အပိတ်
Vol. 4 Ch. 53
မြူတန့်သိပ္ပံကိုဖျက်ဆီးခဲ့တဲ့ စပိန်ကျွန်းတိုက်ပွဲဟာ ပြီးဆုံးသွားခဲ့ပါတယ်။ ဒါပေမဲ့ တိုက်ပွဲကို ပြီးဆုံးစေခဲ့တဲ့ မက်ဒါနာကတော့ သတိပြန်မရလာသေးပါဘူး။
ပင်လယ်ဓားပြတွေဆီက သိမ်းထားတဲ့ စစ်င်္ဘောကြီးဟာ အနီးဆုံးဖြစ်တဲ့ ဗာလန်ကာဆိပ်ကမ်းကို ဆိုက်လာချိန်မှာတော့ စပိန်ဘုရင်ကိုယ်တိုင် လာရောက်ကြိုဆိုခြင်းခံရပါတယ်။ ဒီဟီးရိုးအဖွဲ့ထဲမှာ စပိန်ပိုင်ကျွန်းတစ်ကျွန်းကို နျူနဲ့အထုခံရမယ့်ဘေးကနေ ကူညီပေးခဲ့သူတစ်ဦး ပါနေနိုင်တယ်မဟုတ်လား။
ဒါပေမဲ့ ဘယ်သူလုပ်ခဲ့လဲဆိုတာကိုတော့ လျှို့ဝှက်ထားဖို့အတွက် ဖရာလီတာက စပိန်ဘုရင်ဂါဘီလီကို နားချနိုင်ခဲ့တယ်။ မက်ထရစ်က အကောင်းဆုံးဆိုတဲ့ဆေးရုံမှာ စစ်ဆေးပြီးတဲ့နောက်တော့ မက်ဒါနာဟာ ကိုမာဝင်သွားပြီး အချိန်အတိုင်းအတာတစ်ခုအထိ ပြန်သတိရလာဦးမှာမဟုတ်ဘူးလို့ သိလိုက်ရတာကြောင့် သူတို့တွေလျှို့ဝှက်ထားဖို့ ဆုံးဖြတ်လိုက်ကြတာ။
ကမ္ဘာ့အစိုးရတွေ၊ အထူးသဖြင့် အမေရိကန်ဟာ လက်ရှိအချိန်မှာ ဗီလိန်ဖြစ်ဖြစ် ဟီးရိုးတွေကိုပဲဖြစ်ဖြစ် မြူတန့်မှန်ရင် အကုန်လုံးကို မုန်းတီးနေပါတယ်။ ဒါကြောင့် S rank အဆင့်ထက်သာလွန်မှုရှိတဲ့ ထုတ်ဖော်နိုင်တဲ့ တစ်စုံတစ်ယောက်ကို လုပ်ကြံဖို့ ကျိန်းသေကြိုးစားပါလိမ့်မယ်။ ကိုင်းတိုဟာ ဒီလိုလုပ်ကြံခံခဲ့ရဖူးသူဖြစ်တဲ့အတွက် သူတို့ကိုသတိပေးသလိုဖြစ်နေတယ်။
ဒါ့အပြင် စပိန်ဝန်ကြီးချုပ်နဲ့အစိုးရဟာ ဖရာလီတာနဲ့လျှို့ဝှက်တွေ့ဆုံပြီး သူတို့ဖွဲ့ဖို့စီစဥ်နေတဲ့ မဟာမိတ်အကြောင်း ချပြလာပါတယ်။ ဖရာလီတာကတော့ ဒီကိစ္စကို ဆုံးဖြတ်နိုင်တဲ့အာဏာမရှိတဲ့အတွက်ကြောင့် ဗြိတိန်ပြန်ရောက်မှပဲ တကယ်တာဝန်ရှိသူတွေဆီ အကြောင်းကြားပေးဖို့ ကတိပေးလိုက်တယ်။
မြူတန့်သိပ္ပံကို နှိမ်နင်းပြီးပြီဖြစ်သလို မိခင်တိုင်းပြည်မှာ အလုပ်လုပ်ဖို့ရှိနေတဲ့အတွက် ဥစာကီဦးဆောင်တဲ့ တိုကျိုအစည်းအရုံးက ယုဆကိုဝင်မခေါ်တော့ဘဲ ဂျပန်ကိုအရင်ပြန်သွားကြတယ်။ ပြီးတော့ ၂၀၄၆ ခုနစ်ကုန်ဆုံးတော့မှာဖြစ်ပြီး နှစ်သစ်က တဖြည်းဖြည်းနီးကပ်လာပြီ။
နှစ်သစ်ကူးညအပြီးမှာတော့ မက်ဒါနာနဲ့စကော်ပီယိုတို့ရဲ့ကျန်းမာရေးကို တည်ငြိမ်အောင်လုပ်ပြီးနောက် အမိန့်တော်အဖွဲ့က ဗြိတိန်ဆီ ပြန်ရောက်လာကြတယ်။ ဒါပေမဲ့ စကော်ပီယိုရဲ့DNA လစ်ဟင်းနေတဲ့ပြဿနာက လုံးဝအထိအခိုက်မခံဖြစ်နေပြီး မက်ဒါနာကတော့ သတိပြန်ဝင်မလာသေးဘူး။
ဖရာလီတာဦးဆောင်တဲ့အမိန့်တော်အဖွဲ့ကို မင်းသမီးလီလီယာကိုယ်တိုင် လာရောက်ကြိုဆိုပေမဲ့ အမိန့်တော်အဖွဲ့ကို နိုင်ငံရဲ့အထူးဟီးရိုးအေးဂျင့်အုပ်စုလို့သာ ကြေညာခဲ့ပါတယ်။ ဒီအဖွဲ့က အဲလိဇဘက်လက်ထက်က တည်ထောင်ခဲ့တဲ့ သလင်းဇစ်မြစ်ရှာအဖွဲ့ဖြစ်ပြီး ဖရာလီတာလက်ထက်မှာ အောင်မြင်ပြီးပြီဖြစ်ပေမဲ့ မြူတန့်သိပ္ပံကို ဆက်လက်တိုက်ခိုက်ဖို့ လှုပ်ရှားနေကြဆဲပါ။
ပန်ဒရာဂွန်စံအိမ်မှာတော့ လီဆာဟာ သူအချစ်ရဆုံးသူနှစ်ယောက် ပြန်ရောက်လာတာကို စောင့်နေခဲ့ပါတယ်။ ဖွားဖွားအာသာရီယာဦးစီးတဲ့ လေ့ကျင့်ရေးစတင်နေပြီဖြစ်တာကြောင့် ပင်ပန်းနေပေမဲ့ အမေတစ်ယောက်လို သဘောထားရတဲ့ မက်ဒါနာနဲ့ အစ်မကြီးတစ်ယောက်လို ချစ်ခင်ရတဲ့ စကော်ပီယိုတို့ကို တွေ့ချင်နေတာတော့ အမှန်ပါ။
