတော့ အင်မတန်သတိထားနေရတယ်။ ကံကောင်းတာက ဒီအရိုးမျက်နှာတွေဟာ လေခိုစရာအများကြီးရှိနေတဲ့ မှိုပွင့်ချပ်ဝတ်တွေကြောင့် မီးလောင်လွယ်နေပါတယ်။
အခုအာကိုင်းဂါမီက လေထုထဲမှာပျံသန်းနေပြီး သူတို့အုပ်စုနားကိုကပ်ဖို့ကြိုးစားနေတဲ့ အရိုးမျက်နှာများစွာကို ကြိုတင်ပြာချပေးနေတယ်။ ဒီလိုမှမဟုတ်ရင် မြေပြင်မှာရှိနေတဲ့ ဟီးရိုးအုပ်စုကို အရိုးမျက်နှာတွေက အရေအတွက်အသာနဲ့ ဖုံးလွှမ်းသွားလောက်ပါပြီ။
အေမီကလည်း အရိုးမျက်နှာတွေကို သူ့အမြန်နှုန်းနဲ့ ဖျက်ဆီးပစ်ဖို့ကြိုးစားပေမဲ့ သူ့ဓားပါးလေးနှစ်လက်က မှိုချပ်ဝတ်တွေကြောင့် အသုံးမဝင်တော့ဘူး။ ဒီတော့ အလင်းဒြပ်စင်ရိုင်ဖယ်ကို ပြောင်းသုံးနေပြီး အဲဒါကလည်း အရိုးမျက်နှာတွေကို အနီးကပ်ပစ်နိုင်မှ သက်ရောက်ပါတော့တယ်။
"ဒီအတိုင်းဆိုရင် ငါတို့တွေအစည်းအဝေးကျင်းပနေတဲ့နေရာထဲ ဝင်ဖို့မပြောနဲ့၊ ဒီထဲကနေ အသက်ရှင်လျက်ပြန်ထွက်နိုင်ရင်တောင် ကံကောင်းပဲ။"
အယ်လိုဟင်ကတော့ အရိုးမျက်နှာတစ်ကောင်ရဲ့ခေါင်းကို တိုက်ရိုက်ဖောက်ခွဲပစ်လိုက်တယ်။ မှိုတွေက ဦးနောက်မရှိတော့တဲ့ အရိုးမျက်နှာကို ထိန်းချုပ်
နိုင်စွမ်းမရှိတော့ဘဲ အရုပ်ကြိုးပြတ်လဲကျသွားတယ်။
"သူတို့ခေါင်းကို ဖျက်ဆီးပစ်၊ အဲဒါပိုမြန်တယ်။"
အယ်လိုဟင်က ရန်သူ့အားနည်းချက်ကိုရှာတွေ့သွားပြီး အားလုံးကို သတိပေးလိုက်တယ်။ အားလုံးလည်းသူပြောတဲ့အတိုင်းပဲ စမ်းကြည့်ကြတယ်။
"စနစ်ရေ၊ သူတို့ခေါင်းကိုဖောက်ခွဲပစ်ရအောင်။" မက်ဒါနာက သူ့ရှေ့မှာရှိနေတဲ့ မှိုစွဲအရိုးမျက်နှာတစ်ဒါဇင်လောက်ကိုကြည့်ရင်း ချပ်ဝတ်ကိုပြောလိုက်တယ်။
[လုပ်ဆောင်နေပါသည်....]
ခဏကြာတော့ ငွေရောင်စစ်သည်တော်ရဲ့အတွင်းမျက်နှာပြင်မှာ မလွဲနိုင်တဲ့တိုက်စစ်ကို တွက်ချက်ပြီးသားဖြစ်သွားပြီး မက်ဒါနာကလည်း အဲဒီအတိုင်းစတိုက်ခိုက်တယ်။
အလေးချိန်အမြင့်ဆုံးထားထားတဲ့ မြေဆွဲအားဓားက အရိုးမျက်နှာတွေရဲ့ခေါင်းတွေကို ဆက်တိုက်ဖြတ်ချပစ်လိုက်တယ်။ တစ်ကောင်ချင်းစီအတွက် စက္ကန့်ဝက်တောင်မကြာဘူး။ ဒါပေမဲ့ နောက်ဆုံးတစ်ကောင်က သူ့လက်မမည်းကြီးကိုမြှောက်ပြီး ခေါင်းကိုကာကွယ်လိုက်လို့ သေမသွားဘူး။
"ဟမ်..."
