← Chapters

ငါတို့အားလုံးရဲ့နိဂုံး

Vol. 4 Ch. 49

ငါတို့အားလုံးရဲ့နိဂုံး

Vol. 4 Ch. 49

ဧရာမဇီဝစက်ရုပ်ကြီး အန်းနပ်စ်က မြူတန့်သိပ္ပံရဲ့စွမ်းအားအမြင့်ဆုံး ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ ယာမာဂုချီမိသားစုရဲ့ဓားသလင်းကျောက်၊ အော့တိုရဲ့ဦးနောက်ထဲက မြူတန့်စွမ်းအားကျောက် နှစ်ခုလုံးနဲ့ပေါင်းစပ်ထားတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့် သုံးသပ်ကြည့်မယ်ဆိုရင်တော့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အရိုးမျက်နှာတွေနဲ့တူပြီး ပုံမှန်ထက် အဆမတန်ကြီးနေရုံပဲရှိပါတယ်။

"သေစမ်း...." ထုံးစံအတိုင်းပဲ စိတ်မြန်လက်မြန်ရှိတဲ့ ဖရာလီတာက ပထမဆုံး စတိုက်ခိုက်လိုက်တယ်။ သူ့ရဲ့အလင်းဒြပ်စင်အမြောက်နဲ့ အန်းနပ်စ်ကို ပစ်ခတ်လိုက်ပေမဲ့ နည်းနည်းလေးမှ အရာမထင်ပါဘူး။

"ရန်လိုမှုကို အာရုံခံမိသည်... ချေမှုန်း။"

ဘုန်း....။

ချက်ချင်းဆိုသလိုပဲ အန်းနပ်စ်က Archmegaရဲ့နောက်မှာပေါ်လာပြီး ထုနှက်လိုက်တယ်။ အနက်ရောင်သတ္တုဝါးဖရိန်ကြီးက ကျောက်ပြားထဲနစ်ဝင်သွားပြီး စက်ရုပ်လက်ပခုံးတွေနဲ့ချပ်ဝတ်တွေက တစ်စစီပိန်လိန် ပြုတ်ပျက်ထွက်ကုန်ပါတော့တယ်။

"ဖရာလီတာ..." ငွေရောင်စစ်သည်က ချက်ချင်းပြေးသွားပြီး အနက်ရောင်ဝါးဖရိန်ရဲ့ပိုင်းလော့ခန်းကိုဆွဲဖွင့်ကာ ဖရာလီတာကိုဆွဲထုတ်ဖို့လုပ်တယ်။ အခုဝါးဖရိန်က တစ်ချက်တည်းနဲ့ သုံးစားမရလောက်အောက် ပျက်စီးသွားပါပြီ။

"ရန်သူ... ချေမှုန်း..." အန်းနပ်စ်က မက်ဒါနာကို သတိထားမိသွားပြီး လက်ကြီးကိုမြှောက်ကာ တစ်ချက်တည်းသတ်ပစ်ဖို့ကြိုးစားပေမဲ့ အေမီက အလင်းဒြပ်စင်စွမ်းအားကိုသုံးပြီး ဓားနှစ်လက်နဲ့ ကြားဝင်ခံဆောင်ပေးလိုက်တယ်။

"မမလေး... မြန်မြန်ပြေးတော့။"

ငွေရောင်စစ်သည်က ဖရာလီတာကို ပွေ့ချီပြီး နေရာကနေ ထွက်ခွာရုံပဲရှိသေးတယ်။ အေမီဖန်တီးထားတဲ့အလင်းဒြပ်စင်ဓားချက်ကို အန်းနပ်စ်က ဖောက်ဝင်လာနိုင်ပြီး လက်ပြန်ပိတ်ရိုက်လိုက်လေရဲ့။

ဝုန်း....။

အေမီရဲ့ခန္ဓာကိုယ်လေးက အရုပ်တစ်ရုပ်လိုမျိုး လွင့်ထွက်သွားပြီး သူ့လက်တစ်ဖက်က ခန္ဓာကိုယ်ကနေ ပြုတ်ထွက်သွားတယ်။ ဘယ်ဖက်ပုခုံးအဆက်မှာ လက်မရှိတော့ဘဲ လျှပ်စစ်ဓာတ်ကြိုးတွေနဲ့ သတ္တုအဆက်အကျိုးအပဲ့တွေကိုသာ မြင်နေရပြီး ရှော့ခ်ဖြစ်နေတယ်။

"မဖြစ်နိုင်တာ... Neon Valkyrieနဲ့Archmegaရဲ့ဒဏ်ခံနိုင်စွမ်းကို လုံးဝ လစ်လျူရှုနိုင်တာလား။"

ဟိုဗီလိန်တွေ ဘာလို့ကျွန်းပေါ်ကနေ အမြန်ဆုတ်ပြေးဖို့ ကြိုးစားတာလည်းဆိုတာ မက်ဒါနာတို့ နားလည်လာပြီ။ ထိန်းချုပ်သူမဲ့နေတဲ့ အန်းနပ်စ်က တကယ့်အန္တရာယ်ကောင်ဖြစ်ပြီး ခန့်မှန်းရခက်ပါတယ်။