ဒါပေမဲ့ ထာဝရအိပ်မောကျနေတဲ့ မင်းသမီးလေး မက်ဒါနာနဲ့ ပြိုလဲလုဆဲဆဲ ကျန်းမာရေးနဲ့ စကော်ပီယိုတို့ကို မြင်လိုက်ရချိန်မှာတော့ လီဆာရဲ့အပြုံးတွေ ပျောက်ကွယ်သွားပြီး ဘာပြောရမှန်းမသိတော့ဘူး။
သာမန်ရောဂါပိုးတွေကြောင့် အပြင်းအထန်နားမကျန်းဖြစ်ပြီး သေဆုံးသွားနိုင်တဲ့အန္တရာယ်ရှိနေတဲ့ စကော်ပီယိုကတော့ အဆင့်အမြင့်ဆုံး ရောဂါပိုးကာကွယ်တဲ့ အသက်ရှူလမ်းကြောင်းကာ မျက်နှာဖုံးကို ဝတ်ထားရတယ်။ သူ့ခန္ဓာကိုယ်ထဲက ကပ်ပါးပိုးတွေ ကြီးထွားမလာအောင်နဲ့ ခန္ဓာကိုယ်ရဲ့လုပ်ငန်းတွေမှန်မှန်လည်ပတ်နေဖို့ များပြားတဲ့ဓာတုဆေးရည်တွေအပေါ် မှီခိုနေရတယ်။
"စိတ်မပူပါနဲ့... သမီးက အစ်မကြီးစကော်ပီယိုကို ကုသပေးနိုင်တဲ့အထိ သန်မာလာအောင် ကြိုးစားမှာပါ။" လီဆာက ကတိပေးလိုက်တဲ့အတွက် စကော်ပီယိုက သူ့ရဲ့ဖြူဖျော့နေတဲ့လက်ကိုမြှောက်ပြီး လီဆာရဲ့ခေါင်းလေးကို ပွတ်ပေးလိုက်တယ်။ လီဆာရဲ့မျက်နှာမှာလည်း အပြုံးဖျော့ဖျော့ပေါ်လာတယ်။
စကော်ပီယိုရဲ့အခြေအနေက လုံးဝမျှော်လင့်ချက်မဲ့နေတာတော့မဟုတ်ဘူး။ DNA ပျောက်ဆုံးသွားတဲ့အတွက် ပုံမှန်အခြေအနေမှာ ဘယ်လိုပဲဖြစ်ဖြစ် သေရတော့မှာဆိုပေမဲ့ ပန်ဒရာဂွန်မိသားစုမှာ မလုပ်နိုင်တဲ့အရာ မရှိသလောက်ပဲ။
"ပန်ဒရာဂွန်လုပ်ငန်းစုတစ်ခုလုံးကို မြူတန့်သိပ္ပံရဲ့ လူလုပ်မြူတန့်နဲ့ DNA လွှဲပြောင်းတဲ့နည်းပညာကို ပြန်ထုတ်ဖော်ဖို့ အမိန့်ပေးထားပြီးပြီ။ ဒါက ငါတို့အဖွဲ့အစည်းတစ်ခုလုံးအတွက်ပါ အရေးပါလာလိမ့်မယ်။ မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ဘေးထွက်ဆိုးကျိုးမရှိ၊ လူ့အခွင့်အရေး ချိုးဖောက်မှုမရှိဘဲ တိုင်းပြည်အတွက် လူလုပ်မြူတန့်စစ်သည်တွေဖန်တီးဖို့ ဝန်ကြီးချုပ်က ခွင့်ပြုလိုက်ပြီ။" မဒမ်လော့ရန်က ခေါင်းညိတ်ပြီးပြောလိုက်တယ်။
ကမ္ဘာကြီးက အမြန်အဆန်ပြောင်းလဲနေတယ်။ မဟာမိတ်ဟောင်းတွေက ပြိုကျသွားပြီး မဟာမိတ်သစ်တွေက ဝင်ရောက်အစားထိုးတယ်။ ဗြိတိန်အနေနဲ့ ပြောင်းလဲမှုတွေကြားမှာရပ်တည်ချင်ရင် လုံးဝနောက်မှာ ကျန်နေရစ်လို့မဖြစ်ဘူး။
စစ်ပွဲအပျက်အစီးတွေကြားကနေ ရလာခဲ့တဲ့ မြူတန့်သိပ္ပံအကြွင်းအကျန်တွေကို ဖရာလီတာက ယူလာခဲ့ပြီး သူတို့အတွက်အသုံးဝင်မယ့် နည်းပညာတွေကို ပေးအပ်ခဲ့တယ်။ တစ်ဖက်မှာလည်း အစိုးရက တိုင်းပြည်တာဝန်ကိုထမ်းဆောင်ချင်တဲ့ စစ်သည်တိုင်းကို မြူတန့်အဖြစ်ပြောင်းပေးနိုင်မယ့်နည်းပညာတွေကို စိတ်ဝင်စားနေတယ်။ မြူတန့်သိပ္ပံက လုပ်စရာရှိတာတွေအားလုံး လုပ်ထားပြီးပြီဖြစ်တာကြောင့် ဗြိတိန်အနေနဲ့ လူသားစမ်းသပ်မှုတွေလုပ်စရာမလိုတော့ဘဲ နဂိုရှိပြီးသားနည်းပညာကို နည်းနည်းပြန်ဆန်းသစ်ရုံပဲ လိုပါတယ်။ သာမန်လူသားတွေ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မီတာလူသားတွေက လူသားတွေကို အစားထိုးလာပါပြီ။ ရှင်ကျန်ရစ်ဖို့အတွက် ရှောင်လွှဲလို့မရနိုင်တော့တဲ့ ပြောင်းလဲမှုတစ်ခုပါ။
နောက်တော့ လော့ရန်က သက်ပြင်းချလိုက်ပြီး လီဆာနဲ့စကော်ပီယိုတို့ကို ကြည့်လိုက်တယ်။
"စကော်ပီယိုရဲ့ကျန်းမာရေးအခြေအနေကို ထိန်းထားဖို့အတွက် ငါတို့က သူ့ကို Hyper Sleep အခြေအနေမှာ ထိန်းထားပေးမယ်။ မင်းရဲ့လေ့ကျင့်မှုပြီးဆုံးသွားတဲ့အခါကျရင် သူနဲ့မင်းနှစ်ယောက်လုံး အတွက် ဆိုးကျိုးမရှိဘဲ DNA လွှဲပြောင်းပေးနိုင်လိမ့်မယ်။ ဒါကလည်း သိပ်မကြာလောက်ပါဘူး။ မင်းကိုယ်မင်း အခက်အခဲဆုံးအခြေအနေတွေမှာ ကိုယ့်စွမ်းအားကိုယ် ထိန်းချုပ်နိုင်ဖို့ သင်ယူနိုင်တဲ့နေ့က သူပြန်လာနိုင်မယ့်နေ့ပဲ။"
