မကျေပွဲ
Vol. 4 Ch. 42
အလယ်လမ်းထဲ အတင်းထည့်ခံရပြီး ဝင်လာတဲ့လမ်းပိတ်သွားမှပဲ ဆုဗာနာစောင့်ရှောက်သူတွေနဲ့ အယ်လိုဟင်ရဲ့စကားစစ်ထိုးပွဲက ပြီးသွားပါတယ်။
သူတို့နှစ်ဖက်လုံးအတွက် ဆိုင်ရာပိုင်ရာမမလေးတွေကို ကာကွယ်ပေးဖို့က အဓိကဖြစ်ပြီးတော့ ဘယ်သူမဆို သူတို့သခင်မလေးဝင်သွားတဲ့ လမ်းဆီကိုပဲသွားချင်ကြတယ်။ ဒါပေမဲ့ သူတို့ကို သူတို့သခင်မလေးတွေပေးထားတဲ့အမိန့်က သုံးယောက်တွဲပြီးနေဖို့ပါ။ ဒီတော့ သူတို့လူချင်းခွဲသွားလို့မဖြစ်ဘူး။
"အစကတည်းက မင်းသမီးလေးနောက်ကို လိုက်ခဲ့သင့်တာ၊ ဒီလိုဆိုရင် ငါတို့တွေအကုန်လုံး အခုလိုမျိုးအရေးမပါတဲ့ အိမ်ဖော်မနောက် လိုက်နေစရာမလိုဘူး။" စိတ်သဘောထားကျဉ်းမြောင်းတဲ့ ပုဆိန်စောင့်ရှောက်သူက ပြောလိုက်တယ်။
ဒါပေမဲ့ အယ်လိုဟင်ကတော့ စောင့်ရှောက်သူနှစ်ဦးလုံးကို အထင်တသေးနဲ့ကြည့်လိုက်ပြီး ခေါင်းခါတယ်။
"ဖြစ်ပြီးတာတွေလည်း ဖြစ်ပြီးပါစေတော့။ ငါတို့ဆက်မသွားဘဲ နေလို့မဖြစ်တော့ဘူးလေ။"
ဆုဗာနာစရောက်ပြီး ဆုဗာနာစောင့်ရှောက်သူတွေအကြောင်း ကြားဖူးတုန်းက အယ်လိုဟင် အတော်အထင်ကြီးမိခဲ့ဖူးတယ်။ ဘာပဲဖြစ်ဖြစ် သူတို့တွေက နိုင်ငံစောင့်ရှောက်သူတွေဖြစ်ပြီးတော့ တစ်ဖက်မှာတော့ သူက သာမန်ရဲအရာရှိကနေ ဘဏ္ဍာစိုးဖြစ်လာတဲ့ B rank လေးပါ။ ဒါပေမဲ့ သူ့မမလေးထွင်ပေးထားတဲ့ ဝတ်စုံသစ်ကြောင့် အဆင့်တူဖြစ်လာပြီးတဲ့နောက် ဒီလူတွေက ထင်သလောက်မဟုတ်မှန်းသိလာရပြီ။
'ဒီလူတွေ လေးယောက်ပေါင်းတာတောင် ဓားနတ်ဆိုးကိုမနိုင်တာ အခုလိုအမြင်ကျဉ်းပြီး လေဦးနောက်ဆန်နေလို့ကိုး။' ပြောရရင်တော့ အယ်လိုဟင်ရဲ့အတွေးက စွပ်စွဲရာကျတယ်။ ဓားနတ်ဆိုးက ပုံမှန် A rankမှမဟုတ်တာ။ တိုက်ပွဲအတွေ့အကြုံအပြည့်နဲ့ သတ်ဖြတ်ခြင်းကို အရိုးအထိစွဲနေခဲ့သူပါ။
ဆုဗာနာစောင့်ရှောက်သူတွေကလည်း တိုက်ပွဲတွေအများကြီးတိုက်ခဲ့ကြပေမဲ့ ခက်ခဲမှုတိုင်းကို တစ်ဦးတည်းကျော်ဖြတ်ခဲ့တဲ့ ဓားနတ်ဆိုးနဲ့တော့ ယှဉ်လို့မရပါဘူး။ ဒါကြောင့်လည်း အရင်ဆယ်စုနှစ်တွေမှာ ဆုဗာနာက ကီလိုမန်းအပေါ်မှာ ဆုဗာနာစောင့်ရှောက်သူတွေထက် ပိုအားထားခဲ့ရတာပေါ့။
