အခန်း(၉၄) နင့်လက်ကို ကိုင်ထားချင်လို့ ခဏငှားလို့ရမလား
Vol. 7 Ch. 94
အခန်း(၉၄) နင့်လက်ကို ကိုင်ထားချင်လို့ ခဏငှားလို့ရမလား
လင်းဖန် အရသာရှိသော တုတ်ထိုးများကို ကင်ပြီးနောက် အားလုံးမနေနိုင်ဘဲ အံ့သြသွားကြပါသည်။
အနံ့နဲ့တင် အားလုံးကို စိတ်မရှည်ဖြစ်လာစေသည်။
ထို့နောက်... သူတို့ စတင်ပြီး စားသောက်ကြပါသည်။
ပထမတစ်ကိုက်လောက် ကိုက်ပြီးနောက်တွင် ဒါရိုက်တာ လင်းဟုန်၏ မျက်လုံးများ ဝိုင်းစက်သွား၏။
ခပ်မြန်မြန်ပဲ သိုးသားတုန်ထိုးကို အကုန်စားလိုက်ပါသည်။
"တကယ်ကောင်းတာပဲ လခွမ်း ဒီလောက်အရသာရှိတဲ့ သိုးသားတုတ်ထိုး စားဖူးတာ ဒါပထမဆုံးပဲ။ ဒီလောက် အရသာရှိတဲ့ သိုးသားကင်ဆိုတာ ရှိနိုင်ပါ့မလား။" လင်းဟုန်က နောက်ထပ် တုတ်ထိုးတစ်ချောင်းကို ယူလိုက်ပါသည်။
တခြားသူများလည်း အံ့အားသင့်နေကြပါသည်။ သူတို့ ကုန်းမြေတိုက်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားကြသလိုပင်။
အကင်တစ်ခုကတောင် စားပွဲတော်ကြီးတစ်ခုလို ခံစားရစေသည်။
"အံ့သြစရာပဲ။ ဒီရှိတာကဲမှိုက တကယ်အရသာရှိတယ်။ ငရုတ်သီးမှုန့်နည်းနည်း ထည့်လိုက်ရင် ဒီရှိတာကဲမှိုတုတ်ထိုးကို ဘာမှ မယှဥ်နိုင်တော့ဘူး။"
"ထိုကြက်သားကင်ကိုကြည့်ရင်းနဲ့ ခံစားချက်က ပုံမှန်မဟုတ်ဘူး။ စားဖိုမှူးတစ်ယောက် ချက်တာထက်တောင် ပိုကောင်းနေသေးတယ်။"
"လင်းဖန် မင်းဖွင့်ထားတဲ့ စားသောက်ဆိုင်က ဘယ်နားမှာလဲ၊ ဒီလောက်အရသာရှိတဲ့ အစားအသောက်တွေကို လာစားမှဖြစ်မယ်။"
နာမည်ကျော်များစွာက သူ့ကို ချီးကျူးနေကြပါသည်။
တခြားနည်းလမ်း မရှိပါ။ လင်းဖန်၏ စားသောက်ပွဲက ဆွဲဆောင်မှုရှိလွန်းနေပါသည်။ ရှုယန်၊ လင်းကျင်းကျင်း၊ စုရှောင်းယွီနဲ့ ရှားဝမ်ချွေ့တို့သာ အသားကျနေကြပြီးသား ဖြစ်ပါသည်။ သူတို့လေးယောက်သား အကင်ကို တိုးတိုးတိတ်တိတ် စားနေကြသည်။ သူတို့ ဝလာနိုင်သော်လည်း စိတ်မထိန်းနိုင်ဘဲ စားမိပါသည်။
အကင်စားပြီးနောက် နာမည်ကျော်တချို့က လင်းဖန်ရှေ့တွင် လာရပ်ပြီး လက်ဆွဲနှုတ်ဆက်ကြပါသည်။
"လင်းဖန် ငါက လီထျန်းထျန်းပါ။ ငါလည်း သရုပ်ဆောင်တစ်ယောက်ပါ။ နောက်တစ်ခေါက် ဇာတ်ညွှန်းရေးပြီးရင် ငါ့ကို အသိပေးနော်။ ငါ မင်းရေးထားတဲ့ ဇာတ်ညွှန်းထဲမှာ သရုပ်ဆောင်ချင်လို့ပါ။”