စကော်ပီယိုက လီဆာကိုကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ ဒီကောင်မလေး လုပ်နိုင်လိမ့်မယ်လို့ သူယုံကြည်တယ်။ သေချာပေါက်ကို လုပ်နိုင်မှာ။ နောက်တော့ စကော်ပီယိုကို သူနာပြုတစ်ဖွဲ့က ခေါ်ထုတ်သွားတယ်။
နောက်ဆုံးကျန်တာကတော့ သတိမေ့နေတဲ့ မက်ဒါနာကိစ္စပဲ။ ဆေးပညာအရတော့ အသိစိတ်မရှိတာကလွဲလို့ ဘာမှစိုးရိမ်စရာမရှိဘူး။ အာကိုင်းဂါမီရဲ့သွေးက တစ်နည်းနည်းနဲ့သူ့ကို အသက်ရှင်အောင်ထိန်းပေးထားပုံပဲ။ သူ့ရဲ့ကျိုးနေတဲ့အရိုးတွေကလည်း ပြန်ကောင်းစပြုနေပါပြီ။ ဒါပေမဲ့ မက်ဒါနာထုတ်သုံးခဲ့တဲ့ နတ်ဘုရားဆန်ဆန်စွမ်းအားကတော့ မက်ဒါနာကိုယ်ထဲမှာ ဘယ်တုန်းကမှ မရှိဖူးသလိုပဲ။ ဘယ်လိုစမ်းသပ်စမ်းသပ် အဲဒီစွမ်းအားမျိုးရှိတယ်လို့ ဆေးမှတ်တမ်းမှာ အဖြေမထွက်ဘူး။ ဒီစွမ်းအားကြောင့် မက်ဒါနာအပေါ် ဘယ်လိုသက်ရောက်မလဲဆိုတာလည်း ဘယ်သူမှမသိနိုင်ဘူး။
"ကျွန်တော်တို့ မင်းသမီးလေးကို ဆူဗာနာဆီ ပြန်ခေါ်သွားပါရစေ။" ဆူဗာနာစောင့်ရှောက်သူနှစ်ယောက်က တစ်ပြိုင်နက်တည်း တောင်းဆိုကြတယ်။ ဒါပေမဲ့ ဖရာလီတာကတော့ သိပ်သဘောမတူချင်ဘူး။
"သူ့သတိရမလာမချင်း သူ့ကို ငါ့မျက်စိအောက်ကနေ အပျောက်မခံနိုင်ဘူး။"
"ဒါပေမဲ့ မင်းသမီးလေးရဲ့မိသားစုဝင်အားလုံးက ဆူဗာနာမှာရှိ..." အဲဒီနေ့က တစ်နေကုန်အငြင်းပွားခဲ့ကြပေမဲ့ မင်းသမီးလီလီယာဆီကစာ ဖရာလီတာဆီကို ရောက်လာပြီးနောက်မှာတော့ ဖရာလီတာ လက်လျှော့လိုက်တယ်။ တော်ဝင်မိသားစုက ဖရာလီတာကို လျှို့ဝှက်မစ်ရှင်တစ်ခု ဆောင်ရွက်စေချင်နေတယ်။
"ကောင်းပြီလေ... နင်တို့သူ့ကို ခေါ်သွားနိုင်တယ်။ ဒါပေမဲ့ သူတစ်ခုခုဖြစ်လို့ကတော့ နင်တို့တစ်နိုင်ငံလုံးကို -ျီနိုဆိုက်ပစ်မယ်။"
ဆူဗာနာကို မက်ဒါနာကိုပြန်ခေါ်သွားမယ့်နေ့ရောက်တော့ ဖရာလီတာက စောင့်ရှောက်သူတွေကို တားလိုက်ပြီး အေမီရဲ့ခန္ဓာကိုယ်ထည့်ထားတဲ့ အခေါင်းတစ်လုံးကို သူတို့ရှေ့ချပေးတယ်။
"နင်တို့ နေကြဦး၊ ဒီကောင်မလေးကိုပါ နင်တို့နိုင်ငံခေါ်သွားလိုက်။ ဒီမှာက အပျက်အစီးစာရင်း၊ ငါသူ့ခန္ဓာကိုယ်ကို သေချာလေ့လာပြီး ပြင်ဖို့လိုတာတွေ စာရင်းလုပ်ထားတာ။ ကိုယ်တိုင်ပြင်ဖို့လုပ်သေးပေမဲ့ ဒီအရုပ်မကိုထုတ်တဲ့ကုမ္ပဏီက ဒေဝါလီခံသွားတာကြာပြီမလို့ အပိုပစ္စည်းမရှိတော့ဘူး။ သူနိုးလာမှပဲ ကြည့်ကြပ်လုပ်ပါစေ။"
စောင့်ရှောက်သူနှစ်ဦးလုံးက ဖရာလီတာ သူတို့ကိုပေးလိုက်တဲ့ စာရင်းစာအုပ်အထူကြီးကို ထုတ်ကြည့်တယ်။ ပစ္စည်းအမျိုးအမည်တွေအပြင် တစ်ခုချင်းစီရဲ့အသေးစိတ်အချက်အလက်တွေပါတယ်။ အဓိက ပျက်စီးစေရတဲ့အကြောင်းအရင်းကတော့ တစ်ခုတည်းဖြစ်ပြီး စာလုံးကြီးကြီးနဲ့စာရင်းထိပ်ဆုံးမှာရေးထားတယ်။
"ပင်မစွမ်းအင်Coreကို ပြင်းပြင်းထန်ထန်ထိခိုက်ပြီး အားကောင်းတဲ့ electric shockကို ဖြစ်ပေါ်စေခဲ့တဲ့အတွက် CPU, Memory Disk, Jointed motors, lens cameras, sensor board, etc... စတာတွေပျက်စီးသွားတယ်။" ပြောရရင် အရေးကြီးတာတွေ အကုန်နီးပါးကို ပျက်စီးသွားတာ။
ခွေးကြီးစေဘာစတိန်းကိုတော့ ဖရာလီတာက စွမ်းအင်Core ပြန်ထည့်ပေးထားပြီးပြီမလို့ သခင်မလေးနဲ့အတူ ဆူဗာနာကိုပြန်လိုက်ဖို့ အသင့်ဖြစ်နေပြီ။
"ဝုတ်....ဝုတ်..."