"ငါတို့တွေက ရန်သူ့နယ်မြေထဲရောက်နေတာ၊ စကားလျှော့ပြောပြီး အလုပ်များများလုပ်ရအောင်။"
အယ်လိုဟင်က သူ့သေနတ်တွေကို ကျည်ဖြည့်လိုက်ပြီး ရှေ့ကနေဦးဆောင်သွားတယ်။ ကျန်တဲ့သူတွေကလည်း နောက်ကလိုက်ကြတယ်။
သူတို့အားလုံးရင်ထဲမှာ သိနေကြတာတစ်ခုတော့ရှိပါတယ်။ သူတို့အနေနဲ့ ရှေ့ကသွားနေတဲ့သူတွေနဲ့ မတူတဲ့လမ်းမှာရှိနေမှန်း သိကြတယ်။ တံခါးဝက သုံးခုပဲရှိပေမဲ့ ဝင်္ကပါအတွင်းက လမ်းတွေကတော့ သုံးလမ်းပဲရှိတာမဟုတ်ဘူး။ သူတို့ရှေ့ကနေ အေမီဝင်သွားပေမဲ့ အေမီကိုသူတို့လမ်းမှာတွေ့နိုင်ဖို့ အခွင့်အရေးနည်းပါတယ်။
ဒါကြောင့် အစောပိုင်းက ရန်ဖြစ်ခဲ့တာဟာ လုပ်ချင်ဇောနဲ့ တစ်ခဏလောက် ဉာဏ်နည်းမိသွားကြရုံပဲ။
သူတို့ရှေ့ဆက်သွားနေရင်း သိပ်မကြာခင်မှာပဲ ဝင်္ကပါရဲ့နံရံတွေက အသက်ဝင်လာပြီး လမ်းက တဖြည်းဖြည်းကျဉ်းမြောင်းလာတယ်။ ဆူးနွယ်နံရံကြီးတွေမလို့ ညပ်သွားတာနဲ့ သူတို့သေမှာပါ။
"ဆက်သွားကြစို့..." ဒါပေမဲ့ သူတို့မှာနောက်ဆုတ်လို့လည်းမရသလို အခြားနည်းလမ်းလည်းမရှိပါဘူး။ ဒီတော့ ရှေ့ဆက်သွားဖို့တစ်လမ်းပဲရှိတယ်။
ရုတ်တရက် မြေပြင်ကနေ ယင်စားနွယ်ပင်တွေထွက်လာပြီး သူတို့ခြေလက်တွေကို တုပ်နှောင်လိုက်တယ်။ဆူးနွယ်နံရံတွေကလည်း ဆက်ကျဉ်းလာနေသေးပေမဲ့ ယင်စားနွယ်တွေက သူတို့ကိုရစ်ပတ်ပြီးတာနဲ့ အလကားမနေဘဲ သွေးတွေကိုစုပ်ယူနေပါတယ်။
"ကြည့်ရတာ ငါတို့သေလမ်းကို ရွေးလိုက်မိပြီထင်တယ်။" လေးစောင့်ရှောက်သူက ပြောလိုက်ပေမဲ့ တခြားနှစ်ယောက်ကတော့ မပြောလည်းသိနေပြီးသားပါ။
နောက်တော့ လိပ်ပြာတွေအများ သူတို့ဝင်္ကပါလမ်းထဲရောက်လာပြီး တစ်နေရာမှာစုဖွဲ့သွားတယ်။ လိပ်ပြာတွေ ထွက်ခွာသွားပြီးတဲ့နောက်တော့ ဗီးနပ်စ် သူတို့မြင်လိုက်ရတယ်။ ဒါပေမဲ့ အရင်တစ်ခါသူတို့တွေ့ခဲ့တဲ့သူလိုပဲ ကိုယ်ပွားဖြစ်ဖို့ကျိန်းသေပါတယ်။
"မဟုတ်ဘူး... ရှင်တို့က သေတာထက်ပိုဆိုးတဲ့လမ်းကို ရွေးခဲ့ကြတာ။" ဗီးနပ်စ်က ပုံစံပျက်နေတဲ့အပြုံးမျိုးပြုံးလိုက်ရင်း သူ့လက်ညိုးကို ဆန့်ထုတ်လိုက်ပါတယ်။ မှိုစွဲနေတဲ့လိပ်ပြာတစ်ကောင် သူ့လက်ညိုးမှာလာနားပြီးတဲ့နောက်တော့ အယ်လိုဟင်တို့သုံးဦးလုံးရဲ့မျက်နှာ ကွက်ခနဲပျက်သွားတယ်။
...
