← Chapters

တကိုယ်တော်ကျင့်ကြံသူ ကွမ်ချောင်ရှန့်

Vol. 12 Ch. 159

တကိုယ်တော်ကျင့်ကြံသူ ကွမ်ချောင်ရှန့်

Vol. 12 Ch. 159

ပိုင်စုကျန်းက အကျိုးအမြတ်ကြီးဆိုမှတော့ သေချာပေါက် အကျိုးအမြတ်ကောင်းကောင်းရပေလိမ့်မည်။

ထို့အပြင် သူမက ဟန်မူယဲ့အား အထူးတလေ စောင့်ဆိုင်းနေမှတော့ သူသာလျှင် ဖော်စပ်နိုင်သော ဆေးလုံး ဖြစ်ရပေမည်။

ဘေးတွင် ရပ်နေသော ကျန်းမင်သည် ကူရာမဲ့စွာ ရပ်နေ၏။

ဓားစံအိမ်သို့ ရောက်လာပြီးနောက်ပိုင်း ကျန်းမင်၏ ယုံကြည်မှုမှာ များစွာ ပျောက်ဆုံးသွားခဲ့သည်။

လွန်ခဲ့သော နှစ်တစ်ရာက အာခီမီပါရမီရှင်ဖြစ်သော သူသည် ဟန်မူယဲ့နှင့် အာခီမီပညာရပ်၌ ကောင်းကောင်း ပြောဆို ဆွေးနွေးနိုင်မည်ဟု ယုံကြည်ခဲ့၏။

သို့သော်လည်း အမှန်တရားကား သူသည် ဝိညာဉ်ကျောက်တုံး ရှာဖွေပေးခြင်းထက် မပိုပေ။

ဟန်မူယဲ့၏ရှေ့တွင် အာခီမီနည်းစနစ်များနှင့် အတွေးအခေါ်များမှာ အသုံးမဝင်ပေ။

ဓားချီသည် ဆေးပေါင်းဖိုထဲကို ဝင်သွားကာ ဆေးလုံးသည် အင်မော်တယ် ဖြစ်လာ၏။

ဟန်မူယဲ့ ဆေးလုံးဖော်စပ်သည်ကို သူ ကြည့်မိတိုင်း သူ၏စိတ်ဒဏ်ရာများမှာ ပြန်လည်ကုစားရန် ခက်ခဲလာခဲ့သည်။

နောက်ပိုင်းတွင် ဟန်မူယဲ့ ဆေးလုံးဖော်စပ်သည်ကို ကျန်းမင် မကြည့်တော့ပါ။

“ဆိုင်ရှင်ပိုင်က မင်းဆီက ခရမ်းကျောက်စိမ်းဆေးလုံးကို လိုချင်နေတာ”

ကျန်းမင်က ပြောသည်။

အမှန်တကယ်လည်း အကျိုးအမြတ်ရမယ့် ကိစ္စကြီး ဖြစ်သည်။

ကမ္ဘာမြေအဆင့်၏ အဆင့်သေးသုံးဆင့်တွင် မူလရင်းမြစ်သွယ်ဆက်အဆင့်သည် ကောင်းကင်နှင့်မြေပြင်၏စွမ်းအားကို ခန္ဓာကိုယ်ထဲသို့ ဆွဲငင်ယူကာ မဟာတာအိုအား လေ့လာဆင်ခြင်ရသည်။ တခြားတနည်းဖြင့် ဆိုပါက ၎င်းသည် တာအိုနှင့် စစ်မှန်သော စိတ်သဏ္ဍာန်အား အစစ်အမှန်ကျင့်ကြံခြင်း ဖြစ်သည်။

ကမ္ဘာမြေအဆင့်များသည်သာ ဓားဆန္ဒများကို နားလည်ကျွမ်းကျင်နိုင်၏။ အကြောင်းကား ကမ္ဘာမြေအဆင့်တွင် သွေးကြောများကို ဖွင့်လှစ်ပြီးနောက် ကောင်းကင်နှင့်မြေပြင်၏အစွမ်းကို ဆင်ခြင်လေ့လာနိုင်သောကြောင့် ဖြစ်သည်။

