← Chapters

ပန်ဒရာဂွန်လျှို့ဝှက်ချက်

Vol. 4 Ch. 52

ပန်ဒရာဂွန်လျှို့ဝှက်ချက်

Vol. 4 Ch. 52

လီဆာလေးတစ်ယောက် မြို့ပြင်က တောအုပ်ထဲကို ဖြည်းဖြည်းချင်း တိုးဝင်နေတယ်။ ဖြစ်နိုင်ရင် ပိုမိုနက်ရှိုင်းတဲ့ တောနက်ထဲကို သူဝင်ပြီးတော့ ပျောက်ကွယ်သွားချင်တာ။

စကော့တလန် ဒါမှမဟုတ် ဝေးလ်ပြည်နယ်ကိုသွားပြီး အဲဒီက တောနက်ကြီးတွေထဲမှာ ပုန်းကွယ်နေပြီး လူသားတွေကို ရှောင်ရှားဖို့အတွက် သူဆုံးဖြတ်ထားမိတယ်။ သူတကယ်ပဲ သာမန်မိန်းကလေးအနေနဲ့ ကျောင်းဆက်တက်ချင်သေးပေမဲ့...

"ငါလိုလူသားစားတဲ့ သတ္တဝါတစ်ကောင်က လူတွေကြားထဲမှာ ရှိမနေသင့်ဘူး။" ဒီနက်ရှိုင်းတဲ့အတွေးစက သူ့နှလုံးသားထဲမှာ စူးရှစွာနစ်ဝင်နေတယ်။

ချောက်...

ရုတ်တရက် ဆိုင်ကယ်သံကြားတဲ့အတွက် လီဆာ အသံလာရာကို လှည့်ကြည့်လိုက်တယ်။ ထူးဆန်းတဲ့ ဂျာကင်ကိုဝတ်ထားတဲ့ အာရှသားလူငယ်လေးက သူ့ရဲ့တောင့တက်ပြိုင်ဘီးကိုသုံးပြီး သစ်တောထဲမှာ အရှိန်ပြင်းပြင်း မောင်းလာနေတယ်။

လီဆာက သာမန်လူတစ်ယောက် သူ့ကိုတွေ့မသွားစေချင်တဲ့အတွက်ကြောင့် တစ်နေရာရာမှာပုန်းနေဖို့ သူ့ရဲ့သားရဲ့ခန္ဓာကိုယ်ကြီးကိက ရွေ့လျားဖို့လုပ်လိုက်ပေမဲ့ အဲဒီဆိုင်ကယ်က သူ့ဆီကို ဦးတည်လာတာဖြစ်နေတယ်။

နောက်စက္ကန့်အနည်းငယ်ကြာတော့ လူငယ်က ဆိုင်ကယ်နဲ့ လီဆာရဲ့ပုတ်သင်ခန္ဓာကိုယ် ဝင်တိုက်ပစ်ပြီး လီဆာရဲ့ခန္ဓာကိုယ်က အကြေးခွံတချို့ကို ကြေမွသွားစေခဲ့တယ်။

လီဆာသတိဝင်လာတော့ သူ့ခန္ဓာကိုယ်က အားနဲ့ဝင်တိုက်တဲ့ ဆိုင်ကယ်ကြောင့် လွင့်ထွက်နေပြီဖြစ်ပြီး သစ်ပင်တစ်ပင်နဲ့ဝင်ဆောင့်တယ်။ သစ်ပင်က သူ့ရဲ့ပုတ်သင်ပုံစံအပြည့်ရဲ့အရှိန်ကြောင့် နှစ်ပိုင်းကျိုးကျသွားတယ်။ ဆိုင်ကယ်ကလည်း အခြေအနေမဟန်ဘူး။ ရှေ့ဘီးက ဝင်ရိုးကနေပြုတ်ထွက်သွားပြီး လူရောဆိုင်ကယ်ပါ တစ်ကွဲစီလွင့်ထွက်သွားတယ်။

လီဆာရဲ့မျက်လုံးထောင့်ကနေ နဖူးက သွေးတွေစီးကျနေတဲ့ လူငယ်တစ်ယောက်ကို မြင်နေရတယ်။ ဒီလူငယ်က သူ့ဒဏ်ရာတွေကို ဂရုမစိုက်ဘဲ ချက်ချင်းကုန်းထလာပြီး ဆေးထိုးပြွန်တချို့ကိုဆုပ်ကိုင်ကာ သူ့ပေါင်ကိုယ်သူ ထိုးလိုက်တယ်။

"လူသားစားမိစ္ဆာကောင်ကို သတ်ရမယ်...."

ပုံမှန်ထက် ပမာဏများပြားတဲ့ မြူတန့်ဆေးရည်တွေက လူငယ်ရဲ့ခန္ဓာကိုယ်တွင်းမှာ စတင်စီးဆင်းလာနေတယ်။ သူ့သွေးကြောတွေက မီးတောင်ချော်ရည်တွေလိုမျိုး နီရဲတဲ့အလင်းရောင်ကို ထုတ်ဖော်နေပြီးတော့ သူ့အသားအရေတွေက ချက်ချင်းအက်ကွဲလာနေတယ်။

ပုံမှန်အားဖြင့် မြူတန့်စွမ်းအားဆေးရည် ဆေးပြွန်တစ်ခုကတင် လူတစ်ယောက်အတွက်အန္တရာယ်ရှိပြီး အသက်အန္တရာယ်နဲ့ကြုံတွေ့ရစေနိုင်ပါတယ်။ ဒါပေမဲ့ဒီလူငယ်ကတော့ ဒါဇင်ဝက်လောက်ကို ချက်ချင်းသုံးခဲ့တာပါ။