Neon Valkyrie နည်းပညာချပ်ဝတ်က ပါးလွှာပေါ့ပါးမှုကို ဦးစားပေးထားတာဖြစ်တာကြောင့် အားအင်သက်ရောက်မှုကို စုပ်ယူတဲ့နေရာမှာ တခြားနည်းပညာချပ်ဝတ်တွေလောက် မကောင်းပါဘူး။ ဒါကြောင့် အဖျားတုံးတဲ့လက်နက်တွေနဲ့ ခွန်အားပါတဲ့ တိုက်ခိုက်မှုတွေက သူ့အတွက်အားနည်းချက်ဖြစ်ပါတယ်။ ဒါကြောင့် အန်းနပ်စ်ရဲ့လက်ပြန်ရိုက်တိုက်ခိုက်မှုတစ်ခုကြောင့် အေမီလက်ပြတ်ထွက်သွားတာ သဘာဝကျတယ်။

ဒါပေမဲ့ Archmegaလို ချပ်ဝတ်အထူကြီးပါတဲ့ အဆင့်မြင့် Heavy Armoured WarFrame ကတောင်အန်းနပ်စ်ရဲ့လက်သီးတစ်ချက်ဒဏ်ကို မခံနိုင်ခဲ့ဘူး။ ပြီးတော့ လူသားတွေရဲ့အဆင့်အမြင့်ဆုံးလက်နက်နည်းပညာဖြစ်တဲ့ အလင်းဒြပ်စင်လက်နက်တွေကလည်း သူ့ကိုထိုးဖောက်နိုင်ပုံမရဘူး။

"မက်ဒါနာ၊ ငါတို့ဒီကနေ ဆုတ်ပြေးရအောင်။"

ဖရာလီတာက မက်ဒါနာရဲ့လက်ကို သူ့ရဲ့သတ္တုလက်

အိတ်စွပ်ထားတဲ့ဖက်နဲ့ လှမ်းကိုင်လိုက်ရင်း ခေါင်းခါပြတယ်။ သူတို့မှာ အန်းနပ်စ်ကို နိုင်ခြေမရှိတော့ဘူး။ လူတိုင်းက တာရှည်တဲ့တိုက်ပွဲကို ဖြတ်ကျော်ခဲ့ပြီးပြီဖြစ်တာကြောင့် အထွတ်အထိပ်အင်အားမှာ ရှိမနေတော့ပါဘူး။ အထူးသဖြင့် အေမီနဲ့မက်ဒါနာတို့ရဲ့ချပ်ဝတ်တွေက ဆိုးဆိုးဝါးဝါး ထိခိုက်ပြီးနေပါပြီ။

"ဟင့်အင်း၊ ငါတို့ဒီကနေ ဆုတ်ခွာပြေးဖို့ဆိုတာလည်း သူ့ကိုအနိုင်မယူဘဲနဲ့ မဖြစ်နိုင်ဘူး။ သူ့သခင်ရဲ့နောက်ဆုံးအမိန့်က ငါတို့ကိုသတ်ဖို့ပဲ။ ငါတို့ကမ္ဘာအဆုံးထိပြေးလည်း သူလိုက်နေဦးမှာပဲ။ ပြီးတော့..."

အယ်လိုဟင်တို့က အန်းနပ်စ်ကိုရင်ဆိုင်ဖို့ ပြေးဝင်သွားပေမဲ့ တစ်ယောက်ပြီးတစ်ယောက် ရှုံးကုန်တယ်။ ဆူဗာနာစောင့်ရှောက်သူတွေနဲ့အယ်လိုဟင်ရဲ့ချပ်ဝတ်တွေလည်း သုံးမရလောက်အောင် ပျက်စီးသွားပြီ။

အားလုံးက အန်းနပ်စ်တစ်ချက်ရိုက်စာပဲရှိတယ်။ အခုတော့ အာကိုင်းဂါမီက အန်းနပ်စ်ရဲ့ရှေ့မှာရပ်နေပြီး သူတို့ကြားက တိုက်ပွဲဒုတိယအချီစတင်ဖို့ ပြင်ဆင်နေပါတယ်။

"ငါတို့ကျွန်းပေါ်ကထွက်ပြေးပြီး လူနေထူထပ်တဲ့တစ်နေရာရာမှာ သူနဲ့ထပ်ရင်ဆိုင်ရမယ်ဆိုရင် အပြစ်မဲ့သူတွေပါ သေရလိမ့်မယ်။"

ဟုတ်တယ်၊ အန်းနပ်စ်လိုသတ္တဝါမျိုးက အရှင်ထားဖို့အတွက် အန္တရာယ်များလွန်းပြီး သူရဲဘောကြောင် ထွက်ပြေးမိလို့ ဖြစ်လာမယ့်ထိခိုက်ဆုံးရှုံးမှုမှန်သမျှက သူတို့အပြစ်ဖြစ်လာမှာပါ။

ဒါက မက်ဒါနာကိုယ်တိုင် အသစ်သတ်မှတ်ထားတဲ့ သူ့ရဲ့စံနှုန်း၊ ပိုကောင်းတဲ့ သူရဲကောင်းဖြစ်လာဖို့ဆိုတာနဲ့ ဆန့်ကျင်နေတယ်။

"ဒါကြောင့် ဒီရန်သူကို ဒီနေရာမှာပဲ အပြတ်ဖျက်မှရမယ်။" ငွေရောင်စစ်သည်က သူ့ရဲ့ဓားပြားကြီးကို ဆွဲကိုင်လိုက်တယ်။ ဓားနတ်ဆိုးကလည်း ဓားမြှောင်လေးနှစ်လက်နဲ့အတူ သူ့ဘေးမှာလာရပ်တယ်။

