← Chapters

အပြစ်၏အခသည် သေခြင်း

Vol. 4 Ch. 43

အပြစ်၏အခသည် သေခြင်း

Vol. 4 Ch. 43

လီဆာတစ်ယောက် ဖုန်းကိုဒေါသတကြီးနဲ့ လွှင့်ပစ်လိုက်မိတယ်။

ထူးဆန်းတဲ့ မေးလ်တွေက သူ့အကောင့်ဆီကို ဝင်နေတုန်းပဲ။ ပထမတော့ spam mailတွေထင်ပြီး လစ်လျူရှုလိုက်ပေမဲ့ တစ်ကြိမ်ထပ်တစ်ကြိမ် ပိုပိုပြီးဆိုးလာတယ်။

စာပို့နေတဲ့ အကောင့်တွေကို block list ထဲထည့်လိုက်တာတောင်မှ တခြားအကောင့်တွေနဲ့ ထပ်လာနေတုန်းပဲ။ ပထမတော့ e mail တစ်ခုတည်းကနေပဲ ပို့နေတာမလို့ G mail appကို Disable လုပ်လိုက်ပေမဲ့ Twitter, facebook စတဲ့ social media တွေကနေပါ အကောင့်တုတွေနဲ့ ဆက်ရောက်လာနေဆဲပဲ။

ပထမတော့ စာတွေနဲ့နှောင့်ယှက်ရုံပဲဆိုပေမဲ့ နောက်တော့ သွေးထွက်သံယိုပုံတွေပါ ပို့လာတယ်။ ပုံတွေထဲကတချို့က CCTV ညမှတ်တမ်းတွေဖြစ်ပုံပေါ်ပြီး ကာလာမပါဘူး။ ဒါပေမဲ့ ဆယ့်လေးနှစ်ပဲရှိသေးတဲ့ လီဆာကြည့်ဖို့အတွက်တော့ သိပ်များလွန်းတယ်။

အစွယ်တွေနဲ့ပုတ်သင်ကြီးတစ်ကောင်က လူတွေကို စားသောက်နေတဲ့ ဓာတ်ပုံမှတ်တမ်းတွေပါ။ ပြီးတော့ အဲဒီပုတ်သင်ရဲ့ပုံစံက သိပ်ကိုရင်းနှီးနေတယ်။

လီဆာက ရေချိုးခန်းကြမ်းပြင်ပေါ်မှာကျနေတဲ့ ဖုန်းကိုကြည့်လိုက်ရင်း သက်ပြင်းချလိုက်တယ်။ သူ့ဆီရောက်လာတာက ပုံတွေပဲဆိုပေမဲ့ အကြောင်းတချို့ကြောင့် အဲဒီမြင်ကွင်းတွေကို သူရင်းနှီးနေသလိုမျိုး ခံစားရတယ်။ မှုန်ဝါးဝါးပဲမြင်ရတဲ့ ပုံတွေရဲ့နောက်ခံဟာ သိပ်မထင်ရှားပေမဲ့ လီဆာကိုယ်တိုင်ကတော့ အဲဒီနေရာမှာ အချိန်အတော်ကြာနေဖူးတာမလို့ သေချာကိုမှတ်မိနေတယ်။

"အဲဒီနေရာက မြူတန့်သိပ္ပံရဲ့စမ်းသပ်ခန်းမဟုတ်လား၊ ပြီးတော့ အဲဲဒီအကောင်ကြီးက...."

လီဆာ အဲဒီအကောင်ကြီးရဲ့ရုပ်သွင်ကို စဥ်းစားကြည့်မိတာနဲ့ သူ့တစ်ကိုယ်လုံး လုံးဝအားအင်ကင်းမဲ့သွားသလိုမျိုး ခံစားရတယ်။ ရေချိုးခန်းထဲမှာ တခြားသူမရှိပေမဲ့ သူတစ်ယောက်တည်း တီးတိုးပြောနေတဲ့လေသံက ပိုပြီးသိမ်ဝင်သွားတယ်။

"ငါမဟုတ်လား...." လူလုပ်မြူတန့်တစ်ယောက်အနေနဲ့ လီဆာက သူ့ရဲ့အစစ်အမှန်ပုံစံကို မှတ်မိတာပေါ့။ နဂါးတစ်ကောင်နဲ့တူတဲ့ လူတူပုတ်သင်ကြီးဟာ သူ့ရဲ့အသွင်ပါ။

သူ့ဦးခေါင်းထဲမှာ ဝေဝါးနေတဲ့ မှတ်ဉာဏ်တွေပြန်ပေါ်လာတာကြောင့် လီဆာထိုးအန်လိုက်မိတယ်။ ပြီးတော့ အဲဒီကြောက်ရွံနေကြတဲ့ လူတွေရဲ့မျက်နှာကို သူဝေဝေဝါးဝါး မှတ်မိလာတယ်။

