နောက်ဆုံးတိုက်ပွဲ
Vol. 4 Ch. 47
မက်ဒါနာ သတိပြန်လည်လာတော့ နာလွန်းလို့ ကိုယ့်ပါးကိုယ် လက်နှစ်ဖက်နဲ့အုပ်ထားမိလိုက်တယ်။ အဲဒီတော့မှ သူ့ပါးပြင်က ပုံမှန်အတိုင်းမဟုတ်ဘဲ နှစ်ဆနီးပါး ဖူးရောင်ထွက်နေမှန်း သတိထားမိတော့တာ။
"အားလားလား... ဘယ်သူငါအိပ်နေတုန်း ပါးလာရိုက်သွားတာလဲ။"
မက်ဒါနာက တိုက်ပွဲတစ်ဝက်လောက်မှာတင် အသိစိတ်ပျောက်သွားတာဖြစ်လို့ ဘယ်သူသူ့ပါးရိုက်သွားမှန်း မမှတ်မိတော့ဘူး။ ဒီတော့ ပုံမှန်အခြေအနေမှာဆိုရင် ဖရာလီတာအနေနဲ့ အပြစ်တင်ခံရမှာမဟုတ်ပေမဲ့ ရှိသမျှမျက်မြင်သက်သေတွေအားလုံးက ဝါးဖရိန်အနက်ကြီးဆီကို လက်ညိုးထိုးပြလိုက်ကြတယ်။
မက်ဒါနာကတော့ အနက်ရောင်ဝါးဖရိန်ကြီးကိုကြည့်ရင်း ဒေါသသံပါပါနဲ့ပြောလိုက်တယ်။
"ဖရာလီတာ၊ နင်ငါ့ကို ဘယ်တုန်းက အငြိုးတွေနဲ့ ရိုက်လိုက်တာလဲ။" သူမှိုစွဲရောဂါရပြီး အသိစိတ်ပျောက်နေလို့ တခြားသူတွေကို ရန်မမူမိအောင်လို့ ဝင်ထိန်းတာကိုတော့ လက်ခံပါတယ်။ ဒါပေမဲ့ ပါးတွေထုံကျင်နေလောက်တဲ့အထိ ရိုက်ခဲ့တာကတော့ လုံးဝကျော်သွားပေးလို့မရဘူးလေ။
"တကယ်ပါပဲ၊ ငါသူ့ကိုကလေးဆိုပြီးတော့ ယုံလိုက်မိတာကိုမှားတာ။" မက်ဒါနာတစ်ယောက် မိုးပေါ်က လမင်းကြီးကိုမော့ကြည့်ရင်း ပြောလိုက်တယ်။ နောင်အနာဂတ်မှာ သူအိပ်နေတုန်း ဖရာလီတာလာနှောင့်ယှက်တာမခံရအောင် အေမီကိုကင်းစောင့်ခိုင်းတာမျိုးလုပ်ရမယ်ထင်တယ်။ မဟုတ်ရင်တော့ မနက်နေထွက်တာတောင် မြင်ချင်မှမြင်ရတော့မှာ။
မက်ဒါနာရဲ့ဒေါသကို ကြောက်တဲ့အတွက်ကြောင့် ဖရာလီတာရော အေမီပါငြိမ်နေကြတယ်။ မက်ဒါနာကတော့ ပတ်ဝန်းကျင်က အပျက်အစီးတွေကိုကြည့်ရင်း တစ်ခုခုကို အတည်ပြုလိုက်ပါတယ်။
"ဒီတော့ တိုက်ပွဲပြီးသွားပြီပေါ့၊ ဗီးနပ်စ်သေသွားပြီလား။"
အားလုံးခေါင်းခါပြကြတာမြင်တော့ မက်ဒါနာသက်ပြင်းချလိုက်ပါတယ်။ "ဟူး... ထင်တော့ထင်သား။"
မြူတန့်သိပ္ပံမှာက ဒေါက်တာမြူတစ်ယောက်တည်းပဲ အရှောင်အတိမ်းကောင်းတာမဟုတ်ပါဘူး။ ဗီးနပ်စ်လည်း အလားတူပါပဲ။
အားလုံးတိတ်ဆိတ်နေကြတုန်း အာကိုင်းဂါမီက ရှေ့ထွက်လာပြီး ဝင်ပြောလိုက်တယ်။
"ငါ့ရဲ့နှလုံးသွေးစက်ကိုသုံးပြီး မင်းကိုယ်ထဲက မှိုဝတ်မှုန်တွေကို တိုက်ထုတ်ထားတာဆိုပေမဲ့ အဲဒါတွေက မင်းအာရုံကြောစနစ်ထဲအထိပါ ဝင်နှောင့်ယှက်ခဲ့တာဆိုတော့ မင်းပုံမှန်လှုပ်ရှားလို့ရမရ စစ်ဆေးကြည့်သင့်တယ်။"
အာကိုင်းဂါမီပြောမှ မက်ဒါနာလည်း သူ့တစ်ကိုယ်လုံး နုံးချိနေပြီး ခေါင်းတွေချာလည်လည်အောင် မူးနေသေးမှန်း သတိထားမိတော့တယ်။ မက်ဒါနာက ကိုင်းတိုကို မော့ကြည့်ပြီး မေးလိုက်လေရဲ့။
