ကသောင်းကနင်းဖြစ်ရပ်များ
Vol. 4 Ch. 45
ဝင်္ကပါတစ်နေရာမှာတော့ ယင်ဖမ်းနွယ်ပင်တွေက Archmegaရဲ့လက်တွေချည်တွေကို ဖမ်းချုပ်ထားပြီး မှိုစွဲအရိုးမျက်နှာတွေကတော့ ပင်မဂျက်အင်ဂျင်ရဲ့သက်ရောက်အားကို လျှော့ချနိုင်ဖို့အတွက် အတင်းဖိထားကြတယ်။ ကင်းမလက်မည်းနဲ့ မှိုစွဲအရိုးမျက်နှာကတော့ Archmegaရဲ့ရင်ဝကို အကြိမ်ကြိမ်တိုက်ခိုက်နေပြီး ဝတ်စုံကိုဖောက်ထွင်းဖို့ ကြိုးစားနေတယ်။
ဒီအုပ်စုက Archmegaကို အနိုင်ပိုင်းဖို့ကြိုးစားနေတာ မိနစ်အနည်းငယ်ရှိသွားပြီ။ ဝတ်စုံရဲ့အခြေအနေက ပိုဆိုးလာပေမဲ့ လုံးဝတော့ မပျက်စီးသေးပါဘူး။ Archmegaဝတ်စုံက Silverknight ဝတ်စုံထက်စာရင် ပိုပြီးမာကျောပါတယ်။ ဒီတော့ အလွယ်တကူမပျက်စီးနိုင်ဘူး။ ဒါပေမဲ့ အချိန်တစ်ခုကြာရင် ပျက်စီးသွားမှာတော့ သေချာပါတယ်။
"ဟား... နင်တို့လုပ်တာ ကြာလိုက်တာ။ အကူထပ်လူနေပြန်ပြီထင်ပါရဲ့။"
ဘေးကနေစောင့်ကြည့်နေတဲ့ ဗီးနပ်စ်က စိတ်မရှည်ဖြစ်လာပြီး လက်ဖျောက်တီးလိုက်တယ်။ နောက်ထပ်အရိုးကောင်တချို့ပေါ်လာပြီး သူတို့လက်တွေထဲမှာ အရိုးဆူးချွန်တွေပေါ်လာတယ်။
ဖရာလီတာကလည်း သူတို့ကိုကြည့်နေတာမလို့ ဒီမြူတန့်စွမ်းအားက Silverknightဝတ်စုံကို ဖောက်နိုင်ခဲ့တဲ့ မြူတန့်စွမ်းအားမှန်း သိနေပါတယ်။
'ဒီအတိုင်းသာဆိုရင် ငါတကယ်မျိုးတုန်းတော့မယ်။ စဥ်းစားစမ်း၊ စဥ်းစားစမ်း။' ရုတ်တရက် ဖရာလီတာ အကွက်ဟောင်းတစ်ခုကို စဥ်းစားမိသွားပြီး ခလုတ်နှိပ်လိုက်တယ်။ အစောပိုင်းက လုံးဝကိုထူပူနေတာမလို့ မစဥ်းစားခဲ့မိတာ။ ဒါပေမဲ့ စစ်သည်တော်တစ်ဦးအနေနဲ့ဆိုရင်တော့ ဖောက်ထွက်နိုင်မယ့်နည်းလမ်းကို ဒီလောက်မြန်မြန် တွေးနိုင်ခဲ့တာ တော်တယ်လို့ပြောနိုင်ပါတယ်။
ဖရာလီတာက ခလုတ်တစ်ခုကိုနှိပ်လိုက်တာနဲ့ အဖြူရောင်အလင်းတချို့က ဝတ်စုံထဲကနေထွက်လာပြီး စက်ဝိုင်းသဏ္ဍာန် ဖွဲ့တည်တယ်။ ဒီအကွက်က Silverknightကို နယူးယောက်မှာ Archmega စိန်ခေါ်တုန်းက သုံးခဲ့တဲ့တိုက်ကွက်ဖြစ်ပြီး သိပ်အင်အားမကြီးမားပေမဲ့ အသုံးတော့ဝင်ပါသေးတယ်။
အလင်းစက်ကွင်းရဲ့ပေါက်ကွဲအားက Archmega ကိုဖိနှိပ်ထားတဲ့ အရိုးမျက်နှာတွေကို နောက်လွင့်သွားစေတယ်။ အဲဒီနောက် Archmegaက ဂျက်အင်ဂျင်ကို ပိုအားထည့်မောင်းလိုက်ပြီး နွယ်ပင်တွေကနေ ရုန်းထွက်လိုက်တယ်။ အဲဒီနောက်တော့ အလင်းဒြပ်စင်အမြောက်နဲ့ ကင်းမလက်မည်းအရိုးမျက်နှာတွေကို ဖျက်ဆီးလိုက်ပြီး ဗီးနပ်စ်ကိုချိန်လိုက်တယ်။
"နင်ငါ့ကို ဖမ်းမိမိခြင်း ဒီအမြောက်ကို လုံးဝဖျက်ဆီးပစ်ခဲ့သင့်တာ။"
"မဖြစ်နိုင်တာ..."