"မဟုတ်ဘူး... အဲဒါငါမဟုတ်တဲ့ တခြားတစ်ယောက်လည်း ဖြစ်နေနိုင်တာပဲ။ တခြားတစ်ယောက်ယောက်ဖြစ်မှာပါ။" လီဆာတစ်ယောက် ရင်ထဲမှာ အဖြေကိုသိနေပြီးဖြစ်ပေမဲ့ သူ့ကိုယ်သူလက်ခံဖို့ ငြင်းဆန်နေမိဆဲပါ။

"ငါက လူသားတစ်ယောက်လေ။ ဘာလို့အဲဒီလိုတွေလုပ်ရမှာလဲ။"

ရေချိုးခန်းထဲက ကြည့်မှန်ကိုကြည့်ပြီး သူ့ကိုယ်သူပြောလိုက်မိပေမဲ့ သူ့မျက်နှာကိုဖုံးလွှမ်းနေပြီဖြစ်တဲ့ အကြေးခွံတချို့ကတော့ အဲဒီအဖြေကို ဆန့်ကျင်နေတယ်။

ဟုတ်တယ်၊ သူ့ကို လူသားစင်စစ်တစ်ယောက်လို့ ယူဆလို့မရနိုင်တော့ဘူး။ လူသားဖြစ်တည်မှုရဲ့တစ်စိတ်တစ်ပိုင်းကို သူ့ရဲ့ငယ်ဘဝမှာ ဆုံးရှုံးခဲ့ရပြီးပြီ။

တီ.... တီ.... တီ....။

ရုတ်တရက် ကြမ်းပြင်မှာကျနေတဲ့ဖုန်းက မြည်သံကျယ်ကျယ်ထွက်လာတယ်။ သူတုန်လှုပ်နေပေမဲ့ အလိုလိုသိစိတ်ကြောင့် ဖုန်းကိုင်လိုက်တော့ တစ်ဖက်ကနေ ခပ်ဩဩအသံထွက်လာပါတယ်။

"မင်းက လူသတ်သမားတစ်ယောက်ဆိုတာ မင်းသိလား၊ ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား။"

"ရှင်ဘယ်သူလဲ..." လီဆာက တုန်ရင်နေတဲ့လေသံနဲ့ လှမ်းမေးလိုက်တယ်။ သူ့စိတ်က တည်ငြိမ်မနေတဲ့အတွက် သူ့ခန္ဓာကိုယ်ပေါ်မှာ အကြေးခွံတချို့ထပ်ထွက်လာတယ်။ သူ့တင်ပါးနောက်ကနေလည်း အမြီးတစ်ချောင်း တစ်ပြိုင်နက်တည်း ထွက်လာပါတယ်။

"မင်းအတွက်ကြောင့်နဲ့ အရာရာကို ဆုံးရှုံးခဲ့ရတဲ့တစ်ယောက်ပေါ့။"

"......" လီဆာ အဲဒီစကားကို ခွန်းတုံ့မပြန်ဖြစ်ဘူး။ သူဘာပြောရမှန်းမသိလို့။ ဒါပေမဲ့ သူ့မျက်လုံးထောင့်ကနေ မျက်ရည်တွေစီးကျနေပြီး ဝေဝါးနေတဲ့မှတ်ဉာဏ်တွေကလည်း ဖြည်းဖြည်းချင်း ပြန်ထင်ရှားလာနေပါတယ်။

"မင်းကို တစ်ယောက်ယောက်က ကာကွယ်ပေးထားလို့ ဘာအပြစ်မှမခံရပေမဲ့ မင်းကြောင့်သေခဲ့ရတဲ့လူတွေကတော့ ငါ့ခေါင်းထဲမှာ ရှိနေတုန်းပဲ။ မင်း စံအိမ်ကြီးတစ်လုံးတည်းမှာ ကောင်းကောင်းနေနေရတုန်း ငါကတော့ နှင်းတောထဲမှာ သေဆုံးသူအတွက်ပူဆွေးနေရတာကွ။"

နောက်တော့ အဲဒီလူက ဖုန်းချသွားတယ်။ ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာပဲ လီဆာရဲ့messenger ထဲကို ဗီဒီယိုတစ်ပုဒ်ဝင်လာတယ်။ CCTV မှတ်တမ်းတစ်ခုဖြစ်ပြီး လီဆာရင်းနှီးနေတဲ့နေရာမှာ ဖြစ်ပျက်ခဲ့တာတွေပါ။