"နေပါဦး၊ ရှင့်သွေးနဲ့တောင် သက်ရောက်မှုတွေအကုန်လုံးကို မဖြေရှင်းနိုင်ဘူးလား။"
ကိုင်းတိုက မက်ဒါနာကို ကမ္ဘာပေါ်မှာအတုံးဆုံးလူတစ်ယောက်ကို ကြည့်နေတဲ့အကြည့်မျိုးနဲ့ကြည့်ပြီး ပြောလိုက်တယ်။ "မင်းနောက်တစ်ခါ ပြန်သတိဝင်လာတာကိုက ကျေးဇူးတင်စရာဖြစ်နေပြီ။ ငါ့သွေးက မသေဆေးမဟုတ်ဘူးလေ။"
ပြောခါမှ ဒါကလည်း အဓိပ္ပါယ်တော့ရှိသားပဲ။ အာကိုင်းဂါမီရဲ့သွေးသာ အရာရာကိုကုစားနိုင်စွမ်းရှိနေမယ်ဆိုရင် ဘယ်လိုလုပ် ကမ္ဘာကြီးက ယုတ္တိရှိတော့မှာလဲ။ ဒီနှစ်ပေါင်းရာထောင်ချီ အသက်ရှင်ခဲ့တဲ့လူက ကမ္ဘာပေါ်မှာရောဂါဘယတွေမရှိတော့အောင် လုပ်ပေးနေလောက်ပြီးပြီပေါ့။
"နေပါဦး... အရင်တစ်ခါ ရှင့်နှလုံးသွေးစက်ကို ထုတ်သုံးတုန်းက အချိန်အတိုင်းအတာတစ်ခုအထိ အားနည်းသွားသေးတယ်မဟုတ်လား။"
မက်ဒါနာက အာကိုင်းဂါမီကိုကြည့်လိုက်တယ်။ တိုကျိုမှာ ကိုင်းတိုနှလုံးသွေးစက်တွေထုတ်သုံးခဲ့တုန်းက အတော်အတန်အားနည်းသွားပြီး ယူဂျင်းထောင်မှာ ဒေါက်တာမြူကိုရှုံးခဲ့တယ်မဟုတ်လား။
မက်ဒါနာရဲ့မေးခွန်းကို ကိုင်းတိုက ခေါင်းညိတ်ပြီး အတည်ပြုလိုက်ပါတယ်။ "ဟုတ်တယ်၊ အခုငါ့အစွမ်းက အထွတ်အထိပ်မှာမရှိတော့ဘူး။"
ကိုင်းတိုရဲ့စကားကြောင့် မက်ဒါနာတစ်ယောက် ရုတ်တရက်ကြီး အားနာလာသလိုပဲ။ မက်ဒါနာတစ်ယောက် ကိုင်းတိုကို စကားမပြောဘဲ အကြာကြီးစိုက်ကြည့်နေမိတာကြောင့် အေမီသူ့သခင်မလေးကို စိတ်ပူလာပြီး လှုပ်နှိုးလိုက်တယ်။
"မမလေး... အဲဒီဆံနီကောင်ရဲ့ဆွဲဆောင်မှုနောက်ကို ပါသွားလို့မဖြစ်ဘူးနော်။ မဟုတ်ရင် မမလေးကွေးသွားလိမ့်မယ်။"
"......" မက်ဒါနာတစ်ယောက် အေမီကို တစ်ချက်ပြန်လှည့်ကြည့်လိုက်ပေမဲ့ အစိုးရိမ်လွန်နေတဲ့ အိမ်စေမလေးကို ဘာပြန်ပြောရမှန်းမသိတော့ဘူး။
"ဘာပဲပြောပြော... အခုဆိုရင် မြူတန့်သိပ္ပံရဲ့ညီလာခံက အကာအကွယ်မဲ့သွားပြီမဟုတ်လား။ အခုချီတက်ကြရအောင်။" အယ်လိုဟင်က အဓိကတာဝန်ကို မေ့နေကြမှာစိုးတဲ့အတွက် ဝင်သတိပေးလိုက်တယ်။ အားလုံးလည်း ခရီးဆက်ဖို့အတွက် အသင့်ပြင်လိုက်ကြတယ်။
မက်ဒါနာကလည်း ထရပ်လိုက်ပေမဲ့ ချက်ချင်းဆိုသလို ဒူးထောက်ကျသွားတယ်။ ဖရာလီတာလည်း စိုးရိမ်သွားပြီး ချက်ချင်းရောက်လာပါတယ်။
"အရမ်းထိခိုက်ထားလို့ ပင်ပန်းနေတာများလား။ သင်္ဘောပေါ် ပြန်ပြီးနားနေမလား။" ဖရာလီတာက မေးလိုက်ပေမဲ့ မက်ဒါနာကတော့ ခေါင်းခါပြပါတယ်။
"ခုမှသတိရခါစမလို့ ခေါင်းနည်းနည်းကိုက်နေရုံပါ။ အနားယူဖို့ မလိုပါဘူး။" သူက ပြောပြောဆိုဆိုနဲ့ သေချာပြန်ရပ်လိုက်တဲ့အတွက် ကျန်တဲ့သူတွေလည်း စိုးရိမ်မနေကြတော့ဘူး။
....