ဝိညာဉ်နိုးထခြင်းအဆင့်သည်ကား နောက်တစ်ဆင့်ဖြစ်ကာ စိတ်ဝိညာဉ်ကို ကောင်းကင်နှင့်မြေပြင်စွမ်းအားတို့ဖြင့် ပေါင်းစပ်နိုင်ခြင်း အဆင့် ဖြစ်သည်။

ထိုဖြစ်စဉ်ကား ခက်ခဲ၏။

စိတ်ဝိညာဉ်နှင့် ကောင်းကင်မြေပြင်စွမ်းအားတို့ အစစ်အမှန် ပေါင်းစပ်မှသာ ကောင်းကင်နှင့်မြေပြင်စွမ်းအားတို့ကို ပိုမိုနက်နဲစွာ နားလည်နိုင်သည်။

၎င်းအဆင့်၌ ပြီးပြည့်စုံသွားပါက အမြုတေဖွဲ့စည်းခြင်းသို့ တက်လှမ်းနိုင်၏။

ထိုအဆင့်၌ တစ်စုံတစ်ယောက်သည် သူတို့၏ကျင့်ကြံဆင့်အား အမြုတေအဖြစ် ဖွဲ့စည်းရသည်။

၎င်းကား အင်မော်တယ်လမ်းစဉ်၏သော့ချက်လည်း ဖြစ်သည်။

ခရမ်းကျောက်စိမ်းဆေးလုံးသည် စိတ်ဝိညာဉ်အား ကောင်းကင်မြေပြင်စွမ်းအားနှင့် ဆက်သွယ်နိုင်အောင် ထောက်ပံ့ပေးသော ဆေးလုံးဖြစ်သည်။

ဆဌမတန်းစားဆေးလုံးကား အလွန်တန်ဖိုးကြီးသည်။ ဆေးလုံးတစ်လုံးသည် ဝိညာဉ်ကျောက်တုံး ငါးသိန်းခန့် တန်ဖိုးရှိ၏။

ဆေးအမယ်အား ကုန်ကျခံပေးလျှင်ပင် အာခီမီပညာရှင်အတွက် ဆေးလုံးဖော်စပ်ခ ဝိညာဉ်ကျေက်တုံး အနည်းဆုံး ၂သိန်းပေးရပေမည်။

“အမြင့်ဆုံးအရည်အသွေးလား”

ဟန်မူယဲ့က ပိုင်စုကျန်းကို မေးသည်။

သာန်မန်ခရမ်းကျောက်စိမ်းဆေးလုံးဆိုပါက သူမသည် ဟန်မူယဲ့အား လာရှာရန် မလိုပါ။

အနောက်ဘက်နယ်စပ်ကုန်းမြေ၌ ဆဌမတန်းစားဆေးလုံးကို ဖော်စပ်နိုင်သူများ ရှိပေသေးသည်။

ပိုင်စုကျန်းက ခေါင်းညိတ်သည်။

“အမြင့်ဆုံးအရည်အသွေးလည်း ရတယ်။ အင်မော်တယ်ဆေးလုံးဆိုရင်တော့ အကောင်းဆုံးပေါ့”

အဖြေကား ရှင်းလင်း၏။

ဟန်မူယဲ့ ပြုံးလိုက်သည်။

ဆိုလိုသည်က တစ်ဘက်လူသည် ထိုဆေးလုံးအား အမှန်တကယ် လိုအပ်နေသည်။

“စီနီယာအစ်ကို… ရှင်က တန်ကြေး သတ်မှတ်ပါ”

