← Chapters

တစ်ခုခုတော့ လွဲနေပြီ

Vol. 56 Ch. 767

တစ်ခုခုတော့ လွဲနေပြီ

Vol. 56 Ch. 767

ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာပြီး သူ၏ရှေ့တွင်ရှိနေသော မိန်းမငယ်လေးအား အကဲခတ်လိုက်၏။ သူ၏ လက်ရှိ တိုက်ရည်ခိုက်ရည် စွမ်းအားများနှင့်သာဆိုလျှင် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနှင့် သူမအား အရိုးတခြား အသားတခြားဖြစ်သွားအောင် လုပ်နိုင်စွမ်းရှိပေသည်။

သို့သော် ယခုတွင် သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲသို့ ရောက်နေသည်ဖြစ်ရာ ထိုအမျိုးသမီး၏ အထက်စီးမှပြောဆိုဆက်ဆံနေသော လေသံအား လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် သူသည် နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြလိုက်ပြီးနောက် နူးညံ့သိမ်မွေ့စွာ ပြန်ပြောလိုက်သည်။

" ကျွန်တော့်ကို လာခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မ။ ဟင်။ အစ်မရဲ့ သိုလှောင်အိတ် ပြုတ်ကျသွားတာလားလို့ " ဝမ်ပေါင်လဲ့မှာ အံ့အားသင့်နေသည့် လေသံဖြင့် ထိုသို့ဆိုကာ ပြုံး၍ ရှေ့သို့လှမ်းလာ၏။ ထို မိန်းမငယ်လေးမှာ သူ၏စကားများကို ကြားလိုက်ရသောအခါ မှင်တက်သွားရသည်။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ ညာဘက်လက်ဖဝါးကို ဖြန့်လိုက်သောအခါ သိုလှောင်အိတ်တစ်လုံး ပေါ်လာသည်ကို မြင်လိုက်ရ၏။ သူသည် ထိုသိုလှောင်အိတ်အား သူမဆီသို့ လှမ်းပေးလိုက်သည်။

ထိုအခါ ထို မိန်းမငယ်လေး၏ မျက်နှာအမူအရာမှာ အထူးတဆန်းဖြစ်သွားရ၏။ သူမသည် ထိုသိုလှောင်အိတ်အား လှမ်းယူကာ အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် ရင်ခုန်နှုန်းများ အနည်းငယ်ခန့် မြန်ဆန်လာရတော့သည်။ ထို သိုလှောင်အိတ်ထဲတွင် ရှိနေသည့် ပစ္စည်းတစ်မျိုးကြောင့် သူမသည် အနည်းငယ်ခန့် ရှက်သွေးဖြာသွားရ၏။ ထို့ကြောင့် သူမသည် သူ့အား တစ်ခဏမျှထပ်၍ အကဲခတ်နေလိုက်ပြီးနောက် သူမ၏ အကြည့်များမှာ နူးညံ့သိမ်မွေ့သွားသလို သူမ၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ပွင့်ပေါ်ပေါက်လာတော့သည်။ နောက်ဆုံးတွင် သူမသည် ချောင်းဟန့်ကာ ဆိုလိုက်၏ " အခုလို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း လုံနန်ကျစ် "

ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း သူမအား မသိမသာ ပြန်ပြုံးပြလိုက်သည်။ သူသည် မြည်းလေးအတွက် ဖယ်ပေးထားသည့် မုန့်များထဲမှ အချို့ကို ထိုသိုလှောင်အိတ်ထဲ၌ ထည့်ထားခြင်းဖြစ်သည်။ ၎င်းတို့မှာ သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်အတွက် သင့်တော်မှုမရှိသော အတိုအထွာ ပစ္စည်းလေးများ ဖြစ်ကြပေသည်။ သူသည် ၎င်းတို့အား လက်ဆောင်ပေးလိုက်လျှင်တောင် သူ့ဘက်မှ နစ်နာဆုံးရှုံးစရာမရှိဟု မှတ်ယူထားသဖြင့် ၎င်းတို့အား သေသေချာချာ ကြည့်ရှုစစ်ဆေးခဲ့ခြင်းမရှိပေ။ အကယ်၍ ထိုပစ္စည်းများအား သတင်းအချက်အလက်များနှင့် လဲလှယ်နိုင်လျှင် သူ့အတွက် အကောင်းဆုံးဖြစ်ပေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုအမျိုးသမီးကျင့်ကြံသူ၏နောက်မှ လိုက်သွားရင်း လူကြီးလူကောင်းဆန်ဆန်ဖြင့် မေးခွန်းများမေးမြန်းခဲ့၏။ သူပေးခဲ့သော လက်ဆောင်များကြောင့်လား သို့မဟုတ် ဝမ်ပေါင်လဲ့ ယုံကြည်ထားသလို သူ၏ နှစ်လိုဖွယ်ကောင်းသော စွဲဆောင်မှုများကြောင့်လားတော့ မသိပေ။ ထို မိန်းမငယ်လေးမှာ သူ့အား သတင်းအချက်အလက်အချို့ ပြောပြခဲ့သည်။