သူ့လက်တစ်ဖက်ကနေ မီးတောက်တွေထွက်လာပြီး ပထမဦးစွာ သူ့လက်ခုံက အရေပြားတွေကို စတင်လောင်ကျွမ်းတဲ့အတွက် သူနာကျင်စွာ အော်ဟစ်လိုက်ရတယ်။ အခြားတစ်ဖက်ကတော့ ရှည်လျားတဲ့လက်သည်းတွေပေါက်လာပြီး ရုတ်တရက်ရှည်ထွက်လာတဲ့ လက်သည်းတွေက သူ့လက်ချောင်းအသားကို ဓားတုံးတုံးနဲ့လှီးသလိုမျိုး နာကျင်စေတယ်။ သူ့မျက်နှာက အရိုးတည်ဆောက်ပုံလည်းပြောင်းလာပြီး သွားရှည်ရှည်တွေထွက်လာကာ သူ့ခါးလည်ကိုင်းသွားပြီး ကြွက်သားအဖုအထစ်တွေနဲ့ ရုပ်ဆိုးဆိုးလူတူမိစ္ဆာတစ်ကောင်လို ဖြစ်သွားတယ်။

မြူတန့်စွမ်းအားဆေးက မြူတန့်တွေရဲ့သွေးကနေ ထုတ်လုပ်တာပါ။ ဒါပေမဲ့ ဆေးကို အသုံးပြုတဲ့လူရဲ့ခန္ဓာကိုယ်က သာမန်လူသားခန္ဓာကိုယ်ဖြစ်တာကြောင့် မြူတန့်စွမ်းအားတွေနဲ့မကိုက်ညီဘဲ ဓာတ်မတည့်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဆေးကိုသုံးပြီးသေတဲ့လူ သုံးယောက်မှာနှစ်ယောက်က မြူတန့်စွမ်းအားတွေ ရုတ်တရက်ရလာတာကို ခန္ဓာကိုယ်က ကျင့်သားမရလို့ဖြစ်တဲ့ ဓာတ်မတည့်ရောဂါကြောင့် သေဆုံးရတာပါ။

အလားတူပဲ ဒီလူငယ်ဟာ အဲဒီရောဂါကို စတင်ခံစားနေရတယ်။ မတူညီတဲ့ မြူတန့်စွမ်းအားတွေ သူ့ရဲ့သာမန်ခန္ဓာကိုယ်ထဲ ရုတ်တရက်ဝင်ရောက်လာတဲ့အတွက် သူ့အသားအရေတွေက ဖောရောင်နေပြီး အချိန်မရွေး ပေါက်ကွဲထွက်တော့မလိုဖြစ်နေတယ်။ ဒါပေမဲ့ လူငယ်က နောက်ထက်ဆေးဒါဇဝင်ဝက်ကို ထုတ်လိုက်ပြန်တယ်။ ဒါကတော့ စွမ်းအားမြှင့်ဆေးတွေပါ။ ဒီဆေးတွေကို သုံးပြီးတာနဲ့ သူ့အရပ်က နှစ်မီတာနီးပါးလောက်မြင့်သွားပြီး သူ့အရေပြားပေါ်မှာ ပြည်ဖုတွေပေါက်လာတယ်။

လောလောဆယ်မှာတော့ သူ့ခန္ဓာကိုယ်ထဲမှာ မြူတန့်စွမ်းအားတွေရှိနေသေးလို့ ဒီဘေးထွက်ဆိုးကျိုးဒဏ်ကို သူခံနိုင်သေးပေမဲ့ ဆေးအရှိန်ပြယ်တာနဲ့ နာကျင်ခံစားရပြီး သေဆုံးရမှာပါ။ ဒါပေမဲ့ သူဂရုမစိုက်ဘူး။ သူအခုလုပ်ချင်တာက သူ့ရှေ့မှာရှိနေတဲ့ အသားစားမိစ္ဆာမကို သတ်ချင်တာပဲ။

လီဆာကတော့ မျက်လုံးမှိတ်ထားလိုက်တယ်။ သူ့အပြစ်ကို သူသိတာကြောင့် ပြန်တိုက်ခိုက်ဖို့အတွက် သူ့မှာဆန္ဒမရှိဘူး။ ပြီးတော့ ဒီလူငယ်က သူ့ကိုစာတွေပို့နေတဲ့ နစ်နာသူမှန်း တန်းပြီးခန့်မှန်းမိတယ်။ လူငယ်ရဲ့ဖောရောင်နေတဲ့ လက်ညိုးပေါ်က လက်စွပ်နှစ်ကွင်းဟာ လီဆာကို အကျိုးအကြောင်းအားလုံး တွေးမိစေဖို့ လုံလောက်ပါတယ်။

"ငါ့ကြောင့် ထိခိုက်သွားတဲ့ တစ်စုံတစ်ယောက်လား၊ ဒါဆိုရင် သူ့မှာငါ့ကိုသတ်ဖို့ အခွင့်အရေးရှိတယ်။"

