ဥရောပကျူးကျော်ခံရပြီ
Vol. 4 Ch. 50
မက်ထရစ်နန်းတော်မှာတော့ စပိန်ရဲ့လက်ရှိဦးလျှောင် သရဖူပြည့်ရှင် ဂါဘီလီ ၁ တစ်ယောက် စိတ်ညစ်လွန်းလို့ ကိုယ့်ခေါင်းကိုယ် ဆုပ်ကိုင်ထားမိလေရဲ့။
"ဘာလို့ ငါ့လက်ထက်ကျမှ ဒါမျိုးတွေဖြစ်နေရတာလဲ။" စပိန်ပိုင်နက်အတွင်း တဖြည်းဖြည်းချင်းကပ်လာနေတဲ့ အမေရိကန်စစ်သင်္ဘောတွေကြောင့် စပိန်တစ်နိုင်ငံလုံး အုတ်အော်သောင်းနင်းဖြစ်နေပါပြီ။
စပိန်ဝန်ကြီးချုပ်က အရေးအပေါ်အစည်းအဝေးလုပ်ဖို့အတွက် ဇာဇွယ်လာနန်းတော်မှာ ဧကရီဘုရင်မကြီး လီယိုနော်နဲ့စံမြန်းနေတဲ့ ကြင်ယာတော် ဘုရင် ဂါဘီလီကို ဆင့်ခေါ်လာတာပါ။
ဂါဘီလီ ၁ က တော်ဝင်မျိုးလည်းမဟုတ် မူးမတ်မျိုးရိုးလည်းမဟုတ်တဲ့ သာမန်ပြည်သူဖွား နိုင်ငံကိုယ်စားပြု အားကစားသမားဟောင်းဖြစ်ပြီးတော့ စပိန်အိမ်ရှေ့စံမင်းသမီးနဲ့ လက်ထပ်ပြီးအတန်ကြာတဲ့အထိ တိုင်းပြည်အုပ်ချုပ်ရေးအကြောင်း ဘာမှမသိပါဘူး။
ဒါပေမဲ့ အရင်ဘုရင်ကြီး နတ်ရွာစံသွားပြီးတဲ့နောက် သူ့ရဲ့နတ်သမီးပုံပြင်ထဲက မင်းသမီးလေးဟာ ပလ္လင်ကို ဆက်ခံပါတယ်။ ဥရောပမှာ ဘုရင်မတွေမရှားပါဘူး။ ဒါပေမဲ့ လီယိုနော်မင်းသမီးက တိုင်းပြည်ကို အုပ်ချုပ်ဖို့ နည်းနည်းလေးမှ စိတ်မဝင်စားတာကြောင့် ကြင်ယာတော်မင်းသား ဂါဘီလီကို ကိုယ်စားအုပ်ချုပ်ခွင့် ပေးခဲ့တာပါ။ ဒါပေမဲ့ ဂါဘီလီကိုယ်တိုင်ကလည်း ဒီလိုနေရာမျိုးမှာမတော်ပါဘူး။
နောက်ဆုံးတော့ ဒီစပိန်ဦးလျှောင်နှစ်ပါးဟာ လွှတ်တော်အတွင်း ဝင်ရောက်စွတ်ဖက်မှုမပြုတော့ဘဲ ဝန်ကြီးချုပ်အစိုးရကိုသာ အာဏာကုန်လွှဲအပ်တဲ့အထိ ဖြစ်လာပါတယ်။
ကမ္ဘာပေါ်မှာ သက်ဦးဆံပိုင်စနစ်နဲ့အုပ်ချုပ်တဲ့ နိုင်ငံပေါင်း ၂၃ နိုင်ငံအနက် စပိန်ဟာ စည်းမျဥ်းခံ ဘုရင်စနစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံပါ။ ဒါပေမဲ့ ဂရိတ်ြဗိတိန်နဲ့ဂျပန်ရဲ့စည်းမျဥ်းခံဘုရင်စနစ်နဲ့မတူတာက စပိန်သက်ဦးဆံပိုင်တွေဟာ နိုင်ငံရေးဩဇာပိုကြီးပါတယ်။ လခစားပြီး အခမ်းအနားတက်ရောက် မိန့်ခွန်းပြောကြားရုံထက် ပိုပါတယ်။
စပိန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘုရင်ဟာသံတမန်ဆက်ဆံရေးမှာ အမြင့်ဆုံးကိုယ်စားပြုနိုင်စွမ်းရှိသူဖြစ်ပြီး သံခင်းတမန်ခင်းတွေအားလုံးကို စီမံခွင့်ရှိသူပါ။ အလားတူပဲ စစ်ကြေညာခွင့်၊ စစ်ပြေငြိမ်းခွင့်နဲ့ စစ်တပ်တွေကို ထိန်းချုပ်လှုပ်ရှားစေခွင့်ရှိပါတယ်။ ဒါပေါ့၊ အရင်ဆုံးတော့ လွှတ်တော်သဘောတူညီချက်ရှိမှ တကယ့်စစ်ပွဲကိုစဖို့ဖြစ်နိုင်မှာပါ။ ဒါပေမဲ့ အခြားတစ်ဖက်မှာလည်း အကန့်အသတ်စစ်ပွဲတွေကို ဘုရင်က စတင်နိုင်တဲ့ ဥပဒေမျိုးဖြစ်နေပြန်ပါတယ်။