"သိပ်ကောင်းတယ်၊ မင်းက ငါ့ရဲ့ပြိုင်ဖက်ဟောင်းကြီးနဲ့တောင် တူနေသေးတယ်။ သေတဲ့အထိ ခံချမယ်ပေါ့။"

"လုပ်လိုက်ကြစို့။" အာကိုင်းဂါမီကလည်း သူ့ရဲ့မီးစွမ်းအားတွေကို ထုတ်ဖော်လိုက်ပြီး ဘေးမှာလာရပ်တယ်။ အဲဒီနောက်တော့ သူတို့သုံးယောက်က ရန်သူတော်အန်းနပ်စ်ဆီကို ပြေးဝင်လိုက်ကြတယ်။

ကိုင်းတိုက မီးကြာပန်းတွေကိုဖန်တီးပြီး အန်းနပ်စ်ရဲ့လက်သီးချက်တွေကို ပိတ်ဆို့တယ်။ မက်ဒါနာနဲ့ဓားနတ်ဆိုးက ကိုင်းတိုရဲ့ပစ်အားအကာအကွယ်ကိုယူပြီး အန်းနပ်စ်ဆီကိုပြေးလာကြတယ်။ အန်းနပ်စ်က အနီးကပ်တိုက်ခိုက်မှုတွေကိုပဲ မှီခိုနေလို့မရတော့မှန်းသိတာကြောင့် သူ့ရဲ့အရိုးဆူးချွန်တွေနဲ့ စတင်ပစ်ခတ်တယ်။ ကြည့်ရတာ အရိုးမျက်နှာတွေလုပ်နိုင်သမျှကို အန်းနပ်စ်လည်း လုပ်နိုင်စွမ်းရှိတဲ့ပုံပဲ။

"သူ့ရဲ့စွမ်းအားအရင်းအမြစ်က သလင်းကျောက်ပဲ၊ ငါတို့ အဲဒါတွေကို ဖျက်ဆီးပစ်ဖို့ ကြိုးစားရမယ်။"

အန်းနပ်စ်ရောက်လာကတည်းက မက်ဒါနာက အဲဲဒီဇီဝလက်နက်ကြီးကို သုံးသပ်နေခဲ့တာဖြစ်ပြီး ဖြစ်နိုင်တဲ့ အားနည်းချက်တွေကို ဖော်ထုတ်ခဲ့ပါတယ်။ သိပ်ကိုအင်အားကောင်းပြီး အားနည်းချက်မရှိဘူးထင်ရတဲ့ အန်းနပ်စ်ရဲ့သိသာတဲ့အားနည်းချက်က သူ့ကိုယ်ထဲ နစ်ဝင်နေတဲ့ မြူတန့်သလင်းတွေပါ။

"ငါမင်းကို ကာပေးထားမယ်။ မင်းက သူ့အနားရအောင်ကပ်ပြီး ဖျက်ဆီးပစ်။" ဓားနတ်ဆိုးက မက်ဒါနာရဲ့ရှေ့ရောက်အောင် ပြေးလိုက်ပြီး ဓားတိုလေးနှစ်လက်နဲ့ အရိုးဆူးချွန်တွေကို ပက်ထုတ်ပစ်တယ်။ ငွေရောင်စစ်သည်ရဲ့ဓားပြားကြီးက လေးလံတဲ့အတွက် ဒီလိုလျင်မြန်ပြီးကျွမ်းကျင်မှုလိုအပ်တဲ့ အလုပ်မျိုးကို မလုပ်နိုင်ပါဘူး။

ထန်း... ထန်း... ထန်း....

ဇက်သတ္တုကိုတောင် ထုတ်ချင်းဖောက်ပစ်နိုင်စွမ်းရှိတဲ့ အန်းနပ်စ်ရဲ့အရိုးဆူးချွန်တွေက ဓားနတ်ဆိုးရဲ့ခံစစ်ကို မဖောက်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အရိုးဆူးချွန်တွေ ရပ်သွားတဲ့အချိန်မှာ ဓားနတ်ဆိုးရဲ့ဓားမြှောင်သွားတွေလည်း ရစရာမရှိအောင် ပျက်စီးနေပါပြီ။

"လာစမ်း...." ငွေရောင်စစ်သည်ထဲမှာရှိနေတဲ့ မက်ဒါနာက သူ့မှာရှိသမျှစွမ်းအားအကုန်ကို ဓားထဲထည့်ပြီး ခုတ်ပိုင်းလိုက်တယ်။

"Void Stream Rush!"

ဒီဓားချက်က သူလက်ရှိထုတ်ဖော်နိုင်သမျှ အားကုန်ပါပဲ။ အလင်းဒြပ်စင်စွမ်းအားတွေနဲ့ခန္ဓာကိုယ်တစ်ခုလုံးက Void Stream တွေကိုအားဖြည့်ပြီး ခုတ်အားကို တိုးမြှင့်တယ်။ မြေဆွဲအားဓားကလည်း မြန်မြန်ဆန်ဆန်ပဲ အလေးချိန်တိုးသွားတယ်။

ဝေါ... ဝရော....

