← Chapters

သစ္စာဖောက်

Vol. 4 Ch. 48

သစ္စာဖောက်

Vol. 4 Ch. 48

အာကိုင်းဂါမီက လေထုထဲမှာပဲ သူ့ဟန်ချက်ကို ထိန်းလိုက်တယ်။ အန်းနပ်စ်ကလည်း နောက်ကနေ ခုန်ပြီးလိုက်လာတဲ့အတွက် မီးလှံတံကို ချက်ချင်းဖန်တီးလိုက်ပြီး ခုခံဖို့ ကြိုးစားရပြန်တယ်။ ဒါပေမဲ့ အန်းနပ်စ်ရဲ့နောက်လက်သီးချက်ကို တားနိုင်ရုံပဲရှိပြီး တစ်ခါတည်း လွင့်ထွက်သွားတော့တယ်။

ဘုန်း....။

အာကိုင်းဂါမီဟာ မြေပြင်ပေါ်မှာ မီတာနဲ့ချီအောင် တရွတ်တိုက်ဆွဲသွားပြီး ဧရာမစွတ်ကြောင်းရာကြီးကို ဖြစ်ပေါ်လာစေတယ်။ သူ့နှုတ်ခမ်းထောင့်ကနေ သွေးတချို့စီးကျလာပေမဲ့ သူ့ကိုဝန်းရံထားတဲ့ မီးကြာပန်းတွေကို ချက်ချင်းတိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တယ်။

ရွှေရောင်မီးတောက်တွေက မီးကြာပန်းကနေ ပန်းထွက်လာပြီး အန်းနပ်စ်ရဲ့ရင်ဘတ်ကို ထိမှန်တယ်။ ဒါပေမဲ့ အန်းနပ်စ်ကတော့ ဘာမှမဖြစ်သလိုမျိုး ရှေ့တက်လာနေဆဲပါ။

"ဒီကောင်က ထင်တာထက်ပိုပြီး အားသန်နေတာပဲ။" အာကိုင်းဂါမီက မီးလှံတံတွေ တစ်ချောင်းပြီးတစ်ချောင်း ဖန်တီးပြီးတော့ အန်းနပ်စ်ကို လှမ်းပစ်ပေမဲ့ တစ်ခုမှအရာမထင်ဘူး။ သူ့မီးတောက်တွေကြောင့် ကျွန်းတစ်ဝက်နီးပါး ပျက်စီးနေပြီဖြစ်ပေမဲ့ အန်းနပ်စ်ကတော့ အရာတောင်မထင်ဘူး။

"သေစမ်း..." အန်းနပ်စ်အနားကိုရောက်လာတဲ့အတွက် ကိုင်းတိုကျိန်ဆဲလိုက်တယ်။ ဧရာမဇီဝစက်ရုပ်ကြီးက ကိုင်းတိုရဲ့ချောင်းကို ဆုပ်ကိုင်ဖို့ ကြိုးစားပေမဲ့ ကိုင်းတိုရဲ့ကျောနောက်မှာ မီးတောင်ပံတွေထွက်လာပြီး ချက်ချင်းရှောင်ရှားလိုက်တယ်။

နောက်ထပ်ချက်ချင်းဆိုသလိုပဲ ကျောကနေ နောက်ထပ် အတောင်ပံနှစ်စုံထွက်လာပြီး တောင်ပံခြောက်ဖက်နဲ့ မီးနတ်သားအသွင်က ထပ်မံဖြစ်ပေါ်လာပြန်တယ်။

"မင်းဘယ်လောက်ထိ အကြမ်းခံမလဲ ကြည့်ကြသေးတာပေါ့။" အဲဒီနောက် ကိုင်းတိုရဲ့လက်ကို မီးတောက်တွေဖုံးလွှမ်းသွားပြီး မီးလက်ကြီးအဖြစ်ပြောင်းသွားတယ်။ ဒါတင်မကသေးဘဲ မီးလက်ကြီးက ဧရာမမီးလျှံကာတာနာတစ်ချောင်းကိုလည်း ကိုင်ထားပါသေးတယ်။

"တောင်ဖြိုဓားသိုင်း: သုံးဆင့်ခုတ်ပိုင်းခြင်း...."

ဓားသုံးချက်က တစ်ပြိုင်နက်တည်းဆိုသလို အန်းနပ်စ်ရဲ့ကိုယ်ပေါ် ကျဆင်းသွားတယ်။ ကျွန်းရဲ့မြေပြင်ဟာ စွမ်းအားကြီးမားလွန်းတဲ့ဓားချက်ကြောင့် ဟပ်တက်ကွဲသွားပြီး သစ်ပင်အစအနတွေ ကျောက်တုံးအစအနတွေနဲ့ ဖုန်မှုန့်တွေက လေထုထဲကို ချက်ချင်းမြင့်တက်လာပြီး ဖုံးလွှမ်းသွားတယ်။

ပုံမှန်ဆိုရင်တော့ ဘယ်လိုရန်သူမျိုးပဲဖြစ်ဖြစ် ဒီဓားချက်ရဲ့အောက်မှာ တစ်စစီဖြစ်သွားမှာပဲ။ ဒါပေမဲ့ ကိုင်းတိုကတော့ အန်းနပ်စ်သေမသေကို စိတ်ပူနေဆဲပါ။