ဒါကြောင့် အတိတ်ကာလက ဝန်ကြီးချုပ်အစဥ်အဆက်ဟာ ဒီဥပဒေကိုပြင်ဖို့ ကြိုးစားဖူးကြပေမဲ့ လွှတ်တော်ထဲမှာ ဘုရင်စနစ်လိုလားသူ တစ်ဝက်လောက်ရှိနေတာကြောင့် အရာမထင်ပါဘူး။ လူတိုင်းက ဘုရင်အရူးထပြီး စစ်ကြေညာမှာကိုပဲ ကြောက်နေရတာဖြစ်ပြီး စစ်ဆိုတာမျိုးက မှားလို့ပါလို့ပြောလို့မရဘူးမဟုတ်လား။ ဒါပေမဲ့ ဂါဘီလီလက်ထပ်မှာတော့ တစ်မျိုးပြောင်းသွားပါတယ်။ ဧကရီဘုရင်မကြီးနဲ့အရပ်သားကြင်ယာတော်က တိုင်းပြည်အရေးမှာ ဝင်စွက်ဖက်ဖို့ထက် သူတို့အချစ်ကမ္ဘာလေးထဲမှာပဲ နေချင်ကြတာပါ။ ဒီတော့ လွှတ်တော်အနေနဲ့ ဘာမှစိတ်ပူနေစရာမရှိဘူး ဖြစ်နေတယ်။ အနည်းဆုံးတော့ အေးချမ်းတဲ့မင်းတစ်ဆက်တာကာလကို ဖြတ်သန်းရမှာပါ။
စည်းမျဥ်းခံဘုရင်စနစ်မှာက သက်ဦးဆံပိုင် ဘုရင်စနစ်လိုမျိုး ထက်မြက်တဲ့ဘုရင်တွေ မလိုအပ်ပါဘူး။ အဲဒီအစား အခြေခံဥပဒေအပေါ်စောင့်ထိန်းပြီး ပြည်သူတွေစိတ်ချမ်းသာအောင် လွှတ်တော်ကြိုးဆွဲရာ ကပြခံမယ့် ဘုရင်ငဒူငအတွေသာ လိုအပ်ပါတယ်။ ဒီတော့ ဂါဘီလီဟာ လွှတ်တော်အကြိုက်မင်းကြီးဖြစ်နေတော့တာပေါ့။
ဒါပေမဲ့ ဒီနေ့တော့ လွှတ်တော်တစ်ခုတည်းနဲ့ ဆုံးဖြတ်မရတဲ့ ကိစ္စတစ်ခု တိုင်းပြည်မှာဖြစ်လာပါတယ်။
အဲဒီသောက်ကျိုးနည်းအမေရိကန်တွေက သူတို့တိုင်းပြည်ပိုင် ကျွန်းတစ်ကျွန်းကို နျူကလီးယားနဲ့ကျဲပြီး မြေပုံပေါ်ကဖျောက်ပစ်ဖို့ တကယ်ကြီးကြိုးစားနေတာပါ။
"ဒီကောင်တွေ ခေါင်းကိုမြင်းကန်ခံထားရတာလား။ ခုချက်ချင်း သံရုံးကိုစာပို့ပြီးကန့်ကွက်..."
"အရှင်မင်းကြီး၊ အခုက စာပို့ကန့်ကွက်လည်း ဘာမှထူးမယ့်အခြေအနေမျိုးမဟုတ်ဘူး။ အဲဒီအမေရိကန်တွေက လုပ်ပြီဆို ဘယ်သူမှတားရတာမဟုတ်ဘူး။ မလုပ်ရင်လည်း လှည့်ကိုမကြည့်တာ။"
ရေနံလိုချင်လို့ဆိုပြီး အီရပ်ကိုဝင်သိမ်းတုန်းက ဘယ်သူ အမေရိကန်ကို တားရဲလို့လဲ။ အခုလည်း အတူတူပါပဲ။ သူတို့စာပို့ကန့်ကွက်ရင်တောင် ဟိုကဂရုစိုက်မှာမဟုတ်ဘူး။
"ဒါဖြင့် မင်းငါ့ဆီလာတာ စစ်ကြေညာခိုင်းဖို့လား၊ ဒါပေမဲ့ ငါတို့စပိန်ရဲ့အင်အားက မလုံလောက်ဘူးလေ။"
စပိန်စစ်တပ်ရဲ့ကမ္ဘာအဆင့်က ၂၁ ဖြစ်ပြီး ဥရောပနိုင်ငံတစ်နိုင်ငံရဲ့အဆင့်အတန်းအနေနဲ့ မဆိုးဘူးလို့ပြောရမှာပါ။ ဒါပေမဲ့ အမေရိကန်က ကမ္ဘာ့အဆင့် ၁ ဖြစ်ပြီး စစ်ကြေညာမယ်ဆိုရင် စပိန်က ရှုံးဖို့ရာနှုန်းပြည့်ပါ။ မြေထဲပင်လယ်တပ်ဖွဲ့ကိုတောင် သူတို့မနည်းနိုင်အောင် တိုက်ရမှာပါ။