[ရန်သူအားလုံးကို ဖြေရှင်းဖို့ကျရှုံးသွားပါသည်၊ အသင့်အနေအထားပြန်နေပါ။]
စနစ်ရဲ့ပြီးပြည့်စုံတဲ့ ခန့်မှန်းတွက်ချက်မှုကနေ ဖန်တီးပေးတဲ့တိုက်စစ်က ကျရှုံးတာရှားတယ်။ ဒါပေမဲ့ ဘာမှမဟုတ်တဲ့ မြူတန့်သိပ္ပံရဲ့နောက်မြီးဆွဲလေးတွေကို ဖြေရှင်းဖို့ ကျဆုံးခဲ့ပါတယ်။
မက်ဒါနာက အဲဒီအရိုးမျက်နှာကိုကြည့်လိုက်တယ်။ ဓားကိုခံဆောင်လိုက်တဲ့ ကင်းမြီးကောက်လက်မက တစ်စစီကွဲကြေသွားပေမဲ့ ချက်ချင်းပဲနောက်လက်မတစ်ခုက ဝင်အစားထိုးတယ်။ အရိုးမျက်နှာတွေက လူလုပ်မြူတန့်တွေရဲ့ကုစားနိုင်စွမ်းကိုပါ ရရှိထားတဲ့ပုံပဲ။
"ဖရာလီတာ၊ ဘာလို့ဒီအရိုးမျက်နှာတွေမှာ စကော်ပီယိုရဲ့စွမ်းအားရှိနေရတာလဲ။"
ဖရာလီတာကလည်း တစ်ဖက်မှာ သူ့နားကပ်လာနေတဲ့ အရိုးမျက်နှာတွေကို ထပ်ပြီးအလင်းဗုံးတွေနဲ့ တိုက်ခိုက်တယ်။
"မသိဘူး၊ ဖြစ်နိုင်တာက စကော်ပီယိုရဲ့DNAကို ပုံတူကူးပြီး သုံးနေတာများလား။"
"ဒေါက်တာမြူရဲ့အရိုးမျက်နှာတွေက စကော်ပီယိုရဲ့စွမ်းအားကို ပုံတူကူးပြီးသုံးတာမလို့ ငါလက်ခံနိုင်သေးတယ်။ ဒါပေမဲ့ ဗီးနပ်စ်ရဲ့အရိုးမျက်နှာတွေက စကော်ပီယိုကို မတိုက်ခိုက်ခဲ့ဖူးဘူးလေ။"
မက်ဒါနာ ပြောလိုက်တဲ့အချိန်မှာပဲ ဘေးကနေ အရိုးတံရှည်တစ်ချောင်း ဖြတ်သန်းသွားတဲ့အတွက် မက်ဒါနာလန့်ပြီး ဆဲလိုက်မိတယ်။
"ဖာ့ခ်... အဲဒါဟိုအရိုးချောင်းကြီးမဟုတ်လား။" သူ့လက်မောင်းက ဒဏ်ရာကိုရစေခဲ့တဲ့ ဇက်သတ္တုချပ်ဝတ်ကို ဖောက်ထွင်းနိုင်တဲ့ အရိုးလှံတံလေ။
အာကိုင်းဂါမီကလည်း မီးကြာပန်းတစ်ခုနဲ့ အရိုးမျက်နှာတစ်အုပ်ကို ပြာချပစ်လိုက်ရင်းနဲ့ စကားဝင်ပြောတယ်။
"ငါက မင်းတို့လိုတော့ သိပ္ပံပညာမကျွမ်းကျင်ပေမဲ့ သီအိုရီတစ်ခုတော့ ရှိတယ်။ သူတို့တွေအကုန်လုံးက ပုရွတ်ဆိတ်တွေလိုမျိုး တစ်ကောင်နဲ့တစ်ကောင်ဆက်သွယ်ပြီး ဒေတာတွေကူးပေးလို့ရနိုင်တာများလား။"
"အဓိပ္ပါယ်ရှိတယ်..." မက်ဒါနာက ပြောပြောဆိုဆိုနဲ့ အရိုးမျက်နှာတစ်ကောင်ကို ဆောင့်ကန်လိုက်တယ်။