ဖုန်မှုန့်တွေ ရှင်းလင်းသွားတဲ့အချိန်မှာတော့ တစ်ကိုယ်လုံးက ကြွက်သားတွေမီးလောင်ထားတဲ့ အန်းနပ်စ်ရဲ့တုပ်ခိုင်သန်မာတဲ့ ခန္ဓာကိုယ်ကို သူမြင်လိုက်ရတယ်။ ဒါပေမဲ့ သူထင်သလိုတော့ အထိမနာသွားဘူး။

"Clock Reverse" စက်ရုပ်ဆန်ဆန်အသံတစ်သံက အန်းနပ်စ်ဆီကနေ ထွက်လာပြီး ဒဏ်ရာတွေက အချိန်နောက်ဆုတ်လိုက်သလိုမျိုး ချက်ချင်းပျောက်သွားတယ်။

"မဖြစ်နိုင်တာ..." ကိုင်းတို ချက်ချင်းထိတ်လန့်သွားပြီး တိုက်စစ်ကနေ ခံစစ်ပြောင်းဖို့လုပ်တယ်။ ကြီးမားတဲ့ အန္တရာယ်တစ်ခုကို သူကြိုတင်ခံစားမိလို့ပါ။

အော့တိုရဲ့အချိန်စွမ်းအားကို ကိုင်းတိုမရင်းနှီးပါဘူး။ ဒါပေမဲ့ နှစ်များစွာစုဆောင်းခဲ့တဲ့ အတွေ့အကြုံကြောင့် သူ့အတွက် သိပ်ကိုအန္တရာယ်များနေပြီမှန်း သတိထားမိပါတယ်။

"Clock Up..." နောက်ထပ် စက်ရုပ်ဆန်ဆန်အသံ ထွက်လာပြီးတဲ့နောက် အန်းနပ်စ်က သူ့မျက်စိရှေ့ကနေ ပျောက်သွားတယ်။

"မကောင်းတော့ဘူး။" ကိုင်းတိုက မီးတောင်ပံခြောက်ဖက်ကို အားကုန်ခတ်ပြီး သူရှိနေတဲ့နေရာကနေ အမြန်ရွေ့ပြောင်းဖို့လုပ်တယ်။ သူက ချက်ချင်းဆိုသလိုပဲ အသံထက်မြန်တဲ့ အခြေအနေကိုရောက်သွားတယ်။ ဒါပေမဲ့ အန်းနပ်စ်လက်ရှိပိုင်ဆိုင်နေတဲ့ အချိန်ချဲ့ကားခြင်းစွမ်းရည်ကို မီဖို့တော့ ဝေးနေဆဲပါ။

အသံမြန်နှုန်းထဲ ဝင်ရောက်သွားတဲ့အထိ အန်းနပ်စ်ကို ကိုင်းတိုမမြင်ရသေးဘူး။ သူ့မျက်နှာကို ထိုးဖို့ဝင်လာတဲ့ အန်းနပ်စ်ရဲ့လက်သီးကို အနားနီးမှသူမြင်ရတယ်။

"သွားပြီ...."

ဘုန်း....။

ရှိသမျှမီးလျှံတွေကို ချက်ချင်းဆင့်ခေါ်ပြီး ကာကွယ်ခဲ့ပေမဲ့ ကိုင်းတိုချက်ချင်းလွင့်ထွက်သွားပြန်တယ်။ သူ့မီးတောက်တောင်ပံတွေနဲ့မီးလက်ကြီးတွေ ပျောက်ကွယ်သွားပြီး ကျွန်းပေါ်က နှစ်ချို့သစ်ပင်ကြီးတစ်ပင်ကို ဝင်တိုက်မိတယ်။ သူ့ခန္ဓာကိုယ်က သစ်ပင်ထဲ နစ်ဝင်သွားပြီး အချိန်တစ်ခုစာ လှုပ်ရှားလို့မရနိုင်တော့ဘူး။ အဲဒီနောက်တော့ အန်းနပ်စ်ထပ်ရောက်လာပြီး သူ့ခန္ဓာကိုယ်ကို ဆက်တိုက်ထိုးနှက်တယ်။

ဘုန်း.... ဘုန်း... ဘုန်း.... ဘုန်း... ဘုန်း....

အန်းနပ်စ်ရဲ့လက်သီးတွေက ကိုင်းတိုပေါ်ကိုဆက်တိုက်ကျဆင်းနေပြီး နောက်ဆုံးနှစ်ချို့သစ်ပင်ကြီး တစ်စစီကျိုးပဲ့သွားချိန်မှ ကိုင်းတိုလွတ်မြောက်သွားတယ်။

"Time Up..." စက်ရုပ်ဆန်ဆန်အသံက အန်းနပ်စ်ဆီကနေ ထပ်ထွက်လာပြန်တယ်။ ကိုင်းတိုကလည်း သူ့ရဲ့စိတ်ချရတဲ့အခြေအနေအတွက် ခပ်ဝေးဝေးကို ဆုတ်သွားပြီးဖြစ်တယ်။