"ဒီစွမ်းအားက တကယ့်ကိုလန့်စရာပဲ၊ မြူတန့်သိပ္ပံမှာသာ ဒီလက်နက်ကြီးရှိနေမယ်ဆိုရင် သူတို့ခေါင်းဆောင်မှုနောက်ကို ငါတို့လိုက်လည်း အရှုံးမရှိလောက်ဘူး။"
"သဘောတူတယ်...."
"ကျုပ်တို့အဖွဲ့အစည်းက မြူတန့်သိပ္ပံကို မဟာမိတ်ခေါင်းဆောင်အဖြစ် သဘောတူပါတယ်။"
အန်းနပ်စ်ရဲ့အကြွင်းမဲ့တဲ့စွမ်းအားနဲ့ အနိုင်ယူခံလိုက်ရပြီးတဲ့နောက်တော့ ဗီလိန်အဖွဲ့တွေအကုန်လုံးနီးပါးက မြူတန့်သိပ္ပံကို မဟာမိတ်ခေါင်းဆောင်အဖြစ် လက်ခံလိုက်ကြပြီ။ အင်အားကြီးအဖွဲ့အစည်းတွေဖြစ်တဲ့ ကြေးစားစစ်တပ်နဲ့အရိပ်အဖွဲ့တောင်မှ ဆန့်ကျင်မဲ မပေးရဲကြပဲ ကြားနေမဲသာ ပေးကြပါတယ်။
ဓားနတ်ဆိုးကတော့ ဗီလိန်တွေကို ဂရုမစိုက်တော့ဘဲ အခန်းထဲမှာရှိနေတဲ့ ဗီးနပ်စ်ကိုယ်ပွားကိုသာ ကြည့်နေပါတယ်။ အစောပိုင်းက အန်းနပ်စ်ကိုဝင်တိုက်ရင်း ဒဏ်ရာနည်းနည်းရခဲ့တာကြောင့် သူ့ဒဏ်ရာတွေကို ပက်တီးနဲ့ပက်နေသေးတယ်။
"ထင်ထားတဲ့အတိုင်းပဲ အစစ်မှမဟုတ်ဘဲကိုး။" အခန်းထဲကဗီးနပ်စ်ရဲ့ခန္ဓာကိုယ်က ဓားနတ်ဆိုးရှေ့မှာပဲ သစ်ရွက်ခြောက်လိုမျိုး ခြောက်သွေ့ပြီး ပျက်စီးသွားတယ်။
အန်းနပ်စ်ကိုပဲအာရုံရောက်နေတဲ့ ဗီလိန်တွေက သတိမထားမိကြပေမဲ့ ဓားနတ်ဆိုးကတော့ သိနေပါတယ်။ ဒေါက်တာစမစ်ကတော့ လက်ထဲမှာ အနက်ရောင် သေတ္တာလေးတစ်လုံးကိုကိုင်လာပြီး ဓားနတ်ဆိုးကို ပစ်ပေးလိုက်တယ်။
"ဒီမှာ၊ မင်းကို ငါပေးမယ်လို့ကတိပေးထားတဲ့ဥစ္စာ။ ပစ္စည်းရပြီဆိုပြီး ကမောက်ကမဖြစ်အောင်လုပ်မယ်လို့တော့မကြံနဲ့။ ငါတို့မှာ မင်းကိုသတ်ဖို့ အင်အားရှိသေးတယ်။"
ဒေါက်တာစမစ်ရဲ့စကားက ဓားနတ်ဆိုးကို ပါးစပ်မဖွာဖို့ သတိပေးတာပဲ။ အခုမြူတန့်သိပ္ပံရဲ့အဓိကအင်အားစုတွေ ဖျက်ဆီးခံလိုက်ရပြီဆိုပေမဲ့ အန်းနပ်စ်၊ ဒေါက်တာစမစ်နဲ့ စင်တီတို့က ဓားနတ်ဆိုးအတွက်ရင်ဆိုင်ဖို့များလွန်းနေဆဲပါ။ တကယ်တော့ လက်ရှိအခြေအနေနဲ့တောင် မြူတန့်သိပ္ပံက ဗီလိန်အဖွဲ့တွေအားလုံးရဲ့နံပါတ်တစ်ဖြစ်နေဆဲလို့ ပြောနိုင်ပါသေးတယ်။
စမစ်ကျောခိုင်းလိုက်တဲ့အချိန်မှာ ဓားနတ်ဆိုးက စင်တီကို မျက်လုံးထောင့်ကနေ ကြည့်လိုက်တယ်။ စင်တီကလည်း သူ့ကိုပြန်ကြည့်ပြီး ခေါင်းခါပြပါတယ်။