ပြင်းထန်လွန်းတဲ့အားကြောင့် စမ်းသပ်ခန်းရဲ့ကြမ်းပြင်ကြီး ချိုင့်ဝင်သွားပြီး နဂိုတိုက်ပွဲရဲ့အဖျားခတ်မှုတွေကြောင့် ပြိုကျလုဆဲဆဲဖြစ်နေတဲ့ အဆောက်အဦးခေါင်မိုးလည်း ပြိုကျသွားတယ်။ ကောင်းကင်ကလမင်းကြီးကတော့ အလယ်တည့်တည့်ကနေ တဖြည်းဖြည်းကျဆင်းနေခဲ့ပါပြီ။ လမွန်းလွဲချိန်ရောက်နေပြီ။ မကြာခင် နေထွက်လာတော့မယ်။

တခြားမက်ဒါနာရဲ့အဖော်တွေလည်း အပျက်အစီးတွေကြားက မနည်းလွတ်အောင် ရှောင်ရှားကြရပါတယ်။ သူတို့ထဲက တော်တော်များများက တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားပြီဖြစ်ပြီး လောလောဆယ် မက်ဒါနာ၊ ကိုင်းတိုနဲ့ ဓားနတ်ဆိုးတို့သာ သေချာတိုက်ခိုက်နိုင်တော့တာပါ။

"နိုင်သွားပြီလား..." အေမီက အပျက်အစီးပုံထဲကနေထွက်လာရင်း တိုက်ပွဲဗဟိုချက်နေရာကို ကြည့်လိုက်တယ်။ ငွေရောင်စစ်သည်က ဓားသွားကို အန်းနပ်စ်ရဲ့ကိုယ်ပေါ်တင်ထားပြီး အန်းနပ်စ်က သူ့လက်ကို ကင်းမလက်မည်းကြီးအဖြစ်ပြောင်းကာ ဓားချက်ကိုခုခံထားတယ်။

"မဖြစ်နိုင်တာ... ဒီလောက်အားပြင်းတဲ့ဓားချက်ကို ခုခံလိုက်နိုင်တယ်။" ဘေးကနေ ရပ်ကြည့်နေတဲ့ ဖရာလီတာလည်း မျက်လုံးပြူးသွားတယ်။ အန်းနပ်စ်ရဲ့ ကင်းမြီးကောက်လက်က အက်ကွဲပြီး မနှစ်မျို့ဖွယ် အစိမ်းရောင်အချွဲအကျိတွေ စီးကျနေပေမဲ့ ဓားချက်အောက်မှာ ရှင်သန်နိုင်ခဲ့တာတော့ သေချာပါတယ်။

မက်ဒါနာက ဓားကုန်တိုက်ခိုက်ခဲ့တာဖြစ်ပေမဲ့ အန်းနပ်စ်က ဘာမှမဖြစ်ခဲ့ပါဘူး။ မက်ဒါနာလည်း မျက်မှောင်ကြုတ်ထားလိုက်တယ်။ သူ့ဝတ်စုံမှာတပ်ထားတဲ့ အပြာရောင်နီယွန်ဆင်ဆာမီးတွေ မှိန်ကျသွားပြီး ဝတ်စုံအားကုန်သွားကြောင်းကို ပြန်နေပါတယ်။

"Time Reverse..." စက်ရုပ်ဆန်ဆန် အသံတစ်ခု အန်းနပ်စ်ဆီကနေ ထွက်လာပြီးတဲ့နောက် ချက်ချင်းဆိုသလိုပဲ ငွေရောင်စစ်သည်ကြောင့်ဖြစ်လာတဲ့ မဆိုသလောက်ဒဏ်ရာလေးက ပြန်ကောင်းလာတယ်။ ပြီးတော့ အချိန်နောက်ပြန်လည်ခြင်းအစွမ်းရဲ့ဆိုးကျိုးက အန်းနပ်စ်အပေါ်မှာ သိသိသာသာ အစွမ်းပြတဲ့ပုံမပေါ်ဘူး။

"သူအော့တိုရဲ့အစွမ်းကို ထုတ်သုံးလိုက်တယ်။" ဖရာလီတာရဲ့မျက်သူငယ်အိမ်က ကြောက်ရွံမှုကြောင့် တုန်လှုပ်နေတယ်။

ကိုင်းတိုကတော့ အန်းနပ်စ်ပြန်ကောင်းသွားတာမြင်ကတည်းက မီးလှံတစ်ခုဖန်တီးလိုက်ပြီး မက်ဒါနာကို ကယ်တင်ဖို့အတွက် ပြေးဝင်သွားလိုက်တယ်။

"သတိထား...." ဒါပေမဲ့ အန်းနပ်စ်က မက်ဒါနာရဲ့လက်တစ်ကမ်းအကွာမှာ ရှိနေတာဖြစ်တဲ့အတွက် အသံမြန်နှုန်းနဲ့တောင်မှ အချိန်မီရောက်မသွားဘဲ ငွေရောင်စစ်သည်ချပ်ဝတ်ဟာ အန်းနပ်စ်ရဲ့လက်မမည်းကြီးကြောင့် တစ်စစီကွဲကြေသွားတယ်။

သွေးတွေ... နေရာတိုင်းကို သွေးတွေလာစင်ပြီး ဆံပင်ဖြူစုန်းမလေးက မြေပြင်ပေါ်ကို အားအင်ကင်းမဲ့စွာ ပုံကျသွားတယ်။ ဝတ်စုံရဲ့Void Stream တွေအားလုံးက ပြင်ပသက်ရောက်အားကို မခုခံနိုင်တော့ဘဲ ပေါက်ကွဲကုန်ရာကနေ သူ့ခန္ဓာကိုယ်ထဲကို သတ္တုစတွေစိုက်ဝင်ပြီး ဆိုးဆိုးဝါးဝါးထိခိုက်သွားတယ်။