အဲဲဒီဗီဒီယိုကိုကြည့်ပြီးတဲ့နောက်တော့ ဘယ်လိုဆင်ခြေမျိုးကိုမှ လီဆာပေးလို့မရနိုင်တော့ဘူး။ အရာရာတိုင်းက လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပြီ။ ဒါပေမဲ့ မျှော်လင့်ချက်တစ်ခုကတော့ လီဆာရဲ့ရင်ထဲမှာ ကိန်းဝပ်နေတုန်းပဲ။

"ဒါပေမဲ့ မေမေမက်ဒါနာနဲ့တခြားသူတွေက ငါအပြစ်လုပ်ထားရင် ငါ့ကိုကယ်မှာမဟုတ်ဘူးလေ။ ပြီးတော့ ငါတစ်ခုခုလုပ်ခဲ့တယ်ဆိုရင်လည်း သူတို့ပြောပြရမှာပေါ့။"

ဒါပေမဲ့ အဲဒီစကားကို ကိုယ်တိုင်တစ်ယောက်တည်း ရေရွတ်ပြီးတဲ့နောက်တော့ ကိုယ်တိုင်နောင်တရမိပြန်တယ်။ တိုကျိုအစည်းအရုံးကလူတွေ သူ့ကိုထူးဆန်းတဲ့အကြည့်တွေနဲ့ ကြည့်နေခဲ့မှန်း လီဆာသတိထားမိလာတယ်။ အထူးသဖြင့် သူတို့မျက်လုံးတွေထဲမှာ ကြောက်ရွံတဲ့အရိပ်အယောင်တွေ ပါနေတယ်။

ဒရုန်းဇုန်နဲ့ဥစာကီကလည်း သူ့ကိုတိုက်ရိုက်စကားပြောတာမျိုးမလုပ်ဘဲ မိတ်တောင်မဆက်ခဲ့ကြဘူး။ ပိုဆိုးတာက သူအဖမ်းခံလိုက်ရတုန်း ဘာတွေဖြစ်ခဲ့လည်းဆိုတာကို မက်ဒါနာက ပြောမပြခဲ့သလို မေးလို့လည်းမရခဲ့ဘူး။

"သူတို့က ငါ့ကိုဖုံးကွယ်ခဲ့တာလား... ဒါပေမဲ့ ဘာလို့ဒီလိုတွေဖြစ်ခဲ့တာလဲ။ ငါသားရဲပြောင်းသွားတဲ့ အချိန်မှာတောင် သတိကောင်းကောင်းရှိနေခဲ့ပြီးတော့ မမစင်တီရဲ့စကားတွေကိုတောင် ငါမှတ်မိခဲ့သေးတယ်မဟုတ်လား။"

ဒါပေမဲ့ တခြားအကြောင်းအရာတစ်ခုက လီဆာရဲ့ခိုင်မာတဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးပစ်လိုက်သလိုဖြစ်သွားတယ်။

"ငါ... ငါဗိုက်ဆာလာရင်... အိပ်ချင်လာပြီး ဘာမှမသိတော့ဘူးမဟုတ်လား။" တကယ်လို့ သူဗိုက်ဆာလာတိုင်းမှာ အိပ်ပျော်သွားခဲ့တာမဟုတ်ဘူးဆိုရင်ရော။ အိပ်ပျော်နေတယ်ဆိုရင်တောင် သူ့ရဲ့လူမဟုတ်တဲ့ အစိတ်အပိုင်းက လှုပ်ရှားနေခဲ့မယ် ဆိုရင်ရော။

ကြောက်ရွံမှုနဲ့စိုးရိမ်စိတ်က လီဆာရဲ့ကျောရိုးထဲကို စိမ့်ဝင်လာတယ်။ တစ်ချိန်တည်းမှာပဲ လီဆာရဲ့မျက်လုံးအိမ်တွေက ဒေါင်လိုက်အဖြစ်ပြောင်းသွားတယ်။

"ငါအိပ်ပျော်သွားပြီးတဲ့အခါတိုင်း.... တစ်ခုခုဖြစ်ခဲ့တယ်ဆိုရင်ရော...." လီဆာရဲ့လက်ထဲကနေ ဖုန်းလွတ်ကျသွားတယ်။

ဗီဒီယိုထဲမှာတော့ စမ်းသပ်ခန်းတံခါးပွင့်လာပြီး အရိုးမျက်နှာနှစ်ကောင်က ရုန်းကန်နေတဲ့ကလေးတစ်ယောက်ကို စမ်းသပ်ခန်းထဲ ခေါ်လာတယ်။စမ်းသပ်ခန်းထဲမှာတော့ အခြားသက်ရှိသတ္တဝါတစ်ကောင်ရှိနေပြီး ကျောရိုးတစ်လျှောက်မှာ သံမဏိပိုက်လိုင်းတွေကို ရေပိုက်လိုချိတ်ထားတယ်။

