ပိုမိုပြင်းထန်လာသော အခြေအနေများ
Vol. 4 Ch. 44
ငွေရောင်စစ်သည်က မြေဆွဲအားဓားကြီးကို လွှဲယမ်းပြီးတော့ အသားစားပန်းဘုရင်မကို အားကုန်ခုတ်ပိုင်းဖို့ ကြိုးစားလိုက်တယ်။ အသားစားပန်းဘုရင်မက ကြီးမားပေမဲ့ နှေးကွေးလေးလံမနေပါ။ အဲဲဒီအစား မြန်ဆန်ပြီး အားအင်ကြီးမားပါတယ်။
ဘုန်း....။
ငွေရောင်စစ်သည်က အရိုက်ခံလိုက်ရပြီး နောက်ကိုလွင့်သွားတယ်။ မြေပေါ်မှာ သုံးမီတာလောက် တရွတ်တိုက်ဆွဲသွားပြီးမှ ဓားကိုမြေပြင်မှာထောက်ပြီး ပြန်ထရပ်လိုက်နိုင်တယ်။
"အချည်းအနှီးပဲ၊ နင့်ရဲ့ဝတ်စုံက အထွတ်အထိပ်အခြေအနေမှာ ရှိမနေတော့ဘူးမဟုတ်လား။ ခုခံမနေဘဲ ငြိမ်ငြိမ်လေး သေပေးလိုက်လို့မရဘူးလား၊ မင်းသမီးလေး။"
ဒါပေမဲ့ မက်ဒါနာကတော့ ဗီးနပ်စ်ပြောတဲ့စကားကို နားထောင်ဖို့မရှိဘူး။ ဓားကိုဆွဲပြီးတော့ ချက်ချင်းပြန်တိုက်တယ်။ သူ့ရဲ့ကျိုးနေတဲ့လက်က အခြေအနေပိုဆိုးလာပြီး သွေးတွေစိမ့်ထွက်နေပေမဲ့ပေါ့။
တိုက်ကွက်နှစ်ဆယ်လောက် ထပ်ဖလှယ်ပြီးတဲ့နောက်မှာတော့ ငွေရောင်စစ်သည်က အတောင်ပံဖွင့်ပြီး အသံထက်မြန်တဲ့နှုန်းနဲ့ စတင်တိုက်ခိုက်တာကြောင့် အသားစားပန်းဘုရင်မက နောက်ကိုတွန်းပို့ခံလိုက်ရတယ်။ ဒါပေမဲ့ ငွေရောင်စစ်သည်က ပန်းဘုရင်မကို အနိုင်တိုက်နိုင်ဖို့တော့ ဝေးနေဆဲပါ။
"နင့်ရဲ့ဟာရီကိန်းတိုက်ကွက်ကို ထုတ်မသုံးသေးဘူးလား၊ အဲဒါက တော်တော်အစွမ်းထက်တယ်မဟုတ်လား။ ဒါမှမဟုတ် နင့်မှာသုံးနိုင်တဲ့ အင်အားမရှိတော့တာလား၊ အဟားဟား..."
ဗီးနပ်စ်ရဲ့ကိုယ်ပွားကလည်း လှောင်ရယ်လိုက်ပြီး သူ့ကျောနောက်က နတ်သမီးထောင်ချောက်အတောင်ကို ခတ်လိုက်တယ်။ အသားစားပန်းဘုရင်မကို တိုက်ခိုက်နေသေးတဲ့ မက်ဒါနာကို ဗီးနပ်စ်ကိုယ်ပွားက ဘေးကနေ ဝင်တိုက်ပစ်လိုက်တဲ့အတွက် ချက်ချင်းလွင့်ထွက်သွားတယ်။
နောက်တော့ ဗီးနပ်စ်အတုနဲ့ငွေရောင်စစ်သည်တို့က အသံထက်မြန်တဲ့နှုန်းနဲ့ စတင်တိုက်ခိုက်ကြပါတယ်။ဗီးနပ်စ်ကိုယ်ပွားက ငွေရောင်စစ်သည်ရဲ့အောက်စည်းမှာရှိနေပေမဲ့ ဝမ်းသာအားရ ရယ်မောနေဆဲပါ။ ငွေရောင်စစ်သည်က သူ့ကိုဘယ်လောက်တိုက်တိုက် အသားစားပန်းဘုရင်မကို မဖျက်ဆီးနိုင်ရင် သူသေမှာမဟုတ်ပါဘူး။
"အခုအခြေအနေက နင့်အတွက် ကူရာမဲ့နေပြီမဟုတ်လား၊ နင်တစ်ယောက်တည်းနဲ့ ငါ့ကိုဘယ်တော့မှ နိုင်မှာမဟုတ်ဘူး။ တစ်ချိန်ချိန်တော့ နင်လက်ပန်းကျပြီးသေမှာပဲ။"
ဗီးနပ်စ်က လူတစ်ကိုယ်စာလောက်ကြီးတဲ့ ရေခရားနွယ်ပင်တွေကို ထိန်းချုပ်ပြီး ငွေရောင်စစ်သည်ကိုဝါးမျိုဖို့လုပ်တယ်။ ဒါပေမဲ့ ငွေရောင်စစ်သည်ရဲ့မြေဆွဲအားဓားက ရေခရားနွယ်ပင်တွေကို ထက်ပိုင်းခြမ်းချလိုက်ပြီး ဗီးနပ်စ်ရဲ့ရှေ့မှာတစ်ခါတည်းပေါ်လာတယ်။ သူ့ရဲ့မျက်လုံးတွေကတော့ အပြာရောင်တောက်ပနေပါတယ်။
"Void Stream Slash!"
