ကြီးမားတဲ့ဆုံးရှုံးမှုနှင့်အနိုင်
Vol. 4 Ch. 51
"ကြီးမားသည့် ခြိမ်းခြောက်မှုကို ခံစားမိပါသည်။ ချေမှုန်း..."
နတ်သမီးရောင်ဝါကွင်းကြောင့် မက်ဒါနာရဲ့ခန္ဓာကိုယ်က လေပေါ်မြောက်တက်လာချိန်မှာတော့ မူလက မက်ဒါနာကို ဂရုစိုက်စရာမလိုဘူးလို့ သက်မှတ်ထားတဲ့ ဧရာမဇီဝလက်နက်ကြီးက စတင်လှုပ်ရှားလာပါတယ်။
အခုမက်ဒါနာကိုယ်တိုင်ကလည်း အလင်းဒြပ်စင်တွေကြောင့် သူ့ဦးနောက်ဟာ မြန်မြန်ဆန်ဆန် အလုပ်လုပ်နေပြီး စူပါကွန်ပျူတာတစ်လုံးလိုမျိုးဖြစ်နေမှန်း သတိထားမိနေတယ်။ ပြီးတော့ သူ့မှာအချိန်များများမရဘူး။
ဒီစွမ်းအားရဲ့အရင်းအမြစ်အကြောင်းကို သူတွေးနေဖို့ အချိန်မရှိဘူး။ အဲဒီအစား သူ့ခန္ဓာကိုယ်ထဲမှာ ရှိနေပြီဖြစ်တဲ့ စွမ်းအားတွေကိုသာ ထုတ်လွှတ်လိုက်လေရဲ့။
"Techno telekinesis...." မြေပြင်ပေါ်မှာပြန့်ကျဲနေတဲ့ လက်နက်အပိုင်းအစတွေအားလုံး အလင်းမှုန်တွေရဲ့လွှမ်းမိုးခြင်းကို ခံလိုက်ရပြီး လေပေါ်မြောက််တက်လာတယ်။ မက်ဒါနာရဲ့မူလစွမ်းအားနဲ့သာဆိုရင် သူ့ရဲ့နည်းပညာပစ္စည်းတွေကို လွှမ်းမိုးနိုင်တဲ့စွမ်းအားကဒီလောက်မပြင်းထန်ဘူး။ ဒါပေမဲ့ အရင်းအမြစ်မသိရတဲ့ အလင်းဒြပ်မှုန်တွေက သူ့ရဲ့ကျိုးပဲ့နေတဲ့ ခန္ဓာကိုထောက်ပံပေးနေတဲ့အချိန်မှာတော့ အဲဒီမြူတန့်အစွမ်းဟာ အဆရာထောင်ချီပြီး ပိုအင်အားကောင်းလာသလိုမျိုး ခံစားရတယ်။
အန်းနပ်စ်က သူ့လက်သီးကိုဆုပ်ပြီး လေပေါ်မှာ မှော်ဆန်ဆန် မျောလွင့်နေတဲ့ မက်ဒါနာရဲ့ခန္ဓာကိုယ်လေးကို ထိုးချဖို့ကြိုးစားတယ်။ ဒါပေမဲ့ မက်ဒါနာက သူ့ကိုတားဖို့အတွက် လက်ကိုသာသာလေးသာ မြောက်လိုက်တယ်။
တိုလီမိုလီစက်ပစ္စည်းအပိုင်းအစတွေက စက်ရုပ်ကြီးတစ်ရုပ်ရဲ့လက်အဖြစ်ကို ပြောင်းလဲသွားပြီး အန်းနပ်စ်ရဲ့လက်ကို လက်ဖဝါးနဲ့တားဆီးလိုက်လေရဲ့။
"မဖြစ်နိုင်တာ... စက်ပစ္စည်းတွေက မော်လီကျူးတွေအဖြစ် ချက်ချင်းပဲ့ကြွေသွားပြီးတော့ အခြားပစ္စည်းအသစ်တစ်ခုအဖြစ် ပြောင်းသွားတာလား။ မက်ဒါနာ၊ နင့်အစွမ်းက ကွမ်တမ်ပရင့်တာတစ်လုံးလိုပါ အလုပ်လုပ်နိုင်တာလား။"
ကွမ်တမ်ပရင့်တာဆိုတာက သိပ္ပံပညာရှင်တွေ ဆယ်စုနှစ်အတော်ကြာ ကြိုးစားဖန်တီးခဲ့တဲ့ အက်တမ်တွေရဲ့ဖွဲ့စည်းပုံကို ပြောင်းလဲတည်ဆောက်ပြီး အမျိုးမျိုးသော အရာဝတ္ထုတွေကို ဖန်တီးနိုင်တဲ့အရာပါ။
စမ်းသပ်ချက်တချို့အရဆိုရင် ဇက်သတ္တုနည်းနည်းကြံခိုင်တဲ့ လူလုပ်သတ္တုမျိုးကိုတောင် ဖန်တီးနိုင်ပေမဲ့တစ်မီလီလီတာစာ ဖန်တီးခံအရာဝတ္ထုတစ်ခုအတွက်ဒေါ်လာဘီလီယံနဲ့ချီ ကုန်ကြတဲ့အတွက်ကြောင့် အရာမထင်ခဲ့ပါဘူး။ နောက်ဆုံးတော့ အဲဒီကွမ်တမ်ပရင့်တာကို မအောင်မြင်တဲ့ နည်းပညာတစ်ခုအဖြစ်နဲ့ စွန့်ပစ်ခဲ့ကြတယ်။