"ဟယ်လို လင်းဖန် ကျွန်မက ဝမ်လင်းယွင်ပါ။ ကျွန်မလည်း ပုံမှန်ဆို သရုပ်ဆောင်ပါတယ်။ ရှင်ရေးတဲ့ ဇာတ်ညွှန်းက အရမ်းကောင်းပြီး တစ်ပိုင်းကို ၄၀၀,၀၀၀ ယွမ်နဲ့တောင် ရောင်းရခဲ့တယ်လို့ကြားမိတယ်။ အခု ကျွန်မတို့ ဘဝရဲ့ပျော်ရွှင်မှု ထွက်လာမယ့်အချိန်ကိုပဲ စောင့်နေကြတာ။ ရှင်က ခေါင်းဆောင်မင်းသားလို့ ကြားတယ်။ ကျွန်မ တကယ်မျှော်လင့်နေပါတယ်။"
"ဟယ်လို လင်းဖန် ကျွန်တော့်ကို ထွမ်းထွမ်းလို့ပဲ ခေါ်ပါ။ ကျွန်တော်က တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သူတစ်ယောက်ပါ။ အခွင့်အရေးရမယ်ဆို ကျွန်တော်နဲ့အတူ တစ်ခါလောက်လာပြီး တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးပါလား။ တစ်ခါလောက်ဆို အဆင်ပြေပါပြီ။"
"ဟယ်လို လင်းဖန် ကျွန်တော်က လျို့ယွီပါ။ နောက်ပိုင်း အခွင့်အရေးရလာခဲ့ရင် အလုပ်တူတူ တွဲလုပ်ကြရအောင်" လူများစွာက လင်းဖန်ကို ဝိုင်းရံလာပါသည်။ သူတို့အားလုံး ယွဲ့ဟွာတွင် လင်းဖန်၏ အဆင့်အတန်းကို သိကြပါသည်။
ဘာပဲဖြစ်ဖြစ် လင်းဖန်က ထိပ်တန်းဇာတ်ညွှန်းစရာဖြစ်ကာ ဘဝရဲ့ပျော်ရွှင်မှု၏ ခေါင်းဆောင်မင်းသားလည်း ဖြစ်ပါသည်။
ဒီဒရမ်မာ ရေပန်းစားလာနိုင်သည်ဖြစ်စေ မဖြစ်စေ ယွဲ့ဟွာက လင်းဖန်ကို ဘယ်လောက်တန်ဖိုးထားသလဲဆိုတာကို ကြည့်ရုံနဲ့တင် ထိုနာမည်ကျော်များ လင်းဖန်နဲ့ မိတ်ဆွေဖြစ်လာစေဖို့ လုံလောက်ပါသည်။
အနုပညာလောကတွင် မိတ်ဆွေဖွဲ့တာ အသုံးသိပ်မဝင်သော်လည်း ရန်သူတစ်ယောက် ရှိတာထက်တော့ ပိုကောင်းပါသည်။
ထို့အပြင် လင်းဖန်က အလွန်ချောမောသည်။ ချောမောသည့် လူများက အနုပညာလောကတွင် ကောင်းကောင်းတိုးတက်တတ်ကြသည်။
ထိုနာမည်ကျော်များ အားလုံးက ထက်မြက်ကြပြီး ချက်ချင်းပဲ လင်းဖန်နဲ့ ဆက်နွယ်နိုင်ဖို့ ကြိုးစားကြပါသည်။
သူမနဲ့အတူတူ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ဖို့ ဖိတ်ခေါ်သည့် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သူ ထွမ်းထွမ်းကိုတော့ လင်းဖန် ခေါင်းခါပြလိုက်ပါသည်။ သူ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ဖို့ ရည်ရွယ်ချက် မရှိသေးပါ။
သူသာ တကယ် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်လိုပါက ကိုယ်တိုင်ပဲလုပ်ပါမည်။ ပရိသတ်ပေးသည့် ပိုက်ဆံကလည်း သူ့အကောင့်ထဲပဲ ရောက်လာမည် ဖြစ်သည်။
ညစာစားပြီးနောက် လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ ကမ်းခြေဘေးတွင် လမ်းလျှောက်ကြပါသည်။ ကမ်းခြေက စည်ကားဆဲပင်။ လူများစွာ ရှိနေကြသည်။ အေးမြသည့် လရောင်က ပင်လယ်ပြင်ပေါ်တွင် ရောင်ပြန်ဟပ်နေပြီး လှိုင်းများကလည်း ရိုက်ခတ်နေသည်။ ရှားဝမ်ချွေ့ ချမ်းလာပါသည်။