"မင်းကြီး၊ ကျွန်တော်လည်း သူတို့ကို မနိုင်မှန်းသိတာပေါ့။ ဒါပေမဲ့ စပိန်ကမ်းခြေစောင့်တပ်ဖွဲ့ကိုလွှတ်ပြီး တားမှရမယ်လေ။ မဟုတ်ရင် စပိန်က ဂျပန်ပြီးရင် ဒုတိယမြောက် နျူကလီးယားထိမှန်တဲ့ နိုင်ငံဖြစ်သွားလိမ့်မယ်။ ကျွန်တော်တို့က အမေရိကန်ကို စစ်တိုက်ဖို့လုပ်မှာမဟုတ်ဘူး၊ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ကာကွယ်ဖို့လုပ်မှာ။"
ဂါဘီလီလည်း သေချာစဥ်းစားကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်တယ်။ "ဒါဆို မင်းက ငါ့ကို ခုခံစစ်အတွက် စုရုံးစေချင်တာပေါ့။ ကောင်းပြီလေ၊ ငါအမိန့်ထုတ်ပြန်လိုက်မယ်။"
စပိန်ဘုရင်ဆီကနေ ခုခံစစ်အတွက် အမိန့်ထွက်ပေါ်လာပြီးတဲ့နောက် ဥရောပသမဂ္ဂတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ အစကတော့ ကောလာဟလတွေလို့ထင်ခဲ့ပေမဲ့ မြေထဲပင်လယ်တပ်ဖွဲ့က တကယ်ကြီးစပိန်ကို နျူနဲ့ထုဖို့လုပ်နေမှန်းသိကုန်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ အမေရိကန်သံအမတ်တွေကိုဆင့်ခေါ်ပြီး ပြင်းထန်စွာရှုတ်ချကြပါတယ်။
NATO အဖွဲ့ဝင်တွေတောင် သူတို့ရဲ့မဟာမိတ်စာချုပ်ကို ဖျက်သိမ်းဖို့ စဥ်းစားနေကြပါပြီ။ ကိုယ့်အကျိုးအတွက်နဲ့ မဟာမိတ်တွေကို ဖျက်အားပြင်းဗုံးနဲ့ပစ်မယ့် မဟာမိတ်မျိုးကို ဘယ်သူမှမလိုချင်ကြဘူးမဟုတ်လား။
...
အမေရိကန် လုံခြုံရေးကောင်စီအစည်းအဝေးမှာတော့ သမ္မတဂျိုးလ်ဝဲလ်ဆင်က သေတ္တာနက်ကလေးပေါ်မှာ လက်တင်ထားတယ်။ လျှို့ဝှက်ကုတ်အားလုံး စုံသွားပြီဖြစ်တဲ့အတွက် နိုင်ငံရဲ့နျူလက်နက်တိုင်းက အသင့်ဖြစ်နေပြီဖြစ်ပြီး လိုအပ်ရင် ပုံမှန်နျူလက်နက်တွေထက် အဆငါးရာပြင်းတဲ့ ဟိုက်ဒရိုဂျင်ဗုံးတွေကိုတောင် သူထုတ်သုံးနိုင်ပါတယ်။
ဒါပေမဲ့ သူတို့က ကျွန်းငယ်လေးတစ်ခုပေါ်မှာရှိနေတဲ့ မြူတန့်အုပ်စုကို ပစ်မှတ်ထားနေတာဖြစ်တဲ့အတွက်ကြောင့် မြေထဲပင်လယ်သင်္ဘောအုပ်စု သယ်ဆောင်ထားတဲ့ သာမန်နျူဒုံးကိုသာ သုံးကြမှာပါ။
"သမ္မတကြီး၊ ကျွန်တော်တို့တပ်ဖွဲ့တွေ အစီရင်ခံလာပါတယ်။ မြေထဲပင်လယ်တပ်ဖွဲ့ကို စပိန်ရေတပ်သင်္ဘောအုပ်စုက တားဆီးထားပါတယ်။ သူတို့မြေပေါ်ကို နျူနဲ့ပစ်ဖို့ကြိုးစားရင် အစွမ်းကုန်ခုခံမယ်လို့ ဘုရင့်အမိန့်ထွက်လာပါတယ်။"
သမ္မတဂျိုးဝဲလ်ဆင်က ခဏလောက်စဥ်းစားကြည့်ပြီး ရယ်လိုက်တယ်။ "ဟုတ်ပါပြီ၊ သူတို့ဖက်က သင်္ဘောဘယ်နှစ်စင်းပါလဲ။"
"လေယာဥ်တင်သင်္ဘောတစ်စင်း၊ ရေငုပ်သင်္ဘောနှစ်စင်းနဲ့ ဖရီးဂိတ်တစ်ဒါဇင်ပါ။ ဒါပေမဲ့ အများစုက စပိန်ပြည်တွင်းလုပ်တွေမလို့ ကျွန်တော်တို့နဲ့ယှဥ်ရင် နည်းပညာနိမ့်ပါတယ်။"
"ငါတို့ကတောင် အရေအတွက်ပိုများနေသေးတာပဲ။ အကုန်မြုပ်ပစ်ပြီး ဒုံးကျည်ထိပ်ဖူးကို ပစ်ဖို့သာလုပ်။"
"ဒါပေမဲ့... သမ္မတကြီး..."