လီဆာ မျက်လုံးကိုမှိတ်ထားလိုက်တယ်။ သူ့ကိုယ်သူ သေပေးရတာ မှန်တယ်လို့မြင်တယ်။ လူငယ်ရဲ့လက်သည်းက သူ့ပေါ်ကျဆင်းလာတော့မယ်။ သူခန့်မှန်းထားတဲ့အတိုင်းဆိုရင် မကြာခင် လူငယ်က သူ့ကိုသတ်နိုင်တော့မှာ။

ဒါပေမဲ့ လူတစ်ယောက်က ချက်ချင်းရောက်လာပြီးလီဆာကိုတွန်းဖယ်လိုက်တဲ့အတွက် လူငယ်ရဲ့လက်သည်းက သူ့ကိုထိမသွားလိုက်ဘူး။ ပန်ဒရာဂွန်အိမ်တော်ရဲ့ဘဏ္ဍာစိုးဘားနတ်က အခုလီဆာရှေ့မှာရပ်နေပြီး ကာကွယ်ပေးဖို့အသင့်ရှိနေတယ်။ ပန်ဒရာဂွန်အိမ်တော်ထဲက လူတွေအားလုံး ရောက်လာကြပြီ။

"အိမ်တော်ရဲ့ဧည့်သည်တစ်ယောက်ကို သတ်ဖို့ကြိုးစားတာ ပန်ဒရာဂွန်အိမ်တော်ရဲ့ဂုဏ်သိက္ခာကို ထိပါးဖို့ ကြိုးစားတာနဲ့အတူတူပဲ။ ခွင့်မပြုနိုင်ပါဘူး။"

ဘဏ္ဍာစိုးဘားနတ်က ရိုးရိုးရှင်းရှင်းပဲ ပြောလိုက်ပါတယ်။ မေမေလောရန်ကလည်း သူ့လက်ထဲမှာ ရှေးဓားတစ်လက်ကိုကိုင်ထားပြီး လူငယ်ကိုကြည့်လိုက်တယ်။ သူ့မျက်ဝန်းတွေထဲမှာတော့ အထင်သေးမှုတွေက အပြည့်ပါ။

"မင်းရဲ့ဇာတ်လမ်းအပြည့်အစုံကို ငါသိပြီးပြီ၊ ဒါပေမဲ့ မင်းရဲ့ဒေါသတွေအတွက် အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်ကို ကိုယ်တိုင်သတ်ဖို့လုပ်တာက တရားမျှတတယ်လို့ ပြောလို့မရဘူး။"

လူငယ်ရဲ့အကြည့်က လီဆာဆီကနေ လော့ရန်ဆီကို ရောက်သွားတယ်။ သူ့မျက်လုံးတွေထဲမှာတော့ဒေါသက အပြည့်နေရာယူထားတယ်။

"ဒါဆိုရင် ငါက ဘာလုပ်ရမှာလဲ၊ ဟီးရိုးအစည်းအရုံးကို သွားတိုင်ရမှာလား။ ဒီမိစ္ဆာမကို ဟီးရိုးတွေထဲက တစ်ယောက်က ကာကွယ်ပေးထားတာကွ။"

လူငယ်က မဒမ်လော့ရန်ဆီကို ရန်လိုတဲ့ပုံစံမျိုးနဲ့ ပြေးတက်လာတယ်။ မဒမ်လော့ရန်ကလည်း သူ့ရဲ့အသွားနှစ်ဖက်ဓားကို မြှောက်လိုက်ပြီးတော့ သွက်လတ်စွာနဲ့ လူငယ်ရဲ့လက်သည်းကို တားလိုက်တယ်။ ဓားက ပိုမာတဲ့အတွက် လူငယ်ရဲ့လက်သည်းချွန်တွေက ချက်ချင်းအပိုင်းပိုင်းဖြစ်သွားတယ်။ ဒါပေမဲ့လူငယ်က တခြားလက်တစ်ဖက်နဲ့ မီးဘောလုံးကို ဖန်တီးလိုက်ပြီး လော့ရန်ကို တိုက်ခိုက်ဖို့လုပ်ပေမဲ့ မဒမ်လော့ရန်က ကောင်းကောင်းရှောင်တိမ်းနိုင်စွမ်းရှိနေပါတယ်။

မီးတောက်တွေက မလုပ်မဖြစ်တော့ လူငယ်က ပါးစပ်ဟလိုက်ပြီး ပါးစပ်ထဲကနေ အဆိပ်အချွဲအကျိတွေနဲ့ ပစ်ခတ်တယ်။ နောက်ဆုံး ခမ်းနားတဲ့အနီရောင်ဂါဝန်ကိုဝတ်ထားတဲ့ မဒမ်လော့ရန်က သူ့အဝတ်အစားတွေကို အထိအခိုက်မခံချင်ဟန်နဲ့ လူငယ်ရဲ့ရင်ဘတ်ကို ဆောင့်ကန်ပြီး လူချင်းခွဲပစ်လိုက်ရတယ်။

"အစွမ်းအားလုံးက C rank တွေချည်းပဲ။ ဒါပေမဲ့ အမျိုးစားပေါင်းစုံစုထားတော့ တော်တော်ရင်ဆိုင်ရခက်သွားတာပဲ။"

မဒမ်လော့ရန်က သက်ပြင်းချလိုက်တယ်။ ဖရာလီတာရဲ့မေမေဖြစ်ပေမဲ့ မဒမ်လော့ရန်က ဓားပညာတစ်ခုတည်းကိုပဲတတ်တဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်ပါ။ သူ့မှာမြူတန့်စွမ်းအားမရှိဘဲ သေသွားတဲ့ ဖေဖေအာသာမှာသာ မြူတန့်စွမ်းအားရှိပါတယ်။ ဒါပေမဲ့ မဒမ်လော့ရန်ရဲ့ဓားပညာကလည်း ကြောက်ဖို့ကောင်းပြီး B+ အဆင့်လောက်အထိကိုရှိပါတယ်။