"နောက်ပိုင်း အပြင်ထွက်တဲ့အခါကျရင် အဝတ်အစားတွေပိုထည့်လာခဲ့ ကြားလား။" လင်းဖန်က ပြုံးလိုက်ပြီး သူ့အနွေးထည်ကို ချွတ်ကာ ရှားဝမ်ချွေ့ကို ခြုံပေးလိုက်ပါသည်။
ရှားဝမ်ချွေ့က သူမ၏ လှပသောမျက်လုံးလေးများဖြင့် လင်းဖန်ကိုမော့ကြည့်လိုက်ပါသည်။ နူးညံ့စွာဖြင့် ခေါင်းငြိမ့်လိုက်ကာ ပြောလိုက်သည်။ "ငါသိပါတယ် လင်းဖန်။ နင် အရင်ကနဲ့ မတူတော့ဘူး။ အခု ပိုပြီး ကြမ်းတမ်းလာတယ်။ ကြောင်တစ်ကောင်ထက်တောင် ပိုကြမ်းလာတယ်။"
"ငါက အဲ့လောက်ကြမ်းလို့လား။" လင်းဖန်က ပြုံးလိုက်သည်။
"ဟုတ်တယ်။ အရမ်းကြမ်းတယ်။" ရှားဝမ်ချွေ့က ကြမ်းချင်ယောင်ဆောင်သော အမူအယာလေး လုပ်ပြလိုက်ပါသည်။
"ဒီရက်ပိုင်းထဲ နောက်ဆက်တွဲ ထုတ်လုပ်မှု အခြေအနေတွေ ဘယ်လိုရှိလဲ။” ရှားဝမ်ချွေ့က မေးလိုက်ပါသည်။ လင်းဖန်က လွန်ခဲ့သည့် ၂ ပတ်လုံးလုံး နောက်ဆက်တွဲ ထုတ်လုပ်ရေး ကိစ္စများနဲ့သာ အလုပ်များနေခဲ့သည်။ "အဆင်ပြေပါတယ်။ ငါတို့ ဘဝရဲ့ပျော်ရွှင်မှု ထွက်လာမယ့်အချိန်ကိုပဲ စောင့်ဖို့ လိုတော့တယ်။ အနှစ်ချုပ် တည်းဖြတ်ရေးနဲ့ ဂီတပိုင်းတွေ အကုန်လုံးကို ကောင်းကောင်းမွန်မွန် ဖန်တီးထားတယ်။ ခေါင်းဆောင်မင်းသားရဲ့ ထူးချွန်တဲ့သရုပ်ဆောင်စွမ်းရည်နဲ့ ပေါင်းလိုက်ရင်တော့..." လင်းဖန်က ပြုံးလိုက်ပါသည်။
ရှားဝမ်ချွေ့က လင်းဖန်ကိုကြည့်လိုက်ပါသည်။ "ဟွန်း ဘဝင်မြင့်တဲ့ကောင်။ ဒါပေမယ့် နောက်ဆက်တွဲ ထုတ်လုပ်ရေးတွေက အရမ်းရှုပ်ထွေးတယ်။ နင် ဒီရက်ပိုင်းထဲ ကေင်းကောင်းကော အိပ်ရရဲ့လား။"
လင်းဖန်က ခေါင်းခါလိုက်ပါသည်။ "မအိပ်ရဘူး။ ငါမနက် ၇နာရီကနေ ည ၁၁ နာရီအထိ အလုပ်လုပ်ရတယ်။ ငါ အိပ်တာ မအိပ်တာ အရေးမကြီးပါဘူး။ အရေးအကြီးဆုံးက ဒီရုပ်သံစီးရီးကို ပြီးမြောက်အောင်လုပ်ဖို့ပဲ။ ဒါက ငါတို့နှစ်ယောက် အတူတူ ရိုက်တဲ့ ပထမဆုံး ရုပ်သံစီးရီးဖြစ်ပြီး ပထမဆုံးအချစ်ရေး ဇာတ်ဝင်ခန်းလည်း ပါတယ်။ ငါနာမည်ကြီးတာ မကြီးတာ အရေးမကြီးဘူး။ အရေးကြီးတာက နင်ရေပန်းစားလာဖို့ပဲ။ ဒါမှ နင့်ကို နောက်ဆို ဘယ်သူမှ အနိုင်မကျင့်ရဲတော့မှာလေ။"
"နောက်ကို နင်နဲ့အိပ်ချင်သေးတဲ့ ရင်းနှီးမြှုပ်နှံသူတွေရှိရင် ငါအလွတ်မပေးဘူး။” လင်းဖန်က ပြောလိုက်ပါသည်။ သူက အေးအေးဆေးဆေး သူဌေးတစ်ယောက်ဘဝဖြင့် အိမ်ငှားခကောက်ရင်း နေနိုင်ပါသည်။ သို့သော် ရှားဝမ်ချွေ့အတွက်နဲ့ အနုပညာလောကထဲ ဝင်လာခဲ့ခြင်း ဖြစ်သည်။