မက်ဒါနာကတော့ ဖရာလီတာရဲ့အမေးကို နည်းနည်းလေးမှ ပြန်မဖြေဘူး။ သူ့မှာ အချိန်မရဘူး။ သူ့တစ်ကိုယ်လုံးက အက်တမ်ပရင့်တာတစ်ခုလိုဖြစ်နေပြီး သုံးမီတာလောက်မြင့်တဲ့ ကိုယ်တစ်ပိုင်း သံချပ်ကာစက်ရုပ်ကြီးတစ်ခုကို ဖန်တီးလိုက်တယ်။ သူဆွဲယူလိုက်တဲ့ သတ္တုတွေနဲ့နည်းပညာပစ္စည်းတွေထဲမှာ Archmegaရဲ့အပျက်အစီးတွေလည်းပါပါတယ်။
ဒီစက်ရုပ်က Warframeလည်းမဟုတ်သလို ဝတ်စုံလည်းမဟုတ်ဘူး။ အဲဒီအစား မက်ဒါနာရဲ့နောက်မှာ အရိပ်တစ်ခုလိုရှိနေပြီး မင်းသမီးလေးလှုပ်ရှားတဲ့အတိုင်း ရုပ်သေးတစ်ရုပ်လိုမျိုး လှုပ်ရှားနေတယ်။
"သေလိုက်တော့...."
မက်ဒါနာက ကျန်နေသေးတဲ့ သတ္တုအစိတ်အပိုင်းတွေနဲ့ ဧရာမဓားပြားကြီးတစ်လက်ကို ဖန်တီးလိုက်တယ်။ မြေဆွဲအားဓားနဲ့ပုံစံတူပေမဲ့ ဒီဓားက အများကြီး ပိုကြီးပြီးတော့ ပိုကျစ်လစ်တယ်။ အခုဆိုရင် စမ်းသပ်ခန်းကိုဆောက်ထားတဲ့ ကွန်ကရစ်တွေထဲက သံချောင်းတွေတောင် အဲဒီစက်ရုပ်ကြီးဆီကို အားပြင်းတဲ့ သံလိုက်နဲ့ဆွဲယူခံရသလို ပြေးပြီးပေါင်းစည်းနေပြီ။
ဖရာလီတာကတော့ အဲဒီမြင်ကွင်းကို ကြောင်ကြည့်နေပြီး သူ့မျက်ခုံးတွေတောင် လှုပ်နေတယ်။
"မဟုတ်မှလွဲရော... မက်ဒါနာ နာရိုတိုကြည့်ပြီး အဲဒီထဲကဟာတွေကို ကော်ပီကြောင်လုပ်လိုက်တာများလား။" စိတ်မကောင်းစွာနဲ့ ဖရာလီတာခန့်မှန်းတာမှန်ပါတယ်။
အန်းနပ်စ်လို ခပ်ဆိုးဆိုးအကောင်ကြီးတစ်ကောင်ကို ယှဥ်ဖို့ဆိုရင် မက်ဒါနာအနေနဲ့ ပိုကြီးပြီးပိုဆိုးတဲ့ အကောင်ကြီးတစ်ကောင် ဖန်တီးဖို့လိုတယ်။ ရလဒ်အနေနဲ့တော့ အလယ်ခေတ်စစ်သည်စတိုင် နာရိုတိုကိုးကားမှု စက်ရုပ်ကြီးပေါ်လာတော့တာပဲ။
စက်ရုပ်ကြီးကိုဖွဲ့စည်းနေတဲ့အချိန်က အတော်ကြာတဲ့အတွက် အန်းနပ်စ်က Clock up သုံးပြီး ရန်သူအသင့်မဖြစ်သေးခင် တစ်ခါတည်းအပြီးသတ်ဖို့လုပ်တယ်။ ဒါပေမဲ့ မက်ဒါနာက သတိရှိနေပြီးသားဖြစ်ပြီး သူ့ခန္ဓာကိုယ်နဲ့စက်ရုပ်တို့က တစ်သားတည်းဖြစ်သွားကာ အသံမြန်နှုန်းကို ချိုးဖျက်သွားတယ်။
ပုံမှန်အားဖြင့်တော့ အန်းနပ်စ်က အသံမြန်နှုန်းထက် အများကြီးပိုမြန်ပါတယ်။ ဒါပေမဲ့ မက်ဒါနာနဲ့စက်ရုပ်လည်း Clock Upအမြန်နှုန်းအထိ လိုက်မီတဲ့အဆင့်ကို အလင်းဒြပ်စင်တွေကြောင့် တန်းရောက်သွားတယ်။
အခုဒီနှစ်ယောက်ရဲ့တိုက်ပွဲက တခြားသူတွေကြည့်နိုင်တဲ့ အမြန်နှုန်းမျိုးမှာ ဖြစ်နေတာမဟုတ်တော့ပါဘူး။ တစ်ခါတရံ အချင်းချင်းအားချင်းပြိုင်မိပြီး ပြန်ပေါ်လာတာမျိုးရှိပေမဲ့ အချိန်အများစုမှာတော့ သူတို့ချင်းတိုက်ခိုက်ရာကနေ ဖြစ်လာတဲ့ နောက်ချန်အရိပ်တွေကိုသာ မြင်ရတယ်။