ဒါပေမဲ့ သူကောင်းမျိုးနဲ့မြူတန့်မိသားစု တစ်ခုအတွက်တော့ ဒီအဆင့်က အားနည်းသေးတယ်လို့ဆိုရမှာဖြစ်ပြီး မဒမ်လော့ရန့်ကိုယ်တိုင်ရဲ့တိုက်ခိုက်ရေးစွမ်းအား အားနည်းမှုက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဖရာလီတာအပေါ်ကျရောက်လာတဲ့ အေ့စ်မိသားစုခွဲရဲ့ဖိအားကို ဖြစ်ပေါ်လာစေခဲ့တာပါ။

"ဘားနတ်..." လူငယ်က နောက်တစ်ခါ တိုက်စစ်ဆင်ဖို့ ပြင်လာတာမြင်တော့ လော့ရန်က ဘားနတ်ကိုလှုပ်ရှားဖို့ အမိန့်ပေးလိုက်တယ်။

ဘားနတ်က အပိုစကားတွေပြောမနေတော့ဘဲ သူ့အပေါ်ကုတ်အင်္ကျီထဲကို လက်နှိုက်လိုက်တယ်။ အဲဒီထဲကနေ အရောင်ပြန်အောင်လုပ်ထားတဲ့ သုံးမြှောင့်ဖန်တုံးလေးတွေ ပါလာပြီး သူက ကောင်းကင်ပေါ်ကို ဖြန့်ကျဲလိုက်တယ်။ လအလင်းရောင်အောက်မှာ ရောင်ပြန်ဖန်တုံးတွေက တောက်ပနေပြီး ဘားနတ်စ်က ဖန်တုံးတစ်ခုထဲကို ဝင်ရောက်ပျောက်ကွယ်သွားတယ်။

အဲဒီနောက် ဖန်တုံးတွေမြေပေါ်ပြန်မချသေးခင်မှာပဲ ဘားနတ်က တစ်ကနေတစ်ခုကို အံ့ဩဖွယ်ကောင်းတဲ့ အရှိန်နှုန်းမျိုးနဲ့ကူးပြီး လူငယ်ကို တိုက်ခိုက်တယ်။ ဒါပေမဲ့လူငယ်က တိုက်ကွက်တွေထဲက အားနည်းချက်တစ်ခုကို သတိထားမိသွားပြီး ဘားနတ်ရဲ့လည်မျိုကို လက်တစ်ဖက်နဲ့ဖမ်းဆုပ်ကာ အဝေးကိုလွင့်ပစ်လိုက်တယ်။

"သေစမ်း... အသုံးကိုမကျဘူး..."

ဘားနတ်က မြန်မြန်ဆန်ဆန်နဲ့ရှုံးနိမ့်သွားတဲ့အတွက် လော့ရန်ဟာ ပြန်ပြီးအောက်စည်းရောက်သွားပြန်ပါတယ်။ ကျန်တဲ့ကလေးနှစ်ယောက်ဖြစ်တဲ့ ယုဆနဲ့မိရိုင်ကတော့ တစ်ယောက်လက်ကိုတစ်ယောက် ဆုပ်ကိုင်ထားကြတယ်။

"သူတို့နိုင်မှနိုင်ပါ့မလား...." ပန်ဒရာဂွန်မိသားစုက သူတို့ကိုယ်ရံတော်တပ်အများစုကို ဖရာလီတာနဲ့အတူ ထည့်ပေးလိုက်တယ်။ ဒါကြောင့် စံအိမ်ရဲ့လုံခြုံရေးက ယိုယွင်းနေပြီး ထင်သလောက်မစွမ်းဆောင်နိုင်ဘူး။

ဘဏ္ဍာစိုးချုပ်စတန်းဖို့ခ်ကို ဆုံးရှုံးလိုက်ရခြင်းနဲ့အတူ အေ့စ်နဲ့ဒိုင်ယွန်လို တခြားမိသားစုခွဲတွေနဲ့ ဆက်ဆံရေး ကျဲပါးနေပြီဖြစ်တာကြောင့် ယာမာဂုချီမိသားစုလို အင်အားကြီးမိသားစုတွေနဲ့ယှဥ်ရင်တော့ နာမည်ပဲကျန်တော့သလိုဖြစ်နေပါတယ်။

နောက်ဆုံးတော့ တစ်ချိန်လုံးငြိမ်နေခဲ့တဲ့ ဖွားဖွားအာသာရီယာက မတတ်နိုင်တော့တဲ့ပုံစံနဲ့ သက်ပြင်းချလိုက်တယ်။

"ဟင်း.... ဘယ်တတ်နိုင်ပါ့မလဲ။" နောက်တော့ ဖွားဖွားအာသာရီယာရဲ့လက်မောင်းတစ်ဖက်က သံမဏိအကြေးခွံအဖြစ်ကို ချက်ချင်းပြောင်းသွားပြီး သူ့နဖူးကနေ ရှည်လျားပြီးတော်ဝင်ဆန်တဲ့ နီရင့်ရင့်ရောင် ချိုနှစ်ခုပေါက်လာတယ်။ မျက်လုံးတွေကလည်း ပုတ်သင်လိုမျိုး ကန့်လန့်ဖြတ်ဖြစ်သွားပြီး သူ့ကျောနောက်မှာလည်း လင်းနို့တောင်ပံလို အတောင်ပံမျိုးထွက်လာတယ်။ ဒါပေမဲ့တစ်ဖက်တည်းပါ။

