နိဂုံး
Vol. 4 Ch. 46
ဝင်္ကပါရဲ့အတွင်းဆုံးအပိုင်းထဲမှာရှိနေတဲ့ မက်ဒါနာတို့အုပ်စုနဲ့ ကွဲပြားစွာပဲ အာကိုင်းဂါမီကတော့ ဝင်္ကပါအဝင်ဝမှာ တစ်မှေးမှေးနေပါတယ်။ သူ့ပုံစံက ဒီကိစ္စအပေါ် နည်းနည်းလေးမှ စိတ်မဝင်စားသလိုပဲ။
အာကိုင်းဂါမီကို စောင့်ကြည့်နေတဲ့ ဗီးနပ်စ်ကိုယ်ပွားက သက်ပြင်းချလိုက်ပြီး စကားစလာတယ်။
"ရှင်တကယ်ပဲ သူတို့ကို ဂရုမစိုက်တော့တာလား၊ ဒါမှမဟုတ် ဂရုမစိုက်ချင်ယောင် ဆောင်နေတာလား။"
အရင်ဖြစ်ခဲ့တဲ့ကိစ္စတွေအရ အာကိုင်းဂါမီဟာ လူတွေကို ဂရုမစိုက်ချင်ယောင်ဆောင်နေပေမဲ့ တကယ့်တကယ်တမ်းမှာ သံယောဇဥ်သိပ်ကြီးမှန်း ဗီးနပ်စ်သိနိုင်တယ်။ ဒါကြောင့် အခုလိုမျိုး ထူးမခြားနားပုံစံနဲ့ရှိနေခြင်းက ဗီးနပ်စ်ကို စိတ်မချရတဲ့ခံစားချက်မျိုး ပေးစွမ်းနိုင်တယ်။
"ငါ ဝင်္ကပါထဲကို ဝင်သွားတဲ့သူတွေကို တာလီချိုးပြီးမှတ်ထားတယ်။ အားလုံးပေါင်း ခြောက်ယောက်ရှိတယ်။ သူတို့တွေထဲက တစ်ယောက်ကိုမှ ငါမမေ့သေးပုံထောက်တော့ သူတို့တွေ အသက်ရှင်နေသေးပုံပဲ။"
အာကိုင်းဂါမီရဲ့စကားကြောင့် ဗီးနပ်စ်ခပ်ဟဟရယ်လိုက်တယ်။ ပြီးနောက် သူ့မျက်နှာက ပြန်တည်တန့်သွားပြီး အာကိုင်းဂါမီကို ခပ်တည်တည်ကြည့်ပြီး ပြောပါတယ်။
"ဒီတော့ ရှင်က ရှင့်ရဲ့ထူးခြားတဲ့စိတ်အခြေအနေအပေါ် ယုံကြည်မှုအပြည့်ရှိတယ်ပေါ့။ သူတို့တွေ မသေသေးပေမဲ့ ကျွန်မရဲ့မှိုရောဂါစွဲပြီး ရုပ်သေးတွေဖြစ်ကုန်တာရော မဖြစ်နိုင်ဘူးလား။ ဒီလိုဆိုရင်ရော ရှင်ဘယ်လုပ်မလဲ။"
ဗီးနပ်စ်ရဲ့စကားကြောင့် အာကိုင်းဂါမီက ပြုံးရုံလေးပြုံးလိုက်ပြီး ထိုင်နေရာကနေ ထရပ်လိုက်တယ်။ ဒီအပြုအမူကြောင့် ဗီးနပ်စ်ကိုယ်ပွားလည်း နောက်ကို တစ်လှမ်းဆုတ်လိုက်ရတယ်။
"မင်းစဝင်လာကတည်းက မင်းရဲ့အပြုအမူတွေကို ငါလေ့လာနေတာ။ အစကနေအဆုံးအထိ မင်းက အောင်နိုင်သူတစ်ယောက်လို ပြုံးနေခဲ့တာလေ။ ဒါပေမဲ့ အခုတော့မင်းက ပုံမှန်အခြေအနေဖြစ်တဲ့ တိတ်ဆိတ်ခြင်းကို ချိုးဖောက်ပြီးတော့ ငါ့ကိုစကားတွေဖောင်ဖွဲ့ပြောနေတယ်။"
အာကိုင်းဂါမီက သူ့စကားကို ဒီမှာရပ်ထားလိုက်ပြီး စူးရှတဲ့အကြည့်တစ်ချက်နဲ့ ဗီးနပ်စ်ကို ကြည့်လိုက်လေရဲ့။