တိုက်ပွဲက သိပ်ကိုအားပြင်းလွန်းတဲ့အတွက်ကြောင့် ကွန်ကရစ်ကြမ်းပြင်တွေ လုံးဝလန်ထွက်ကုန်ပြီး အပိုင်းအစတွေက လေထဲမြောက်တက်လာတယ်။ နဂိုကတည်းကမှ ယခင်တိုက်ပွဲတွေကြောင့် ပျက်စီးလုဆဲဆဲ ဖြစ်နေတဲ့ စမ်းသပ်ခန်းလည်း လုံးဝပြိုကျတော့မယ်။
"ငါတို့ ဒီကနေ ထွက်ပြေးကြစို့...." အယ်လိုဟင်က အားလုံးကို သတိပေးလိုက်တယ်။ သူတို့ဒီမှာဆက်နေရင် ကျွဲနှစ်ကောင်ခတ်နေတဲ့ကြားက မြေစာပင်လို ဖြစ်ကုန်လိမ့်မယ်။
နောက်တော့ အယ်လိုဟင်နဲ့ဖရာလီတာအပါအဝင် ဆူဗာနာစောင့်ရှောက်သူတွေက စမ်းသပ်ခန်းထဲကနေ အမြန်ထွက်သွားဖို့လုပ်ရတယ်။ ဓားနတ်ဆိုးကတော့ အာကိုင်းဂါမီကို ဂုတ်ကနေ တရွတ်တိုက်ဆွဲလာတယ်။
အကြီးမြတ်ဆုံးဟီးရိုးက ကြောက်စရာအကောင်းဆုံးဓားဗီလိန်ရဲ့လက်ထဲမှာ အရှက်တကွဲတရွတ်တိုက်ဆွဲပြီး ပါလာတယ်။ ဒါပေမဲ့ သူ့ရဲ့မှေးမှိန်နေတဲ့ မျက်လုံးတွေက အမြန်လှုပ်ရှားနေပြီး မြန်ဆန်လွန်းလှတဲ့တိုက်ပွဲကို အမီလိုက်ကြည့်နိုင်နေပုံပဲ။
"ဒီစွမ်းအားတွေကို... ငါရင်းနှီးနေတယ်... ဒါပေမဲ့ ငါသေချာမမှတ်မိဘူး...."
ဖရာလီတာက လမ်းမှာပြေးနေတုန်းတန်းလန်း ကိုင်းတိုရဲ့စကားကိုကြားတော့ ဒေါသနဲ့တောက်ခေါက်ပြီးပြောလိုက်တယ်။
"အရူးကောင် နင်ပြောလိုက်ရင် ဘာမှမမှတ်မိဘူးဆိုတာချည်းပဲ။ ပြောတဲ့ အကုန်မှတ်မိပြီဆို..."
"....." ကိုင်းတို အသံတိတ်သွားတယ်။ ကြည့်ရတာ ဒီအနီရောင်နတ်ဘုရားရဲ့သက်တမ်းက ရှည်လျားလွန်းလို့ အတိတ်ကိုပြန်သတိရလာတာတောင် ဖြတ်သန်းခဲ့ရတဲ့ သူ့ဘဝတစ်ခုလုံးကို မှတ်မိဖို့တော့ မဖြစ်နိုင်တဲ့ပုံပဲ။
သူတို့အုပ်စု ဗီးနပ်စ်နဲ့တိုက်ခိုက်ဖူးတဲ့နေရာကိုပြန်ရောက်တော့ စမ်းသပ်ခန်းဖက်ကို လှည့်ကြည့်လိုက်တယ်။ အခုထိ သူတို့အလင်းတန်းတွေအနေနဲ့ပဲမြင်ရတဲ့ အရာနှစ်ခုက တိုက်ခိုက်နေဆဲပါ။
"မက်ဒါနာ မရှုံးလောက်ပါဘူးနော်။" ဖရာလီတာက စိတ်ပူစွာနဲ့ ပြောလိုက်တယ်။ မက်ဒါနာရဲ့စွမ်းအားတွေသာ ဘာကြောင့်မှန်းမသိ ပေါက်ကွဲမထွက်လာခဲ့ရင် သူတို့တွေအကုန်လုံး စမ်းသပ်ခန်းထဲမှာတင် သေကုန်လောက်ပြီ။ အခုတော့ ဖရာလီတာက တစ်ဦးတည်းတိုက်ပွဲဝင်နေပြီဖြစ်တဲ့ မက်ဒါနာအတွက် ဆုတောင်းပေးနေရတယ်။
ကိုင်းတိုက သူ့ပါးစပ်က သွေးစတချို့ကို လက်ခုံနဲ့ သုတ်လိုက်ရင်း ပြန်ဖြေတယ်။
"စိတ်မပူနဲ့၊ ဒီနှုန်းနဲ့ဆိုရင် သူမနိုင်ရင်တောင်မှ မရှုံးဘူး။ အန်းနပ်စ်ရဲ့အားနည်းချက်ဖြစ်တဲ့ သလင်းကျောက်တွေကို မိမိရရဖျက်ဆီးနိုင်မယ့် အခွင့်အရေးရဖို့ပဲလိုတာ။"
....