ငွေရောင်တောင်ပံနဲ့တမန်တော်နဲ့ အစိမ်းရောင်နတ်သမီးထောင်ချောက်တောင်ပံနဲ့နတ်ဆိုးတို့က လေထုထဲမှာ နောက်တစ်ခါရင်ဆိုင်မိကြပြန်တယ်။ ဗီးနပ်စ်က တစ်စစီခုတ်ပိုင်းခံလိုက်ရပြီး ငွေရောင်စစ်သည်က အသားစားပန်းဘုရင်မဆီ ရောက်သွားပေမဲ့ နောက်စက္ကန့်အနည်းငယ်မှာပဲ ပျက်စီးသွားတဲ့ ဗီးနပ်စ်က အကောင်းအတိုင်းဖြစ်သွားပြီး ငွေရောင်စစ်သည်ကို လာတားပြန်တယ်။
"နင့်အနေနဲ့ ငါ့ကိုနိုင်စရာလမ်းမရှိတော့ပါဘူးနော်။ ဘာလဲ... နင်က နင့်ဆီကိုရောက်လာမယ့် အကူအညီကို စောင့်နေတာလား။"
ဗီးနပ်စ်က ငွေရောင်စစ်သည်ရဲ့အေးစက်စက်ခေါင်းဆောင်းကို မျက်စိမှေးပြီး စိုက်ကြည့်လိုက်ပါတယ်။ အဲဲဒီအပြာရောင်အလင်းကို ဗီးနပ်စ်မှတ်မိနေတုန်းပဲ။ နယူးယောက်တိုက်ပွဲမှာ သူ့ကိုအရှက်တကွဲရှုံးနိမ့်စေခဲ့တုန်းကလည်း ငွေရောင်စစ်သည်က အဲဒီမျက်လုံးတွေနဲ့ သူ့ကိုကြည့်ခဲ့တာ။
"မုန်းတယ်... မုန်းတယ်... မုန်းတယ်... နင့်ရဲ့အေးစက်စက်အကြည့်တွေက မုန်းစရာကောင်းလွန်းတယ်။ နင့်အကြည့်က ငါအမုန်းဆုံးလူတွေကို ပြန်သတိရစေတယ်။"
ဗီးနပ်စ်က အသားစားပန်းဘုရင်မရဲ့ပင်စည်ပေါ်မှာ ရပ်နားလိုက်ပြီး ပင်စည်ကို လက်နဲ့ထိလိုက်တယ်။ အသားစားပန်းဘုရင်မရဲ့ပင်စည်တွေထဲကနေ သစ်ကိုင်းတွေချက်ချင်းကြီးထွားလာပြီး အသားစားပန်းဘုရင်မနဲ့မျိုးစိတ်တူ အသားစားပန်းပွင့်တွေအဖြစ်ပြောင်းလဲသွားပြီး ငွေရောင်စစ်သည်ကို တိုက်ခိုက်တယ်။
အရွယ်အစားက တကယ့်နှင်းဆီပန်းတစ်ပွင့်စာပဲရှိပေမဲ့ ငွေရောင်စစ်သည်ဟာ ချက်ချင်းထိတ်လန့်သွားပြီး ဓားပြားကြီးကိုဝေ့ယမ်းလိုက်တယ်။ ဒီပန်းပင်တွေက သာမန်အသားစားမျိုးစိတ်တွေနဲ့မတူဘဲ စနစ်က သူ့ကိုသတိပေးလာလို့ဖြစ်ပါတယ်။
[သတိပေးချက်... အဆင့် S အသားစားပန်းဘုရင်မ အရံပန်းပွင့်များ။ ကိုက်ဖြတ်နိုင်စွမ်းမှာ S rank ဖြစ်ပြီး ဇက်သတ္တုကို ကျိုးပဲ့နိုင်စေပါသည်။]
ငွေရောင်စစ်သည်က အသားစားပန်းပွင့်တွေကို ဓားနဲ့ခုတ်ပိုင်းဖို့ ကြိုးစားပေမဲ့ အရာမထင်တဲ့အတွက် အတောင်ကိုဖွင့်ပြီး နောက်ကိုဆုတ်ပြေးရတယ်။ ဒီပန်းတွေက ထင်တာထက်ပိုမာနေတယ်။ ဇက်သတ္တုက ကမ္ဘာပေါ်မှာ အမာဆုံးသတ္တုပါ။ ဒါပေမဲ့ ပြိုင်ဖက်ကင်းတော့မဟုတ်ဘူး။ ဇက်သတ္တုကို ထွင်းဖောက်နိုင်တဲ့ ပစ္စည်းတချို့ရှိနေသေးပြီး အသားစားပန်းဘုရင်မရဲ့အရံပန်းပွင့်တွေက အဲဒီထဲက သေစေနိုင်တဲ့တစ်ခုပါ။
မက်ဒါနာဟာ ချက်ချင်းဆိုသလိုပဲ အောက်စည်းရောက်သွားပြီး နည်းနည်းလေးလွဲတာနဲ့ သေမယ့်အနေအထားမျိုးကိုပါ ကြုံနေရတယ်။ ဒါပေမဲ့ ငွေရောင်စစ်သည်တော်ဟာ တည်တည်ငြိမ်ငြိမ် တိုက်နေသေးပြီး သူ့ရဲ့သတ္တိအရင်းအမြစ်က မျှော်လင့်ချက်ပါ။