"ကြည့်ရတာ မင်းမျှော်မှန်းထားတဲ့အတိုင်း ဖြစ်မလာဘူးထင်တယ်။"
ကိုင်းတိုရဲ့စူးရှတဲ့အကြည့်ကြောင့် ဗီးနပ်စ်ရဲ့ရင်ထဲမှာ အကြောက်တရားတစ်ခုကိန်းအောင်းသွားပြီး ကျောထဲစိမ့်တက်သွားတယ်။ မြူတန့်သိပ္ပံမှာတင်မဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာ ဒီအာကိုင်းဂါမီဆိုတဲ့လူကို ရင်ဆိုင်နိုင်တဲ့ လူတစ်ယောက်မှမရှိဘူးမဟုတ်လား။
"ငါထင်တဲ့ အတိုင်းပါပဲလား။" တောင့်တောင့်ကြီးရပ်နေတဲ့ ဗီးနပ်စ်ကိုကြည့်လိုက်ပြီးနောက် အာကိုင်းဂါမီက အဝေးတစ်နေရာကို လှမ်းကြည့်လိုက်တယ်။ အသားစားပန်းဘုရင်မက ယိမ်းနွဲ့လှုပ်ရှားပြီး တိုက်ခိုက်နေတဲ့မြင်ကွင်းကို ခပ်မှုန်မှုန်မြင်နေရတယ်။
"ကြည့်ရတာ မင်းသူတို့ကို ဝင်္ကပါထဲမှာ မသတ်နိုင်လို့ အသားစားပန်းဘုရင်မဆီခေါ်လာရတဲ့ပုံပဲ။"
အသားစားပန်းဘုရင်မက နယ်မြေရဲ့ဗဟိုချက်ဖြစ်ပြီး ပုံမှန်အခြေအနေတွေမှာဆိုရင် ကျူးကျော်ဝင်ရောက်လာသူတွေကို ဝင်ခွင့်မပြုဘဲ ဝင်္ကပါထဲမှာတင် ကိစ္စချောပစ်ဖို့ ဗီးနပ်စ်ကြိုးစားမှာပါ။ ဗီးနပ်စ်က ဝင်္ကပါထဲမှာတင် ဟီးရိုးအဖွဲ့ကို သူ့ရုပ်သေးတွေဖြစ်အောင်လုပ်ဖို့ ကြံစည်ခံပုံပေါ်ပေမဲ့ တစ်နည်းနည်းနဲ့ ကျဆုံးခဲ့ပုံပဲ။
အာကိုင်းဂါမီကိုင်းတိုက ပန်းပွင့်ကနေ အကြည့်လွှဲလိုက်ပြီး ဗီးနပ်စ်ကို ထပ်ကြည့်လိုက်တယ်။ ဒီတစ်ခါတော့ ဗီးနပ်စ်က အသားစားပန်းပင်အများအပြားကို တစ်ခါတည်းဆင့်ခေါ်ပြီး တိုက်ပွဲအတွက်ပြင်ထားလိုက်တယ်။
"မင်းငါ့ကို ခြိမ်းခြောက်ထားတဲ့အတိုင်း ဖြစ်မလာဘူးဆိုမှတော့ ငါ့အနေနဲ့ စပြီးလှုပ်ရှားလို့ရပြီမဟုတ်လား။"
အာကိုင်းဂါမီရဲ့လက်ထဲမှာ မီးတောက်တစ်ခုပေါ်လာတယ်။ လေထုထဲက ဓာတ်ငွေ့တွေက မီးတောက်ကြောင့် ချက်ချင်းအောက်ဆီဂျင်နဲ့ဓာတ်ပြုမိသွားပြီး ဝင်္ကပါအဝင်ဝတစ်ခုလုံး ပေါက်ကွဲထွက်သွားတော့တယ်။
ဘုန်း.....။
အဝါရောင်ပေါက်ကွဲမှုမီးတောက်ကြီးက ကျွန်းရဲ့ည ကောင်းကင်ပေါ်မြင့်တက်လာပြီး အပြင်မှာစောင့်နေတဲ့အဖွဲ့ရဲ့ဖရီးဂိတ်ပေါ်ကနေတောင် လှမ်းမြင်နေရပါတယ်။ ကျန်နေခဲ့တဲ့ ဒရုန်းဇုန်အပါအဝင်တခြားအဖွဲ့ဝင်တွေကတော့ ဒါဟာ ကိုင်းတိုစတိုက်နေပြီဖြစ်မှန်း လွယ်လွယ်ကူကူ ခန့်မှန်းမိကြပါတယ်။
...