အခြားတစ််ဖက်မှာတော့ မက်ဒါနာဟာ အန်းနပ်စ်ရဲ့အမြန်နှုန်းကို အမီလိုက်နေပါတယ်။ သူတို့ဝန်းကျင်က အရာရာတိုင်းက နှေးကျသွားပြီး မလှုပ်ရှားတော့သလိုမျိုးတောင် ဖြစ်သွားပါတယ်။
တစ်ချိန်တည်းမှာပဲ မက်ဒါနာက ရန်သူရဲ့စွမ်းအားကို တွက်ချက်နေတယ်။
သူတို့နှစ်ယောက်လုံးရဲ့အမြန်နှုန်းက လုံးဝကိုတိုင်းတာလို့မရနိုင်တဲ့ အခြေအနေမျိုးကိုရောက်နေပါပြီ။ တစ်စက္ကန့်အတွင်းမှာပဲ အကြိမ်ရေရာပေါင်းများစွာ ယှဥ်တိုက်မိကြပြီး အသံမြန်နှုန်းဟာ လုံးဝကို နောက်ကျကျန်နေခဲ့ပြီဖြစ်တာကြောင့် လက်သီးနဲ့ဓား အချင်းချင်းယှဥ်မိနေပေမဲ့ ဘာသံမှထွက်မလာပါဘူး။ အလင်းရဲ့မြန်နှုန်းထက် အဆအနည်းငယ်ပိုနှေးတာကြောင့်သာ တစ်ယောက်နဲ့တစ်ယောက် မြင်နေရပြီး ယှဥ်တိုက်နိုင်ကြတာပါ။ သီအိုရီအရ အလင်းထက်မြန်အောင်သွားရင် လူတစ်ယောက်က ဘာကိုမှမြင်ရတော့မှာမဟုတ်ဘူး။ တစ်ချိန်တည်းမှာလည်း ကမ္ဘာ့သက်ရှိတိုင်းက အလင်းထက်ပိုမြန်အောင် သွားနိုင်တဲ့နည်းလမ်းမရှိပါဘူး။
သူတို့တွေက သာမန်လူတွေရဲ့ခန္ဓာကိုယ်တွေ တစ်စစီကြေမွသွားနိုင်တဲ့ မြန်နှုန်းမျိုးမှာ သွားလာနေတဲ့ အတွက်ကြောင့်သာ အချိန်စွမ်းအားနဲ့တူနေတာပါ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အန်းနပ်စ်ရဲ့Clock Reverse အကြောင်းကို မက်ဒါနာနားမလည်နိုင်ပြန်ဘူး။ ဒီအတိုင်းသိပ်မြန်ဆန်တဲ့ ပြန်လည်ကုစားနိုင်စွမ်းလား။
"မဟုတ်နိုင်ဘူး။" မက်ဒါနာ ခေါင်းကိုခါယမ်းလိုက်တယ်။ အဲဒီလိုမဟုတ်တာတော့ ကျိန်းသေပါတယ်။ သလင်းကျောက်ကနေ ဖြစ်ပေါ်လာတဲ့စွမ်းအားတွေက သိပ္ပံပညာနဲ့ရှင်းပြဖို့ရာ ရှုပ်ထွေးလွန်းတဲ့အတွက် တစ်ခါတရံမှာ စဥ်းစားနေလည်းအပိုပါပဲ။
မက်ဒါနာက သူ့မျက်စိရှေ့မှာတင် ဒဏ်ရာတွေပြန်ကောင်းနေတဲ့ အန်းနပ်စ်ကို လစ်လျူရှုလိုက်ပြီး အကြိမ်ငါးရာမြောက်ထိုးချက်အဖြစ်နဲ့ ထင်ရှားပစ်မှတ်ဖြစ်တဲ့ ရင်ဝက သလင်းကျောက်ကို အားကုန်ထိုးခုတ် ဖျက်ဆီးပစ်လိုက်တယ်။
တိုက်ပွဲက တစ်ခဏတာ ရပ်တန့်သွားတယ်။
တိုက်ခိုက်မှုရပ်တန့်သွားတာကြောင့် နှစ်ယောက်လုံးအရှိန်မြန်နေတဲ့ အခြေအနေကနေ ပြန်လွတ်ထွက်လာပြီး သူတို့ဘေးပတ်ဝန်းကျင်က သာမန်အတိုင်းပြန်ဖြစ်လာတယ်။
ဓားနဲ့လက်သီးယှဥ်ခုတ်ရာကနေ ဖြစ်ပေါ်လာတဲ့ အသံလိုင်းတွေက မုန်တိုင်းတစ်ခုလိုမျိုး ကျွန်းတစ်ခုလုံးကို ပြန့်နှံသွားပြီး သစ်ပင်တွေပါ အမြစ်ကနေ ကျွတ်ထွက်ကုန်တယ်။
ရန်သူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်နေရင်း အကဲခတ်တယ်။ အန်းနပ်စ်ရဲ့ရင်ဘတ်က ဓားသလင်းကျောက်ဟာ အက်နေပြီဖြစ်တဲ့အတွက် စွမ်းအားတွေစိမ့်ထွက်နေပြီး အန်းနပ်စ်ရဲ့တိုက်ခိုက်ရေးခွန်အားကို ကျဆင်းလာစေတယ်။ အန်းနပ်စ်ရဲ့စွမ်းအားအရင်းအမြစ်က ဗဟိုက ကျောက်သလင်းတုံးကြီးပါ။ ဒီအရာပျက်စီးသွားခြင်းက မက်ဒါနာအတွက် Core ပျက်စီးသွားခြင်းနဲ့ ဆင်တူပါတယ်။