ငွေရောင်စစ်သည်က မြေပြင်ပေါ်ကို ပြန်ခုန်ချလိုက်ပြီး ဟန်ချက်ကိုထိန်းဖို့အတွက် မြေပြင်ကို လက်နဲ့ထောက်ထားတဲ့အတွက် သုံးချောင်းထောက်ကိုယ်ဟန်နဲ့ ရှိနေသေးတယ်။ ဗီးနပ်စ်ကလည်း မြေပြင်ပေါ် ပြန်ဆင်းလာပြီး သူနဲ့အတူ အသားစားပန်းတွေပါလာတယ်။ ရန်သူနှစ်ယောက်က တစ်ဦးကိုတစ်ဦးကြည့်နေကြတယ်။
"နင်က ဒဏ္ဍာရီထဲက သူရဲကောင်းတွေလိုမျိုး မျှော်လင့်ချက်နဲ့ အသက်ဆက်ချင်နေတာလား။ ဒါကြောင့် နတ်သမီးပုံပြင်တွေကို ငါမုန်းတာပဲ။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ၊ နင့်မျှော်လင့်ချက်တွေကို ငါရိုက်ချိုးပေးလိုက်မယ်လေ။"
ဗီးနပ်စ်စကားပြောနေတုန်းမှာ မက်ဒါနာကတော့ ဝတ်စုံထဲမှာ အသက်ကိုလုရှူနေရတယ်။ သူ့တစ်ကိုယ်လုံး ချွေးတွေနဲ့စိုရွဲနေတယ်။ ဗီးနပ်စ်ကို သူတင်ကိုယ်တင်တိုက်ခိုက်ဖို့က အတော်ခက်ခဲပါတယ်။ အထူးသဖြင့် သူ့ဝတ်စုံက စွမ်းအင်အခက်အခဲနဲ့တွေ့နေချိန်မှာပေါ့။ Battle Heart 01 က သူ့ဝတ်စုံရဲ့အင်အားပြည့်ကို ထုတ်မသုံးနိုင်အောင် ကန့်သတ်ထားသလိုဖြစ်နေတယ်။
ဒါကြောင့် လက်ရှိငွေရောင်စစ်သည်ရဲ့အင်အားက အရင်တစ်ခါ ဗီးနပ်စ်ရဲ့တွေ့တုန်းကနဲ့ အတူတူနီးပါးပါပဲ။ ချပ်ဝတ်က ဇက်သတ္တုအပြည့်ဖြစ်သွားပြီး အလင်းဒြပ်စင်တောင်ပံနဲ့ မြေဆွဲအားဓားရှိနေတာကြောင့်သာ ခံသာနေတာပါ။
မက်ဒါနာက စွမ်းအင်လက်ကျန်အမှတ်ကို ကြည့်လိုက်တယ်။ ၆၉% ကျန်နေသေးပြီး နောက်ထပ် ဆက်တိုက်ဖို့ အဆင်ပြေသေးတယ်။ ဒါပေမဲ့ အချိန်တိုအတွင်း အနိုင်မယူနိုင်ရင်တော့ သိပ်မကြာခင်မှာ ပြဿနာတက်ပါလိမ့်မယ်။
'အလင်းဒြပ်စင်တောင်ပံအတွက် သီးသန့် reactor မတပ်မိတာ နောင်တရစရာပဲ။' မက်ဒါနာ တွေးတယ်။ငွေရောင်စစ်သည်ရဲ့အတောင်က စမ်းသပ်ဗားရှင်းပြီးတာနဲ့ အဆင့်မြှင့်ပြီး တန်းတပ်ထားတဲ့အတောင်ဖြစ်ပြီး အေမီနဲ့အတူတူပါပဲ။ တခြားအဖွဲ့ဝင်တွေကိုပေးထားတဲ့ ကျောပိုးအိတ်တောင်ပံတွေလို သီးခြားရပ်တည်နေတဲ့ စွမ်းအင်ဗဟိုချက်မပါဘူး။ ပင်မဗဟိုချက်နဲ့တွဲထားတာကြောင့် စွမ်းအင်ပိုစားနေပြီး အခုလိုမျိုး အချိန်ကြာကြာတိုက်ရဖို့ရှိတဲ့ပွဲမျိုးမှာ ငွေရောင်စစ်သည်အတွက် အဓိကအားနည်းချက်တစ်ခု ဖြစ်လာပါတယ်။
ဒါပေမဲ့ မက်ဒါနာက နည်းနည်းလေးမှ သူ့ကိုယ်သူယုံကြည်ချက် ပျောက်ကွယ်မသွားသေးဘဲ ဓားကို အသင့်ပြင်လိုက်တယ်။ အခုတိုက်ပွဲက နယူးယောက်မှာလိုမျိုး သူတစ်ယောက်တည်းတိုက်ခိုက်ရတဲ့ တိုက်ပွဲမျိုးမဟုတ်ပါဘူး။ သူ့မှာက....