"ဒီကောင့်ရဲ့မြန်နှုန်းနဲ့ခွန်အားက ငါ့အတွက်တောင် များလွန်းနေတယ်။" တကယ်လို့ ကိုင်းတိုနေရာမှာသာတစ်ခါဟီးရိုးတစ်ယောက်သာဆိုရင် ပထမဆုံးလက်သီးချက်နဲ့တင် သေသွားလောက်ပါပြီ။

"ဒီလိုဆိုရင်ရော ဘယ်လိုလဲ။" ကိုင်းတိုက သူ့လက်ထဲမှာ တစ်ခုခုဖန်တီးဖို့ကြိုးစားလိုက်ပေမဲ့ ရင်ဘတ်ထဲက ဆောင့်တက်လာတဲ့ နာကျင်မှုကြောင့် ဒူးထောက်ကျလုမတတ်ဖြစ်သွားတယ်။

"ဟုတ်သားပဲ... ငါ့ရဲ့နှလုံးသွေးစက်ဆုံးရှုံးထားလို့ ငါ့မှာ ခွန်အားအပြည့်မရှိသေးဘူး။" ကိုင်းတိုက သူ့ရင်ဘတ်ကို ဆုတ်ကိုင်ထားရင်း ရှေ့တက်လာတဲ့ အန်းနပ်စ်ကို ခုခံဖို့အတွက် မီးလုံးတချို့ကိုပစ်ခတ်ရင်း နောက်ကိုဆက်တိုက်ဆုတ်တယ်။

...

အခြားတစ်ဖက်မှာတော့ ဖရာလီတာကလည်း စင်တီကို တိုက်ခိုက်ရင်း နောက်ကိုတစ်ဆုတ်တည်း ဆုတ်နေရပါတယ်။ စင်တီရဲ့ခွန်အားက ဖရာလီတာရဲ့ဝါးဖရိန် Archmegaထက် အများကြီးပိုသာနေတဲ့အပြင် သူတို့တွေက ခန်းမထဲမှာ အတူတူတိုက်နေတာဖြစ်လို့ ဖရာလီတာက သူ့ရဲ့အလင်းဗုံးကွန်ယက်ကို သုံးလို့မရဘူးဖြစ်နေတယ်။ ဘာပဲပြောပြော RPG ဂိမ်းတစ်ခုမဟုတ်တာကြောင့် ဧရိယာလိုက်တိုက်ခိုက်မှုတွေက ဒီလိုအခြေအနေမျိုးမှာ ရန်သူရောမိတ်ဆွေကိုပါ အန္တရာယ်ပေးနိုင်ပါတယ်။

"ချီးထဲမှ၊ ဒီဟာမက ဒီလောက်ထိ အစွမ်းထက်မယ်မထင်ထားဘူး။" ဖရာလီတာက မျက်မှောင်ကြုတ်လိုက်ရင်း ဆုံလည်စက်သေနတ်တွေနဲ့ စင်တီကိုလိုက်ပစ်တယ်။ စင်တီရဲ့အကြေးခွံတွေက တကယ့်ကိုမာတယ်။ ဖရာလီတာရဲ့ကျည်တွေက လေယာဥ်ပစ်ကျည်အရွယ် ဟီလီယမ်ဓာတ်ငွေ့ပါဝင်တဲ့ ပေါက်ကွဲကျည်တွေဖြစ်တာတောင်မှ အရာမထင်ပါဘူး။

အေမီကတော့ အတောင်ပံမရှိတော့တဲ့အတွက် လော့ဒ်မာရှယ်နဲ့ တန်းတူသာတိုက်ခိုက်နေရပါတယ်။ ဒီလူကလည်း အဖွဲ့ကြီးတစ်ဖွဲ့ရဲ့ဒုတိယခေါင်းဆောင်ဖြစ်တဲ့အတွက် တိုက်ပွဲစွမ်းရည်မှာ မခေတာတော့အမှန်ပါ။ လော့ဒ်မာရှယ်ရဲ့စက်သေနတ် ကျည်ကုန်သွားပြီးတဲ့နောက်တော့ ဒီလူကြီးက သူ့ခါးပတ်မှာချိတ်ထားတဲ့ စစ်သုံးပုဆိန်နှစ်လက်ကိုဆွဲထုတ်ပြီး အေမီကို လိုက်လံတိုက်ခိုက်တယ်။ ဓားနှစ်လက်နဲ့ပုဆိန်နှစ်လက်က အချင်းချင်းယှဥ်မိကြပြီး မီးပွားတွေပါထွက်လာတယ်။

အယ်လိုဟင်နဲ့ဆုဗာနာစောင့်ရှောက်သူတွေကလည်း ကောင်းကောင်းတိုက်ခိုက်နိုင်နေကြပြီး များပြားတဲ့ ဗီလိန်တွေဟာ သူတို့အတွက်အန္တရာယ်မဖြစ်စေပါဘူး။ဒါပေမဲ့ အဓိကဖြစ်တဲ့ ဒေါက်တာစမစ်ဝင်မပါသေးတဲ့အတွက် အကုန်လုံးမှာ စိုးရိမ်စိတ်ကိုယ်စီ ရှိနေကြဆဲပါ။