အမေရိကန်ရဲ့မြေထဲပင်လယ်တပ်ဖွဲ့က အီတလီမှာ စခန်းဖွဲ့နေတာဖြစ်ပြီး အားလုံးပေါင်း ခရူဇာ ဖျက်သင်္ဘောအစင်းလေးဆယ်လောက်ရှိပါတယ်။ မြေထဲပင်လယ်တပ်ဖွဲ့က စပိန်ပိုင်နက်ထဲကို အင်အားပြည့်ဝင်လာတာမဟုတ်ပေမဲ့ လေယာဥ်တင်သင်္ဘောနဲ့အတူ ဖျက်သင်္ဘော နှစ်ဆယ်နီးပါးအပြင် ရေတပ်သင်္ဘောငါးစင်းပါပါတဲ့အတွက် သူတို့အရေအတွက်က ပိုသာနေပါတယ်။
ပြီးတော့ ရေတပ်တိုက်ပွဲတွေမှာ အရေအတွက်များလေ နိုင်ဖို့များလေဖြစ်ပြီးတော့ နည်းပညာလည်းပိုသာနေတဲ့အတွက် စပိန်ရေတပ်ဟာ ရှုံးဖို့သေချာနေပါတယ်။ ဒါပေမဲ့ အမေရိကန်ဘက်ကလည်း အထိအခိုက်အကျအဆုံး သေချာပေါက်ရှိမှာပါ။ ဒါကြောင့် စစ်ဦးစီးအရာရှိက စိုးရိမ်နေတာ။
"ကိစ္စမရှိဘူး၊ မြေထဲပင်လယ်တပ်ဖွဲ့ကို တိုက်ပွဲပြီးတာနဲ့ တပ်တော်ဝင်ထားတာမကြာသေးတဲ့ သင်္ဘောအသစ်တွေ ထပ်ပေးမယ်။ နျူကလီးယားနဲ့ပစ်ပြီးလို့ ဖြစ်လာနိုင်တဲ့ ရင်ဆိုင်ဖို့ဆိုရင် မြေထဲပင်လယ်တပ်ဖွဲ့က အင်အားအပြည့်ရှိနေမှဖြစ်မယ်။"
သမ္မတဝဲလ်ဆင်ရဲ့စကားကို စစ်ဦးစီးအရာရှိတွေက ခေါင်းညိတ်လိုက်ကြတယ်။ ယခင်သမ္မတအများစုဟာ စစ်မဲ့ဝါဒီပြည်သူတွေရဲ့မျက်နှာကိုကြည့်ပြီး ကန်စစ်တပ်ရဲ့ဘားဂျက်တွေကို ဖြတ်ပြီးရင်းဖြတ်နေပေမဲ့ဂျိုးဝဲလ်ဆင်ကတော့ အမြဲတမ်းလွှတ်တော်နဲ့ဆန့်ကျင်ပြီး သူတို့ကိုထောက်ပံပေးခဲ့သူပါ။ ဒီတော့ ဂျိုးဝဲလ်ဆင်ကို ဒီဦးစီးအရာရှိတွေက သူတို့နဲ့ပခုံးချင်းယှဥ်တိုက်ဖူးသူလိုမျိုး ယုံကြည်ကြပါတယ်။ လူတွေကို အယုံယွင်းစည်းရုံးတဲ့နေရာမှာ ဂျိုးလ်ဝဲလ်ဆင်က လူတကာထပ်တော်ပါတယ်။
ပြီးတော့ အမေရိကန်ရဲ့သမိုင်းနှစ်ပေါင်း နှစ်ရာ့ခုနစ်ဆယ်ကျော်အတွင်းမှာ ၁၇နှစ်သာ ငြိမ်းချမ်းတဲ့နှစ်ရှိခဲ့တာပါ။ ဒီစစ်ဦးစီးတွေအားလုံးနီးပါးဟာ စစ်ပွဲတွေကို ရူးသွပ်နေကြသူတွေချည်းပါပဲ။
ဒီလိုနဲ့ ၂၁ ရာစုရဲ့အကြီးဆုံးရေတပ်တိုက်ပွဲကြီးတစ်ခုဖြစ်လာမယ့် စပိန်အမေရိကန် မြေထဲပင်လယ် ရေတပ်တိုက်ပွဲကြီးဟာ စပိန်ကျွန်းဆွယ်ဒေသမှာ စတင်ဖြစ်ပွားခဲ့ပြီး ကျွန်းပေါ်က မြူတန့်သိပ္ပံနဲ့ဟီးရိုးတွေရဲ့တိုက်ပွဲထက်တောင် အသေအပျောက်များခဲ့ပါသေးတယ်။
စပိန်ရေတပ်တစ်ခုလုံးနှစ်မြုပ်ခံရပြီး အမေရိကန် ခရူဇာ ခြောက်စင်းနဲ့ တိုက်လေယာဥ်ကိုးစင်း ပစ်ချခံခဲ့ရတယ်။ စပိန်တွေရဲ့တစ်ခုတည်းသော လေယာဥ်တင်သင်္ဘော Príncipe de Asturiasဟာ တော်ပီဒိုထိမှန် နစ်မြုပ်သွားပြီး စပိန်ရေငုပ်သင်္ဘောနှစ်စင်းကလည်း ရေအောက်စီးချင်းယှဥ်ပွဲမှာ အမေရိကန်ရေငုပ်သင်္ဘောတွေကို အသာစီးမရခဲ့တဲ့အတွက် ရေပေါ် ပြန်မတက်လာနိုင်တော့ပါဘူး။
စပိန်ဘုရင်ရဲ့ရေတပ်ကို ဖျက်ဆီးပစ်ပြီးတဲ့နောက် အမေရိကန်ရေတပ်လုပ်တာက နျူကလီးယားထိပ်ဖူးကိုပစ်ခတ်နိုင်ဖို့အတွက် ကျွန်းဖက်ကိုချိန်တာပါ။ ကျွန်းက သူတို့နဲ့အဝေးကြီးဖြစ်ပေမဲ့ ဒုံးပျံတွေရဲ့ထုံးစံအတိုင်းပဲ ဂြိုဟ်တုစနစ်အားကိုးနဲ့ ကီလိုမီတာရာနဲ့ချီပြီး ချိန်ပစ်လို့ရတဲ့အတွက် ကိစ္စမရှိပါဘူး။ ပြောရရင်တော့ မက်ဒါနာတို့မသိလိုက်ခင်မှာပဲ သူတို့ရှိနေတဲ့ကျွန်းဟာ လူသားတွေရဲ့ဖျက်အားအပြင်းထန်ဆုံးလက်နက်နဲ့ အချိန်ခံနေရပါပြီ။
ဂျိုးဝဲလ်ဆင်ကတော့ သဘောတကျနဲ့ သေတ္တာပေါ်က အနီရောင်ခလုတ်လေးကို အဖုံးဖွင့်ကာ နှိပ်လိုက်တယ်။
"ကဲ... ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင်ပစ်ကြည့်ရအောင်။"
....