"ပြီးတော့ သူ့ဝတ်စုံကို ပြန်ပြင်မနေဘဲ အသစ်သာလုပ်ခိုင်းလိုက်တော့။ ပြင်ရမယ့်သူတောင် လက်နူမယ်။" နောက်ဆုံးအနေနဲ့ ပျက်စီးသွားတဲ့ SK ဝတ်စုံကြီးကို ဖရာလီတာက သေတ္တာတစ်လုံးထဲထည့်ပေးပြီးတဲ့နောက် ခပ်ချေချေအမူအရာနဲ့ ဧည့်ခန်းထဲက ထွက်သွားလေရဲ့။
နောက်တော့ ဆူဗာနာကိုပြန်မယ့် တော်ဝင်ခရီးစဥ်စတင်တယ်။ ဒါပေမဲ့ သူတို့ခရီးစဥ်က လျှို့ဝှက်ချက်တစ်ခုပါ။ မက်ဒါနာရဲ့လုံခြုံရေးကို ရေးရှုပြီးတော့ အများသိအောင် မကြေညာခဲ့ဘူး။
အခြားတစ်ဖက်မှာတော့ ကိုင်းတိုနဲ့ကလေးနှစ်ယောက်က လူသိရှင်ကြားပြန်ကြတယ်။ ကိုင်းတိုကို ဝေးလ်မင်းသမီးလီလီယာကိုယ်တိုင် လိုက်နှုတ်ဆက်ခဲ့သေးတယ်။
....
စပိန်ရေတပ်ရဲ့သနားစရာကောင်းစွာ ရှုံးနိမ့်တဲ့ကပ်ဘေးအပြီးမှာတော့ ဥရောပနိုင်ငံတွေဟာ စတင်နိုးကြားလာပြီး မလုံခြုံမှုကို ခံစားလာကြရပါတယ်။
စပိန်နဲ့အင်္ဂလန်ဦးဆောင်တဲ့ ဥရောပမဟာမိတ်သစ်ပေါ်လာပေမဲ့ အီတလီဟာ မဟာမိတ်ဖွဲ့စည်းတဲ့နေ့မတိုင်ခင် တစ်ရက်မှာပဲ အခြေစိုက်ထားတဲ့ အမေရိကန်ရေတပ်ရဲ့အာဏာသိမ်းခြင်းကို ခံလိုက်ရပါတော့တယ်။
ဂျပန်ကလည်း သူတို့နိုင်ငံမှာအခြေစိုက်ထားတဲ့ အမေရိကန်တပ်ဖွဲ့တွေကို နှင်ထုတ်ဖို့ကြိုးစားမိတဲ့အတွက် အရှုပ်အထွေးထဲကျရောက်နေပေမဲ့ ဥရောပမဟာမိတ်ထဲ ဝင်ဖြစ်အောင်ဝင်လိုက်ကြပြီး အစိုးရဝန်ကြီးအများအပြား နှုတ်ထုတ်ကုန်ကြပါတယ်။
အမေရိကန်တပ်ဖွဲ့တွေက လှုပ်ရှားဖို့လုပ်ပေမဲ့ ဥစာကီနဲ့အိခဲဒက သတိရှိနေပြီးသားမလို့ မြန်မြန်ဆန်ဆန်ပဲ ဖိနှိပ်ခံလိုက်ရတယ်။
မြူတန့်သိပ္ပံအဖွဲ့ဖျက်ဆီးခံလိုက်ရပေမဲ့ ကွန်ဂရပ်က အောင်မြင်သွားပြီး ကြေးစားစစ်တပ်နဲ့အရိပ်အဖွဲ့တို့ဟာ အရိုးမျက်နှာတပ်ဖွဲ့ကြီးကိုသုံးပြီး အမြန်အဆန် လှုပ်ရှားလာကြပါပြီ။
အားနည်းတဲ့ အာဖရိကနိုင်ငံအများစုနဲ့အာရှဗဟိုနိုင်ငံတွေဟာ အလျင်အမြန်သိမ်းပိုက်ခံနေရတယ်။ OIC နိုင်ငံတွေက စစ်ဘက်ဆိုင်ရာမဟာမိတ်တစ်ခု ကောက်ဖွဲ့ကြပေမဲ့ နောက်ကျနေပြီဖြစ်ပြီး ရန်သူတွေကြားထဲ ရောက်နေပါပြီ။
ဒါပေမဲ့ အမေရိကန်ကလည်း အာဖရိကနိုင်ငံတချို့ကို သိမ်းပိုက်လိုက်နိုင်ပြီး အခုလူသားမဟာမိတ်နဲ့ မြူတန့်ကွန်ဂရပ်က တရားဝင်အိမ်နီးချင်းတွေဖြစ်ကုန်ပြီမလို့ အချေအတင်ပစ်ခတ်မှုတွေ ရှိလာနေပါပြီ။