အေမီတိုက်ပွဲမြေပြင်ထဲ ရောက်လာပြီးမကြာခင်မှာပဲ လက်ရှိအခြေအနေကို နားလည်သွားပါတယ်။ စိတ်အေးအေးမထားတတ်ဘဲ မက်ဒါနာကိုရိုက်ဖို့ချည်းပဲ ကြိုးစားနေတဲ့ ဖရာလီတာနဲ့ ဘာမှမလုပ်နိုင်ဘဲ ပြေးပဲနေရတဲ့ အယ်လိုဟင်တို့တစ်သိုက်နဲ့မတူတာက အေမီဟာ စူပါကွန်ပျူတာတစ်လုံးဖြစ်ပြီး ပြဿနာကိုဖြေရှင်းဖို့အတွက် အဖြစ်နိုင်ဆုံးနည်းလမ်းကို ခေါင်းအေးအေးနဲ့ စဥ်းစားနိုင်စွမ်းရှိသူပါ။
"မှိုစွဲနေတဲ့လူနာကို ဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းက သတ်ပစ်တာဆိုပေမဲ့ မမလေးက ငါအတတ်နိုင်ဆုံး အသက်ရှင်နေအောင် ကာကွယ်ပေးရမယ့်သူပဲ။ မှိုစွဲရောဂါကို လက်ရှိဒီနေရာမှာ မကုသပေးနိုင်ပေမဲ့ သူ့ကိုထိန်းချုပ်နေတဲ့သူကိုတော့ အနိုင်ယူဖို့လုပ်နိုင်တယ်။"
ဗီးနပ်စ်က မက်ဒါနာကိုထိန်းချုပ်ပြီး တခြားသူတွေကို ဒုက္ခပေးဖို့ကြိုးစားနေတာဖြစ်ပြီး မှိုရောဂါရဲ့အရင်းအမြစ်လည်းဖြစ်ပါတယ်။ ဗီးနပ်စ်ကို အနိုင်ယူပြီး မရဏသစ်တောနယ်မြေကို ဖျက်ဆီးလိုက်မယ်ဆိုရင် ရောဂါအရင်းအမြစ်ရော အဓိကရန်သူကိုပါ ရှင်းပြီးသားဖြစ်သွားမှာဖြစ်ပြီး မက်ဒါနာကို ကုသပေးဖို့အတွက် မျှော်လင့်ချက်ရှိလာလိမ့်မယ်။
"မှိုရောဂါက အချိန်ဆွဲလေ ပိုဆိုးလာလေဆိုတော့၊ အမြန်ဆုံးနည်းနဲ့ ဖြေရှင်းရမယ်။"
အေမီက ပြောပြောဆိုဆိုနဲ့ လက်ကိုဆန့်ထုတ်လိုက်တယ်။ ငွေရောင်စစ်သည်ရဲ့လက်ထဲက မြေဆွဲအားဓားက အေမီလက်ထဲကို ချက်ချင်းရောက်လာပြီး ငွေရောင်စစ်သည်ကို လက်နက်မဲ့သွားစေတယ်။
"တောင်းပန်ပါတယ် မမလေး၊ အသားစားပန်းဘုရင်မကို သတ်နိုင်တဲ့လက်နက်ဆိုလို့ ဒီနေရာမှာ မြေဆွဲအားဓားတစ်ခုပဲရှိတယ်။"
အေမီက မက်ဒါနာတီထွင်ထားတဲ့ အဆင့်အမြင့်ဆုံး စူပါကွန်ပျူတာပါ။ အဆင့်အမြင့်ဆုံးကုတ်တွေကိုသုံးပြီး ဘယ်နည်းပညာပစ္စည်းကိုမဆို ဝင်ဟက်နိုင်စွမ်းရှိပြီး ဗီလိန်ကွန်ယက်ကိုတောင် မက်ဒါနာက အေမီကိုကြားခံအဖြစ်သုံးပြီး ဝင်ဟက်ခဲ့တာပါ။ တစ်နည်းအားဖြင့် မက်ဒါနာရဲ့Technotelekinesis စွမ်းဆောင်နိုင်သမျှရဲ့သုံးပုံတစ်ပုံကို အေမီလုပ်နိုင်ပါတယ်။
ဓားမရှိတော့တဲ့ ငွေရောင်စစ်သည်ရဲ့အန္တရာယ်ပေးနိုင်စွမ်းက ချက်ချင်းထက်ဝက်အထိကျဆင်းသွားပါတယ်။ ဒီအခြေအနေက ဖရာလီတာအတွက် မက်ဒါနာကိုထိန်းချုပ်ဖို့ ပိုလွယ်သွားစေတယ်။ အတော်ဆုံး စစ်သည်တော်တွေတောင် လက်နက်မရှိဘဲ စစ်ပွဲတစ်ခုကို ရင်မဆိုင်နိုင်ပါဘူး။
ဒါက အေမီရဲ့စစ်ပွဲဗျူဟာ ပထမအဆင့်ပါ။ ပန်းဘုရင်မကိုတိုက်ခိုက်ဖို့ သူ့ဓားနှစ်လက်က ပျော့လွန်းနေတာကြောင့်လည်း ပါပါတယ်။
အေမီက ဓားကိုလက်ထဲမှာကိုင်လိုက်ပြီး အတောင်တွေကိုဖြန့်လိုက်တယ်။ အဲဒီနောက် ဗီးနပ်စ်ဘာမှမတုံ့ပြန်နိုင်သေးခင်မှာပဲ နေရာကနေပျောက်သွားပြီး အသံထက်လေးဆမြန်နဲ့နှုန်းနဲ့ ခရီးနှင်တယ်။
