← Chapters

နတ်သမီးလင်ယို

Vol. 56 Ch. 768

နတ်သမီးလင်ယို

Vol. 56 Ch. 768

သော်ယိုကျိတစ်ယောက် ‌ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေရင်း အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းမှာ သူတို့အတွက် ပြင်ဆင်မှုများ ပြုလုပ်ပေးထားခြင်းမရှိပေ။ ထို့ကြောင့် အစောကြီးကြို၍ ရောက်နေကြသည့် ကျင့်ကြံသူအများစုမှာ သူတို့၏ ထိုင်ခုံများပေါ်တွင်သာ ထိုင်၍ တရားထိုင်ကာ စောင့်ဆိုင်းနေကြ၏။ သော်ယိုကျိမှာမူ သူ၏ မိတ်ဆွေကျင့်ကြံသူများနှင့် သွားရောက်တွေ့ဆုံနေသည်။ ထို့နောက် သူသည် သူ၏ထိုင်ခုံဆီသို့ ပြန်မလာဘဲ အခြားနေရာတစ်ခု၌ တရားထိုင်နေ၏...

ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ ပျင်းရိနေပြီ ဖြစ်သည်။ သူသည် မကြာသေးမီတုန်းက သူ လက်ဆောင်ပေးခဲ့သည့် အမျိုးသမီးကျင့်ကြံသူ၏ ဂူဗိမာန်ဆီသို့ သွားရောက်လည်ပတ်ရန်ပင် ဆန္ဒမရှိပေ။ ကံကောင်းသည်မှာ ညီလာခံကျင်းပမည့်နေရာတွင် ဝိညာဉ်သစ်သီးများ စားမကုန်လောက်အောင် ရှိနေခြင်းပင်။ ဝမ်ပေါင်လဲ့မှာ ထိုနေရာတွင် ထိုင်စောင့်နေရသည့် နှစ်ရက်အတွင်း ဝိညာဉ်သစ်သီးအလုံးရေပေါင်း ထောင်ပေါင်းများစွာကို စားသုံးခဲ့၏။ ထို့ကြောင့် သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ မီးဖိုချောင်အဖွဲ့ထဲတွင် နာမည်ဆိုးနှင့် ကျော်ကြားနေပြီဖြစ်သည်။

နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းမှာ သူ့လောက် အစားကြူးသည့် လူမျိုးနှင့် လုံးဝမကြုံဖူးပေ။

သူ ပိုစားလေလေ မီးဖိုချောင်အဖွဲ့ထဲမှ ဂိုဏ်းသားများ အလစ်သုတ်နိုင်မည့် ကုန်ပစ္စည်းပမာဏမှာ ပို၍ လျော့နည်းလာလေလေ ဖြစ်နေသည်မဟုတ်ပါလော။ ထိုဂိုဏ်းသားများမှာ ဤ အထွေထွေညီလာခံ ကျင်းပမည့်အချိန်ကာလအား ပစ္စည်းများခိုးယူရန် အချိန်ကောင်းတစ်ခုအဖြစ် သတ်မှတ်ထားကြသည်ဖြစ်ရာ ယခုတွင် နှလုံးသားများ တဆစ်ဆစ် နာကျင်ကိုက်ခဲနေကြရပြီဖြစ်သည်။

ထို့ကြောင့်လည်း သူတို့မှာ အထွေထွေညီလာခံအား တက်ရောက်ကြမည့် ကျင့်ကြံသူများအားလုံး ရောက်ရှိလာပြီး အထွေထွညီလာခံကြီး စတင်သွားသောအခါမှ စိတ်အေးသွားကြပြီး သက်ပြင်းချနိုင်သွားကြတော့သည်။ ထိုသို့သာမဟုတ်ပါက သူတို့၏ တွက်ချက်မှုများအရဆိုလျှင် သူတို့အတွက် ထောက်ပံ့ပေးထားသည့် ကုန်ပစ္စည်းများမှာ အနှေးနှင့်အမြန် ကုန်ဆုံးသွားတော့မည်သာ ဖြစ်သည်။