'ငါ့မှာ ရဲဘော်ရဲဘက်တွေ ရှိနေသေးတယ်။' ဓားကို တရွတ်တိုက်ဆွဲပြီး ဗီးနပ်စ်ဆီ ပြေးသွားတဲ့အချိန်မှာ မက်ဒါနာပြုံးပြီး ဒီလိုတွေးလိုက်တယ်။

(Silver Knight illustration by artist Ko Sai Mangaka)
ဟုတ်တယ်၊ ဆုဗာနာစောင့်ရှောက်သူတွေအပြင် အယ်လိုဟင်၊အေမီနဲ့ဖရာလီတာတို့ ရောက်လာတာနဲ့ ဗီးနပ်စ်ပြဿနာတက်တော့မှာပါ။ ဒီတိုက်ပွဲကို သူတစ်ဦးတည်းနဲ့ အနိုင်မတိုက်နိုင်ရင်တောင် အများအားနဲ့ဖြစ်နိုင်သေးတယ်။
"စနစ်၊ အသားစားပန်းဘုရင်မဆီရောက်နိုင်မယ့် အတိုဆုံးလမ်းကိုပြ။"
[လုပ်ဆောင်နေပါသည်....ရလဒ်: ဟာရီကိန်းတိုက်ကွက်ကိုဖော်ဆောင်ပြီး ဗီးနပ်စ်အတုကို အမြန်ဆုံးနှုန်းနဲ့အနိုင်ယူပါ။ ဗီးနပ်စ်အတုပြန်မကောင်းလာခင် အသားစားပန်းဘုရင်မကို ဖျက်ဆီးရပါမယ်။ အချိန် နှစ်စက္ကန့်ခွဲရပါမယ်။]
"ဘယ်တတ်နိုင်တော့မလဲ။" မက်ဒါနာက သူ့ဆီပြေးဝင်လာနေတဲ့ ဗီးနပ်စ်ကိုကြည့်ပြီးနောက် အတောင်ပံကို ဖြန့်ကာ အလင်းဒြပ်စင်နဲ့Void Stream စွမ်းအားနှစ်ခုလုံးကို အမြင့်ဆုံးအဆင့်အထိ ဆွဲတင်တယ်။
စွမ်းအင်အမှတ်က ၆၉ ကနေ ၂၃ အထိထိုးကျသွားတာ သူမြင်ရတယ်။ Battle Heart 01က ဟာရီကိန်းဓားကွက်ကိုသုံးဖို့အတွက် ခေတ်နောက်ကျလွန်းနေပြီ။ တစ်ကြိမ်ထုတ်သုံးရုံနဲ့ အားအများကြီးပါသွားတယ်။
"Hurricane Rush!" ငွေရောင်စစ်သည်က အသံသွားနှုန်းထက်မြန်တဲ့နှုန်းနဲ့ ဗီးနပ်ကိုထက်ပိုင်းခွဲပစ်ပြီး အသားစားပန်းဘုရင်မရဲ့ပင်စည်ပေါ် ခုန်တက်လိုက်တယ်။ အဲဒီနောက် ပင်စည်ထဲက ဗီးနပ်စ်အစစ်ရှိနိုင်တဲ့နေရာကို ခန့်မှန်းပြီး ဓားကိုထိုးသွင်းတယ်။
မြေဆွဲအားဓားက အတွင်းကိုကောင်းကောင်းမွန်မွန်ဝင်သွားပြီး အသားစားပန်းဘုရင်မက နာကျင်စွာအော်ဟစ်လိုက်တယ်။ ဒါပေမဲ့ အလုံးစုံဖျက်ဆီးဖို့တော့ ဝေးကွာနေတုန်းပဲ။ ငွေရောင်စစ်သည်တော်က အရင်တစ်ခါလုပ်သလိုပဲ ဓားကိုဆွဲပြီးပြေးဖို့လုပ်ပေမဲ့ သူရထားတဲ့ နှစ်စက္ကန့်က ပြည့်သွားပြီ။
"နင့်အကွက်လေးက မဆိုးဘူးပဲ၊ ဒါပေမဲ့ လုံလောက်အောက် မမြန်သေးဘူး။"
ပြန်ကောင်းလာပြီဖြစ်တဲ့ဗီးနပ်စ်က သူ့နောက်မှာပေါ်လာပြီး ငွေရောင်စစ်သည်ရဲ့လည်ပင်းကို ဘယ်လက်နဲ့ ဆွဲဖက်လိုက်တယ်။ အခုငွေရောင်စစ်သည်က ဗီးနပ်စ်ရဲ့ရင်ခွင်ထဲမှာရောက်နေပြီ။ ဗီးနပ်စ်ရဲ့အခြားလက်တစ်ဖက်ကတော့ အသားစားပန်းတစ်ပွင့်ကိုကိုင်ထားပြီး မက်ဒါနာရဲ့ကျောကိုထောက်ထားတယ်။