ဖရာလီတာရဲ့တိုက်ပွဲအပေါ် ယုံကြည်ချက်က ဘာလဲလို့မေးရင် အားပြင်းပြင်းသေနတ်တစ်လက်လို့ ပြောရမှာပါ။
အသားစားအပင်မျိုးစိတ်မျိုးစုံက သူ့ကိုဒုက္ခပေးပေမဲ့ အလင်းအမြောက်ဒဏ်ကို မခံနိုင်ကြပါဘူး။ မှိုစွဲနေတဲ့ အရိုးမျက်နှာတချို့ကိုတွေ့ပေမဲ့ အေးဆေးပါပဲ။
ဒါပေမဲ့ သူတို့တွေက ကမ္ဘာ့အန္တရာယ်အများဆုံးမြူတန့်နယ်မြေထဲရောက်နေတာမလို့ အန္တရာယ်နည်းလေ ပိုကြောက်ရလေမှန်း သိပါတယ်။
"ငါတို့ကို အာကိုင်းဂါမီနဲ့ခွဲထုတ်လိုက်ကတည်းက သာမန်မဟုတ်နိုင်မှန်းသိပြီးသား။ ဗီးနပ်စ်ဘာကြံနေလဲ ခန့်မှန်းမရတာ ခက်တာပဲ။"
Archmegaက အရှိန်ပြင်းပြင်းနဲ့ ရှေ့ဆက်သွားနေတယ်။ အသားစားအပင်မျိုးစိတ်တွေက ဝါးဖရိန်ကြီးအောက်မှာ နင်းခြေခံနေရတယ်။
ရုတ်တရက် မြေပြင်ကနေ ယင်စားနွယ်ပင်တွေအများကြီးထွက်လာပြီး ဝါးဖရိန်ရဲ့လှုပ်ရှားမှုကို ကန့်သတ်နိုင်တယ်။
"ဒီလောက်လေးနဲ့ ငါ့ကိုတုပ်နှောင်ထားလို့ရနေမယ်ထင်နေတာလား။"
ဖရာလီတာက ဝါးဖရိန်အင်ဂျင်ကို ဖွင့်လိုက်ပြီးတော့ လေထဲပျံတက်ဖို့ကြိုးစားတယ်။ နွယ်ပင်ပေါင်းမိုးရှိနေလို့ တကယ်တမ်းပျံသန်းလို့မရနိုင်ပေမဲ့ ယင်ဖမ်းနွယ်လက်ကလွတ်ဖို့တော့ အတော်လေးကောင်းတဲ့ ရွေးချယ်မှုပါ။
ဒါပေမဲ့ မှိုစွဲနေတဲ့ အရိုးမျက်နှာတွေက Archmega နွယ်လက်တံတွေဆီကနေမလွတ်ခင် အပေါ်ကနေ ဝိတ်နဲ့ ဝိုင်းဖိချကြတယ်။
နောက်ဆုံးတိုးပွားလာတဲ့ အလေးချိန်ကိုမခံနိုင်တော့ဘဲ Archmegaဝါးဖရိန်ကြီး ဒူးထောက်ကျသွားတဲ့အထိပါပဲ။ နောက်တော့ လိပ်ပြာတွေဝင်္ကပါလမ်းထဲဝင်လာပြီး ဗီးနပ်စ်အဖြစ်ပြောင်းသွားတယ်။
"ခွေးကောင်မ၊ ရှင်လမ်းသေလမ်းဆိုတာ နင့်လှည့်ကွက်သက်သက်ပဲမဟုတ်လား။ ငါတို့ကို တမင်ဖိအားပေးပြီး တစ်ယောက်ချင်းသတ်ချင်လို့လုပ်တာသက်သက်ပဲပေါ့။"
ဖရာလီတာက ဗီးနပ်စ်ကိုမြင်တာနဲ့ အမြောက်နဲ့ပစ်ဖို့လုပ်ပေမဲ့ မှိုကောင်တစ်ကောင်က Archmegaရဲ့လက်ကို ဖိနင်းလိုက်လို့ သေချာချိတ်လို့မရတော့ဘူး။ နောက်တော့ယင်ဖမ်းနွယ်ပင်တွေရောက်လာပြီး Archmegaရဲ့လက်ထဲက အလင်းအမြောက်ကို မရရအောင် လုသွားတယ်။
ဗီးနပ်စ်ကတော့ ဖရာလီတာရဲ့စကားကို အလေးမထားဟန်နဲ့ အနားကိုလျှောက်လာပြီး ပြောလိုက်တယ်။
"အသေးမလေး၊ နင်ငါ့ကို အထင်လွဲနေပြီနဲ့တူတယ်။ လမ်းတွေက ငါပြောတဲ့အတိုင်းပဲ သေလမ်းနှစ်လမ်းနဲ့ရှင်လမ်းတစ််လမ်းပါ။ နင့်ဘာသာနင် သေလမ်းရွေးမိတာကို ငါ့ကိုလာအပြစ်တင်လို့မရဘူးလေ။ ဒါပေမဲ့..."