ဖွားဖွားအာသာရီယာဟာ အသွင်ပြောင်းစွမ်းအားကို ရုတ်တရက်ထုတ်သုံးလိုက်တဲ့အတွက် ကလေးတွေအကုန်လုံး ဆွံအကုန်တယ်။ ဘာပဲပြောပြော အခုသဘောကောင်းတဲ့ ဖွားဖွားကြီးက နဂါးတစ်ကောင်နဲ့အတော်တူနေတယ်မဟုတ်လား။

ဒါပေမဲ့ ထပ်အံ့ဩရတာက ဖွားဖွားအာသာရီယာရဲ့အသွင်ပြောင်းထားတဲ့ပုံစံက တစ်ခုခုထူးဆန်းနေတယ်။ တောင်ပံက တစ်ဖက်တည်းရှိနေတာဖြစ်ပြီး အခြားတစ်ဖက်ကတော့ တစ်စုံတစ်ယောက်က ဆွဲဖြုတ်ထားတဲ့ ပုံစံမျိုးဖြစ်နေပြီး ရှိမနေပါဘူး။ ပြီးတော့ အဲဒီဒဏ်ရာက ပြန်မကောင်းနိုင်တဲ့ပုံစံပဲ။

"နင်နောက်ကိုဆုတ်လိုက်တော့... အသုံးမကျတဲ့ဟာမလေး။ ငါ့သားနဲ့များကွာပါ့။" သေသွားတဲ့ သားဖြစ်သူအကြောင်းကိုပြောလိုက်ရင်း ဖွားဖွားအာသာရီယာက အမြန်လှုပ်ရှားလိုက်တယ်။ သူက ရပ်နေတဲ့နေရာကနေ ချက်ချင်းပျောက်သွားပြီး လူငယ်ရှေ့မှာပေါ်လာတယ်။ ပြီးတော့ ဖွားဖွားပန်ဒရာဂွန်က ကောင်လေးရဲ့ပါးကို နဂါးလက်နဲ့ တစ်ချက်တည်းရိုက်ချလိုက်တယ်။

ဘုန်း....။

သာသာလေးရိုက်လိုက်တာဆိုပေမဲ့ ပြင်းထန်တဲ့အားကြောင့် ဖြစ်ပေါ်လာတဲ့လေနီကြမ်းက တောအုပ်ထဲမှာရှိနေတဲ့ သစ်ပင်တွေအကုန်လုံးကို အမြစ်ကနေ ကျွတ်ထွက်သွားစေပြီး ကလေးတွေအကုန်လုံးကို ပါးစပ်အဟောင်းသား ဖြစ်သွားစေတယ်။

မိရိုင်ဆိုရင် မျက်လုံးကြီးပြူးကြည့်ရင်း ဒီလိုတောင် မှတ်ချက်ချလိုက်တယ်။

"ဖွားဖွားကြီးရဲ့လက်ဝါးရိုက်က ဆရာ့ကိုမီလုနီးပါးပဲ။" ဒါပေမဲ့ဘာကြောင့်မှန်းမသိဘဲ ဖွားဖွားအာသာရီရာရဲ့အသွင်ပြောင်းပုံစံက ချက်ချင်းခြောက်သွေ့သွားပြီး ပုံမှန်လူပြန်ဖြစ်သွားတယ်။

"အမေ... အဆင်ပြေရဲ့လား။ ဘာလို့မပြောမဆိုနဲ့ ထပြီးအသွင်ပြောင်းရတာလဲ။" မဒမ်လော့ရန့်က ဖွားဖွားကို တွဲပေးလိုက်တယ်။ လှပနေဆဲအဖွားအိုရဲ့မျက်နှာက သွေးဆုတ်ဖြူဖပ်သွားပြီး သွေးချောင်းဆိုလိုက်တယ်။

"အသက်ကြီးလာတာ ဘာမှမကောင်းဘူး။ မကောင်းတဲ့ ကလေးတွေကိုတောင် ဆိုဆုံးမမရတော့ဘူး။"

"အမေကလည်း ဒဏ်ရာကြီးနဲ့ကို ဘာတွေထလုပ်မှန်းမသိဘူး။"

"နင်မှမနိုင်တာအေ့... မြူတန့်စွမ်းအားမရှိရတဲ့အထဲကို ဓားပညာလည်းပုံမှန်မလေ့ကျင့်ဘူး။ အလကားနေ ဉာဏ်နီဉာဏ်နက်ပဲ အားကိုးနေတာမဟုတ်လား။ ငါ့ရဲ့မတော်လိုက်ရတဲ့သမက်လေးတောင် နင့်ထက်အများကြီးဓားရေးကောင်းနေပြီ။"

"....." အခြားတစ်ဖက်မှာတော့ အရိုက်ခံရပြီး ပုံလျက်လေးကျနေတဲ့ လူငယ်က ဘာလုပ်လို့လုပ်ရမှန်းမသိဘူး။ သူက လုံးဝရှုံးနိမ့်သွားပြီဖြစ်ပြီး သူ့မြူတန့်စွမ်းအားက ယာယီပဲအသုံးဝင်တာပါ။ အခုသူရထားတဲ့ အချိန်လည်းပြည့်နေပြီမလို့ စွမ်းအားတွေ ပျောက်ကွယ်သွားတယ်။