ဓားနတ်ဆိုးကတော့ သက်ပြင်းချလိုက်ပြီး သေတ္တာလေးကို ဖွင့်လိုက်တယ်။ အထဲမှာတော့ အနက်ရောင် သားရေစာအုပ်လေးတစ်အုပ်ရှိနေပါတယ်။ ပြီးတော့ စာအုပ်အဖုံးပေါ်မှာ ထူးဆန်းတဲ့ သုံးခွမှန်းပြောင်းပြန်သဏ္ဍာန် အမှတ်အသားတစ်ခုရှိနေလေရဲ့။
"ထင်ထားတဲ့အတိုင်းပဲ သလင်းကျောက်မဟုတ်ဘူးပဲ။" ဓားနတ်ဆိုးက သိပ္ပံနည်းပညာနဲ့ဖန်တီးထားတဲ့ မြူတန့်ဒြပ်ပေါင်းတစ်ခုကို လိုချင်တာမဟုတ်ဘူး။ မြူတန့်သိပ္ပံက သူ့ကိုခိုင်းခဲ့တဲ့တာဝန်တွေအတွက် တန်ကြေးအနေနဲ့ သဘာဝအတိုင်းစွမ်းအားကြီးစေမယ့်နည်းလမ်းကို တောင်းခံခဲ့တာပါ။ စာအုပ်ကိုလှန်ကြည့်ပြီးတဲ့နောက် ဒေါသနဲ့စမစ်ကို သူမော့ကြည့်တယ်။
"စာအုပ်ထဲကစာတွေက ရှေးဟောင်းစာတွေပဲ၊ ငါမဖတ်တတ်ဘူး။ မင်းတို့တွေ ဒီစာတွေကိုဖော်ထုတ်ဖို့မကြိုးစားဘဲ နေမှာတော့မဟုတ်ဘူး။ ဘယ်မှာလည်း ဘာသာပြန်စာမူ။"
စမစ်က သမင်လည်ပြန်လှည့်ကြည့်လိုက်ပြီး ဓားနတ်ဆိုးကို အထင်သေးစွာနဲ့ပြောလိုက်တယ်။
"ယုံချင်ယုံ မယုံချင်နေ၊ ငါတို့တွေ စာအုပ်အဓိပ္ပါယ်ဖော်ဖို့ ကြိုးစားခဲ့သေးပေမဲ့ အလကားပဲ။ အဲဒီဘာသာစကားက လောကသုံးပါးဘုရားကျောင်းဆိုတဲ့ မြောက်အမေရိကရှေးယဥ်ကျေးမှုအဆောက်အဦးတစ်ခုကစာတွေ။ ငါတို့သိတာဆိုလို့ အဲဒီသုံးခွမှိန်းက စစ်သည်လမ်းစဥ်ကို ကိုယ်စားပြုတယ်ဆိုတာပဲသိတာ။ အမေရိကန်ကိုသွားပြီး၊ နတ်ဆိုးကိုးကွယ်သူများဆိုတဲ့ အဖွဲ့သေးသေးလေးကိုသွားရှာ။ သူတို့မှာ ပုံစံတူစာအုပ်တစ်အုပ်ရှိတယ်။ သူတို့ဘယ်လိုဖတ်ရမလဲသိရင်သိနိုင်တယ်။ ဒါငါသိသလောက်အကုန်ပဲ။"
မြောက်အမေရိကမှာ အခုချိန်ထိ သမိုင်းပညာရှင်တွေကို ခေါင်းကိုက်ခဲစေနိုင်တဲ့ ပိရစ်မစ်တွေ ဘုရားကျောင်းတွေအများကြီးရှိတယ်။ လောကသုံးပါးဘုရားကျောင်းဆိုတဲ့ နတ်ရုပ်တစ်ရုပ်ကို အခြားနတ်ရုပ်တွေက ချည်နှောင်ထားတဲ့ ဘုရားကျောင်းကလည်း အဲဒီပဟေဋ္ဌိတွေထဲက တစ်ခုအပါအဝင်ဖြစ်တယ်။ ဒီစာအုပ်က အဲဒီဘုရားကျောင်းနဲ့သက်ဆိုင်တယ်။
"ဒီစာအုပ်က ငါ့ကို သဘာဝအတိုင်းတိုးတက်လာစေမယ့်လမ်းစလား။ စိတ်ဝင်စားစရာပဲ။" စာအုပ်ကို သေချာသိမ်းလိုက်ရင်း ဓားနတ်ဆိုးရဲ့နှုတ်ခမ်းက ကွေးညွှတ်သွားတယ်။