ရန်သူအားလုံးကို ဖြေရှင်းပြီးတဲ့နောက်တော့ နယူးယောက်ဟီးရိုးအစည်းအရုံးရဲ့အဖွဲ့ဝင်ဟောင်းတွေ အားလုံးဟာ မက်၊ မယ်ရီနဲ့မိုးတို့ စီစဥ်ထားတဲ့ မြို့ပြင်က စံအိမ်ကြီးတစ်လုံးဆီကို ရောက်လာကြတယ်။ ဒီနေရာက မြို့နဲ့တော်တော်ဝေးပြီးတော့ ကိုလီနီခေတ်က ဆောက်လုပ်ထားတဲ့ သူကောင်းမျိုးအိမ်တော်တစ်ခုနဲ့တောင် တူပါသေးတယ်။ ပြီးတော့ ဒီနေရာက ဂလက်ဆီကျောက်မျက်လုပ်ငန်းရဲ့သူဌေး ဆိုဖီယာပိုင်တာပါ။
ဟယ်ရီကတော့ ဆိုဖာခုံမှာထိုင်ရင်း သူတို့မြူတန့်ဌာနခွဲကအထွက်ခရီးကို ပြန်တွေးနေမိတယ်။ အဲဒီမှာ သိပ်ကိုကြီးမားတဲ့ တိုက်ပွဲတစ်ခုဖြစ်ခဲ့ပြီး ယာမီက သူတို့ကိုတားတဲ့သူမှန်သမျှကို သတ်ပစ်ခဲ့တယ်။ ဒါကြောင့် လူသတ်ဖို့ကို ဘယ်တုန်းကမှ စိတ်ကူးလေ့မရှိတဲ့ ဟယ်ရီလိုဟီးရိုးတစ်ယောက်အဖို့ အသားကျတဲ့ မြင်ကွင်းမျိုးမဟုတ်ဘူး။
"ဘာလဲ၊ မင်းရဲ့ရန်သူတွေကို သတ်ဖြတ်ဖို့အတွက် ဝန်လေးနေဆဲပဲလား။" ဟယ်ရီက ယာမီကိုမော့ကြည့်လိုက်တယ်။ ဖြစ်ပျက်နေတဲ့ အပြောင်းအလဲတွေက မြန်ဆန်လွန်းလို့ သူ့ဦးနောက်က လိုက်မမီတော့ဘူး။
"အရင်ကလည်း ဗီလိန်တွေနဲ့တိုက်ခိုက်ဖူးပေမဲ့ ဒီလူတွေက ဗီလိန်မဟုတ်တဲ့အတွက် စိတ်ထဲလေးနေတာတော့ အမှန်ပဲ။"
ယာမီက ပြတင်းပေါက်အပြင်ကို လှမ်းကြည့်လိုက်ရင်း သက်ပြင်းချလိုက်တယ်။ အပြင်မှာ ဘဏ္ဍာစိုးသုံးကောင်က အားလုံးအတွက် ကင်းစောင့်ပေးနေတယ်။
"မင်းက တရားမျှတမှုကို စိတ်စွဲနေတုန်းပဲဆိုတာ ငါသိတယ်။ ဒါပေမဲ့ အမှန်တရားဆိုတဲ့ လမ်းကြောင်းပေါ်ကနေ သွေဖယ်သွားတဲ့ အစိုးရအဖွဲ့အစည်းတွေက ဗီလိန်တွေနဲ့မခြားဘူးဆိုတာ မင်းမှတ်ထားဖို့လိုတယ်။ သူတို့က ပိုပြီးတော့တောင် ရက်စက်ကြသေးတယ်။"
"ဒါဆိုရင် ငါတို့ဘာဆက်လုပ်ကြမှာလဲ... အခုငါတို့အားလုံး ဟီးရိုးတွေမဟုတ်ကြတော့ဘူး။"
ဟယ်ရီက တစ်ဖက်ခြမ်းမှာထိုင်နေတဲ့ မယ်လီနဲ့ဖားလေးတို့ကို ကြည့်လိုက်တယ်။ အမေရိကန်ရဲ့ဟီးရိုးကြီးကတော့ နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေကြောင့် ပင်ပန်းစွာနဲ့ အနားယူနေတုန်းပဲ။ ခဏနေတော့ ယာမီက ထက်သက်ပြင်းချလိုက်ပြီး ပြောလိုက်တယ်။
