← Chapters

မီးလျှံဖွတ်

Vol. 2 Ch. 17

မီးလျှံဖွတ်

Vol. 2 Ch. 17

အခန်း (၁၇)

မီးလျှံဖွတ်

ဝန်ထမ်းများ လိုက်လံဝေငှသော ရင်ထိုးတံဆိပ်များများ Luck ရှေ့ ရောက်လာသည်။ တံဆိပ်များကို လှပသော အနီရောင် ဗူးများဖြင့် ထုပ်ပိုးထားပြီး တစ်ယောက်ကို တစ်ခုဆီ ပေးလေသည်။

Luck ဗူးကို အမြန်ဖွင့်ကြည့်လိုက်သည်။ ရွှေရောင်တောက်ပနေသော လင်းယုန်တောင်ပံ တစ်စုံကို တွေ့ရလေ၏။ ရင်ထိုးတံဆိပ်မှာ သုံးလက်မခန့်ရှိပြီး တောင်ပံနှစ်ခုပေါ်တွင် ကြယ်တစ်ပွင့်စီ ထွင်းထုထားလေသည်။

ကြယ်တစ်ပွင့်မှာ သူရဲကောင်းအဆင့်(၁) ဖြစ်လေသည်။ Luck တို့ရရှိသော ရင်ထိုးတံဆိပ်မှာ လွန်စွာ တန်ခိုး သြဇာရှိလေ၏။ အပြိုင်ကမ္ဘာများတွင်လည်း စစ်ဆေးရေးမှူး (သို့) အကြီးအကဲအဖြစ် ဝင်ရောက်လုပ်ကိုင် နိုင်သည်။ ဒါကြောင့် လည်း ဤတံဆိပ်ကို လူတိုင်း တန်ဖိုးထားရခြင်း ဖြစ်လေသည်။

Luck တံဆိပ်ကို ဘယ်ဘက်ရင်ဘတ်တွင် တပ်ဆင်ထားလိုက်လေသည်။

ထိပ်ပြောင်က “ အားလုံးပဲ ကိုယ့်မိသားစုနှင့် ဆက်သွယ်ချင်တဲ့သူတွေ ဆက်သွယ်လို့ရပြီ၊ ဒီနေ့ပြီးရင်တော့ သင်တန်းတက်ရမှာ ဖြစ်တဲ့အတွက် ဆက်သွယ်မှုတွေကို ပိတ်ထားရမယ် ”

“ သင်တန်းကို စစ်ရေးသင်တန်း၊ တိုက်ခိုက်ရေးသင်တန်း၊ သုတနည်းပညာနှင့်ထောက်လှမ်းရေး နည်းပညာ၊ ဆေးပညာနှင့် ကာကွယ်ကုသရေး လေးမျိုးခွဲပြီး သင်ကြားသွားမှာ ဖြစ်တယ် ”

“ အခု အောင်မြင်တဲ့ လူအယေက် 550ဟာ သင်တန်းကာလ လေးလအပြီးမှာ တာဝန်တစ်ခုကို ပြီး မြောက်အောင် ဆောင်ရွက်ကြရမှာ ဖြစ်တယ် ”

“ နောက်ဆုံးမှာချင်တာကတော့ သူရဲကောင်းတစ်ယောက်ရဲ့ ဂုဏ်နဲ့လျော်ညီစွာ နေထိုင်ပြီး မတရားမှုကို ဆန့်ကျင် အားနည်းသူကို ကူညီကြပါ ”

“ ဟုတ်ကဲ့ ဘောစ် ”

Luck တစ်ယောက် လူရှင်းသည့်နေရာတစ်ခုကို ရှာပြီး အဘလင်းဖန်ဆီ ဖုန်းခေါ်လိုက်လေသည်။

“ တီ တီ ” သို့သော် မစ္စတာလင်းဖန် ဖုန်းမကိုင်ပေ။

ထို့ကြောင့် ဘကြီးတိုးဆီကို ဆက်သွယ်လိုက်သည်။

[ သင့်ခေါ်ဆိုမှုကို လတ်တလော မဖြေကြားနိုင်သေးပါ၊ စာချန်ထားခဲ့ချင်ပါသလား ]