ပိုင်စုကျန်းက ရှေ့ကို တိုးကာ ပြောလျှင် သူမထံမှ ကိုယ်သင်းရနံ့များ ပြန့်လွင့်လာ၏။

“အမြင့်ဆုံးအရည်အသွေးဆိုရင်တော့ ဝိညာဉ်ကျောက်တုံး၊ ရတနာတွေနဲ့ ဆေးအမယ်တွေကို အဆင်ပြေသလို ပေးလို့ရတယ်”

ဟန်မူယဲ့က ခြေတစ်လှမ်းဆုတ်ကာ ပြောသည်။

ဓားစံအိမ်တွင် ဟွမ်လောင်လျှိုက သူတို့အား ချောင်းကြည့်နေ၏။

“အင်မော်တယ်ဆေးလုံးဆိုရင်တော့ အနည်းဆုံး အလယ်အလတ်တန်းစား ဝိညာဉ်လက်နက်ကို ပေါင်းထည့်ပေးရမယ်”

ဂိုဏ်းအများစုသည် အလယ်အလတ်တန်းစား ဝိညာဉ်လက်နက်ကို သူတို့၏ ဂိုဏ်းကာကွယ်ရေး ရတနာအဖြစ် သတ်မှတ်လေ့ ရှိသည်။

မှန်သည်၊ ခရမ်းကျောက်စိမ်းဆေးလုံးကို လိုအပ်သော ကမ္ဘာမြေအဆင့်ပညာရှင်များသည် ဂိုဏ်းများကို တည်ဆောင်နိုင်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့က အလယ်လတ်တန်းစား ဝိညာဉ်လက်နက်များကို ထုတ်ပေးနိုင်စွမ်း ရှိနိုင်လောက်၏။

ဟန်မူယဲ့၏တောင်းဆိုမှုကို ကြားလျှင် ပိုင်စုကျန်းက ခေါင်းညိတ်သည်။

“ကျွန်မ သွားပြောလိုက်မယ်”

ပိုင်စုကျန်းအတွက်ကား ဝိညာဉ်ကျောက်တုံး ရရှိခြင်းသည် ကိစ္စအသွေးအမွှားသာ ဖြစ်သည်။ အရေးကြီးသည်ကား ထိုကမ္ဘာမြေအဆင့် ပညာရှင်များထံ၌ မျက်နှာသာရခြင်း ဖြစ်သည်။

ကျင့်ကြံခြင်းလောကသည် ကမ္မဆယ်နွယ်မှုကို အလေးထား၏။

ကျေးဇူးပြုခြင်းသည် အကျိုးအကြောင်း ကံကြမ္မာရဟတ်ဘီးနှင့် သက်ဆိုင်သည်။

“ခုနစ်ရက်အတွင်း တောင်အောက်ကို ဆင်းရရင် ပိုအဆင်ပြေလိမ့်မယ်”

ဟန်မူယဲ့က ထပ်ပြောသည်။

သူသည် ကျောက်ဖူနှင့်အတူ နောက်ဆယ်ရက်၌ ခရီးတိုတစ်ခု ထွက်ရန် အချိန်းအချက်လုပ်ထား၏။

“စိတ်မပူပါနဲ့… အဲဒီစီနီယာက ရှင့်ထက် အလျင်လိုလောက်တယ်”

ပိုင်စုကျန်းက ရယ်မောကာ ထွက်သွားသည်။

သူမ ထွက်သွားလျှင် လင်းရှန်က ဟန်မူယဲ့အား တီးတိုးမေးသည်။

“ညီလေးဟန်… မင်းက စီနီယာအစ်ကိုကျောက်နဲ့အတူ အပျက်အစီးနယ်မြေကို သွားရှာမလို့လား”

ဟန်မူယဲ့သည် ကျောက်ဖူနှင့်အတူ သံမဏိနွားသိုးကျင့်စဉ်နှင့်ပတ်သက်၍ ဆွေးနွေးပြီး ဖြစ်သည်။ သူတို့က သံမဏိနွားသိုးကျင့်စဉ်တွေ့ရှိရာ အပျက်အစီးနယ်မြေကို စူးစမ်းလေ့လာလိုကြသည်။