"Clock Reverse...." ဒါပေမဲ့ အန်းနပ်စ်က သူ့ရဲ့ပြန်လည်ကောင်းမွန်နိုင်စွမ်းကိုသုံးပြီး သလင်းကို ပြန်ကုစားဖို့ ကြိုးစားတယ်။ ဒါပေမဲ့ မက်ဒါနာက အခွင့်အရေးမပေးပါဘူး။
"ရမယ်ထင်နေတာလား...." မက်ဒါနာက နောက်တစ်ခါ အဆင့်မြင့်မြန်နှုန်းအခြေအနေအတွင်းကို ဝင်ရောက်သွားပြီး အန်းနပ်စ်က နှေးကွေးသွားတယ်။ သလင်းကျောက်ကို ကုစားဖို့အတွက်ပဲ လုပ်နေတဲ့ အန်းနပ်စ်က ရုတ်တရက်ဝင်လာတဲ့ မက်ဒါနာကို မတားနိုင်တော့ပါဘူး။
အလင်းဒြပ်မှုန်တွေနဲ့ထောက်ပံပေးထားတဲ့ ဓားပြားကြီးက အန်းနပ်စ်ကိုရိုက်မိသွားပြီး ကောင်းကင်ပေါ်ကို မြင့်တက်သွားစေတယ်။ ရိုက်ခတ်အားကြောင့် လေးပတ်ဝန်းကျင်က ကျောက်တုံးတွေမြောက်တက်လာပေမဲ့ ရုပ်ရှင်အနှေးပြကွက်လိုမျိုး နှေးကွေးလွန်းနေတယ်။
သူတို့တိုက်ပွဲက သိပ်ကိုရှည်ကြာတယ်ထင်ရပေမဲ့ နာနိုစက္ကန့်အနည်းငယ်အတွင်း ဖြစ်နေတာပါ။ သူတို့အမြန်နှုန်းက အသံထက် အဆသုံးဆယ်နီးပါးမြန်ပြီး တစ်နာရီကို ၃၇၀၄၄ ကီလိုမီတာ ခရီးပေါက်နိုင်တဲ့နှုန်းပါ။ ကမ္ဘာကြီးကို တစ်နေရာမှာအမှတ်မှတ်ပြီး တစ်ပတ်ပတ်အောင်ပြေးမယ်ဆိုရင်တောင် ကီလိုလေးသောင်းပဲရှိတာကြောင့် သူတို့တွေက သိပ်ကိုမြန်လွန်းနေပြီ။ အန်းနပ်စ်ရဲ့အရှိန်ကို စွမ်းအားအပြည့်ရှိတဲ့ အာကိုင်းဂါမီတောင် လိုက်မီဖို့မသေချာပေမဲ့ ဘယ်ကနေကျလာမှန်းမသိတဲ့ ရွှေလက်ချောင်းနဲ့မက်ဒါနာက လိုက်မီနေပါတယ်။
နောက်ဆုံး မက်ဒါနာက အောင်အောင်မြင်မြင်နဲ့ အန်းနပ်စ်ရဲ့Clock reverseကို နှောင့်ယှက်နိုင်လိုက်ပြီး ကျွန်းရဲ့ကောင်းကင်အထက် ကီလိုအနည်းငယ်အထိ မြောက်ပစ်လိုက်နိုင်တယ်။
အခုအန်းနပ်စ်က လေပေါ်မှာမျောလွင့်နေပြီး မက်ဒါနာကတော့ အပြတ်ပွဲသိမ်းဖို့အတွက် အသင့်ဖြစ်နေပြီ။ ဆံဖြူစုန်းမလေးက အန်းနပ်စ်ကို ပွဲသိမ်းဓားချက်နဲ့မခုတ်ခင် တစ်နေရာကိုလှမ်းကြည့်လိုက်တယ်။ အလွန်ကိုနှေးကွေးတဲ့ ဆိုက်လတ်ဒုံးပျံတစ်ခုက ကျွန်းဆီဦးတည်လာနေပြီး စက်ဘီးစီးလာသလောက်ပဲရှိတယ်။
ဟုတ်ပါတယ်၊ ဒါက အမေရိကန်ရဲ့အမြန်ဆုံးဒုံးပျံဖြစ်ပြီး အသံထက်အဆနှစ်ဆယ်မြန်တဲ့ နျူဒုံးပျံ AGM 183A ပါ။ ဒါပေမဲ့ အခုမက်ဒါနာတို့က အဲဒီအရာထက် ယူနစ်ဆယ်ခုလောက် ပိုမြန်နေတယ်။
မက်ဒါနာက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး အဲဒီဒုံးပျံဆီကို အလင်းဒြပ်မှုန်တွေနဲ့ ပစ်ခတ်လိုက်တယ်။
'Techno Telekinesis....' မက်ဒါနာက သူ့အတွေးထဲကနေ ပြောလိုက်ပြီး သူ့စွမ်းအားကို ထုတ်သုံးပါတယ်။
ချက်ချင်းနျူဒုံးကျည်က သူ့ရဲ့ထိန်းချုပ်မှုအောက်ကိုရောက်သွားပြီး ခွေးလေးတစ်ကောင်လိုမျိုး သူ့အနားမှာ ပတ်ပျံနေတယ်။ အဲဒီနောက်တော့ မက်ဒါနာက လေပေါ်မှာလွင့်မျောနေဆဲ အန်းနပ်စ်ကိုကြည့်လိုက်တယ်။