အေမီရဲ့ပတ်ဝန်းကျင်က အရာအားလုံးဟာ ကြောက်စရာကောင်းတဲ့ပုံစံနဲ့ နှေးကျသွားတယ်။ ငွေရောင်အတောင်ပံနဲ့ အသားညိုညိုနတ်သမီးလေးသာ ပုံမှန်နှုန်းနဲ့ ရှေ့ဆက်နေပါတယ်။
မှိုဝတ်မှုန်တွေ ပြန့်ပွားနေတဲ့မြင်ကွင်းပဲဖြစ်ဖြစ်၊ Archmegaရဲ့လက်သီးချက်တွေပဲဖြစ်ဖြစ် အရာအားလုံးက အေမီအတွက်နှေးနေပါတယ်။ အေမီက ပန်းဘုရင်မရှေ့ကိုရောက်သွားပြီး မြေဆွဲအားဓားနဲ့ တိုက်ရိုက်ခုတ်ပိုင်းဖို့ကြိုးစားလိုက်တယ်။
ထန်း....။
သတ္တုချင်းထိခတ်သံနဲ့အတူ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားတယ်။ ပန်းပင်ထဲကို ဓားကနှစ်လက်မနီးပါး နစ်ဝင်သွားပေမဲ့ ဗီးနပ်စ်ရဲ့ခန္ဓာကိုယ်အစစ်ကို ဓားတစ်ချက်တည်းနဲ့ ဖျက်ဆီးဖို့ဆိုတာ အိပ်မက်မက်နေရုံသာသာပဲရှိတယ်။
အေမီရဲ့အရှိန်ပြယ်သွားပြီးတဲ့နောက် ဗီးနပ်စ်ကိုယ်ပွားက ချက်ချင်းရောက်လာပြီး ခန္ဓာအစစ်ကိုကာကွယ်ဖို့ကြိုးစားတယ်။
ဗီးနပ်စ်ကိုခုခံဖို့အတွက် အေမီဟာအတောင်ကိုခတ်ပြီး နောက်ပြန်ဆုတ်တယ်။ ဗီးနပ်စ်ရဲ့ခန္ဓာကိုယ်ကနေအသားစားနွယ်တွေကြီးထွားလာပြီး အေမီကိုတိုက်တယ်။ အေမီကလည်း ဖြန့်လျက်သားရှိတဲ့အတောင်ကနေ ငွေရောင်ငှက်မွှေးတောင်တွေနဲ့ ပြန်ပစ်တယ်။
နှစ်ဖက်လုံး သရေကျသွားပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်က ဒုတိယအချီစပြန်တယ်။ အေမီက သိသိသာသာပိုမြန်တဲ့အတွက်ကြောင့် အသံမြန်နှုန်းနဲ့သွားနိုင်စွမ်းမရှိသေးတဲ့ ဗီးနပ်စ်ကိုယ်ပွားဟာ လုံးဝအောက်စည်းရောက်နေပါတယ်။
အေမီက နေရာကနေပျောက်သွားပြီး ဓားကြီးနဲ့အတူနောက်တစ်နေရာမှာပေါ်လာချိန်မှာ ဗီးနပ်စ်ကတော့ သူ့ရဲ့အသားစားပန်းပင်တွေကို ချက်ချင်းကြီးထွားစေပြီး ပန်းဘုရင်မမထိခိုက်အောင် ကာကွယ်ပါတယ်။ ဒါပေမဲ့ အေမီက သိပ်မြန်တဲ့အတွက်ကြောင့် တစ်ခါတစ်ရံမှာ ဗီးနပ်စ်ကိုယ်ပွားဟာ လုံးဝဖျက်ဆီးခံရပြီး ပြန်မကောင်းလာခင် ပန်းဘုရင်မကို ထိခိုက်အောင် လုပ်နိုင်တယ်။
လုံးဝပျက်စီးသွားအောင်တော့ လုပ်နိုင်စွမ်းမရှိသေးပေမဲ့ ပင်စည်ပေါ်မှာ ဓားခုတ်ထစ်ရာတွေ များသည်ထက်များလာနေပြီ။
ဒါပေမဲ့ အေမီသတိထားမိလိုက်တဲ့အချိန်မှာပဲ သူ့ဝတ်စုံပေါ်မှာ နွယ်ပင်တချို့က ကပ်ပေါက်ပြီးကြီးထွားလာနေပြီ။ ပြီးတော့ အကြီးမြန်တဲ့နွယ်ပင်ပေါက်အမျိုးအစားပါ။ အဲဒီနွယ်တွေကြီးလာလေလေ လေးလာပြီး ဝတ်စုံရဲ့အမြန်နှုန်းကို ကျဆင်းလာလေလေပါပဲ။
"နင့်လို ကစားပွဲကိုဖျက်နိုင်တဲ့စွမ်းအားရှိတဲ့လူတစ်ယောက်ကို ရင်ဆိုင်ဖို့ငါ့မှာ ဘာဝှက်ဖဲမှမရှိဘူးထင်နေတာလား။ အရုပ်မလေးရဲ့..."