သော်ယိုကျိမှာမူ အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူ၏ထိုင်ခုံသို့ ပြန်ရောက်လာရ၏။ သူသည် ဝမ်ပေါင်လဲ့၏ဘေးတွင် ထိုင်ကာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာမူ ပြုံးကာ သော်ယိုကျိအား အကဲခတ်နေ၏။ ထို့နောက် သူသည် သော်ယိုကျိအား အခက်တွေ့နေအောင် လုပ်ခြင်းမရှိဘဲ လက်ရှိတွင် ပလ္လင်ကြီး၏ ဒုတိယအဆင့်ပေါ်ဤ ထိုင်နေသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ကြီးအား လှမ်း၍ အကဲခတ်လိုက်တော့သည်။ ထိုလူကြီးမှာ အနက်ရောင်ဝတ်ရုံများ ဆင်မြန်းထားသည့် အဘိုးကြီးတစ်ယောက်ဖြစ်၏။

သူသည် ပလ္လင်ပေါ်တွင် တစ်ယောက်တည်း တင်ပျဉ်ခွေထိုင်နေပြီး သူ၏ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများကို ချုပ်တည်းထားပါသော်လည်း သူ့ဆီမှ အားကောင်းသောစွမ်းအားများ ထွက်ပေါ်နေဆဲပင်။ သို့ဖြစ်ရာ သူသည် ပေါက်ကွဲတော့မည့် မီးတောင်ကြီးတစ်လုံးကဲ့သို့ ဖြစ်နေသဖြင့် ခန်းမကြီးတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေရ၏။

" သူက ထာဝရဝိညာဉ် ထိပ်ဆုံးအဆင့်မှာ ရှိနေတာပဲ " ဝမ်ပေါင်လဲ့မှာ မှင်တက်သွားရသည်။ ဂြိုဟ်အဆင့် သို့မဟုတ် ထာဝရဝိညာဉ် ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် ကျင့်ကြံသူများသာလျှင် ဤနေရာရှိ ကျင့်ကြံသူများအားလုံးကို ကျင့်ကြံခြင်းစွမ်းအားတစ်မျိုးတည်းနှင့် ဖိနှိပ်ချုပ်တည်းနိုင်စွမ်းရှိပေသည်။ သူသည် ဂြိုဟ်အဆင့်တွင် ရှိမနေသောကြောင့် ထာဝရဝိညာဉ် ထိပ်ဆုံးအဆင့်တွင် သေချာပေါက် ရှိနေရပေမည်။

သို့ဖြစ်ရာ ထိုအဘိုးကြီး၏ အကြောင်းကို သိရှိနိုင်ရန်မှာ မခက်ခဲပေ။

" သော်ယိုကျိ။ ကျွန်တော်က အခုမှ ဒီကို ပထမဆုံးရောက်ဖူးတာဆိုတော့ သူက ဘယ်သူလဲဆိုတာ ‌ပြောပြပါလား " ဝမ်ပေါင်လဲ့မှာ ထိုင်ခုံပေါ်တွင် ဣန္ဒြေအပြည့်နှင့် ထိုင်နေသည့် သော်ယိုကျိအား လှမ်းကြည့်လိုက်ပြီးနောက် သူ့ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်သည်။

ထိုအခါ သော်ယိုကျိမှာ အနည်းငယ်ခန့် မျက်နှာရှုံ့မဲ့မဲ့ ဖြစ်သွားရ၏။ သူသည် အချိန်အကြာကြီး နှုတ်ဆိတ်နေလိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ အသံလွှင့်အကြောင်းကြားစာထဲမှ မေးခွန်းအား ပြန်ဖြေလိုက်သည်။

" အဲတာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲက ပထမအဆင့် စစ်တပ်ဖြစ်တဲ့ ရေဘဝဲစိမ်းတပ်ရင်းရဲ့ ခေါင်းဆောင်ကြီး ကူမော့ပဲ "

ဝမ်ပေါင်လဲ့မှာ ထိုအဘိုးကြီး အနည်းငယ်ခန့်ထပ်၍ လေ့လာစောင့်ကြည့်နေလိုက်ပြီးနောက် သူ၏မျက်နှာအား စိတ်ထဲ၌စွဲထင်နေအောင် မှတ်သားထားလိုက်သည်။ ထိုအချိန်တွင် ရေဘဝဲစိမ်းတပ်ရင်း ခေါင်းဆောင်ကြီး ကူမော့မှာ မျက်လုံးများ ပွင့်လာ၏။ ထိုအခါ သူတို့ရှိနေသည့် ခန်းမကြီးထဲ၌ လေပြင်းတစ်ချက်ဖြတ်၍ တိုက်ခတ်သွားပြီး လူတိုင်း၏ အသိစိတ်များထဲတွင် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာတော့သည်။