အခုယာမာဂုချီမျိုးနွယ်ရဲ့ဓားသလင်းကျောက်က လုံးဝပျက်စီးနေပြီ။ ကြီးမားတဲ့ အရင်းအမြစ်မရှိတော့တဲ့အတွက် အန်းနပ်စ်ဟာ Clock upကို ထပ်မသုံးနိုင်တော့ဘူး။ ဒါပေမဲ့ မြူတန့်အစွမ်းတွေမပါရင်တောင် ဒီလိုဇီဝလက်နက်မျိုးက အကြမ်းခံပြီး ဒုက္ခများတဲ့အတွက် အလုံးစုံဖျက်ဆီးပစ်ဖို့ မက်ဒါနာ ဆုံးဖြတ်လိုက်တယ်။ သူ့လက်ရှိစွမ်းအားက ယာယီဖြစ်တဲ့အတွက် ကိစ္စဖြတ်နိုင်တုန်းဖြတ်ရမယ်။
မက်ဒါနာက နောက်ဆုံးအနေနဲ့ အန်းနပ်စ်ရဲ့ရင်ဝကို ဓားပြားကြီးနဲ့အားကုန်ရိုက်ချလိုက်တယ်။ အခုအန်းနပ်စ်က ခုခံနိုင်စွမ်းမရှိတဲ့အတွက် မိုးကောင်းကင်ရဲ့ပိုမြင့်တဲ့ လေထုအလွှာတွေထဲအထိ ဝင်ရောက်သွားပြီး ပြန်ကျလာမယ့်အစီအစဥ်ရှိပုံမပေါ်ဘူး။
နောက်ဆုံးသာမီစပီးယားအလွှာကိုကျော်သွားပြီး ကမ္ဘာပတ်လမ်းထဲရောက်သွားကြောင်း မက်ဒါနာ သတိပြုမိသွားမှ ဒုံးပျံကို မက်ဒါနာက အန်းနပ်စ်နောက်ကို လိုက်စေတယ်။ မက်ဒါနာကိုယ်တိုင်ကတော့ အောက်လေထုလွှာမှာပဲ ရှိနေတုန်းပဲ။
နောက်တော့ မက်ဒါနာကောင်းကင်ပေါ်ကနေ တဖြည်းဖြည်းကျဆင်းလာတယ်။ သူ့ခေါင်းတစ်ခုလုံး ဗလာကျင်းစပြုလာပြီး ကမ္ဘာ့လေထုအပြင်ဖက်မှာဖြစ်တဲ့ ပေါက်ကွဲမှုက အိုဇုန်းလွှာကိုထိခိုက်စေနိုင်မနိုင် မက်ဒါနာမသိပေမဲ့ သူလုပ်နိုင်သမျှတော့ လုပ်ပေးပြီးသွားပြီ။
နောက်ဆုံးအနေနဲ့ သူသတိထားမိတာတစ်ခုကတော့ သူ့စွမ်းအားတွေပျောက်ကွယ်သွားပြီး ကောင်းကင်ပေါ်ကနေ ဇောက်ထိုးပြုတ်ကျနေတာကိုပဲ။
....
အမေရိကန်စစ်ဦးစီးအဖွဲ့ကတော့ နျူကလီးယားဒုံးပျံဟာ သူတို့နဂိုချိန်ထားတဲ့နေရာကို မကျရောက်တော့ဘဲ အရူးလိုမျိုး ကမ္ဘာ့လေထုထဲကနေ ထွက်ခွာသွားတာကိုသာ ကြည့်နေနိုင်ခဲ့ကြတယ်။
နောက်ဆုံး လေထုထဲကနေထွက်တာကိုပါ အားမရလို့ ကမ္ဘာပတ်လမ်းထဲကနေပါ ထွက်သွားပြီးမှ ဧရာမဇီဝစက်ရုပ်ကြီးနဲ့အတူပေါက်ကွဲပျက်စီးသွားတယ်။
"ဘာတွေဖြစ်ကုန်တာလဲ... ဘာလို့ငါတို့စီစဥ်ထားတဲ့အတိုင်း မဖြစ်ရတာလဲ။" ဂျိုးလ်ဝဲလ်ဆင်က မြည်တွန်တောက်တီးရင်း ဒုံးပျံက Black box မှတ်တမ်းတွေကို ပြန်ကြည့်ကြတယ်။ ဒါပေမဲ့ သူတို့မြင်လိုက်ရတာက ဒုံးပျံထက်တောင်မြန်တဲ့ အလင်းရောင်နှစ်ခု အချင်းချင်းတိုက်ခိုက်နေတာကိုသာဖြစ်ပြီး အသေးစိတ်ဘာမှာမမြင်ရပါဘူး။
"ဖြစ်နိုင်တာက S အဆင့်ထက်မြင့်တဲ့ မြူတန့်တွေရဲ့တိုက်ပွဲထဲ ငါတို့ဒုံးပျံပါသွားတာလား။"
အကုန်လုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ S အဆင့်ထက်ကျော်လွန်တဲ့ မြူတန့်တွေက ရှားပေမဲ့ လုံးဝမရှိတာတော့မဟုတ်ဘူး။ အဆိုးဆုံးအနေနဲ့ အဲဒီလိုရှားပါးသက်ရှိတွေထဲက တစ်ယောက်ယောက်ကို သူတို့ရန်စမိလိုက်တာများလား။
မလွယ်ကူတဲ့ ခံစားချက်တစ်ခုက အမေရိကန်စစ်ပွဲအမိန့်ပေးစင်တာမှာ ပျံနှံလာတယ်။
...