ဇာတ်ညွှန်းရေးသားခြင်းမှ ရိုက်ကူးရေး ဒါရိုက်တာအဖြစ်၊ ဇာတ်ညွှန်းကို သရုပ်ဆောင်ခြင်းမှ နောက်ဆက်တွဲ ထုတ်လုပ်ရေးနဲ့ အသံသွင်းခြင်းအထိ လင်းဖန်မှာ အတော်လေး ဒီရုပ်သံဒရမ်မာကို တာဝန်ယူထားပါသည်။
ရှားဝမ်ချွေ့၏ ရေပန်းစားမှုကို တိုးမြင့်လာစေဖို့ ဒီရုပ်သံဒရမ်မာကို နာမည်ကြီးလာစေချင်သောကြောင့် ဖြစ်ပါသည်။
ထိုအခါမှ သူမ အနုပညာလောကတွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်မည် ဖြစ်သည်။ ထိုရင်းနှီးမြှုပ်နှံသူများက သူမနဲ့ အိပ်ဖို့ မပြောနဲ့ အနိုင်ကျင့်ဖို့တောင် မလုပ်ရဲကြလောက်တော့ပါ။
ရှားဝမ်ချွေ့က လင်းဖန်ကို လှပသောမျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။ သူမ၏ မျက်နှာက အနည်းငယ် နီရဲနေပြီး အတည်ပေါက် ပြောလိုက်ပါသည်။ "လင်းဖန် ကျေးဇူးတင်ပါတယ်။ အနုပညာလောကထဲမှာ ငါ့ကိုဘယ်သူမှ အနိုင်မကျင့်ရဲလောက်တော့ပါဘူး။"
"ငါသရုပ်ဆောင်စွမ်းရည်ကို ထပ်လေ့ကျင့်ပြီး ပိုတော်လာအောင်ကြိုးစားမယ်။" ရှားဝမ်ချွေ့က ချိုသာစွာ ပြုံးလိုက်ပါသည်။ လေပြည်လေညှင်းလေးက သူမ ဆံနွယ်ရှည်များကိုဖြတ်၍ တိုက်ခတ်သွားသည်။ အလွန်လှပပါသည်။
"ဘာလို့ ငါ့ကို ကျေးဇူးတင်နေတာလဲ။ ငါတို့ နှစ်တွေအများကြီး ဘေးချင်းကပ်လျက် ထိုင်လာကြတာလေ။ ငါတို့အတန်းဖော်တွေဖြစ်ခဲ့တုန်းက အချိန်တွေကို သတိရတယ်။" လင်းဖန်က ပြောလိုက်ပါသည်။ အရင်တုန်းက ဘဝကို ပြန်သတိရမိသည်။
ယခုလို အနုပညာလောကထဲကိုသာ မဝင်ခဲ့ရပါက ရှားဝမ်ချွေ့ကိုတွေ့ရဖို့ အလွန်ခက်ခဲပါလိမ့်မည်။
သို့သော်လည်း အဆင်ပြေပါသည်။ သူရှိနေပါက ဘယ်သူမှ ရှားဝမ်ချွေ့ကိုအနိုင်မကျင့်နိုင်ပါ။
အနုပညာလောကထဲတွင် အစွမ်းပိုထက်လာပြီး သူ့ကြောင်မလေးကို ကာကွယ်ပေးမည်။ "လင်းဖန် နင့်မှာ ဂီတပါရမီလည်းပါတယ်လို့ ကျင်းကျင်းပြောတာကြားတယ် ငါ့အတွက် သီချင်းဆိုပြပါလား။" ရှားဝမ်ချွေ့က လင်းဖန်ကိုကြည့်ကာ တောင်းဆိုလိုက်ပါသည်။
"အင်း ဘဝရဲ့ပျော်ရွှင်မှုထဲက ဇာတ်ဝင်တေးကို ဆိုပြမယ်။ 'ထာဝရဆန္ဒ'လို့ခေါ်တယ်" လင်းဖန်က ပြောလိုက်ပါသည်။
လင်းဖန်က ဇာတ်ဝင်တေးကို စတင်သီဆိုသည်။ သူ့အသံက သာယာပြီး စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေ၏။ ဆောင်းရာသီက နှင်းပွင့်များလိုပင် တိတ်ဆိတ်ပြီး နူးညံ့လှသည်။ လေထဲတွင် ပျံ့လွင့်နေသော်လည်း အသူရာချောက်နက်ထဲက ရေနဲ့လည်းတူနေပါသည်။ အလွန်တည်ငြိမ်ပြီး ငြိမ့်ညောင်းသည်။ ကြားရသူတိုင်းကို အေးချမ်းသွားစေ၏။