"အရိုးမျက်နှာနက်ဝေါ့ခ်ပေါ့လေ။ သူတို့စုပ်ယူထားတဲ့ DNAဒေတာတွေကို တစ်ကောင်နဲ့တစ်ကောင် ကူးပေးလို့ရနိုင်မယ်ပေါ့။ မြူတန့်သိပ္ပံတွေက ကမ္ဘာကိုစိန်ခေါ်ရဲတာ အလကားတော့မဟုတ်ဘူးပဲ။"
အားလုံးမြူတန့်သိပ္ပံရဲ့အင်အားကို အထင်မသေးတော့ဘဲ သတိရှိရှိဖြစ်သွားတယ်။ သူတို့အဖွဲ့က မြူတန့်လောကမှာ ထိပ်သီးခွန်အားကို ပိုင်ဆိုင်ထားလို့သာ မြူတန့်သိပ္ပံကို ရင်ဆိုင်နိုင်တာပါ။ တကယ်လို့ သူတို့နေရာမှာ သာမန်နိုင်ငံတစ်နိုင်ငံက ဟီးရိုးအဖွဲ့သာဆိုရင် မြူတန့်သိပ္ပံလက်အောက်မှာ ကျရှုံးသွားလောက်ပါပြီ။
"စကားပြောတာလျှော့ပြီး မြန်မြန်လေး လှုပ်ရှားလိုက်ရအောင်။"
အာကိုင်းဂါမီရဲ့လက်ထဲမှာ မီးလှံတံတစ်ခုပေါ်လာတယ်။ ကြည့်ရတာ သူက တစ်နေရာတည်းမှာအချိန်ဆက်မဖြုန်းချင်တော့ဘူး။
သူက အရိုးမျက်နှာတွေရှိနေတဲ့အုပ်စုထဲကို အသံထပ်မြန်တဲ့နှုန်းနဲ့ ဆင်းသွားပြီး ဆက်တိုက်တိုက်ခိုက်လိုက်တယ်။ တအားမြန်လွန်းလို့ မက်ဒါနာတို့အုပ်စုတောင် သေချာမမြင်ရဘူး။
"အံ့ဩစရာပဲ... သူက တကယ်ကြမ်းတယ်။"
မက်ဒါနာ၊ အေမီနဲ့ဖရာလီတာတို့လည်း အသံထက်မြန်အောင် တိုက်ခိုက်နိုင်စွမ်းရှိကြပေမဲ့ သစ်တောထဲမှာရှိနေတဲ့ နွယ်ရှင်ပင်တွေကြောင့် အသံမြန်နှုန်းနဲ့သွားလို့မရနိုင်ပါဘူး။ ဒါကြောင့် သူတို့ဒီလိုအခက်တွေ့နေတာပါ။
ဒါပေမဲ့အာကိုင်းဂါမီအတွက်တော့ သစ်တောကြီးက အတားအဆီးမဟုတ်ဘူး။
စက္ကန့်အနည်းငယ်အတွင်းမှာပဲ အရိုးမျက်နှာတစ်အုပ်လုံးပျောက်သွားပြီး ရှေ့ကီလိုမီတာအနည်းငယ်အထိ အခက်အခဲမရှိဘဲ သွားလို့ရတဲ့လမ်းတစ်ခုပေါ်လာတယ်။
"သွားကြစို့၊ ဒီလမ်းက အကြာကြီးပွင့်နေမှာမဟုတ်ဘူး။"
အာကိုင်းဂါမီရဲ့စကားကြောင့် သူတို့မြန်မြန်ခရီးဆက်လိုက်ကြတယ်။ အာကိုင်းဂါမီကြောင့် သူတို့ရှေ့မှာ မီးလောင်ပြင်ကျယ်ကြီးဖြစ်သွားပေမဲ့ မရဏသစ်တောရဲ့ထုံးစံအတိုင်းပဲ အပင်တွေက မြန်မြန်ဆန်ဆန်ကြီးထွားပြီး သူတို့အနိုင်ယူထားတဲ့နေရာကို ပြန်သိမ်းယူဖို့ ကြိုးစားနေကြပြီ။ ဒီတော့ ရှေ့ဆက်သွားမှဖြစ်မယ်။
...