ဒီအခြေအနေကြောင့် ချပ်ဝတ်အတွင်းက မက်ဒါနာ ခေါင်းနပန်းကြီးသွားတယ်။ သေခြင်းတရားက သူနဲ့လက်တစ်ကမ်းအလိုမှာ။
"ပျောက်ကွယ်သွားလိုက်တော့...." ဗီးနပ်စ်က သူ့နားနားကအ်ပြီး တိုးညှင်းတဲ့လေသံနဲ့ အေးစက်သွားပြောတယ်။
ဂျွတ်....
တစ်စုံတစ်ခုကျိုးပဲ့သွားသံနဲ့အတူ ငွေရောင်စစ်သည်ရဲ့ဘယ်ဖက်ခေါင်းစောင်းက ပွင့်ထွက်သွားတယ်။ မက်ဒါနာက ကျောကအတောင်ကိုဖွင့်ပြီး ရုန်းထွက်လိုက်တဲ့အတွက် အသားစားပန်းတွေ သူ့ကျောကိုထုတ်ချင်းဖောက်ပစ်မယ့်ဘေးကနေ လွတ်သွားပေမဲ့ ရှောင်လိုက်တဲ့အချိန်မှာ အသားစားပန်းတွေက သူ့မျက်နှာဘေးကို လာရှပ်ထိတယ်။ ဒါကြောင့် ဇက်သတ္တုခေါင်းစောင်းရဲ့ဘယ်ဖက်ခြမ်းက ပွင့်ထွက်သွားပြီး သူ့မျက်နှာတစ်ခြမ်းက လူမြင်ကွင်းထဲ ရောက်လာတယ်။
ကောင်းကင်က လရောင်က ငွေရောင်စစ်သည်တော်ပေါ် ဖြာကျနေတဲ့အတွက် ဇက်သတ္တုချပ်ဝတ်က အလွန်အမင်းတောက်ပနေတယ်။ မက်ဒါနာက အသုံးမဝင်တော့တဲ့ ခေါင်းစောင်းကို ဆွဲခွာပစ်ပြီးတဲ့နောက် အဖြူရောင်ဆံပင်ပိုင်ရှင် အလှလေးရဲ့မျက်နှာက တိုက်ပွဲအလယ်မှာ ဝင့်ဝင့်ကြွားကြွားပေါ်လာတယ်။
ဗီးနပ်စ်ကတော့ ခပ်ဟဟပဲ ပြုံးလိုက်တယ်။ မက်ဒါနာရဲ့ဘယ်ဖက်ပါးကနေ သွေးတချို့စီးကျနေတယ်။ အသားစားပန်းတွေကြောင့် ခေါင်းစောင်းပျက်စီးသွားပြီးတဲ့နောက် အနည်းငယ်ရှပ်ထိမိသွားတာပါ။ ဒါပေမဲ့ အဲဒီထက်အရေးကြီးတာ တစ်ခုရှိနေသေးတယ်။
"ဒီတော့ နင်ကို စစ်သူရဲဝတ်စုံထဲက မင်းသမီးလေးလို့ ခေါ်လို့ရမယ်ထင်တယ်။ နင်ငါ့လက်ထဲ တန်းသေမသွားတာတော့ နှမျောစရာပဲ။ ဒါပေမဲ့ နင်ဖြည်းဖြည်းချင်း နင်သေမှာကိုကြည့်ရမယ်ဆိုရင်လည်း မဆိုးပါဘူး။"
မက်ဒါနာလည်း ဒါကိုသတိပြုမိထားပြီးသား။ လေထုထဲမှာ ဗီးနပ်စ်ကြောင့် အပင်ထွက်အဆိပ်ငွေ့ပေါင်းစုံပြည့်နေတယ်။ မှိုဝတ်မှုန်တချို့တောင်ပါသေးတယ်။ အချိန်ကြာလာတာနဲ့အမျှ မက်ဒါနာကို စောင့်ကြိုနေမယ့် သေခြင်းတရားတွေက များပြားလာပြီ။
"ဒါပေမဲ့ ငါက နင့်ကိုမသတ်ချင်ဘူး၊ အဲဒီအစား ရုပ်သေးလုပ်ပြီး တစ်သက်လုံးခိုင်းစားချင်တာ။ ဒီလိုဆိုရင် နင်ပိုပြီးခံစားရမယ်ထင်တယ်။"
ဗီးနပ်စ်က လက်ညိုးထောင်လိုက်တော့ လိပ်ပြာတွေအများကြီး သူ့အနားမှာစုဝေးလာတယ်။ အကုန်လုံးက မှိုစွဲနေတဲ့ လိပ်ပြာတွေပါ။ တစ်ဖက်မှာတော့ မက်ဒါနာက အသက်ရှူရခက်ခဲလာပြီး ဆက်တိုက်ဆိုသလို ချောင်းဆိုးနေတယ်။