ဗီးနပ်စ်က လက်ဖျက်တီးလိုက်တာနဲ့ ကင်းမြီးကောက်လက်မကြီးရှိတဲ့ မှိုစွဲအရိုးမျက်နှာက အေမီရှေ့ကို ခုန်ဆင်းလာတယ်။ လက်မကြီးကတော့ အေမီရဲ့စွမ်းအင်အရင်းအမြစ်ရှိရာကို တည့်တည့်ချိန်ထားတယ်။ အေမီက အတောင်ပံကိုဖွင့်ပြီးအတင်းရုန်းဖို့ကြိုးစားပေမဲ့ သူ့ကိုတခြားနွယ်ရှင်ပင်တွေကပါဝိုင်းချုပ်နှောင်ထားပြီးပြီဖြစ်လို့ လှုပ်လို့မရတော့ဘူး။
"နှုတ်ဆက်ပါတယ်၊ နင့်ကို ကြိုးကိုင်လို့မရဘူးဆိုတော့ ဖျက်ဆီးပစ်ရမှာပေါ့။"
ကင်းမြီးကောက်လက်မကြီးက အေမီပေါ်ကိုကျလာပြီ။ သေဆုံးရတော့မယ်ဆိုတဲ့ခံစားချက်ကို အေမီမကြောက်ပေမဲ့ မမလေးကိုမကယ်နိုင်တော့ဘူးဆိုတဲ့အတွေးကို သူတကယ်ကြောက်မိတယ်။
ဒါကြောင့် သူဒီအခြေအနေကနေ မရရအောင် ဖောက်ထွက်ရမယ်။ အေမီက သူ့မှာရှိနေတဲ့အလင်းဒြပ်စင်အားလုံးကို စုစည်းလိုက်ပြီး သူ့ရဲ့နွယ်ပင်တွေနဲ့ချုပ်နှောင်ခံထားရတဲ့ အတောင်ပံကနေတစ်ဆင့် ငှက်မွှေးတောင်တွေအဖြစ် ပြောင်းလဲဖော်ထုတ်လိုက်တယ်။
ဘုန်း....။
အလင်းဒြပ်စင်တွေက နွယ်ပင်တွေကို လုံးဝဖျက်ဆီးပစ်လိုက်ပြီး အေမီလွှတ်လာတယ်။ ဒါပေမဲ့ သူ့ရဲ့ငွေရောင်အတောင်ပံတွေကလည်း ပေါက်ကွဲမှုကြောင့် လုံးဝပျက်စီးသွားပြီ။ အေမီကိုဖုံးအုပ်ထားတဲ့ ဆီလီကွန်အသားအရေအတုတွေတောင် လောင်ကျွမ်းသွားပြီး Neon Valkyrieဝတ်စုံရဲ့အကြမ်းခံနိုင်စွမ်းကြောင့်သာ အလုံးစုံပျက်စီးသွားမသွားသေးတာပါ။
"မမလေးကို ထိခိုက်အောင်လုပ်တဲ့လူတွေကို လုံးဝခွင့်မလွှတ်နိုင်ဘူး။"
ရူးသွပ်နေပြီဖြစ်တဲ့ အေမီက ဗီးနပ်စ်ကိုယ်ပွားကိုဓားနဲ့ခုတ်ပိုင်းပြီး တစ်စစီဖျက်ဆီးပစ်လိုက်တယ်။ အဲဲဒီနောက် သခင်မလေးရဲ့ဓားကွက်အတိုင်း ဓားကို အမြင့်ဆုံးအလေးချိန်အထိ ဆွဲတင်လိုက်ပြီး အလင်းဒြပ်မှုန်တွေကို ခန္ဓာကိုယ်အနှံ ဖြတ်သန်းစီးဆင်းစေပါတယ်။
အေမီရဲ့ဝတ်စုံမှာ Void Stream တွေရှိမနေပါဘူး။ ဒါကြောင့် Void Stream Full Rushကို အသုံးပြုဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ရန်သူကိုအနိုင်ယူဖို့ဆိုရင် ဒီဓားကွက်ကသာ အဖြေဖြစ်မှန်း အေမီသိပါတယ်။