"အား.... " များပြားလွန်းတဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် လူငယ်ရဲ့အသားအရေက ပဲ့ကြားအက်ပြီး သွေးတွေစီးကျလာတယ်။

မိရိုင်က ချက်ချင်းရှေ့ထွက်လာပြီး လူကြီးတွေကို မေးလိုက်တယ်။ "ဒေါ်လေး၊ ဖွားဖွား... သမီးသူ့ကို ကယ်လို့ရမလား။ သူက လုံးဝကြီးဆိုးယုတ်နေတာတော့ မဟုတ်ဘူးမဟုတ်လား။"

ဖွားဖွားအာသာရီယာက မိရိုင်ကိုကြည့်လိုက်ပြီးတော့ခွင့်ပြုတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။ ဒီလူငယ်ကအစကတည်းက စွမ်းအားမရှိသူမလို့ ဘေးထွက်ဆိုးကျိုးကို ကုသပေးပြီးရင် သူတို့ကိုအန္တရာယ်မပေးနိုင်ပါဘူး။ တိုက်ခိုက်မှုအတွက် အချိန်တန် သက်ဆိုင်ရာအပ်လိုက်ရုံနဲ့ ကိစ္စပြီးပါတယ်။

မိရိုင်က သူ့လက်ထဲမှာကြယ်လေးတစ်ပွင့်ကိုဖန်ဆင်းလိုက်ပြီး လူငယ်ရဲ့ဘေးထွက်ဆိုးကျိုးတွေကို ကြယ်ရောင်နဲ့လျော့ပါးသက်သာစေလိုက်တယ်။

"ဘာကြောင့်လဲ... ငါက မင်းတို့သူငယ်ချင်းကို မင်းတို့ရှေ့မှာတင် သတ်ဖို့လုပ်ထားတာလေ။"

ဒါပေမဲ့ မိရိုင်က ခေါင်းခါပြလိုက်တယ်။ "ကျွန်မလည်း ရှင်လီဆာဆီကိုပို့ထားတဲ့စာတွေကို ကြည့်ပြီးပါပြီ။ ရှင်က ရှင်ရသင့်တဲ့တရားမျှတမှုအတွက် ကြိုးစားခဲ့ရုံပါ။ နည်းလမ်းမှားနေပေမဲ့ပေါ့။ ပြီးတော့ တစ်စုံတစ်ယောက်ကို အသက်နဲ့ရင်းပြီး မေတ္တာကြီးကြီးမားမားထားတတ်သူတွေက ဘယ်တော့မှလူဆိုးမဟုတ်ဘူးတဲ့။"

အာကိုင်းဂါမီရဲ့မျက်နှာကို စဥ်းစားကြည့်လိုက်ရင်း မိရိုင်က ပြောလိုက်တယ်။ သူ့ဆရာဆိုရင်ရော ဒီလိုလူမျိုးကို သတ်ပါ့မလား။ သူသိသလောက်တော့ သူ့ဆရာက အတတ်နိုင်ဆုံး လူကောင်းတွေကိုကယ်တင်တတ်တယ်။ ဒါကြောင့် မိရိုင်က တစ်ခါမှမမြင်ဖူးသလို သူ့သူငယ်ချင်းတစ်ယောက်ကို ထိခိုက်အောင်လုပ်ခဲ့ဖူးတဲ့လူကို ကယ်တင်ဖို့ကြိုးစားနေတာပဲ။

"လောကမှ ဒီလိုလူမျိုးလည်းရှိသေးတာလား။" လူငယ်က ကောင်းကင်ကြီးကိုမော့ကြည့်ရင်း သက်ပြင်းချလိုက်တယ်။ သူ့ဒဏ်ရာတွေက တဖြည်းဖြည်းပြန်ကောင်းလာပြီး အသက်အန္တရာယ်မရှိတော့ချိန်မှာတော့ မိရိုင်တို့က လီဆာဆီကိုရောက်လာကြတယ်။

"ဘာဖြစ်လို့ တစ်ခုခုဖြစ်နေတာကို ငါတို့ကိုမပြောဘဲ ထွက်သွားတာလဲ။ ငါတို့က သူငယ်ချင်းတွေမဟုတ်ဘူးလား။" ယုဆကတော့ မိရိုင်လိုမျိုး ကြင်နာတတ်သူလေးမဟုတ်တော့ လူပုံစံပြန်ပြောင်းထားတဲ့ လီဆာလေးကို တွန်းထိုးပြီးမေးနေတယ်။

လီဆာက ပြန်မော့ကြည့်ပေမဲ့ သူ့မျက်လုံးမှာမျက်ရည်တွေနဲ့ပါ။ "နင်... နင်တို့... ငါ့ကိုမမုန်းဘူးလား။ ငါက လူသတ်သမားလေ၊ ပြီးတော့ လူသားစားတဲ့ မိစ္ဆာတစ်ကောင်။"

ပြောနေရင်း ကိုယ့်ကိုယ်ကိုယ်ရွံရှာလာဟန်နဲ့ လီဆာအန်ထုတ်လိုက်မိတယ်။ အစာအိမ်အက်စစ်ရည်တွေကို အန်ထုတ်ပြီးနောက် လီဆာကို ထရပ်လိုက်တယ်။