"နင်ရှူနေတဲ့လေထဲမှာ ဇွန်ဘီမှိုဝတ်မှုန်တွေပါတယ်။ ပထမဆုံးအနေနဲ့ အသက်ရှူလမ်းကြောင်းထဲ မှိုတွေဝင်သွားပြီး နင်အသက်ရှူစကျပ်မယ်။ နည်းနည်းထက်ကြာရင် သွေးအန်လိမ့်မယ်။ တစ်မိနစ်လောက်ကြာရင် နင့်အကြောတွေစဆိုင်းလာလိမ့်မယ်။ သွေးကြောထဲမှာ မှိုတွေစပေါက်ပွားနေပြီကိုး။ ငါးမိနစ်လောက်နေရင် နင်စကားပြောနိုင်စွမ်းဆုံးရှုံးသွားပြီး မလှုပ်ရှားနိုင်လောက်တဲ့အထိကို အကြောဆွဲလိမ့်မယ်။ နင့်ဦးနောက်ထဲအထိ မှိုတွေဝင်နေပြီလေ။ ပြီးရင်တော့ နင်က ငါ့ရဲ့ရုပ်သေးလှလှလေးဖြစ်လာမှာပေါ့။"
ဗီးနပ်စ် စကားပြောနေတဲ့အချိန်မှာပဲ မက်ဒါနာသွေးတစ်လုပ် ထပ်အန်လိုက်ရပြီး ဒူးထောက်ကျသွားပါတယ်။ ဗီးနပ်စ်ကတော့ အနားကပ်လာပြီး မက်ဒါနာရဲ့မျက်နှာကို ဒူးနဲ့တိုက်လိုက်တာကြောင့် နှာခေါင်းရိုးကျိုးသွားပြီး မြေပြင်ပေါ်ကို မှောက်ကျသွားလေရဲ့။ ဒါပေမဲ့ မက်ဒါနာကတော့ မြေပြင်က မြက်ပင်တွေကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး ပြန်ထဖို့ကြိုးစားတယ်။
"ဒါဆိုလည်း နင်ငါ့ကို မထိန်းချုပ်နိုင်ခင် နင့်ကိုအရင်သတ်ရတာပေါ့။"
ခေါင်းစောင်းမရှိတော့တဲ့ ငွေရောင်စစ်သည်က ဓားကိုဆုပ်ကိုင်လိုက်ပြီး အသားစားပန်းဘုရင်မဆီကို ပြေးသွားတယ်။ ဗီးနပ်စ်အတုကတော့ မက်ဒါနာကို နှောင့်ယှက်မနေဘဲ စောင့်ကြည့်ရုံပဲလုပ်တယ်။
"နင့်သူငယ်ချင်းတွေရောက်လာပြီး နင့်ကိုလာကယ်တဲ့အထိ စောင့်နေတာလား။ ဒါဆိုရင်တော့ ဂုဏ်ယူစွာနဲ့ ပြောပါရစေ။ အခုလောက်ဆိုရင် နင်မျှော်နေတဲ့ သူငယ်ချင်းတွေလည်း ငါ့ရဲ့တခြားကိုယ်ပွားတွေကြောင့် မှိုရောဂါကူးကုန်လောက်ပြီ။ မကြာခင်မှာ နင်တို့တွေအကုန်လုံး ငါ့ရဲ့ရုပ်သေးတွေ ဖြစ်လာတော့မှာပါ။"
ငွေရောင်စစ်သည်တော်ကတော့ ဒီစကားတွေကြောင့် ယုံကြည်မှုပျောက်ဆုံးမသွားသေးဘူး။ နှလုံးသားတစ်နေရာကနေ သူတို့ရောက်လာမယ်လို့ ယုံကြည်နေမိတုန်းပဲ။ မက်ဒါနာက ဗီးနပ်စ်ရဲ့စကားကြောင့် ခပ်ဟဟပြုံးလိုက်တယ်။ ဒါပေမဲ့ အကြောဆွဲနေတာကြောင့် အပြုံးက ပုံပျက်နေတယ်။
"ငါက နင့်ကိုအနိုင်ယူဖို့ ကျရှုံးခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒါပေမဲ့ သူတို့ကို နင်နိုင်မယ်လို့တော့ မဆိုလိုဘူးလေ။ ငါသူတို့ကို ယုံကြည်တယ်၊ အထူးသဖြင့် သွေးခင်းလမ်းကို လျှောက်ခဲ့တဲ့ ဖရာလီတာလိုလူမျိုးက သနားစရာ အရူးမတစ်ယောက်ကို ရှုံးစရာလား။" ဗီးနပ်စ်က မက်ဒါနာရဲ့စကားကြောင့် အစော်ကားခံလိုက်ရသလို မျက်နှာမျိုးဖြစ်သွားတယ်။
"စောင့်ကြည့်ကြသေးတာပေါ့။"
...