ဥရောပဖက်မှာလည်း ဒီအုပ်စုကြီးနှစ်ခုက အပြိုင်အဆိုင်နယ်ချဲ့ဖို့ ကြိုးစားခဲ့ကြတဲ့အတွက် အားနည်းတဲ့ ဘီလာရု၊ ရိုမေးနီယား၊ ဘူဂေးရီးယားတို့ဟာ ဘီလူးနှစ်ဖွဲ့အမဲဖျက်တာခံလိုက်ရပြီး ရုပ်သေးတွေဖြစ်ကုန်ပါတယ်။ နှစ်ပိုင်းကွဲနေဆဲရုရှားကလည်း ဒီနှစ်ဖွဲ့လုံးရဲ့လက်တည့်စမ်းရာနေရာဖြစ်လာလေရဲ့။
အမေရိကန်ကတော့ ဘယ်ကရောက်လာမှန်းမသိတဲ့ မက်တယ်ပလာဒင်ပုံတူဝတ် တပ်သားတွေကိုလွှတ်နေပြီး ဗီလိန်မဟာမိတ်ကတော့ သောင်းနဲ့ချီတဲ့အရိုးမျက်နှာတွေကို ဖြန့်ကျက်ထားတယ်။
ရုတ်တရက်ကြီး ပြိုင်ဘက်ဟောင်းတွေဖြစ်ကြတဲ့ အမေရိကန်၊ တရုတ်နဲ့ရုရှားဖက်ဒရေးရှင်းတို့ မဟာမိတ်ဖြစ်လာတဲ့သတင်းကို ပြည်သူတွေနားမယဥ်ကြသေးပေမဲ့ တကယ်ကြီးဖြစ်နေတာပါ။ ဒါပေမဲ့ လူသားတွေဦးဆောင်တဲ့ ရုရှားဖက်ဒရေးရှင်းက အမေရိကန်မဟာမိတ်ထဲ မဖြစ်မနေဝင်လိုက်ရတာဖြစ်ပြီး မြူတန့်တွေဦးဆောင်တဲ့ နီယိုဖက်ဒရေးရှင်းကတော့ စစ်သုံးစရိတ်ကြွေးမရှင်းနိုင်တာကြောင့် ဗီလိန်ကွန်ဂရပ်အဖွဲ့ဝင် ဖြစ်လာတာပါ။
အာဆီယံနဲ့အိန္ဒိယကလည်း အသစ်ပေါ်လာတဲ့အင်အားစုတွေကြောင့် အန္တရာယ်ကျရောက်လာနေပြီး အိန္ဒိယက အနီးဆုံးမဟာမိတ်ဖြစ်တဲ့ အာဆီယံ ဟီးရိုးအစည်းအရုံးများမဟာမိတ်ထဲ ရောက်လာပါတယ်။
မဟာမိတ်တစ်နိုင်ငံတိုးလာတာက ကောင်းချီးတစ်ခုဆိုပေမဲ့ ခေါင်းဆောင်ဖြစ်သူ မဟာသူရိယရာဇာက မပျော်နိုင်ဖြစ်နေပါတယ်။ သူ့စွမ်းအားက တကယ်ပဲမလုံလောက်ဖြစ်နေပြီး လာအိုထဲမှာရှိနေတဲ့ ဗီလိန်ကွန်ဂရပ်အဖွဲ့တွေက သူ့နိုင်ငံထဲ လာပွဲကျန်းဖို့အသင့်ဖြစ်နေပါတယ်။
ကြေးစားစစ်တပ်က သူ့ရဲ့ပြိုင်ဘက်ဟောင်းကြီးပါ။ ဒါကြောင့် သူ့ရန်သူဘယ်လောက်သန်မာလဲဆိုတာ သိပါတယ်။ သူ့ရဲ့စွမ်းအား ဘုရင့်အာဏာနဲ့တောင်မှ ဒီရန်သူကို နိုင်ဖို့မဖြစ်နိုင်သေးဘူး။
သူရိယရာဇာက ပုံမှန်အားဖြင့်တော့ A rank ဟီးရိုးတစ်ယောက်ပါပဲ။ ဒါပေမဲ့ ပြည်သူတွေသူ့ကိုယုံကြည်နေလေ ပိုစွမ်းအားကြီးလေဖြစ်တဲ့ ဘုရင့်အာဏာကို ရရှိထားပြီး အရင်နှစ်တွေမှာ ကြေးစားစစ်တပ်ရဲ့အာဏာ သူ့နိုင်ငံထဲရောက်မလာအောင် ကာကွယ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ပိုအင်အားကောင်းလာနေတဲ့ ဗီလိန်ကွန်ဂရပ်ကိုရော သူတားနိုင်ပါ့မလား။ ဒါကတော့ တခြားကိစ္စတစ်ခုဖြစ်သွားပြီ။
...

The World Order in 2047.
...