Luck က [ ဘကြီးတိုး ကျနော် စာမေးပွဲတစ်ခုအောင်လို့ သင်တန်းလေးလ တက်ရမယ် ပြီးမှ တွေ့ကြမယ်နော် ] ဟု ရေးသားပေးပို့လိုက်လေသည်။

ထိုင်ဝမ်ဌာနချုပ်

“ ဘာ ရေခဲမင်းသားကို ရှာတွေ့ပြီ ဟုတ်လား ”

ရွှေကိုင်းမျက်မှန်နှင့်လူမှာ အလန့်တကြား ထအော်လိုက်သည်။

“ ဘယ်လို သူရဲကောင်းစာမေးပွဲ အောင်သွားပြီ ဟုတ်လား ”

“ ဟုတ်ပါတယ် ဆရာ ”

“ အေး ဒါဆို သူ သင်တန်းပြီးတာနဲ့ ငါတို့ဘက်ပါအောင် ဆွဲခေါ်ရမယ် ဘယ်နည်းနဲ့ဖြစ်ဖြစ် သုံးလိုက် ကြားလား ”

“ ဟုတ် ဆရာ ”

ရက်တွေ လတွေ အမြန်ကုန်သွားသည်။ စောင့်မျှော်နေသူများအတွက် အချိန်က နှေးလွန်းသော်လည်း အလုပ်ရှုပ် နေသူများအတွက် အချိန်က မြန်လွန်းလှသည်။

ပါရှန်းပင်လယ်ကွေ့ တစ်နေရာ

ခေတ်မီနည်းပညာကို အာရတ်ရိုးရာဒီဇိုင်းဖြင့် ဆောက်လုပ်ထားသော မြို့လေးတစ်မြို့ ပင်လယ်အနီး၌ ရှိနေလေ သည်။

မနက်ဆယ့်တစ်နာရီခန့်အချိန်တွင် ရုတ်တရက် ပတ်ဝန်းကျင်အပူချိန်ပြောင်းလဲသွားပြီး မြို့နေပြည် သူများမှာ ရုတ်တရက် ပင်လယ်အတွင်း မှကြီးမားသော အရာတစ်ခု ထွက်လာပြီး မြို့ဆီသို့ ဦးတည်လာနေသည် ကို မြင်တွေ့လိုက်ကြရသည်။ ထိုအရာမှာ နီးကပ်လာသောကြောင့် မြို့နေပြည်သူများ ရှင်းရှင်းလင်းလင်း မြင် လိုက်ရလေသည်။

ထိုအရာမှာ အလွန်တရာကြီးမားသော ဖွတ်ကြီးတစ်ကောင်ဖြစ်လေသည်။ သူ၏ အကြေးခွံများမှာ မြွေကဲ့ သို့ ဘဲဥပုံ အကွက်များနှင့်ဖြစ်ပြီး စိမ်းဖန့်ဖန့်အရောင် သန်းနေလေသည်။ အထပ်ခြောက်ဆယ် အဆောက်အဦး တစ်ခုမှာ သူ၏လက်မောင်းရင်းခန့်သာ ရှိလေရာ ဤမြို့လေးအတွက်တော့ ထိုသတ္တဝါကြီးမှာ ကြီးမားလှပေ သည်။

“ မီးလျှံဖွတ်ကြီးဟေ့ ”

“ ကာကွယ်ရေးအစီအရင်ကို ဖွင့်လိုက်တော့ ”

စောင့်ကြည့်မျှော်စင်းအတွင်း အမြန်ဝင်ရောက်လာသော မြို့တော်ဝန်မှ အော်ဟစ်ပြောဆိုလိုက်သည်။

“ တွင် ”