"Neon Full Rush..." ဒါ့အပြင်အေမီရဲ့အတောင်ပံတွေက ပျက်စီးသွားပြီဖြစ်လို့ အသံထက်မြန်အောင် သွားဖို့လည်းမဖြစ်နိုင်တော့ဘူး။ သူလုပ်နိုင်တာဆိုလို့ အလင်းဒြပ်စင်တွေကိုသုံးပြီး ဓားကွက်ရဲ့ထိခိုက်နိုင်စွမ်းကို မြှင့်တင်သာတာဖြစ်တယ်။
"နင့်လိုမလောက်လေးမလောက်စားကများ။" ဗီးနပ်စ်ရဲ့ကိုယ်ပွားက ပြန်ဖြစ်တည်လာပြီဆိုပေမဲ့ အပြည့်အစုံမဟုတ်သေးဘူး။ ခေါင်းပိုင်းပဲပေါ်လာသေးတာ။ အေမီကတော့ အသားစားပန်းဘုရင်မရဲ့ပင်စည်ရှေ့ကိုရောက်နေပြီဖြစ်ပြီး အားကုန်ခုတ်ချလိုက်တယ်။
"သေလိုက်တော့...။"
ငွေရောင်အလင်းတွေက မရဏသစ်တောနယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး အသားစားပန်းဘုရင်မရဲ့ပင်စည်ကြီးက လုံးဝပြတ်ကျသွားတယ်။ နောက်တော့ အတွင်းကနေ နာကျင်စွာအော်ဟစ်သံထွက်ပေါ်လာပြီး ဗီးနပ်စ်ရဲ့ခန္ဓာကိုယ်အစစ်က သေဆုံးနေပြီဖြစ်တဲ့ ပန်းပင်ထဲကနေ ထွက်ပေါ်လာတယ်။ အစစ်က သူ့ရဲ့ဒဏ်ရာရထားတဲ့အခြေအနေကို ကုစားဖို့အတွက် ကိုယ်ပွားနဲ့ပြန်ပေါင်းစည်းလိုက်ပြီး အေမီကိုကြည့်လိုက်တယ်။
"မလောက်လေးမလောက်စား၊ အရုပ်မကများ။ ငါ့အသားစားပန်းဘုရင်မကို ဖျက်ဆီးရဲတယ်။ ကောင်းပြီလေ၊ ငါ့ရဲ့ခန္ဓာကိုယ်အစစ်နဲ့ နင့်ကိုသတ်ရသေးတာပေါ့။"
အေမီက ဗီးနပ်စ်ကိုမော့ကြည့်လိုက်တယ်။ ဗီးနပ်စ်ရဲ့ခန္ဓာကိုယ်အစစ်က တောင်ပံမရှိတော့တဲ့ Neon Valkyrieထက် ပိုကြမ်းတာပါ။ ဒါကြောင့် တခြားသူတွေဆီက အကူအညီမရရင် ခဏလေးနဲ့အရေးနိမ့်မှာပါ။ ပိုဆိုးတာက S rank တွေဖြစ်တဲ့ မက်ဒါနာနဲ့ဖရာလီတာတို့က သူ့ကိုလာမကူနိုင်ဘူး။ စောင့်ရှောက်သူသုံးဦးကလည်း သူ့ကိုထိရောက်တဲ့ အကူအညီမပေးနိုင်ပါဘူး။
"ဘာပဲဖြစ်ဖြစ် မမလေးကို ငါကာကွယ်မယ်။" အေမီက ဓားကိုမြှောက်လိုက်ပြီး ဗီးနပ်စ်အစစ်ကို ခုခံဖို့ အသင့်ပြင်လိုက်တယ်။
ဘုန်း....။
အဲဒီအချိန်မှာပဲ ဝင်္ကပါကြီးတစ်ခုလုံး ပေါက်ကွဲထွက်သွားပြီး ဆံပင်အနီရောင်နဲ့လူငယ်က ဗီးနပ်စ်ရဲ့နောက်မှာ ချက်ချင်းပေါ်လာပါတယ်။
ဗီးနပ်စ်လည်း နောက်ကိုလှည့်ကြည့်လိုက်ပြီး မယုံနိုင်စွာနဲ့ ပြောလိုက်တယ်။