မက်ဒါနာက ဓားကိုဝေ့ယမ်းပြီး ဓားနတ်ဆိုးတဲ့ရင်ဆိုင်တိုက်ခိုက်နေချိန်မှာပဲ သူ့ခေါင်းထဲ ဟာလာဟင်းလင်းဖြစ်သွားပြီး ဓားချက်ကလွဲသွားတယ်။ သူ့အာရုံစိုက်နိုင်စွမ်းက ရုတ်တရက်ကျဆင်းသွားတာကြောင့် ဓားနတ်ဆိုးရဲ့ဓားပြားကြီးက သူ့ရင်ဘတ်ကိုထိသွားပြီး နောက်ကိုဆုတ်လိုက်ရတယ်။

"ဘာဖြစ်တာလဲ၊ မင်းဒဏ်ရာရထားတာလား။"

ပုံမှန်မဟုတ်တဲ့ အခြေအနေကြောင့် ဓားနတ်ဆိုးလည်း သတိထားမိသွားပြီး ငွေရောင်စစ်သည်ကို နားမလည်နိုင််စွာနဲ့ မေးလိုက်တယ်။ သူတို့နှစ်ယောက်လုံးက ပွဲစကတည်းက ဟန်ဆောင်တိုက်ခိုက်နေတာဖြစ်ပြီး တိုင်ပင်ထားတဲ့အတိုင်းပါပဲ။ ဒီလိုမှမဟုတ်ရင် မက်ဒါနာအနေနဲ့ ဓားကွက်တွေအကုန်လုံးကို အလွတ်ရရင်တောင် ဓားနတ်ဆိုးကို ဓားပညာအရာမှာ မယှဥ်နိုင်သေးပါဘူး။

"တိုက်ခိုက်နေတုန်း အာရုံမပြန့်နဲ့။" မက်ဒါနာက ဓားကို ပြန်ဆွဲယူလိုက်ပြီး အပြင်းအထန်တိုက်ခိုက်တယ်။ဒါပေမဲ့ သူ့အမြင်တွေက ဝေဝါးလာတဲ့အတွက် ဓားကွက်တွေက စနစ်မကျဖြစ်လာတယ်။

"ငါသိပြီ... မင်းဒဏ်ရာရထားတာပဲ။" ဓားနတ်ဆိုးက ယုတ်မာတော့မယ့်လေသံနဲ့ ပြောလိုက်ပြီး မက်ဒါနာရဲ့ဓားကို ရိုက်ထုတ်ပစ်လိုက်ပြီး ပြေးဝင်လာပါတယ်။ မက်ဒါနာလည်း မျက်လုံးကို မှိတ်ထားလိုက်တယ်။ ကြည့်ရတာ ဓားနတ်ဆိုးက စိတ်ပြောင်းသွားပြီး သူ့ကိုသတ်ဖို့ ဆုံးဖြတ်လိုက်ပုံပဲ။

ဒါပေမဲ့ သူသတိမထားမိခင်မှာပဲ ဓားနတ်ဆိုးရဲ့ဓားက လားရာပြောင်းသွားပြီး မလှမ်းမကမ်းမှာရှိနေတဲ့ ဒေါက်တာစမစ်ရဲ့လည်ပင်းဆီကို ဦးတည်သွားတယ်။

စင်တီကတော့ တိုက်ခိုက်နေတာကို ရပ်လိုက်ပြီး လှည့်ကြည့်တယ်။ ဓားက ဒေါက်တာစမစ်ရဲ့လည်ပင်းကို ခုတ်မိသွားပြီ။

ထန်း....။

သတ္တုချင်းထိခတ်မိသံကြောင့် လူတိုင်းက အသံလာရာကို လှည့်ကြည့်မိလိုက်ကြတယ်။ ဓားနတ်ဆိုးက ဒေါက်တာစမစ်ရဲ့လည်ပင်းကို ဓားနဲ့ဖြတ်ပြီးသတ်ဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့ ဓားနတ်ဆိုးက စမစ်နဲ့မဟာမိတ်ဖွဲ့ထားသူပါ။

"လက်အောက်ခံတစ်ယောက်က စမစ်ကို သစ္စာဖောက်သွားတာလား။" ဗီလိန်တွေလည်း မယုံနိုင်စွာနဲ့ ကြည့်နေကြတယ်။ ဒါပေမဲ့ သူတို့မျက်နှာတွေက စမစ်ကို ဓားနတ်ဆိုးသစ္စာဖောက်လို့ဆိုတာထက် အခြားတစ်ခုခုကို ပိုပြီးအံ့ဩနေကြတာပါ။

ဓားနတ်ဆိုးရဲ့ဓားက သိပ်ကိုလေးတယ်။ တကယ်လို့သာမန်မြူတန့်တစ်ယောက်သာ တိုက်ရိုက်ခုတ်ပိုင်းခံရရင် နှစ်ခြမ်းပြတ်သွားဖို့ပဲရှိတယ်။ ဒါပေမဲ့ သတ္တုချင်းထိခတ်မိသံ ထွက်ပေါ်လာပြီးနောက် စမစ်ရဲ့ခေါင်းက သူ့လည်ပင်းပေါ်မှာပဲ ရှိနေသေးတယ်။ ပြီးတော့ စမစ်ရဲ့အသားအရေက အနက်ရောင်ပြောင်းသွားပြီး သတ္တုဆန်နေတယ်။