"ငါလူတွေမရှိတဲ့နေရာမှာ သွားနေဖို့ ဆုံးဖြတ်ထားတယ်။ နောက်ထပ် ဘယ်အချိန်ငါသတိလွတ်ပြီး လူတွေကို စားမိဦးမယ်မသိဘူး။"

"မဟုတ်ဘူး... နင်အကြီးအကြီးလွဲနေပြီဟဲ့၊ နင်က လူသားတစ်ယောက်လေ။ သားရိုင်းမှမဟုတ်တာ။ ပြီးတော့ နင်အဲဒီလိုမျိုးထွက်သွားရင် နင့်ကိုခင်တဲ့လူတွေဘယ်လိုခံစားရမလဲ ထည့်မတွက်ဘူးလားဟဲ့။ အစ်မကြီးမက်ဒါနာနဲ့စကော်ပီယိုက နင့်ကိုလိုက်ရှာနေလိမ့်မယ်။" ယုဆက လီဆာမျက်နှာနားကိုအတင်းကပ်ပြီး ပြောနေတာ။

မက်ဒါနာနဲ့စကော်ပီယိုရဲ့နာမည်ကြားတော့ လီဆာရဲ့မျက်လုံးတွေက မျက်ရည်တွေဝိုင်းလာပြန်တယ်။

"ဒါ...ဒါပေမဲ့... ငါက....." နောက်တော့ လီဆာတစ်ယောက် စကားတောင်ဆုံးအောင်မပြောနိုင်ဘဲ အော်ငိုတော့တာပဲ။ ငိုဖို့မျက်ရည်တွေ မကျန်တော့တဲ့အချိန်ကျမှ ဖွားဖွားအာသာရီယာက လီဆာနားရောက်လာပြီး ပခုံးပေါ်လက်တင်လိုက်တယ်။

"ဒီတော့ မင်းလေးက မင်းရဲ့စွမ်းအားတွေကို မထိန်းချုပ်နိုင်လို့ ကြောက်နေခဲ့တာပေါ့။" အာသာရီယာက ခပ်ဟဟပြုံးပြီး ငုံကြည့်တယ်။ လီဆာကလည်း မော့ကြည့်တာကြောင့် သူတို့အကြည့်ချင်းဆုံသွားတယ်။

"ငါတို့မှာ တူညီတဲ့စွမ်းအားမျိုးရှိနေတယ်ဆိုတော့ ငါက စွမ်းအားတွေထိန်းချုပ်နိုင်အောင် သင်ပေးမယ်ဆိုရင်ရော။"

"ဒါပေမဲ့ သမီးက လူလုပ်မြူတန့်လေ၊ အဖွားကကျတော့ သလင်းကျောက်တို့ မျိုးရိုးလိုက်တာတို့ကနေ ရလာတာမဟုတ်ဘူးလား။"

"အင်း... တကယ်တော့ နည်းနည်းနီးစပ်ပေမဲ့ အဖွားရဲ့နဂါးပုံစံက အဲဒီလိုမဟုတ်ဘူး။"

"ဟမ်...." လီဆာနားမလည်နိုင်စွာနဲ့ အာသာရီယာကို မော့ကြည့်လိုက်တယ်။ တကယ်ပဲ လောကကြီးမှာ စွမ်းအားရဖို့ တခြားနည်းလမ်းရှိသေးလို့လား။

ဖွားဖွားပန်ဒရာဂွန်က ကောင်မလေးရဲ့သိချင်စိတ်ကိုမြင်တော့ ပြုံးလိုက်ပြီး လူငယ်ကို သက်ဆိုင်ရာကိုအပ်ဖို့ ဘဏ္ဍာစိုးကို အမိန့်ပေးလိုက်တယ်။ ဘဏ္ဍာစိုးက လူငယ်ကို တောအုပ်ထဲက ဆွဲထုတ်သွားပြီးတဲ့ နောက် ဖွားဖွားအာသာရီယာက စရှင်းပြတယ်။

"တကယ်တော့ တခြားနည်းလမ်းရှိသေးပြီးတော့ အထူးအဆန်းလည်းမဟုတ်ဘူး။ သွေးစာချုပ်ပဲ။ ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်ကောင်နဲ့ သွေးစာချုပ်ချုပ်လိုက်တာမျိုးပေါ့။ မင်းလေးက ဆူဗာနာရောက်ဖူးတယ်ဆိုတော့ မြင်ခဲ့ရမှာပါ။"

လီဆာ ပြန်စဥ်းစားကြည့်တော့ တကယ်ပဲ ဆူဗာနာမှာ အဲဒီဓလေ့က ခေတ်စားတယ်။ အဲဲဒီက ကလေးတွေက ငယ်ငယ်လေးနဲ့ မြူတန့်ပုရွက်ဆိတ်တွေနဲ့ စာချုပ်ချုပ်ဖို့ ကြိုးစားကြတယ်လေ။ နယ်စားကြီးလည်း အတူတူပဲ။

"သလင်းကျောက်အရင်းအမြစ်နဲ့မတူတာက သွေးစာချုပ်က ဒီကမ္ဘာကြီးမှာ ဟိုးအရင်ကတည်းက ရှိနေတာပဲ။ ရှေးဟောင်းသတ္တဝါတွေလည်း အများကြီးကမ္ဘာပေါ်မှာရှိတယ်။"