"အရာအားလုံးက ငါ့အတွက်ဖြစ်နိုင်တယ်၊ ဒါက တိုက်ပွဲအတွေ့အကြုံပဲ။"
ဘုန်း....။
အမြောက်တစ်ချက်က ဗီးနပ်စ်ကို တစ်စစီဖောက်ခွဲပစ်လိုက်တယ်။ ဒီဗီးနပ်စ်က ကိုယ်ပွားဖြစ်တာမလို့ စက္ကန့်အနည်းငယ်အတွင်း ပြန်ကောင်းလာခဲ့ပေမဲ့ ပြန်တိုက်ခိုက်ဖို့ အသင့်ဖြစ်ချိန်မှာတော့ Archmega က အတော်ဝေးဝေးကိုရောက်နေပြီဖြစ်ပြီး သတိရှိနေပြီဖြစ်လို့ အရင်လိုအလစ်တိုက်ဖို့ မဖြစ်နိုင်တော့ပါဘူး။
"မက်ဒါနာ၊ ကောင်မစုတ်။ ငါတောင် အသက်ရှင်နိုင်သေးတာ။ အဲဒီပေါတောတောဟာမရဲ့ထောင်ချောက်အောက်မှာ ရှုံးနိမ့်သွားလို့မဖြစ်ဘူးနော်။"
ဖရာလီတာက သူ့ရှေ့မှာပိတ်ရပ်ပြီး တားဆီးဖို့ကြိုးစားတဲ့ မှိုစွဲအရိုးမျက်နှာတွေရဲ့ခေါင်းကို လက်သီးနဲ့ထိုးခွဲလိုက်ပြီး ဂျက်အင်ဂျင်ကို အားအပြည့်သုံးကာ အနိမ့်ပျံပျံသွားလိုက်တယ်။ ဝင်္ကပါအမိုးတွေကြောင့် သူ့အနေနဲ့ ပြေးရုံသာသာပဲ ပျံလို့ရခဲ့တာပါ။ ဒါပေမဲ့လည်း အသားစားပန်းဘုရင်မဆီကို ပြေးသွားနေတဲ့ သူ့အမြန်နှုန်းက သိပ်ကိုမြန်နေဆဲဖြစ်တယ်။
"နင်တစ်ခုခုဖြစ်သွားလို့ကတော့ ငါနဲ့တွေ့ပြီသာမှတ်။"
အခုသူတို့နှစ်ယောက်လုံးက ဗီးနပ်စ်သေချာပြင်ဆင်ထားတဲ့ ထောင်ချောက်ထဲမှာရောက်နေတာ။ အခုလိုအခြေအနေမျိုးက လူတိုင်းအတွက်အန္တရာယ်များပါတယ်။ ဒါကြောင့် ဖရာလီတာအနေနဲ့ မက်ဒါနာကို ဘယ်လိုလုပ် စိတ်မပူဘဲနေနိုင်မှာလဲ။
ဖရာလီတာပြေးနေတဲ့အရှိန်က ပိုပြီးမြန်လာတယ်။ ဒါပေမဲ့ ဗီးနပ်စ်ကလည်း ပြန်အသင့်ဖြစ်နေပြီဖြစ်ပြီး လမ်းတစ်လျှောက်မှာရှိနေတဲ့ အရိုးမျက်နှာတိုင်းကို ဖရာလီတာကိုတားဖို့ အမိန့်ပေးလိုက်တယ်။
ဖရာလီတာက ပေါ်လာသမျှရန်သူတိုင်းကို ဖြေရှင်းနေရတဲ့အတွက်ကြောင့် ဝင်္ကပါလမ်းဆုံးနဲ့သိပ်မဝေးတော့ပေမဲ့ ရောက်ဖို့အချိန်လိုနေတုန်းပဲ။
...