“ငါ့ကိုလည်း ခေါ်ပါ”

လင်းရှန်က ဟန်မူယဲ့အား ကြည့်ကာ တီးတိုးပြောသည်။

“ငါ့အစ်ကိုကြီးက မင်းကို အဲဒီနေရာကို ခေါ်သွားဖို့ တွေးထားခဲ့ပြီးသားပဲ။ အရင်တုန်းက သူနဲ့ တခြားစီနီယာအစ်ကိုတချို့ အဲဒီနေရာကို ရှာဖွေပြီးတော့ သံမဏိနွားသိုးကျင့်စဉ်ကို တွေ့ခဲ့ကြတာ”

ဟန်မူယဲ့ကား တခဏမျှ တိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်သည်။

လင်းချုံးရှောင်၏ဝိညာဉ်အပိုင်းအစသည် ရှေးဟောင်းကျင့်ကြံသူ၏ဂူထဲ၌ မတော်တဆဖြစ်ကာ ပျောက်ကွယ်သွားခဲ့သည်။ ၎င်းကိစ္စသည် လင်းရှန်အား အမြဲတမ်း စိတ်အမာရွက် ဖြစ်နေခဲ့ကာ ယခုထိ လက်မလွှတ်နိုင်သေးပေ။

လင်းချုံးရှောင် ပြန်လည်ဝင်စားခြင်း ကိစ္စကိုကား သူက လင်းရှန်အား မပြောပြဖြစ်သေးပေ။ ထိုကိစ္စသာ အမှန်မဟုတ်ပါက လင်းရှန်အတွက် မျှော်လင့်ချက်များ ပေးရာ ရောက်နေပေလိမ့်မည်။

အကယ်၍ သူတို့သာ ကံမကုန်သေးပါက ပြန်ဆုံကြပေဦးမည်။

“ကောင်းပြီ… လေ့ကျင့်ရေးမှူးလင်းက ကျုပ်နဲ့အတူ လိုက်ခဲ့ပါ”

ဟန်မူယဲ့က လင်းရှန်ကို ခေါင်းညိတ်ပြောကာ ဓားစံအိမ်ထဲသို့ ဝင်လာခဲ့သည်။

လင်းရှန်က သက်ပြင်းတစ်ချက်ရှိုက်ကာ အဝေးကို ငေးကြည့်သည်။

…

ဟန်မူယဲ့ ကြာကြာ မစောင့်လိုက်ရပါ။ နှစ်ရက်ကြာပြီးနောက် ပိုင်စုကျန်းက သူ့အား တောင်အောက်သို့ ဆင်းရန် လာခေါ်သည်။

ပိုင်စုကျန်းနှင့်အတူ ဟန်မူယဲ့ တောင်အောက်သို့ ဆင်းလာသောအခါ လင်းရှန်ကိုလည်း ခေါ်လာသည်။ သူတို့က လှေပျံနှင့် ခရီးသွားသောအခါ လင်းရှန်က လှေကို ကူညီမောင်းနှင်ပေးနိုင်သလို ဟန်မူယဲ့ ဆေးဖော်စပ်သောအခါတွင်လည်း သူက စောင့်ကြပ်ပေးနိုင်၏။

လှေဝမ်းထဲတွင် ဟန်မူယဲ့နှင့် ပိုင်စုကျန်းတို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

ထိုအခိုက်တွင် ပိုင်စုကျန်းသည် ရိုးရှင်းသော ဝတ်စုံနှင့် အဖြူရောင်ပုဝါကို မျက်နှာတွင် အုပ်ထားသည်။