ဥပမာအားဖြင့် ဆိုရလျှင်... ဤအထွေထွေညီလာခံအား လူ ထောင်ပေါင်းများစွာ တက်ရောက်ကြမည်ဖြစ်သည်ဆိုသည့် သတင်းအချက်အလက်မျိုး ဖြစ်ပေသည်။ လူအများစုနှင့် ယှဉ်လိုက်ပါက ဝမ်ပေါင်လဲ့၏ ထိုင်ခုံနေရာမှာ နောက်သို့ ရောက်နေ၏။

ထို့အပြင် သူသည် ထို အထွေထွေညီလာခံများကို တစ်လကျော်ခန့် ကျင်းပလေ့ရှိကြသည်ဖြစ်ကြောင်းကိုလည်း သိလိုက်ရ၏။ ခေါင်းဆောင်ကြီးမှာမူ နောက်ဆုံးနေ့မှ တက်ရောက်မည်ဖြစ်သည်။ နောက်ဆုံးနေ့ မတိုင်ခင် ကျင်းပသည့် အစည်းအဝေးပွဲများအားလုံးထဲတွင်မူ စစ်တပ်အသီးသီးမှ ခေါင်းဆောင်ကြီးများက သဘာပတိများအဖြစ် ဆောင်ရွက်ပေးကြ၏။

ဝမ်ပေါင်လဲ့မှာ သူ လေ့လာသိရှိခဲ့ရသမျှ အချက်အလက်များကို စုစည်းလိုက်ပြီးနောက် မကြာမီ ကျင်းပတော့မည့် အထွေထွေညီလာခံ၏ အကြောင်းကို နားလည်သွားတော့သည်။ သူ အတိအကျ မသိသေးသည့် အခန်းကဏ္ဍအချို့ ရှိနေသေးပါသော်လည်း အကြမ်းဖျင်းအားဖြင့် လုံလောက်ပေသည်။

သူကြားသိခဲ့ရသည့် အရာများကြောင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း‌ ခေါင်းဆောင်ကြီးမှာ သူ့အား အထူးတလည် စိတ်ဝင်စားနေခြင်းမရှိသေးကြောင်း သူက သိလိုက်ရ၏။ ထိုသို့သာမဟုတ်ပါက သူသည် အထွေထွေညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရရုံသာမက ခေါင်းဆောင်ကြီးနှင့် တစ်ယောက်ချင်း ‌ဆုံတွေ့ခွင့် ရနေမည် မဟုတ်ပါလော။

ထို့အပြင် သူ၏ ထိုင်ခုံနေရာကိုကြည့်လျှင် အခြေအနေများကို ရိပ်စားမိနိုင်ပေသည်။ သို့ဖြစ်ရာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ရာထူးကြီးသူတစ်ယောက်အနေနှင့် သူ၏ လက်အောက်ငယ်သားတစ်ယောက်အား လုပ်ရိုးလုပ်စဉ်များအရ ဖိတ်ကြားခဲ့ခြင်းသာ ဖြစ်သည်။