ဗီးနပ်စ်က တစ်ခုခုကို သတိရသွားတဲ့ဟန်နဲ့ အားရပါးရရယ်လိုက်ပြီး ပြောလိုက်တယ်။
"ရှင်လမ်းကနေ ထွက်လာနိုင်ရင်လည်း လမ်းက သေမင်းဆီကိုပဲပေါက်မှာဆိုတော့ နင်ပြောတာလည်း မမှားပါဘူးလေ။ လမ်းအားလုံးက မရဏဆီဦးတည်သည်ပေါ့။"
ဖရာလီတာက ဝတ်စုံထဲကနေပြီး နွယ်ပင်ပေါင်းမိုးလစ်ဟနေတဲ့နေရာကနေ မြင်နေရတဲ့ အသားစားပန်းဘုရင်မကို Zoom ဆွဲပြီးကြည့်လိုက်တယ်။
"ခွေးကောင်မ... ရှင်လမ်းက နင့်ခန္ဓာကိုယ်အစစ်ဆီသွားတဲ့လမ်းမဟုတ်လား။ နင့်လက်နဲ့ နင်ကိုယ်တိုင်သတ်ချင်တဲ့သူ ငါတို့ထဲမှာရှိနေတာလား။"
"ခန့်မှန်းတာ တော်သားပဲ။ ဒါပေမဲ့ နင်က မကြာခင် ငါ့ရဲ့ရုပ်သေးရုပ်လှလှလေးဖြစ်တော့မှာဆိုတော့ အလကားပဲ။"
နောက်ဆုံးတော့ ယင်ဖမ်းနွယ်ပင်တွေက ဝါးဖရိန်ကြီးကို လုံးဝချုပ်နှောင်နိုင်သွားပြီ။ အခုနတ်သမီးထောင်ချောက်ပင်တွေက ဝါးဖရိန်ရဲ့ရင်ဝကို ကိုက်ပြီးဖောက်ထုတ်ဖို့ကြိုးစားနေတယ်။
Archmegaက ဝါးဖရိန်အစစ်နဲ့လုပ်ထားတာမလို့ နတ်သမီးထောင်ချောက်တွေက သေချာအလုပ်မဖြစ်သေမဲ့ ဗီးနပ်စ်မှာက ဒီနည်းလမ်းတစ်ခုတည်းပဲ ရှိတာမဟုတ်ပါဘူး။
ဗီးနပ်စ်လက်ဖျောက်တီးလိုက်တော့ စကော်ပီယိုရဲ့မြူတန့်စွမ်းအား ကင်းမြီးကောက်လက်မကြီးရှိနေတဲ့ မှိုစွဲအရိုးမျက်နှာတစ်ကောင်ရောက်လာပြီး အဲဒီလက်မမည်းကြီးနဲ့ Archmegaရဲ့ရင်ဝကို ထိုးချလိုက်တယ်။
ဒိန်...
သတ္တုချင်းထိခတ်မိသံ ထွက်ပေါ်လာပြီး လက်မကြီးတစ်စစီအက်ကွဲသွားတယ်။ ဒါပေမဲ့ ဖရာလီတာရဲ့ဝါးဖရိန်ရင်ဝလည်း ပိန်သွားပြီး အတွင်းမျက်နှာပြင်မှာ ထိခိုက်မှုသတိပေးချက်တွေပြနေတယ်။
ဖရာလီတာက အလွတ်ရုန်းဖို့ကြိုးစားပေမဲ့ မှိုကောင်တွေအများကြီးနဲ့ယင်ဖမ်းနွယ်ပင်တွေက သူ့ကိုဝိုင်းချုပ်ထားလို့အသုံးမဝင်ဘူး။
လက်မကြီးပြန်ကောင်းလာတဲ့ မှိုကောင်ကတော့ ဖြည်းဖြည်းနှေးနှေးနဲ့ Archmegaရဲ့ရင်ဝကို အကြိမ်ကြိမ် ဖျက်ဆီးဖို့ကြိုးစားနေတယ်။ လောလောဆယ် အောင်မြင်ဖို့မသေချာသေးပေမဲ့ တစ်ကြိမ်ကြိမ်တော့ ချပ်ဝတ်က မခံနိုင်တော့ဘဲ ကြေမွသွားမှာပါ။
"သေစမ်း... ဒီအတိုင်းသာဆိုရင် ငါတကယ်သေတော့မယ်။" ဖရာလီတာ သူ့နှုတ်ခမ်းကနေ သွေးတွေကျဆင်းလာတဲ့အထိ အပေါ်သွားနဲ့အောက်နှုတ်ခမ်းကို ဖိကိုက်ထားလိုက်မိတယ်။
...