ဆုဗာနာမှာလည်း ဝန်ကြီးတွေစုဝေးနေပြီးတော့ နိုင်ငံအဆင့် လုံခြုံရေးအစည်းအဝေးပွဲကို ကျင်းပနေပါပြီ။ နယ်စားကြီးနဲ့နယ်စားမင်းသားလေးကတော့ ဦးဆောင်ကျင်းပသူတွေပါ။
လက်ရှိအခြေအနေတွေကြောင့် ဝန်ကြီးတွေအားလုံး အထိတ်တလန့်ဖြစ်နေတယ်။ ဆုဗာနာက ပုရွက်ဆိတ်ဘုရင်မရဲ့ကာကွယ်မှုအောက်မှာရှိနေပေမဲ့ အားနည်းတဲ့နိုင်ငံလေးတစ်ခုပါ။အရင်နှစ်တွေက ဖြစ်ခဲ့တဲ့စစ်ပွဲတွေကြောင့် ဖြစ်လာတဲ့အပျက်အစီးအားလုံးကိုတောင် သူတို့မပြင်ဆင် မထူထောင်ရသေးပါဘူး။
ပြန်လည်ထူထောင်ရေးဆိုတာက အပြောထက် အလုပ်ခက်တဲ့အရာပါ။ ဇက်သတ္တုတောင်လိုပုံရှိနေပေမဲ့ ကန့်သတ်ထားတဲ့ ကူးသန်းရောင်းဝယ်ရေးခက်ခဲမှုနဲ့ နည်းပညာတိုးတက်မှုနည်းပါးမှုတွေက သူတို့ကို ပြန်လည်တည်ထောင်ဖို့ ခက်ခဲစေတယ်။
"ဗီလိန်ကွန်ဂရပ်ပေါ်လာပေမဲ့ ငါတို့ပြည်တွင်းမှာက ပြောလောက်အောင်အင်အားကြီးတဲ့ ဗီလိန်တွေရှိမနေတာက အားသာမှုတစ်ခုလို့ ပြောနိုင်တယ်။"
နယ်စားကြီးရဲ့စကားကို ကျန်တဲ့ဝန်ကြီးတွေ ခေါင်းညိတ်တယ်။ အနည်းဆုံးတော့ သူတို့က ပြည်တွင်းကနေထွက်လာမယ့် ရန်စွယ်တွေကို ကြောက်စရာမလိုသေးပါဘူး။ ဆုဗာနာဟီးရိုးအစည်းအရုံးက အိမ်နီးချင်းနိုင်ငံသုံးခုလုံးထက် အင်အားနည်းပေမဲ့လည်း ယနေ့အချိန်အထိ ရပ်တည်နိုင်ခဲ့တာဟာ ပြည်တွင်းမှာဖြုံလောက်တဲ့ ရန်သူရှိမနေတာကြောင့်ပါ။
"ဒါပေမဲ့ ငါတို့ရထားတဲ့အတွင်းသတင်းတွေအရဆိုရင် ဗီလိန်တွေက ဟီးရိုးအစည်းအရုံးတွေထဲမှာ စိမ့်ဝင်နေတဲ့ သစ္စာဖောက်ဟီးရိုးတွေနဲ့ ပူးပေါင်းလာနိုင်ခြေရှိတယ်။ အရင်တစ်ခါကလည်း ငါတို့ဝန်ကြီးအဖွဲ့ထဲမှာတင် သစ္စာဖောက်ရှိနေလို့ ခံခဲ့ရပြီးပြီ။"
နယ်စားကြီးက ကျန်တဲ့ဝန်ကြီးတွေကို စူးရှတဲ့အကြည့်နဲ့ကြည့်လိုက်တော့ အားလုံးအရှက်ရစွာနဲ့ ကြမ်းပြင်ကို ငုံကြည့်လိုက်မိကြတယ်။ မြူတန့်သိပ္ပံက ကမ်းလှမ်းတဲ့စွမ်းအားကို ရယူချင်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဦးမောင်မောင်က လိုချင်မိခဲ့တဲ့အတွက် နယ်စားစံအိမ်တော်အတွင်းမှာရှိနေတဲ့ လီဆာကို ရန်သူ့လက်ထဲ ကိုယ်တိုင်သွားထည့်ခဲ့တယ်။
ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဒီအပြစ်က ခွင့်လွှတ်လို့မဖြစ်တဲ့အရာပါ။ နယ်စားကြီးက အားလုံးကိုကြည့်ပြီးတဲ့နောက် ဆက်ပြောလိုက်တယ်။
"ဒါကြောင့် ဘာမှပြင်ဆင်မှုမလုပ်ခင်မှာ ဝန်ကြီးအဖွဲ့ဝင်တွေအနေနဲ့ ပုရွက်ဆိတ်ဘုရင်မရဲ့စစ်ဆေးမှုကို အရင်ခံရပါမယ်။ မြူတန့်သိပ္ပံနဲ့ဆက်သွယ်ထားတဲ့သူကို မြင့်မြတ်တဲ့ဘုရင်မက စိတ်စွမ်းအားသုံးပြီး ချက်ချင်းဖော်ထုတ်နိုင်စွမ်းရှိတယ်။"
"သင့်မြတ်လှကြောင်းပါ..."
ဝန်ကြီးအားလုံးကလည်း ဒီဆုံးဖြတ်ချက်ကို သဘောတူကြောင်း ပြောလိုက်ကြတယ်။ နောက်တော့ နယ်စားကြီးက နယ်စားမင်းသားလေးဒီပကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။
"အခုလောလောဆယ် ငါ့အပိုင်းတော့ပြီးသွားပြီ၊ အခုကနေစပြီး ဆုဗာနာဟီးရိုးအစည်းအရုံးခေါင်းဆောင်က အခြေအနေတွေကို ရှင်းပြလိမ့်မယ်။"