" ငါ ဆုလာဘ်တွေ ချီးမြှင့်ခံရနိုင်ပေမဲ့ ဂိုဏ်းသားတစ်ယောက်အဖြစ် ရာထူးတိုးခံရနိုင်ခြေက ပိုများလောက်တယ်... " ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးထဲ၌ အဆင့်မြင့်အရာရှိတစ်ယောက် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ဤ ကိစ္စကြီးတစ်ခုလုံးအား ခြုံငုံသုံးသပ်လိုက်ပြီးနောက် အခြေအနေများကို နားလည်သွားတော့သည်။ ထို့ကြောင့် သူသည် သူ၏ဘေးရှိ မိန်းမငယ်လေးအား ပို၍ပင် နူးညံ့သိမ်မွေ့စွာ ပြုံးပြလိုက်၏။

သူတို့နှစ်ယောက် ညီလာခံကျင်းပမည့်နေရာသို့ ရောက်လာကြသောအခါ ထို မိန်းမငယ်လေးမှာ ဝမ်ပေါင်လဲ့ ပေးခဲ့သည့် သိုလှောင်အိတ်အား နောက်ထပ်တစ်ကြိမ် ထပ်၍ ကြည့်ရှု စစ်ဆေးလိုက်ပြန်သည်။ သူမသည် ထိုသိုလှောင်အိတ်ထဲရှိ ပစ္စည်းတစ်ခုအား အာရုံခံမိလိုက်သောအခါ ရှက်သွေးဖြာသွားရ၏။ ထို့ကြောင့် သူမသည် တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် လေသံတိုးတိုးဖြင့် ဆိုလိုက်တော့သည် " ကျွန်မနေတဲ့ နေရာက မြောက်ပိုင်းဂိုဏ်းထဲမှာရှိတဲ့ သတ္တမမြောက်တောင်ထိပ်ပေါ်က နဝမြောက် ဘုံဗိမာန်ရဲ့ အမှတ်ဆယ့်ခြောက်ဂူနော်... "

" ဘာရယ် " ဝမ်ပေါင်လဲ့မှာ ညီလာခံကျင်းပရာ အဆောက်အဦ၏ ဗိသုကာလက်ရာများကို ရှုစားနေစဉ် ထိုမိန်းမငယ်လေး သူမ၏ လိပ်စာအတိအကျအား ရုတ်တရက်ဆိုသလို ထုတ်ပြောလိုက်သည်ကို ကြားလိုက်ရသဖြင့် မှင်တက်သွားရ၏။ ထို့ကြောင့် သူသည် နောက်သို့ ချက်ချင်းလှည့်ကြည့်လိုက်ပါသော်လည်း ထိုမိန်းမငယ်လေး အလောတကြီးနှင့် ထွက်ခွာသွားသည်ကိုသာ လှမ်းမြင်လိုက်ရသည်။

" တစ်ခုခုတော့ လွဲနေပြီ " ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါဖြစ်သွားရ၏။ သူသည် သူပေးလိုက်သည့် သို့လှောင်အိတ်ထဲတွင် အဖိုးတန်ပစ္စည်းများ ပါနေသည်လောဟု တွေးမိသွား၏။ သူသည် ထိုအိတ်ထဲမှ ပစ္စည်းများအားလုံးကို အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ခြင်း မရှိသည့်တိုင်အောင် သူ၏ နတ်ဘုရားအာရုံဖြင့် အကြမ်းဖျင်း စစ်ဆေးခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် ထို အတိုအထွာ ပစ္စည်းလေးများထဲတွင် တန်ဖိုးကြီးမားသည့်ပစ္စည်းများ ပါနေမည်မဟုတ်ကြောင်း သိထား၏။

သို့သော် ထိုပစ္စည်းများမှာ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက် အလွန်အင်မတန်မှအဖိုးတန်နေမည်သာ ဖြစ်သည်။ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်မှာမူ ၎င်းတို့အား တန်ဖိုးကြီးပစ္စည်းများအဖြစ် သတ်မှတ်ထားမည် မဟုတ်ပေ။

" မဟုတ်မှလွဲရော။ သူက ငါ့ရဲ့ ရုပ်ရည်ကို ကြွေသွားတာများလား " ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားရ၏။ ထို့နောက် သူသည် သူကိုယ်တိုင် သတိမထားမိချိန်မှာပင် ပို၍ ချောမောခန့်ညားလာခြင်း ဖြစ်ရမည်ဟု မှတ်ယူလိုက်၏။ သူသည် အထူးတလည် ကြိုးစားအားထုတ်နေခြင်း မရှိသည့်တိုင်အောင် တစ်ခဏလေးအတွင်းတွင် မိန်းမငယ်လေးတစ်ယောက်၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့သည် မဟုတ်ပါလော။