အဲဒီသတ္တဝါကို ဇက်သတ္တုအချုပ်အနှောင်တွေနဲ့ဖမ်းချုပ်ထားပေမဲ့ အပြင်းအထန်ရုန်းကန်နေတုန်းပဲ။ စမ်းသပ်ခန်းထဲကနေ အရိုးမျက်နှာတွေ ထွက်သွားပြီး တံခါးပိတ်သွားတဲ့နောက်တော့ ကြောက်ရွံနေတဲ့ ကလေးနဲ့ သတ္တဝါဆိုးကြီးပဲ အခန်းထဲမှာ ကျန်နေရစ်တယ်။

နောက်တော့ သတ္တဝါဆိုးကြီးကိုချုပ်နှောင်ထားတဲ့ သတ္တုကွင်းတွေ ပွင့်လာတယ်။ သတ္တဝါဆိုးကြီးက စမ်းသပ်ခန်းထဲမှာ ထိတ်လန့်စွာနဲ့ရပ်နေတဲ့ ကလေးကို ကြည့်လိုက်တယ်။ ကလေးကလည်း ကြောက်လန့်တကြား ပြန်ကြည့်တယ်။

အဲဒီနောက်တော့ CCTV မှတ်တမ်းက ဝေဝါးသွားပြီးဖန်သားပြင်ကို အရည်တချို့လာစင်ပြီး ဘာမှမမြင်ရတော့ဘူး။ အဖြူအမည်းကင်မရာမလို့ သေချာမမြင်ရပေမဲ့ အဲဒီအရည်တွေက သွေးဆိုတာတော့ လီဆာသိနေတယ်။

"ငါ... ငါဗိုက်ဆာလာရင်...." လီဆာရဲ့စကားသံက အဲဒီမှာပဲရပ်သွားတယ်။ အခုသူ့တစ်ကိုယ်လုံးက လူလို့ပြောမလို့မရတဲ့ ပုံသဏ္ဍာန်မှာရှိနေပြီ။ ဖုံးလွှမ်းလာနေတဲ့ ကြောက်ရွံစိတ်ကြောင့် လီဆာဘာမှမစဥ်းစားနိုင်တော့ဘဲ ထွက်ပြေးချင်တာတစ်ခုပဲသိတော့မယ်။

'ထွက်သွားမယ်... လူတွေရဲ့ဝေးရာတစ်နေရာကို။'

အဲဒီအချိန်လေးမှာ လီဆာရဲ့ဦးနောက်ဟာ အလုပ်မလုပ်တော့သလိုပဲ။ ဘာကိုမှ ယေဘုယျကျကျ မတွေးနိုင်တော့ဘူး။

ဘုန်း...။

နောက်တော့ ပုတ်သင်လုံးလုံးဖြစ်နေပြီဖြစ်တဲ့ လီဆာက ရေချိုးခန်းနံရံကို ကိုယ်လုံးနဲ့ဝင်တိုက်ပစ်လိုက်ပြီးစံအိမ်ပေါ်ကနေ ခုန်ချလိုက်တယ်။ နောက်တော့ သူပြေးတယ်။ တစ်ဟုန်ထိုးကိုပြေးတာ။

သူ့ကိုယ်သူ ဘယ်နေရာကို ဦးတည်ပြီးပြေးနေမှန်း သိပုံမပေါ်ပေမဲ့ ဆက်ပြေးနေဆဲပဲ။ သူသိတာတစ်ခုနဲ့ လိုက်နာနေတဲ့ အရာတစ်ခုကတော့ လူတွေနဲ့ဝေးရာကို တတ်နိုင်သလောက် ထွက်ပြေးသွားဖို့ပါ။

....