ဒီပကလည်း ခေါင်းညိတ်လိုက်ပြီး သူထိုင်နေတဲ့နေရာကနေထွက်ကာ ရှေ့ကိုတက်လာပြီး နယ်စားကြီးကို ဂါရဝပြုလိုက်တယ်။ ဒီနေ့တော့ သူက နယ်စားမင်းသားအဆောင်အယောင်တွေအစား ဟီးရိုးတစ်ယောက်ရဲ့အဝတ်အစားတွေကိုသာ ဝတ်ထားပါတယ်။ သူက ဒီကိုဆုဗာနာဌာနမှူးအနေနဲ့ လာခဲ့တာဖြစ်ပါတယ်။
"ညီလာခံအတွင်းမှာရှိနေကြတဲ့ ကြီးမြတ်တဲ့ဆုဗာနာ နယ်စားကြီးနဲ့ အစိုးရအဖွဲ့ဝင်များခင်ဗျား။ လက်ရှိမှာတော့ ဟီးရိုးအစည်းအရုံးက နိုင်ငံလုံခြုံရေးအတွက် သုံးသပ်ထားတဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးမှာပါ။"
"ဆုဗာနာလိုနိုင်ငံငယ်လေးမှာ ဗီလိန်အနည်းငယ်ပဲရှိတာက သဘာဝပါ။ မှောင်ခိုကူးသန်းရောင်းဝယ်သူ အနည်းငယ်ပဲရှိပေမဲ့ လက်ရှိကမ္ဘာ့ခြိမ်းခြောက်မှုတွေကြောင့် ဟီးရိုးအစည်းအရုံးက စောင့်ကြည့်နေတဲ့ဗီလိန်မှန်သမျှကို ညီလာခံပြီးတာနဲ့ လိုက်လံဖမ်းဆီးတော့မှာပါ။ ဒီကိစ္စက အရေးသိပ်မကြီးတာကြောင့် အသေးစိတ်တင်ပြမနေဘဲ တကယ်အရေးကြီးတဲ့ကိစ္စကို ဆက်လက်တင်ပြပါ့မယ်။"
"လက်ရှိဆုဗာနာရဲ့နယ်စပ်လုံခြုံရေးက အင်မတန်အားနည်းတဲ့အနေအထားမှာရှိနေတယ်။ စစ်ပွဲပြီးကတည်းက ကျွန်တော်တို့ခံတပ်တချို့ကို ဘဏ္ဍာရေးအကြပ်အတည်းကြောင့် စွန့်ပစ်လိုက်ရတယ်။ အခုတော့ ပြန်သုံးဖို့အတွက် ခွင့်ပြုချက်တောင်းချင်ပါတယ်။ ဗီလိန်တွေလုပ်မယ့် Project Vအရဖြစ်လာနိုင်တဲ့ ဖြစ်နိုင်ခြေတွေထဲမှာ ရန်ကုန်ဟီးရိုးအစည်းအရုံးနဲ့ ဒေလီဟီးရိုးအစည်းအရုံး သိမ်းပိုက်ခံရနိုင်ခြေလည်းပါတယ်။ ပြည်တွင်းလုံခြုံရေးက ပြဿနာမဟုတ်ပေမဲ့ အိမ်နီးချင်းနိုင်ငံတွေသာ ကျဆုံးသွားရင် ဒုတိယလှိုင်းအနေနဲ့ ဆုဗာနာဟာ ထပ်ဆင့်အတိုက်ခိုက်ခံရနိုင်တယ်။"
"ဒါကြောင့် ဆုဗာနာအမြဲတမ်းစစ်တပ်အရာရှိများအနေနဲ့ ဟီးရိုးအစည်းအရုံးနဲ့အတူ နယ်စပ်ကိုစောင့်ကြပ်ရာမှာ ပူးပေါင်းကူညီပေးဖို့လိုအပ်ပါတယ်။"
အခုသူပြောတဲ့အထဲမှာ လူသားမဟာမိတ်ထဲဝင်လိုက်ပြီဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ခြိမ်းခြောက်မှုမပါသေးဘူး။ တကယ်လို့ တရုတ်ကလည်း အမေရိကန်လိုပဲ ရုပ်သေးနိုင်ငံတွေတည်ထောင်ချင်လာရင် ဆူဗာနာလည်း သက်ရောက်ခံရနိုင်တယ်။
သူတို့ဆက်ဆွေးနွေးမယ့်အချိန်မှာပဲ လန်ဒန်ကသတင်းရောက်လာပြီး ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဆက်သားတစ်ယောက်က တရားဝင်အစီရင်လာခံတယ်။ နယ်စားကြီးက အင်တာနက်သုံးပေမဲ့ ဒီလိုအရာရှိတစ်ယောက်က လာရောက်အစီရင်ခံတာကမှ တရားဝင်တဲ့ပုံစံပါ။ သမ္မတနိုင်ငံတွေမှာလည်း အလားတူအစီရင်ခံတဲ့စနစ်ကို သုံးနေကြဆဲပါ။
"နယ်စားကို အစီရင်ခံပါတယ်။ စပိန်ကျွန်းတိုက်ပွဲပြီးတဲ့နောက် နယ်စားမင်းသမီးရဲ့ကျန်းမာရေး တည်ငြိမ်လာတဲ့အတွက် စောင့်ရှောက်သူတွေက သူ့ကိုဆူဗာနာဆီ ပြန်ခေါ်လာပါပြီ။ ဒါပေမဲ့ မင်းသမီးသတိလစ်နေဆဲပါ။"
နယ်စားကြီး သက်ပြင်းချလိုက်တယ်။ မက်ဒါနာသူ့နိုင်ငံကို ပြန်လာမယ့်အချိန်ကို အဖိုးတစ်ယောက်အနေနဲ့ သူမျှော်လင့်မိပေမဲ့ ဒီလိုပုံစံမျိုးတော့မဟုတ်ခဲ့ဘူး။
"သူမြန်မြန်နေကောင်းလာပြီး ငါတို့နိုင်ငံကိုကူညီနိုင်ဖို့ မျှော်လင့်ရတာပဲ။" ဘာပဲပြောပြော မက်ဒါနာက ဆူဗာနာရဲ့ဉာဏ်အကောင်းဆုံးရော တိုက်ပွဲစွမ်းအားအမြင့်ဆုံးသူပါ ဖြစ်နေပါတယ်။
...