" ဒါပေမဲ့ ငါတို့နှစ်ယောက်က သိပ်ပြီးတော့ လိုက်ဖက်ညီမှု မရှိတာ စိတ်မကောင်းစရာပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ချောင်းဟန့်လိုက်၏။ သို့သော် သူသည် သူ့ကိုယ်သူ ကျေနပ်နေဆဲပင်။ ထို့နောက် သူသည် ဗိသုကာလက်ရာများကို ဆက်လက်ရှုစားနေလိုက်၏။ သို့သော် သူသည် သူ၏ သိုလှောင်လက်ကောက်ထဲရှိ မြည်းလေး တန်ဖိုးကြီး အရုပ်တစ်ရုပ်အား ပျောက်ဆုံးသွားသကဲ့သို့ ပစ္စည်းများအား သဲကြီးမဲကြီး လှန်လှောရှာဖွေနေသည်ကိုမူ လုံးဝသတိမထားမိပေ။

အဝေးမှကြည့်လိုက်ပါက ညီလာခံကျင်းပရာ အဆောက်အဦမှာ တောင်ပံများဖြန့်ထားပြီး လေပေါ်သို့ ပျံတက်ရန် အဆင်သင့်ဖြစ်နေသည့် ဂဠုန်ငှက်တစ်ကောင်နှင့် တူနေသောကြောင့် အလွန်အင်မတန်မှ ခမ်းနားထည်ဝါလှပေသည်။ ထို အဆောက်အဦကြီး တစ်ခုလုံးအား အစိမ်းနုရောင် သုတ်ထား၏။ ကျင့်ကြံသူပေါင်း မြောက်မြားစွာမှာ ထိုအဆောက်အဦအား အဝင်အထွက် လုပ်နေကြသဖြင့် ထိုနေရာကြီးမှာ စည်ကားသိုက်မြိုက်နေသည်။ သို့သော် ထိုလူအုပ်ကြီးထဲတွင် သူနှင့် ခင်မင်ရင်းနှီးသည့်လူ တစ်ယောက်မှ မပါပေ။ သို့သော်ငြားလည်း ဝမ်ပေါင်လဲ့မှာမူ လူတိုင်းနှင့် သိကျွမ်းဝင်နေသည့်အလား ဟန်ဆောင်နေပြီး သူနှင့် မျက်လုံးချင်းဆုံသမျှ လူတိုင်းကို ပြုံးပြကာ ခေါင်းညိတ်ပြခဲ့သည်သာ ဖြစ်သည်။ သူသည် ထိုအဆောက်အဦထဲသို့ ရောက်သွားသောအခါ ဘေးဝီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ထို အဆောက်အဦ၏ အတွင်းပိုင်းမှာ စက်ဝိုင်းပုံဏ္ဍာန် ရှိနေပြီး လူအယောက်တစ်သောင်းကျော် ဝင်ဆံ့ပေသည်။

ထိုစက်ဝိုင်းကြီး၏ အလယ်ဗဟိုတွင် လေးထောင့်ပုံစံ ပလ္လင်တစ်ခု ရှိနေ၏။ ထိုပလ္လင်မှာ အဆင့်သုံးဆင့်ရှိပြီး ထိပ်ဆုံးအဆင့်တွင် ထိုင်စရာ ကောဇော်တစ်ခု ရှိနေသည်။ သို့ဖြစ်ရာ ၎င်းမှာ ဤ အဆောက်အဦ တစ်ခုလုံးထဲရှိ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်အတွက် သီးသန့်ဖယ်ထားသော ထိုင်ခုံ ဖြစ်ရပေမည်။