" အထွေထွေညီလာခံ စပြီ " သူ ထို ကြေညာချက်အား ထုတ်ပြန်လိုက်ပြီးနောက် ခန်းမကြီးမှာ တစ်ခဏမျှ ငြိမ်ကျသွား၏။ ထို့နောက် လူများမှာ ကြိုတင်သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း တစ်ယောက်ပြီးတစ်ယောက် အကြောင်းအရာအမျိုးမျိုးကို တင်ပြနေကြတော့သည်။ သို့သော် လူအများကြီး ရှိနေသောကြောင့် ပထမဆုံး အယောက်တစ်ထောင် စကားပြောပြီးသွားချိန်တွင် ခြောက်ရက်တိတိ ကုန်ဆုံးသွားပြီဖြစ်သည်။

ထို ခြောက်ရက်အတွင်း စကားပြောခဲ့ကြသည့် လူများထဲတွင် မကျေနပ်ချက်များ ထုတ်ဖော်ပြောကြားခဲ့သည့်လူများ ပါသလို အသနားခံစာများ တင်ပြခဲ့သည့် လူများလည်း ပါသည်။ ကူမော့မှာ ထိုတင်ပြချက်များအားလုံးကို နားထောင်ခဲ့ပြီး သင့်တင့်လျောက်ပတ်သည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့၏။

ဝမ်ပေါင်လဲ့မှာ အစပိုင်းတွင် စိတ်ဝင်တစားနှင့် လိုက်၍ နားထောင်နေခဲ့ပါသော်လည်း တဖြည်းဖြည်းနှင့် ပျင်းရိလာတော့သည်။ သူ့ဆီသို့ ဝိညာဉ်သစ်သီးများ ယူဆောင်လာပေးရန် တာဝန်ယူထားရသည့် ဂိုဏ်းသားမှာဆိုလျှင် သူ ထိုသစ်သီးများအား ပြန်စားနေပြီဖြစ်ကြောင်း သိလိုက်ရသောအခါ သူ၏နောက်တွင် ရင်တထိတ်ထိတ်နှင့် ရပ်နေရတော့သည်။

ဝမ်ပေါင်လဲ့မှာ လွန်ခဲ့သည့်ခြောက်ရက်အတွင်းတွင် ဝိညာဉ်သစ်သီး အလုံးရေ နှစ်ထောင်ကျော်ခန့် စားသုံးခဲ့၏။ ‌ခြောက်ရက်တိတိ ကုန်ဆုံးသွားပြီးနောက် ဒုတိယအဆင့် စစ်တပ်၏ ခေါင်းဆောင်ကြီးမှာ ကူမော့နေရာသို့ အစားထိုးဝင်ရောက်လာပြီး ညီလာခံအား ဆက်လက်ကြီးမှူးကျင်းပပေးလိုက်သည်။ ဝမ်ပေါင်လဲ့မှာမူ အခြားသူများ၏ တင်ပြချက်များကို အာရုံမစိုက်နိုင်တော့သောကြောင့် သစ်သီးများကိုသာ ဆက်လက် စားသုံးနေလိုက်တော့သည်။ ထို့နောက် တတိယအဆင့်စစ်တပ် ခေါင်းဆောင်ကြီးမှ နဝမအဆင့်စစ်တပ် ခေါင်းဆောင်ကြီးအထိ တစ်ယောက်ပြီးတစ်ယောက် ဆက်လက်ပေါ်ပေါက်လာကြပြီး သဘာပတိတာဝန်အား လွှဲပြောင်းယူခဲ့ကြသည်။ သူတို့အားလုံး ပြီးစီးသွားချိန်တွင် ရက်နှစ်ဆယ်ကျော် ကုန်ဆုံးသွားပြီဖြစ်သည်။ ထိုအတောအတွင်းတွင် ဝမ်ပေါင်လဲ့မှာ ဝိညာဉ်သစ်သီး အလုံးရေ သုံးသောင်းနီးပါးခန့် ကုန်အောင်စားခဲ့၏။ ထို့အပြင် သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ အစွမ်းကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသေးသည်။ ပထမဆုံးစစ်တပ်ခြောက်ခု၏ ခေါင်းဆောင်ကြီးများအားလုံးမှာ ထာဝရဝိညာဉ်အဆင့်တွင် ရှိနေကြ၏။