လင်းဖန်က အဆိုနတ်ဘုရားလို စကေးမျိုးရှိသည်။ သူ့အသံကလည်း နားထောင်ရ အလွန်ကောင်းပါသည်။ ဒီလို အဆိုကောင်းမှုမျိုးကြောင့် ရှားဝမ်ချွေ့လည်း အနည်းငယ် စွဲလမ်းသွားမိပါသည်။
ဇာတ်ဝင်တေး၏ စာသားများက အလွန်အနုပညာဆန်သည်။ လူတွေကို နစ်မြောသွားစေသည်။
[နှင်းတွေဖုံးနေတဲ့ ချောက်ကမ်းပါးတွေကို ကြားဖူးကြလား]
[လူတွေကို အတွေးထဲလွင့်မျောသွားစေတယ်]
[အဲ့ဒီပေါ်မှာ ရတနာတစ်ပါးရှိတယ်လို့ ရာဇဝင်တွေက ပြောကြတယ်]
[ဒါပေမယ့် အဆုံးမဲ့ချောက်နက်တစ်ခုကိုလည်း ဖုံးကွယ်ထားတယ်]
သီချင်းပြီးဆုံးသွားသောအခါ ရှားဝမ်ချွေ့ မျက်လုံးဖွင့်ကြည့်လိုက်ပြီး လက်ခုပ်တီးလိုက်ပါသည်။
လင်းဖန်ရဲ့ သီချင်းဆိုစွမ်းရည်ကလည်း ကောင်းတယ်ပေါ့လေ... လင်းဖန်က သူ့ဘေးမှာ မတ်တပ်ရပ်နေသော ကောင်မလေးကို ကြည့်လိုက်သည်။ သူမလေးက ရှားဝမ်ချွေ့ ဖြစ်ပါသည်။
ဒီလောက်နှစ်တွေကြာခဲ့တာတောင် သူမက အထက်တန်းကျောင်းတုန်းကလိုပင်။ သူသီချင်းဆိုပါက လက်ခုပ်တီးပေးတတ်သည်။
သူ အထက်တန်းကျောင်း အောင်မြင်ပြီးတာ ၇ နှစ်ရှိပြီဖြစ်သော်လည်း သူ့ဘေးက လူက သူမ ဖြစ်နေဆဲပင်။
ဘေးက ရှားဝမ်ချွေ့ကိုကြည့်ရင်း လင်းဖန်၏ မှတ်ဉာဏ်ထဲ အမှတ်တရများစွာ ဝင်လာပါသည်။
သူ စားသောက်ဆိုင်ငယ်တစ်ဆိုင် ဖွင့်ခဲ့ပြီး ဘယ်သူမှ အားမပေးခဲ့စဥ်က သူမ အမြဲလိုလို ခိုးကာ ရောက်လာပြီး သူ့ကိုအားပေးတတ်သည်။ သူ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ရှားဝမ်ချွေ့က သူ့ဘေးမှာ အမြဲရှိနေပြီး ထိုအချက်က ဘယ်တော့မှ ပြောင်းလဲမသွားနိုင်ပါ။
သူ့ရှေ့က ကောင်မလေးက သူ့အတွက် ပျော်ရွှင်ပေးသည်။ ရှက်သွေးဖြာပေးသည်။ သူ့ရှေ့မှာ ချစ်ဖို့ကောင်းအောင် လုပ်ပြသည်။
သူ့အတွက် သူမ အရင်တုန်းက တစ်ခါမှ အကြင်နာပေးခန်း မရိုက်ကူးခဲ့ပါ။ တခြားသူတွေနဲ့ အချစ်ရေးဇာတ်ဝင်ခန်းများကိုလည်း မရိုက်ချင်ခဲ့ပါ။
ဒီလိုကောင်းမွန်သည့် ကောင်မလေးတစ်ယောက် အနားမှာ ရှိနေသဖြင့် လင်းဖန်၏ စိတ်တွေ ပေါက်ကွဲထွက်တော့မလိုပင်။
လေအေးတစ်ချက် တိုးဝှေ့လိုက်သောအခါ လင်းဖန် စိတ်ကူးများကို ရပ်တန့်လိုက်ပြီး ရှားဝမ်ချွေ့ကို လက်ကမ်းပေးလိုက်ပါသည်။
"နည်းနည်းအေးတယ်။ နင့်လက်ကို ကိုင်ထားဖို့ ငှားလို့ရမလား။”