"နားလည်ပြီ... ဒီတော့မင်းက ဟီးရိုးတွေနဲ့ပေါင်းပြီး ငါ့ကိုလုပ်ကြံဖို့အတွက် ကြိုးစားနေခဲ့တာပေါ့။"

စမစ်က သူ့ရဲ့စမ်းသပ်ခန်း လက်အိတ်စွပ်ထားတဲ့ ညာလက်နဲ့ ဓားနက်ကြီးကို ဆုပ်ကိုင်လိုက်တယ်။ ဓားနက်က လုံးဝတစ်စစီကွဲကြေသွားလေရဲ့။

ခလွမ်း....။

ဖန်ခွက်လိုမျိုး တစ်စစီဖြစ်သွားတဲ့ ဓားနတ်ဆိုးရဲ့ဓားကို မက်ဒါနာအပါအဝင် လူတိုင်းငေးကြည့်နေမိကြပါတယ်။ စမစ်ဟာ ဘယ်တုန်းကမှ သူ့စွမ်းအားအစစ်ကို ထုတ်မသုံးခဲ့ဖူးသေးဘူး။ တော်တော်များများက သူ့ကို မတိုက်ခိုက်နိုင်တဲ့ လူတစ်ယောက်လို့ပဲ ထင်ထားကြတာ။ မက်ဒါနာတောင်မှ ဆူဗာနာမှာ စင်တီကိုကယ်ဖို့အတွက် စမစ်သူ့စွမ်းအားကိုထုတ်သုံးမှ စမစ်ကိုယ်တိုင်လည်း လူလုပ်မြူတန့်တစ်ယောက်ဖြစ်နေမှန်း သိခဲ့ရတာ။

"ဟုတ်သားပဲ... မင်းက လူလုပ်မြူတန့်တွေရဲ့ဖခင်ကြီးမဟုတ်လား။ တခြားသူတွေကို မစမ်းသပ်ခင် မင်းကိုယ်မင်း အရင်စမ်းသပ်ခံအဖြစ် အသုံးပြုခဲ့လောက်မှာပါ။" ဓားနတ်ဆိုးကတော့ သူ့ဓားပျက်စီးသွားတဲ့အတွက် နည်းနည်းလေးမှ အံ့ဩပုံမပေါ်ဘူး။ ကိုယ်ပိုင်အင်အားမရှိဘဲ ကမ္ဘာ့ထိပ်သီးဗီလိန်အဖွဲ့ကို ဦးဆောင်ဖို့မှမဖြစ်နိုင်တာ။

ဒေါက်တာစမစ်ရဲ့မျက်လုံးက အနီရောင်ပြောင်းသွားတယ်။ ဓားနတ်ဆိုးကလည်း သူ့လယ်သာဂျာကင်ထဲမှာဝှက်ယူလာတဲ့ နောက်ထပ် သတ္တုနက်ဓားမြှောင်အတိုနှစ်လက်ကို ဆွဲထုတ်လိုက်ပြီး စမစ်ကိုထိုးနှက်ဖို့လုပ်ပေမဲ့ နောက်ကျသွားပြီ။

စမစ်ရဲ့ခန္ဓာကိုယ်နောက်ဖက်ကနေ ကြွက်အမြီးတစ်ခုထိုးထွက်လာပြီး မျက်မမြင်ဓားသမားကြီးကို ရိုက်ထုတ်လိုက်တယ်။

"ကြွက်တစ်ကောင်လား...."

အစောပိုင်းကရထားတဲ့ ဒဏ်ရာတွေကြောင့် အားကုန်မတိုက်ခိုက်နိုင်သေးတဲ့ မက်ဒါနာက ဓားကိုကိုင်ကာ အနိုင်နိုင်ရပ်ရင်း ရေရွတ်လိုက်မိတယ်။ စမစ်က ဆူဗာနာတိုက်ပွဲမှာလည်း သူ့စွမ်းအားတစ်စိတ်တစ်ပိုင်းကိုသာ ထုတ်သုံးခဲ့တာဖြစ်ပြီး သူ့ပုံစံပြည့်ကို မပြောင်းခဲ့တာကြောင့် ဘာအကောင်လည်းဆိုတာမသိခဲ့ရဘူး။

"ဒီပုံစံက အရုပ်ဆိုးလွန်းလို့ စင်တီရှေ့မှာ ငါဘယ်တုန်းကမှ ထုတ်မသုံးခဲ့ဖူးဘူး။ ဒါပေမဲ့ မင်းတို့တွေက ငါ့ကို ငါ့ချစ်သူရှေ့မှာ မျက်နှာပျက်အောင်လုပ်တယ်။"

စမစ်ရဲ့စကားသံက အားလုံးရှေ့မှာဟိန်းထွက်လာပြီး သူ့အမြန်နှုန်းက တခြား S rankတွေလိုပဲ အသံရဲ့မြန်နှုန်းအထိ တိုးမြင့်သွားတယ်။ ဆူဗာနာကနေ စင်တီကိုသယ်ပြီး ထွက်ပြေးတုန်းကလည်း ဒီမြန်နှုန်းမျိုးပါပဲ။