"မဖြစ်နိုင်တာ... ဒီလောက်လွယ်လွယ်လေးနဲ့..." ကိုင်းတိုက သူ့စကားဆုံးတဲ့အထိ မစောင့်ဘဲနဲ့ မီးလျှံလက်သီးနဲ့ ထိုးချလိုက်တော့အတွက် ဗီးနပ်စ်ရဲ့ခန္ဓာကိုယ်လည်း အဝေးကြီးကို လွင့်စင်ထွက်သွားတယ်။
အဲဒီနောက်တော့ မီးတောက်လှံတံကိုဖွဲ့စည်းပြီး ဗီးနပ်စ်ရဲ့လက်ကျန်နွယ်ပင်တွေနဲ့မှိုစွဲအရိုးမျက်နှာတွေကို ကိစ္စဖြတ်ပစ်လိုက်တယ်။
ဘုန်း....။
မီးတောက်တွေက မှိုစွဲအရိုးမျက်နှာတွေနဲ့နွယ်ပင်တွေကို စက္ကန့်ပိုင်းအတွင်းမှာပဲ တစ်စစီဖြစ်သွားစေတယ်။
"မဖြစ်နိုင်တာ... နင့်ကို ကစားပွဲအပြင်ဖက် ပထုတ်ခဲ့တာတောင် ဒီကိုရောက်လာသေးတယ်။"
ကိုင်းတိုကတော့ ဘာမှမဖြစ်သလိုပုံစံမျိုးနဲ့ ဗီးနပ်စ်ကိုကြည့်နေတယ်။ "မင်းအစီအစဥ်က ကောင်းပါတယ်။" သူက စကားကို တစ်ဝက်နဲ့ရပ်ထားလိုက်ပြီး ရုန်းကန်နေတဲ့ မက်ဒါနာနဲ့ဖရာလီတာဖက်ကို ကြည့်လိုက်ပါတယ်။
"ဒါပေမဲ့ ငါ့မိတ်ဆွေတွေက ထင်တာထက်ပိုသန်မာပြီး မင်းအနေနဲ့ သူတို့ကိုဝင်္ကပါလမ်းထဲမှာသတ်ဖို့ ကျရှုံးခဲ့တယ်။"
ကိုင်းတိုက သူ့မိတ်ဆွေတွေကို ဗီးနပ်စ်ကို တိုက်ရိုက်သတ်ပစ်မှာ စိုးရိမ်တဲ့အတွက်ကြောင့် ကစားပွဲစည်းမျဥ်းအတိုင်း လုပ်ဆောင်ခဲ့တာပါ။ ဒါပေမဲ့ ကြည့်ရတာတော့ သူ့မိတ်ဆွေတွေကို ကိုယ်တိုင်အထင်သေးမိခဲ့သလိုပဲ။ တစ်ခါတည်း ဗီးနပ်စ်ကိုဖြေရှင်းဖို့ကြိုးစားလိုက်ရင် မက်ဒါနာမှိုစွဲတဲ့ကိစ္စတောင် ဖြစ်လာမှာမဟုတ်ဘူး။
"ဒီတော့ ဒီကိစ္စကို အဆုံးသတ်လိုက်ရအောင်လား။" အာကိုင်းဂါမီက သူ့ခြေထောက်ကိုမြှောက်လိုက်ပြီး မီးတောက်စွမ်းအားတွေကို ခြေထောက်မှာထည့်လိုက်တယ်။ အေမီကြောင့် အသားစားပန်းဘုရင်မ ပျက်စီးသွားပြီဖြစ်တဲ့အတွက် မရဏသစ်တောနယ်မြေက ပြန်လည်ကောင်းမွန်နိုင်စွမ်းမရှိတော့သလို အဆိပ်ဓာတ်ငွေ့တွေလည်း ပြန့်မနေတော့ပါဘူး။ ဒါကြောင့် သူ့စွမ်းအားပြည့်ကို ထုတ်သုံးနိုင်နေတာပါ။
ဒါပေမဲ့ ဗီးနပ်စ်ကတော့ လက်ရှိအခြေအနေကို လက်သင့်မခံနိုင်သေးဘူး။ သူ့ရဲ့သစ်နွယ်တွေကိုအသုံးပြုပြီး အာကိုင်းဂါမီကို တိုက်ခိုက်ဖို့ကြိုးစားလိုက်ပေမဲ့ အာကိုင်းဂါမီကတော့ ပုဆိန်ကန်ချက်နဲ့သာ မိတ်ဆက်ပေးလိုက်ပါတယ်။
"ပျောက်ကွယ်သွားလိုက်တော့...."