တစ်ကိုယ်လုံးသွေးအလိမ်းလိမ်းဖြစ်နေတဲ့ မက်ဒါနာက အန်းနပ်စ်ရဲ့အားကြောင့် နောက်ကိုတစ်ခါတည်း လွင့်ပျံသွားပြီး နံရံနဲ့တိုက်ဖို့ လက်တစ်ကမ်းပဲလိုတော့တယ်။ ဒါပေမဲ့ အေမီက မြန်မြန်ဆန်ဆန်ပဲရောက်လာပြီး သူ့မမလေးကို ပွေ့ဖမ်းလိုက်တဲ့အတွက် သက်သာသွားတယ်။

ဒါပေမဲ့ အေမီရဲ့ခန္ဓာကိုယ်က နံရံထဲကိုနစ်ဝင်နေပြီဖြစ်ပြီး သူ့တစ်ကိုယ်လုံးက ရှော့ဖြစ်နေတယ်။ အားပြင်းလွန်းတဲ့ သက်ရောက်မှုကြောင့် သူ့ကိုယ်ထဲက လျှပ်စီးပတ်လမ်းတွေအားလုံး ထိခိုက်သွားပုံပဲ။

"တော်သေးတာပေါ့... မမလေးကို ကျွန်မဖမ်းနိုင်ခဲ့လို့..." အေမီရဲ့မိန်းကလေးဆန်တဲ့လေသံက ပျောက်ကွယ်သွားပြီး စက်ရုပ်ဆန်ဆန်ဖြစ်သွားတယ်။ ပြီးတဲ့နောက် အေမီရဲ့မျက်လုံးတွေက အရောင်မှိန်ကျသွားပြီး လုံးဝမလှုပ်ရှားတော့ဘူး။

"အေမီ... နင်ဘယ်လိုလုပ်ပြီး...." မက်ဒါနာက သုံးမရအောင် ပျက်စီးသွားပြီဖြစ်တဲ့ ဝတ်စုံအပိုင်းအစတွေကို သူ့ကိုယ်ပေါ်ကခါချလိုက်ပြီး အေမီကိုဆွဲထုတ်လိုက်တယ်။

အန်းနပ်စ်ကတော့ လောလောဆယ် အာကိုင်းဂါမီနဲ့တိုက်ခိုက်ပေမဲ့ ခွန်အားအပြည့်မရှိတော့တဲ့ အာကိုင်းဂါမီဟာ အောက်စည်းမှာပဲရှိနေပါတယ်။ ကိုင်းတိုရဲ့ပြိုင်ဖက်ကင်းစွမ်းအားနဲ့တောင် အန်းနပ်စ်ကိုနိုင်ဖို့ မဖြစ်နိုင်ဘူးထင်တယ်။

မက်ဒါနာက အေမီကို ကြမ်းပြင်ပေါ်မှာ သာသာလေးချပေးလိုက်တယ်။ အခုအေမီက အက်ကွဲနေပြီဖြစ်တဲ့ခန်းမကြမ်းပြင်ပေါ်မှာ အော်ရိုရာမင်းသမီးလေးလိုမျိုး ထာဝရအိပ်ပျော်နေလေရဲ့။

"မဖြစ်နိုင်တာ... မဖြစ်နိုင်တာ... မဖြစ်နိုင်တာ... အော့တိုရဲ့စွမ်းအားကို သူတို့ဘယ်လိုလုပ်ပြီး ရထားတာလဲ။ ဒီအတိုင်းဆိုရင် သူ့ကိုနိုင်ဖို့ နည်းလမ်းမရှိတော့ဘူး။" ဖရာလီတာက သူ့ခေါင်းကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားရင်း ဆံပင်တွေကို အရူးအမူးဆောင့်ဆွဲနေတယ်။

အချိန်စွမ်းအားက အကြွင်းမဲ့စွမ်းအားတစ်ခုပါ။ အော့တိုက အချိန်စွမ်းအားရဲ့ဆိုးကျိုးတွေကို တောင့်မခံနိုင်ခဲ့လို့ ပြိုင်ဘက်ကင်းမဟုတ်ခဲ့ပေမဲ့ အန်းနပ်စ်ကတော့ လုံးဝပြိုင်ဘက်ကင်းနေပြီ။ လောကရဲ့အစွမ်းအထက်ဆုံး ဟီးရိုးတောင်မှ သူ့ကိုဖက်မယှဥ်နိုင်တော့ဘူး။

မက်ဒါနာကတော့ ကမ္ဘာပျက်လုနီးနီးဖြစ်နေတဲ့ ပတ်ဝန်းကျင်အခြေအနေကို မေ့ထားပြီး အေမီရဲ့မျက်နှာလေးကိုပဲ စိုက်ကြည့်နေတယ်။ သူ့တစ်ကိုယ်လုံးဒဏ်ရာတွေကြောင့် နာကျင်နေပြီး အာရုံကြောထိခိုက်မှုကြောင့် တစ်ကိုယ်လုံးဝေဝါးနေပေမဲ့လည်း အေမီတစ်ခုခုဖြစ်သွားပြီး ပြန်ထမလာနိုင်တော့မှန်း မက်ဒါနာ သိနားလည်နေတယ်။