မြို့ကာကွယ်ရေးအစီအရင်များ အသက်ဝင်လာလေသည်။ သို့သော် မီးလျှံဖွတ်ကြီးမှာ အစီအရင်ကို အရှိန်ပြင်းပြင်းနှင့် ပြေး၍ ဝင်တိုက်လိုက်လေသည်။

“ ဝှီး ဝေါ ဝုန်း ”

နှစ်ချက်ခန့် ဝင်တိုက်ကာ လက်ဖြင့် သုံးချက်ပုတ်လိုက်ပြီးနောက် အစီအရင်မှာ S အဆင့်သာဖြစ်သဖြင့် တဖြည်းဖြည်း မှိန်ပြကာ ပျက်စီးလာပြီ ဖြစ်သည်။ မြို့နေပြည်သူများကလည်း ကြောက်လန့်တကြား နေရာအနှံ့ ပြေးသွားကြပြီး အော်ဟစ်နေလေသည်။

“ အမလေး မြို့ထဲ ဝင်လာတော့မယ် လုပ်ကြပါအုံး ”

“ မြန်မြန် မြို့အနောက်ဘက်ပေါက်က ပြေးကြဟေ့ ”

ကလေးတစ်ချို့မှာလည်း ထိုမြင်ကွင်းကို ကြည့်ပြီး ကြောက်လန့်တကြားဖြစ်ကာ သတိလစ်သွားလေသည်။

“ အမလေး သမီးလေး လုပ်ကြပါအုံး သတိလစ်သွားလို့ ”

မြို့သူမြို့သားများ ထိုကဲ့သို့ ယောက်ယက်ခက်နေစဉ်အတွင်း မြို့၏ ကင်းမျှော်စင်အတွင်းမှ

မြို့တော်ဝန်(အဒူလ်) တစ်ယောက် သူ့လူများကို အမိန့်ပေးနေသည်။

“ ဒီဖွတ်ကြီးက S1 အဆင့်ပဲ မြန်မြန် ဌာနချုပ်ကို အကူအညီတောင်းခံလိုက် ”

[ တီ တီ ဟဲလို ဌာနချုပ်ကလား S1 အဆင့် မီးလျှံဖွတ် တိုက်ခိုက်လာပါတယ် အမြန်အကူအညီ လွှတ်ပေးပါ ရော်ဂျာ ]

[ တင်း တောင် ] ငါးစက္ကန့်အကြာတွင် ဌာနချုပ်မှ အသံကြားရသည်။

[ အခြေအနေကို ထိန်းထားကြပါ လက်ရှိ အနီးအနားရှိ S အဆင့်တစ်ဦးကိုတော့ ဆက်သွယ်ထား ပါတယ် ရော်ဂျာ ]

ပါရှန်းမြို့ကြီး၏ ဆင်ခြေဖုံးရပ်ကွက်တစ်ခုအတွင်းရှိ ပွဲဈေးတန်းတစ်ခုတွင် Luck တစ်ယောက်

ပါရှန်းကီးမား ပလာတာတစ်ချပ်ကို အေးအေးဆေးဆေး ထိုင်စားနေလေသည်။

“ အား ကောင်းလိုက်တာ ဆိတ်သားနှင့် ထောပတ်အနံ့လေး မွှေးနေတာပဲ ”

သင်တန်းပြီးဆုံး၍ Luck တစ်ယောက် နောက်ဆုံးတာဝန်ထမ်းဆောင်ရန် ပါရှန်းမြို့သို့ ရောက်နေခြင်းဖြစ်သည်။ ရေနံတွင်းများမှ လုပ်သားများ ညအချိန် ပျောက်ဆုံးနေခြင်းကို စစ်ဆေးရန် ဖြစ်သည်။

“ တီ တီ ” ရုတ်တရက် သူ့ကို အချက်ပေးလာသည်။

“ အမ် စားကောင်းနေမှ ဘာဖြစ်ပြန်ပြီလဲ ” Luck ရေရွတ်လိုက်သည်။ A.I မှ အသံထွက်လာသည်။

“ တွီ ” [ အကူအညီ တောင်းခံထားပါတယ် ]