တခြားလူတွေထက်စာရင်တော့ အေမီရဲ့အခြေအနေက ပိုကောင်းပါတယ်။
လူသားတစ်ယောက်မဟုတ်တာကြောင့် မှိုစွဲရောဂါဖြစ်မှာကို လုံးဝလစ်လျူရှုထားနိုင်တယ်။ ဒါပေမဲ့ သူ့ကို ပိုမိုများပြားတဲ့ မှိုစွဲအရိုးမျက်နှာတွေက ဝိုင်းထားတယ်။ Neon Valkyrieက တခြားဝတ်စုံနှစ်ခုထက်စာရင် ပိုမြန်ပြီး အဝေးပစ်အင်အားကောင်းတယ်ဆိုပေမဲ့ မှိုစွဲအရိုးမျက်နှာတွေက ခံနိုင်ရည်ပိုကောင်းပြီး အလင်းဒြပ်စင်ရိုင်ဖယ်သေနတ်က သူတို့ကိုအနီးကပ်ပစ်မှပဲ အလုပ်ဖြစ်ပါတယ်။
ဒါပေမဲ့ ရိုင်ဖယ်သေနတ်က မောင်းပြန်တင်တဲ့အချိန်ကြာပြီး မှိုစွဲအရိုးမျက်နှာတွေရဲ့သာလွန်အင်အားက သူ့ကိုအဲဒီလောက် အချိန်အများကြီးမပေးပါဘူး။
"မမလေးကလည်း ဘာလို့ မောင်းပြန်ချေမှုန်းရေးရိုင်ဖယ်တို့ဘာတို့လုပ်မပေးဘဲ ရိုင်ဖယ်ကြီးလုပ်ပေးတယ်မသိပါဘူး။"
အေမီက ထုံးစံအတိုင်း တပျစ်တောက်တောက်ပြောရင်း နီယွန်ဝတ်စုံမှာတွဲချိတ်ထားတဲ့ ဓားပါးနှစ်လက်ကို ဆွဲထုတ်လိုက်တယ်။ ရန်သူတွေများလွန်းလို့ ရိုင်ဖယ်သေနတ်က အသုံးမဝင်တော့တဲ့အတွက် လက်နက်ပြောင်းသုံးကြည့်တာပါ။
ဒါပေမဲ့ မက်ဒါနာက သူ့ကိုစက်သေနတ်လုပ်မပေးရတဲ့ အကြောင်းအရင်းလည်းရှိပါတယ်။ အဓိကက အလင်းဒြပ်စင်ဟာ သိုလှောင်ရလွယ်ကူတယ်ဆိုပေမဲ့ ထုတည်များများကို ဖိအားပေးပြီး ဖောက်ခွဲပစ်မှသာ ဖျက်အားကောင်းတာပါ။
ဥပမာအနေနဲ့ ဖရာလီတာပထမဆုံးစထွင်ခဲ့တဲ့ နာမည်တောင်မပေးခဲ့တဲ့ အလင်းဒြပ်စင်စက်ကွင်းက ပေါက်ကွဲအားနည်းပြီး ရန်သူတွေကို တိုက်ရိုက်သတ်ဖြတ်နိုင်စွမ်းမရှိပါဘူး။
အလားတူပဲ အေမီရဲ့အလင်းဒြပ်စင်ငှက်မွှေးတောင်တွေက ပေါ့ပါးပြီးအရေအတွက်များပြားပေမဲ့ ရိုင်ဖယ်သေနတ်ရဲ့စွမ်းအားနဲ့ယှဥ်ကြည့်မယ်ဆိုရင်တော့ တော်တော်ကြီးကွာခြားနေဆဲပါ။
'ဆက်တိုက်ပစ်လို့ရပြီး အသုံးမဝင်ရင် ဘာလုပ်မှလဲ။' ဒါကတော့ အေမီအတွက် မက်ဒါနာသေနတ်ထွင်ပေးတုန်းက အတွေးပါ။
"ဘယ်တတ်နိုင်ပါ့မလဲ၊ မမလေးက ငါ့ကိုဒါတွေပဲပေးထားတော့ ဒါတွေနဲ့ပဲ အလုပ်ဖြစ်အောင်လုပ်ရတာပေါ့။"
အလင်းနတ်သမီးက အတောင်ပံကိုဖြန့်လိုက်ပြီး ဓားနှစ်လက်ကိုင်ထားတဲ့လက်ကို ဘယ်ညာဆန့်ထုတ်လိုက်တယ်။ အဲဒီနောက် လေဒလက်တစ်ခုလိုမျိုး ဆက်တိုက်လှည့်ပြီး ရန်သူတွေဆီကိုပြေးဝင်သွားတယ်။ သူ့တစ်ကိုယ်လုံးကနေ အလင်းဒြပ်စင်တွေ ဖြာထွက်နေပြီး သူ့အရှိန်ကလည်း အလင်းထက်သုံးဆနီးပါးမြန်သွားတယ်။
ဝှီး....။
လေတိုးသံကြီးတစ်ခုနဲ့အတူ မှိုစွဲအရိုးမျက်နှာတစ်ဒါဇင်ကျော် ခေါင်းပြုတ်ထွက်ကုန်တယ်။ အခြား အသားစားပန်းပင်တွေလည်း အပိုင်းပိုင်းပြတ်ကျကုန်ပြီ။
အေမီက လမ်းဆုံးတစ်နေရာမှာ ရပ်လိုက်ပြီး ဒူးထောက်ချလိုက်တယ်။ သူ့ဓားချက်ကြောက် ပျက်စီးသွားတဲ့အရာအားလုံးက လေထုထဲမှာ ခဏတည်တန့်နေပြီးတဲ့နောက် အားလုံးမြေပေါ်ကို ပုံခနဲကျသွားလေရဲ့။
"Neon Wildmill Slash: Success."