ဒုတိယအဆင့်တွင် အရောင်လေးမျိုးရှိသော ကော‌ဇော်လေးခုကို ထောင့်လေးထောင့်၌ နေရာချထားသည်။ ထိုနေရာ လေးခုတွင် ထိုင်ခွင့်ရသည့် လူများမှာလည်း ရာထူးအဆင့်အတန်း မြင့်မားကြသူများ ဖြစ်ရပေမည်။ ထိုပလ္လင်ကြီး၏ တတိယအဆင့်ပေါ်တွင်မူ ကော်ဇောခြောက်ခု ရှိနေ၏။

ဝမ်ပေါင်လဲ့မှာ ထို ပလ္လင်ကြီးအား ကြည့်လိုက်ပြီးနောက် သူ၏ ဘေးဘီဝဲယာအား အကဲခတ်လိုက်၏။ သူသည် စောလွန်းနေခြင်း မရှိသလို နောက်ကျနေခြင်းလည်း မရှိပေ။ လက်ရှိတွင် ဤနေရာသို့ ကျင့်ကြံသူ အယောက်တစ်ထောင်၊ နှစ်ထောင်ခန့် ရောက်လာကြပြီဖြစ်သည်။

ထို အဆောက်အဦကြီးမှာ ကြီးမားလွန်းနေသလို လူပေါင်းမြောက်မြားစွာလည်း ရှိနေသည်ဖြစ်ရာ မည်သူကမှ ဝမ်ပေါင်လဲ့ ရောက်လာသည်ကို သတိမထားမိခဲ့ပေ။ တစ်အောင့်ခန့် ကြာပြီးနောက် သူသည် သူ၏နာမည်အား ထောင့်တစ်ထောင်ရှိ ထိုင်ခုံပေါ်တွင် တွေ့လိုက်ရ၏။ သူသည် သူ၏ဘေးတွင်ရှိနေသော ထိုင်ခုံများကို လှမ်းကြည့်လိုက်သောအခါ မည်သူမှ ရောက်မလာသေးကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူသည် သူ၏ထိုင်ခုံ၌ ဝင်ထိုင်ကာ သူ၏ရှေ့တွင်ရှိနေသော စားပွဲပေါ်ရှိ ဝိညာဉ်သစ်သီးများနှင့် သောက်စရာများကို အကဲခတ်လိုက်ပြီးနောက် သစ်သီးတစ်လုံးကို ကောက်ယူကာ တစ်ကိုက် ကိုက်လိုက်တော့သည်။

" တော်တော်လေး အရသာရှိတာပဲ " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်ပသွားရ၏။ သူသည် သစ်သီးခြောက်လုံးတိတိ ကုန်အောင်စားလိုက်ပြီးနောက် နောက်ဆုံးတွင် သူ၏ဘေးရှိ ထိုင်ခုံပေါ်သို့ လူတစ်ယောက် ရောက်လာ၏။ ထိုလူကြီးမှာ ဝဖြိုးသော အဘိုးကြီးတစ်ယောက်ဖြစ်ပြီး ပါးစပ်နားရွက်တပ်ချိတ်လုမတတ် ပြုံးနေ၏။ သူသည် ဝမ်ပေါင်လဲ့နည်းတူ ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။ သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသားတစ်ယောက် မဟုတ်ဘဲ ၎င်း၏ လက်အောက်ဂိုဏ်းတစ်ဂိုဏ်းထဲမှ အဖွဲ့ဝင်တစ်ယောက် ဖြစ်ရပေမည်။ သူသည် သူ၏ထိုင်ခုံဆီသို့ လာရာလမ်းတစ်လျှောက်ရှိ လူတိုင်းအား တရိုတသေနှင့် နှုတ်ဆက်ခဲ့ပြီးနောက် ဝမ်ပေါင်လဲ့၏ဘေးသို့ ရောက်လာသောအခါတွင်လည်း စကားစပြောလိုက်၏။

" တာအိုရောင်းရင်းကို မမြင်ဖူးပါဘူး။ အစ်ကိုက မြောက်ပိုင်းဂိုဏ်းက သော်ယိုကျိပါ " ထို ဝကစ်ကစ် အဘိုးကြီးမှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။