ကီလိုမီတာဝက်လောက် ခရီးဆက်သွားပြီးချိန်မှာတော့ သစ်နွယ်နံရံတွေက ဝင်္ကပါလိုဖြစ်နေတဲ့နေရာကို သူတို့ရောက်လာကြပြီ။ အတားအဆီးတွေက ပိုခိုင်မာနေပြီး လမ်းကအလွန်ကျဥ်းတာကြောင့် လူနှစ်ယောက်ဘဲ ပခုံးချင်းယှဥ်ပြီးသွားလို့ရနိုင်တယ်။
"ငါတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မကောင်းတဲ့ခံစားချက်တွေရနေတယ်။"
မက်ဒါနာက ပြောလိုက်တယ်။ ဒါပေမဲ့အာကိုင်းဂါမီကတော့ ယုံကြည်ချက်အပြည့်နဲ့ဖြစ်ပြီး မီးလှံတံသစ်တစ်ချောင်း ဖန်တီးလိုက်ကာ ရှေ့ကနေသွားတယ်။
"ငါ့နောက်ကလိုက်ခဲ့... ဘာမှကြောက်စရာမလိုဘူး။"
ဒါပေမဲ့ သူတို့သစ်နံရံဝင်္ကပါထဲကို ခြေချလိုက်တာနဲ့ သူတို့ဝင်လာတဲ့လမ်းက ချက်ချင်းပိတ်သွားပြီးအမှောင်ထုက ကြီးစိုးသွားတယ်။
ဖရာလီတာက ဝတ်စုံမှာပါတဲ့ ဓာတ်မီးတွေကိုဖွင့်လိုက်တဲ့အချိန်မှသာ လမ်းကိုပြန်မြင်လာရတယ်။ ပြီးတော့ မတူညီတဲ့လမ်းသုံးလမ်းက သူတို့ရှေ့မှာရှိနေတယ်။
"ဒီနေရာမှာကျတော့ ညကောင်းကင်ကိုတောင် မမြင်ရဘူးပဲ။" မက်ဒါနာက ကောင်းကင်ကိုမော့ကြည့်တော့ သစ်နွယ်ပင်တွေက အရာအားလုံးကိုဖုံးလွှမ်းနေတဲ့အတွက် လအလင်းရောင်ကိုတောင် မမြင်ရဘူး။
မက်ဒါနာကလည်း ဝတ်စုံရဲ့ညကြည့်အမြင်စနစ်ကို ဖွင့်လိုက်ပြီး ဝင်္ကပါထဲက ထူးခြားမှုကို သူသတိထားမိတယ်။
"ဖရာလီတာ၊ နင်သတိထားမိလား။ ဒီနေရာမှာ ဘာအသားစားပန်းမှရှိမနေဘူး။"
ကျန်တဲ့လူတွေလည်း ဒီတော့မှ ပုံမမှန်မှုကြီးကို သတိထားမိသွားကြတယ်။ အပြင်မှာတုန်းက အသားစားပန်းပင်တွေနဲ့ အရိုးမျက်နှာတွေက သူတို့ကို တစ်ချိန်လုံးပစ်မှတ်ထားခဲ့တာပါ။ ဒါပေမဲ့ အခုကျတော့ တအားငြိမ်းချမ်းနေသလိုပဲ။ ပြီးတော့ သူတို့ရှေ့မှာ မှောင်မိုက်နေတဲ့ လမ်းသုံးလမ်းကိုမြင်နေရတယ်။