"ဟီးရိုးတွေမဟုတ်ကြတော့တာတောင် အမှန်တရားကို မစွန့်လွှတ်နိုင်သေးရင်တော့ မင်းတို့တွေလုပ်သင့်တာက ဖရီးရိန်းဂျားပဲ။ တစ်ခြားအခေါ်အားဖြင့်တော့အမ်တီဟီးရိုးတွေပါ။ ငါက ဗီလိန်ဟောင်းမလို့ တရားမျှတမှုအကြောင်း ပါးစပ်ကပြောရတာ မကောင်းပေမဲ့ လူသားတွေကိုရော မြူတန့်တွေကိုပါ ကာကွယ်ချင်တယ်ဆိုရင် မင်းတို့သရုပ်မှန်ကို ဖုံးကွယ်ပြီး အမှောင်ထဲကနေ လှုပ်ရှားတာအကောင်းဆုံးပဲ။ ဒါပေမဲ့မင်းတို့ရဲ့အဓိကရန်သူက အမေရိကန်အစိုးရဖြစ်လာလိမ့်မယ်။"
ဟယ်ရီက သက်ပြင်းချလိုက်တယ်။ အခုအမေရိကန်မှာရှိတဲ့ ဟီးရိုးအစည်းအရုံးတွေက အစစ်မဟုတ်ကြတော့ဘူး။ ဂျိုးဝဲလ်ဆင်ဦးဆောင်တဲ့ လူသားလူမျိုးကြီးဝါဒ အစိုးရရဲ့ရုပ်သေးတွေဖြစ်နေပြီ။ ဒီတော့ သူတို့လို ဟီးရိုးအစည်းအရုံးဖျောက်ဖျက်ခံရခြင်းကနေ
လွတ်မြောက်လာသူတွေက စင်ပြိုင်ဟီးရိုးအစည်းအရုံးထောင်ပြီး တရားမျှတမှုအတွက် ဆက်တိုက်ပွဲဝင်သင့်တာပေါ့။
"မင်းက ငါတို့ကို စင်ပြိုင်ဟီးရိုးအစည်းအရုံးတစ်ခု ထောင်စေချင်တာလား။ ကောင်းပြီလေ..."
ဟယ်ရီပြုံးလိုက်တယ်။ တကယ်တော့ အမေရိကန်ဩဇာမခံတဲ့ ဟီးရိုးအစည်းအရုံးတွေက သူတို့ပဲရှိတာတော့မဟုတ်ဘူး။ မက္ကဆီကိုအစည်းအရုံးကလည်း အလားတူကြိုးစားနေတယ်။ ဒီတော့ သူတို့ချင်း အဆက်အသွယ်လုပ်ပြီး အပြန်အလှန်ကူညီရင်းနဲ့ ဟီးရိုးအစည်းအရုံး ပြန်လည်ထူထောင်ရေးလုပ်ဖို့တောင် မျှော်လင့်လို့ရနိုင်တယ်။
"ဟုတ်တယ်၊ ဟီးရိုးတွေက မျှော်လင့်ချက်မမဲ့သေးဘူး။ ကြိုးစားကြည့်ကြတာပေါ့။" ဖားလေးကလည်း ဘေးမှာ လာရပ်တယ်။ နေရောင်ချည်က စံအိမ်ကြီးရဲ့ပြတင်းပေါက်ကနေတစ်ဆင့် သူတို့အပေါ်ဖြာကျနေတယ်။
ဒီအခိုက်အတန့်လေးက မြောက်အမေရိကနဲ့ဗဟိုအမေရိက တစ်ခုလုံးအပေါ် ဩဇာသက်ရောက်နိုင်စွမ်းရှိတဲ့ နောင်အခါမှာသမိုင်းဝင်လာမယ့် ဟီးရိုးအစည်းအရုံးပြန်လည်ထူထောင်ရေးခေတ်ရဲ့အစပဲဖြစ်ပါတယ်။
အခုကနေစပြီး အစစ်အမှန်ဟီးရိုးအစည်းအရုံးဟာ အမေရိကန် ဖက်ဒရယ်အစိုးရကို တွန်းလှန်မယ့် အမိုက်မှောင်ထဲက မြေအောက်လှုပ်ရှားမှုအဖွဲ့ဖြစ်သွားပါပြီ။
...