စမစ်ကတော့ တခြားဗီလိန်တွေဆီ ပြန်သွားပြီးတော့ နောက်လုပ်ဆောင်ရမယ့်အစီအစဥ်တွေကို ပြန်ဆွေးနွေးနေပြီ။ နောက်တော့ ဓားနတ်ဆိုးက ခေါင်းကိုခါယမ်းလိုက်တယ်။
"သူတို့နောက်ကျနေပါလား။ ဒါပေမဲ့ ဗီးနပ်စ်အတုသေသွားပုံထောက်တော့ သူတို့ဒုတိယအတားအဆီးကို ဖြတ်ကျော်ပြီးသွားတဲ့ပုံပဲ။"
....
ဗီးနပ်စ်ထွက်ပြေးသွားပြီးတဲ့နောက်တော့ မက်ဒါနာတို့အဖွဲ့ကို တားဆီးနိုင်တဲ့ရန်သူ မရှိတော့ပါဘူး။
မှိုစွဲအရိုးမျက်နှာ တချို့တလေတော့ရှိသေးပေမဲ့ သခင်ဖြစ်သူ ထွက်ပြေးသွားပြီးတဲ့နောက် ခေါင်းမပါတဲ့ ယင်ကောင်တွေလိုမျိုး ဖြစ်သွားကြပြီမလို့ အနှောင့်အယှက်မရှိသလောက်ပါပဲ။
"ငါလက်ကျန်အရိုးမျက်နှာတွေနဲ့ မှိုဝတ်မှုန်တွေကို လိုက်ရှင်းလိုက်ဦးမယ်။ ပြီးမှ အတူဝင်ကြတာပေါ့။"
စပိန်ပင်လယ်ထဲက မြူတန့်သိပ္ပံရဲ့နောက်ဆုံးစခန်းကို ရှာတွေ့ချိန်မှာတော့ ကိုင်းတိုက ဒီလိုပြောတယ်။ မှိုစွဲအရိုးမျက်နှာတွေက သူတို့အတွက်ပြဿနာမဖြစ်နိုင်ပေမဲ့ ဒေသခံတွေအတွက်တော့ အန္တရာယ်ရှိတယ်။ နည်းနည်းလေးဂရုမစိုက်မိတာနဲ့ ဇွန်ဘီပျက်ကပ်စိုက်သွားနိုင်တာကြောင့် လိုက်ဖျက်ဆီးဖို့လိုပါတယ်။
အာကိုင်းဂါမီရဲ့အံ့မခန်းအလျင်နဲ့စွမ်းအားကြောင့် အရိုးမျက်နှာတွေဟာ တစ်ခဏအတွင်း အကုန်သတ်ခံလိုက်ရပြီး ငါးမိနစ်တောင်မပြည့်သေးတဲ့အချိန်မှာပဲ ကိုင်းတိုပြန်ရောက်လာတယ်။
"ပြီးပြီ... ငါတို့ဝင်ကြတော့မလား။"
သူတို့အားလုံး မျက်စိရှေ့မှာရှိနေတဲ့ စမ်းသပ်ခန်းကြီးကို ကြည့်လိုက်ကြတယ်။ အရင်စခန်းနှစ်ခုနဲ့မတူတာက ဒီတစ်ခုဟာ အခန့်အထည်ဆောက်ထားတာဖြစ်ပြီး မြေအောက်မှာမဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ်က ဂျာမန်တွေသုံးခဲ့တဲ့ ခံတပ်ကြီးတွေနဲ့တောင် တူနေသေးတယ်။
"ငါတို့ကို ရှေ့မှာဘာတွေပဲ စောင့်နေစောင့်နေ။ ဒီတစ်ကြိမ်တော့ မြူတန့်သိပ္ပံကို လုံးဝဖျက်ဆီးရမယ်။"
အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးတဲ့နောက် အာကိုင်းဂါမီက သူ့လက်ထဲမှာ မီးလုံးတစ်လုံးကို ဖွဲ့စည်းလိုက်တယ်။
...