"မဖြစ်နိုင်ဘူး... နင်တို့အကုန်လုံး ငါ့ဝင်္ကပါထဲမှာ သေသွားသင့်တာ။"
ဘုန်း....။
နောက်တစ်စက္ကန့်အကြာမှာပဲ ဗီးနပ်စ်ကို မီးတောက်တွေက ဝါးမျိုသွားပြီး ပြာကျသွားတယ်။ နွယ်ပင်လေးတစ်ပင်က လှုပ်လှုပ်ရှားရှားနဲ့ ထွက်ပြေးသွားတာကို အာကိုင်းဂါမီမြင်လိုက်ပေမဲ့ ဆက်မလိုက်ဘဲ လွှတ်ပေးထားလိုက်တယ်။
ငွေရောင်စစ်သည်တော်ကို အပေါ်ကနေတက်ခွပြီး မလှုပ်နိုင်အောင်ချုပ်ထားတဲ့ Archmegaက လှည့်ကြည့်ပြီး မေးလိုက်တယ်။
"ဗီးနပ်စ်သေပြီလား...." ဒါပေမဲ့ အာကိုင်းဂါမီကတော့ ခေါင်းခါပြတယ်။
"မသေသေဘူး၊ တိုက်ပွဲမြေပြင်ကနေ ထွက်ပြေးသွားတာ။ ဒီတစ်ယောက်က ဒေါက်တာမြူလိုမျိုး အဖွဲ့အစည်းအတွက် အသေခံပေးရလောက်တဲ့အထိ သစ္စာမရှိဘူးထင်တယ်။ သူရဲဘောကြောင်လိုက်တာ။"
အာကိုင်းဂါမီက သတ္တိရှိပြီး တိုက်ရဲသေရဲတဲ့ဗီလိန်တွေအပေါ် လေးစားမှုတစ်ခုရှိပါတယ်။ အထူးသဖြင့် ယာမီက သူ့ရင်ထဲမှာ နေရာတစ်ခုယူထားတယ်။ ဒါပေမဲ့ ဗီးနပ်စ်လို ထွက်ပြေးဖို့ကြိုးစားတဲ့လူမျိုးကိုကျတော့...
"ဗီလိန်တစ်ယောက်ဖြစ်ဖို့အတွက် အရည်အချင်းမပြည့်မီဘူး။" အာကိုင်းဂါမီက ကောက်ချက်ချလိုက်တယ်။ ပုံမှန်အတိုင်းဖြစ်သွားပြီဖြစ်တဲ့ ကျွန်းပေါ်မှာ လေပြေတိုက်ခတ်လာတာကြောင့် သူ့ဆံပင်တွေက လွင့်မျောနေတယ်။
"ဗီးနပ်စ်ထွက်ပြေးသွားပေမဲ့ မက်ဒါနာကတော့ သတိလည်မလာသေးဘူး။ ပိုတောင်ဆိုးလာသေးတယ်။" ဖရာလီတာက ခေါင်းစောင်းမရှိတော့တဲ့ ငွေရောင်စစ်သည်ချပ်ဝတ်ထဲက မက်ဒါနာရဲ့မျက်နှာကို နှစ်ချက်လောက်ပိတ်ရိုက်လိုက်ရင်း ပြောလိုက်တယ်။ အခုစုန်းမဖြူလေးရဲ့ပါးပြင်က နီရဲပြီးရောင်ကိုင်းနေပြီ။
"ဂါး...ဂရား...." မက်ဒါနာရဲ့ဇွန်ဘီဆန်ဆန်အော်သံက ပတ်ဝန်းကျင်တစ်လျှောက် ပြန့်နှံနေပါတယ်။ အာကိုင်းဂါမီက မက်ဒါနာကိုငုံကြည့်လိုက်ရင်း သူ့နှလုံးသွေးတစ်စက်ကို ထုတ်ယူလိုက်တယ်။
"ကြည့်ရတာ ဗီးနပ်စ်က ငါတို့မှာကုသနည်းမရှိဘူးလို့ထင်ပြီး မှိုတွေကို ဒီအတိုင်းထားခဲ့တဲ့ပုံပဲ။" အာကိုင်းဂါမီက ပြောလိုက်ပြီး ထိန်းချုပ်သူမဲ့နေတဲ့ မှိုဇွန်ဘီမက်ဒါနာရဲ့ပါးစပ်ထဲ သွေးစက်ကိုထည့်ပေးလိုက်တယ်။
"မင်းက အဖွဲ့အတွက် ကိုယ့်ကိုယ်ကိုယ်စတေးဖို့ပါ ဆုံးဖြတ်ခဲ့တာဆိုတော့ ငါ့သွေးစက်နဲ့ထိုက်တန်ပါတယ်။"
အာကိုင်းဂါမီရဲ့ရွှေရောင်နှလုံးသွေးစက်က ဖီးနစ်တစ်ကောင်ရဲ့သွေးမျိုးဆက်ပါ။ တိုကျိုအစည်းအရုံးမှာလည်း ဒီသွေးစက်တွေကိုသုံးပြီး တစ်မြို့လုံးကို ကယ်နိုင်ခဲ့တယ်။ ဒါကြောင့် မက်ဒါနာကိုကယ်ဖို့ဆိုတာက ထင်တာထက်တောင် လွယ်နေသေးတယ်။