“စီနီယာအစ်ကိုဟန်… ရှင့်ကို ဒီတစ်ခေါက် ဆေးဖော်ခိုင်းတဲ့သူက တကိုယ်တော်ကျင့်ကြံသူ ကွမ်ချောင်ရှန့်ပဲ။ သူဟာ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ အတော်လေး ကျော်ကြားတယ်။ သူဟာ ဝိညာဉ်နိုးထခြင်း ပဥ္စမအဆင့်မှာ ရှိပြီးတော့ နှစ်ငါးရာ ကျင့်ကြံပြီးပြီ။ တကိုယ်တော်ကျင့်ကြံသူတစ်ယောက်အတွက် ဒီကျင့်ကြံဆင့်ရှိဖို့ဆိုတာ မလွယ်ဘူး”

ပိုင်စုကျန်းက ဟန်မူယဲ့အား ဆေးဖော်စပ်ခိုင်းသောသူ မည်သူဖြစ်သည်ကို ပြောပြသည်။

“ဒီစီနီယာဟာ ဝိညာဉ်နိုးထခြင်းအဆင့်မှာ ရှိနေတာ နှစ်တစ်ရာကျော်နေပြီ။ ဒီလောက် အချိန်ကြာကြာ အဆင့်မတက်ဘဲ နေမှတော့ သူ့အလားအလာဟာ ကုန်ခမ်းသွားပြီလို့ ခန့်မှန်းရတယ်”

ကျင့်ကြံသူတစ်ဦးသည် ကျင့်ကြံဆင့်တစ်ခုတွင် ထိုမျှ အချိန်ကြာကြာ ရပ်တန့်နေခဲ့ပါက သူတို့၏အလားအလာ ကုန်ဆုံးသွားသည်ဟု သတ်မှတ်နိင်ကာ နောက်တစ်ဆင့်တက်ရန် မဖြစ်နိုင်တော့ပါ။ ကျင့်ကြံခြင်းလောကတွင် ထိုသို့သော ကျင့်ကြံသူများ မရေမတွက်နိုင်အောင် ရှိသည်။

ဗီဇပါရမီသည် လူတစ်ယောက်၏အလားအလာကို ဆုံးဖြတ်သည်။

ထို့ကြောင့်လည်း ဂိုဏ်းများက တပည့်လက်ခံရာတွင် ဗီဇပါရမီကို အကဲဖြတ်ကာ ခေါ်ယူကြခြင်း ဖြစ်သည်။

“အဲဒီစီနီယာကလည်း အလောင်းအစားလုပ်ချင်နေတယ်”

ပိုင်စုကျန်းက ပြုံးလျက် ပြောသည်။

“ရှင်သာ အင်မော်တယ်အဆင့် ဆေးလုံးကို ဖော်စပ်ပေးနိုင်ရင် သူ တန်ဖိုးထားတဲ့ ရှေးဟောင်းဓားတစ်လက်ကို ပေးမယ် ပြောတယ်”

ရှေးဟောင်းဓားတစ်လက်သည် စစ်မှန်သော ရတနာဖြစ်သည်။

ရှေးဟောင်းဓားအများစုသည် နှစ်ပေါင်းများစွာ ကြာပြီးနောက် ပျက်စီးယိုယွင်းလာကြသော်လည်း ၎င်းတို့ကို သွန်းလုပ်ထားသော သတ္တုများမှာ ရှားပါးရတနာများဖြစ်၏။

၎င်းတို့ကို ပြန်လည်အရည်ဖျော်ကာ အသစ်သွန်းလုပ်လျှင်ပင် နောက်ထပ်ရတနာဓားတစ်လက်ကို ရရှိနိုင်ပေသေးသည်။

ထိုသို့သော ရှေးဟောင်းဓားတစ်လက်အား ပေးသည်ဆိုခြင်းက တစ်ဘက်လူက ရိုးသားကြောင်း သိသာစေ၏။

“ကွမ်ချောင်ရှန့်…”