ဒီဓားကွက်ကို ထုတ်သုံးနိုင်ဖို့အတွက် အေမီ အတော်လေးကြိုးစားလိုက်ရတယ်။ ဒီဓားကွက်က မက်ဒါနာ ပရိုဂရမ်သွင်းပေးထားတာမျိုးမဟုတ်ဘူး။ အေမီထွင်လိုက်တာလို့တောင် ပြောနိုင်ပါတယ်။
ဗီးနပ်စ်ကိုယ်ပွားကလည်း သူ့ရှေ့က အိမ်စေမိန်းကလေးရဲ့ဓားသိုင်းကြောင့်ဖြစ်လာတဲ့ မြင်ကွင်းကို ကြောင်ကြည့်နေတယ်။ နောက်တော့ သူ့ခန္ဓာကိုယ်ပေါ်မှာလည်း ဓားရာတွေပေါ်လာပြီး တစ်စစီပြတ်ထွက်ကုန်တယ်။
"ကြည့်ရတာ ငါကစားတဲ့ဂိမ်းတွေက အလကားဖြစ်ခဲ့ပုံမပေါ်ဘူး။" အေမီက အိမ်စေပုံစံအတိုင်း စတိုင်ကျကျ ပြန်ရပ်လိုက်ရင်း ခေါင်းညိတ်လိုက်တယ်။
မြင့်မားတဲ့အရှိန်နှုန်းကို ပိုင်ဆိုင်ထားတဲ့သူ့အတွက်တော့ ဗီးနပ်စ်ပြန်ကောင်းလာမယ့်အချိန်က ရင်ခုန်စရာမဟုတ်ဘူး။ သူထုတ်သုံးခဲ့တဲ့ ဓားကွက်ကတော့ အထူးအဆန်းမဟုတ်ခဲ့ဘူး။ ဒီအတိုင်း ကွန်ပျူတာဂိမ်းတစ်ခုဖြစ်တဲ့ Diablo 5 ထဲကနေ ကူးချခဲ့ရုံပဲ။
သူဝတ်ထားတဲ့ဝတ်စုံက Neon Valkyrie မလို့သူ့ဓားကွက်ရှေ့မှာ Neonလို့ ထည့်ခဲ့ရုံပါ။ ပုံမှန်ဂိမ်းထဲက စိတ်ကူးယဥ်တိုက်ကွက်ပေမဲ့ အေမီရဲ့အသံထက် သုံးဆကျော်အမြန်ကို ထည့်တွက်လိုက်ရင် သိပ်ကိုကြောက်စရာကောင်းတဲ့ အစုလိုက်အပြုံလိုက်တိုက်ကွက်ဖြစ်သွားတယ်။
"မမလေးရေ၊ ကျွန်မကူရအောင်လာပြီ။"
အဲဒီနောက်တော့ အေမီက အကျယ်ကြီးအော်ဟစ်လိုက်ရင်း ဝင်္ကပါထဲမှာ အတောင်ပံကိုဖြန့်ရင်း သိပ်ကိုမြန်ဆန်လွန်းတဲ့အရှိန်နဲ့ အပျံတစ်ပိုင်းပြေးသွားလိုက်တယ်။ သူ့လမ်းကြောင်းကိုပိတ်ထားတဲ့ ဗီးနပ်စ်နဲ့အနှောင့်အယှက်တွေရန်ကနေ ခတ္တကင်းလွတ်သွားပြီမဟုတ်လား။
...