[ S1 အဆင့် မီးလျှံဖွတ်တစ်ကောင် သင်နှင့် မိုင် ၁၀၀အကွာ မြို့ကို ဝင်ရောက်နေပါတယ် တပ်ဖွဲ့ဝင်များ ရောက်ရှိရန်အချိန်အတွင်း သွားရောက်ထိန်းသိမ်းထားပါ ]

[ သတိ အချိန်ဆွဲရန်သာ ဖြစ်သည် ]

Luck လည်း စားလက်စ ပလုပ်ပလောင်းဖြင့် ဌာနချုပ်က ပေးထားသော မိုးပျံဆိုင်ကယ်ကို စီးနင်းလိုက်ပြီး အမြန် မောင်းနှင်သွားလေတော့သည်။ တစ်ဖက်မှာလည်း မြို့အကာအရံတံတိုင်းကို ကျော်လွန်လာသော ဖွတ်ကြီးကို လေဆာအမြောက်များဖြင့် ပစ်ခတ်ကြလေသည်။

“ ဝှီး ဝှစ် ဝုန်း ဒိုင်း ”

အမြောက်များမှာ ခုနစ်ချက်ခန့် ပစ်လိုက်ရာတွင် ဖွတ်ကြီးကို ငါးချက် ထိမှန်သွားလေသည်။ သို့သော် ဖွတ်ကြီး၏ အရေပြားတွင် ခြစ်ရာလေးသာ ဖြစ်သွားခဲ့ပြီး ဖွတ်ကြီးမှာ ဒေါသတကြီး အော်ဟစ်ကာ လက်နက်များဖြင့် ပစ်ခတ်နေသော အဆောက်အဦးများဘက်ကို မီးလုံးများ မှုတ်ထုတ်လိုက်လေသည်။

“ ရွှီး ဝုန်း အား အား ”

ခဏအတွင်းမှာပင် အဆောက်အဦးအချို့ မီးလုံးထိမှန်ကာ မည်းတူးပြီး ပျက်စီးပြိုကျသွားလေသည်။

ထိုအချိန်တွင် မီးလျှံဖွတ်ကြီးရှေ့သို့ ဆိုင်ကယ်တစ်စီး ပျံတက်ရောက်ရှိလာလေသည်။

ဆိုင်ကယ်ပေါ်တွင်တော့ Luck က S1 အဆင့် ပခုံးထမ်းလောင်ချာကို ထမ်းထားလေသည်။ ထို့နောက် စွမ်းအားသုံးကာ သူ အော်ဟစ် လိုက်သည်။

“ ဟေ့ကောင် မင်း အဖေက ဒီမှာဟ ဟား ဟား ဟား ”

ထို့နောက် မီးလျှံဖွတ်ကြီး၏ လက်ပြင်အပေါ်ဖက်ကို လောင်ချာဖြင့် ချိန်၍ ပစ်လွှတ်လိုက်လေသည်။

“ ရွှီး ဝှစ် ဝုန်း ”

မီးလျှံဖွတ်ကြီးမှာ ပက်လက်လန်ကျသွားပြီး ရုတ်တရက် ခေါင်းထောင်ထလာကာ Luck ဆီသို့ မီးလုံးနှစ်လုံး ပစ်လွှတ်လိုက်လေသည်။

Luck အမြန်ရှောင်လိုက်သော်လည်း မီးအစွမ်းအချို့ ကိုယ်ကို ထိမှန်သွားပြီး အဝတ်အစားများမှာ ပြာကျ သွားကာ ပေငါးဆယ်ခန့် လွှင့်ထွက်သွားလေသည်။

Luck တစ်ယောက် ရေချိုးပြီးဝတ်သည့် တဘက်တစ်ထည်ကို လျင်မြန်စွာ အိတ်ထဲမှ ယူဝတ်လိုက်လေ သည်။