ရုတ်တရက် လိပ်ပြာတွေက လမ်းသုံးလမ်းထဲကနေ ထွက်လာပြီး တစ်နေရာတည်းမှာစုစည်းသွားတယ်။ လိပ်ပြာတွေ ပျောက်ပြီးသွားတဲ့နောက်တော့ ဗီးနပ်စ်က သူတို့ရှေ့မှာပေါ်လာပြီဖြစ်ပြီး သူတို့အားလုံးကို အရုပ်ဆိုးဆိုးနဲ့ပြုံးပြနေတယ်။
"ပတ်ဝန်းကျင်ကို လေ့လာလို့ပြီးကြပြီလား၊ မရဏသစ်တောရဲ့သေမင်းဝင်္ကပါထဲကနေ ကြိုဆိုပါတယ်။ကျွန်မကတော့ ရှင်တို့ကိုဒီညဧည့်ခံပေးမယ့် ဗီးနပ်စ်ပါ။ ရှင်တို့ရှေ့က လမ်းသုံးလမ်းမှာ တစ်လမ်းတည်းမှာပဲ ရှင်နိုင်မယ့် အခွင့်အရေးရှိတယ်။ ကျန်တဲ့နှစ်လမ်းကတော့ သေလမ်းပဲ။ ကဲ... ရွေးလိုက်ကြပါဦးနော်။"
ဗီးနပ်စ်ပေါ်လာတဲ့အတွက် သူတို့အုပ်စုက နည်းနည်းလေးမှ မအံ့ဩဘူး။ သူတို့က ဗီးနပ်စ်ရဲ့နယ်မြေထဲမှာရှိနေတာမလို့ တစ်ချိန်ချိန်တော့ ထိပ်တိုက်တွေ့ကြမှာပါ။ ဒါပေမဲ့ မစောလွန်းသေးဘူးလား။
မက်ဒါနာကတော့ ဗီးနပ်စ်ကို မျက်မှောင်ကြုတ်ပြီးကြည့်လိုက်တယ်။ တစ်ခုခုလွဲနေသလိုပဲ၊ သူသိထားသလောက် မရဏသစ်တောနယ်မြေကို ဗီးနပ်စ်ကိုယ်တိုင် အသားစားပန်းဘုရင်မထဲကနေ ထိန်းချုပ်ဖို့လိုပါတယ်။ ဒါပေမဲ့ သူတို့ရှေ့ကိုလူကိုယ်တိုင်ရောက်လာတယ်။
"ခွေးကောင်မ၊ သေစမ်း...။"
ဒါပေမဲ့ ဘာမှစဥ်းစဥ်းစားစားမရှိတဲ့ ဖရာလီတာကတော့ အလင်းဗုံးအမြောက်နဲ့ဦးခင်အောင်ပစ်ချလိုက်ပြီ။ ဒါပေမဲ့ ဗီးနပ်စ်ရဲ့ခန္ဓာကိုယ်က နှစ်ခြမ်းကွဲသွားပြီး အလင်းဗုံးကို အသာလေးရှောင်တယ်။ အလင်းဗုံးက သစ်နံရံတစ်ခုကိုသာထိသွားပြီး ဘာမှသက်ရောက်မှုမရှိဘူး။
"စိတ်မရှည်တတ်လိုက်တာနော်... ကစားပွဲဆိုတာ စည်းနဲ့ကမ်းနဲ့ဆော့မှ ပျော်စရာကောင်းမှာပေါ့။"
ရုတ်တရက်မြေပြင်ကနေ များပြားတဲ့အသားစားသစ်ပင်တွေ စတင်ထွက်ပေါ်လာပြီး သူတို့ကိုဝိုင်းတိုက်ခိုက်တယ်။ အလားတူပဲထူးဆန်းတဲ့ အစိမ်းရောင်ဓာတ်ငွေ့တွေက လေထုထဲမှာပြန့်နှံလာတယ်။ များလွန်းတဲ့အတွက် သူတို့ဘာမှပြန်မလုပ်နိုင်လောက်တဲ့အထိပဲ။ အာကိုင်းဂါမီသာလျင် ဒီလိုအခြေအနေကနေ သူတို့ကိုဖောက်ထွက်နိုင်အောင်လို့ ကူညီပေးနိုင်မှာ။