မက်ဒါနာရဲ့ပါးပြင်ပေါ်မှာ ခြစ်ရာတစ်ခုရှိနေပြီး သွေးတွေစီးကျနေတယ်။ အာရုံစူးစိုက်နိုင်စွမ်း နည်းလာတဲ့အတွက် ဆက်ပြီးတိုက်ခိုက်နိုင်ဖို့ ခက်ခဲလာပြီ။ သူတိုက်ခိုက်နေသေးပေမဲ့ သတိကောင်းကောင်းရှိဖို့ ခဲယဥ်းလာတယ်။ ဓားကိုယမ်းနေသေးပေမဲ့ သူ့ရှေ့က ရန်သူကို ကောင်းကောင်းမမြင်ရတော့ဘူး။
"ကြိုးစားနေတုန်းပဲလား၊ လက်လျှော့ပြီး ကိုယ့်ကံကြမ္မာကိုယ် လက်ခံလိုက်တော့။ အချိန်ကုန်လာတာနဲ့အမျှ နင့်ကိုယ်နင်ထိန်းချုပ်နိုင်စွမ်းက လျော့လာလေပဲ။"
ဗီးနပ်စ်ကိုယ်ပွားက ရယ်မောရင်း ငွေရောင်စစ်သည်ရဲ့တိုက်ကွက်တွေကို လွယ်လွယ်ကူကူနဲ့ရှောင်ရှားနေတယ်။ မက်ဒါနာက ထိရောက်တဲ့တိုက်ကွက်တွေကို ဖော်ထုတ်နိုင်စွမ်းမရှိတော့ပါ။ သူတိုက်ခိုက်ရမှာက အသားစားပန်းဘုရင်မလား၊ ဗီးနပ်စ်ကိုယ်ပွားလားဆိုတာတောင် ခွဲခြားနိုင်စွမ်းမရှိတော့ဘူး။
ရုတ်တရက် ပထမဆုံးဝင်္ကပါနံရံက ပြိုကျသွားပြီး ဆုဗာနာစောင့်ရှောက်သူတွေနဲအယ်လိုဟင်တို့ထွက်လာတယ်။ ပြီးတော့ သူတို့တွေက လက်ရှိမက်ဒါနာရဲ့အခြေအနေကြောင့် ထိတ်လန့်သွားတယ်။
"ဘာ... မင်းသမီးလေးက ရောဂါကူးစက်ခံလိုက်ရပြီလား။"
ဒီလူသုံးယောက်ရဲ့အရိပ်ကို မက်ဒါနာသေချာမမြင်နိုင်ဘူး။ အရာအားလုံးက ဝေဝါးလို့နေတယ်။ ဗီးနပ်စ်ကတော့ ဝမ်းသာအားရ တစ်ချက်ရယ်မောလိုက်ပြီး လက်ဖျောက်တီးလိုက်တယ်။
ငွေရောင်စစ်သည်က လက်ထဲမှာကိုင်ထားတဲ့ဓားကို အလိုလိုမြောက်လိုက်တယ်။ ကာယကံရှင်ဖြစ်တဲ့ မက်ဒါနာကိုယ်တိုင်ကတော့ ဒီလိုလုပ်ချင်တဲ့စိတ်မျိုး ရှိမနေပေမဲ့ အရာရာတိုင်းက ဗီးနပ်စ်ရဲ့လက်ထဲရောက်နေပြီ။
"အခုတော့ နင့်ကိုအပြည့်အဝမထိန်းချုပ်နိုင်သေးပေမဲ့ နင်မလုပ်ချင်တဲ့အရာတစ်ခုကို အတင်းခိုင်းဖို့တော့ဖြစ်နိုင်နေပြီ။ နင်တို့အချင်းချင်းသတ်ကြစမ်း။"
ငွေရောင်စစ်သည်က ဓားပြားကြီးကိုမပြီး အယ်လိုဟင်ရှိရာကို ပြေးထွက်သွားတယ်။ Silverknightက ဗီးနပ်စ်ရဲ့ထိန်းချုပ်မှုအောက်မှာ တစ်စိတ်တစ်ပိုင်းရှိနေပြီ။
"မကောင်းတော့ဘူး၊ သူက ငါတို့ထက်ပိုအင်အားကြီးတယ်။" အယ်လိုဟင်က နောက်ကိုပြေးဆုတ်တယ်။ လက်ရှိသူ့ဝတ်စုံက အားကုန်နေတဲ့အတွက် သာမန်သံချပ်ဝတ်တစ်ခုထက်မပိုဘူး။
"မင်းသမီးလေးကို ငါထိန်းထားလိုက်မယ်၊ မင်းတို့က သူ့ကိုကယ်ဖို့ နည်းလမ်းရှာကြ။"