မက်ဒါနာကလည်း လမ်းကိုပုံမှန်အတိုင်းပဲ လျှောက်ရင်း ရန်သူတွေကို တိုက်ခိုက်နေပါတယ်။
မှိုချပ်ဝတ်တွေရှိတဲ့ အရိုးမျက်နှာတွေက သာမန်အရိုးမျက်နှာတွေထက် အများကြီးပိုအမာခံပါတယ်။ ဒါပေမဲ့ သူတို့ရဲ့သိသာတဲ့အားနည်းချက်က ခေါင်းဖြစ်နေမှန်း သိပြီးတဲ့နောက်တော့ သူတို့ကိုရှင်းထုတ်ဖို့က ဒီလောက်ကြီးအချိန်မယူရတော့ဘူး။
"စဉ်းစားကြည့်ခါမှ သူတို့မှာတခြားအားနည်းချက်တွေလည်း ရှိနေသေးတာပဲ။" မက်ဒါနာက သူ့ရဲ့ဝတ်စုံစနစ်ကိုသုံးပြီး ရန်သူတွေကို ဒေတာကောက်နေခဲ့တာပါ။ ဒီလိုမှ သူ့ရန်သူတွေကို မြန်မြန်ဆန်ဆန်အနိုင်ယူနိုင်မယ့်နည်းကို ရှာတွေ့မှာပါ။
[တွက်ချက်နေပါသည်... သာမန်အရိုးမျက်နှာများနှင့် မှိုစွဲအရိုးမျက်နှာများ နှိုင်းယှဉ်ချက်။ မှိုစွဲနေသည့်အရိုးမျက်နှာများမှာ ခံနိုင်ရည်နှင့်ခွန်အားအပိုင်းတွင် သိသိသာသာ တိုးတက်လာပါသည်။ အမြန်နှုန်းနှင့် တုံ့ပြန်နိုင်စွမ်းတွင် သိသိသာသာ ကျဆင်းသွားပါသည်။]
မက်ဒါနာက အရိုးမျက်နှာတစ်ကောင်ရဲ့ခေါင်းကို မြေဆွဲအားဓားနဲ့ ဆွဲဖြုတ်လိုက်ရင်း စဉ်းစားကြည့်တယ်။
"ဟုတ်သားပဲ၊ တုံ့ပြန်မှုပဲ။ မြူနယ်မြေထဲမှာတုန်းက အရိုးမျက်နှာတွေက ငါတိုက်ခိုက်တာကို ရှောင်နိုင်စွမ်းရှိတယ်။ အခုကောင်တွေကတော့ ဒီအတိုင်းပြေးဝင်လာနေတာ။"
အရိုးမျက်နှာတွေက အသိစိတ်မရှိသလို သေရမှာ မကြောက်ကြပါဘူး။ ဒါပေမဲ့ သူတို့ရဲ့တိုက်ခိုက်နိုင်စွမ်းကို အဓိကမောင်းနှင်နေတာက ဗီဇသိစိတ်ပါ။
"ဒါပေမဲ့ ဗီးနပ်စ်က သူတို့ကိုပိုပြီးမာကျောစေဖို့နဲ့ ပိုပြီးထိန်းချုပ်နိုင်အောင်လို့ သူ့မှိုတွေကို သူတို့ဦးနောက်ထဲ ထည့်ပေးလိုက်တယ်မဟုတ်လား။ ဒီတော့ သူတို့ကိုမောင်းနှင်နေတာက ဗီဇသိစိတ်မဟုတ်တော့ဘဲ ဗီးနပ်စ်ရဲ့hive mindဖြစ်သွားပြီး တစ်ကောင်ချင်းစီရဲ့တုံ့ပြန်နိုင်စွမ်း ကျဆင်းသွားတာ။"
အကုန်လုံးချုံကြည့်ရင်တော့ မှိုစွဲအရိုးမျက်နှာတွေက သာမန်အရိုးမျက်နှာတွေထက် ဘယ်နေရာမှာမှ သာလွန်နေခြင်းမရှိပါဘူး။ ခုခံနိုင်စွမ်းမြင့်ကောင်းမြင့်ပေမဲ့ သူတို့ရဲ့တိုက်ရည်ခိုက်ရည်ကတော့ နည်းသွားပါပြီ။ ဒီတော့ ထင်ရှားတဲ့ပစ်မှတ်တွေဖြစ်လာရုံကလွဲလို့ ဘာကောင်းကျိုးမှမရှိဘူး။