စမစ်က ဓားနတ်ဆိုးရှေ့မှာချက်ချင်းပေါ်လာပြီး လယ်သာအင်္ကျီကော်လံကို ဆုပ်ကိုင်ကာ နံရံနဲ့ဆောင့်ချလိုက်တယ်။

ဘုန်း....။

ကြီးမားတဲ့အားအင်ကြောင့် စမ်းသပ်ခန်းနံရံကြီးချိုင့်ဝင်သွားပြီး ခေါင်မိုးက ကျောက်ပြားတချို့လည်းကွာကျလာတယ်။

"မင်းကို ပေးစရာရှိတဲ့ပစ္စည်း နောက်ကျပေးမိရုံနဲ့တော့ သစ္စာဖောက်စရာအကြောင်းမရှိဘူး။ မင်းမှာ တခြားအကြောင်းအရင်း ရှိကိုရှိရမယ်။"

ဓားနတ်ဆိုးကတော့ စမစ်မျက်နှာကိုကြည့်ပြီး အရူးတစ်ယောက်လိုသာ ပြုံးပြနေခဲ့ပါတယ်။ စမစ်က ဒီအပြုံးကိုမြင်တော့ ပိုဒေါသထွက်လာပြီး နံရံကိုလက်သီးနဲ့ထိုးလိုက်တယ်။ နံရံက နောက်တစ်ခါချိုင့်ဝင်သွားပြီး အက်ကြောင်းတွေပါပေါ်လာတယ်။

"နောက်တစ်ခါ အဲဒီမိန်းမကြောင့်ပဲမဟုတ်လား။" အဲဒီမိန်းမဆိုတဲ့စကားလုံးကိုကြားမှ ဓားနတ်ဆိုးက အကျယ်ကြီးလှောင်ရယ်လိုက်ပြီး ပြောလိုက်တယ်။

"ဟုတ်တာပေါ့၊ ဆယ့်ကိုးနှစ်နဲ့ငါးလကြာပြီးမှ သူငါ့ကို ပထမဆုံးဆက်သွယ်လာခဲ့တာလေ။"

မက်ဒါနာလည်း ခေါင်းတွေကိုက်ပြီးမူးနောက်နေပေမဲ့ ဖြစ်ပျက်နေတာတွေကို အတတ်နိုင်ဆုံးစဥ်းစားပြီးတော့ သုံးသပ်ကြည့်လိုက်တယ်။

"သူပြောတဲ့အတိုင်းဆိုရင် ဖရာလီတာရဲ့အမေကို သူပိုးဖို့ကြိုးစားဖူးတယ်မဟုတ်လား။ စမစ်ကိုလုပ်ကြံဖို့ ဒေါ်လေးလော့ရန့်က ဓားနတ်ဆိုးကို တိုက်တွန်းခဲ့တာလား။"

သေချာစဥ်းစားကြည့်တော့ ဒီလောက်အစောင့်အကြပ်ထူတဲ့ ပန်ဒရာဂွန်အိမ်ကို ဓားနတ်ဆိုးဘယ်လိုဝင်လာလည်းဆိုတာ သူမတွေးခဲ့မိဘူး။ အစကတော့ ပုံမှန်အတိုင်း ဓားနတ်ဆိုးက ဒီလိုနေရာမှာတော်တယ်ထင်ခဲ့မိတာ။

"ဒါပေမဲ့ မင်းအရည်အချင်းလောက်နဲ့ ငါ့ကိုသတ်ဖို့မဖြစ်နိုင်ဘူးဆိုတာ သိခဲ့သင့်တယ်။" စမစ်က သူ့လက်ကိုမြှောက်ပြီး ဓားနတ်ဆိုးကို အဆုံးသတ်ဖို့လုပ်ပေမဲ့ ဓားနတ်ဆိုးကတော့ ရယ်မောနေတုန်းပဲ။

"ငါက မင်းကိုသတ်ဖို့မလုပ်ခဲ့ပါဘူးကွ၊ တကယ်သတ်ချင်နေတဲ့သူအတွက် လမ်းခင်းပေးနေရုံပါ။"

"ဘာ...."

စမစ်တစ်ယောက် တစ်စုံတစ်ခု သူ့ကျောနောက်ကနေတိုးဝင်လာပြီး ရင်ဘတ်ကနေ ဖောက်ထွက်လာတဲ့အတွက် ငုံကြည့်လိုက်တော့ ဖြူဖပ်ဖြူရော်လက်တစ်ဖက်ရှိနေတယ်။ သူနောက်ကိုလှည့်ကြည့်လိုက်တော့ စင်တီက သူ့နောက်မှာရောက်နေပြီး ခံစားချက်မဲ့တဲ့မျက်နှာနဲ့ ရပ်နေတယ်။ ပြီးတော့ အဲဲဒီလက်က စင်တီရဲ့လက်ပါ။

"မဖြစ်နိုင်တာ.... ဘာလို့ငါ့ရဲ့စင်တီက...."