အာကိုင်းဂါမီက သူ့လက်ထဲမှာ မီးလံတစ်ခုဖန်တီးဖို့လုပ်လိုက်ပေမဲ့ သစ်နွယ်တစ်ခုက သူ့လက်တွေကိုချုပ်လိုက်တယ်။ အာကိုင်းဂါမီသာလုပ်ချင်စိတ်ရှိရင် သူ့တစ်ကိုယ်လုံးမီးတောက်အောင်လုပ်ပြီး သစ်နွယ်တွေကို ဖြေရှင်းလို့ရသေးတယ်။ ဒါပေမဲ့ ဗီးနပ်စ်ရုတ်တရက်ပြောလိုက်တဲ့စကားကြောင့် သူဆက်မလုပ်တော့ဘူး။
"သစ်တောကို မီးရှို့ဖို့ နည်းနည်းလေးမှမစဥ်းစားနဲ့၊ လေထုထဲမှာ အပင်ထွက်မီသိန်းဓာတ်ငွေ့တွေရှိတယ်။ရှင်မီးတစ်ချက်ရှို့တာနဲ့ အကုန်ပေါက်ကွဲပြီး ရှင့်သူငယ်ချင်းတွေပါ သေကုန်လိမ့်မယ်။"
အာကိုင်းဂါမီစိတ်လျှော့လိုက်တယ်။ ဝင်္ကပါထဲဝင်လာကတည်းက သူတို့တွေ ရန်သူထောင်ချောက်ထဲ ရောက်သွားတဲ့ပုံပဲ။ မက်ဒါနာ၊ အေမီနဲ့ဖရာလီတာတို့က နည်းပညာချပ်ဝတ်တွေထဲမှာဆိုပေမဲ့ နေရာတစ်ခုလုံးပြည့်နေတဲ့ တန်ချီတဲ့မီသိန်းဓာတ်ငွေ့တွေရဲ့ပေါက်ကွဲမှုကို ခံနိုင်ရည်ရှိဖို့မသေချာဘူး။ ဝတ်စုံတွေက မပျက်စီးရင်တောင် သက်ရောက်မှုကြောင့် အထဲကလူ့ခန္ဓာကိုယ်ဟာ ကျိုးကြေသွားနိုင်သေးတယ်။
ဗီးနပ်စ်ကတော့ အရက်စက်ဆုံးအပြုံးတစ်ခုကို ပြုံးထားပေမဲ့ မိုးလေဝဿသတင်းကြေညာနေသလိုမျိုး သာမန်အဆန်ဆုံးလေသံနဲ့ ကစားပွဲစည်းမျဥ်းတွေကို ပြောနေတယ်။
"အစောပိုင်းက ကျွန်မပြောခဲ့သလိုပဲ ရှင်တို့တွေမှာ ရွေးချယ်စရာ လမ်းသုံးလမ်းရှိတယ်။ နှစ်ခုက သေလမ်း၊ နောက်တစ်ခုကတော့ ရှင်လမ်းပဲ။ ဒါပေမဲ့လမ်းတိုင်းမှာ အတားအဆီးတွေရှိနေတာမလို့ ရှင်လမ်းမှာလည်း အသုံးမကျရင် သေသွားနိုင်တယ်။ ဒီမှာဆက်နေရင်လည်း ကျွန်မကြောင့် အကုန်လုံးသေကုန်မယ့်အတူတူတော့ ကံစမ်းကြည့်ကြပါလား။"
"ငါတို့အတူစုနေရင် ဘယ်လိုမှအနိုင်ယူလို့မရမှန်းသိလို့ ဒီကောင်မက လူစုခွဲချင်နေတာပဲ။"
ဖရာလီတာက ဗီးနပ်စ်စကားကို နားထောင်ပြီးတဲ့နောက် ဒေါသတကြီးနဲ့အမြောက်နဲ့ထိုးချိန်ပြီးပစ်ဖို့လုပ်ပေမဲ့ နွယ်ရှင်တွေက သူ့ကိုတားထားပြန်တယ်။