“ လခွမ်းတဲ့မှပဲ အရှက်ကွဲတော့မလို့ ”

“ စဉ်းစားစမ်း ဟုတ်ပြီ ငါ့မှာ တစ်ဖက်လပ်ပေးထားတဲ့ အဆိပ်ဓားပျံ ရှိတာပဲ ”

“ ဒါပေမယ့် တခါထဲ သုံးလို့ရမှာ နှမြောစရာကြီး ”

Luck တွေဝေမနေတော့ဘဲ ရေခဲတောင်စွမ်းအားကို အစွမ်းကုန်ထုတ်၍ ဖွတ်ကြီးထံ လက်သီးနှစ်ချက်ဆင့် ထိုးလိုက်လေသည်။

“ ရွှီး ဝရော ဝရော ”

နှင်းတောင်လက်သီးသိုင်းကွက်ကြောင့် လက်သီးသဏ္ဍာန် ရေခဲထုကြီးက ဖွတ်ကြီးထံ ကျရောက်သွားပြီး ဖွတ်ကြီး၏ လည်ဇလုတ်ကို ထိမှန်သွားလေသည်။

အထပ်မြင့်နေ လူအများမှလည်း Luck နှင့် ဖွတ်ကြီး၏ တိုက်ခိုက်မှုကို ရင်တမမနှင့် ကြည့်နေကြလေ သည်။ ထို့နောက် အော်ဟစ်ကြလေသည်။

“ ဟေး သူရဲကောင်းတစ်ယောက်တော့ လာကူပြီကွ ”

“ ဘုရား ဘုရား သူနိုင်ပါစေ ဘုရား ”

“ ဝှီး ဝုန်း ” လက်သီးချက် ထိမှန်မှုကြောင့် ဖွတ်ကြီး ရေခဲတုံးကြီးသဖွယ် တောင့်တင်းနေစဉ် Luck က အဆိပ်ဓားပျံကို လည်ဇလုတ်ရှိ သွေးထွက်ရာနေရာကို အရှိန်ဖြင့် ပစ်လွှတ်လိုက်သည်။

“ ဝှီး ဒုတ် စွပ် ”

အဆိပ်ဓားပျံ လည်ဇလုတ်နေရာကို ထိမှန်ပြီးနောက် ဖွတ်ကြီးသည် ဆယ်စက္ကန့်အကြာတွင် ဘေးတစ်စောင်း လဲပြိုကျသွားပြီး ဝူးခနဲ အော်ဟစ်ကာ ငြိမ်သက်သွားလေသည်။

“ ဟေး သေပြီကွ ဖွတ်ကြီး ကြွသွားပြီကွ ”

မြို့တော်ဝန်အဖွဲ့မှလည်း ဝမ်းသာအားရ အော်လိုက်ကြသည်။ “ ဟေး ငါတို့ နိုင်ပြီကွ ဟား ဟား ဟား ”

မြို့တော်ဝန် အဒူလ်ကလည်း “ အဲဒီသူရဲကောင်းကို ငါ့ကို ရအောင် ဆက်သွယ်ပေး ကျေးဇူးဆပ်ရမယ် ” ဟု သူ့ ဝန်ထမ်းများကို အမိန့်ပေးလိုက်သည်။

Luck တစ်ယောက်ကတော့ အပေါ်ပိုင်း ဗလာကျင်းဖြင့် မတ်တပ်ရပ်ကာ ကြည့်နေစဉ် ရုတ်တရက် ဒရုန်းများ ရောက်ရှိလာပြီး Luck နှင့် ဖွတ်သေကြီးကို ဓာတ်ပုံများ ဗီဒီယိုများ ရိုက်ကူးလေတော့သည်။

“ သွားပြီဟ ငါ့ပုံကြီး TV ထဲ ပါပြီပေါ့ ”

Luck တစ်ယောက် အလိုမကျဟန်ဖြင့် ရေရွတ်လိုက်လေသည်။

All Chapters