"အရူးမလေး... နင်က ပျက်စီးသွားမှာကို အရမ်းကြောက်ခဲ့တာမဟုတ်လား။ ဒါဆိုဘာလို့ ငါ့ကိုအပျက်စီးခံပြီး ဝင်ကယ်ခဲ့တာလဲ။" မက်ဒါနာက အေမီရဲ့မျက်နှာလေးပေါ်မှာ တင်နေတဲ့ ဆံပင်တချို့ကို သပ်ချပေးလိုက်တယ်။

မက်ဒါနာမှာ အေမီရဲ့ဖိုင်တွေအားလုံးကို သိမ်းထားတဲ့ Back up dataတွေရှိတယ်။ ဒါပေမဲ့ အဲဲဒါက သူသိထားတဲ့ အေမီမဟုတ်တော့ဘဲ တခြားအေမီအသစ်တစ်ယောက်ပဲ ဖြစ်လာစေနိုင်မှာ။ သူသိခဲ့တဲ့ အသုံးမကျတဲ့ကောင်မလေးက လုံးဝသေဆုံးသွားတာနဲ့ညီမျှတယ်။ နောင်အနာဂတ်မှာ အေမီသူ့ဘေးမှာ ရှိရင်ရှိနေနိုင်သေးပေမဲ့ အဲဒါက တခြားပုံစံတူရဲ့ဉာဏ်ရည်တုပဲ ဖြစ်သွားတော့မှာ။ သူတို့အတူမျှဝေခဲ့တဲ့ခံစားချက်တွေနဲ့ အတွေ့အကြုံတွေရှိတော့မှာမဟုတ်ဘူး။

ဒါကြောင့်ပဲ အေမီက သေရမှာစိုးရိမ်နေခဲ့ပြီး အမြဲမက်ဒါနာအနားမှာပဲ ကပ်နေနေခဲ့တာ။

"ဒါတွေအကုန်လုံး ငါအသုံးမကျလို့ဖြစ်တာ။" မက်ဒါနာက ပြောပြောဆိုဆိုနဲ့ သူ့ရဲ့ပြိုလဲခါနီးခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲရင်း မြေဆွဲအားဓားကို ကိုင်လိုက်တယ်။ ဓားက ဝတ်စုံမပါတော့ သူ့အတွက်မလို့မရနိုင်လောက်အောင်ကို လေးနေပါတယ်။ ပြီးတော့ တစ်ကိုယ်လုံးမှာ သတ္တုစတွေစိုက်ဝင်နေတဲ့အတွက် ကြီးမားပြင်းထန်တဲ့ နာကျင်မှုကို ခံစားနေရသေးတယ်။

ဒါပေမဲ့ မက်ဒါနာကတော့ ဝိညာဥ်ပျောက်ဆုံးနေသူတစ်ယောက်လိုမျိုး ဓားပြားကြီးကိုဆွဲပြီး တိုက်ပွဲရဲ့အလယ်ဗဟိုကို တိုးကပ်သွားနေတယ်။

မက်ဒါနာကတော့ တိုက်ပွဲမြေပြင်နဲ့ နီးကပ်လာပြီဖြစ်ပါတယ်။ ကိုင်းတိုကတော့ လုံးဝဖိနှိပ်ခံနေပြီး တစ်ခါမှာတော့ သူ့ပခုံးကို အန်းနပ်စ်က ဖမ်းဆုပ်မိသွားပြီး အရုပ်တစ်ရုပ်လိုမျိုး ဆွဲမခံရာက မြေပြင်နဲ့ပိတ်ရိုက်ခံရတယ်။

ဘုန်း....။

ကြမ်းပြင်က ပင့်ကူအိမ်သဏ္ဍာန် အက်ကွဲသွားပြီး ကိုင်းတိုရဲ့မီးတောက်တွေလည်း ပျောက်ကွယ်သွားတယ်။ ကြည့်ရတာ ကိုင်းတိုက လုံးဝရှုံးသွားတဲ့ပုံပဲ။ သူ့ဘဝရဲဲ့ဒုတိယအကြိမ်မြောက် ရှုံးပွဲပါ။ ဒါပေမဲ့ သူ့စွမ်းအားအပြည့်မရှိနေတာကိုလည်း ထည့်တွက်ရဦးမယ်။

အန်းနပ်စ်က ကိုင်းတိုရဲ့ခေါင်းကို နင်းခြေပြီး တိုက်ပွဲကို အဆုံးသတ်တော့မယ့်အချိန်မှာပဲ မက်ဒါနာက အန်းနပ်စ်နောက်ကိုရောက်လာပြီး မြေဆွဲအားဓားနဲ့ ပျော့ဖတ်နေတဲ့ ဓားချက်တစ်ခုကိုထုတ်ဖော်ပြီး ခုတ်ချလိုက်တယ်။ ပြီးတော့ ဘာမှဖြစ်မလာဘူး။

အန်းနပ်စ်က ကိုင်းတိုရဲ့ခေါင်းကိုမနင်းတော့ဘဲ ပြန်လှည့်ကြည့်တယ်။ နောက်တော့ စက်ရုပ်ဆန်ဆန်လေသံနဲ့ ပြောလာတယ်။ "ရန်လိုမှုကို ခံစားမိပါသည်.... ရန်ပြုသူ၏ခွန်အားမှာ ရန်သူအဖြစ်သတ်မှတ်ရန် အဆင့်မမီပါ။"