သတ္တမအဆင့်စစ်တပ်မှ နောက်ပိုင်းအဆင့်စစ်တပ်များ၏ ခေါင်းဆောင်ကြီးများမှာမူ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့်တွင် ရှိနေကြသည်။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ မီးဖိုချောင်အဖွဲ့မှ ဂိုဏ်းသားများ ရူးသွပ်လုမတတ် ခံစားနေရစဉ်မှာပင် ဒဿမအဆင့်စစ်တပ်၏ ခေါင်းဆောင်ကြီး ပေါ်ပေါက်လာတော့သည်။

သူမသည် ဂိုဏ်းထဲရှိ ထိပ်ဆုံးစစ်တပ် ဆယ်ခုထဲမှ တစ်ဦးတည်းသော အမျိုးသမီးခေါင်းဆောင်ကြီး ဖြစ်ပေသည်။ သူမ၏ အနက်ရောင်ချပ်ဝတ်တန်ဆာကြီး၏ အောက်တွင် စွဲမက်ဖွယ်ရာ ကိုယ်လုံးကိုယ်ပေါက်နှင့် တုနှိုင်းမဲ့လောက်အောင် ချောမောလှပသည့် မျက်နှာတစ်ခု ရှိနေ၏။ ထိုခေါင်းဆောင်ကြီးမှာ ရေခဲတမျှ အေးစက်နေသည့် အငွေ့အသက်များကို ထုတ်လွှတ်နေပြီး လေမုန်တိုင်းကြီးတစ်ခုကဲ့သို့ ပုရိသအားလုံး၏ အာရုံကို ဖမ်းစားထားသည်။

သူမ၏ အငွေ့အသက်များမှာ ထာဝရဝိညာဉ်အဆင့် ခေါင်းဆောင်ကြီးများကို မယှဉ်နိုင်ပါသော်လည်း အခြား ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးများအားလုံးထက် ပို၍ အားကောင်းနေ၏။ သူမ၏ အလှတရားကြောင့် လူတိုင်းမှာ မျက်ဝန်းများ အရောင်တောက်ပသွားရသည်သာ ဖြစ်သည်။ သို့သော် သူတို့၏ စိတ်နှလုံးများထဲ၌ လွဲမှားသည့် ဒုစရိုက်အတွေးများ ပေါ်ပေါက်လာကြသည့်တိုင်အောင် မည်သူကမှ ထိုအမျိုးသမီးကျင့်ကြံသူအား ပေါ်ပေါ်ထင်ထင် မကြည့်ရဲကြပေ။

" ယိုကျိ သူက ဘယ်သူလဲ " ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် မျက်လုံးများ မှေးသွား၏။ သူမသည် သူ ညီလာခံကျင်းပရာ အဆောက်အဦ၏ အပြင်ဘက်တွင် ရှိနေခဲ့စဉ်တုန်းက လှမ်းမြင်လိုက်ရသည့် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူ ဖြစ်ပေသည်။ သူမ၏ ရောက်ရှိလာမှုကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ထဲ၌ မေးခွန်းမျိုးစုံ ပေါ်ပေါက်လာရ၏။ သူမ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် သူမ၏ လက်အောက်ရှိ စစ်တပ်မှာ ဂိုဏ်းထဲ၌ ဒဿမအဆင့်တွင်သာ ရှိနေစရာ အကြောင်းမရှိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သော်ယိုကျိအား အသံလွှင့်အကြောင်းကြားစာတစ်စောင်ပေးပို့ကာ မေးမြန်းလိုက်ရခြင်းဖြစ်သည်။

ထိုအခါ သော်ယိုကျိမှာ တစ်ခဏမျှ ငြိမ်ကျသွားရပြန်သည်။ သူသည် လွန်ခဲ့သည့် ဆယ်ရက်ဝန်းကျင်ခန့်တုန်းက ဝမ်ပေါင်လဲ့ သူ့အား ပေးခဲ့သည့် နာမည်ပြောင်အသစ်အား လုံးဝ မနှစ်မျို့ပေ။ သို့သော် သူသည် အခြားရွေးချယ်စရာမရှိသဖြင့် ဝမ်ပေါင်လဲ့၏ မေးခွန်းအား တရိုတသေနှင့် ပြန်ဖြေလိုက်ရဆဲပင်။