"အင်း၊ ဒါပေမဲ့ မှိုတွေက သက်ရှိတိုင်းကို သက်ရောက်တယ်မဟုတ်လား။" မက်ဒါနာက သေသွားတဲ့ မှိုစွဲကောင်တွေဆီကနေထွက်လာတဲ့ မှိုဝတ်မှုန်တွေကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်တယ်။
ဒီမှိုတွေသာ သာမန်လူတွေကိုကူးသွားရင် ဗီးနပ်စ်က အဲဒီလူတွေကိုထိန်းချုပ်နိုင်သွားမယ်မဟုတ်လား။ ဒီလိုဆိုရင် ဇွန်ဘီapocalpyse တစ်ခုကိုတောင် သူတစ်ယောက်တည်းနဲ့ စလို့ရနေလောက်ပြီ။
"ကြည့်ရတာ ဗီးနပ်စ်ကို ငါ့ရဲ့အပြတ်ရှင်းစာရင်းထဲ ထည့်သင့်ပြီထင်တယ်။" မက်ဒါနာက တော်ရုံလူမသတ်ဘူး။ သူသတ်ခဲ့တဲ့ဗီလိန်တွေကလည်း လက်မခံနိုင်လောက်အောင် ဆိုးသွမ်းသူတွေချည်းပါပဲ။
ပြီးတော့ ပိုကောင်းတဲ့ဟီးရိုးတစ်ယောက်ဖြစ်ဖို့ကို ရည်မှန်းချက်အနေနဲ့ သတ်မှတ်ပြီးတဲ့နောက်မှာ ပိုပြီးတော့တောင် လူမသတ်ချင်ဘူး။ ဒါပေမဲ့ မြူတန့်သိပ္ပံအဖွဲ့ဝင်တွေက အသက်ရှင်လျက်ထားဖို့အတွက် သိပ်ကို အန္တရာယ်များလွန်းနေပါတယ်။
"ငါဘာလုပ်ရင်ကောင်းမလဲ၊ ဗီးနပ်စ်ကို တရားချကြည့်ရင်ကောင်းမလား။"
ဒါပေမဲ့ မက်ဒါနာက ချက်ချင်းခေါင်းခါပစ်လိုက်တယ်။ သူက Animeဇာတ်လမ်းတစ်ခုရဲ့ဇာတ်လိုက်မဟုတ်လို့ ဗီလိန်ကြီးတွေနှလုံးသားပျော့ပြောင်းသွားပြီး လူကောင်းဖြစ်သွားလောက်တဲ့အထိ စကားပြောမကောင်းပါဘူး။ ပြီးတော့ မြူတန့်သိပ္ပံတစ်ဖွဲ့လုံးက ရူးနေတာလေ။ သူတို့ပြစ်မှုတွေက လုံးဝခွင့်လွှတ်လို့မရတဲ့အရာတွေပါ။
"ကြည့်ရတာ ရွေးစရာမရှိတော့တဲ့ပုံပဲ။ ဘာပဲဖြစ်ဖြစ်ဗီးနပ်စ်ကို အရင်အနိုင်တိုက်ပြီးမှ ဆုံးဖြတ်တာပေါ့။"
မက်ဒါနာက ဓားကိုတစ်ခြမ်းယမ်းလိုက်ပြီး ပခုံးပေါ်ပြန်တင်ထားလိုက်တယ်။ မှိုစွဲအရိုးမျက်နှာနှစ်ကောင်ကတော့ ခေါင်းတွေပြုတ်ထွက်သွားပြီး ချက်ချင်းမြေပေါ် ဒူးထောက်ကျကုန်တယ်။
အခြားခြိမ်းခြောက်မှုတွေဖြစ်တဲ့ ယင်ဖမ်းနွယ်တွေ၊ နတ်သမီးထောင်ချောက်တွေကလည်း မက်ဒါနာအတွက် ဘာသက်ရောက်မှုမှမရှိသလောက်ပါပဲ။ တဖြည်းဖြည်းနဲ့ သူဝင်္ကပါလမ်းဆုံးကိုရောက်လာပြီ။
....