စံအိမ်နံရံပြိုကျရာကနေ ဖြစ်လာတဲ့အသံကြောင့် စံအိမ်ဧည့်ခန်းထဲမှာ ဆော့နေကြသေးတဲ့ ယုဆနဲ့မိရိုင်တို့ ထိတ်လန့်သွားကြတယ်။ သူတို့ကို မုန့်လာပို့တဲ့ ပန်ဒရာဂွန်သားအမိတွေလည်း အလားတူပါပဲ။

"ဘားနတ်... အခြေအနေကို သွားစစ်ဆေးစမ်း။"

မဒမ်လော့ရန့်က အမိန့်ပေးလိုက်တော့ ဧည့်ခန်းမှာချိတ်ထားတဲ့ မှန်တစ်ချက်ကနေ ငွေရောင်အလင်းတစ်ခုထွက်လာပြီး ဧည့်ခန်းအလယ်မှာ ဘဏ္ဍာစိုးဝတ်စုံနဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားပါတယ်။

ဒီလူရဲ့ပုံစံအရတော့ သိပ်အားကောင်းတဲ့ပုံမပေါ်ပေမဲ့ လက်ရှိပန်ဒရာဂွန်အိမ်တော်ရဲ့ယာယီဘဏ္ဍာစိုးချုပ်ပါ။ စတန်းဖို့ခ်က ဖရာလီတာနောက်ကိုပဲ အမြဲလိုက်နေတာဖြစ်လို့ သူတို့ခရီးထွက်နေတဲ့အချိန်တိုင်းမှာ ဘာနတ်က တာဝန်ယူရတယ်။ အခုတော့စတန်းဖို့ခ် မရှိတော့ပြီမလို့ ဘားနတ်က ဘဏ္ဍာစိုးချုပ်နေရာကို ဆက်ခံရဖို့ အဖြစ်နိုင်ဆုံးသူပါ။

"အမိန့်အတိုင်းပါ။" ဘားနတ်စ်က နေရာကနေ မှန်ထဲကို ပြန်ဝင်ပြီး ချက်ချင်းပျောက်သွားပြန်တယ်။

ယုဆကတော့ မိရိုင်ကိုကြည့်ပြီး မေးလိုက်တယ်။ "ပြောခါမှ လီဆာအိမ်သာသွားနေတာ ကြာပြီလို့မထင်ဘူးလား။ သူပြန်ရောက်လာသင့်ပြီထင်တယ်။"

မိရိုင်လည်း ခေါင်းညိတ်လိုက်တယ်။ ဖုန်းမက်ဆေ့ဝင်လာပြီးတဲ့နောက် လီဆာက အိမ်သာသွားဦးမယ်ဆိုပြီး ပျောက်သွားလိုက်တာ နာရီဝက်တောင်ပြည့်တော့မယ်။ ဒါပေမဲ့ ပြန်မလာသေးဘဲ ထူးဆန်းတဲ့ ပြိုလဲကျသံကြီးကိုသာ ကြားလိုက်ရပါတယ်။

နောက်တော့ ဘားနတ်က မှန်ထဲကနေ ပြန်ထွက်လာရင်း အခြေအနေကို အစီရင်ခံလိုက်ပါတယ်။

"သခင်မလော့ရင့်ကို အစီရင်ခံပါတယ်။ ဧည့်သည်ကောင်မလေးတစ်ယောက် အသွင်ပြောင်းစွမ်းအားကိုသုံးပြီး မြေညီထပ်က ရေချိုးခန်းနံရံကိုဖောက်ပြေးသွားပါတယ်။"

ယုဆနဲ့မိရိုင်တို့လည်း ဘားနတ်ပြောတဲ့ ခပ်နှေးနှေး အင်္ဂလိပ်စကားကို မနည်းလိုက်နားထောင်ရင်း သူတို့ချင်း ဂျပန်လိုပြောလိုက်ပြန်တယ်။ "အသွင်ပြောင်းပြီး နံရံဖောက်ပြေးသွားတယ်ဆိုတော့ လီဆာများလား။ ဒါပေမဲ့ ဘာလို့လဲ။"

လီဆာက သူတို့နဲ့တောင် မိုလိုပိုလီကစားနေခဲ့သေးတာဖြစ်ပြီး ဒီလိုထွက်ပြေးသွားဖို့အတွက် ဘာအကြောင်းအရင်းမှ ရှိမနေပါဘူး။ သူတို့သိထားတဲ့အတိုင်းဆိုရင်ပေါ့။

ဖွားဖွားအာသာရီယာက နှုတ်ခမ်းပေါ်လက်တင်လိုက်ရင်း သူစိတ်ကူးလို့ရသမျှကို ပြောကြည့်လိုက်တယ်။ "ကောင်လေးနဲ့ချိန်းထားတာနောက်ကျနေလို့ တစ်ခါတည်း ရေချိုးခန်းထဲကနေ ပြေးထွက်သွားတာဖြစ်နိုင်မလား။"

"အမေကလည်း မဖြစ်နိုင်တာ၊ ပေါက်ကရတွေ။"