" သူက နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲက ဒဿမအဆင့် စစ်တပ်ဖြစ်တဲ့ ရေခဲဖီးနစ်ငှက်တပ်ရင်းရဲ့ ခေါင်းဆောင်ကြီးပါ။ သူ့ရဲ့နာမည်က... နတ်သမီးလင်ယိုတဲ့။ သူက ထာဝရဝိညာဉ်အဆင့်ကို ရောက်တာ သိပ်မကြာသေးတာမလို့ စစ်တပ်အရည်အချင်းစမ်းသပ်ပွဲထဲမှာ ဝင်မပြိုင်ရသေးဘဲ ဒီကို ရောက်လာခဲ့တာ။ တကယ်လို့ သူသာ အဲဒီပြိုင်ပွဲထဲမှာ ဝင်ပြိုင်ပြီးသွားပြီဆိုရင် အနည်းဆုံး သတ္တမအဆင့်စစ်တပ်ရဲ့ ခေါင်းဆောင်ကြီး ဖြစ်သွားလောက်တယ်။ ဂိုဏ်းထဲမှာဆိုရင် အဲဒီရာထူးက တော်တော်လေးကို မြင့်ပါတယ် "

" ဘယ်ဆိုးလို့လဲ။ သူ့မှာ တာအိုလက်တွဲဖော် ရှိလား " ဝမ်ပေါင်လဲ့မှာ မျက်စိ ပေကလပ်ပေကလပ်နှင့် ထပ်မေးလိုက်သည်။ သူ၏ ရုပ်ရည်မျိုးနှင့်သာဆိုလျှင် သူသည် သူမအား မြူဆွယ်ကာ အခွင့်အရေး လမ်းကြောင်းသစ်များ ဖောက်နိုင်လိမ့်မည်ဟု ယုံကြည်နေ၏။ ထို့အပြင် သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ အစွမ်းကြောင့်လည်း အံ့အားသင့်နေရသည်။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ သတ္တမအဆင့် စစ်တပ်ခေါင်းဆောင်ကြီးမှာ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့်တွင်သာ ရှိနေသေးသည်မဟုတ်ပါလော။ သို့ဖြစ်ရာ နှိုင်းယှဉ်ကြည့်လိုက်ပါက နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းမှာ ပို၍အစွမ်းထက်နေရသည်ဟု ထင်ရပေသည်။ သို့သော် ထိုဂိုဏ်းနှစ်ဂိုဏ်းလုံးမှာ တန်းတူရည်တူရှိကြသည်ဟု လူအများက သတ်မှတ်ထားကြသည်ဖြစ်ရာ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းမှာ ဝမ်ပေါင်လဲ့ သိရှိထားခြင်းမရှိသော လျှို့ဝှက်အစွမ်းများကို ပိုင်ဆိုင်ထားရပေမည်။

သော်ယိုကျိမှာ ဝမ်ပေါင်လဲ့၏ မေးခွန်းအား ကြားလိုက်ရသောအခါ သူ့ဘက်သို့ လှည့်ကြည့်မိလိုက်၏။ သူသည် ဝမ်ပေါင်လဲ့အား မသိမသာ အကဲခတ်လိုက်ပြီးနောက် အနည်းငယ်ခန့် စိတ်အေးသွားရတော့သည်။ ထို့နောက် သူသည် အသံလွှင့်အကြောင်းကြားစာမှတစ်ဆင့် ပြန်ဖြေလိုက်၏။

" မရှိပါဘူး။ တာအိုရောင်းရင်းလုံနန်ကျစ် ကံကောင်းပါစေဗျာ "

ဝမ်ပေါင်လဲ့မှာမူ သော်ယိုကျိ၏ မျက်ဝန်းများထဲမှ မနာလိုမှု အရိပ်အယောင်များကို လျစ်လျူရှုလိုက်ပြီး သဘာပတိတာဝန်အား ထမ်းဆောင်နေသည့် နတ်သမီးလင်ယိုအား အကဲခတ်နေလိုက်တော့သည်။ သူသည် သူမအား ထိုသို့အကဲခတ်ရင်း သူ၏အစီအစဉ်မှာ‌ သေချာပေါက် အောင်မြင်သွားလိမ့်မည်ဟု ပို၍ ယုံကြည်လာ၏။ သို့သော်ငြားလည်း သူသည် ထိုအစီအစဉ်အတိုင်း ဆောင်ရွက်ရန် လက်တွန့်နေရဆဲပင်။