နျူကလီးယားဒုံးကျည်ကို အင်အားကြီးမားလွန်းတဲ့ တစ်စုံတရာက လမ်းလွှဲပြီး အာကာသထဲ ပို့ပေးလိုက်တဲ့အကြောင်း ကြားရပြီးတဲ့နောက်တော့ ဂါဘီလီဦးဆောင်တဲ့ စပိန်အစိုးရလည်း သက်ပြင်းချလိုက်မိကြတယ်။
ကြည့်ရတာ ကျွန်းပေါ်မှာတိုက်ခိုက်နေတဲ့ ဟီးရိုးတွေထဲမှာ ဒီလိုစွမ်းအားမျိုး ပိုင်ဆိုင်ထားတဲ့လူတွေ ရှိနေပုံပဲ။ ဒါပေမဲ့ ဂါဘီလီက စိတ်ဒုံးဒုံးချလိုက်တာမျိုး မဟုတ်ရပါဘူး။ မြေထဲပင်လယ်တိုက်ပွဲတွေကြောင့် စပိန်ရေတပ်ကြီး ပျက်စီးသွားသေးတယ်မဟုတ်လား။
"ဝန်ကြီးချုပ်၊ ကျုပ်တို့နိုင်ငံ တိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး လက်တုံ့ပြန်ဖို့ လုပ်ပေးစေချင်တယ်။ လိုအပ်လာရင် ဗြိတိန်၊ ဘယ်ဂျီယံနဲ့ တခြားဘုရင့်နိုင်ငံတွေကို ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်သင့်တယ်။ မိုနာ့ခ်နိုင်ငံတစ်ခုကိုတိုက်ခိုက်တာ မိုနာ့ခ်နိုင်ငံအားလုံးကို တိုက်ခိုက်တာနဲ့အတူတူပဲ။"
ဝန်ကြီးချုပ်က ကြင်ယာတော်ဘုရင်ကို ဦးညွှတ်လိုက်ပြီး ပြန်ဖြေတယ်။ "အရှင့်အမိန့်တော်အတိုင်းပါ။"
လက်ရှိစပိန်ဘုရင်က ပေါတောတောဆိုပေမဲ့ စပိန်ဘုရင်တွေရဲ့ဩဇာအာဏာက ဟာသမဟုတ်ပါဘူး။ အရင်ဘုရင်ကြီးလက်ထက် ၂၀၁၅ ခုနစ်မှာတုန်းက ဟီးရိုးအစည်းအရုံးသဘောတူညီချက်နဲ့ပတ်သက်ပြီး နိုင်ငံရဲ့လွှတ်တော်က ဘုရင်ကိုအတင်းကန့်ကွက်ကြတာကြောင့် ဘုရင်အိုကြီးက လွှတ်တော်တစ်ခုလုံးကို ဖျက်သိမ်းပစ်ပြီး ရွေးကောက်ပွဲ ပြန်ကျင်းပစေပါတယ်။
"ပြီးတော့ မြေထဲပင်လယ်တိုက်ပွဲမှာ ကျဆုံးသွားတဲ့ စစ်သည်တွေအတွက် ငါကိုယ်တိုင်တက်ရောက်မယ့် အောင့်မေ့ဖွယ်အခမ်းအနားတစ်ခုနဲ့ နစ်နာကြေးပေးမယ့် အစီအစဥ်တစ်ခုကို ပြင်ဆင်ပေးပါ။"
"အရှင့်စိတ်တိုင်းကျ ဖြစ်စေရပါမယ်။"
ဒီအခိုက်အတန့်လေးကတော့ ဥရောပရဲ့လက်ကျန်မိုနာ့ခ်နိုင်ငံတွေဦးဆောင်တဲ့ NATO မဟာမိတ်အဖွဲ့ရဲ့အနာဂတ်သစ်ကို လမ်းဖွင့်ပေးလိုက်တဲ့ အချိန်ပါပဲ။
....
ကျွန်းပေါ်မှာတော့...