မက်ဒါနာအတွက်ကတော့ အသက်ဆုံးရှုံးခါနီးတစ်ခဏလေးမှာ အချိန်စီဆင်းမှုတစ်ခုလုံး ရပ်တန့်သွားသလို ခံစားရတယ်။
မီးတောက်တစ်ခုက သူ့ခန္ဓာကိုယ်ကို ဝါးမျိုသွားပြီး သူခံစားဖူးသမျှထဲမှာ အဆိုးဝါးဆုံးနာကျင်မှုက သူ့အာရုံငါးပါးကို ဖုံးလွှမ်းသွားတယ်။ နောက်ဆုံးသူလုံးဝ သတိလွတ်သွားတော့မယ့်အချိန်မှာပဲ နာကျင်မှုတွေအားလုံး အဆုံးသတ်သွားပြီး သူ့စိတ်အစဥ်က အိပ်တစ်ဝက် နိုးတစ်ဝက်အခြေအနေကို ဝင်ရောက်သွားတယ်။
"ဟင်... ဒီနေရာက ဘာလဲ... ငါဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ။"
မက်ဒါနာ သတိဝင်လာပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သိပ်ကိုထူးဆန်းတဲ့ လောကတစ်ခုထဲကို ဝင်ရောက်လာမိမှန်း သတိပြုမိလိုက်တယ်။
ဒါပေမဲ့ စိတ်ကူးယဥ်ဆန်ပြီး လှပတဲ့နေရာမျိုးတော့ မဟုတ်ပါဘူး။ အရာရာတိုင်းပျက်စီးနေပြီး အသက်ဓာတ်ကင်းမဲ့နေတဲ့ ကမ္ဘာကြီးတစ်ခုထဲမှာ သူရှိနေတာပါ။
ကောင်းကင်ကြီးရှိနေပေမဲ့ ကောင်းကင်ပေါ်မှာ ကြယ်တွေမရှိဘူး။ ရာသီဥတုမကောင်းလို့ တိမ်ဖုံးနေတာမျိုးမဟုတ်ဘဲ လုံးဝကို ကောင်းကင်ကြီးက ဟာလာဟင်းလင်းဖြစ်နေတာ။ ဒီနေရာမှာရှိနေတဲ့ အလင်းရောင်က နေတို့လတို့လိုမျိုး အာကာသဒြပ်ထုတွေကနေ လာတာမျိုးမဟုတ်ဘူး။
အဲဒီအစား အံ့မခန်းကြီးမားလှတဲ့ ရုပ်ထုကြီးတစ်ခုကနေ အလင်းရောင်ထွက်နေတာပါ။ အဲဒီရုပ်ထုကြီးက အလင်းရောင်က နွေးထွေးမှုမရှိဘဲ လူတစ်ယောက်ကို မသက်မသာခံစားရစေတယ်။ မသိရင် ဒီအလင်းရောင်က လူတစ်ယောက်ရဲ့ဝိညာဥ်ကို စုပ်ယူပြီး ဖျက်ဆီးပစ်တော့မလိုမျိုးပဲ။
"ဟမ်... ဘာလို့ ဒီမှာ ငါနဲ့တူတဲ့လူတစ်ယောက် ရှိနေတာလဲ။"
နောက်ဆုံးတော့ မက်ဒါနာက သူ့ရှေ့မှာရှိနေတဲ့ လူတစ်ယောက်ကို သတိထားမိသွားတယ်။ အဲဒါက မိန်းကလေးတစ်ယောက်ပါ။ လှပကြီးရှည်လျားတဲ့အဖြူရောင်ဆံပင်တွေရှိပြီး အဲဒီမိန်းကလေးရဲ့ခန္ဓာကိုယ်အသားအရေက ချောမွေ့ပြီးပုလဲလိုဖြူစင်တယ်။
သူ့ရဲ့ညာဖက်မျက်လုံးအိမ်က မက်ဒါနာလိုပဲ လှပတဲ့ ငွေရောင်မျက်လုံးအိမ်ဖြစ်ပေမဲ့ အခြားတစ်ဖက်မှာကသဘာဝမျက်လုံးရှိမနေဘဲ အပြာရောင်လဲ့လဲ့တောက်ပနေတဲ့ စက်မျက်လုံးသာရှိနေပါတယ်။ ပြီးတော့ အဲဲဒီမိန်းကလေးက ဘုရင်မတစ်ပါးလိုမျိုး ထူးဆန်းတဲ့ သတ္တုပလ္လင်ပေါ်မှာထိုင်နေတာ။ သူ့မျက်နှာထားက ခံစားချက်ကင်းမဲ့နေသလိုရှိပေမဲ့ တစ်ချိန်တည်းမှာပဲ အထီးကျန်ဆန်ခြင်းနဲ့ ခံစားချက်မဲ့ခြင်းကို ခံစားရပြန်တယ်။ အဲဒီအပြင် မိန်းကလေးရဲ့ဦးခေါင်းအထက်မှာ သဘာဝမကျစွာပျံဝဲနေတဲ့ အဖြူရောင်အလင်းတွေဖြာထွက်နေတဲ့ နတ်သမီးရဲ့ရောင်ဝါစက်ကွင်းလိုအရာလည်းရှိတယ်။ အဲဲဒီကနေ ဖြာထွက်နေတဲ့ အလင်းတွေကို မက်ဒါနာ သေချာသိတယ်။