ပုဆိန်စောင့်ရှောက်သူက ရဲရဲဝင့်ဝင့်ရှေ့တက်သွားလိုက်ပြီး သူ့ပုဆိန်နဲ့ မြေဆွဲအားဓားကို ခံဆောင်လိုက်တယ်။ မက်ဒါနာက မှိုတွေကြောင့်ထိန်းချုပ်ခံနေရပေမဲ့ သိစိတ်တစ်ပိုင်းတစ်စ ရှိနေသေးတဲ့အတွက်ကြောင့် မှိုတွေကိုအပြင်းအထန်ဆန့်ကျင်နေဆဲပဲ။ ဒါကြောင့် သူ့တိုက်ကွက်တွေက ကျပန်းဆန်နေပြီး အားမပါဘူး။ ဒီတော့ ပုဆိန်စောင့်ရှောက်သူလို စစ်သည်တစ်ဦးအဖို့ အန္တရာယ်မရှိသေးဘူး။
စောင့်ရှောက်သူသုံးဦးနဲ့ မက်ဒါနာရဲ့တိုက်ပွဲက ဗီးနပ်စ်ရှေ့မှာပဲ စတင်ဖြစ်ပွားတယ်။ မက်ဒါနာဟာ ခုခံနေပြီး အယ်လိုဟင်တို့ကို အားကုန်မတိုက်ခိုက်မိအောင် ကြိုးစားနေတာတောင်မှ အင်အားကွာခြားချက်ရှိနေတာကြောင့် သုံးယောက်အဖွဲ့က အောက်စည်းရောက်နေတယ်။
ပုဆိန်စောင့်ရှောက်သူက ငွေရောင်စစ်သည်ရဲ့ရင်ဘတ်ကို အားနဲ့ရိုက်ချလိုက်ပြီး သူတို့နှစ်ယောက်ကြားမှာ အကွာအဝေးတစ်ခုဖန်တီးလိုက်တယ်။ လေးစောင့်ရှောက်သူကတော့ မြားတွေနဲ့ဆက်တိုက်ပစ်ခတ်ပြီး မက်ဒါနာရှေ့ဆက်တက်မလာနိုင်အောင် လုပ်ထားရတယ်။
ဒါပေမဲ့ ဒီအခြေအနေကို တိုက်ရိုက်ဖြေရှင်းနိုင်မယ့်နည်းကို သူတို့စဥ်းစားလို့မရသေးဘူး။ ဗီးနပ်စ်က တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေရင်း ဝမ်းသာအားရ ရယ်မောလိုက်ပါတယ်။
"အားဟားဟား... ငါ့မှိုတွေကို နင်တို့ဖြေရှင်းနိုင်စွမ်းမရှိဘူး။ သူ့အသိစိတ်ဖြည်းဖြည်းချင်းပျောက်သွားပြီး မှိုစွဲနေတဲ့မင်းသမီးလေး ဖြစ်သွားတာကိုပဲ နင်တို့ဖြည်းဖြည်းချင်းစောင့်ကြည့်နေရမှာ။ သူကိစ္စတုန်းသွားတာနဲ့ နင်တို့လည်းတဖြည်းဖြည်းချင်းသွားမှာပဲ။"
ဘုန်း....။
ငွေရောင်စစ်သည်က အတောင်ပံဖွင့်လိုက်ပြီး ခြားနားထားတဲ့ အကွာအဝေးကို ချက်ချင်းဖမ်းဆုပ်လိုက်တယ်။ ဧရာမဓားပြားကြီးက ဆုဗာနာပုဆိန်စောင့်ရှောက်သူအပေါ် ပြိုဆင်းကျလာတဲ့အတွက် ပုဆိန်နှစ်လက်ကိုမြောက်ပြီး ခုခံပေမဲ့ မြေဆွဲအားဓားရဲ့သာလွန်အလေးချိန်ကြောင့် မြေကြီးထဲနစ်ဝင်သွားတယ်။
မက်ဒါနာရဲ့မျက်နှာက ကြွက်သားတွေကတော့ တင်းမာနေပြီး လက်ရှိအခြေအနေကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတယ်။ ငွေရောင်စစ်သည်ချပ်ဝတ်မှာက အရေးပေါ်ပါဝါပိတ်တဲ့စနစ်ပါပေမဲ့ အဲဒီစနစ်ကိုထုတ်သုံးဖို့ သူ့ခန္ဓာကိုယ်က မတတ်နိုင်ဘူးဖြစ်နေတယ်။
ဒါပေမဲ့ သူလုပ်နိုင်တာတစ်ခု ရှိနေသေးတာကို မက်ဒါနာသတိရသွားတယ်။
"ငါ့ရဲ့စွမ်းအား... ငါ့ရဲ့စွမ်းအား...." ငွေရောင်စစ်သည်က လက်ကိုမြောက်လိုက်တယ်။ တိုက်စစ်က ခဏရပ်သွားပြီး တစ်ကိုယ်လုံးတုန်ယင်နေတယ်။ သွေးကြောထဲမှာ မှိုတွေကြီးထွားလာနေတဲ့အတွက် မက်ဒါနာရဲ့မျက်နှာမှာ သွေးကြောတွေထောင်ထနေတဲ့အတွက် အလွန်ကြည့်ရစိုးနေပါတယ်။