မက်ဒါနာက အဲဒီစကားကြောင့် ဒေါသထွက်သွားပြီး ဓားနဲ့ထပ်ခုတ်ပေမဲ့ အန်းနပ်စ်က စိတ်မရှည်တော့ဟန်နဲ့ မြေဆွဲအားဓားကို ဖမ်းဆုပ်ပြီး ဓားနတ်ဆိုးရဲ့ဓားကိုလုပ်သလိုပဲ တစ်စစီရိုက်ချိုးပစ်လိုက်တယ်။ ဒီဓားနှစ်လက်လုံးက အရည်အသွေးအတူတူနီးပါးပဲလေ။ ဒီတော့ အန်းနပ်စ်ဖျက်ဆီးနိုင်တာပေါ့။

နောက်တော့ မက်ဒါနာက ဒေါသတကြီးအော်ဟစ်ရင်း ခန်းမထဲမှာရှိသမျှလက်နက်တွေကို သူ့စွမ်းအားနဲ့ဆွဲယူရင်း အန်းနပ်စ်ကို တိုက်ခိုက်တယ်။

ဖရာလီတာရဲ့သေနတ်၊ အေမီရဲ့ဓားပါးနှစ်လက်နဲ့ရိုင်ဖယ်၊ ဓားနတ်ဆိုးရဲ့ဓားမြှောင်တွေ၊ သေသွားတဲ့ ဗီလိန်တချို့ကျန်ခဲ့တဲ့ လက်နက်တွေ။ ဒါပေမဲ့ တစ်ခုမှအရာမထင်ဘဲ အန်းနပ်စ်က အကုန်ဖျက်ဆီးပစ်တာချည်းပဲ။

"ရန်အကြိမ်ကြိမ်ပြုနေသူ၏ခွန်အားသတ်မှတ်ချက်မှာ သာမန်မြူတန့်စွမ်းအားရှိ မိန်းကလေးတစ်ယောက်ဖြစ်ပါသည်။ ခြိမ်းခြောက်မှုအဖြစ်သတ်မှတ်ရန် မလုံလောက်ပါ။"

ကြည့်ရတာ စမစ်ရဲ့အမိန့်က ရန်သူအားလုံးကိုသတ်ဖို့ဆိုပေမဲ့ Silverknightကိုပဲ ရန်သူအဖြစ်သတ်မှတ်ခဲ့ပုံမပေါ်ဘဲ မက်ဒါနာတော့မပါဘူးထင်တယ်။ ဒါက ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာလား၊ မေ့သွားတာလားဆိုတာကိုတော့ သေသွားတဲ့စမစ်တစ်ယောက်သာ သိပါလိမ့်မယ်။

"နင့်ကို မခြိမ်းခြောက်နိုင်ဘူးဆိုတာ ဘာသဘောလဲ ကြွက်သားကောင်ရဲ့။ ငါက နင့်အတွက်ဘက်မတန်လို့လား။" လက်နက်တွေမရှိတော့တာတောင်မှ မက်ဒါနာက သူ့လက်သီးကိုဆုပ်ပြီး အန်းနပ်စ်ရဲ့မာကျောတဲ့ခန္ဓာကိုယ်ကို တိုက်ခိုက်နေတုန်းပဲ။

"အနှောင့်အယှက်အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်နိုင်စွမ်းမရှိအောင်လုပ်ရန် ဆုံးဖြတ်ပါသည်။" အန်းနပ်စ်ရဲ့စက်ရုပ်ဆန်ဆန်အသံထွက်ပေါ်လာပြီး မက်ဒါနာရဲ့လက်ဖျံကို ဖမ်းဆုပ်ကာ ထက်ပိုင်းကျိုးတဲ့အထိချိုးပစ်လိုက်တယ်။

"အား....." မက်ဒါနာက အသည်းခိုက်တဲ့အထိပြင်းထန်တဲ့ နာကျင်မှုကြောင့်အော်ဟစ်လိုက်ရပေမဲ့ ကျန်တဲ့လက်တစ်ဖက်နဲ့ အန်းနပ်စ်ကိုဆက်ထိုးနေတုန်းပဲ။ နောက်တော့ အန်းနပ်စ်က အဲဒီလက်ကိုပါချိုးပစ်တယ်။

ဖရာလီတာလည်း ကြောင်ကြည့်နေမိရာကနေ သတိဝင်လာပြီး သွားကယ်ဖို့ကြိုးစားပေမဲ့ သူရောက်သွားတဲ့အချိန်မှာ မက်ဒါနာက ခြေထောက်တွေပါ အချိုးခံလိုက်ရပြီ။ အားလုံးက ကြာတယ်ထင်ရပေမဲ့ စက္ကန့်ပိုင်းအတွင်း ဖြစ်ခဲ့တာမဟုတ်လား။

"တော်ပါတော့၊ ငါတို့ပြန်ကြရအောင်။ နင်အတတ်နိုင်ဆုံး ကြိုးစားပြီးပြီပဲမဟုတ်လား။ နောက်မှပြန်လာပြီး လက်စားချေကြမယ်။" ဖရာလီတာက မြေပေါ်မှာပုံကျနေတဲ့ မက်ဒါနာကို ဆွဲထုတ်ဖို့ကြိုးစားပေမဲ့ အန်းနပ်စ်က ဖရာလီတာကို ကြည့်လိုက်တယ်။

"ရန်သူ... ချေမှုန်းပစ်ရပါမယ်။"