ဝင်္ကပါထဲကနေ ထွက်လိုက်ပြီးတဲ့နောက် သူပထမဆုံးမြင်ရတာက စိမ်းစိုနေတဲ့ မြက်ခင်းပြင်ပါ။ ပြီးတော့ လအလင်းရောင်က မြက်ခင်းပြင်ပေါ်ကို ဖြာကျနေတယ်။
ဒီလှပတဲ့ရှုခင်းရဲ့အလယ်မှာတော့ အသားစားပန်းဘုရင်မရှိနေပြီး နတ်သမီးထောင်ချောက်ပန်းသဏ္ဍာန်အတောင်နဲ့ မိန်းမလှလေးကတော့ မြက်ခင်းပြင်ပေါ်မှာ ရပ်နေတယ်။ သူ့လက်ညိုးပေါ်မှာတော့ လိပ်ပြာတစ်ကောင် နားနေပါတယ်။ တကယ်လို့လိပ်ပြာရဲ့ခေါင်းသာပွင့်ပြီး ရွံမုန်းစရာမှိုတစ်ပွင့်ပြူထွက်မနေခဲ့ရင် ဒီရှုခင်းက အများကြီးပိုကောင်းနေမှာ။
ဗီးနပ်စ်က မက်ဒါနာဖက်ကိုလှည့်ကြည့်ပြီး ပြောလိုက်တယ်။
"ရို့... နင့်ကို မင်းသမီးလေးမက်ဒါနာလို့ခေါ်ရမလား၊ဒါမှမဟုတ် အရင်တစ်ခါခေါ်သလိုပဲ SilverKnight လို့ခေါ်ရမလား။"
ဝတ်စုံထဲမှာရှိနေတဲ့ မက်ဒါနာလည်း မျက်ခုံးပင့်လိုက်မိတယ်။ ဗီးနပ်စ်က သူ့ရဲ့ပြိုင်ဖက်ဟောင်းပါ။ အများကြီးပိုအစွမ်းထက်လာတယ်ဆိုပေမဲ့ အရင်တစ်ခါက ဆိုးဆိုးဝါးဝါးရှုံးနိမ့်ထားတာမလို့ သူ့ကိုမုန်းမယ်ဆိုရင်လည်း မုန်းသင့်ပါတယ်။ ဒါပေမဲ့ ဗီးနပ်စ်ရဲ့လေသံက ရိုးရိုးရန်သူတစ်ယောက်ကို မုန်းတီးတာထက်ကို ပိုလွန်နေသလိုပဲ။
မွေးကတည်းက မက်ဒါနာနဲ့ရန်သူဖြစ်လာတဲ့ လူတစ်ယောက်က ပြောတဲ့စကားကို နားထောင်နေရသလိုပဲ။
"ငါနင့်ကို တစ်ခုခုလုပ်ထားမိလို့လား၊ အရင်တစ်ခါက နင်လီဆာကို ပြန်ပေးဆွဲဖို့လုပ်လို့ ဒီအတိုင်းတိုက်ခိုက်ခဲ့ရုံပဲလေ။ နင့်အဖွဲ့အစည်းကြောင့်သာမဟုတ်ရင် ငါတို့ကြားမှာ ဘာရန်ငြိုးမှရှိမှာမဟုတ်ဘူး။"
ငွေရောင်စစ်သည်က အသင့်အနေအထားနေလိုက်တယ်။ ဘယ်ခြေကိုရှေ့ထုတ်ပြီး ညာခြေကိုနောက်မှာထား။ ဓားကိုလက်နှစ်ဖက်နဲ့သေချာကိုင်ပြီး မျက်နှာရှေ့မှာ ဒေါင်လိုက်ထောင်ထားတယ်။ ဗီးနပ်စ်က အရင်တစ်ခါတွေ့ဖူးသလိုမျိုး လွယ်မှာမဟုတ်မှန်းမက်ဒါနာသိတယ်။
"အင်း၊ ပုံမှန်အတိုင်းပြောရရင်တော့ ငါတို့မှာပုဂ္ဂိုလ်ရေးရန်ငြိုးမရှိတာအမှန်ပဲ။ လီဆာကို ခေါ်ပြီးနှိပ်စက်တာက ငါမှမဟုတ်တာ။"
ဗီးနပ်စ်က သူ့စကားကိုရပ်ထားလိုက်ပြီး သူ့မျက်နှာအမူအရာက ချက်ချင်းခက်ထန်သွားတယ်။ အဲဲဒီနောက်တော့ သူ့လက်ထဲက လိပ်ပြာကို ဖိညှစ်သတ်လိုက်ပြီး သွားကြားထဲကလေသံနဲ့ပြောလာတယ်။
"ဒါပေမဲ့ နင့်မှာက ငါမရှိတာတွေအားလုံး ရှိနေတယ်လေ၊ မင်းသမီးလေးရဲ့။"
ဗီးနပ်စ်ရဲ့ယင်ဖမ်းနွယ်ပင်တွေက မြက်ခင်းပြင်ကနေ ချက်ချင်းကြီးထွားလာပြီး မက်ဒါနာကိုဖမ်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ မက်ဒါနာကတော့ အလေးမထားဘဲ သူ့တောင်ပံတွေကို ဖွင့်လိုက်တယ်။