"ကျွန်မက ရှင့်ရဲ့စင်တီမဟုတ်ဘူး... ဒီအတိုင်းရှင်မွေးမြူခဲ့တဲ့ စမ်းသပ်ခန်းထဲက ကြွက်ကလေးတစ်ကောင်ပါပဲ။"

စင်တီက သူ့လက်ကို ဒေါက်တာစမစ်ရဲ့ရင်ဘတ်ထဲကနေ ဆွဲထုတ်လိုက်တယ်။ စမစ်ရဲ့နှလုံးသားက သူ့လက်ထဲမှာ ပါလာပြီး စင်တီက ချက်ချင်းဖိချေပစ်လိုက်တယ်။ စမစ်ရဲ့သွေးတွေက သူ့မျက်နှာကို လာစင်ပြီး အရူးတစ်ယောက်လိုမျိုး ရယ်မောနေတယ်။

ဟုတ်တယ်၊ နောက်ဆုံးတိုက်ပွဲကြောင့် စင်တီဒဏ်ရာရသွားပြီးကတည်းက ဒေါက်တာစမစ်ထည့်ထားတဲ့ ထိန်းချုပ်ရေးဆားကစ်ပျက်စီးသွားပြီး ကိုယ်ပိုင်သိစိတ်ကို ပြန်ရခဲ့ပြီးသား။ စမ်းသပ်ခန်းထဲမှာ သေဆုံးခဲ့ရတဲ့ကလေးတွေနဲ့ သူအမေလို့သတ်မှတ်ခဲ့သူအတွက် သူလက်စားချေဖို့လုပ်ခဲ့တာ။

"နောက်ဆုံးတော့ အမေနဲ့ကျွန်မမောင်နှမတွေအတွက် လက်စားချေနိုင်ခဲ့ပြီ။" လက်မှာပေကျံနေတဲ့ သွေးတွေကို တစိမ့်စိမ့်ကြည့်ရင်း စင်တီက ရယ်မောနေတယ်။ စမစ်ကတော့ မြေပြင်ပေါ်ကို ဒူးထောက်ကျသွားပြီး သူ့ရှေ့က မြင်ကွင်းကို မယုံနိုင်စွာနဲ့ ကြည့်နေတယ်။

ရုတ်တရက် အန်းနပ်စ်က ခန်းမအလယ်မှာပေါ်လာတယ်။ ဧရာမဇီဝစက်ရုပ်ကြီးက ရယ်မောနေတဲ့စင်တီနောက်မှပေါ်လာပြီး စက်ရုပ်ဆန်ဆန်လေသံနဲ့ ပြောလိုက်တယ်။

"သစ္စာဖောက်မှု... ချေမှုန်းပစ်ရပါမယ်...." အဲဲဒီနောက် အန်းနပ်စ်က သူ့ရဲ့သံမဏိလိုလက်ကြီးနဲ့ စင်တီရဲ့ခန္ဓာကိုယ်ကို ရိုက်ချလိုက်တဲ့အတွက် စင်တီရဲ့လူခန္ဓာကိုယ်နဲ့ကင်းခြေများခန္ဓာကိုယ်က အဆက်ပြတ်သွားလေရဲ့။

တိုက်ခိုက်တာကိုရပ်ပြီး စောင့်ကြည့်နေတဲ့ တခြားဗီလိန်တွေထဲက ခေါင်းဆောင်ဖြစ်သူ လော့ဒ်မာရှယ်ကခေါင်းကိုခါယမ်းပြီးပြောလိုက်တယ်။

"ကြည့်ရတာ မြူတန့်သိပ္ပံကတော့ လုံးဝပြိုကွဲတော့မယ်ထင်တယ်။ တစ်ခုခုဆိုးဝါးတာမဖြစ်ခင် ဒီကနေ ဆုတ်ရအောင်။"

ဒါပေမဲ့ ဝူလေ့နဂါးငါးကောင်အဖွဲ့က သံတမန်ကတော့ သိပ်သဘောမတူဘူး။ "ဒါပေမဲ့ ပရောဂျက်Vကရော ဘယ်လိုလုပ်မှာလဲ။ ဗီလိန်မဟာမိတ်ကရော။"

"မဟာမိတ်က ဖွဲ့ပြီးသွားပြီမလို့ ဖျက်သိမ်းဖို့မဖြစ်နိုင်သေးဘူး။ အစိုးရတွေက ငါတို့ကိုမြေလှန်မပစ်ခင် ငါတို့က သူတို့ကိုမြေလှန်ရလိမ့်မယ်။" လော့ဒ်မာရှယ်က ပြောလိုက်တယ်။ ပရောဂျက်V စကတည်းက အစိုးရတွေအကုန်လုံးက ဗီလိန်စစ်ဆင်ရေးကိုစဖို့ စစ်ပွဲအဆင့်ပြင်ဆင်မှုတွေ လုပ်နေကြပါပြီ။ မြူတန့်သိပ္ပံကျဆုံးသွားလို့ မဟာမိတ်ကိုဖျက်သိမ်းမယ်ဆိုရင် သူတို့အကုန်လုံး တစ်ကွဲတပြားစီ အသတ်ခံရပါလိမ့်မယ်။