"ဆရာကြီး... ကျေးဇူးပြုပြီး ကျွန်တော့်ကို လေ့ကျင့်ပေးပါ။" စပိန်ကျွန်းမှာ ဖြစ်ပျက်ခဲ့သမျှအကြောင်းစုံကို သိရှိပြီးတဲ့နောက် ဖရက်က ဆရာကြောင်ရှေ့မှာ ဒူးထောက်လိုက်တယ်။ သူအလျင်အမြန်သန်မာလာမှ မက်ဒါနာကို ကာကွယ်နိုင်မယ်လို့ သူခံစားရတယ်။
မက်ဒါနာ ဒဏ်ရာရလာတဲ့သတင်းကို မက်ဒေါ်ဝဲလ်ဆိုင်က ဆိုင်ရှင်ဆီကနေ သူရလာတာဖြစ်ပြီးတော့ စိုးရိမ်လွန်းလို့ သေတော့မယ်။
တကယ်လို့သူသာ ရူးမိုက်ပြီး ယူဂျင်းထောင်ကိစ္စမှာဝင်မပါမိရင်၊ သူသာ ဒီထက်ပိုပြီးသန်မာခဲ့ရင် မက်ဒါနာကို ထိထိရောက်ရောက် ကူညီကောင်းကူညီနိုင်ခဲ့မှာ။ သူ့ရဲ့လက်ရှိ A rankနဲ့ဆို စပိန်တိုက်ပွဲမှာ မက်ဒါနာတို့နဲ့လိုက်သွားရင်တောင် ဘာမှထူးမှာမဟုတ်ဘူး။ ပြီးတော့ သူက ဗီလိန်စစ်စစ်တစ်ယောက်ဖြစ်နေတဲ့အတွက် မတည်ငြိမ်တဲ့အခြေအနေမျိုးမှာ နိုင်ငံထဲကထွက်သွားဖို့ မဖြစ်နိုင်သေးဘူး။ သူ့ရဲ့အမေရိကန်ကနေ ကနေဒါကိုသွားတဲ့ခရီးက အတော်စိတ်ကူးယဥ်ဆန်ခဲ့ပေမဲ့ အဲဒီအချိန်တုန်းက B rank သာဖြစ်လို့ ဘယ်ဟီးရိုးကမှ သူ့ကိုစိတ်မဝင်စားခဲ့တာလည်းပါပါတယ်။ အခုအချိန်ကတော့ နိုင်ငံတိုင်းက ဗီလိန်တွေကို သတိထားနေချိန်မလို့ ပိုခက်သွားပါပြီ။
"ဒီတော့ မင်းက ကောင်မလေးတစ်ယောက်ကို ကာကွယ်ပေးဖို့အတွက် ပိုသန်မာလာချင်ပြန်ပြီလား။ မင်းက သလင်းကျောက်အစွမ်းကို ပြည့်ပြည့်ဝဝ မစုပ်ယူရသေးတော့ တိုးတက်လာနိုင်တာတော့အမှန်ပဲ။ ဒါပေမဲ့ ငါသင်ရမှာပျင်းနေတယ်။"
ဆရာကြောင်က ငါးကင်ကို တစ်ဖဲ့ဖဲ့ ပါးစပ်ထဲပစ်ထည့်ပြီးနောက် ပြောလိုက်တယ်။ အခုသူက စားပွဲပေါ်မှာမှောက်ခုံကြီး။
ဒါပေမဲ့ ရုတ်တရက် ဖရက်မသိတဲ့ ခပ်လှလှအမျိုးသမီးတစ်ယောက် ရောက်လာပြီး ဆရာကြောင်နားရွက်ကို ဆွဲလိမ်လိုက်တယ်။
"အားလားလား... သေပါပြီမိန်းမရဲ့။"
"....." သေချာကြည့်မှ အဲဒီမိန်းမမှာ ကြောင်နားရွက်နဲ့။ စဥ်းစားကြည့်တော့ ဟိုတစ်ပတ်က ရောက်လာမယ်ဆိုပြီး ဆိုင်ရှင်ကြောင်မလေးပြောနေတဲ့တစ်ယောက်ထင်တယ်။ ဒါပေမဲ့ ဘာဖြစ်လို့တစ်ပတ်တောင်နောက်ကျနေပြီး ခုမှရုတ်တရက်ကြီးရောက်လာတာလဲ။
"ရှင်.... ကြောင်ဆိုးကြောင်မိုက်... ဒီလောက်လူကြီးလူကောင်းဆန်တဲ့ တပည့်တစ်ယောက်ရမှာကိုတောင် ရှင်က ချေးများနေသေးတယ်လား။"
"ဟုတ်ပြီဟုတ်ပြီ... ငါသူ့ကို တပည့်အနေနဲ့ လက်ခံလိုက်မယ် ဟုတ်ပြီလား။"
"ဟမ်..." ကိုယ့်ကိုယ်ကိုယ် ဒဏ္ဍာရီသားရဲလေးကောင်ထဲက ကျားဖြူမျိုးဆက်လို့ပြောနေတဲ့ ဆရာကြောင်ရဲ့တပည့်ဖြစ်ရတာ ဒီလောက်တောင် လွယ်တယ်လား။
ဘာပဲပြောပြော ဖရက်ကတော့ သူ့ကိုယ်သူတိုးတက်နိုင်တဲ့ နည်းလမ်းလို့မြင်တယ်။ ဆရာကြောင်ကိုကြည့်ရတာ တစ်ခါမှ သူ့ခွန်အားအပြည့်ကို ထုတ်သုံးရသေးပုံမပေါ်ပေမဲ့ ဟိုလိပ်နက်ထက်တော့ အားမနည်းလောက်ဘူးထင်တာပဲ။
...
ပင်လယ်ကမ်းခြေတစ်ခုတွင်ဖြစ်သည်။
ထူးဆန်းသည့် ရေညှိများနှင့်လုံးထွေးနေသော နွယ်မြစ်ထုံးတစ်ခုက ပင်လယ်ရေလှိုင်းနှင့်အတူ သောင်လာတင်သည်။ ကမ်းခြေက လူသိတော့မများ။ လာလည်သူတချို့ရှိသော်လည်း ယခုဒိုက်မျိုးမှာ ထိုနေရာမျိုးတွင်တွေ့နေကျမလို့ ဘယ်သူမှဂရုမစိုက်ကြ။
ညနက်လာပြီး လူပြတ်သည့်အချိန်ရောက်သောအခါတွင်တော့ ထိုဒိုက်အလုံးအထွေးက စတင်လှုပ်ရှားလာပြီး ဖြည်းဖြည်းချင်း မိန်းကလေးအဖြစ်သို့ပြောင်းလဲသွားသည်။
အဝတ်ဗလာဖြစ်နေသော ဗီးနပ်စ်က သူ့ခေါင်းပေါ်တင်နေသည့် ပင်လယ်ရေညှိတချို့ကို ဖယ်ရှားလိုက်ပြီး သက်ပြင်းချလိုက်သည်။
"ဟူး... တော်သေးလို့ပေါ့၊ ထွက်ပြေးနည်းပေါင်းစုံ လေ့ကျင့်ထားမိလို့ မသေတာ။"
Season 1 ပြီးပါပြီ။