"Technotelekinesis..." နည်းပညာပစ္စည်းတွေကို ထိန်းချုပ်တဲ့စွမ်းအားကို အနိုင်နိုင်ထုတ်သုံးရင်း မက်ဒါနာက သူ့ဝတ်စုံကို ဖိအားပေးရပ်တန့်လိုက်တယ်။ ငွေရောင်ဆံပင်နဲ့ ချပ်ဝတ်သူရဲကောင်းက ဝတ်စုံအလေးချိန်ကြောင့် ဒူးထောက်ကျသွားပြီး တိုက်စစ်လုံးဝရပ်တန့်သွားတယ်။ မက်ဒါနာက အံ့ကြိတ်လိုက်ပြီး အယ်လိုဟင်တို့သုံးယောက်ကို လှမ်းအော်ပြောတယ်။
"အခုအချိန်မှာ တစ်ခုတည်းသောနည်းလမ်းက ငါ့ကိုသတ်လိုက်တာပဲ။ ဘာရပ်ကြည့်နေတာလဲ။"
အတွေ့အကြုံများပြီး ဉာဏ်ရည်မြင့်မားတဲ့ ဟီးရိုးတစ်ယောက်အနေနဲ့ မက်ဒါနာက လက်ရှိအခြေအနေကို နားလည်ပါတယ်။ သူ့ကိုမသတ်ရင် ကျန်တဲ့လူတွေအားလုံး ဒုက္ခရောက်တော့မယ်။ ပြီးတော့ ဗီးနပ်စ်ကိုယ်ပွားနဲ့ခန္ဓာကိုယ်အစစ်က တိုက်ပွဲထဲဝင်မပါသေးဘဲ ပွဲထိုင်ကြည့်နေတာကို ထည့်မတွက်ရသေးဘူး။
"ဒါပေမဲ့ မင်းသမီးလေးကို ကျွန်တော်တို့သတ်လို့မရဘူးလေ။" ဆုဗာနာစောင့်ရှောက်သူနှစ်ယောက်လုံးက ခံငြင်းတယ်။ သူတို့ရဲ့သစ္စာစောင့်တည်မှုက အဲဒီလုပ်ရပ်ကို လုံးဝခွင့်ပြုမှာမဟုတ်ဘူး။
ဒါပေမဲ့ အယ်လိုဟင်ကတော့ ကွာခြားပါတယ်။ သူက သက်ပြင်းချလိုက်ပြီး ပြောလိုက်တယ်။
"အခုအချိန်က သတ်မလား သေမလားအခြေအနေပဲ၊ ငါလိုငတုံးတစ်ယောက်က တခြားရွေးစရာတစ်ခုကို စဥ်းစားနိုင်စွမ်းမရှိတော့ဘူး။"
အယ်လိုဟင်က ရှေ့ကိုတက်လာပြီး မက်ဒါနာကို အဆုံးသတ်ပေးဖို့ ကြိုးစားတယ်။ ဒါပေမဲ့ အလင်းဗုံးတစ်ခုကြောင့် သူအလျင်အမြန်ရှောင်လိုက်ရတယ်။
"အယ်လိုဟင်.... နင်က ငါ့ခွင့်ပြုချက်မပါဘဲ ဘာလုပ်မလို့လဲ။"
ဝင်္ကပါလမ်းဆုံးကိုဖောက်ပြီးထွက်လာတဲ့ Archmegaက တိုက်ပွဲမြေပြင်အလယ်မှာ ပြဇာတ်ဆန်ဆန်ပေါ်လာတယ်။ ဖရာလီတာလည်း အသားစားပန်းဘုရင်မရှိနေတဲ့ မရဏသစ်တောနယ်မြေရဲ့အလယ်ကိုရောက်လာပြီ။ ပြီးတော့ သူက မက်ဒါနာကို ဝါးဖရိန်ထဲကနေ ကြည့်နေတယ်။
"မက်ဒါနာ... နင်တစ်ခုခုဖြစ်လို့ကတော့ ငါအလွတ်မပေးဘူးလို့ ပြောခဲ့ရဲ့နဲ့။"
အယ်လိုဟင်ကတော့ သူ့သခင်မလေးကို ချက်ချင်းသတိပေးလိုက်တယ်။ "သခင်မလေး၊ သူက အခုမှိုစွဲရောဂါဖြစ်နေပြီ။"
"ငါမြင်တယ်၊ ငါမျက်လုံးမကန်းဘူး။" ဖရာလီတာက အော်ပြောလိုက်တယ်။
တစ်ဖက်မှာတော့ ဖရာလီတာရဲ့အသံကြောင့် မက်ဒါနာက ခေါင်းမော့ကြည့်လိုက်တယ်။ သူ့အမြင်တွေက ဝေဝါးနေတာကြောင့် ကြီးမားတဲ့ Archmega ကိုမှုန်ဝါးဝါးပဲမြင်ရတယ်။ ငွေရောင်စစ်သည်က လက်ကိုဆန့်ထုတ်လိုက်ပြီး ခြောက်ကပ်နေတဲ့လေသံနဲ့ ပြောလိုက်တယ်။ သူ့မျက်လုံးထဲကနေလည်း မျက်ရည်တွေစီးကျလာတယ်။