ကောင်းကင်ပေါ်မှာ နေတစ်စင်းအလား တောက်ပနေတဲ့ အာကာသထဲက နျူကလီးယားပေါက်ကွဲမှုကို ဖရာလီတာမြင်နေရပါတယ်။
ရန်သူကိုအနိုင်ယူပြီးနောက် စွမ်းအင်ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် မက်ဒါနာစုစည်းထားခဲ့တဲ့ စက်ရုပ်ကြီးက ပျက်စီးသွားခဲ့ပြီဖြစ်ပြီး အစိတ်အပိုင်းတွေက ကျွန်းပေါ်ကို ပြန်ပြုတ်ကျလာတယ်။ နောက်ဆုံးတော့ ဇောက်ထိုးအနေအထားနဲ့ ပြုတ်ကျလာနေတဲ့ ဆံဖြူစုန်းမလေးကို မြင်လိုက်ရချိန်မှာတော့ ဖရာလီတာရဲ့ရင်ဘတ်က ဘလောင်ဆူသွားတယ်။
"မက်ဒါနာ... နင်ပြုတ်ကျနေပြီ... ကျေးဇူးပြုပြီး သတိပြန်ဝင်ပါတော့။" ဖရာလီတာ အော်ဟစ်ပြီး ပြေးသွားလိုက်တယ်။ ဒါပေမဲ့ ဖရာလီတာရဲ့ဝါးဖရိန်က ပျက်စီးနေပြီဖြစ်လို့ ပျံသန်းနိုင်စွမ်းမရှိတော့ဘူး။
ကံကောင်းစွာနဲ့ ဆူဗာနာစောင့်ရှောက်သူနှစ်ဦးရဲ့အတောင်တွေက အလုပ်လုပ်နေသေးပြီး သူတို့နှစ်ယောက်က လေထဲကိုပျံတက်ကာ မက်ဒါနာရဲ့ခန္ဓာကိုယ်ကို ကျွမ်းကျွမ်းကျင်ကျင် ဖမ်းမိသွားကြတယ်။
မက်ဒါနာကို စောင့်ရှောက်သူနှစ်ဦးက မြေပေါ်ပြန်သယ်လာပြီး ဖရာလီတာက ချက်ချင်းအနားကိုပြေးလာတယ်။ မက်ဒါနာရဲ့တစ်ကိုယ်လုံးက ဒဏ်ရာတွေက ပိုဆိုးဝါးတဲ့အခြေအနေနဲ့ရှိနေတယ်။ တကယ်တော့ အသံထက် အဆပေါင်းများစွာ မြန်ဆန်တဲ့နှုန်းနဲ့ တိုက်ခိုက်နေခဲ့တာမလို့ အလင်းဒြပ်စင်တွေရဲ့ကာကွယ်ပေးမှုသာမရှိရင် မက်ဒါနာရဲ့ခန္ဓာကိုယ်က တစ်စစီ ကြေမွသွားလောက်ပါပြီ။
"ဒါ... ဒါက... အရမ်းဆိုးတာပဲ။" ဖရာလီတာက မက်ဒါနာရဲ့အခြေအနေကို သုံးသပ်ကြည့်ပြီးတဲ့နောက် သိပ်ဆိုးဝါးနေတာကို သတိထားမိလိုက်တယ်။ အကျိုးတွေအကုန်လုံးကျိုးကြေနေပြီး လူက အသိမရှိတော့ဘူး။ သူတို့မျက်စိရှေ့မှာတင် အချိန်မရွေးသေသွားနိုင်တယ်။
"ဟေးလူကြီး... သူ့ကိုတစ်ခုခုလုပ်ပေးဦးလေ။" ဖရာလီတာက ဒဏ်ရာတွေနဲ့အာကိုင်းဂါမီရဲ့လည်ကုတ်ကိုဆွဲပြီး အတင်းအကြပ်ကူညီခိုင်းပေမဲ့ ကိုင်းတိုက ခေါင်းသာခါပြတယ်။
"ငါအစောပိုင်းကတည်းက နှလုံးသွေးစက်ကို ထုတ်သုံးပေးထားပြီးပြီမလို့ ထပ်ပေးစရာ ငါ့မှာမရှိတော့ဘူး။ ပြီးတော့ ငါ့ဒဏ်ရာတွေကလည်း ပြန်ကောင်းဖို့ အချိန်ယူရဦးမယ်။ ကံကောင်းတာက ဒီမိန်းကလေးရဲ့အသက်ဓာတ်က တည်တည်ငြိမ်ငြိမ်ရှိနေသေးတယ်။ သိပ်စိတ်မလှုပ်ရှားဘဲ သူ့ကိုမှန်ကန်တဲ့ကုသမှုပေးနိုင်ဖို့ပဲ ကြိုးစားကြရအောင်။"
ကိုင်းတိုပြောတဲ့အတိုင်းဆိုရင် မက်ဒါနာသဘာဝအတိုင်း ပြန်ကောင်းလာတာကိုပဲ စောင့်ဖို့ရှိတော့တယ်။ ဒါပေမဲ့ မက်ဒါနာရဲ့အခြေအနေကိုမြင်ပြီးတဲ့နောက် ဖရာလီတာအနေနဲ့ ဘယ်လိုလုပ်ဝမ်းမနည်းဘဲ နေမိမှာလဲ။ နောက်ဆုံးတော့ ရွှေရောင်ဆံပင်နဲ့လိုလီလေးတစ်ယောက် စိတ်မထိန်းနိုင်ဘဲ ငိုချမိလိုက်လေရဲ့။