" ဪ။ အစ်ကိုက သော်ယိုကျိကိုး။ ကျွန်တော် အစ်ကို့အကြောင်းတွေ ကြားဖူးထားပြီးသားပါ။ ဒါပေမဲ့ အခုလို လူကိုယ်တိုင်တွေ့လိုက်ရတော့ ပိုလို့တောင် ကောင်းတာပေါ့ဗျာ။ အစ်ကို့ရဲ့ အငွေ့အသက်တွေက ‌တော်တော်လေးကို အံ့ဩဖို့ကောင်းတာပဲ " ဝမ်ပေါင်လဲ့မှာ သူ၏လက်ထဲမှ ဝိညာဉ်သစ်သီးအား ဘေးသို့ချကာ ပြုံးပြလိုက်ပြီးနောက် ထိုကျင့်ကြံသူကြီးနှင့် စကားစမြည်များ ပြောနေလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို ဖတ်ရှုဖူးထားသည်ဖြစ်သလို ပြည်ထောင်စုကြီးထဲတွင်လည်း အဆင့်မြင့်အရာရှိတစ်ယောက်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ဖူးခဲ့သည်ဖြစ်ရာ ပြောဆိုဆက်ဆံရေးအပိုင်းတွင် ချေငံပြေဖြစ်ပေသည်။ အဘိုးကြီးမှာလည်း မိတ်ဆွေသစ်များဖွဲ့ရန် စိတ်အားထက်သန်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ စက္ကန့်အနည်းငယ်ခန့် အကြာတွင် သူတို့မှာ စကားများ ရွှန်းရွှန်းဝေအောင် ပြောနေကြတော့သည်။ နောက်ဆုံးတွင် ထိုအဘိုးကြီးမှာ ဝမ်ပေါင်လဲ့အား သူ၏အမည်ကို မေးမြန်းလိုက်သောအခါ ဝမ်ပေါင်လဲ့မှာ ပြုံး၍ ပြန်ဖြေလိုက်၏ " ကျွန်တော်က လုံနန်ကျစ်ပါ "

" လုံနန်ကျစ်... အဲဒီ နာမည်ကို ကြားဖူးပါတယ်... ဪ။ မင်းက အရူးလုံ ကိုးကွ " အဘိုးကြီးမှာ ထိုနာမည်အား ကြားလိုက်ရသောအခါ မျက်နှာအမူအရာ အထူးတဆန်းဖြစ်သွားရ၏။ ထို့နောက် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် မျက်လုံးများပြူးသွားတော့သည်။ သူသည် နောက်သို့ ဆုတ်ခွာသွားရန်ပင် ပြင်မိလိုက်ပါသော်လည်း သူ့ကိုယ်သူ ပြန်တားလိုက်၏။ သို့သော် သူ၏မျက်နှာအမူအရာမှာ မကြာသေးမီတုန်းကကဲ့သို့ ဖော်ရွေနေခြင်း မရှိတော့ပေ။ သူသည် ဝမ်ပေါင်လဲ့အား လေးစားကြောက်ရွံ့နေသည့် အမူအရာဖြင့် အလောတကြီး ပြန်ရှင်းပြလိုက်၏။

" တာအိုရောင်းရင်း လုံနန်ကျစ်။ ‌ဗွေမယူပါနဲ့ဗျာ... " သော်ယိုကျိမှာ မျက်နှာရှုံ့မဲ့မဲ့ ဖြစ်သွားပြီး ဝမ်ပေါင်လဲ့အား တောင်းပန်လိုသည့် အမူအရာဖြင့် အရက်တစ်ခွက် ငှဲ့ပေးလိုက်၏။

ဝမ်ပေါင်လဲ့မှာမူ အပြုံးပျက်သွားခြင်းမရှိဘဲ သူ၏ အရက်‌ခွက်ကိုမြှောက်ကာ မေးလိုက်သည် " ဘာလို့ ကျွန်တော့်ကို အရူးလုံလို့ ခေါ်တာလဲဗျ "