ယင်စားနွယ်တွေရဲ့ဖမ်းဆီးခြင်းကိုခံထားရတဲ့ အယ်လိုဟင်တို့တစ်သိုက်က မက်ဒါနာထက် မနည်းတဲ့ပြဿနာကို ရင်ဆိုင်နေရတယ်။
ဗီးနပ်စ်ကိုယ်ပွားက လက်ညိုးမှာ မှိုစွဲလိပ်ပြာကိုသယ်လာပြီး သူတို့နားကို ဖြည်းဖြည်းချင်းကပ်လာနေတယ်။ မျက်နှာပေါ်မှာတော့ မသတီစရာအပြုံးနဲ့ပါ။
"ငါတို့တော့ မမလေးကို ပြန်မတွေ့ရတော့ဘဲ သေရတော့မယ်နဲ့တူတယ်။ စောင့်ရှောက်သူတစ်ယောက်အနေနဲ့ ငါက စိတ်ပျက်စရာပဲ။" ပုဆိန်စောင့်ရှောက်သူက ငိုကြီးချက်မဖြစ်နေတာကြောင့် လွတ်ရာလွတ်လမ်း အကြံထုတ်နေတဲ့ အယ်လိုဟင်က စိတ်ပျက်လာပြီး ပိတ်အော်လိုက်တယ်။
"ပါးစပ်ပိတ်ထားစမ်း၊ ငါတို့က မျှော်လင့်ချက်မဲ့နေသေးတာမဟုတ်ဘူး။"
အယ်လိုဟင်က ပြောပြောဆိုဆိုနဲ့ သူ့လက်တစ်ဖက်ကို ယင်ဖမ်းနွယ်ပင်ကနေလွတ်အောင် အတင်းရုန်းပြီး ရင်ဘတ်က စွမ်းအင်ဗဟိုချက်နေရာကို ခပ်ပြင်းပြင်းတစ်ချက်ရပ်လိုက်တယ်။
[အန္တရာယ်အချက်ပြကို လက်ခံရရှိပါသည်၊ Full Potential Burst ကို စတင်အသုံးပြုပါမည်။]
အယ်လိုဟင်ရဲ့ဝတ်စုံစနစ်က စတင်ပြီး ခွန်အားအပြည့်လည်ပတ်တယ်။ တကယ်တော့ ဝတ်စုံက ရှိရှိသမျှစွမ်းအားတွေကို တစ်ပြိုင်နက်တည်းထုတ်သုံးဖို့လုပ်နေတာဖြစ်ပြီး အလင်းဒြပ်စင်တွေနဲ့လျှပ်စီးမိုးကြိုးတွေက ကြောက်စရာကောင်းလောက်တဲ့အဆင့်တစ်ခုအထိရောက်သွားပြီး အယ်လိုဟင်ရဲ့တစ်ကိုယ်လုံးမှာ လာရောက်စုစည်းတယ်။
"ဒါက ငါ့ရဲ့ဝှက်ဖဲပဲ၊ မင်းတို့ကောင်တွေ နွယ်တွေကလွတ်တာနဲ့ ရှိသမျှအကုန်ထုတ်သုံးကြပေတော့။"
အယ်လိုဟင်က အလင်းဒြပ်စင်အပြည့်လက်သီးနဲ့
မြေပြင်ကို ထိုးချလိုက်တယ်။ အလင်းဒြပ်စင်နဲ့လျှပ်စီးတွေက လှိုင်းတစ်ခုအသွင်ပြောင်းသွားပြီး မြေပြင်မှာ မီးတောက်ဝကြီးတစ်ခုလို တွင်းချိုင့်ကြီး ပေါ်လာတဲ့အထိ အပြင်းအထန်ထပေါက်ကွဲတယ်။
ဘုန်း.....။
အသံကျယ်ကြီးတစ်ခုနဲ့အတူ ဗီးနပ်စ်ကိုယ်ပွားပါ လွင့်ထွက်သွားတယ်။ တခြားစောင့်ရှောက်သူတွေလည်းယင်ဖမ်းနွယ်ကနေ လွတ်လာကြပြီး ပုဆိန်စောင့်ရှောက်သူက သူ့စွမ်းအားတွေအကုန်လုံးကို ဇက်သတ္တုပုဆိန်ထဲ ထည့်ပစ်လိုက်တယ်။ ပုဆိန်က ငွေရောင်အလင်းတစ်ချက်လက်သွားပြီး သူ့ခန္ဓာကိုယ်ကလည်း ကျည်ဆန်ရထားတစ်စင်းလိုမျိုး မြန်ဆန်သွားကာ လေထုထဲလွင့်ပျံနေတဲ့ ဗီးနပ်စ်ရှေ့မှာပေါ်လာတယ်။