" ဝမ်ပေါင်လဲ့ဆိုတဲ့ငါက ကိုယ်ကျင့်တရားနဲ့ ပြည့်စုံပြီး ရိုးသားဖြောင့်မတ်တဲ့ လူတစ်ယောက်လေ။ ငါ လိပ်ပြာသန့်သန့်နဲ့ မဖောက်နိုင်တဲ့ ကျင့်ဝတ်တွေ ရှိသေးတယ်။ တကယ်လို့ နတ်သမီးလင်ယိုက ငါ့ရဲ့ ရုပ်ရည်ကို စွဲလမ်းသွားပြီး ငါမှငါ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် အရဲမစွန့်ရန် ဆုံးဖြတ်လိုက်တော့သည်။ မီးဖိုချောင်အဖွဲ့မှ ဂိုဏ်းသားများမှာမူ ဝမ်ပေါင်လဲ့တစ်ယောက် နောက်ထပ် ဝိညာဉ်သစ်သီးတစ်လုံးအား လှမ်းယူကာ မြိန်ရေယှက်ရေ စားသုံးနေသည့် မြင်ကွင်းအား ရင်နာနာနှင့် ကြည့်နေရဆဲပင်...

ထိုသို့ဖြင့် ငါးရက်တိတိ ဆုံးသွားပြန်သည်။ နတ်သမီးလင်းယို သဘာပတိအဖြစ် ဆောင်ရွက်ပြီးသွားသောအခါ ထိပ်ဆုံးအဆင့် စစ်တပ်ဆယ်ခုမှ ခေါင်းဆောင်ကြီးများမှာ ကောင်းကင်ပေါ်မှ ဆင်းသက်လာကြပြီး ပလ္လင်ကြီး၏ ဒုတိယအဆင့်နှင့် တတိယအဆင့်တို့ပေါ်တွင် အသီးသီး နေရာယူလိုက်ကြသည်။ ထိုအချိန်တွင် ညီလာခံကျင်းပရာ အဆောက်အဦကြီးတစ်ခုလုံးမှာ လုံးဝ ငြိမ်သက်သွားကြပြီး လူတိုင်းမှာ မတ်တတ်ထလာကြ၏။ ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။

ပထမဆုံး စစ်တပ်လေးခု၏ ခေါင်းဆောင်ကြီးများမှာ ပလ္လင်ကြီး၏ ဒုတိယအဆင့်ပေါ်တွင် ရပ်နေကြပြီး ကျန်စစ်တပ်ခြောက်ခု၏ ခေါင်းဆောင်ကြီးများမှာ တတိယအဆင့်ပေါ်တွင် ရပ်နေကြသည်။ သူတို့ထဲမှ ခုနစ်ယောက်မှာ ထာဝရဝိညာဉ်အဆင့်တွင် ရှိနေကြပြီး သုံးယောက်မှာ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့်တွင် ရှိနေကြ၏။ လူတိုင်းမှာ တိတ်ဆိတ်ငြိမ်သက်နေကြသည်။ ထိုအချိန်တွင် ပထမအဆင့်စစ်တပ်ခေါင်းဆောင်ကြီး ကူမော့မှာ ရုတ်ခြည်းဆိုသလို ဂါရဝပြုလိုက်သဖြင့် သူ၏ စကားသံကြီးမှာ ခန်းမကြီးထဲ၌ မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားသည်။

" မင်္ဂလာပါ ခေါင်းဆောင်ကြီးခဗျား "

ခန်းမထဲရှိ ကျင့်ကြံသူတိုင်းမှာ ထိုစကားသံကြီးကြောင့် မှင်တက်သွားကြသည်။ ထို့နောက် သူတို့မှာလည်း ခန်းမကြီး၏ အလယ်ရှိ ပလ္လင်ကြီး ရှိရာဘက်သို့ ချက်ချင်းဆိုသလိုပင် ဦးညွှတ်ကာ ဂါရဝပြု နှုတ်ခွန်းဆက်သလိုက်ကြ၏။

" မင်္ဂလာပါ ခေါင်းဆောင်ကြီးခဗျား "