အသားစားပန်းဘုရင်မရှိနေတဲ့နေရာက ဝင်္ကပါထဲမှာမဟုတ်သလို အတော်လေးကျယ်ဝန်းတာကြောင့် တာတိုပျံသန်းဖို့အဆင်ပြေတယ်။
ငွေရောင်စစ်သည်က နွယ်တွေကိုဖြတ်ကျော်ပြီး ဗီးနပ်စ်ရဲ့ရှေ့မှာပေါ်လာတယ်။ နောက်တော့ ဧရာမဓားပြားကြီးနဲ့ ဗီးနပ်စ်ကို နှစ်ခြမ်းခုတ်ဖြတ်ပစ်လိုက်တယ်။
ဒါပေမဲ့နှစ်ခြမ်းဖြစ်သွားတဲ့ ဗီးနပ်စ်ရဲ့ခန္ဓာကိုယ်ကနေ သွေးတစ်စက်မှထွက်မလာဘဲ သစ်မြစ်တွေအဖြစ်ကိုသာ ပြောင်းလဲသွားပြီး အချင်းချင်းပြန်စုစည်းသွားတယ်။
"ငါထင်တဲ့အတိုင်းပဲ နင်က တကယ့်အစစ်မဟုတ်ဘဲ အစစ်က ပန်းဘုရင်မထဲမှာ ရှိနေတုန်းပဲမဟုတ်လား။"
မက်ဒါနာရဲ့စကားကို ကိုယ်ပွားဗီးနပ်စ်က ရယ်မောလိုက်ပြီး လက်ကိုခါယမ်းလိုက်တယ်။ မှိုစွဲအရိုးမျက်နှာတစ်အုပ်က ချက်ချင်းထွက်လာပြီး မက်ဒါနာကို လာတိုက်တယ်။
"နင်သိတော့ရော ဘာလုပ်နိုင်မှာလဲ။ ပြီးတော့ ငါ့ရဲ့အသားစားပန်းဘုရင်မက ပိုအစွမ်းထက်လာတာနော်။"
ရုတ်တရက် မီတာတစ်ရာလောက်ရှိတဲ့ အသားစားပန်းဘုရင်မကြီးရဲ့ပွင့်ချပ်တွေက စတင်ပွင့်အာလာတယ်။ မက်ဒါနာအတွက်တော့ ကြမ္မာဆိုးစိုက်တာပဲ။
ငွေရောင်စစ်သည်က ကျောနောက်ကတောင်ပံကိုအားကိုးပြီး အသားစားပန်းဘုရင်မရဲ့ပါးစပ်ထဲပါမသွားအောင် မနည်းကြိုးစားရတယ်။
"အိုရာအိုရာ.... အခုတလော နင်လည်းတိုးတက်လာပေမဲ့ ငါက ပိုတိုးတက်လာတယ်ထင်တယ်။ Silverknightက ငါ့အတွက်ဘာမှမဟုတ်တော့ဘူးပဲ။"
အသားစားပန်းဘုရင်မလက်ကနေ ငွေရောင်စစ်သည်က သီသီလေးလွတ်သွားပေမဲ့ အားလှိုင်းကြောင့် မြေပေါ်တရွတ်တိုက်ဆွဲသွားတယ်။ မက်ဒါနာသတိဝင်လာတော့ ယင်ဖမ်းနွယ်တချို့က သူ့ကိုဖမ်းချုပ်မိပြီးသားဖြစ်သွားပြီး မှိုစွဲအရိုးမျက်နှာတစ်ကောင်က လက်မမည်းကြီးနဲ့ သူ့လက်မောင်းကိုဆွဲဖြုတ်ဖို့ကြိုးစားတယ်။
ဒါပေမဲ့ မက်ဒါနာကလည်း အရင်ကနဲ့မတူတော့ဘဲ တိုက်ပွဲအတွေ့အကြုံအများကြီးရှိနေပြီမလို့ ဒီလိုအခြေအနေမျိုးနဲ့ကြုံရရုံနဲ့ မတုန်လှုပ်တော့ပါဘူး။
"Void Stream Rush.."
ငွေရောင်စစ်သည်က လက်ကနေလွတ်ထွက်မသွားသေးတဲ့ဓားကိုကိုင်ပြီး နေရာကနေ ချက်ချင်းရွေ့သွားတယ်။ ယင်ဖမ်းနွယ်တွေက ရုန်းကန်အားကြောင့် တစ်စစီဖြစ်ကုန်ပြီး မှိုစွဲအရိုးမျက်နှာကတော့ ခေါင်းဖြတ်ခံလိုက်ရတယ်။
ငွေရောင်စစ်သည်ကတော့ မြက်ခင်းပြင်ပေါ်မှာ ဒူးတစ်ဖက်ထောက်လျက်အနေအထားနဲ့ ဓားကိုဘေးတစ်စောင်းဆန့်ထုတ်ထားတယ်။
"ဘယ်သူနိုင်မလဲဆိုတာ ပြောဖို့တော့ စောပါသေးတယ်။"