" တာအိုရောင်းရင်း... နဂါးနက်တပ်ရင်းနဲ့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲကြီးကြောင့် အစ်ကိုတို့တွေ အကုန်လုံး အံ့ဩတုန်လှုပ်သွားခဲ့ရတာလေ။ အဲဒီ တိုက်ပွဲကြီးကြောင့် နဂါးနက်တပ်ရင်းက ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး စစ်တပ်ဆယ်ခုထဲမှာ မပါတော့ဘူး။ အဲတာကြောင့်မလို့ လူတိုင်းက တာအိုရောင်းရင်းကို အရူးတစ်ယောက်လို သတ္တိကောင်းတဲ့ လူတစ်ယောက်လို့ သတ်မှတ်ထားကြတာ " အဘိုးကြီးမှာ သူ့ကိုယ်သူရှင်းပြကာ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့မှာ ထိုနာမည်ပြောင်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားခြင်းမရှိကြောင်း သိလိုက်ရသဖြင့် စိတ်အေးသွားရပြီး သက်ပြင်းချမိလိုက်သည်။ သို့သော် သူသည် အရူးလုံ၏ ဘေး၌ ထိုင်ရတော့မည်ဖြစ်ရာ သူ၏ကံအား စိတ်ထဲမှ ကျိန်ဆဲမိလိုက်၏။ အကယ်၍ တစ်ယောက်ယောက်ကသာ သူသည် လုံနန်ကျစ်နှင့် မိတ်ဆွေများဖြစ်နေသည်ဟု အထင်လွဲသွားပါက ခရမ်းရောင်ရွှေတာအိုသစ်ဂိုဏ်းမှ ထုတ်ပြန်ထားသည့် ဆုကြေးငွေများကို လောဘတက်နေကြသည့် လူများမှာ သူ၏အိမ်‌ရှေ့တံခါးဝအထိ ရောက်လာပြီး သူ့အား ပြဿနာ လာရှာနိုင်ပေသည်။

အဘိုးကြီးမှာ ထိုအတွေးများကြောင့် သက်ပြင်းများ ချမိသွား၏။ ထို့နောက် သူသည် သည်းညည်းခံကာ ညီလာခံကျင်းပမည့် အချိန်အတောအတွင်း သူ၏ဘေးတွင်ထိုင်နေသည့် အရူးအား အပြစ်မလုပ်မိအောင် သတိထားရန်သာ ဆုံးဖြတ်လိုက်တော့သည်။ သူတို့မှာ လုံနန်ကျစ်အား သူ၏ရဲစွမ်းသတ္တိကြောင့် မဟုတ်ဘဲ နဂါးနက်ရင်း သူ့ဆီမှ စစ်သင်္ဘောတစ်စင်း လုယူခဲ့သည့်အတွက် သူ ထိုတပ်ရင်းထဲမှ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူပေါင်း မြောက်မြားစွာကို ပြန်၍ သတ်ဖြတ်ခဲ့သည့်အချက်ကြောင့်သာ သူ့အား အရူးလုံဟု နာမည်ပြောင်ပေးခဲ့ခြင်း ဖြစ်ပေသည်။ ထိုမျှသာမက သူသည် နဂါးတပ်ရင်းခေါင်းဆောင်ကြီး၏ တပည့်ရင်းအား သူမ၏ရှေ့တွင် သတ်ဖြတ်ပစ်ခဲ့သေးသည် မဟုတ်ပါလော။

သူသည် ထိုမျှလောက်နှင့် ရပ်တန့်ခဲ့မည်ဆိုပါက အခြေအနေများမှာ ယခုလောက်အထိ ဆိုးရွားနေမည် မဟုတ်ပေ။ သို့သော် သူသည် အချိန်အနည်းငယ်ခန့် ဇာတ်မြှုပ်နေခဲ့ပြီးနောက် ရုတ်တရက်ဆိုသလို ပြန်လည်ပေါ်ပေါက်လာခဲ့ပြီး အဆောင်ပစ္စည်းများကို ဖောက်ခွဲကာ နဂါးတပ်ရင်းတစ်ခုလုံးအား မွဲပြာကျသွားအောင် လုပ်ခဲ့သေးသည်။ ထိုလုပ်ရပ်များကိုကြည့်လျှင် သူသည် နောက်ဆက်တွဲအကျိုးဆက်များကို ထည့်သွင်းစဉ်းစားခြင်းမရှိကြောင်း သိနိုင်ပေသည်။ သို့ဖြစ်ရာ သူ့အား အရူးတစ်ယောက်ဟု မသတ်မှတ်ပါက မည်သူ့အား သတ်မှတ်ရမည်နည်း....

All Chapters