"ခွေးမ၊ သေစမ်း။" ပုဆိန်စောင့်ရှောက်သူက ပုဆိန်နဲ့ ဗီးနပ်စ်ကို ရေပြင်ညီပိုင်းချလိုက်တယ်။ ငွေရောင်ပုဆိန်ကနေ ငွေရောင်အလင်းထွက်ပေါ်လာပြီး အားလှိုင်းတွေက ဗီးနပ်စ်တစ်ကိုယ်လုံးကို တစ်စစီကြေမွသွားစေတယ်။ လေးစောင့်ရှောက်သူကတော့ သူတို့ကို ရှေ့ဆက်သွားလို့မရအောင်ကာထားတဲ့ နွယ်တွေကို ဖောက်ထွင်းပစ်ဖို့ အားအပြင်းဆုံး လေးပစ်ချက်တစ်ခုကို ထုတ်ဖော်လိုက်တယ်။
လမ်းရှင်းသွားပြီးတဲ့နောက်တော့....။
"အခုပဲ၊ ဗီးနပ်စ်အဆင့်သင့်မဖြစ်ခင် ပြေးကြစို့။"
ဗီးနပ်စ်က သူတို့မျက်စိရှေ့မှာတင် ပြန်ဖွဲ့တည်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ Full Potential Burst အခြေအနေမှာရှိနေသေးတဲ့ အယ်လိုဟင်က ဗီးနပ်စ်ကို တစ်ချက်ထပ်ထိုးလိုက်ပြီး ပြေးလည်းပြေး တခြားသူတွေကိုလည်း သတိပေးတယ်။
စောင့်ရှောက်သူသုံးယောက်က ဘာကိုမှဂရုမစိုက်တော့ဘဲ လမ်းဆုံးရောက်ဖို့အတွက် မွေးဖွားလာသလိုမျိုး ဆက်ပြေးကြတယ်။ နွယ်ပင်တွေက ပြန်ကြီးလာပြီး လမ်းပိတ်ဖို့ကြိုးစားကြပေမဲ့ အသင့်ရှိနေပြီးဖြစ်တဲ့ လေးစောင့်ရှောက်သူက အကုန်လုံးကို မြားနဲ့ဆက်တိုက်ပစ်နေတယ်။ သာမန်မြားချက်တွေဖြစ်ပြီး အရင်တစ်ခါလမ်းရှင်းနဲ့မြားချက်လို အားမကောင်းပေမဲ့ ဝင်္ကပါအသင့်ပြန်မဖြစ်သေးခင်မလို့ အလုပ်ဖြစ်နေတယ်။ ပုဆိန်စောင့်ရှောက်သူကလည်း သူ့ပုဆိန်နဲ့ ဝင်လာသမျှအရိုးမျက်နှာတွေခေါင်းကို ဖောက်ခွဲပစ်လိုက်တယ်။
အယ်လိုဟင်ရဲ့ချပ်ဝတ်ကတော့ အလင်းဒြပ်စင်တွေ လုံးဝပျောက်ကွယ်သွားပြီး ပုံမှန်အခြေအနေလိုတောင် မိုးကြိုးလျှပ်စီးတွေရှိမနေတော့ဘူး။ Full Potential Burstက ရှိသမျှအကုန်ထုတ်သုံးတာဖြစ်လို့ လောလောဆယ် သူ့ဝတ်စုံကြီးက ရိုးရိုးသံချပ်ကာသာသာပဲရှိတော့တယ်။
သိပ်မကြာခင်မှာပဲ ဗီးနပ်စ်ကိုယ်ပွားလည်း ပြန်ရှင်လာပြီး သူတို့နောက်ကနေလိုက်တယ်။ ဒါပေမဲ့ ရှေ့ကပြေးနေတဲ့အုပ်စုက အတော်မြန်တဲ့အတွက် အချိန်တိုအတွင်း လိုက်မမီနိုင်ကြသေးဘူး။ ဒီတော့ အပေါ်စီးကနေကြည့်ရင် စောင့်ရှောက်သူသုံးယောက်နဲ့ဗီးနပ်စ်ရဲ့အခြေအနေက Temple Run ဂိမ်းနဲ့တောင် ခပ်ဆင်ဆင်တူနေတယ်။