ကူမော့၊ နတ်သမီးလင်ယိုနှင့် ထိပ်ဆုံးအဆင့် စစ်တပ်ဆယ်ခုမှ အခြားခေါင်းဆောင်ကြီးများမှာလည်း ဦးညွှတ်လိုက်ကြ၏။ ထိုအချိန်တွင် မြေပြင်ကြီးမှာ တုန်ရီသွားပြီ ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်လောက်အောင် အားကောင်းသော အငွေ့အသက်ကြီးတစ်ခုမှာ ပလ္လင်ကြီးပေါ်သို့ ဆင်းသက်လာတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း မှင်တက်နေရပြီ ဖြစ်သည်။ သူသည် ယခင်တုန်းက ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ကြုံဖူးထားပြီးသား ဖြစ်သည့်တိုင်အောင် ယခုမှ ရောက်ရှိလာသည့် အငွေ့အသက်ကြီးကြောင့် အံ့သြတုန်လှုပ်သွားရဆဲပင်။ သူသည် မနည်းကြိုးစားကာ ခေါင်းမော့ကြည့်လိုက်သောအခါ ဟင်းလင်းပြင်ကြီးထဲ၌ အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာသည်ကို လှမ်းမြင်လိုက်ရ၏။ ထို အက်ကွဲကြောင်းကြီးမှာ ပလ္လင်ကြီး၏ ထိပ်ဆုံးအဆင့်အထက်တွင် ရစ်ဝဲနေပြီး စူးရှတောက်ပသော အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေသည်။

ထိုအချိန်တွင် ရောင်စုံဝတ်ရုံများကို ဆင်မြန်းထားပြီး ‌မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ပွင့်ကို ပိုင်ဆိုင်ထားသော သက်လတ်ပိုင်း လူကြီးတစ်ယောက်မှာ ထိုအက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာသည်။ ထိုအခါ နတ်ဘုရားတစ်ပါး လူ့လောကထဲသို့ ဆင်းသက်လာသကဲ့သို့ပင်။ သူ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်းမှာ ခေါင်းများ ထူပူသွားကြ၏။

ဝမ်ပေါင်လဲ့မှာလည်း အသက်ရှူသံများ မြန်ဆန်လာရ၏။ သူသည် ထိုလူကြီးအား တစ်ချက်သာ ကြည့်မိလိုက်ပါသော်လည်း မျက်လုံးများ တဆစ်ဆစ် နာကျင်ကိုက်ခဲသွားရသည်။ ထိုလူကြီးဆီမှ ထွက်ပေါ်နေသည့် အလင်းရောင်များမှာ အသွားထက် ဓားများကဲ့သို့ပင်။

ဝမ်ပေါင်လဲ့မှာ သာမန်လူတစ်ယောက် မဟုတ်သောကြောင့် မျက်လုံးများ နာကျင်လာရသဖြင့် သူ၏အကြည့်အား ပြန်လည်ရုပ်သိမ်းလိုက်ရသည့်တိုင်အောင် ထို ဂြိုဟ်အဆင့် ခေါင်းဆောင်ကြီး ထွက်ပေါ်လာသည့် အက်ကွဲကြောင်းကြီး၏ အခြားတစ်ဖက်တွင်ရှိနေသော အရာအား လှမ်းမြင်လိုက်ရဆဲပင်။ ၎င်းမှာ ကြီးမားကျယ်ပြန့်သော စကြဝဠာကြီး ဖြစ်ပြီး ထိုနေရာရှိ ဂြိုဟ်ကြီးတစ်လုံးမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပသည့် အလင်းရောင်များကို ထုတ်လွှတ်နေသည်။

ဝမ်ပေါင်လဲ့မှာ ထိုဂြိုဟ်ကြီးအား မြင်လိုက်ရသောအခါ အမှောင်ဂိုဏ်း၏ ရှေးဟောင်းမှတ်တမ်းများထဲ၌ သူ ‌လေ့လာခဲ့ဖူးသည့် ဂြိုဟ်အဆင့်သို့ တက်လှမ်းနိုင်သည့် နည်းလမ်းများနှင့် ပတ်သက်သော အချက်အလက်များမှာ သူ၏ခေါင်းထဲတွင် ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာတော့သည်။ ဂြိုဟ်အဆင့်သို့ ရောက်ရှိလိုပါက... ဂြိုဟ်တစ်လုံးနှင့် တစ်သားတည်း ပေါင်းစည်းမှ ရမည်ဖြစ်သည်။ ထိုသို့ ပေါင်းစည်းပြီးသွားလျှင် ထိုဂြိုဟ်မှာ ကျင့်ကြံသူအဖြစ်သို့ ရောက်ရှိသွားပြီး ထိုကျင့်ကြံသူမှာလည်း ဂြိုဟ်အဖြစ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