"ဘုန်း....."
စမ်းသပ်ခန်းရဲ့နံရံအထပ်ထပ် ပြိုကျသွားပြီးတဲ့နောက်တော့ ဟီးရိုးအဖွဲ့က အစည်းအဝေးကျင်းပနေတဲ့ နေရာကိုရောက်လာတယ်။ ဒါပေမဲ့ တခြားဗီလိန်တွေကတော့ ဟီးရိုးအုပ်စု ဒီအထိရောက်လာတာကြောင့် အံ့ဩနေကြပေမဲ့ ဒေါက်တာစမစ်ကတော့ နည်းနည်းလေးမှ မအံ့ဩပါဘူး။
ဖရာလီတာက အားလုံးရဲ့ရှေ့ကိုထွက်လာပြီး စမစ်ကိုကြည့်ရင်း ပြောလိုက်တယ်။
"နတ်ဘုရားအသံအဖွဲ့က ရှင့်ကိုရင်ဆိုင်ဖို့ တော်တော်ကြိုးစားလိုက်ရတယ်ပြောတယ်။ ဒါပေမဲ့ ကျွန်မတွေ့သလောက်တော့ ရှင်တို့အုပ်စုက တော်တော်ချာတာပဲ။"
ဖရာလီတာထက် ပိုအစွမ်းထက်တဲ့ ဆိုဖီယာတို့အဖွဲ့က မြူတန့်သိပ္ပံကို ရင်ဆိုင်ဖို့အတွက် အတော်အခက်တွေ့ခဲ့ပါတယ်။ မက်ဒါနာလည်း ခေါင်းညိတ်လိုက်မိတယ်။ ဆိုဖီယာက အာကိုင်းဂါမီအဆင့်စွမ်းအားမရှိတဲ့အတွက် မြူတန့်သိပ္ပံကို ရင်ဆိုင်ရာမှာ အခက်တွေ့ခဲ့တာပါ။ ဒါပေမဲ့ သူတို့မှာတော့ အာကိုင်းဂါမီတစ်ယောက်လုံးပါနေတာကြောင့် မြူတန့်သိပ္ပံကို ရင်ဆိုင်ဖို့ လွယ်သွားတာပါ။ မဟုတ်ရင် ဒေါက်တာစမစ်နားကိုတောင် ကပ်နိုင်မယ်မထင်ဘူး။
အခုလည်း အာကိုင်းဂါမီကိုမြင်တာနဲ့ အရိပ်အဖွဲ့လို ထိပ်သီးသုံးဖွဲ့ထဲက ဗီလိန်တွေပါ ထိတ်လန့်ကုန်ကြတယ်။ အနီရောင်နတ်ဘုရားက ဗီလိန်တွေအတွက် အမည်းစက်တစ်ခုလိုပါပဲ။ ဒါပေမဲ့ ဒေါက်တာစမစ်ကတော့ နည်းနည်းလေးမှ မျက်နှာမပျက်သေးဘဲ လက်ခုပ်သာ တီးလိုက်ပါတယ်။
"တည်ထောင်သူ သုံးယောက်ထဲက နှစ်ယောက်ကိုသတ်ပြီး ငါ့ရဲ့အသုံးမကျတဲ့လက်ထောက်ဗီးနပ်စ်ကို ထွက်ပြေးအောင်လုပ်နိုင်တယ်။ အမိန့်တော်အဖွဲ့နဲ့ တိုကျိုအစည်းအရုံးက ကမ္ဘာ့ဟီးရိုးအစည်းအရုံးကြီးတစ်ခုလုံးပေါင်းတာထက်တောင် ပိုအင်အားကြီးနေသေးတာပဲ။"
ဒေါက်တာစမစ်ရဲ့စကားတွေကို ချီးကျူးစကားလို့ ယူဆလို့ရနိုင်တယ်။ နှစ်ငါးဆယ်လုံးလုံး မြူတန့်သိပ္ပံကို ဒီအဆင့်အထိ ထိခိုက်အောင်လုပ်နိုင်တဲ့အဖွဲ့မျိုး မရှိသေးဘူးမဟုတ်လား။
"ဒါပေမဲ့၊ ဒီအဖွဲ့အစည်းကို ငါတည်ထောင်ခဲ့တာဆိုတော့။ ငါတည်ရှိနေသမျှ မပျက်စီးနိုင်ဘူး။ ပြီးတော့ မင်းတို့အင်အားကို ငါကြောက်စရာမလိုတဲ့အချက်တွေရှိသေးတယ်။"
စင်တီက ခါတိုင်းလိုပဲ ဒေါက်တာစမစ်ရဲ့နောက်မှာပေါ်လာတယ်။ အန်းနပ်စ်ကလည်း မက်ဒါနာတို့အုပ်စု ရပ်နေတဲ့နေရာကို လှမ်းလာနေပြီ။