"ဟမ်... ဒါက အလင်းဒြပ်စင်တွေမဟုတ်လား။"အဲဒါကကို ဖိနှိပ်ပြီးအသုံးပြုရင် တအားပြင်းထန်တဲ့စွမ်းအားကို ထုတ်ဖော်ပေးနိုင်စွမ်းရှိတဲ့ ထူးခြားစွမ်းအင်အရင်းအမြစ်လေ။ သူ့ရဲ့ဝတ်စုံမှာတောင် ထည့်သုံးထားသေးတယ်။
မိန်းကလေးက မက်ဒါနာရဲ့စကားကိုကြားတော့ သူ့ရဲ့ခံစားမှုကင်းမဲ့တဲ့ မျက်လုံးတွေနဲ့ ငုံကြည့်လိုက်ပြီး ပြောတယ်။
"ပျက်စီးနေတဲ့ သတ္တမဲ့လောကကနေ ကြိုဆိုပါတယ် အားနည်းတဲ့ငါ။ မင်းက ငါကိုယ်တိုင်ဖြစ်ပေမဲ့ သိပ်ကိုအားနည်းလွန်းပြီး သေတော့မလိုဖြစ်နေလို့ ငါမင်းကို ဒီခေါ်လိုက်ရတာ။"
ဒီမိန်းကလေးရဲ့စကားတွေက ခံစားချက်ကင်းမဲ့လွန်းနေပြီး ကွန်ပျူတာတစ်လုံးက ဒေတာတွေကို ဖတ်ပြနေတာနဲ့တူတယ်။ မက်ဒါနာလည်း နားကိုမလည်တော့ဘူး။ ခုနကတင် သူ့ကိုယ်သူသေပြီလို့ထင်ထားတာလေ။ အခုကျတော့ ဘယ်လိုလုပ် သူနဲ့ချွတ်စွပ်တူတဲ့ လူတစ်ယောက်ဆီ ရောက်လာတာတုန်း။ သေတော့မှာမလို့ ထင်ယောင်ထင်မှားတွေ မြင်နေတာတော့ မဟုတ်ပါဘူးနော်။
"နေပါဦး... နင်က ဘယ်သူလဲ။" မက်ဒါနာ မေးလိုက်ပေမဲ့ အဲဒီမိန်းကလေးက အရေးမလုပ်ဘဲ လက်ကိုဆန့်ထုတ်လိုက်ပြီး အလင်းဒြပ်စင်တွေကို စုစည်းကာ မက်ဒါနာဆီကို ပေးပို့လိုက်တယ်။ အလင်းဒြပ်စင်တွေက အခုမက်ဒါနာကို လွှမ်းခြုံထားတယ်။ မက်ဒါနာရဲ့ကိုယ်ထဲကို အလင်းဒြပ်စင်တွေ ဝင်လာလေလေအဲဒီမိန်းကလေးရဲ့ပုံစံက ဖြူဖျော့လာပြီး အချိန်မရွေးလဲကျတော့မလို ဖြစ်လာလေလေပဲ။
"အသေးစိတ် ရှင်းပြနေဖို့အချိန်မရှိသေးသလို အချိန်လည်းမတန်သေးဘူး ငါ့ရဲ့အနာဂတ်ငါ။ ငါ့ရဲ့စွမ်းအင်တွေကို သယ်သွားပြီး မင်းရဲ့ရန်သူကို အပြတ်ဖြတ်ခဲ့။ အချိန်တန်လာရင် ငါတို့ထပ်တွေ့ရဦးမှာပါ။"
အဲဒီနောက်တော့ မက်ဒါနာဟာ ပျက်စီးနေတဲ့လောကကြီးထဲကနေ အလာတုန်းကလိုပဲ ရုတ်တရက်ပျောက်သွားပြီး အပြင်လောကမှာ ပြန်အသိဝင်လာတယ်။ သူမော့ကြည့်လိုက်တော့ သူ့အပေါ်ကိုကျဆင်းလာနေတဲ့ အန်းနပ်စ်ရဲ့ခြေထောက်ကို လက်ဗလာသက်သက်နဲ့ ပင့်မထားမိတာကို ခံစားမိလိုက်တယ်။ မှန်ပါတယ်၊ မက်ဒါနာက အန်းနပ်စ်ကို ခန္ဓာကိုယ်အားသက်သက်နဲ့ ခုခံနေတာပါ။
သူ့မျက်လုံးတွေထဲကနေ ငွေရောင်အလင်းတွေ ဖြာထွက်နေပြီး ခေါင်းပေါ်မှာတော့ အလင်းဒြပ်စင်ကနေဖြစ်တည်လာတဲ့ နတ်သမီးရောင်ဝါကွင်းရှိနေတယ်။ သူ့ခန္ဓာကိုယ်က ဒဏ်ရာတွေမကောင်းသွားပေမဲ့ အလင်းဒြပ်စင်တွေက သူ့ကိုယ်ထဲဖြတ်စီးနေပြီး အရိုးတွေကျိုးနေပေမဲ့ သူ့ကိုပုံမှန်အတိုင်းလှုပ်ရှားလို့ရအောင် ကူညီပေးနေတယ်။
အခုအခြေအနေမှာ သူဟာပြိုင်ဘက်ကင်း ဖြစ်နေပြီမှန်းလည်း ကိုယ့်ကိုယ်ကိုယ်နားလည်ပါတယ်။ ပြီးတော့ စူပါကွန်ပျူတာတစ်လုံးလိုမျိုး ကိုယ့်ဘာသာ ဘာဆက်လုပ်ရမလဲဆိုတာကို တွက်ချက်နိုင်စွမ်းရှိနေပြီး ဒီမရင်းနှီးတဲ့စွမ်းအားသစ်ရဲ့အလုပ်လုပ်ပုံကိုပါ နားလည်နေတယ်။ ပြီးတော့ ဒီစွမ်းအားဟာ သူနဲ့အမြဲရှိနေမှာမဟုတ်မှန်းကိုရော သိနေတယ်။
အဲဒီနောက်တော့...