မဒမ်လောရန့်ကတော့ ဖွားဖွားအာသာရီယာရဲ့မဖြစ်နိုင်တဲ့ စိတ်ကူးယဥ်မှုတွေကို ဘေးချိတ်ထားလိုက်ပြီး အခင်းဖြစ်ရာကို ကိုယ်တိုင်သွားကြည့်ဖို့ ဆုံးဖြတ်ပါတယ်။ တခြားတစ်ဖက်မှာတော့ အာသာရီယာ၊ ဘားနတ်နဲ့ ယူဆ၊ မိရိုင်တို့ကပါ လိုက်ကြည့်ဖို့ဆုံးဖြတ်တယ်။

သူတို့ရောက်သွားတော့ ကြမ်းပြင်မှာကျနေတဲ့ ကွဲကြေနေတဲ့ဖုန်းနဲ့ အလယ်မှာအပေါက်ကြီးပေါက်နေတဲ့ ကွန်ကရစ်နံရံတို့ကိုသာ တွေ့လိုက်ရတယ်။ ပြီးတော့ စံအိမ်ရဲ့ခြံဝင်းထဲမှာ သတ္တဝါကြီးတစ်ကောင်ရဲ့ကြီးမားတဲ့ခြေရာတွေကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။

မဒမ်လောရန့်က အခင်းဖြစ်ပွားရာနေရာမှာ ဒူးထောက်ချလိုက်ပြီး သဲလွန်စတွေအကုန်လုံးကို ဆက်စပ်ကြည့်လိုက်တယ်။

"အဖြစ်နိုင်ဆုံးအရာတစ်ခုကတော့ စိတ်မတည်မငြိမ်ဖြစ်ပြီး မြူတန့်စွမ်းအားကို မထိန်းသိမ်းနိုင်တော့တာပဲ။ ဒါပေမဲ့ အကြောင်းအရင်းကတော့...."

တစ်ဖက်မှာတော့ ဘဏ္ဍာစိုးဘားနတ်က မှန်ရှေ့သွားလိုက်ပြီး လက်ကိုဝေ့ယမ်းလိုက်တယ်။ မှန်ထဲက ပုံရိပ်တွေက အပြင်ကနဲ့ကွာခြားသွားပြီး ဓာတ်ပုံဖလင်လိုမျိုး အရင်ကပုံရိပ်တွေကို စတင်ပြသတယ်။

ပန်ဒရာဂွန်ပင်မအိမ်တော်ရဲ့ယာယီဘဏ္ဍာစိုးဘားနတ်ရဲ့စွမ်းအားက Mirror Manipulation ဖြစ်ပြီး မှန်ထဲက ပုံရိပ်တွေကို ထိန်းချုပ်နိုင်စွမ်းနဲ့ မှန်တွေထဲကနေ ဖြတ်သန်းသွားလာနိုင်စွမ်းပါ။ တစ်ချိန်တည်းမှာပဲ မှန်တွေထဲမှာ သူ့စွမ်းအားတစ်ပိုင်းတစ်စကိုချန်ထားပြီး recorder အဖြစ်အသုံးချနိုင်တယ်။

တစ်နည်းအားဖြင့် ပန်ဒရာဂွန်အိမ်ထဲက မှန်တွေအားလုံးက CCTVလိုမျိုးအလုပ်လုပ်ပြီး သူ့ထိန်းချုပ်မှုအောက်မှာပါ။

ပုံရိပ်တွေက လီဆာဖုန်းချောနေတဲ့အချိန်နဲ့ ရေချိုးခန်းထဲမှာ ငိုနေတဲ့အကြောင်းတွေ၊ တဖြည်းဖြည်း အသွင်ပြောင်းသွားတာတွေအားလုံးကို ပြန်ပြပါတယ်။

"သခင်မတို့၊ ဖြစ်ပျက်နေတာတွေကို ကျွန်တော်ကြိုထောက်လှမ်းနိုင်စွမ်းရှိပေမဲ့ သေချာဂရုမစိုက်မိခဲ့လို့ အချိန်နဲ့တပြေးညီသတင်းပို့ဖို့ ကျဆုံးခဲ့ပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပါ။"

"ကိစ္စမရှိဘူး၊ သာမန်လူတစ်ယောက်က စံအိမ်တစ်ခုလုံးက မှန်တွေကို အချိန်ပြည့်စောင့်ကြည့်ဖို့မှ မဖြစ်နိုင်တာပဲ။ ဒါပေမဲ့ နောက်တစ်ခါမဖြစ်စေနဲ့တော့။"

"နားလည်ပါပြီ။" ဘဏ္ဍာစိုးက ယဥ်ကျေးစွာနဲ့ ဦးညွှတ်လိုက်တယ်။ ဘားနတ်က ထူးချွန်ပေမဲ့လည်း သူ့လုပ်ရည်ကိုင်ရည်က အကန့်အသတ်ရှိပါသေးတယ်။