"အရေးအကြီးဆုံးကတော့ ဗီလိန်မဟာမိတ်ကို ဖွဲ့စည်းပြီးသွားတာပဲ။" စမစ်ရဲ့နောက်ဆုံးစကားက ကြောက်လန့်နေတဲ့ ဗီလိန်တွေကို အားသစ်သွန်းလောင်းပေးလိုက်တယ်။
မက်ဒါနာက ရောက်လာတော့မယ့်တိုက်ပွဲအတွက် အသင့်အနေအထားနဲ့ရပ်လိုက်တယ်။ ငွေရောင်စစ်သည်ဝတ်စုံက အတော်ကြီးစုတ်ပြတ်နေပြီဆိုပေမဲ့ တိုက်ခိုက်လို့ရသေးတယ်။ ပြီးတော့ အေမီကလည်း သူ့ကိုကာကွယ်ပေးဖို့ အနီးကပ်နေနေပါတယ်။
ဖရာလီတာကလည်း မလှမ်းမကမ်းမှာပဲ။ အာကိုင်းဂါမီကတော့ သူ့ရဲ့စွမ်းအားအပြည့်ဆုံးပုံစံကို မထုတ်ဖော်နိုင်သေးပေမဲ့ သူ့ကိုမီးကြာပန်းတွေက ဝိုင်းရံထားပြီ။
"တခြားအဖွဲ့က ဗီလိန်တွေ၊ ငါတို့က မြူတန့်သိပ္ပံကိုပဲ ဖြိုခွင်းဖို့လာခဲ့တာ။ မင်းတို့နဲ့မဆိုင်တဲ့အတွက် အခုထွက်သွားရင် မီသေးတယ်။"
ဖရာလီတာက သူတို့ကြိုတိုင်ပင်ထားတဲ့အတိုင်းပဲ ကြေညာချက်ထုတ်လိုက်တယ်။ မက်ဒါနာကတော့ အရိပ်အဖွဲ့ကိုကြည့်ရင်း ကြိတ်ခေါင်းခါလိုက်မိတယ်။ လောလောဆယ်တော့ သူ့ဦးလေးကိစ္စကို စုံစမ်းနိုင်ဦးမယ့်ပုံမပေါ်ဘူး။
ဒါပေမဲ့ သူတို့ကိုပြောရတာ နွားပလာတာကျွေးနေရသလိုပဲ။ ဗီလိန်တွေက အချင်းချင်းသစ္စာမရှိကြပေမဲ့ အန်းနပ်စ်ရဲ့စွမ်းအားအပေါ် ယုံကြည်မှုရှိနေကြတဲ့အတွက် နောက်မဆုတ်ကြပါဘူး။
မဟာမိတ်က ဖွဲ့စည်းပြီးပြီဖြစ်တဲ့အတွက် မဟာမိတ်ရဲ့အချုပ်အချာအာဏာအပေါ် သစ္စာရှိကြောင်းပြဖို့ လိုပါတယ်။ အထူးသဖြင့် ဗီလိန်အဖွဲ့တွေအနေနဲ့ ပရောဂျက်Vကို အရင်းပြုပြီး နယ်မြေသိမ်းနိုင်ဖို့ဆိုရင် မြူတန့်သိပ္ပံရဲ့မရေမတွက်နိုင်တဲ့ အရိုးမျက်နှာတွေကို လိုအပ်တဲ့အတွက်ကြောင့် မျက်နှာလုပ်ဖို့လိုနေတယ်လေ။ ဘယ်သူမှ ကမ္ဘာ့အကြမ်းဆုံးဗီလိန်ကြီး စိတ်ကွက်သွားမှာကို မလိုလားကြပါဘူး။
"တက်...." ဒေါက်တာစမစ်အမိန့်ပေးလိုက်တာနဲ့ စင်တီက ရှေ့ကိုချက်ချင်းပြေးထွက်လာတယ်။
Archmegaကတော့ သူ့ရဲ့သံမဏိလက်ကြီးကိုဆန့်ထုတ်ပြီး စင်တီရဲ့ကင်းခြေများခါးကို အားနဲ့ထိုးနှက်လိုက်တယ်။
အေမီကတော့ ဓားနှစ်လက်ကိုဆွဲပြီး ဗီလိန်သံတမန်အုပ်ကြီးထဲကို ပြေးဝင်သွားတယ်။ ဗီလိန်အဖွဲ့ငယ်လေးတွေက သံတမန်တွေဟာ အေမီကိုမရင်ဆိုင်နိုင်ဘဲ မြန်မြန်ဆန်ဆန် ရှုံးနိမ့်ကုန်ကြပေမဲ့ သူ့ကိုရင်ဆိုင်ဖို့အတွက် လော့ဒ်မာရှယ်က မြန်မြန်ဆန်ဆန်ထွက်လာတယ်။ ဖြတ်လတ်မှုနဲ့ခွန်အားက တိုက်ပွဲမြေပြင်အလယ်မှာ စတင်ရင်ဆိုင်မိတော့တယ်။