"အာ...အာ... နင့်အမြောက်က အလင်းအမြောက်မလို့ မီးမပွင့်ပေမဲ့ ငါ့ကိုပစ်ခွင့်ပေးတယ်လို့တော့ မဆိုလိုဘူးလေ။ ပြီးတော့ ပစ်လည်းဘာမှမထူးဘူး။"
ဗီးနပ်စ်က ပဟေဋ္ဌိဆန်ဆန်အပြုံးမျိုးပြုံးထားချိန်မှာ မက်ဒါနာကတော့ စိတ်ပျက်ပျက်နဲ့ သူသတိထားမိတဲ့ မူမမှန်မှုကို ပြောလိုက်တယ်။
"ဖရာလီတာ၊ သူ့ကိုသတ်နိုင်ရင်လည်း အလကားပဲ။ သူက ဗီးနပ်စ်အဆင့်မဟုတ်ဘူး။ သာမန်ကိုယ်ပွားတစ်ခုပဲ။"
'ဟုတ်တယ်၊ ဗီးနပ်စ်အသစ်က အသားစားပန်းဘုရင်မနားမှာပဲ ရှိနေရမှာ။' ဒါက မက်ဒါနာရဲ့အတွေးပါ။
"သိပ်တော်တယ်၊ နင်ကို ဒေါက်တာစမစ်က မြူတန့်သိပ္ပံရဲ့အဓိကအဖျက်ကောင်လို့ သတ်မှတ်ထားတာ မမှားဘူးပဲ။"
နောက်တော့ ဗီးနပ်စ်က သူ့လက်ထဲမှာ ဆူးအပြည့်နဲ့အသားစားပန်းပင်ကို ကြီးလာအောင်စိုက်ပျိုးလိုက်ပြီး နမ်းလိုက်တယ်။ အသားစားပန်းပင်က သူ့လက်ထဲမှာ ပျော်ရွှင်စွာကခုန်နေတယ်။
"နင်တို့လမ်းကို မြန်မြန်ရွေးတာကောင်းမယ်၊ သိတဲ့အတိုင်း အစည်းအဝေးပွဲက မကြာခင်ပြီးတော့မှာလေ။ သူတို့အောင်မြင်သွားရင် ဘယ်လိုလုပ်မလဲ။"
မက်ဒါနာတို့အုပ်စုက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တယ်။ ကြည့်ရတာရွေးစရာမရှိတော့တဲ့ပုံပဲ။
"S rankတွေက တစ်ယောက်တစ်လမ်းပဲဝင်လို့ရမယ်။ A rank သုံးယောက်ကတော့ အဖွဲ့ဖွဲ့ပြီး S rank တွေသွားလို့ အတော်ကြာမှ နယ်မြေထဲဝင်ရမယ်။" ဗီးနပ်စ်က ကြေညာလိုက်တယ်။ သူတို့ကိုလူစုခွဲပြီး အသေသတ်ဖို့လုပ်နေတာမှန်း သူတို့သိကြပေမဲ့ အဲဲဒီအတိုင်း မလုပ်လို့မဖြစ်ဘူး။ အာကိုင်းဂါမီ သူတို့ကိုမကူနိုင်တဲ့ ဒီနေရာမှာဆက်နေနေရင် ဗီးနပ်စ်လက်ချက်နဲ့ သေချာပေါက်သေရမှာဖြစ်ပြီး လမ်းခွဲတွေထဲမှာကတော့ အခွင့်အရေးတစ်ခုရှိနေနိုင်ပါသေးတယ်။
"မက်ဒါနာ၊ ကောင်မစုတ်။ နင်သေသွားလို့ကတော့ ငါခွင့်မလွှတ်ဘူးနော်။"