"ဒီတော့ ထင်ထားတဲ့အတိုင်းပဲ စိတ်အကြီးအကျယ်လှုပ်ရှားပြီး စွမ်းအားကို မထိန်းနိုင်တော့တာပေါ့။ ပြီးတော့ အကြောင်းအရင်းက ခြိမ်းခြောက်ခံရတာ။"

မဒမ်လောရင့်က သူ့လက်ထဲမှာရှိနေပြီဖြစ်တဲ့ ဖုန်းအကွဲကို ဖွင့်လိုက်တယ်။ ကံကောင်းတာက ဖုန်းက ကွဲနေပေမဲ့ လုံးဝမပျက်စီးသေးဘူး။ E mail နဲ့ အခြားထွေရာလေးပါးတွေကို တစ်ချက်လောက်စစ်ကြည့်ပြီးတဲ့နောက် ခေါင်းညိတ်လိုက်တယ်။

"ထင်ထားတဲ့အတိုင်းပဲ သူခြိမ်းခြောက်ခံခဲ့ရတာကိုး၊ သေချာမသိပေမဲ့ ကိစ္စကတော့ ထင်တာထက်ပြင်းထန်မယ့်ပုံပဲ။"

အဲဒီနောက်တော့ မဒမ်လော့ရင့်က ဘဏ္ဍာစိုးတွေကို လူစုပြီး လီဆာကိုလိုက်ရှာဖို့ အမိန့်ပေးလိုက်ပါတယ်။ဘာပဲဖြစ်ဖြစ် လီဆာက သူတို့အိမ်တော်ရဲ့ဧည့်သည်ဖြစ်ပြီး ဧည့်သည်တွေရဲ့ဘေးကင်းလုံခြုံမှုက အိမ်တော်သခင်တွေရဲ့တာဝန်ပါ။

ယုဆနဲ့မိရိုင်တို့လည်း ရှေ့ထွက်လာပြီး အင်္ဂလိပ်လို မပြောတတ်ပြောတတ်နဲ့ ပြောလာတယ်။ "ဟိုလေ၊ သမီးတို့ရော သူ့ကိုလိုက်ရှာလို့ရမလား။"

ဒါပေမဲ့ လူကြီးတွေဖြစ်တဲ့ မဒမ်လောရင့်နဲ့မဒမ်ဖရာလီတာတို့ကတော့ အလွယ်တကူသဘောမတူကြပါဘူး။

"သူက မင်းတို့ရဲ့သူငယ်ချင်းဆိုတော့ စွမ်းအားကိုမထိန်းချုပ်နိုင်တော့တာမလို့ အန္တရာယ်ရှိနိုင်တယ်။ အိမ်မှာပဲနေပြီး အဒေါ်တို့သူ့ကိုပြန်ခေါ်လာတာကိုပဲ စောင့်ပါလား။"

ဒါပေမဲ့ မိရိုင်တို့ကတော့ သဘောမတူကြသေးဘူး။ အဲဒီအစား မိရိုင်က ခေါင်းခါပြီးပြောလိုက်တယ်။

"ဟင့်အင်း၊ လီဆာက သမီးတို့ရဲ့သူငယ်ချင်းမလို့ သူ့ကိုကာကွယ်ပေးဖို့ သမီးတို့မှာတာဝန်ရှိတယ်။ သူက အန္တရာယ်ရှိကောင်းရှိနိုင်ပေမဲ့ သူက သမီးတို့ရဲ့သူငယ်ချင်းပါ။ ပြီးတော့...."

မိရိုင်က သူ့လက်ထဲမှာ ကြယ်ပွင့်လေးတစ်ပွင့်ကို မီးနဲ့ဖန်ဆင်းလိုက်တယ်။ တစ်နေ့ပြီးတစ်နေ့ လေ့ကျင့်ပြီးတဲ့နောက်မှာ သူ့ရဲ့မီးတောက်စွမ်းအားကို အသုံးချနိုင်စွမ်းက ပိုပိုပြီးတိုးတက်လာနေပြီ။

"သမီးက သမီးကိုယ်သမီး ကာကွယ်နိုင်စွမ်းအပြည့်ရှိတယ်။" မိရိုင်စကားဆုံးတော့ ယုဆကလည်း မိရိုင်ရဲ့ကျန်လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီးတော့ ဝင်ပြောလိုက်ပါတယ်။

"သမီးကတော့ ဘာအစွမ်းမှမရှိသေးပေမဲ့ မိရိုင်က သမီးကို ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်တယ်။"