အယ်လိုဟင်နဲ့ဆူဗာနာစောင့်ရှောက်သူတွေကလည်း တိုက်ပွဲထဲကို ခုန်ဝင်လာကြတယ်။ ဆူဗာနာစောင့်ရှောက်သူနှစ်ယောက်က သာမန်ပဲဆိုပေမဲ့ သံတမန်အချို့ကိုတော့ ကောင်းကောင်းကြီးရင်ဆိုင်နိုင်စွမ်းရှိနေဆဲပါ။ အယ်လိုဟင်ကတော့ ဝင်ဝင်ချင်းပဲ နှစ်ဦးကို ကိစ္စဖြတ်ပစ်လိုက်တယ်။
မက်ဒါနာကတော့ တိုက်ပွဲစစချင်းမှာပဲ ဓားနတ်ဆိုးနဲ့ ဓားချင်းယှဥ်မိသွားတယ်။ ဓားနတ်ဆိုးက သူ့ကိုပုံပျက်နေတဲ့အပြုံးနဲ့ ပြုံးပြလိုက်ပြီး ပြောလိုက်တယ်။
"ဘယ်လိုလဲ... အရင်တစ်ခေါက် ငါ့ကိုလွှတ်ပေးထားလို့ဆိုပြီး ညှာမယ်လို့တော့မထင်နဲ့နော်။"
"ဒီကလည်း ရှုံးမယ်မထင်လေနဲ့။" သူတို့နှစ်ယောက်က တကယ့်ဓားရူးနှစ်ယောက်လိုမျိုး တစ်ယောက်ကိုတစ်ယောက် ဆက်တိုက်ဇယ်ဆက်သလိုတိုက်နေကြတယ်။ ပိုပြီးအံ့ဩစရာကောင်းတာက ခေါင်းစောင်းမရှိတော့တာကြောင့် မက်ဒါနာကို ဉာဏ်ရည်တုစနစ်က ထောက်ပံပေးနေတဲ့ တိုက်ပွဲသတိပေးပရိုဂရမ်မရှိပါဘူး။ ဓားကွက်အားလုံးကို သူ့ဦးနောက်ထဲမှာ မှတ်သားထားတဲ့အတိုင်း တိုက်ခိုက်နေတာဖြစ်ပါတယ်။
"တိုးတက်လာသားပဲ။" ဓားနတ်ဆိုးက ချီးကျူးလိုက်တယ်။ မက်ဒါနာကလည်း ဓားနတ်ဆိုးရဲ့ဓားကို ခတ်ထုတ်လိုက်ရင်း ပြောလိုက်လေရဲ့။
"ဝတ်စုံမပါရင် အသုံးမဝင်တဲ့ဟီးရိုးက ဟီးရိုးအစစ်မဟုတ်ဘူးလေ။"
အားလုံးတိုက်ခိုက်နေတဲ့အချိန်မှာတော့ ဒေါက်တာစမစ်နဲ့ အာကိုင်းဂါမီတို့က တစ်ယောက်ကိုတစ်ယောက်အကဲခတ်နေကြပါတယ်။
နောက်ဆုံးတော့ စမစ်ရဲ့အမိန့်နဲ့အတူ အန်းနပ်စ်ကြီးက အာကိုင်းဂါမီဆီကို ခုန်ဝင်လာတယ်။ အာကိုင်းဂါမီကလည်း ဧရာမမီးလက်ကြီးကိုဖန်တီးပြီး ပြန်ခုခံတယ်။ ဒါပေမဲ့ အန်းနပ်စ်ရဲ့လက်သီးချက်နဲ့အတူ အာကိုင်းဂါမီဟာ စမ်းသပ်ခန်းမျက်နှာကျက်ကို ဖောက်ပြီး ကျွန်းရဲ့ညကောင်းကင်ပေါ် မြောက်တက်သွားပါပြီ။ အန်းနပ်စ်ကြီးကလည်း သူ့ဒူးတွေကိုကွေးညွှတ်ကာ အစွမ်းကုန်ခုန်တက်လိုက်ရင်း အာကိုင်းဂါမီနောက်ကို လိုက်သွားတယ်။
အားလုံးတိုက်ခိုက်နေကြတဲ့အချိန်မှာ ဒေါက်တာစမစ်ကတော့ ဘယ်သူနဲ့မှတိုက်ခိုက်စရာမလိုဘဲ ပွဲကြည့်နေပါတယ်။