ဟန်မူယဲ့က ခဏမျှ တွေးတောလိုက်ပြီးနောက် ပြောသည်။

“သူ့မိသားစုဟာ ဖုန်းရှို့တောင်အနားမှာ အခြေချတယ်ထင်တယ်”

ဟန်မူယဲ့၏စကားကို ကြားလျှင် ပိုင်စုကျန်းက ရယ်မောလိုက်သည်။

“စီနီယာအစ်ကိုဟန်… ရှင်က ပိုပြီး ဉာဏ်ကောင်းလာတာပဲ”

ပိုင်စုကျန်းက သူ့အား ခရမ်းကျောက်စိမ်းဆေးလုံး ဖော်စပ်ခိုင်းကတည်းက သူသည် ထိုဆေးလုံးကို လိုအပ်သော ကမ္ဘာမြေအဆင့်ပညာရှင်အား ခန့်မှန်းမိပြီး ဖြစ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ စာအုပ်ဆောင်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေမှ ကမ္ဘာမြေအဆင့်များအားလုံးကို မှတ်တမ်းတင်ထားသည်။

ယခင်က ဟန်မူယဲ့သည် ထိုလူများအားလုံးကို မှတ်သားဖူး၏။

ဤသည်ကား ဂိုဏ်းကြီးတစ်ဂိုဏ်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။

ကွမ်ချောင်ရှန့်၏မိသားစုသည် ဖုန်းရှို့တောင်တန်းအနီးတွင် ဖြစ်ရာ သူသည် ကျင့်ကြံဆင့်ကို အမြန်ဆုံး မြှင့်တင်လိုသည်။

အကယ်၍ ဖုန်းရှို့တောင်သာ ကျဆုံးသွားပါက သူတို့မိသားစုမှာ မိစ္ဆာများနှင့် ရင်ဆိုင်ရမည့် မိသားစုများထဲတွင် ပါဝင်သည်။

ကျင့်ကြံသူများအတွက် ရတနာများနှင့် အင်းအိုင်အဆောင်လက်ဖွဲ့များသည် သူတို့၏ကျင့်ကြံဆင့်ကဲ့သို့ လက်တွေ့မကျပေ။

ဟူး…

လှေပျံသည် တဖြေးဖြေးဆင်းသက်လာ၏။

သူတို့ရှေ့တွင် မြို့ငယ်လေးတစ်မြို့ရှိနေသည်။ မြို့ထဲတွင် သေမျိုးများနှင့် ကျင့်ကြံသူများကို ရောနှောနေထိုင်သည်ကို တွေ့ရ၏။

ပိုင်စုကျန်းက ဟန်မူယဲ့နှင့် လင်းရှန်တို့အား ခြံဝင်းတစ်ခုသို့ ခေါ်သွား၏။ တံခါးဝတွင် အစေခံက သူတို့အား ခန်းဆောင်တစ်ခုသို့ ဖိတ်ခေါ်လာခဲ့သည်။

ခန်းမထဲတွင် မီးခိုးရောင်ဝတ်အဖိုးအိုတစ်ဦးအား တွေ့ရသည်။

ပိုင်စုကျန်းက ပြုံးလျက် လက်နှစ်ဖက်ဆုပ်သည်။

“ဆရာကြီးကွမ်… စောင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ဟား… ဟား… ငါက နှစ်တစ်ရာလောက်တောင် စောင့်ဆိုင်းပြီးပြီပဲ။ ဒါက ဘာမှ မဟုတ်ပါဘူး”

အဖိုးအို၏အကြည့်က ဟန်မူယဲ့ထံသို့ ရောက်လာသည်။

“မင်းက အင်မော်တယ်အဆင့် ခရမ်းကျောက်စိမ်းဆေးလုံးကို ဖော်စပ်နိုင်တယ်လို့ ငါကြားလိုက်တဲ့အချိန်မှာပဲ တစ်ရက်စီတိုင်းဟာ တစ်နှစ်လောက် ကြာတယ် ထင်ရတယ်”

All Chapters