အဒေါ်ကြီးနှစ်ယောက်ကတော့ တက်ကြွနေတဲ့ ကလေးနှစ်ယောက်ကိုကြည့်ရင်း ကိုယ့်နဖူးကိုယ်သာ လက်ချောင်းတွေနဲ့ညှစ်လိုက်မိတော့တယ်။

"ဒီခေတ်ကလေးတွေကတော့လေ...." မဒမ်လောရင့်က ပြောလိုက်ပေမဲ့ မဒမ်အာသာရီယာက ဝင်ထောက်တယ်။

"အရင်တုန်းက သမီးလည်းအတူတူပါပဲ။"

"ထားတော့... ဒါပေမဲ့ လူကြီးတွေနဲ့လူစုခွဲသွားလို့ မဖြစ်ဘူးနော်။"

"ဟုတ်ကဲ့...."

...

စံအိမ်အပြင်ဖက်မှာတော့ ဖုန်းကိုင်ထားတဲ့ လူငယ်လေးတစ်ယောက်က နံရံပြိုကျသွားပြီး အရိပ်မည်းတစ်ခု ခြံပြင်ဖက်ကို ထွက်ပြေးသွားတဲ့မြင်ကွင်းကို အဝေးကြည့်မှန်ပြောင်းနဲ့ ကြည့်နေခဲ့တယ်။ မှန်ပြောင်းကို မျက်နှာက ဖယ်လိုက်ချိန်မှာ သူ့ရဲ့အေးစက်စက်မျက်လုံးတွေက မြင်ကွင်းထဲရောက်လာတယ်။

သူ့မျက်နှာထားက လုံးဝခံစားချက်မရှိသလိုဖြစ်နေပြီး လွန်ခဲ့တဲ့အတိတ်ကာလက ရှိခဲ့ဖူးတဲ့ သူ့မျက်နှာနဲ့ ဘယ်လိုမှ ဆက်စပ်ကြည့်လို့ မရလောက်အောင်ပါပဲ။

သူ့လက်ညိုးမှာတော့ စေ့စပ်လက်စွပ်အရွယ် လက်စွပ်နှစ်ကွင်းကို ပြိုင်တူဝတ်ထားတယ်။ ပုံမှန်အားဖြင့်တော့ ယောကျ်ားလေးတစ်ယောက်က စေ့စပ်လက်စွပ်နှစ်ကွင်း ဝတ်စရာမရှိဘူးဆိုပေမဲ့ သူဝတ်ပေးရမယ့် မိန်းကလေးတစ်ယောက်က သက်ရှိထင်ရှား ရှိမနေတော့ဘူးဆိုရင်ရော။

တစ်စုံတစ်ခု သစ်တောတွေဖက်ကို ထွက်ပြေးသွားတာ သေချာတော့မှ လူငယ်က ဖုန်းကိုအမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ်။ နောက်တော့ ခပ်ဟဟတစ်ချက်ပြုံးလိုက်ပေမဲ့ ခါးသက်တဲ့ခံစားချက် အပြည့်နဲ့ပေါ့။

"နောက်ဆုံးတော့ အပြစ်သားတစ်ယောက်ကို အပြစ်ပေးဖို့အချိန်ရောက်လာပြီ။"

အဲဒီနောက် လူငယ်က သူ့အင်္ကျီအိတ်ထဲကို လက်နှိုက်လိုက်တယ်။ ရင်းနှီးနေတဲ့ ဖန်ပေါင်းချောင်ထဲက ဆေးရည်ကြည်က မြင်ကွင်းထဲရောက်လာတယ်။ ပြီးတော့ ဒါက တစ်ခုတည်းသောဆေးပုလင်းဟုတ်ပုံမရဘဲ လူငယ်က နောက်ဆေးပုလင်းတွေကိုပါ ထပ်ထုတ်လိုက်တယ်။ စုစုပေါင်း ဆေးပုလင်းဒါဇင်ဝက်လောက် သူ့လက်ထဲမှာရှိနေပါပြီ။

"အပြစ်သားတိုင်း ငရဲမှာ တရားစီရင်ခြင်းခံရမယ်။ အပြစ်ရဲ့အခက သေခြင်းဖြစ်ပေတယ်။" လူငယ်က သမ္မာကျမ်းစာထဲက စာသားကို ရေရွတ်လိုက်ရင်း လမ်းဘေးမှာရပ်ထားတဲ့ သူ့ဆိုင်ကယ်ပေါ် ပြန်တက်လိုက်တယ်။ အဲဒီနောက် စက်နှိုးလိုက်ပြီး အရိပ်မည်းထွက်သွားတဲ့ဖက်ကို မောင်းထွက်သွားလိုက်တယ်။

All Chapters