ထို့နောက် ထိုဂြိုဟ်မှာ စကြဝဠာကြီးထဲမှ လုံးဝပျောက်ကွယ်သွားပြီး ထိုကျင့်ကြံသူ၏ အသိစိတ်ထဲတွင်သာ ရှိနေတော့မည် ဖြစ်သည်။

ထို့ကြောင့် ကျင့်ကြံသူများနှင့် ပေါင်းစည်းသည့် ဂြိုဟ်မှာ အရွယ်အစားပိုကြီးကာ ပို၍ တမူထူးခြားလေလေ ထိုကျင့်ကြံသူမှာ ပို၍ အစွမ်းထက်လာလေလေ ဖြစ်နေမည် ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော ဂြိုဟ်များမှာ အလွန်အင်မတန်မှ ရှားပါး၏။ ထို့အပြင် ရှိနေသည့် ဂြိုဟ်များကိုလည်း အစွမ်းထက် ကျင့်ကြံသူများက သူတို့၏ မျိုးဆက်များအတွက် မောင်ပိုင်စီးထားကြပြီးသား ဖြစ်သည်။

ဝမ်ပေါင်လဲ့တစ်ယောက် အတွေးများထဲ၌ နစ်မျောနေစဉ် သူတို့၏ ပတ်ပတ်လည်ရှိ ဖိနှိပ်အားများမှာ ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွား၏။ သက်လတ်ပိုင်း လူကြီးတစ်ယောက်မှာမူ ထိုအက်ကွဲကြောင်းကြီးထဲမှ ထွက်လာပြီး ပလ္လင်ကြီး၏ ထိပ်ဆုံးအဆင့်တွင် ထိုင်နေပြီဖြစ်သည်။ ထို့နောက် ထိုအက်ကွဲကြောင်းကြီးမှာ ပြန်ပိတ်သွားပြီး အလင်းရောင်များ ထုတ်လွှတ်နေသည် အပေါက်ကျဉ်းလေးတစ်ပေါက်အသွင် ပြောင်းလဲသွားသည်။ ၎င်းမှာ မြွေတစ်ကောင်၏ သူငယ်အိမ်နှင့် တူနေ၏။

" မင်္ဂလာပါ ခေါင်းဆောင်ကြီးခဗျား " ကူမော့မှာ ထပ်၍ ဂါရဝပြုလိုက်ပြန်သည်။ လူတိုင်းမှာလည်း သူ့အတိုင်းလိုက်၍ ဂါရဝပြုလိုက်ကြသောကြောင့် ခန်းမကြီးထဲတွင် သူတို့၏ အော်ဟစ်သံများမှာ ပဲ့တင်ထပ်သွားတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားပြီး အသံကုန် အော်ဟစ်လိုက်၏။

" မင်္ဂလာပါ ခေါင်းဆောင်ကြီးခဗျား။ ခေါင်းဆောင်ကြီး အသက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီး ကြံဆောင်သမျှ အစီအစဉ်တိုင်း အောင်မြင်နိုင်ပါစေ။ လောကသုံးပါးကို အုပ်ချုပ်နိုင်ပြီးတော့ အရပ်ရှစ်မျက်နှာက သက်ရှိတိုင်း ခေါင်းဆောင်ကြီးရဲ့ ဖဝါးမှာ လာပြီးတော့ ခစားကြပါစေ။ သံသရာဝဋ်ဆင်းရဲကနေ လွတ်မြောက်ပြီး အခက်အခဲတွေ အားလုံးကိုလည်း အတားအဆီးမရှိ ကျော်လွှားနိုင်ပါစေ။ ထာဝရကြယ်အဆင့်ကိုလည်း ခြေလှမ်းဆယ်လှမ်းတည်းနဲ့ တက်လှမ်းနိုင်ပါစေ "

All Chapters