မိရိုင်ကလည်း နားထောင်နေရင်း စိတ်ဝင်စားလာပြီး မေးလိုက်တယ်။ "ဒါဆို ဟိုတလောကပေါ်လာတဲ့ လိပ်ကြီးက အဲဒီလိုဟာမျိုးနေမှာပေါ့နော်။"

ဖွားဖွားက ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်ပြပြီး ဆက်ရှင်းပြတယ်။ "သလင်းကျောက်ကနေ စွမ်းအားရတာနဲ့မတူတာက စာချုပ်ကနေစွမ်းအားရတဲ့သူတွေက သဘာဝအတိုင်း စွမ်းအားမတိုးတက်နိုင်တော့ဘူး။ စွမ်းအားက စာချုပ်ချုပ်ထားတဲ့ ရှေးသတ္တဝါအပေါ်မှာပဲ မူတည်တယ်။ သူပေးသလောက်ရမယ်၊ သူကလည်း ရှိသလောက်ပဲ ပေးနိုင်မယ်။ ငါတို့ပန်ဒရာဂွန်တွေကလည်း ကန်းမလော့ခေတ်ကတည်းက နဂါးပြာကြီးတစ်ကောင်နဲ့ စာချုပ်ချုပ်ခဲ့ကြတယ်။ ဟုတ်တယ်၊ ဒဏ္ဍာရီတွေက အမှန်ပဲ။ ပန်ဒရာဂွန်ဆိုတာက နဂါးအကြီးအမှူးလို့ အဓိပ္ပါယ်ရပြီး ငါတို့ရဲ့စောင့်ရှောက်သူ နဂါးကြီးတစ်ကောင်ရှိခဲ့ဖူးတယ်။"

"ရှိခဲ့ဖူးတယ်..." ရှိခဲ့ဖူးတယ်ဆိုတဲ့စကားကြောင့် လီဆာ မျက်မှောင်ကြုတ်လိုက်တယ်။ ရှိခဲ့ဖူးတယ်ဆိုတော့ အခုမရှိတော့ဘူးလို့ ဆိုလိုတာလား။ ဒါပေမဲ့ ဖွားဖွားအာသာရီယာက ဆက်ရှင်းမပြဘဲ စကားလမ်းကြောင်း ပြောင်းလိုက်တယ်။

"ဒါပေမဲ့ စာချုပ်စွမ်းအားက ငါတို့ရဲ့စိတ်တွေကို အချင်းချင်းဆက်သွယ်နေအောင် လုပ်ထားတဲ့အတွက် နဂါးရဲ့စိတ်က စာချုပ်ချုပ်ထားတဲ့လူ အပေါ်မှာတစ်ခါတလေ လာပြီးလွှမ်းမိုးတတ်တယ်။ ရန်လိုလွန်းတာ၊ ဒေါသကြီးလွန်းတာ၊ လူသတ်လိုတာ စသည်ဖြင့်ပေါ့။ ပန်ဒရာဂွန်ရဲ့ရွေးချယ်ခံ နဂါးစစ်သည်တိုင်းက အဲဒီဒဏ်ကိုခံနိုင်အောင်လေ့ကျင့်ပြီးမှ စာချုပ်ချုပ်ခွင့်ရကြတယ်။" နောက်တော့ ဖွားဖွားပန်ဒရာဂွန်က လော့ရန်ကို လှည့်ကြည့်ပြီးပြောလိုက်တယ်။

"ပြီးတော့ ငါ့သမီးက စစ်ဆေးမှုကို ကျခဲ့ပြီး ငါ့သားက အောင်မြင်ခဲ့တယ်လေ။ ကံမကောင်းတာက သူသစ္စာဖောက်ခံခဲ့ရတာပဲ။" ဖွားဖွားက သက်ပြင်းချလိုက်ပြန်တယ်။

ဖရာလီတာရဲ့အဖေက အရွယ်ကောင်းမှာသေဆုံးခဲ့တာဖြစ်ပြီးတော့ အလားအလာကုန်တောင် မဖွံဖြိုးခဲ့သေးပါဘူး။ မဟုတ်ရင် ဥရောပရဲ့မျိုးဆက်သစ်နဂါးစစ်သည်က သေချာပေါက် အင်အားကြီး S rank အနေနဲ့ ကျော်ကြားမှာပါ။

"ခုနက မင်းလေးကို အဖွားသင်ပေးမယ်လို့ပြောတာက ပန်ဒရာဂွန်တွေရဲ့စိတ်ကိုထိန်းချုပ်ဖို့ လေ့ကျင့်ရတဲ့ လေ့ကျင့်နည်းတွေပဲ။ စိတ်ဓာတ်ကျနေမယ့်အစားကိုယ့်စွမ်းအားကိုယ်ကို ထိန်းချုပ်ဖို့ကြိုးစားတာက နည်းလမ်းမှန်ပဲ။ ထွက်ပြေးနေတာက နည်းလမ်းမမှန်ဘူး။ မင်းကိုရော မင်းအနားကလူတွေကိုပါ နာကျင်စေလိမ့်မယ်။ ဒါပေမဲ့ လေ့ကျင့်ရေးကာလက သေချာပေါက် ကြမ်းတမ်းမှာမလို့ ဆုံးဖြတ်ချက် ခိုင်မာဖို့တော့ လိုလိမ့်မယ်။"

လီဆာက ဖွားဖွားအာသာရီယာကို မော့ကြည့်လိုက်တယ်။ သူဘယ်လိုလုပ် ဒီအခွင့်အရေးကို ငြင်းနိုင်မှာလဲ။

All Chapters