"ငါ့အစွမ်းတွေကို သူမထိန်းချုပ်နိုင်သေးခင် ငါ့ကိုသတ်လိုက်တော့။"
ဒါပေမဲ့ အဲဒီအချိန်မှာ နောက်ကျသွားပြီ။ ဗီးနပ်စ်က နောက်တစ်ခါ လက်ဖျောက်ထပ်တီးလိုက်ပြန်တယ်။
"နောက်ကျသွားပြီ၊ ငါ့မှိုတွေက နင့်ရဲ့ဦးနောက်ထဲရောက်နေပြီ။" ရုတ်တရက် Technotelekinesis ထပ်နိုးထလာပြီး ငွေရောင်စစ်သည်ချပ်ဝတ်ကို ပြန်အသက်ဝင်လာစေတယ်။ ဒီတစ်ခါတော့ Archmegaဆီကို အားကုန်ပြေးလာတာဖြစ်ပြီး မက်ဒါနာက သူ့အင်အားသူ မထိန်းချုပ်နိုင်တောပါဘူး။
"မက်ဒါနာ၊ နင်ဘယ်လိုပဲ ဖြစ်နေဖြစ်နေ။ နင့်ကိုလက်လျှော့မှာမဟုတ်ဘူး။ အဲဒီအစား နင့်ကိုအနိုင်ယူပြီး အိမ်ပြန်ခေါ်သွားမယ်။ အဲဒီကျမှ နင့်ကိုထိန်းချုပ်ထားတဲ့မှိုရောဂါကို ဖြေရှင်းဖို့လုပ်ပေးမယ်။"
ဖရာလီတာကလည်း မက်ဒါနာကို လှမ်းအားပေးလိုက်ရင်း စပြေးတယ်။ Silverknight နဲ့ Archmegaက လေထုထဲမှာဆုံမိသွားပြီး ကြီးမားတဲ့ လေထုပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာစေတယ်။
"ဟမ်... နင်တို့စုံတွဲအပါအဝင် ဘယ်သူမှ ဒီနယ်မြေထဲကနေ ထွက်မသွားနိုင်တော့မှာတော့ နှမြောစရာပဲ။" ဗီးနပ်စ်ကိုယ်ပွားကတော့ ယုံကြည်မှုအပြည့်နဲ့ပြောလိုက်ပြီး သူ့အကြည့်ကို အယ်လိုဟင်တို့ဆီ ပြန်လှည့်လိုက်တယ်။ အယ်လိုဟင်တို့လမ်းကြောင်းနဲ့ ဖရာလီတာရဲ့လမ်းကြောင်းက ဗီးနပ်စ်ကိုယ်ပွားတွေလည်း ဒီနေရာကိုရောက်နေပြီဖြစ်ပြီး သုံးယောက်က တစ်ခုတည်းအဖြစ်ပူးပေါင်းသွားပြီး ပိုအစွမ်းထက်လာတယ်။ ကြည့်ရတာ ခွဲထွက်လိုက်တဲ့ဆဲလ်တွေက အတူပြန်ပူးပေါင်းမှ ပိုအစွမ်းထက်တဲ့ပုံပဲ။ ပြောရရင် ကိုယ်ပွားများများပွားလေ ကိုယ်ပွားတွေရဲ့အစွမ်းက အားနည်းလာလေပါ။
နောက်ဆုံးမှ ဝင်္ကပါထဲက ဖောက်ထွက်လာနိုင်တဲ့ အေမီရောက်လာချိန်မှာတော့ အသားစားပန်းဘုရင်မရှိရာနေရာမှာ ရှုပ်ထွေးလွန်းတဲ့ တိုက်ပွဲကြီးစတင်နေပါပြီ။ ဖရာလီတာက မှိုစွဲနေတဲ့မက်ဒါနာကို ရိုက်နှက်ဖို့ကြိုးစားနေပြီး ဗီးနပ်စ်ကိုယ်ပွားကတော့ အင်မတန်အပြေးသန်တဲ့ အယ်လိုဟင်တို့အုပ်စုကို လိုက်ဖမ်းဖို့လုပ်နေတယ်။ အသားစားပန်းဘုရင်မကြီးကတော့ မြေပြင်ပေါ်မှာပြေးနေသမျှလူတိုင်းကို အလစ်ဝင်တိုက်ဖို့ အသင့်ချောင်းနေပါတယ်။
အေမီလည်း ဒီမြင်ကွင်းကိုကြည့်ရင်း ခေါင်းတစ်ခုလုံး (ပရိုဆက်ဆာ) ထူပူလာတယ်။
"ဒီနေရာမှာ ဘာတွေဖြစ်နေကြတာလဲ။"