ဖရာလီတာက ပထမဆုံးစပြီး လှုပ်ရှားဖို့ဆုံးဖြတ်လိုက်တယ်။ သူက ဘယ်ဖက်အစွန်ဆုံးလမ်းထဲမဝင်ခင် မက်ဒါနာကိုလှမ်းပြောတယ်။ မက်ဒါနာကလည်း ခေါင်းပြန်ညိတ်ပြတယ်။
"ငါလည်းအတူတူပဲ၊ နင်သေသွားလို့ကတော့ နင့်စံအိမ်ကို တစ်စစီလုပ်ပစ်မှာ။"
မက်ဒါနာကလည်း ဘယ်ဖက်အစွန်ဆုံးလမ်းဆီကို လျှောက်သွားရင်း ပြောလိုက်တယ်။ အေမီကတော့ မမလေးနောက်ကိုလိုက်ချင်ပေမဲ့ စည်းကမ်းအရ သူလည်း S rank ဆိုတော့ မက်ဒါနာနောက်ကို လိုက်သွားလို့မရဘူး။
"မမလေးက ကျွန်မတို့ကို ဒီအခြေအနေကနေ ဆွဲထုတ်ပေးနိုင်မယ်ဆိုတာ ကျွန်မယုံတယ်။" အေမီက ပြောပြောဆိုဆိုနဲ့ အလယ်လမ်းအတိုင်းဝင်သွားတယ်။
S rank အဖွဲ့ဝင်တွေ ဝင်သွားပြီးငါးမိနစ်လောက်ကြာတဲ့အခါမှာတော့ ဗီးနပ်စ်က အယ်လိုဟင်တို့အုပ်စုကိုကြည့်ပြီး ပြောလိုက်တယ်။
"နင်တို့ လမ်းရွေးရမယ့်အလှည့်ရောက်ပြီ။"
ပထမတော့ အယ်လိုဟင်က သူ့သခင်မလေးနောက်ကို လိုက်ဖို့ကြိုးစားပေမဲ့ ဆုဗာနာစောင့်ရှောက်သူနှစ်ယောက်ကတော့ မင်းသမီးလေးနောက်ကိုပဲလိုက်ဖို့ပြောတယ်။ နောက်တော့ အချင်းချင်းအငြင်းပွာတာကို ကြည့်မနေနိုင်တော့တဲ့ဗီးနပ်စ်က သုံးယောက်လုံးကိုဖမ်းပြီး အလယ်လမ်းထဲပစ်ထည့်လိုက်တယ်။
အခုဝင်္ကပါအဝင်ဝနေရာမှာ အာကိုင်းဂါမီတစ်ယောက်ပဲ ဗီးနပ်စ်နဲ့ကျန်ခဲ့တယ်။ လေထုထဲမှာရှိနေသေးတဲ့ ဓာတ်ငွေ့တွေကိုကြည့်ရင်း အာကိုင်းဂါမီက သက်ပြင်းချလိုက်တယ်။
"ငါကရော..."
"ရှင်ကတော့ ကစားပွဲကိုအင်အားသုံးဖျက်နိုင်တဲ့ လူမလို့ ဒီမှာပဲနေရလိမ့်မယ်။ ဪ၊ ရှင်သူငယ်ချင်းတွေမရှိတော့လို့ သောင်းကျန်းဖို့တော့ မစဥ်းစားနဲ့နော်။ ကျွန်မက ကိုယ်ပွားမလို့ ကျွန််မသတ်လည်းအပိုပဲ။ ရှင်ဒီကနေထွက်ပြီး ဝင်္ကပါကိုဖျက်ဆီးဖို့လုပ်တာနဲ့ ဝင်္ကပါထဲက အကုန်လုံးကို ကစားပွဲစည်းမျဥ်းအတိုင်းမလုပ်ဘဲ တစ်ခါတည်းသတ်ပစ်မှာ။"