ဒီတော့ အသေခံနေမယ့်အစား တိုက်ခိုက်ရမှာပါ။

"ဒါပေမဲ့ အရိုးမျက်နှာတွေမပါရင် ငါတို့နိုင်ငံတွေကိုမဖျက်ဆီးနိုင်ဘူး။" ဝူလေ့နဂါးငါးကောင်က ပြောလိုက်ပေမဲ့ အရိပ်အဖွဲ့က နင်ဂျာက USBတစ်ခုကိုထုတ်ပြပြီး ပြောလိုက်တယ်။

"ငါ သူတို့လစ်တုန်း ထိန်းချုပ်နည်းဒေတာတွေခိုးထားတယ်။ ဒါက လုံလောက်မှာပါ။"

အဲဒီနောက်တော့ ဗီလိန်တွေက သဘောတူညီမှုရသွားပြီး ခန်းမထဲကနေ အမြန်ဆုံးထွက်သွားဖို့ ကြိုးစားကြတယ်။

မက်ဒါနာက သူတို့ကိုတားချင်ပေမဲ့ ဖရာလီတာက တားမြစ်လိုက်တယ်။ "နေဦး၊ ငါတို့ပစ်မှတ်က သူတို့မဟုတ်ဘူး။"

"ဒါပေမဲ့ ငါတို့ပစ်မှတ်မဟုတ်ရင်တောင် ကမ္ဘာကြီးပြာကျအောင် လုပ်မယ့်အဖွဲ့ကို လွှတ်ပေးစရာလား။" မက်ဒါနာက ပြောပေမဲ့ ဖရာလီတာကတော့ ဝါးဖရိန်ထဲကနေ ခေါင်းခါပြလိုက်တယ်။

"ငါလည်း သူတို့ကို လွှတ်မပေးချင်ပေမဲ့ ကြည့်ရတာငါတို့အတွက် အခွင့်အရေးမရှိတော့ဘူး။"

အန်းနပ်စ်ကြီးက သူတို့ကိုစိုက်ကြည့်နေတယ်။ အခုထိ မလှုပ်ရှားသေးပေမဲ့ တိုက်ပွဲက မပြီးသေးဘူး။ ကိုင်းတိုလည်း ရောက်လာပြီဖြစ်ပေမဲ့ သူ့လက်မောင်းကနေ သွေးတွေစီးကျနေပြီး အဆစ်ကနေရာလွဲနေတယ်။

"ဒီကောင် ငါနဲ့တိုက်နေရင်း ရုတ်တရက်ကြီးလှည့်ပြေးသွားတာ။" သူပြောလိုက်တဲ့အတွက် အားလုံးက အခြေအနေကို သဘောပေါက်သွားတယ်။ အန်းနပ်စ်က စမစ်ကိုကယ်ချင်ခဲ့ပေမဲ့ နောက်ကျသွားပုံပဲ။

မြေပြင်မှာတော့ စင်တီရဲ့ကင်းခြေများခန္ဓာကိုယ်ကြီးက လူးလွန့်နေရာကနေ နောက်ဆုံးမှာတဖြည်းဖြည်း ငြိမ်ကျသွားတယ်။ စင်တီကိုယ်တိုင်လည်း မကြာခင်သေတော့မှာ။ သူက မကြာခင်နေထွက်လာတော့မယ့်ကောင်းကင်ကြီးကို ကြည့်လိုက်ပြီး မျက်လုံးကိုမှိတ်လိုက်တယ်။

"အမေရှိရာကို သမီးလာခဲ့တော့မယ်။"

အခြားတစ်ဖက်မှာတော့ ဒေါက်တာစမစ်က စင်တီရှိရာကို သူ့ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲလိုက်ရင်း သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။ သူ့နှလုံးမရှိတော့တာတောင်မှ အချိန်အတိုင်းအတာတစ်ခုအထိ အသက်ရှင်နိုင်သေးပုံပဲ။ S rank ပီသပါသေတယ်။

"ငါတို့အတူမနေနိုင်တော့ပေမဲ့ အတူသေကြတာပေါ့။" နောက်တော့ စမစ်က စင်တီရဲ့အသက်မဲ့ခန္ဓာကိုယ်ကို ပွေ့ဖက်ထားရင်း အသက်ထွက်တယ်။

"ပိုင်ရှင်ဖြစ်သူ အသက်သေဆုံးသွားပါပြီ၊ နောက်ဆုံးချန်ထားခဲ့တဲ့အမိန့်ကို ပြီးမြောက်အောင် လုပ်ဆောင်ရပါမယ်။ တာဝန်: ရန်သူအားလုံးကိုသတ်ပါ။"

အန်းနပ်စ်ဆီက စကားသံကြောင့် မက်ဒါနာတို့အသင့်ဖြစ်သွားတယ်။ ဖရာလီတာကတော့ ဒီအတွက် အသင့်ပြင်ထားပြီးသားပါ။ သူက အန်းနပ်စ်ဒီလိုလုပ်မယ်ဆိုတာ သိထားပြီးသားကိုး။ ပြီးတော့ ဖရာလီတာခန့်မှန်းခဲ့သလိုပဲ သူတို့မှာ ကျန်တဲ့ဗီလိန်ကိုယ်စားလှယ်တွေကို တားဆီးဖို့ အင်အားမရှိတော့ပါဘူး။ အန်းနပ်စ်က သူတို့အားလုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်တဲ့အထိ အင်အားကောင်းပါတယ်။

All Chapters