"ဘာ...." အရိုးဆူးချွန်တွေ ပျံသန်းရောက်ရှိလာတဲ့အတွက် ဖရာလီတာ အသည်းအသန်ရှောင်လိုက်ရတယ်။ လက်နက်မဲ့နေတာချင်းအတူတူ ဖရာလီတာကို ဘာလို့ရန်သူလို့သတ်မှတ်ပြီး မက်ဒါနာကို ဘာလို့ အန္တရာယ်မရှိဘူးလို့ သတ်မှတ်ရတာလည်း သူတို့နားမလည်နိုင်ဘူး။

အယ်လိုဟင်နဲ့ဓားနတ်ဆိုးတို့က ဖရာလီတာကိုကယ်ဖို့အတွက် ချက်ချင်းပြေးလာကြတယ်။ ဒါပေမဲ့ အန်းနပ်စ်လက်တစ်ချက်ဝေ့ယမ်းလိုက်တာနဲ့ သူတို့နှစ်ယောက်လုံး မြေပေါ်မှောက်ကုန်တယ်။ A rank တွေက အန်းနပ််စ်ကို ဘယ်နည်းနဲ့မျှ ယှဥ်နိုင်စရာမရှိတာ။

အယ်လိုဟင်ရဲ့စက်ရုပ်အစိတ်အပိုင်းတွေက လုံးဝထိခိုက်သွားပြီး မြေပေါ်မှာမှောက်ခုံကြီး။ ဓားနတ်ဆိုးကတော့ ခြေနှစ်ဖက်လုံးကို အရိုးချွန်တွေစိုက်ဝင်နေလို့ လှုပ်ရှားမရတော့ဘူး။

"ချီးထဲမှ... လော့ရန်က ဖရာလီတာကို ကာကွယ်ဖို့ပြောထားပေမဲ့ ငါမလုပ်နိုင်တော့ဘူးထင်တယ်။"

အခုအန်းနပ်စ်က မြေပေါ်မှာရုန်းကန်နေရတဲ့ ဖရာလီတာနားရောက်လာပြီဖြစ်ပြီး နင်းခြေပစ်ဖို့လုပ်နေပြီ။ ဒါပေမဲ့ ရုတ်တရက် သူက ရပ်လိုက်ပြီး နောက်ကိုလှည့်ကြည့်တယ်။ တစ်စုံတစ်ယောက်က သူ့ခြေသလုံးကို နောက်ကနေ ခွေးတစ်ကောင်လိုကိုက်ထားလို့ပါ။

သေချာကြည့်တော့ မျက်ရည်တွေမျက်လုံးထဲက စီးကျနေတဲ့ မက်ဒါနာဖြစ်နေပြီး သူ့ရဲ့ခိုင်မာတဲ့သွားတွေနဲ့ အန်းနပ်စ်ရဲ့ခြေသလုံးကို ဖက်ကိုက်ထားတယ်။

"အနှောင့်အယှက်... ဖယ်ရှားပစ်..." အန်းနပ်စ်က မက်ဒါနာရဲ့မေးကို တခြားခြေတစ်ချောင်းနဲ့ကန်လိုက်တယ်။ ဒါကြောင့် သွားတချို့ကျွတ်ထွက်သွားပြီး မက်ဒါနာရဲ့ခေါင်းက မြေပြင်နဲ့ပြင်းပြင်းရိုက်မိသွားတယ်။ အခုသူမလှုပ်နိုင်တော့ဘူး။ သူ့သူငယ်ချင်းတွေက အန်းနပ်စ်က ဖြည်းဖြည်းချင်းသတ်သွားတာကို မြေပေါ်မှာအသေကောင်လိုလဲလျောင်းရင်း သူကြည့်နေရတော့မှာ။

"Mad doctorက ငါတို့ကို အစကတည်းက ဒီလိုမြင်ကွင်းမျိုးနဲ့ အဆုံးသတ်စေချင်ခဲ့တာလား။" ဒါက ဖြစ်နိုင်ခြေတွေ အများကြီးထဲကတစ်ခုပဲ။ ဘာလို့ အန်းနပ်စ်က သူ့ကိုသတ်ရမယ့်ပစ်မှတ်အဖြစ် မသတ်မှတ်ရတာလဲ။

စမစ်က လုပ်ကြံမှုကို ကြိုမတွေးမိခဲ့ပေမဲ့ ဗီလိန်မဟာမိတ်ရှေ့မှာ သူတို့ကိုဒီလိုပုံစံမျိုးနဲ့ အရှက်တကွဲဖြစ်စေချင်ခဲ့တာမျိုး ဖြစ်နိုင်ပါတယ်။ ရန်သူတွေ မဟာမိတ်ပွဲဦးထွက်မှာတင် အရှက်တကွဲရှုံးသွားတယ်ဆိုရင် သူတို့အတွက် အားတက်စရာဖြစ်မယ်မဟုတ်လား။

"ဒါ ငါတို့ရဲ့အဆုံးသတ်လား..." မက်ဒါနာရဲ့ရင်ထဲမှာ မခံနိုင်တဲ့စိတ်ပြင်းပြမှုတစ်ခု ပေါ်ပေါက်လာပါတယ်။တစ်ချိန်တည်းမှာပဲ သူ့ရင်ထဲမှာ ပူလောင်လာပြီး အဲဒီမီးတောက်က သူ့အသိစိတ်တစ်ခုလုံးကို ဝါးမျိုသွားတယ်။

All Chapters